အပိုင်း (၆၁)
“ဒီကိစ္စထဲ ခင်ဗျား ဝင်ပါစရာမလိုပါဘူး ဘော့စ်ရှန်”
ဆန်းပင်းက ရှန်ယွီကို တားဆီးလိုက်ပြီး ဆိုင်ရှင်ကတော်ဘက်သို့ လှည့်ပြောလိုက်သည်။
“ ဘာလာလုပ်တာလဲ”
“လူလာရှာတာလေ။ ဒီကိုမလာရင် ဘယ်သွားရှာရမှာလဲ”
အဲ့ဒါလည်း မမှားပါဘူး။
“အပြင်ထွက်ပြီး စကားပြောရအောင်” ဟူဖန်က ဆိုင်ရှင်ကတော်အနားသို့ လျှောက်သွားပြီး အပြင်သို့ ဦးဆောင်ထွက်သွားသည်။
ဆိုင်ရှင်ကတော်က ရှန်ယွီကို တစ်ချက်လှမ်းကြည့်ပြီးမှ ထရပ်ကာ နောက်က လိုက်သွားလေသည်။
ဆန်းပင်းက သူတို့နောက်သို့ လိုက်သွားချင်သော်လည်း ရှန်ယွီက သူ့ကို စိုက်ကြည့်နေသဖြင့် မတတ်သာဘဲ အနားသို့ လျှောက်လာရသည်။
“ဘော့စ်ရှန်”
“ဘာတွေဖြစ်နေတာလဲ”
“ဒီကိစ္စကလေ...” ဆန်းပင်းက တုံ့ဆိုင်းနေပြီးမှ ရှန်ယွီဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ တိုးတိုးလေး ပြောပြသည်။
“အဲ့ဒါက... မန်နေဂျာချန်လေ၊ သူငယ်ငယ်တုန်းက သူ့အိမ်ကို အပေါင်ဆုံးသွားတော့ နေစရာမရှိဘူးဖြစ်သွားတာ။ အဲ့ဒါနဲ့ ရှောင်သိုအာရဲ့ အဖိုးက ကိုယ့်အတွက်ကိုယ် ပြင်ထားတဲ့ ခေါင်းတလားထဲမှာ သူက ခိုးအိပ်ခဲ့တာ”
ရှန်ယွီက ဆန်းပင်းကို စိုက်ကြည့်နေပြီး စက္ကန့်အနည်းငယ်မျှ ဆွံ့အသွားသည်။
“ရွာထဲကလူတွေ အတော်များများ ဒါကို သိကြပေမဲ့ ကွယ်ရာမှာပဲ ပြောကြတာ။ အပြင်မှာတော့ ဘယ်သူမှ ထုတ်မပြောကြဘူး။ ကျွန်တော်လည်း အဖိုးပြောပြလို့ သိတာ၊ ချန်ကျန့်ခမျာ တော်တော်ရုန်းကန်ခဲ့ရတာပဲလို့ ပြောတယ်။ အဲ့ဒါကို လီလီက ဆိုင်ရှင်ကတော်ဆီကနေ ကြားပြီး အခုနက ချန်ကျန့်ကို အဲ့ဒါနဲ့ ဆဲလိုက်ပုံရတယ်။ အဲ့ဒါကြောင့် ချန်ကျန့်က မှန်ဗီဒိုကို ရိုက်ခွဲလိုက်တာ”
“သူ့မှာ နေစရာမရှိဘူးလား။ သူ့အဖေက ဂရုမစိုက်ဘူးလား”
“အဲ့ဒီတုန်းက သူ့အဖေလည်း မသိဘူး ထင်တာပဲ။ ကျွန်တော်လည်း အသေးစိတ်တော့ မမေးဖူးဘူး ။ ချန်ကျန့်ကိုယ်တိုင်ကလည်း ဒါတွေကို ဘယ်တော့မှ ထုတ်မပြောဘူးဆိုတော့ ကျွန်တော်လည်း မမေးသင့်ဘူးလေ”
ရှန်ယွီ ဘာမှပြန်မပြောပါဘူး။
“ကျွန်တော် ဆိုင်ရှင်ကတော်နဲ့ သွားပြောလိုက်ဦးမယ်... ဖန်ဖန်ကတော့ သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး” ဆန်းပင်းက အပြင်ဘက်ကို ညွှန်ပြရင်း ပြောသည်။
“ဖန်ဖန် ပြောတဲ့ တစ်ခွန်းက မင်းကို သုံးရက်လောက် ဆွံ့အသွားအောင် လုပ်နိုင်တာလေ။ မင်းက ဘယ်ကသတ္တိနဲ့ သူ့ကို သွားကူမလို့လဲ”
ဟူဖန်က ဝင်းတံခါးဝတွင် လက်ပိုက်ရပ်နေပြီး ဆိုင်ရှင်ကတော်ကတော့ နံရံကို မှီထားသည်။ နှစ်ယောက်စလုံးက မျက်နှာထားတင်းတင်းနှင့် အခြေအတင် ဖြစ်နေကြပုံရသည်။
“ဘော့စ်ရှန်၊ ကျွန်မက အကြောင်းပြချက်မရှိဘဲ ရန်လုပ်မယ့်လူ မဟုတ်ပါဘူး” ရှန်ယွီ ထွက်လာတာကို မြင်တော့ ဆိုင်ရှင်ကတော်က မကျေမနပ်နှင့် ဆိုသည်။
“ကျွန်မက ရှင်တို့ တည်းခိုခန်းကို ပြဿနာလာရှာတာ မဟုတ်ဘူး။ ဒါကြောင့် ရှင်က သူတို့ဘက်ကနေ ရပ်တည်ပေးဖို့ မလိုပါဘူး”
“ဒါဆို ခင်ဗျားက ဘာလို့ လီလီဘက်ကနေ ပြောနေတာလဲ!” ဆန်းပင်းက ဝင်ပြောသည်။
“သူက ပါးစပ်သရမ်းတာလေ၊ အခု ကျွန်မလည်း သူ့ဘက်က ပြောတာမဟုတ်ပါဘူး။ ရှင်တို့လူတွေက ကျွန်မဆိုင်က မှန်ကို ရိုက်ခွဲသွားလို့ လာတာ!”
