အပိုင်း (၆၄)
ချန်အာဟူ၏ မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းကတော့ အသေအချာ ပြင်ဆင်ထားပုံရသည်။ သူ၏လက်ထဲက မှတ်စုစာအုပ်ထဲတွင် စာများ ပြည့်နှက်နေသည်မှာ သူ သင်တန်းသွားတက်စဉ်က မည်မျှ အလေးအနက်ထားခဲ့ကြောင်း သက်သေပြနေသည်။ သို့သော် အားလုံး မမျှော်လင့်ထားသည်မှာ ဤသည်မှာ ပထမဆုံး သင်ခန်းစာသာ ရှိသေးခြင်း ဖြစ်သည်။
“ဒီတစ်ခေါက်မှာတော့ မီးဘေးဆိုင်ရာ အခြေခံဗဟုသုတတွေ၊ အဓိပ္ပာယ်သတ်မှတ်ချက်တွေ၊ အမျိုးအစားခွဲခြားပုံတွေနဲ့ အန္တရာယ်တွေ၊ ပြီးတော့ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို ပြောပြခဲ့တာပါ”
သင်တန်းပေးပြီးနောက်တွင် ချန်အာဟူ၏ စကားပြောပုံမှာ အရင်ကထက် အများကြီး ပို၍ သွက်လက်လာခဲ့သည်။
“တည်းခိုခန်းထဲက မီးဘေးကာကွယ်ရေး ပစ္စည်းတွေနဲ့ အမှတ်အသားတွေ၊ လုံခြုံရေး လမ်းညွှန်ချက်တွေအကြောင်းလည်း ပြောခဲ့ပြီးပြီ.... ဒီနေ့ ကျွန်တော် လိုက်စစ်ကြည့်တော့ စံချိန်စံညွှန်းမမီတဲ့ နေရာအချို့ကိုလည်း မှတ်ထားခဲ့တယ်....”
ချန်အာဟူသည် လူအုပ်ကို မော့ကြည့်လိုက်ရာ၊ သူ၏အကြည့်မှာ ရှန်ယွီပေါ်သို့ ကျရောက်သွားသည်။ ရှန်ယွီက ဘေးသို့ အသာအယာ တိုးပေးလိုက်ရင်း သူ၏ဘေးက ချန်ကျန့်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါဆို မန်နေဂျာချန်.... ခင်ဗျားကိုပဲ ကျွန်တော် သတင်းပို့လိုက်မယ်၊ ခင်ဗျားပဲ လူလွှတ်ပြီး ပြန်ပြင်ခိုင်းလိုက်တော့”
“အိုကေ။လုပ်လိုက်ပါ့မယ်။”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ ဤကဲ့သို့သော အလုပ်မျိုးကို မန်နေဂျာဖြစ်သူက ဝက်ခြံဂိုဏ်း လုံခြုံရေးအဖွဲ့ကိုပဲ ခိုင်းမှာ သေချာပါသည်၊ သူတို့က ဦးနှောက်မသုံးဘဲ အင်အားစိုက်ထုတ်ရမည့် အလုပ်တွေဆိုလျှင် အတော်ဆုံး မဟုတ်ပါလား။ ချန်အာဟူသည် တစ်ပတ်လည်အောင် စဉ်းစားပြီး မိမိကိုယ်ကို အလုပ်တစ်ခုကို အထာကျကျ စီစဉ်လိုက်ခြင်း ဖြစ်သည်။
“နောက်ပြီးတော့ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါကျရင် နောက်ထပ် သင်တန်းတစ်ခု ထပ်ရှိဦးမယ်” အာဟူက ဆက်ပြောသည် ။
“မီးလောင်တဲ့အခါ ဝန်ထမ်းတွေ ဘာလုပ်ရမလဲ၊ ကိုယ့်တာဝန်က ဘာလဲ၊ အရေးပေါ် အခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာတွေကို ပြောပြမယ်။ ဒါကတော့ လူစုခွဲတာ၊ ထွက်ပြေးလွတ်မြောက်တာနဲ့ မီးငြှိမ်းသတ်တာတွေ အားလုံးအတွက် လူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်လိမ့်မယ်”
ချန်ကျန့် ခေါင်းကို အနည်းငယ် စောင်းကာ ရှန်ယွီကို လှမ်းကြည့်လိုက်သည်။
“ငါတို့ အပြည့်အဝ ပူးပေါင်းပေးမှာပါ”
ရှန်ယွီက ခေါင်းညိတ်ပြရင်း ချန်ကျန့်ဘက်သို့ တိုးကပ်ကာ တိုးတိုးလေး ဆိုလိုက်သည်။
“မီးဘေးလေ့ကျင့်ခန်း လုပ်တဲ့ပုံတွေ ဘာတွေကို ဓာတ်ပုံရိုက်ပြီး သိမ်းထားဦးနော်”
“အင်း” ချန်ကျန့် ပြန်ဖြေလိုက်သည်။
သင်တန်းပြီးနောက် ကင်းလှည့်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်ပြီးသည့် အခါတွင်တော့ တော်တော်လေး နောက်ကျနေပြီ ဖြစ်သည်။ ဂျူတီကျသည့် လောင်စစ်မှလွဲ၍ ကျန်တဲ့လူတွေ အားလုံး နားဖို့ ပြင်ကြလေပြီ။ မနက်ဖြန်သည် မီးပုံပွဲအတွက် ပြင်ဆင်ရမည့် နောက်ဆုံးနေ့ ဖြစ်သည်။ လုပ်စရာတွေ အများကြီး ရှိနေသည်လေ။ ချန်ကျန့်သည် အိပ်ဆောင်သို့ မပြန်မီ ရှန်ယွီ၏ ရုံးခန်းတွင် ခေတ္တမျှ သွားနေချင်မိသည်။ ဤမျှလောက် ရှုပ်ထွေးပြီး ကြီးမားသော ပွဲကြီးမစခင် ရှန်ယွီနှင့်အတူ အချိန်ဖြုန်းလိုက်ခြင်းက သူ့ကို စိတ်အေးချမ်းစေသောကြောင့် ဖြစ်သည်။
သို့သော် ချန်အာဟူမှာ တအားကို စိတ်လှုပ်ရှားနေလေသည်။ ချန်ကျန့်သည် ရှန်ယွီ၏ ရုံးခန်းတံခါးဝသို့ ရောက်နေစဉ်မှာပင် အာဟူက နောက်ကနေ လိုက်လာခဲ့သည် ။
“ရှန်ယွီကို သွားရှာမလို့လား”
“ကျွန်တော်...”
