အခန်း (၆) မင်း စိတ်အခြေအနေ မကောင်းဘူးလား
ယွီနျန့်ဟာ မုန့်ယွမ်ရဲ့ နောက်ကနေ သီးသန့်စားသောက်ခန်း ထဲကို လိုက်ဝင်လာခဲ့သည်။ ပြတင်းပေါက်အပြင်ဘက်က ပန်းပင်နဲ့ သစ်ပင်တွေက ကျဲကျဲပါးပါးရှိနေပြီး၊ လမ်းမီးတိုင်၏ အလင်းရောင်ကြောင့် သစ်ကိုင်းနဲ့ သစ်ရွက်တွေရဲ့ အရိပ်ဟာ နှင်းလိုဖြူဖွေးနေသည့် နံရံပေါ်မှာ မင်ရည်နဲ့ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လို ထင်ဟပ်နေလျက်…
မုန့်ယွမ်က စုတ်တံနဲ့ ရေးသားထားသော မီနူးကို ယွီနျန့်ဆီ ကမ်းပေးလိုက်ရင်း
"ဒီရက်ပိုင်းအတွင်း အတန်းထဲမှာ မင်း တော်တော်လေး ကြိုးစားခဲ့တာပဲ။ မင်း ကြိုက်တာကိုသာ မှာလိုက်စမ်းပါ။ အားမနာနဲ့ ။ မင်းရဲ့ အစ်ကိုမုန့်က ဒီထမင်းတစ်နပ်ကျွေးရုံနဲ့တော့ မွဲသွားမှာ မဟုတ်ဘူး"
ယွီနျန့်က မီနူးကို ယူလိုက်သည့်အခါ အားနာမနေတော့ဘဲ အသားဟင်းတစ်ပွဲနဲ့ သတ်သတ်လွတ်ဟင်း နှစ်ပွဲကို မှာလိုက်သည်။ မုန့်ယွမ်ကလည်း အသားဟင်းတစ်ပွဲ၊ ဟင်းသီးဟင်းရွက်တစ်ပွဲနဲ့ ဟင်းရည်တစ်ပွဲကို ထပ်ဖြည့်မှာလိုက်ပြီး စားပွဲဘေးမှာထားတဲ့ ကြေးခေါင်းလောင်းလေးကို လှုပ်ခေါ်သည် ။ အပြာရင့်ရောင် ပန်းထိုး ချောင်ဆန်းဝတ်စုံဝတ်ထားသည့် စားပွဲထိုးအမျိုးသမီးနှစ်ဦး တံခါးဖွင့်ဝင်လာပြီး ဟင်းပွဲစာရင်းကို ယူသွားကြပါတော့၏။
ဟင်းတွေရောက်လာဖို့ စောင့်နေတဲ့အချိန်ကို မုန့်ယွမ်က အလကား အကုန်မခံချင်ဘူး...
"အခု အားနေတုန်း မနက်ဖြန် မင်းနဲ့အတူ ရှိုးရိုက်ကူးမယ့် ကျန်တဲ့ ပြိုင်ပွဲဝင် လေးယောက်အကြောင်း ပြောပြမယ်။ 'ရန်သူ့အကြောင်း သိမှ၊ ကိုယ့်အကြောင်း သိမှ၊ တိုက်ပွဲတိုင်း အောင်ရမယ်' ဆိုတဲ့ စကားရှိတယ်မလား"
ယွီနျန့်က ပန်းရနံ့မွှေးနေသည့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း ပြုံးလျက် "ကျွန်တော်လည်း အဲဒါကို မေးမလို့ပဲ စဉ်းစားနေတာပါ" လို့ အလိုက်သင့်ပြန်ပြောသည်။