ဆိုင်ရှင်ကတော်က ဆန်းပင်းကို စိုက်ကြည့်သည်။
“သူတို့က မှန်ကို ရိုက်ခွဲတာ မဟုတ်ဘူး” ရှန်ယွီက အနားရှိ ကျောက်တုံးပေါ်တွင် ဝင်ထိုင်လိုက်ရင်း ပြောသည်။
“ကောင်းပြီလေ၊ ဒါဆို ချန်ကျန့်ကကော ဘယ်မှာလဲ။ သူ့ဒေါသက တအားကြီးလွန်းတယ်...”
ဆိုင်ရှင်ကတော်က ဆန်းပင်းကို မေးသည်။
“ကျွန်တော် မသိဘူး။ သူက မန်နေဂျာလေ။ လုံခြုံရေးဝန်ထမ်းဖြစ်တဲ့ ကျွန်တော်က သူဘယ်သွားလဲ ဘယ်လိုလုပ် သိမှာလဲ”
“ချန်ကျန့်ကလည်း ခင်ဗျားရဲ့ မှန်ဖိုးကို ပေးမှာမဟုတ်ဘူး”
“ဘာလို့ မပေးရမှာလဲ!သူ လာရိုက်တာကိုတောင် ကျွန်မက ဘာမှ မပြောသေးဘူး။ ဒါပေမဲ့ ပစ္စည်းပျက်စီးသွားရင်တော့ လျော်ပေးရမှာပေါ့၊ မဟုတ်ဘူးလား”
ဆိုင်ရှင်က အသံကုန်အော်ဟစ်နေတော့၏။
“ဘယ်သူက ပြဿနာစလဲ၊ အဲ့ဒီလူပဲ ပေးရမှာပေါ့”
ရှန်ယွီက အေးအေးဆေးဆေးပင် ပြန်ပြောသည်။
“သူ့မှာ ပေးစရာ ပိုက်ဆံမှ မရှိတာ!”
“ဒါဆို ခင်ဗျားက ပိုက်ဆံရှိပြီး ပေးနိုင်မယ့်လူကိုပဲ လိုက်ရှာနေတာပေါ့”
“ကိစ္စတွေကို ရောမပစ်ပါနဲ့။ သူ ပြဿနာရှာလို့ ကျွန်မ သူ့ကို အလုပ်ထုတ်လိုက်ပြီ။ ဒါပေမဲ့ ဒီမှန်ကတော့...”
“မှန်ဖိုးကို သူ့လစာထဲက နှုတ်ပြီးပြီ မဟုတ်လား ။ အခုက ဒီကိုလာပြီး နောက်တစ်ခါ ထပ်တောင်းမလို့လား”
“အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး” ဆိုင်ရှင်ကတော်မှာ ပျာယာခတ်သွားသည်။
“ဒါဆို ရှင်က ချန်ကျန့်ဘက်ကနေ ကာကွယ်ပေးနေတာပေါ့၊ ဟုတ်လား။ ရှင်က ဝန်ထမ်းတွေအပေါ် တော်တော် ငဲ့ညှာတာပဲ”
“ချန်ကျန့်က ဒီမှာ မရှိဘူး” ရှန်ယွီက သူ၏ ဘောင်းဘီပေါ်က ဖုန်တွေကို ခါရင်း ပြောသည်။
“ခင်ဗျားကတော့ အိမ်ပြန်ပြီးပဲ စောင့်မလား ။ သူ့မှာ ကိုင်တွယ်တဲ့ နည်းလမ်း ရှိမှာပါ၊ အဲ့ဒါဘာလဲတော့ ကျွန်တော်လည်း မသိဘူး ။ ဒါပေမဲ့ ခင်ဗျားက ဒီမှာပဲ ဇွတ်စောင့်နေမယ်ဆိုရင်တော့ ကျွန်တော် ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပြောပြမယ်”
“ဘာလုပ်မှာလဲ!”
ဆိုင်ရှင်ကတော်က ရှန်ယွီကို စိုက်ကြည့်ပြီး ခပ်မာမာမေး၏။
“ကျွန်တော် ခင်ဗျားဆိုင်ကို ခေါင်းတလား တစ်လုံး လာပို့ပေးမယ်လေ”
“ဘာပြောလိုက်တာလဲ!” ဆိုင်ရှင်ကတော်မှာ တုန်လှုပ်သွားရသည်။ သူမသည် နံရံကို လက်ဖြင့် ပုတ်ကာ မှီထားရာမှ ထရပ်လိုက်သည်။
“အဲ့ဒါ ဘာသဘောလဲ!”
“ခေါင်းတလား တစ်လုံးပဲဟာကို! ဘာလို့ အဲ့ဒီလောက် ဒေါသကြီးနေတာလဲ!”
ဟူဖန်က ဝင်ပြောသည်။
“ချန်ကျန့်ကို စောင့်မလား၊ ခေါင်းတလားကို စောင့်မလား”
ရှန်ယွီ မေးရင်း ထရပ်လိုက်သည်။
“ကျွန်မ ရှင့်ကို စကားမပြောနိုင်တော့ဘူး”
ဆိုင်ရှင်ကတော်က အလိုအလျောက် နောက်သို့ ဆုတ်သွားသည်။ ထို့နောက် ဟူဖန်ကို ကြည့်ကာ
“ငါ လီလီကို အလုပ်ထုတ်လိုက်ပြီ။ နင်တို့တွေ ငါ့ဆီကို ထပ်လာမရှာကြနဲ့တော့!”
ပြောပြီးသည်နှင့် ထွက်သွားတော့သည်။
ဟူဖန်က လက်ပိုက်ထားရာမှ လက်ကို ချလိုက်ပြီး မျက်ရည်သုတ်ကာ ရှန်ယွီကို ကြည့်သည်။
“ဘော့စ်ရှန်၊ ကျွန်မ ဒီကိစ္စကို စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်...”