ချန်ကျန့် ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်သွားရသည်။ ဟနေသော တံခါးကြားမှတစ်ဆင့် ရှန်ယွီသည် စားပွဲနောက်တွင် ထိုင်နေသည်ကို သူ မြင်နေရသည်လေ။ အာဟူ၏ အသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ရှန်ယွီသည် ထိုင်နေသည့် နေရာမှနေ၍ အနောက်သို့ မတ်မတ်မနေနိုင်တော့သော သူ၏ ကုလားထိုင်နှင့်အတူ ဘေးသို့ ဖြည်းဖြည်းချင်း လျှောထွက်သွားလေတော့သည်။
“အတော်ပဲ၊ သူ့ကို အတူတူ သွားပြောကြရအောင်”
ထိုစကားကို ကြားရသည့်အခါ ချန်ကျန့်သည် တံခါးလက်ကိုင်ကို အမြန်လှမ်းကိုင်လိုက်ပြီး…
“သူ အိပ်ပျော်နေပြီဗျ။ ကျွန်တော် တံခါးခေါက်နေတာ ကြာပြီ၊ သူ ပြန်မထူးဘူး”
ရှန်ယွီသည် အခုဆို ပြတင်းပေါက်နားသို့ တိတ်တဆိတ် ရောက်သွားလောက်ပါပြီ။ တံခါးကြားမှ ကြည့်လျှင် ကုလားထိုင်ကို မမြင်ရတော့ပါဘူး။
“သြော် ...” အာဟူ အနည်းငယ် စိတ်ပျက်သွားဟန် ရှိသည် ။
“ဒါဆိုရင်တော့ ငါတို့နှစ်ယောက်တည်းပဲ ပြောကြတာပေါ့”
သူက မန်နေဂျာပဲဟာလေ။ ဘော့စ်တစ်ယောက်က မန်နေဂျာကို ဘာလို့ လိုအပ်တာလဲ။ ဘော့စ်က ကိစ္စတွေကို ရှောင်လွှဲနေတဲ့ အချိန်မှာ မန်နေဂျာက အရာရာကို ထိန်းချုပ်ပေးဖို့ပေါ့။
“ဟုတ်ကဲ့”
ချန်ကျန့် ချန်အာဟူကို ပြန်ပြောရင်း ဟနေသော တံခါးကို ပိတ်ပေးလိုက်သည်။
သူ အိပ်ဆောင်တံခါးဝသို့ပင် မရောက်သေးမီ ဖုန်းက တုန်ခါလာသည်။ စာတစ်စောင် ဝင်လာခြင်း ဖြစ်သည်။ သူ ရုံးခန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်မိသည် ။ ရှန်ယွီ ဖြစ်မှာ သေချာပါသည်။ ဖုန်းထုတ်ကြည့်လိုက်သည့်အခါ တကယ်ပင် ရှန်ယွီ ဖြစ်နေသည်။ သို့သော် “Fa Dan Ke Chen” က ဘာစကားမှ မပြောပါဘူး၊ စတစ်ကာ တစ်ခုပဲ ပို့လာခဲ့သည်။
မင်းမရှိရင် ငါ ဘယ်လို အသက်ရှင်ရမလဲ
ချန်ကျန့်မှာ မနေနိုင်ဘဲ အားရပါးရ ရယ်မောလိုက်မိသည်။
“ဘာဖြစ်လို့လဲ”
အာဟူက ချက်ချင်း လှည့်ကြည့်လာသည်။ ချန်ကျန့် အပြုံးကို အမြန်ပြန်သိမ်းဖို့ အချိန်မရလိုက်သဖြင့် “ကျွန်တော် စိတ်ပျော်နေလို့ပါ” ဟုသာ ပြောလိုက်ရသည်။
“ဟုတ်လား ။ ငါလည်း စိတ်ပျော်နေတာပဲ”
ဘော့စ်ချန်ရယ်... အဲ့ဒါက နှစ်မျိုးစလုံး မတူပါဘူးဗျာ။
“ဟုတ်ကဲ့”
အမျိုးသား အိပ်ဆောင်ထဲတွင် ဆန်းပင်းနှင့် လောင်ဝူတို့မှာ အိပ်ပျော်နေကြလေပြီ။ ချန်ကျန့်သည် ကုတင်ခေါင်းရင်းကို မှီနေလိုက်သည်။ အာဟူသည်လည်း သူ၏ကုတင်မှာ မှီနေသော်လည်း၊ စကားအနည်းငယ် ပြောပြီးသည့်နောက်တွင်မှ ထရပ်ကာ ကုလားထိုင်တစ်လုံးကို ချန်ကျန့်၏ ကုတင်ဘေးသို့ ဆွဲလာပြီး ဝင်ထိုင်လေတော့သည်။ ၎င်းမှာ ချန်ကျန့် ရှန်ယွီနှင့် စာပို့မည့် စိတ်ကူးကို လုံးဝ ပိတ်ဆို့လိုက်ခြင်းပင် ဖြစ်သည်။
သူ ရှန်ယွီဆီ စာပို့လိုက်သည်။
[ချန်လေး] - အာဟူက လူနာလာကြည့်တဲ့ လူလိုမျိုး ကျွန်တော့် ကုတင်ဘေးမှာ လာထိုင်နေတယ်....