"'သဘာဝတရား၏ အသံ'အစီအစဉ်ရဲ့ လျှို့ဝှက်ထားနိုင်မှုက အမြဲတမ်း အရမ်းကောင်းတယ်။ သူတို့က ရှိုးကို ကြော်ငြာဖို့အတွက် ငွေတွေ အပုံလိုက် သုံးပေမဲ့ ဘယ်သူတွေ ဝင်ပြိုင်မယ်ဆိုတာကိုတော့ ကြိုပြီး တစ်ခါမှ ထုတ်မပြောဘူး။ ပြိုင်ပွဲဝင် အဆိုတော်တွေကိုတောင် ကြိုပြီး အကြောင်းမကြားတတ်ဘူး။ အဲဒီလို လျှို့ဝှက်ထားတဲ့အတွက်ကြောင့်လည်း လူသစ်အများစုက သူတို့ကိုယ်သူတို့ လူသိများလာအောင် နည်းမျိုးစုံနဲ့ လှုပ်ရှားကြရင်းနဲ့ အစီအစဉ်အဖွဲ့သားတွေအတွက်ပါ လူကြိုက်များအောင် ဖန်တီးပေးသလို ဖြစ်နေတာပေါ့"
ယွီနျန့်က စိမ်းစိုနေသည့် ဝါးလုံးနဲ့ပြုလုပ်ထားသော ခွက်လေးကို ကိုင်ထားရင်း စပ်စုချင်စိတ်နဲ့ မေးလိုက်သည်။
"ဒါဆို အစ်ကိုမုန့်ကရော အဲဒါကို ဘယ်လိုသိတာလဲဟင်"
"ဒါက ရိုးရှင်းပါတယ်ကွာ... ငါက လောင်ဟဲ ဆီကနေ စာရင်းကို အထာကျကျနဲ့ ကြည့်ခဲ့တာလေ"
မုန့်ယွမ်က ယုံကြည်မှုအပြည့်နဲ့ ပြောရင်း ရယ်မောလိုက်သေး၏။
"ငါ တစ်ယောက်ချင်းစီ ပြောပြမယ်။ ပထမတစ်ယောက်က ကျောက်ရို့ တဲ့။ လွန်ခဲ့တဲ့ နှစ်လလောက်က Idol ဒရမ်မာကားတစ်ကားရဲ့ ဇာတ်သိမ်းသီချင်းကို ဆိုခဲ့တဲ့သူပေါ့။ အသံကတော့ ချိုချိုအေးအေး အမျိုးအစားထဲမှာ ပါတယ်။ သီချင်းဆိုတဲ့ နည်းစနစ်ကတော့ ပုံမှန်ပါပဲ"
"ဒုတိယတစ်ယောက်က ရွှီရွှမ်။ သူကတော့ အခုမှ ပွဲဦးထွက်ထားတဲ့ မိန်းကလေးအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ပေါ့။ သူက အကရော အဆိုပါ လုပ်နိုင်တဲ့သူတယ်။ အဖွဲ့ထဲမှာတော့ လူအကြိုက်ဆုံးလို့ သတ်မှတ်လို့ရတယ်။ ဒီတစ်ခါ 'သဘာဝတရား၏ အသံ' မှာ လာပြိုင်တာကတော့ သူ့ရဲ့ အရည်အချင်းကို သက်သေပြပြီး နောက်ထပ် လူကြိုက်များမှု အသစ်တစ်ခုကို ဖန်တီးချင်လို့ပဲ"
မုန့်ယွမ်က ဆက်လက်ရှင်းပြသည်။
"တကယ်လို့ အဲဒီအမျိုးသမီးအဆိုတော် နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကျောက်ရို့ က အများကြီး ပိုအားနည်းတယ်။ အမျိုးသားအဆိုတော်ကတော့ သုံးယောက်ရှိမယ်... မင်းရယ်၊ ဖန်းဟွ ရယ်၊ နောက်ပြီး ရှမင်းရှီး ရယ်ပေါ့။"
"ကျွန်တော် ဖန်းဟွကို သိပါတယ်။ သူက အရင်က Single သီချင်းတစ်ပုဒ် ထွက်ဖူးတယ်လေ။ အစ်မ ရိုရိုက ဒီရက်ပိုင်းအတွင်း အဆိုတော်အသစ်တွေရဲ့ အချက်အလက်တွေကို ကျွန်တော့်အတွက် သေသေချာချာ စုစည်းပေးထားတာပါ"
"သူက တကယ်ကို အစစအရာရာ ဂရုစိုက်တတ်တာပဲ။"
မုန့်ယွမ်က စားပွဲခုံကို လက်ချောင်းနဲ့ တောက်တောက် ခေါက်ရင်း ဆက်ပြောသည်။