“မင်း အပြစ်မဟုတ်ပါဘူး”
ဟူဖန်သည် လီလီကို ရန်သွားဖြစ်မည်မှန်း ရှန်ယွီ ကြိုသိပြီးသား ဖြစ်သည်။ ချန်ကျန့် ရှိနေရင်တောင်မှ ရန်ဖြစ်မှာပါပဲ။ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ မိန်းကလေးတစ်ယောက်အတွက်တော့ တစ်ခုခုဆိုရင် ပြန်ချရဲမှ လူတွေက ပမာမခန့် မလုပ်ရဲမှာ ။ အန္တရာယ်ရှိပေမဲ့ ဒါက ရိုးရှင်းပြီး အထိရောက်ဆုံး နည်းလမ်းပဲ မဟုတ်လား။
“ချန်ကျန့်ကို စောင့်မနေပါနဲ့တော့…ခေါင်းတလားပဲ အမြန် ပို့လိုက်ရအောင်”
ဆန်းပင်းက သူတို့ဘေးမှာ ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ပြောသည်။ ရှန်ယွီ ဘာမှမပြောဘဲ သူ့ကို တစ်ချက် ကြည့်လိုက်သည်။
“ချန်ကျန့်က ဘော့စ်ကို အဲ့ဒီလို လုပ်ခွင့်ပေးမယ် ထင်လို့လား ။ ရှင် ဦးနှောက်ကော ရှိသေးရဲ့လား”
“...တောက်!”
“မန်နေဂျာချန် သူ့ဘာသာ ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ စောင့်ကြည့်လိုက်ပါ”
ဆန်းပင်း မကျေမနပ် တောက်ခေါက်တော့ ဟူဖန်က ပြန်လည်ဖျောင်းဖျလိုက်သည်။
“ဒါဆို ဟို လီလီကော ဘာဖြစ်သွားမလဲ”
“သူ ငါ့ကို ဆဲတာကို ဂရုမစိုက်ပါဘူး။ သူက ငါ့ထက်တောင် အခြေအနေ ဆိုးပါသေးတယ်။ သူက လူတကာ့အိမ်မှာ ထမင်းလိုက်စားပြီး ကြီးပြင်းလာရတာလေ၊ အခုတော့ အလုပ်ပါ ပြုတ်သွားပြီဆိုတော့ နောက်နှစ်အထိ သူ စိတ်တိုနေမှာ သေချာတယ်”
“တကယ်လို့ မင်းအိမ်ကလူတွေ လာရှာရင်ကော”
ဆန်းပင်း ထပ်မေးသည်။
“ငါကတော့ ဘာကိုမှ မကြောက်ဘူး”
“ကောင်းပါပြီလေ” ဆန်းပင်းက သူ၏ ဆိုင်ကယ်သော့ကို ထုတ်လိုက်သည်။
“ကျွန်တော် အသားကင်ဆိုင်တွေဘက် သွားလိုက်ဦးမယ်။ ချန်ကျန့် တစ်ယောက်တည်း သွားတာဆိုတော့ အကူအညီ လိုမလားလို့”
“ငါ သွားလိုက်မယ် ။ ဆိုင်ကယ် ခဏ ငှားပါဦး”
ရှန်ယွီက ဆန်းပင်းဆီ လက်လှမ်းလိုက်သည်။
“နောက်တစ်ခါလား...” ဆန်းပင်းက ရှန်ယွီ့လက်ထဲ သော့ထည့်ပေးရင်း မေးသည်။
“မင်းရဲ့ ဒီလက်နဲ့ စီးလို့ ရရဲ့လား။ လီဗာဆွဲလို့ ရမလား”
“ရပါတယ်”
“ကျွန်တော်ပါ လိုက်ခဲ့ရမလား”
ဆန်းပင်း နောက်က လိုက်မေးသည်။
“မင်း ဂျူတီပဲ မင်းလုပ်ပါ”
ရှန်ယွီက ဆိုင်ကယ်ပေါ် တက်လိုက်သည်။
“ကျွန်တော်ကတော့ ဒီကိစ္စပြီးရင် သူ့ဆီ သွားမလို့ပါပဲ။ သူက အကူအညီမလိုဘူး ပြောပေမဲ့ ကျွန်တော် သွားမယ်လို့ ပြောထားပြီးသားဆိုတော့ မသွားရင် မကောင်းဘူးလေ”
“ဆိုင်ကယ် ရောက်သွားရင် ရပြီလေ” ရှန်ယွီက ဆိုင်ကယ်ရှေ့ကို ပုတ်ပြသည်။
“ငါက သက်သေပေါ့။ မင်း တကယ် မလိုက်နိုင်တာလေ။ မင်းသာ လိုက်လာရင် ဘော့စ်က မင်းကို အလုပ်ပျက်ကွက်တယ်လို့ သတ်မှတ်လိမ့်မယ်”
***
“ကျွန်တော် သွားပြီနော် အန်ကယ်။ နောက်ထပ် တစ်ခုခုရှိရင်လည်း ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်” ချန်ကျန့်က ဆိုင်ကယ်ပေါ် တက်လိုက်သည်။
“အေးအေး၊ အထူးတလည် လာနေစရာ မလိုပါဘူး။ ဖုန်းဆက်လိုက်ရင် ရပါတယ်”
ချန်ကျန့် ခေါင်းညိတ်ပြကာ ဆိုင်ကယ်ကို နှိုးပြီး အသားကင်ကွင်းထဲက ထွက်လာခဲ့သည်။ ဤမိသားစုအချို့နှင့် ညှိနှိုင်းရတာကတော့ တော်တော်လေး အဆင်ပြေလှသည်။ ရှန်ယွီ ပြောသလိုပါပဲ၊ ဟိုဘက်က မိသားစုတွေနဲ့ စကားပြောပြီးတာနဲ့ ဒီဘက်ကလူတွေက ချက်ချင်း သိသွားကြပြီး သူတို့ နစ်နာမှာကို စိုးရိမ်နေကြတာလေ။ ချန်ကျန့်ကသာ အရင်ဦးအောင် လာမပြောရင် သူတို့က လာရှာမှာ သေချာပြီး၊ အဲ့ဒီအချိန်ကျမှ ညှိနှိုင်းရတာက ပိုခက်ပါလိမ့်မည်။
လမ်းကွေ့လေးကို ရောက်ခါနီးတွင် သူ မော့ကြည့်လိုက်ရာ ရှေ့လမ်းဘေးတွင် ဆိုင်ကယ်တစ်စီး ရပ်ထားသည်ကို တွေ့ရသည်။ ၎င်းမှာ ဆန်းပင်း၏ ဆိုင်ကယ် ဖြစ်လေသည်။ ဆန်းပင်း၏ ဆိုင်ကယ်မှာ ဘီးခွေတွေကို အနီရောင် ဆေးခြယ်ထားသဖြင့် အဝေးက မြင်ရုံနှင့် သိသာလှသည်။