“Fa Dan Ke Chen” က ခဏအကြာတွင် ဓာတ်ပုံတစ်ပုံနှင့် ပြန်ဖြေလာသည်။ စတစ်ကာတော့ မဟုတ်ပါဘူး။ ၎င်းမှာ လူ၏ လည်ပင်းဘေးရှိ သွေးလွှတ်ကြော (Carotid artery) ပုံ ဖြစ်လေသည်။ ထိုပုံပေါ်တွင် လက်ညှိုးထိုးထားသော မြားတစ်ခု ရှိပြီး၊ မြားပေါ်က စာသားမှာ ရှန်ယွီ ကိုယ်တိုင် ရေးထားမှန်း သိသာလှသည်။
ဒီနေရာကို ရိုက်ချလိုက်။
ယခုတစ်ကြိမ်တွင်တော့ ချန်ကျန့် တကယ်ကို မအောင့်နိုင်တော့ပါဘူး။ ဖုန်းအစ်ကိုင်ကာ အကြာကြီး ရယ်နေမိတော့သည်။ သူ့ဘေးက အာဟူသာ စိတ်မတိုလာလျှင် သူ ရပ်နိုင်ဦးမည် မဟုတ်ပါဘူး။
“ဘာမှ မဟုတ်ပါဘူး” ချန်ကျန့် ဖုန်းကို ဘေးချလိုက်ပြီး အာဟူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
“ကျွန်တော်တို့ ကိစ္စတွေပဲ ဆက်ပြောကြရအောင်”
“မင်း တစ်ခုခု မှားစားလာတာလား ။ မင်း အခုလို ပျော်နေတာ ငါ တစ်ခါမှ မမြင်ဖူးဘူး”
“မဟုတ်ပါဘူး၊ ကျွန်တော် စဉ်းစားနေတာကလေ....” ချန်ကျန့် အမြန် ဆင်ခြေရှာလိုက်သည် ။
“မီးပုံပွဲ စတာနဲ့ ကျွန်တော်တို့လည်း ပါဝင်ဆင်နွှဲလို့ ရမှာဆိုတော့.... တကယ်ကို ပျော်စရာ ကောင်းမှာပဲလို့ တွေးမိလို့ပါ”
“မီးပုံပွဲ အကြောင်း ပြောရရင်တော့” အာဟူမှာ ချက်ချင်းပင် စိတ်ဓာတ် ပြန်လည် တက်ကြွလာသည်။
“မနက်ဖြန် ငါတို့ စောစော သွားရမယ်နော်။ လုပ်စရာတွေ အများကြီး ရှိတာ၊ ငါ ပြောပြမယ်....”
အာဟူ၏ စိတ်လှုပ်ရှားမှုကို ချန်ကျန့် နားလည်ပေးနိုင်ပါသည်။ ကျောင်းထွက်ပြီးနောက်ပိုင်း အာဟူ ပါဝင်ဖူးသမျှ အကြီးအကျယ်ဆုံး ပွဲဆိုလျှင် မြို့ထဲက အိမ်ပိုင်ရှင်တွေကို လိုက်လံ နှောင့်ယှက်ခြင်းနှင့် ချန်တာဟူ၏ အရိုက်ကို ခံရခြင်းတို့သာ။ သူ ဦးဆောင်ခဲ့ဖူးသမျှ အစည်းအဝေးဆိုလျှင်လည်း ဝက်ခြံဟောင်းမှာ လူလေးယောက် စီးကရက်သောက်ရင်း စကားပြောခဲ့ကြတာပဲ ရှိမှာပါ။
အခုတော့ သူသည် မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းကို သွားတက်ရသည်။ ပြီးတော့ ပြန်လာပြီး ဘော့စ်အပါအဝင် ဝန်ထမ်းအားလုံးကို ပြန်သင်ပေးရသည် မဟုတ်ပါလား။ “ဒုတိယအိမ်” ဟု ခံယူထားသည့် နေရာအပေါ် သူ၏ ပိုင်စိုးလိုစိတ်နှင့် တာဝန်ယူလိုစိတ်မှာ ရုတ်တရက် မြင့်တက်လာခြင်း ဖြစ်သည်။ ချန်ကျန့်အနေဖြင့် စကားအများကြီး ပြောနေဖို့ မလိုပါဘူး။ “ဟုတ်ကဲ့” ဟု ထောက်ခံပေးရုံနှင့်ပင် အာဟူမှာ နှစ်မိနစ်လောက် အဆက်မပြတ် ပြောနိုင်သူ ဖြစ်သည်။
မီးပုံပွဲမှသည် ဆိုင်၏ မီးဘေးလုံခြုံရေး၊ ထိုမှတစ်ဆင့် မြို့ကလေး ဖွံ့ဖြိုးတိုးတက်ရေး၊ ထိုမှတစ်ဆင့် ဆိုင်၏ ဝန်ဆောင်မှုနှင့် တည်းခိုခန်းများ၏ ရေရှည် မျှော်မှန်းချက်များအထိ.... ချန်ကျန့်မှာ တကယ်ကို အိပ်ချင်နေပြီ ဖြစ်သော်လည်း၊ အာဟူကတော့ အားရပါးရ ပြောနေဆဲပင်။ ချန်ကျန့်သည် ကုတင်ပေါ်မှာ အိပ်ပျော်နေကြတဲ့ ဆန်းပင်းနှင့် လောင်ဝူတို့ကို တကယ် အထင်ကြီးမိသည်။ သူတို့ကတော့ ကျင့်သားရနေ၍လားမသိ၊ သူတို့ ဘော့စ်၏ ခမ်းနားလှသော မျှော်မှန်းချက်များကို အိပ်မွေ့ချ သီချင်းတစ်ပုဒ်လို သဘောထားကာ ဟောက်တောင် ဟောက်နေကြလေပြီ။