"ဒါပေမဲ့ ဖန်းဟွကိုတော့ ငါ သိပ်စိတ်မပူပါဘူး။ သူက ရှက်တတ်ပြီး နွေးထွေးတဲ့ပုံစံမျိုးဆိုတော့ သူ့ရဲ့ ပုံရိပ်၊ အရှိန်အဝါနဲ့ အရည်အချင်းက ပုံမှန်အဆင့်လောက်ပဲ ရှိတာ"
ယွီနျန့်က နှုတ်ခမ်းထောင့်လေးကို တွန့်လိုက်ပြီး ပြုံးလျက်
"ဒါဆို အစ်ကိုမုန့် စိုးရိမ်နေတာက ရှမင်းရှီး ကိုပေါ့ ဟုတ်လား"
"သူ့ကိုပဲ။"
မုန့်ယွမ်က သက်ပြင်းတစ်ချက်ချရင်း
"ရှမင်းရှီး ကတော့ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့သူပဲ။ သူ့အဖေက ရှယွမ် ၊ သူ့အမေက ကျန်းလန် တဲ့။ အဲဒီအဆိုတော်နဲ့ မင်းသမီးစုံတွဲက ဆယ်စုနှစ်ပေါင်းများစွာကြာအောင် နာမည်ကြီးနေခဲ့ကြတာ။ သူက သူတို့ရဲ့ တစ်ဦးတည်းသောသားဆိုတော့ သူ့မိဘတွေကို အားပေးလာတဲ့ ဝါရင့်ပရိသတ်တွေကလည်း အဆင်သင့်ရှိနေကြပြီ။ သူ ပွဲဦးထွက် လာမှာကိုပဲ စောင့်နေကြတာ။ ငါ သူ့ကို နှစ်ခါလောက် တွေ့ဖူးတယ်။ သူက သူ့မိဘတွေဆီက အကောင်းဆုံး အရည်အချင်းတွေကိုပဲ ရထားတာ။ မင်းလိုပဲ... သူက မျက်နှာလေးပြရုံနဲ့တင် နာမည်ကြီးနိုင်မယ့် အမျိုးအစားထဲမှာ ပါတယ်"
ယွီနျန့်က သူ့မျက်နှာကို လက်နဲ့တို့ထိလိုက်ပြီး ပြုံးလျက်
"အစ်ကိုမုန့်... ကျွန်တော်ကတော့ အရည်အချင်းသီးသန့် ကိုပဲ အားကိုးသွားမှာပါနော်"
မုန့်ယွမ်ကလည်း လိုက်ရယ်မောရင်း
"ဟုတ်ပါပြီဗျာ... သိသာပါတယ်။ မင်းက ရုပ်ရည်ကို အားကိုးလို့ရပါလျက်နဲ့ ကိုယ့်ရဲ့ ပါရမီနဲ့ ဇွဲလုံ့လကိုပဲ အားကိုးချင်တဲ့သူပေါ့!"
သူတို့နှစ်ဦး ပန်းရနံ့မွှေးသည့် လက်ဖက်ရည်ကို တစ်ခွက်စီ ထပ်သောက်လိုက်ကြပြီးနောက် မုန့်ယွမ်က နိဂုံးချုပ်လိုက်၏။
"ဒါကြောင့် ပထမအဆင့်မှာ ပြုတ်မယ့်သူက ကျောက်ရို့ပဲ ဖြစ်လိမ့်မယ်။ ငါ မင်းကို တောင်းဆိုချင်တာကတော့ ခြေလှမ်းမှန်မှန်နဲ့ အေးအေးဆေးဆေးပဲ သွား။ ဒီရှိုးကို ကြည့်နေတဲ့ ပရိသတ်အားလုံး မင်းကို မှတ်မိသွားအောင် လုပ်ပြလိုက်စမ်းပါ"
ယွီနျန့်က ချက်ချင်း စကားပြန်မပြောသေးဘဲ လက်ထဲက ဝါးခွက်လေးကို ခပ်ဖွဖွ လှုပ်ယမ်းနေမိပြီး စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးမှ ခပ်ဖြည်းဖြည်းလေးပြောလာသည်။
"အစ်ကိုမုန့်... ကျွန်တော် အရင်က ကကွက်တွေ လေ့ကျင့်နေတုန်းက အကြံတစ်ခု ရခဲ့တယ်။ ဒါပေမဲ့ အဲဒါက တကယ်ရော ဖြစ်နိုင်ပါ့မလားတော့ မသိဘူး"