သို့သော် ဆိုင်ကယ်ပေါ်တွင် ခွထိုင်နေသော သူ၏ ကိုယ်နေဟန်ထားနှင့် ခြေတံရှည်ရှည်တွေကို ကြည့်ရုံနှင့် ဆန်းပင်း မဟုတ်မှန်း သူ သိလိုက်ရသည်။ ရှန်ယွီ ဖြစ်နေသည် မဟုတ်ပါလား။
ချန်ကျန့် အံ့သြတကြီးနှင့် သူ၏ရှေ့တွင် ဆိုင်ကယ်ရပ်ကာ ဆင်းလိုက်သည်။
“မင်းရဲ့ ဒီလက်နဲ့ ဆိုင်ကယ်ကို ဘယ်လို စီးလာတာလဲ”
“လက်ကို ဆန့်လို့မရတာပဲ ရှိတာပါ။ ကွေ့ရတာတော့ ပြဿနာ မရှိပါဘူး”
“ဒီကို ဘာလာလုပ်တာလဲ”
“စောင့်ကြည့်တာလေ”
“စကားပြောလို့ ပြီးပြီ။ တော်တော်လေးတော့ အဆင်ပြေပါတယ်” ချန်ကျန့်က ဆိုပြီးမှ ခဏတန့်သွားသည်။
“မင်း ဒါအတွက် လာတာ မဟုတ်ဘူး မဟုတ်လား”
ရှန်ယွီ ဘာမှမပြောဘဲ ချန်ကျန့်ကို စိုက်ကြည့်နေသည်။
“ဟို အလှဆင်ပစ္စည်းဆိုင်က ကိစ္စကြောင့်လား”
ရှန်ယွီ သက်ပြင်းအသာ ချလိုက်မိသည်။
“ဟို.... ခေါင်းတလား အကြောင်းကြောင့်လား” ချန်ကျန့်က ထပ်မေးပြန်သည်။
“ဆိုင်ရှင်ကတော်က ဆိုင်ကို လာရှာသွားတယ်လေ။ ငါ သူ့ကို ပြန်လွှတ်လိုက်ပြီ”
ချန်ကျန့် မျက်မှောင်ကြုတ်လိုက်၏။
“ချိန်းတွေ့ ချင်လား” ရှန်ယွီက ရုတ်တရက် ထမေးလိုက်သည်။
ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။
“ဗျာ။”
“ငါ မေးတာလေ”
“ဘယ်ကိုလဲ”
ဒီလောက်အေးတဲ့နေ့မှာ မနက်စာတောင် မစားရသေးဘဲ၊ သူတို့နှစ်ဦးသား မြစ်ကမ်းနားက တောအုပ်ဘေးမှာ တစ်စုံတစ်ယောက် ပုံထားတဲ့ သစ်ကိုင်းပုံကြီးကို မှီပြီး နေပူစာလှုံရင်း ချိန်းတွေ့နေကြလေသည်။
“ဒီနေရာကတော့ နည်းနည်းတော့ သနားစရာ ကောင်းနေမလားပဲ”
“အေးလား” ချန်ကျန့်က မေးသည်။
“နေပူထဲမှာဆိုတော့ မအေးပါဘူး” ရှန်ယွီ ခပ်အေးအေးပဲ ပြန်ဖြေသည်။
ချန်ကျန့် ရှန်ယွီ၏လက်ကို လှမ်းကိုင်လိုက်သည်။ အဆင်ပြေပါသည်၊ နွေးနေတုန်းပါပဲ။
“ဆိုင်ရှင်ကတော်က မှန်ဖိုး လာတောင်းတာလား” ချန်ကျန့်က မေးသည်။
“အင်း။ မင်းကော ဘယ်လို ကိုင်တွယ်ချင်လဲ”
“လျော်စရာလားဗျာ” ချန်ကျန့်က ဆိုပြီးမှ ခဏစဉ်းစားကာ စိုးရိမ်တကြီး မေးသည်။
“သူ မင်းကို ပြဿနာ ရှာသွားသေးလား”
“မင်းက ငါ သူ့ကို ပြဿနာရှာမလားလို့ မေးချင်တာ မဟုတ်လား”
ရှန်ယွီက မဲ့လိုက်ရင်းမှ ပြန်မေးသည်။ချန်ကျန့် ပြုံးလိုက်သော်လည်း ဘာမှ မပြောပါဘူး။
“ငါကတော့ သူ့ကို ပြဿနာရှာမလို့ပဲ။ အစကတော့ ဝင်မပါချင်ပါဘူး၊ ဒါပေမဲ့ သူက အဲ့ဒီကိစ္စကို ပေါ့ပေါ့ပါးပါး ပြောသွားတာကို ငါက သဘောမကျလို့”
“ဒီကိစ္စကလေ... လူအများစုအတွက်တော့ ထမင်းစားပြီး စကားစမြည် ပြောစရာ တစ်ခုပဲလေ၊ ပေါ့ပေါ့ပါးပါး ပြောတဲ့ စကားတစ်ခွန်းပေါ့” ချန်ကျန့်က ခပ်တိုးတိုး ဆိုသည်။
“အမှန်တော့ ကျွန်တော်က.... အဲ့ဒီလိုပဲ ဖြစ်နေစေချင်တာပါ”
ရှန်ယွီ ခဏမျှ မှင်သက်သွားပြီးမှ သူ့ကို လှည့်ကြည့်သည် ။
“ဘာသဘောလဲ”
“သူတို့တွေ ပေါ့ပေါ့ပါးပါး ပြောလေလေ၊ ဂရုမစိုက်လေလေ ဖြစ်မှာပဲ။ ဂရုမစိုက်လေလေ ထိုအရာက မှေးမှိန်သွားလေလေပဲ။ မှေးမှိန်သွားမှသာ အားလုံးက မေ့သွားကြမှာဖြစ်ပြီး ဘယ်သူမှ ထပ်မပြောကြတော့မှာလေ”
“မင်းက ဒါကို ပွဲကြီးမလုပ်ချင်တာ နေမှာပါလို့ ငါ ထင်ခဲ့ပေမဲ့၊ ဒီလို ရှုထောင့်ကနေ တွေးမယ်လို့တော့ မထင်ထားခဲ့ဘူး”
“ကြာလှပြီပဲဗျာ ။ အခု ကျွန်တော်က အဲ့ဒီ ကလေးလေး မဟုတ်တော့ပါဘူး”
“မင်းကတော့ တကယ်ပဲ...” ရှန်ယွီ ချန်ကျန့်၏ လက်ကို ညှစ်လိုက်သည်။
“ကျွန်တော်ကတော့ ဒီကိစ္စကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က ဒါနဲ့ လာပြီး တို့ထိလိုက်တဲ့ အခါကျမှပဲ သည်းမခံနိုင်တာပါ။ သနားတဲ့ စိတ်နဲ့ပဲဖြစ်ဖြစ်၊ လာပြီး ရန်စတာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အတူတူပါပဲ....”