ချန်ကျန့်ကိုယ်တိုင်လည်း ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်း မသိပါဘူး။ အာဟူက သူ့ကို လာနှိုးသည့် အချိန်ကျမှသာ သူ သိလိုက်ရခြင်း ဖြစ်သည်။ မျက်လုံးမှိတ်တုန်းကလည်း အာဟူ၊ ပြန်ဖွင့်တော့လည်း အာဟူ ပါပဲ။ တကယ့်ကို အသည်းအသန်ပါပဲလား။
“ထတော့လေ မန်နေဂျာ၊ အချိန်တန်ပြီ”
အာဟူက တက်ကြွလှသော အမူအရာဖြင့် သူ့ကို ကြည့်ကာ ဆိုသည်။ ချန်ကျန့် သူ၏ မနက်ခင်း စိတ်တိုတတ်သော ဒေါသကို အောင့်ထားရင်း တိတ်ဆိတ်စွာ ထထိုင်လိုက်သည်။ သူ၏ကိုယ်ပေါ်က စောင်ကို မြင်သည့်အခါ သူ ကြောင်သွားပြီး အာဟူကို လှမ်းကြည့်လိုက်မိသည်။
“မနေ့ညက ငါ ခြုံပေးခဲ့တာလေ၊ စကားပြောနေတုန်း မင်းက အိပ်ပျော်သွားတာကိုး”
အာဟူက အနည်းငယ် မကျေမနပ်နှင့် ဆိုသည်။
“မင်းကို အတင်း ပြန်မနှိုးတာ ငါ မင်းကို မျက်နှာပေးလိုက်တာနော်”
“ဟုတ်ကဲ့ပါဗျာ၊ ကျေးဇူးကြီးလှပါတယ်” ချန်ကျန့် စောင်ကို ဖယ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ဖုန်းကြည့်လိုက်တော့ ခုနစ်နာရီ ရှိနေလေပြီ။ ၎င်းမှာ သူ ပုံမှန် နိုးနေကျ အချိန်မို့လို့ လက်ခံနိုင်စရာ ရှိပါသည်။ ရှန်ယွီဆီက စာတစ်စောင်လည်း ဝင်နေသည်၊ ညနှစ်နာရီက ပို့ထားခြင်း ဖြစ်သည်။
【Fa Dan Ke Chen】 ငါ အိပ်ဆေးသောက်ပြီး အိပ်တော့မယ်၊ မနက်ဖြန် ငါ့ကို မနှိုးနဲ့ဦး။
ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။ ရှန်ယွီနှင့် သူ အကြိမ်အနည်းငယ် စာပို့ခဲ့စဉ်က ရှန်ယွီ အိပ်ပျော်သွားခဲ့ဖူးသဖြင့် ရှန်ယွီမှာ အိပ်စက်ရန် ခက်ခဲသူဖြစ်ကြောင်း သူ သတိမပြုမိခဲ့ပါဘူး။ မနေ့ကသာ ရှန်ယွီနှင့် သူ စကားပြောဖြစ်ခဲ့လျှင် ရှန်ယွီ အိပ်ဆေးသောက်ဖို့ လိုမလားဟု သူ တွေးနေမိသည်။ ဤစာကို မြင်သည့်အခါ အခန်းထဲက ထွက်လာခဲ့ပြီဖြစ်သော ချန်ကျန့်မှာ အထဲကို ပြန်ဝင်ပြီး အာဟူကို မနေ့က ပုံထဲကအတိုင်း ရိုက်ချလိုက်ချင်စိတ် ပေါ်လာတော့သည်။
ရုံးခန်းတံခါးမှာ ပိတ်နေလေသည်။ ချန်ကျန့်သည် အာဟူ အောက်ထပ်သို့ အရင်ဆင်းသွားသည်ကို အခွင့်ကောင်းယူကာ၊ ရုံးခန်းတံခါးဝသို့ လျှောက်သွားပြီး တံခါးလက်ကိုင်ကို အသာအယာ လှည့်ကြည့်လိုက်သည်။ တံခါးမှာ ပိတ်နေသော်လည်း သော့ခတ်မထားပါဘူး။ သူ တံခါးဖွင့်ကာ ခေါင်းပြူကြည့်လိုက်ရာ ရှန်ယွီမှာ ဆိုဖာပေါ်တွင် မရှိတာကို တွေ့ရသည်။
သူ တံခါးဝတွင် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခြေဖျားထောက်လျက် ရုံးခန်းထဲသို့ ဝင်ခဲ့သည်၊ ထို့နောက် အိပ်ခန်းတံခါးနားသို့ လျှောက်သွားလိုက်သည်။ အိပ်ခန်းတံခါးမှာ ပိတ်နေလေသည်။ သူ တံခါးမှာ နားကပ်ပြီး နားထောင်ကြည့်သော်လည်း ဘာအသံမှ မကြားရပါဘူး။ အိပ်ဆေးသောက်ထားတာဆိုတော့လည်း အခုချိန်မှာ အိပ်ပျော်နေမှာ သေချာပါသည်။ သူ တံခါးကို ထပ်မဖွင့်ရဲတော့ပါဘူး၊ ခက်ခက်ခဲခဲ အိပ်ပျော်နေတဲ့ ရှန်ယွီကို နိုးသွားမှာ စိုးသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် အိပ်ခန်းတံခါးရှေ့၌ တစ်မိနစ် နှစ်မိနစ်ခန့် ရပ်နေပြီးနောက်၊ ချန်ကျန့် ခြေဖျားထောက်လျက်ပင် ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့တော့သည်။ ဓာတ်လှေကားမှာ ခရီးသည်များ သုံးနေကြသဖြင့် သူ လှေကားမှသာ ဆင်းလာခဲ့သည်။ အောက်ထပ်ရောက်သည့်အခါ ဆွန်နာနာမှာ စားသောက်ဆိုင် တံခါးဝတွင် ရပ်လျက်၊ အထဲဝင်လာသော ဧည့်သည်တိုင်းကို ယဉ်ကျေးစွာ ပြောနေသည်ကို တွေ့ရသည်။