မုန့်ယွမ်က မျက်ခုံးပင့်လိုက်ပြီး "ပြောပြပါဦး"
ယွီနျန့်က သူ့ရဲ့ စိတ်ကူးကို အကျဉ်းချုံး ပြောပြလိုက်ပြီး မုန့်ယွမ်ရဲ့ သဘောထားကို စိုးရိမ်တကြီးနဲ့ စောင့်ဆိုင်းနေ၏။ မုန့်ယွမ်က ဝါးခွက်လေးကို ပွတ်သပ်ရင်း ယွီနျန့်ကို မျက်ဝန်းထဲမှာ အပြုံးရိပ်တွေနဲ့ ကြည့်လိုက်သည်။
"ငါတော့... အခုကတည်းက ရုံးပြန်ပြီး သတင်းစာမူတွေ ကြိုပြင်ထားရတော့မယ် ထင်တယ်"
ယွီနျန့်က အနည်းငယ် ရှက်ကိုးရှက်ကန်းနဲ့ ချောင်းတစ်ချက် ဟန့်လိုက်ပြီး
"အစ်ကို တကယ်ပဲ အဆင်ပြေမယ်လို့ ထင်လို့လား"
မုန့်ယွမ်က အသက်ကို ဝဝရှူလိုက်ပြီး စားပွဲခုံကို အားရပါးရ ထပုတ်မိတော့မယ့် သူ့လက်ကို မနည်းထိန်းလိုက်ရ၏။
"ဒါပေါ့! ဘာလို့ မရရမှာလဲ မနက်ဖြန် ငါ လောင်ဟဲ နဲ့ သေချာပေါက် စကားပြောပေးမယ်။ သူလည်း သဘောတူမှာ အသေအချာပဲ! မင်းရဲ့ အကြံက တကယ်ကို ကောင်းလွန်းတယ်!"
အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာ၏။ အပြင်ဘက်ကနေ သီးသန့်ခန်းတံခါး ပွင့်သွားပြီးတဲ့နောက်မှာတော့ သူတို့မှာထားတဲ့ ဟင်းလျာတွေ တစ်ပွဲပြီးတစ်ပွဲလာချပေးတော့သည်။ အပြာရင့်ရောင် ချောင်ဆန်းဝတ်စုံနဲ့ စားပွဲထိုးအမျိုးသမီးက ဟင်းပွဲတွေမှာ အသုံးပြုထားသည့် ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်ပုံတွေကို လေသံအေးအေးလေးနဲ့ ရှင်းပြပေးသေး၏။
နောက်ဆုံး ဟင်းနှစ်ပွဲကို ချပေးလိုက်တဲ့အခါမှာတော့ မုန့်ယွမ်က အံ့အားသင့်စွာနဲ့
"ဒီဟင်းနှစ်ပွဲကို ငါတို့ မမှာထားပါဘူး၊ မှားပို့တာလား မသိဘူးနော်" လို့ မေးလိုက်သည်။
စားပွဲထိုးအမျိုးသမီးက ပြုံးလျက်
"ပဲငံပြာရည်နဲ့ ချက်ထားတဲ့ ငါးဝါလေးရယ်၊ ကြက်သားဆော့စ်နဲ့ ချက်ထားတဲ့ ငါးဗိုက်ဟင်းရည်ရယ်ကတော့ ကျွန်မတို့ရဲ့ စားဖိုမှူးချုပ် က လက်ဆောင်ပေးလိုက်တာပါ" ဟု ဖြေ၏။
ဟင်းနာမည်တွေကို ကြားလိုက်ရတဲ့အခါ ယွီနျန့် တစ်ယောက် ဆွံ့အသွားသည်။ သူက နောက်ဆုံးဝင်လာသည့် ဟင်းနှစ်ပွဲကို တစ်ချက်ကြည့်လိုက်ပြီး တွေဝေစွာနဲ့ မေးလိုက်သည်။
"ခွင့်ပြုပါခင်ဗျာ… စားဖိုမှူးချုပ်ရဲ့ မျိုးရိုးနာမည်က 'ရှန်' လားဟင်"