“ဟင်” ရှန်ယွီ နားမလည်ဘဲ ရှိနေသည်။
“ဘယ်သူမှ ဂရုမစိုက်တဲ့ ကလေးတစ်ယောက်ပေါ့၊ အားလုံးက အဲ့ဒီလိုပဲ ထင်ကြတာလေ” ချန်ကျန့် ခေါင်းကို နောက်သို့ မှီလိုက်ရင်း ဆိုသည် ။
“မင်းလည်း အဲ့ဒီလို ထင်တာ မဟုတ်လား။ ငါ့အဖေ ဘယ်မှာလဲ၊ ဘာလို့ ငါ့ကို ဂရုမစိုက်တာလဲ ဆိုပြီးတော့လေ”
“...ဟုတ်တယ်” ရှန်ယွီ ခေါင်းညိတ်ပြသည်။
“အဲ့ဒီတုန်းက အဖေက မြို့ပေါ်မှာလေ။ အိမ်ကို အပေါင်ဆုံးသွားတော့ နောက်ထပ် တစ်လလောက် နေလို့ရအောင် သဘောတူထားခဲ့တာ။ သူက အိမ်ငှားဖို့ ပိုက်ဆံသွားရှာနေတာလေ။ ဒါပေမဲ့ ကျွန်တော်က လဝက်ပဲ နေခဲ့ရတယ်။ ဟိုလူတွေက နေရာမလောက်ဘူးလို့ ပြောလာတာနဲ့ ကျွန်တော် ထွက်လာခဲ့တာ။”
“မင်း အဖေ့ကို မပြောဘူးလား”
“မပြောပါဘူး၊ အဲ့ဒီအချိန်တုန်းက သူလည်း ရူးမတတ် ဖြစ်နေတာလေ။ ရွာထဲကလူတွေ သူ့ကို သွားပြောမှာကိုလည်း ကျွန်တော် ကြောက်နေခဲ့တာ၊ အဲ့ဒါကြောင့် တိတ်တဆိတ်ပဲ နေစရာ ရှာခဲ့တာပေါ့”
“ခေါင်းတလားထဲမှာ အိပ်ဖို့ကော ဘာလို့ စဉ်းစားမိတာလဲ”
ရှန်ယွီ လက်လှမ်းကာ ချန်ကျန့်၏ ပုခုံးကို ဖက်လိုက်သည်။
“အဲ့ဒီတုန်းက ဆောင်းတွင်းလေ။ အစကတော့ ဟို အိမ်လွတ်ကြီးထဲမှာ ပုန်းနေတာ၊ ဒါပေမဲ့ အနွေးဓာတ်မှ မရှိတာ” ချန်ကျန့်၏ အသံမှာ အလွန် တိုးသွားသည် ။
“ခေါင်းတလားထဲမှာက ပိုပြီး နွေးမယ်လို့ ကျွန်တော် ခံစားရလို့လေ.... ရက်အများကြီး မအိပ်လိုက်ရပါဘူး ရှောင်သိုအာရဲ့ အဖွားက တွေ့သွားတာ။ အဲ့ဒီနောက်ပိုင်းတော့ သူတို့အိမ်မှာပဲ နေခဲ့တာပေါ့”
“မင်းအိမ်ကို ယူသွားတဲ့ မိသားစုကော။ သူတို့ အခုထိ အဲ့ဒီမှာ နေတုန်းလား”
“ပြောင်းသွားတာ ကြာလှပါပြီ။ အဲ့ဒီအိမ်ကလည်း စွန့်ပစ်ထားတာလေ။ မနှစ်ကတုန်းက ပြိုကျသွားပြီ”
ရှန်ယွီ ဘာမှ ပြန်မပြောဘဲ ဖက်ထားသော လက်ကို ပို၍ တင်းကျပ်လိုက်သည်။
“အရာရာက အတိတ်မှာ ကျန်ခဲ့ပါပြီ…ထားလိုက်ပါတော့”
“အင်း”
ရှန်ယွီ သက်ပြင်းအသာ ချလိုက်မိသည်။
“ဗိုက်ဆာပြီ” ချန်ကျန့် မျက်လုံးမှိတ်လျက် ဆိုသည်။
“ငါလည်း ဆာပြီ”
ချန်ကျန့် ရှန်ယွီ၏ လက်မောင်းပေါ်သို့ ခေါင်းတင်ကာ မျက်လုံးမှိတ်ထားဆဲပင်။ နေရောင်ခြည်က သူ၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး၊ ရွှေရောင်အလင်းတန်းများကြောင့် သူ မူးနောက်နောက် ဖြစ်နေလေသည်။ ဗိုက်ဆာသည်ဟု ပြောသော်လည်း သူ မလှုပ်ချင်သေးဘူး။
“တစ်ခုခု သွားစားကြမလား၊ ဒါမှမဟုတ် ဆိုင်ကိုပဲ ပြန်စားမလား” ရှန်ယွီက မေးသည်။
“ပြန်စားတာပေါ့။ ကျောက်ကျဲ မနက်စာ ပြင်ထားမှာ သေချာတယ်”
ပြောသာပြောသော်လည်း နှစ်ယောက်စလုံး မလှုပ်ရှားကြသေးပါဘူး။
“အရင်ဆုံး ပါးစပ် ဟလိုက်ပါဦး” ရှန်ယွီက ဆိုသည်။
“ဟင်” ချန်ကျန့် ခေါင်းလှည့်ကာ သူ့ကို မှေးကြည့်သည်။
“လေကို အရင် သောက်ထားလိုက်ဦး၊ ဗိုက်ခဏ အောင့်ထားဖို့လေ”
ရှန်ယွီ စကားကြောင့် ချန်ကျန့် တဟားဟား ထရယ်သည်။
“သွားကြစို့လား”
“အင်း”