“ညနေ သုံးနာရီနောက်ပိုင်းကျရင် ဧည့်ကြိုကောင်တာမှာ မနက်ဖြန် မီးပုံပွဲအတွက် အခမဲ့ အသားကင် လက်မှတ်တွေ လာယူလို့ ရပါပြီရှင့်။ တစ်ယောက်ကို တစ်စောင်စီပါ၊ ကလေးတွေလည်း ရပါတယ်နော်”
သူမသည် ချန်ကျန့်ကို မြင်သည့်အခါ လက်လှမ်းပြလိုက်ပြီး… “မင်္ဂလာပါ မန်နေဂျာ” ဟု နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ” ချန်ကျန့် စားသောက်ဆိုင်ထဲကို လှမ်းကြည့်လိုက်ရာ မနက်စာ ပြင်ဆင်ပြီးသား ဖြစ်နေသည်
“စားပြီးပြီလား”
“ဟုတ်ကဲ့၊ စားပြီးပါပြီ။ ဒီမနက်တော့ သိပ်ပြီး အစားအသောက် မရှိတာနဲ့ ပဲနို့ တစ်ခွက်ပဲ သောက်လိုက်တယ်”
“နေ့လယ်ကျရင်တော့ များများစားထားနော်။ အလုပ်များတော့မှာမို့လို့” ချန်ကျန့်က မှာကြားလိုက်သည်။
“ဟုတ်ကဲ့ပါ”
မနက်စာ စားပြီးနောက် ချန်ကျန့်နှင့် ချန်အာဟူတို့ အသားကင်ကွင်းသို့ အတူတူ ထွက်လာခဲ့ကြသည်။ တည်းခိုခန်း အတော်များများမှ လူတွေ ရောက်နေကြလေပြီ။ ဟိုဘက်က လူတွေ၏ စရိုက်အရ နေရာချထားရာတွင် သူတို့အတွက် အသာစီးရအောင် လုပ်နိုင်သဖြင့်၊ အာဟူလို လူမျိုး ပါလာခြင်းက အခြေအနေကို ထိန်းချုပ်ရ ပိုလွယ်စေသည် မဟုတ်ပါလား။ အာဟူသည် အခုတော့ လူကောင်းဖြစ်နေပြီ ဆိုသော်လည်း၊ ဤပတ်ဝန်းကျင်တွင်တော့ သူသည် နာမည်ကျော် လူမိုက်ဟောင်း တစ်ယောက် ဖြစ်နေဆဲပင်။
အသားကင်ကွင်းတွင် မီးပုံပွဲ၏ အငွေ့အသက်များ ပေါ်ပေါက်နေလေပြီ ။ စာတမ်းများ၊ အလံရောင်စုံများ၊ စားပွဲနှင့် ကုလားထိုင်များ၊ မီးပုံးများ၊ ပြီးတော့ စင်မြင့်တစ်ခုပါ ရှိနေလေသည်။
“ဟို စင်က ဘာအတွက်လဲ” ချန်ကျန့်က မေးလိုက်သည်။
“ဟယ်လျန်က တေးဂီတအဖွဲ့ တစ်ဖွဲ့ကို ဖိတ်ထားတယ်လေ၊ သီချင်းဆိုဖို့ပေါ့” အာဟူက ရှင်းပြသည် ။
“သီချင်းပဲ ဖွင့်နေရင် သိပ်ပြီး မစည်ကားမှာ စိုးလို့တဲ့။ အဲ့ဒါက အခုမှ ရုတ်တရက် ဆုံးဖြတ်လိုက်တာလေ။ အဲ့ဒီအဖွဲ့ကလည်း အရင်က အားမအား မသေချာဘူးဆိုလို့။ ကျွန်တော် စဉ်းစားကြည့်တာတော့လည်း ပြဿနာ မရှိပါဘူး”
“အိုကေ”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ တေးဂီတအဖွဲ့ ပါဝင်ခြင်းက ကောင်းသော်လည်း၊ ဒီလောက် အေးစိမ့်လှတဲ့ ရာသီမှာ သူတို့ ဘယ်နှစ်ပုဒ်လောက် ဆိုနိုင်မလဲဆိုတာတော့ မသိချေ။ အမှန်တော့ တည်းခိုခန်း ပိုင်ရှင်များသည်လည်း ဤပွဲကို အောင်မြင်စေချင်ကြသည်မှာ အမှန်ပင်၊ အားလုံးအတွက် အကျိုးရှိသည် မဟုတ်ပါလား။ လုပ်ကိုင်ဆောင်ရွက်ရာတွင်သာ အမြဲတမ်း အသာစီး လိုချင်ကြခြင်း ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဆန်းပင်းက အမြန်ရိုက်နှိပ်ထားသော အသားကင် လက်မှတ်များကို သွားယူလာခဲ့သည်။ ၎င်းတို့မှာ အနီ၊ အဝါ၊ အပြာနှင့် အစိမ်း ဆိုပြီး အရောင် လေးမျိုး ပါလေသည်။ ချန်ကျန့်က အနီရောင် လက်မှတ်များကို သိမ်းထားပြီး၊ ကျန်သည့် အရောင်များကိုတော့ ဒါ့လီတို့ဆီ ပေးပို့ခိုင်းလိုက်သည်။ လက်မှတ်များကိုတောင် မဖြတ်ရသေးမီမှာပင် သတင်းကြားသော ဧည့်သည်များမှာ ဧည့်ကြိုကောင်တာသို့ လာရောက် မေးမြန်းနေကြလေပြီ။
“နာနာ!”