စားပွဲထိုးအမျိုးသမီးက ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ပါရှင်"
မုန့်ယွမ်က အခြေအနေကို ရိပ်မိသွားပြီး "မင်းသိတဲ့သူလား" လို့ မေးလိုက်သည်။
ယွီနျန့်က ခေါင်းညိတ်ပြရင်း
"ဟုတ်ကဲ့... ကျွန်တော် သိတဲ့သူပါ"
စားပွဲထိုးအမျိုးသမီးက တံခါးပိတ်ပြီး ထွက်သွားတဲ့အခါမှာတော့ မုန့်ယွမ်က အံ့အားသင့်နေတုန်းပါပဲ
"ငါ ဒီမှာ ထမင်းလာစားတာ အကြိမ်ကြိမ်ရှိပြီ။ ဆရာကြီးရှန်က တော်တော်လေး မာန်ကြီးတာကွ။ သူ့ကို တွေ့ချင်ကြတဲ့ ဝါရင့်စားသုံးသူတွေ ဘယ်လောက်များများ၊ သူကတော့ စိတ်မရှည်နိုင်ဘူး။ ဟင်းချက်တာကလည်း သူ့ရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ စိတ်မပါရင် ပိုက်ဆံ ဘယ်လောက်ပေးပေး သူ လုံးဝ မချက်ပေးဘူး"
လက်ဆောင်ရသည့် ဟင်းအပိုနှစ်ပွဲကို ကြည့်ရင်း ခန့်မှန်းလိုက်သည်။
"သူက မင်းလာတာကို မြင်သွားလို့ တွေ့ချင်နေတာ ဖြစ်မယ်။ ဒါပေမဲ့ မင်းကို ရုတ်တရက်ကြီး ဝင်နှောင့်ယှက်မှာစိုးလို့ အခြေအနေကြည့်တဲ့အနေနဲ့ ဒီဟင်းနှစ်ပွဲ ပို့ပေးလိုက်တာထင်တယ်။ မင်းဆန္ဒရှိရင် ထမင်းစားပြီးရင် သူ့ကို သွားတွေ့လို့ရတယ်။ နောင်ကျရင် ငါ ဒီကိုလာတိုင်း ဆရာကြီးရှန်ရဲ့ လက်ရာကို အမြဲစားရဖို့ အကြောင်းဖန်လာမလားပဲ"
ယွီနျန့်က ပြုံးလိုက်ပြီး
"ကောင်းပါပြီ... ဒါဆို ထမင်းစားပြီးရင် ကျွန်တော့်ကို ခဏစောင့်ပေးပါဦးနော် အစ်ကိုမုန့်"
ထမင်းစားပြီးတဲ့နောက်မှာတော့ ယွီနျန့်ဟာ စားပွဲထိုးအမျိုးသမီးရဲ့ နောက်ကနေ လိုက်ပါသွားပြီး လမ်းကွေ့အချို့ကို ဖြတ်ကျော်ကာ နောက်ဘက် မီးဖိုချောင်ဆီကို ဝင်ရောက်လာခဲ့၏။
ရှန်ဝေဟာ ယွီနျန့်ကို မြင်လိုက်ရတာနဲ့ မျက်ဝန်းတွေ ချက်ချင်း နီရဲလာပါတော့တာပဲ။ ယွီနျန့်ကတော့ ရယ်လည်းရယ်ချင်၊ အားလည်းနာဖြစ်နေပြီး
"ဦးလေးရှန်ရာ... ဦးလေးသာ ငိုလိုက်ရင် ကျွန်တော်ကတော့ ရယ်မိတော့မှာပဲ" ဟု ချော့လိုက်ရသည်။
ဒီစကားကို ကြားတော့ ရှန်ဝေက သူ့မျက်ရည်စတွေကို သုတ်လိုက်ပြီး ယွီနျန့်ကို အထက်အောက် အကြိမ်ကြိမ် အကဲခတ်ကြည့်ရင်း စိုးရိမ်တကြီး မေးရှာသည်။
"သခင်လေး အဆင်ပြေရဲ့လားဟင်"
ယွီနျန့်က တစ်ဖက်လူ စိတ်အေးသွားအောင်