ချန်ကျန့် ပြန်ဖြေရင်း ရှန်ယွီ၏ နှုတ်ခမ်းကို လှမ်းနမ်းလိုက်လေတော့သည်။ သူ ခေါင်းပြန်လှည့်ရန် ပြင်စဉ်မှာပင် ရှန်ယွီက သူ၏မျက်နှာကို လက်ဖြင့် ထိန်းကာ ပြန်လည် နမ်းရှိုက်လိုက်သည်။ နေရောင်ခြည်မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသလိုမျိုး လင်းထိန်နွေးလျက်၊ လေတိုက်သံများပင်လျှင် ထိုရွှေရောင်အလင်းတန်းများကြားတွင် ပျောက်ကွယ်သွားခဲ့လေပြီ။
***
တာယွင်သို့ ပြန်ရောက်သည့်အခါ အာဟူမှာ ဧည့်ကြိုကောင်တာတွင် အခုတင်ရောက်လာသော ဧည့်သည်တစ်ဦးကို အခန်းအပ်ပေးနေသည်။ ဟူဖန်နှင့် ဆန်းပင်းတို့မှာ စားသောက်ခန်းတွင် မနက်စာ သို့မဟုတ် နေ့လယ်စာ တစ်ခုခုကို စားနေကြလေသည်။
“ရှင်တို့နှစ်ယောက် စားပြီးပြီလား။ ဒီနေ့က ဝမ်တွန် (Wontons) လေ”
ဟူဖန်လက်လှမ်းပြရင်း မေးလာသည်။
“စားမလား”
ချန်ကျန့်က ရှန်ယွီကို အဖော်စပ်သလိုမေးသည်။
“အင်း”
“ကျောက်ကျဲကို ပြောလိုက်၊ နေ့လယ်စာ မချက်ခိုင်းတော့ဘူးလို့။ အပြင်ကပဲ မှာစားကြမယ်”
ချန်ကျန့် စားပွဲမှာ ဝင်ထိုင်လိုက်သည်။ သူ ရှန်ယွီအတွက် အိုးထဲကနေ ဝမ်တွန် တစ်ပန်းကန် ခပ်ပေးလိုက်သလို၊ မိမိအတွက်လည်း တစ်ပန်းကန် ခပ်လိုက်သည်။
“ဒီနေ့ ဧည့်သည် များလာပြီလား”
“ဟုတ်တယ်” ဟူဖန် ဟင်းရည်သောက်ရင်း ဆိုသည် ။
“နေ့လယ်ကျရင် စားပွဲထိုး အင်တာဗျူး လာမယ့်လူ ရှိတယ် မန်နေဂျာ”
“ဟုတ်။ တစ်ယောက်တည်းလား။ သန့်ရှင်းရေးအတွက်ကော ရှိလား”
“တစ်ယောက်တည်းပါပဲ။ ဒါတောင် မဆိုးပါဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းက တောင်ပေါ်က တည်းခိုခန်းတစ်ခုက Group ထဲမှာ အလုပ်ခေါ်စာ တင်ထားတာ တစ်ယောက်မှ မသွားဘူးလေ။ ငါတို့က မြို့ထဲမှာဆိုတော့ တော်သေးတာပေါ့”
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။ နှစ်ကုန်ပိုင်းဆိုတော့ လူငှားရတာ ခက်သည်လေ။ ဤနေရာကလည်း အတော်လေး ဝေးလံလှသည် မဟုတ်ပါလား။ မြို့ဟောင်းမှာဆိုရင်တော့ ငှားရတာ ပိုလွယ်မှာပေါ့။
“ဘယ်အချိန် ချိန်းထားလဲ”
“တစ်နာရီလေ။ ရှင် နေ့လယ်ကျရင် ကားမောင်းသွားလေ့ကျင့်ရမှာ မဟုတ်လား။ အင်တာဗျူး ပြီးတာနဲ့ အတော်ပဲပေါ့”
“ကားမောင်းတာက ခဏခဏပဲလား”
ရှန်ယွီ ဝမ်တွန် တစ်ပန်းကန်ကို ခဏချင်း ကုန်အောင်စားပြီးနောက် မေးလိုက်သည်။
“ဆရာက ကျွန်တော် လိုင်စင်ရတာ နှေးပြီး ဘော့စ်ကို ကားမောင်းပေးရမယ့် အလုပ် ပြုတ်သွားမှာ စိုးလို့တဲ့။ သူက ကျွန်တော့်ကို နှစ်လအတွင်း အောင်စေချင်နေတာလေ”
ရှန်ယွီ စားသောက်ပြီးနောက် ရုံးခန်းသို့ ပြန်တက်သွားခဲ့သည်။ ချန်ကျန့် ဧည့်ကြိုကောင်တာတွင် အခြေအနေများကို စစ်ဆေးနေစဉ် ရှန်ယွီဆီမှ စာဝင်လာသည်။
[Fa Dan Ke Chen] - ငါ လိုက်ပို့ပေးရမလား။
[ချန်လေး] - အလုပ်ရှုပ်ရင် မပို့နဲ့လေ။
[Fa Dan Ke Chen] - ။
[ချန်လေး] - လိုက်ပို့ပေး။
စာပို့ပြီးမှ ချန်ကျန့် သတိထားမိလိုက်သည်မှာ ရှန်ယွီသည် သူ၏ ပရိုဖိုင်ပုံကို ထပ်မံ ပြောင်းလဲလိုက်ပြန်ပြီ ဖြစ်သည်။ ယခုပုံမှာ ရှုခင်းကြည့်ဆောင်ပေါ်တွင် ရိုက်ထားသော ချန်ကျန့်၏ တစ်ကိုယ်တော်ပုံ ဖြစ်လေသည်။ ချန်ကျန့်မှာ တကယ်ကို အံ့သြသွားရသည်။ ဘော့စ်ကတော့ တစ်နေကုန် အလုပ်မရှိ ပရိုဖိုင်ပုံ လိုက်ပြောင်းနေတာကိုး။