ဟူဖန်က လက်မှတ်တွေ စတင် ဝေပေးတော့သည်။
“လာပါပြီ” ဆွန်နာနာ တည်ငြိမ်စွာ လျှောက်လာပြီး မှတ်စုစာအုပ် တစ်အုပ်ကို ယူကာ ကောင်တာနောက်တွင် မှီရပ်လိုက်သည် ။
“ဝေလိုက်လေ၊ ကျွန်မ စာရင်းမှတ်ပေးမယ်”
ချန်ကျန့်လည်း ကောင်တာနောက်သို့ သွားကာ ဟူဖန်ကို လက်မှတ်ဖြတ်ပေးရန် ကူညီပေးလိုက်သည်။
“ခွင့်ပြုပါဦးရှင့်၊ လက်မှတ်ယူတဲ့အခါ အခန်းနံပါတ်လေးတွေ ပြောပေးပါဦးနော်....” ဟူဖန်က လက်မှတ်ဝေရင်း ပြောနေသည်။
“ရပါတယ်” ဆွန်နာနာက အေးအေးဆေးဆေးပင် ပြန်ပြောသည်။
“ကျွန်မ ဒီလူတွေကို အကုန်မှတ်မိပါတယ်.... အန်တီက ၂၀၉ က မဟုတ်လား။ အားလုံး ပေါင်း လေးယောက်နဲ့ ကလေး တစ်ယောက်ဆိုတော့ အကုန်လုံး တစ်ခါတည်း ယူသွားလိုက်လေ”
“ဟုတ်ကဲ့ပါ” ဘေးက အန်တီကြီးက ပြုံးလျက် ခေါင်းညိတ်ပြသည်။
“ဟို ညီမလေးကတော့ ၁၀၆ ကလေ၊ သူက သူ့ရည်းစားနဲ့ လာတာ”
ဆွန်နာနာက ထပ်မံ ပြောပြပြန်သည်။
“မဆိုးဘူးပဲ နာနာ၊ မင်းကတော့ တော်တော်မှတ်ဉာဏ်ကောင်းတာပဲ”
ဟူဖန်က လှည့်ကြည့်ကာ ချီးကျူးလိုက်သည်။
ဆွန်နာနာ လက်ထဲက ဘောပင်ကို လှည့်ရင်း ဆံပင်ကို တစ်ချက် သပ်လိုက်သည် - “ဒါလေးကတော့ အပျော့ပါဗျာ”
ချန်ကျန့် လက်မှတ်တွေ အကုန် ဖြတ်လို့ ပြီးသွားသည့် အခါတွင်တော့ ဘေးမှ လက်တစ်ဖက် ရောက်ရှိလာသည်။ ချန်ကျန့် မော့ကြည့်လိုက်ရာ ကျိုးလဲ့ချန် ဖြစ်နေသည်ကို တွေ့ရသည်။
“ကျွန်တော့်ကိုလည်း တစ်စောင် ပေးပါဦး” ကျိုးလဲ့ချန် ပြုံးလျက် ဆိုသည်။
“အပြင်မှာ အေးတယ်နော်။ သွားတဲ့အခါ အင်္ကျီအထူ ဝတ်သွားဦး”
ချန်ကျန့်က ပြုံးလျက် လက်မှတ် ကမ်းပေးလိုက်သည်။
“ဟုတ်ကဲ့” ကျိုးလဲ့ချန် လက်မှတ်ကို ယူလိုက်သည် ။
“ဒီမီးပုံပွဲမှာ နှစ်ရက်လောက် ကစားပြီးရင်တော့ ကျွန်တော် ထွက်သွားဖို့ ပြင်နေပြီ”
ချန်ကျန့် သူ၏အနားသို့ တိုးသွားကာ အသံနှိမ့်၍ မေးလိုက်သည် ။
“အိမ်ပြန်မလို့လား”
“ဟုတ်တယ်” ကျိုးလဲ့ချန် ခေါင်းညိတ်ပြသည် ။
“ဒီနေရာကတော့ ကျွန်တော့်ရဲ့ နောက်ဆုံးမှတ်တိုင်အနေနဲ့ တကယ့်ကို ပြည့်စုံလွန်းပါတယ်”
“ကျန်းမာရေးကော ဘယ်လိုနေလဲ” ချန်ကျန့်က ထပ်မေးသည်။
“ဒီအတိုင်းပါပဲ။ ကောင်းလာမှာ မဟုတ်သလို၊ တအား ဆိုးသွားတာမျိုးလည်း မရှိပါဘူး”
ချန်ကျန့် နောက်ထပ် ဘာစကား ပြောရမလဲ မသိတော့ပါဘူး။ သူ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ…
“ကျွန်တော်တို့တွေ အချင်းချင်း အကောင့် အပ်ထားလို့ ရမလား။ နောက်ကျရင်လည်း အဆက်အသွယ် ရှိနေအောင်လို့ပါ” ဟု မေးလိုက်သည်။
“ရတာပေါ့” ကျိုးလဲ့ချန် ဖုန်းထုတ်လိုက်သည်။
“မင်းရဲ့ သူငယ်ချင်း စာရင်းထဲမှာ ဘယ်တော့မှ ပြန်လင်းမလာတော့မယ့် ပရိုဖိုင်ပုံလေး တစ်ခု ရှိနေမှာကို မင်း စိတ်မရှိဘူး ဆိုရင်ပေါ့....”