"ကျွန်တော် အဆင်ပြေပါတယ်ဗျာ။ လွန်ခဲ့တဲ့ သုံးနှစ်ကထက်စာရင် အရပ်လည်း နည်းနည်းပိုရှည်လာသလို ကိုယ်အလေးချိန်လည်း တော်တော်တက်လာပါတယ်"
ရှန်းဝေကတော့ စိတ်မကောင်းဖြစ်နေဆဲပါ
“ဘွားဘွားကြီးဆုံးပါးသွားပြီးတဲ့နောက် ကျွန်တော် သခင်လေးစကားကို နားထောင်ပြီး ထွက်မသွားခဲ့သင့်ဘူး။ အဲဒီမှာသာ ဆက်နေခဲ့ရင် သခင်လေးအတွက် တစ်နေ့ကို ထမင်းနှစ်နပ်တော့ အမြဲချက်ပေးလို့ ရတာပေါ့"
သူဟာ ယွီမိသားစုမှာ စားဖိုမှူးအဖြစ် အနှစ် ၃၀ ကြာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ယွီနျန့် အရွယ်ရောက်လာတာကို စောင့်ကြည့်ခဲ့သူလည်း ဖြစ်သေးသည်။
ဦးလေးရှန် စကားကို ကြားပြီးနောက် ယွီနျန့် ခဏမျှ မှင်သက်သွားရသည်။ ပြီးမှ သူက ပြုံးပြီး
"အိမ်မှာ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်တော့တာလေ။ အရင်ကလည်း တက္ကသိုလ်တက်နေတာဆိုတော့ ကျောင်းမှာပဲ တစ်ချိန်လုံး နေဖြစ်တာ။ အဲဒီတုန်းက အိမ်ပြန်ဖို့ အချိန်သိပ်မရှိခဲ့ဘူးလေ။ အခုတော့ ကျွန်တော် ကိုယ်တိုင်လည်း ဟင်းချက်တတ်နေပါပြီ၊ ဗိုက်ဆာပြီး ပိန်လှီသွားမှာ မဟုတ်ပါဘူး"
ရှန်းဝေက မျက်မှောင်ကြုတ်လိုက်ပြီး
"သခင်လေးရယ်... ဘယ်လိုလုပ် ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်နေလို့ ဖြစ်မလဲ ကျွန်တော်"
"ဦးလေးရှန်..."
ယွီနျန့်က စကားဖြတ်ပြောလိုက်၏။ သူ့အသံက ပိုပြီးနူးညံ့သွားပြီး
"ကျွန်တော် တစ်ယောက်တည်း ရပ်တည်နေထိုင်တတ်အောင် သင်ယူရမှာပဲလေ။ ပြီးတော့ ကျွန်တော်လည်း အရွယ်ရောက်နေပြီပဲဟာ။"
ရှန်ဝေက နောက်ထပ် ဘာမှမပြောတော့ဘဲ သက်ပြင်းတစ်ချက်ချကာ ဟင်းလျာတွေအကြောင်း စကားလမ်းကြောင်းလွှဲလိုက်သည်။
"သခင်လေးက ငယ်ငယ်ကတည်းက ပဲငံပြာရည်နဲ့ ချက်တဲ့ ငါးဝါလေးရယ်၊ ကြက်သားဆော့စ်နဲ့ ငါးဗိုက်ဟင်းရည်ကို ကြိုက်ခဲ့တာလေ။ ကျွန်တော် မချက်ပေးဖြစ်တာ ကြာပြီဆိုတော့ သခင်လေးရဲ့ အကြိုက်နဲ့ ထပ်တူကျပါဦးမလားလို့ စိုးရိမ်နေတာ။"
ယွီနျန့်က မျက်လုံးလေးဝိုင်းပြပြီး ချဲ့ကားပြောပေးသည်။
"ကျွန်တော့်အကြိုက်နဲ့ မကိုက်ညီဘဲ ရှိပါ့မလားဗျာ။ ကျွန်တော် တစ်ယောက်တည်းတင် ဟင်းနှစ်ပွဲလုံး ကုန်အောင်စားလိုက်တာ၊ ပန်းကန်တွေကိုပါ စားပစ်မတတ်ပဲ!"