“မင်းတို့ ခေါင်းတလား သွားပို့ကြတာလား”
ဆန်းပင်းက ဧည့်ကြိုကောင်တာကို မှီရပ်ရင်း မေးသည်။
“ဘာတွေ လျှောက်ပြောနေတာလဲ” ချန်ကျန့် မှင်သက်သွားရသည်။
“ဘော့စ်ရှန်က ဟို အလှဆင်ပစ္စည်းဆိုင်ကို ခေါင်းတလား ပို့မယ်လို့ ပြောခဲ့တာလေ”
“ဗျာ”
ချန်ကျန့် ထပ်မံ အံ့သြသွားရပြန်သည်။
“ကြည့်စမ်း၊ ကောလာဟလတွေဆိုတာ အဲ့ဒီလိုမျိုး စတာပဲ” ဟူဖန်လည်း အနားသို့ တိုးလာကာ တိုးတိုးလေး ဆိုသည်။
“သူ ပြောခဲ့တာကတော့၊ ဆိုင်ရှင်ကတော်ကို ရွေးခိုင်းတာလေ၊ ချန်ကျန့် သူ့ဘာသာ ဖြေရှင်းမလား၊ ဒါမှမဟုတ် သူပဲ ဖြေရှင်းရမလား ဆိုတာပေါ့။ သူသာ ဖြေရှင်းရင်တော့ ခေါင်းတလား တစ်လုံး ပို့ပေးမယ်လို့ ပြောတာပါ”
အဲ့ဒါကတော့ အတူတူပါပဲ။
“ရှန်ယွီကတော့ ပြောတဲ့အတိုင်း လုပ်မယ့်လူပဲ” အာဟူက အတည်ပေါက်နှင့် ဝင်ပြောသည်။
ခေတ္တမျှတော့ ချန်ကျန့် ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေခဲ့သည်။ ရှန်ယွီ၏ ထိုကဲ့သို့သော အခြေအနေကို အံ့သြမိသလို၊ တစ်ဖက်မှာလည်း ရင်ထဲမှာ တုန်လှုပ်ဖွယ်ရာ ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ ဘယ်လို ဖော်ပြရမှန်း မသိပါဘူး။ တကယ်ကို တုန်လှုပ်သွားရခြင်း ဖြစ်သည်။
ထိုစဉ် တလက်လက် တောက်ပနေသော ပုတီးစေ့များဖြင့် ဖုံးလွှမ်းထားသော လက်တစ်ဖက် သူတို့ရှေ့တွင် ပေါ်လာပြီး ဧည့်ကြိုကောင်တာကို နှစ်ချက် ခေါက်လိုက်သည်။ တိုးတိုးလေး စကားပြောနေကြသော သူတို့တစ်စု လန့်သွားပြီး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။
နေကာမျက်မှန် တပ်ထားပြီး နှုတ်ခမ်းနီ အနီရဲရဲ ဆိုးထားသော အမျိုးသမီးတစ်ဦး ဧည့်ကြိုကောင်တာ ဘေးတွင် ရပ်နေသည်။ သူမ၏ နားရွက်တွင် ဆွဲထားသော နားကပ် အကြီးကြီးများမှာ တကယ်ကို ထင်ရှားလှသလို၊ အင်္ကျီအမွေးပွ အတိုလေးကိုလည်း ဝတ်ထားလေသည်။
“မင်္ဂလာပါ၊ အခန်း ဘွတ်ကင် လုပ်ထားပါသလားခင်ဗျာ”
အာဟူသည် အလုပ်တာဝန်အရ ချက်ချင်းပင် မေးလိုက်သည်။
“ကျွန်မက အင်တာဗျူး လာတာပါ။ စောရောက်လာလို့”
“အင်တာဗျူး”
ချန်ကျန့် မှင်သက်သွားရသည်။ ဘယ်လိုပဲ ကြည့်ကြည့် ဤလူက အပန်းဖြေဖို့ လာတဲ့လူနှင့်သာ တူနေသည် မဟုတ်ပါလား။
“မင်းက ဆွန်နာနာ (Sun Nana) လား”
ခေတ်မီလှသော ဟူဖန်ပင်လျှင် မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဟုတ်ပါတယ်၊ ကျွန်မက ဆွန်နာနာ ပါ။ ကျွန်မရဲ့ အင်္ဂလိပ်နာမည်က နာနာ (Nana) ပါ”
“ဘာကွာလို့လဲ” ဆန်းပင်းက မေးသည်။
“နာနာ က အင်္ဂလိပ်လိုလေ”
“သြော် ” ဆန်းပင်းမှာ တော်တော်လေး ဇဝေဇဝါ ဖြစ်သွားရရှာသည်။
“ဘယ်သူက ကျွန်မကို အင်တာဗျူးမှာလဲ”
ဆွန်နာနာက နေကာမျက်မှန်ကို ချွတ်လိုက်သည်။
“မန်နေဂျာလေ”
သုံးယောက်စလုံးက ချန်ကျန့်ကို တစ်ပြိုင်နက်တည်း လက်ညှိုးထိုးပြကြသည်။
“ဘယ်မှာ စကားပြောကြမလဲ”