“မရှိပါဘူးဗျာ” ချန်ကျန့်လည်း ဖုန်းထုတ်လိုက်သည် ။
“အခုတော့ လင်းနေတုန်းပဲ မဟုတ်လား”
ကျိုးလဲ့ချန် ပြုံးလိုက်မိသည်။ အချင်းချင်း အကောင့် အပ်ပြီးနောက် ကျိုးလဲ့ချန် သူ၏ အခန်းသို့ ပြန်သွားခဲ့သည်။ ချန်ကျန့် ဆိုင်ထဲတွင် တစ်ပတ် ထပ်မံ ပတ်ကြည့်လိုက်သည်။ ဒါ့လီဆီ ဖုန်းခေါ်ပြီး အားလုံး အဆင်သင့် ဖြစ်မဖြစ် အတည်ပြုပြီးနောက်တွင်မှ သူသည် ဆိုင်က အခုတင် ပို့ပေးလိုက်သော နေ့လယ်စာ ပါဆယ်ကို ယူကာ ရှန်ယွီဆီ စာပို့ရင်း အပေါ်သို့ တက်လာခဲ့တော့သည်။
[ချန်လေး] - ကျွန်တော် အပေါ်တက်လာပြီ။
ရုံးခန်းတံခါးမှာ ပွင့်နေလေသည်။ ချန်ကျန့် တံခါးကို နှစ်ချက်ခေါက်ပြီး ဝင်ခဲ့သည်။
“အလုပ်တွေ ပြီးပြီလား” ရှန်ယွီမှာ ကုလားထိုင်နောက်တွင် ဆောင့်ကြောင့်ထိုင်နေလေသည်။
“ဟုတ်ကဲ့၊ အခုတော့ သိပ်ပြီး အလုပ်မရှိတော့ပါဘူး။ ဧည့်သည်တွေလည်း အပြင်ထွက်ကုန်ကြပြီ၊ အသားကင်ကွင်းလည်း အဆင်သင့် ဖြစ်သလောက် ရှိနေပါပြီ”
ချန်ကျန့် ထမင်းဘူးကို စားပွဲပေါ် တင်လိုက်သည် ။
“ကောင်းကောင်း အိပ်ပျော်ရဲ့လား”
“အိပ်ဆေးသောက်ထားမှတော့ အိပ်ပျော်တာပေါ့။ ဒါပေမဲ့ နိုးလာတော့ ခေါင်းက နည်းနည်းလေး နောက်နေသလိုပဲ”
ရှန်ယွီ ထရပ်ကာ ကုလားထိုင်မှီခုံကို ပြန်တည့်ဖို့ ကြိုးစားသည်၊ သို့သော် သူလွှတ်လိုက်သည်နှင့် ကုလားထိုင်မှီခုံမှာ ဝုန်းခနဲ ပြန်လန်ကျသွားပြန်သည်။ ချန်ကျန့်အတွက်တော့ ထိုအသံမှာ တစ်ခုခုကို ကိုယ်စားပြုနေသလို ခံစားရသည်၊ အသံတစ်ချက်တိုင်းမှာ သူ၏ အာရုံကြောများကို လာပြီး တို့ထိနေသလိုပင်။
“ဒါကတော့ ပြင်လို့ မရတော့ဘူး ထင်တယ်”
ရှန်ယွီ ဆိုဖာပေါ်မှာ ဝင်ထိုင်ကာ ထမင်းဘူးကို ဖွင့်လိုက်သည်။
“မင်းရဲ့ ပိုက်ဆံတွေကို ချွေတာပေးနိုင်မလားလို့ ပြင်ကြည့်တာလေ”
“ဗျာ။” ချန်ကျန့် သူ့ကို လှည့်ကြည့်သည်။
“ဒီကုလားထိုင်က မပေါဘူးနော်။ ငါ စစ်ကြည့်တော့ ယွမ် ရှစ်ထောင်ကျော်တယ်တဲ့…မင်းရဲ့ လစာနဲ့တောင် လျော်ဖို့ မလောက်ဘူး”
“ဘာပြောလိုက်တာလဲ!” ချန်ကျန့် ရှန်ယွီ၏ နောက်က စကားလုံးတွေကိုတောင် သတိမထားမိဘဲ ကုလားထိုင်နားသို့ အပြေးသွားလိုက်သည် ။
“ဒီအစုတ်ကြီးက၊ တစ်ခါလောက် ဖိလိုက်ရုံနဲ့ ကျိုးသွားတဲ့ ဒီအရိုးမရှိတဲ့ အရာကြီးက ယွမ် ရှစ်ထောင်တောင် တန်တယ် ဟုတ်လား။ ဘယ်လို အရူးကများ ဒါမျိုးကို ရှစ်ထောင်ပေးပြီး ဝယ်တာလဲ....”
ရှန်ယွီ ဆိုဖာပေါ်မှာ မှီရင်း အားရပါးရ ရယ်မောတော့သည်။
“မင်း ကျွန်တော့်ကို နောက်နေတာ မဟုတ်လား”
ချန်ကျန့် ရှန်ယွီ့ကို ကြည့်လိုက်သည်။
“မဟုတ်ပါဘူး” ရှန်ယွီ ရယ်ရင်း ဖုန်းထုတ်ပြသည်။
“တကယ် ပြောတာပါ၊ ငါ အခုတင် စစ်ကြည့်ထားတာ”
“ဒါဆိုလည်း.... ဘာလို့ ကျွန်တော့်လစာထဲက နှုတ်ရမှာလဲ” ချန်ကျန့် သတိပြန်ဝင်လာသည်။
“မင်း ဖိလိုက်လို့ ကျိုးသွားတာလေ” ရှန်ယွီက ဆိုသည်။
“မင်းလည်း အပေါ်မှာ ပါတာပဲလေ!” ချန်ကျန့်က ပြန်အော်သည်။
“ငါက နေ့တိုင်း ထိုင်နေတာ ဘာမှ မဖြစ်ဘူးလေ။ မင်းက တစ်ခါပဲ တက်ဖိတာကို ကျိုးသွားတာ”
“ဘာလို့ ကျွန်တော် တက်ဖိရတာလဲ!”