ထိုအခါမှ ရှန်ဝေ ပြုံးနိုင်တော့သည် ။ သူ့မျက်လုံးထောင့်က အရေးအကြောင်းလေးတွေက ကြင်နာမှုတွေနဲ့ ပြည့်နှက်နေလျက်
"သခင်လေးက ငယ်ငယ်တုန်းကအတိုင်းပါပဲလား... ကျွန်တော့်ကို ပျော်အောင် အမြဲပြောတတ်တယ်"
သူတို့နှစ်ဦး စကားအနည်းငယ် ထပ်ပြောဖြစ်ကြသည်။ မုန့်ယွမ်ကို အကြာကြီး စောင့်ခိုင်းထားလို့ မဖြစ်တာကြောင့် ယွီနျန့် ပြန်ဖို့ ပြင်ဆင်လိုက်ပြီးမှ မုန့်ယွမ်မှာခဲ့သည့်စကားကို သတိရသွားပြီး
"ကျွန်တော်နဲ့အတူ ပါလာတဲ့ သူငယ်ချင်းက ဦးလေးရဲ့ လက်ရာတွေကို အရမ်းကြိုက်သွားတာ" လို့ ထပ်ပြောလိုက်ပါသေးသည်။
ရှန်းဝေရဲ့ မျက်နှာပေါ်က အပြုံးက ပိုပြီး နက်ရှိုင်းသွားတော့၏။
"သခင်လေးရဲ့ သူငယ်ချင်းဆိုတာ ကျွန်တော့်အတွက်တော့ အထူးဧည့်သည်ပါပဲ။"
ယွီနျန့်က အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သူ့မျက်နှာပေါ်မှာ လူငယ်တစ်ယောက်ရဲ့ သဘာဝအတိုင်း အသက်ဝင်နေပြီး
"ကျေးဇူးတင်ပါတယ် ဦးလေးရှန်း။ နောက်တစ်ခါ ကျွန်တော် စားချင်စိတ်ပေါက်လာရင် ဦးလေးဆီလာပြီး ငါးဝါလေးတွေ ကြော်ခိုင်းဦးမှာနော်" ဟု ပြောလျက် နှုတ်ဆက်ထွက်လာခဲ့သည်။
မီးဖိုချောင်ထဲက ထွက်လာပြီးတဲ့နောက် ယွီနျန့်ဟာ လာခဲ့တဲ့လမ်းအတိုင်း တစ်ယောက်တည်း ပြန်လျှောက်လာခဲ့ပြီး။ ညလေအေးလေးက တိုက်ခတ်နေကာ မြက်နံ့သင်းသင်းလေးကလည်း လေထဲမှာ ပျံ့လွင့်နေပါသည်။ အတိတ်က အမှတ်တရတွေ အများကြီး သူ့ခေါင်းထဲကို ပြန်ဝင်လာလျက်… အရင်တုန်းကတော့ သူဟာ အိမ်ကနေ အမြန်ဆုံး ထွက်ခွာချင်ခဲ့ပေမဲ့ အခုတော့ ရုတ်တရက်ကြီး အိမ်ကို လွမ်းဆွတ်တဲ့စိတ် ဝင်လာမိသည်။
ဒါပေမဲ့ အဲဒီအိမ်ကြီးထဲမှာတော့... သူတစ်ယောက်တည်းပဲ ကျန်တော့တာလေ။
..........
ရှဲ့ယို့ဟာ ချွိရှောက်ရန် ဂိမ်းဆော့နေသည့် ဆူညံသံကို သည်းမခံနိုင်တော့တာကြောင့် လမ်းလျှောက်ဖို့ အပြင်ထွက်လာခဲ့သည်။ ဒါပေမဲ့ သူဟာ ယွီနျန့်နဲ့ ထပ်မံဆုံတွေ့ရလိမ့်မယ်လို့တော့ လုံးဝ မထင်ထားခဲ့မိပါဘူး။
တကယ့်ကို တိုက်ဆိုင်လွန်းလှပါ၏။
ရှဲ့ယို့ဟာ ယွီနျန့်ရဲ့ ဘေးနားမှာ ခဏမျှ တိတ်တိတ်လေး ရပ်နေမိလျက်သား။ ယွီနျန့်တစ်ယောက် ငေးငိုင်နေတာကို တွေ့လိုက်ရတဲ့အခါ သူက အတန်ကြာ တွေဝေနေပြီးမှ အနားကို တိုးကပ်သွားပြီး "ယွီနျန့်" လို့ ခေါ်လိုက်သည်။
တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်သံကြားလိုက်ရမှ ယွီနျန့် သတိပြန်ဝင်လာသည်။ခေါ်သူမှာ ရှဲ့ယို့ဖြစ်နေသည်ကို တွေ့တော့ ဝမ်းသာအပြုံးလေး ပြုံးပြလိုက်ပြီး
"အပြင်မှာ လမ်းလျှောက်ထွက်လာတာလား" ဟု ငြင်သာစွာမေးလိုက်သည်။
"အင်း" ရှဲ့ယို့က အကဲခတ်သလို လေသံနဲ့
"မင်း စိတ်အခြေအနေ မကောင်းဘူးလား"
ယွီနျန့်က ခေါင်းခါပြပြီး
"မဟုတ်ပါဘူး၊ အတိတ်က ကိစ္စတချို့ကို ရုတ်တရက် သတိရသွားလို့ပါ။"
ယွီနျန့် ထပ်ပြုံးလိုက်ရင်း
"မနက်ဖြန်ကျရင် 'သဘာဝတရား၏ အသံ' ရဲ့ ပထမဆုံးအပိုင်းကို စတင်ရိုက်ကူးရတော့မယ်လေ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် တကယ်ကို နည်းနည်းတော့ စိတ်လှုပ်ရှားနေမိတယ်"
"စိတ်မလှုပ်ရှားပါနဲ့။"
မင်းက သေချာပေါက် နံပါတ်တစ် ဖြစ်မှာပါ လို့ ရှဲ့ယို့က စိတ်ထဲကနေ ကြိတ်ပြီးပြောနေမိသည်။
ဒါပေမဲ့ ပိုပြီးသေချာသွားအောင်လို့ ရှဲ့ယို့ စိတ်ထဲမှာတော့ ဒီရှိုးအစီအစဉ်ကို သူတစ်ယောက်တည်းကပဲ အကုန်အကျခံပြီး ဘယ်လို ပံ့ပိုးပေးရမလဲဆိုတာကိုပါ စတင်စီစဉ်နေမိပါပြီ။
ယွီနျန့်ကတော့ ဆက်ပြီး စကားမပြောဖြစ်တော့ပါဘူး။ သူနဲ့ ရှဲ့ယို့ဟာ အကြိမ်အနည်းငယ် ဆုံဖူးတယ်ဆိုပေမဲ့ အခုထိတော့ အချင်းချင်း ရင်းနှီးကြသေးတာတော့ မဟုတ်ဘူးလေ။ အဲဒါကြောင့် တစ်ဖက်လူအနေနဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ အားလပ်နေမှာ မဟုတ်ဘူးလို့ သူ တွေးမိတာလည်း ပါတာပေ့ါ။
သူက သက်ပြင်းသဲ့သဲ့လေး တစ်ချက်ချလိုက်ပြီး ရှဲ့ယို့ကို ကြည့်ကာ ပြုံးလျက် နှုတ်ဆက်စကားအရင်ဆိုလိုက်သည်။
"ကျွန်တော့်ရဲ့ အေးဂျင့်က အထဲမှာ စောင့်နေတုန်းဆိုတော့ ကျွန်တော် အရင်ပြန်နှင့်တော့မယ်နော်"
ရှဲ့ယို့က မျက်လုံးထောင့်ကနေ ယွီနျန့်ရဲ့ ပုခုံးပေါ်မှာ တင်ကျန်နေတဲ့ ပန်းရောင်ဖျော့ဖျော့ ပန်းပွင့်ဖတ်လေးကို မြင်လိုက်ပြီးနောက် သူက ကူပြီး ဖယ်ပေးဖို့ လက်လှမ်းလိုက်ရုံရှိသေး... ယွီနျန့်က သူ့ဘာသာသူ လက်နဲ့ ပုတ်ထုတ်လိုက်ပါတော့သည်။
ရှဲ့ယို့ဟာ မလှုပ်ရှားလိုက်ရသည့် သူ့လက်ကို နှမြောတသစွာနဲ့ပဲ ပြန်ရုပ်သိမ်းထားရ၏။
သခင်လေးကို တုန်နေအောင်ချစ်မယ့် ကောကော။သခင်လေးဇာတ်ကြောင်းကို စိတ်ဝင်စားနေပြီ။
ReplyDeleteတို့ ဥက္ကဌကြီးက ခုကတည်းက ပံ့ပိုးချင်နေပြီ 😭🤚
ReplyDeleteကောကောရယ် ခေါင်းပေါ်က ပွင့်ဖက်လေးတွေတောင် သိမ်းထားမိတယ်တဲ့လား
ReplyDeleteဝိုး းးး