ဆွန်နာနာက နေကာမျက်မှန်ကို ကိုင်ကာ ပတ်ပတ်လည်ကို လှည့်ကြည့်ရင်း မေးသည်။
“ကဖေးဆိုင်မှာ ပြောကြတာပေါ့”
ချန်ကျန့်က ဆိုကာ တခြားလူတွေကို တစ်ချက်ကြည့်ပြီး ကဖေးဆိုင်ဘက်သို့ လျှောက်သွားခဲ့သည်။
“ကော်ဖီ သောက်ဦးမလား”
ဟူဖန်က နောက်ကနေ လိုက်လာသည်။ သူမက မနက်က ခွင့်ယူထားသဖြင့် အလုပ်လုပ်စရာ မလိုပါဘူး၊ စပ်စုချင်လို့ လိုက်လာခြင်း ဖြစ်ကြောင်း သိသာလှသည်။
“ဟုတ်ကဲ့၊ ကပူချီနို တစ်ခွက်ပေးပါ၊ ကျေးဇူးတင်ပါတယ်”
“ငါတို့ဆီမှာ အဲ့ဒါ မရှိဘူး။ လတ်တေး ပဲ ရှိတယ်”
ဟူဖန် ပြန်ဖြေလိုက်သည်။
“အဲ့ဒါလည်း ရပါတယ်” ဆွန်နာနာက ဂရုမစိုက်ဟန်ဖြင့် ဆိုကာ ကဖေးဆိုင်ထဲ ဝင်ထိုင်လိုက်ပြီး ချန်ကျန့်ကို ကြည့်ကာ …“မန်နေဂျာ... ထိုင်ပါဦး” ဟု ဖိတ်ခေါ်လေတော့သည်။
“ဟုတ်ကဲ့” ချန်ကျန့် ဝင်ထိုင်လိုက်သည်။ အချိန်ကုန်သက်သာအောင် သူ တန်းပြီး မေးခွန်းမေးလိုက်သည်။
“ဘယ်ရာထူးအတွက် လာတာလဲ”
“စားပွဲထိုးပါ”
“အလုပ်အတွေ့အကြုံ ရှိလား” ချန်ကျန့်က မေးသည်။
“နည်းနည်းရှိတယ်”
ဘယ်လို နည်းနည်းလဲ။
“ဟိုတယ်မှာ လုပ်ဖူးတာလား ဒါမှမဟုတ်....”
“အတွေ့အကြုံ မရှိပါဘူး” ဆွန်နာနာက စကားပြန်ပြောင်းလိုက်သည်။ ချန်ကျန့် စကားမပြောမီမှာပင် သူမက ထပ်ဖြည့်ပြောပြန်သည် ။
“ဒါပေမဲ့ ကျွန်မက သင်ယူတာ တအား မြန်တယ်လေ”
ယာယီ စားပွဲထိုး ငှားတာဖြစ်သော်လည်း ဆွန်နာနာ၏ ပုံစံမှာ အလုပ်လုပ်နိုင်မည့် ပုံစံမျိုး လုံးဝ မပေါက်ပါဘူး။ ချန်ကျန့် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူမကို ပါးနပ်စွာ ငြင်းဆိုရန် ပြင်လိုက်သည်။
“ဒီလိုလုပ်ရအောင်၊ မင်းပြီးရင် နောက်ထပ် အင်တာဗျူးမယ့်လူတွေ ရှိသေးတယ်လေ။ ဒီနေ့ အင်တာဗျူးတွေ အကုန်ပြီးမှ မင်းဆီကို အကြောင်းပြန်လိုက်ပါ့မယ်”
“ဟုတ်ကဲ့ပါ”
ဆွန်နာနာက ချက်ချင်းပင် ထရပ်လိုက်ပြီး ဧည့်ကြိုကောင်တာသို့ လျှောက်သွားကာ အာဟူကို လက်ယမ်းပြလိုက်သည် ။
“လူချောလေး.... ငါ့ကို အခန်းတစ်ခန်း ပေးပါဦး”
ဧည့်ကြိုကောင်တာမှာ ကျန်ရစ်ခဲ့တဲ့ အာဟူနှင့် ဆန်းပင်းတို့မှာ ရုတ်တရက် ခေါင်းလှည့်ကာ ချန်ကျန့်ကို လှမ်းကြည့်ကြတော့သည်။ ချန်ကျန့်သည်လည်း သူတို့ကို ကြည့်ကာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။
“ဘယ်လိုလုပ်ကြမလဲ” ဟူဖန် အနားသို့ ရောက်လာသည်။
“ကျွန်တော်... မသိဘူး။ နောက်ထပ် လူရှိသေးလား”
“ဒါပဲလေ! ဒီတစ်ယောက်တည်း ရှိတာ!ဘော့စ်ရှန်ကို သွားမေးကြည့်ပါလား”
“ကောင်းပါပြီ”
ချန်ကျန့် ထရပ်ကာ ဓာတ်လှေကားဆီသို့ လျှောက်သွားခဲ့သည်။
“နာနာ... မင်းရဲ့ ကော်ဖီ” ဟူဖန်က နောက်ကနေ လှမ်းအော်သည်။
“ကျေးဇူးပါ၊ အခုလာခဲ့မယ်နော်”
ဆွန်နာနာက ပြုံးပြလိုက်သေး၏။
ချန်ကျန့် ဓာတ်လှေကားထဲသို့ အမြန် ဝင်လိုက်မိသည်။ တာယွင် တည်းခိုခန်းမှာ လူငှားတဲ့ ကိစ္စနှင့် ပတ်သက်ရင်တော့ တစ်ခုခု အောက်လမ်းနည်းနှင့် အတိုက်ခံထားရသလားဟုပင် သူ တွေးလိုက်မိလေတော့သည်။
Comments
Post a Comment