ချန်ကျန့် တစ်ခါပြန်စိုက်ကြည့်လိုက်သည်။ ရှန်ယွီကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေလေသည်။
“ဒါဆိုလည်း တစ်ယောက်တစ်ဝက် လျော်ကြတာပေါ့”
“ငါက လစာမှ မရတာ၊ ဘယ်ကနေ နှုတ်မှာလဲ”
ဒီ အရင်းရှင် အသားထဲက အသားစားမယ့်လူ....
ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ပါဘူး။
“ဟုတ်ကဲ့ပါ”
ချန်ကျန့် ရှန်ယွီရှေ့သို့ လျှောက်သွားကာ၊ ကိုယ်အစ်ကိုင်းပြီး ဆိုဖာနောက်ကျောကို ပြင်းပြင်းထန်ထန် ဖိလိုက်သည် ။
“ဒီဆိုဖာကတော့ တော်တော်လေး ခိုင်သားပဲ”
“အပိုတွေ ပြောမနေနဲ့။ မခိုင်ရင်လည်း အနောက်က နံရံက ထိန်းထားပေးမှာပေါ့” ဟု ရှန်ယွီက ဆိုလေသည်။
ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ကာ ရှန်ယွီကို လှမ်းနမ်းလိုက်တော့သည်။
“ဒီနေ့ မန်နေဂျာက တော်တော်လေး သွက်လက်နေပါလား”
ရှန်ယွီက ချန်ကျန့် မျက်နှာကို လှမ်းကိုင်လိုက်သည်။
“အရေးကြီးတဲ့ ကိစ္စတွေ အကုန် ပြီးသလောက် ရှိနေပြီလေ” ချန်ကျန့် ရှန်ယွီ့ဘေးက ဆိုဖာမှာ မှီချလိုက်သည် ။
“အခုတော့ မနက်ဖြန်ည ဘယ်လိုဖြစ်မလဲဆိုတာပဲ စောင့်ကြည့်ရတော့မယ်”
“မီးပုံပွဲပဲဟာ၊ စိုးရိမ်စရာ မရှိပါဘူး ။ တကယ်လို့ အဆင်မပြေဖြစ်သွားရင်တောင်မှ ငါတို့ တည်းခိုခန်း ပဲ အရှက်ကွဲမှာမှ မဟုတ်တာ။ ဟို သုံးဆိုင်က ဦးဆောင်တာပဲဟာ၊ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး”
“အင်း၊ အဲ့ဒါလည်း ဟုတ်သားပဲ” ချန်ကျန့် စဉ်းစားကြည့်တော့လည်း ယုတ္တိရှိပါသည်။
“အဆင်ပြေရင်တော့ ငါတို့ အောင်မြင်မှုပေါ့”
“မှန်တာပေါ့။ မနက်ဖြန်ကျရင် ယောင်ယီ့ကို ပုံတွေ အများကြီး ရိုက်ခိုင်းလိုက်။ သူတို့ သန်ဘက်ခါကျရင် ပြန်ကြတော့မှာလေ။ ပြီးရင် ‘တာယွင် - ဟုန်ယဲ့မြို့ငယ်လေး၏ ခေတ်သစ်တည်းခိုခန်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်စောင်လောက် ရေးခိုင်း၊ ပြီးရင် မန်နေဂျာနဲ့ အင်တာဗျူးခဲ့သလိုမျိုးတွေပါ ထည့်လိုက်ပေါ့”
“ဘာလို့ ဘော့စ်ကို အင်တာဗျူး မလုပ်တာလဲ”
“ဘော့စ်က အားကိုးလို့ မရဘူးလေ။ သူက ခဏခဏ အလုပ်ထုတ်ခံရတဲ့လူလေ။ ဝန်ထမ်းတွေရဲ့ အာဏာသိမ်းတာကို ခံခဲ့ရတဲ့ အတွေ့အကြုံတွေပဲ သူ ပြောပြနိုင်မှာပေါ့”
ချန်ကျန့် အကြာကြီး ရယ်မောနေမိတော့သည်။ ဤမီးပုံပွဲအတွက် ထိုတည်းခိုခန်း အနည်းငယ်မှာ ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ခဲ့ကြသည်လေ။ မြို့နယ်၏ ကြော်ငြာမှုများနှင့် ပေါင်းစပ်လိုက်သည့်အခါ ငါးရက်တာ ကျင်းပမည့် ဤပွဲသည် ပတ်ဝန်းကျင်မြို့နယ်များမှ ခရီးသည်များကို များစွာ ဆွဲဆောင်နိုင်ခဲ့သည်။
မနက်စောစော ရှစ်နာရီ ကျော်ကျော်မှာတင် တာယွင် တံခါးဝသို့ ကားအတော်များများ ရောက်ရှိလာခဲ့ကြသည်။ လောင်စစ်မှာ တံခါးဝတွင် ကားနေရာချထားပေးရန်အတွက် တော်တော်လေး အလုပ်ရှုပ်နေလေသည်။ ဧည့်ကြိုကောင်တာမှာ ကူညီပေးနေတဲ့ ချန်ကျန့်က အမြန် ထွက်လာခဲ့သည်။
“ကျွန်တော် သွားကြည့်လိုက်ဦးမယ်”
“မင်းတို့ ဆိုင်ကယ်တွေနဲ့ ဆိုင်ရဲ့ကားကို အပြင်က အလကားရပ်လို့ရတဲ့ နေရာတွေမှာ သွားရပ်ထားလိုက်ဦး”
ရှန်ယွီသည်လည်း ယနေ့တွင်တော့ စောစော ထလာခဲ့ရရှာသည်။ ဟမ်ဘာဂါ တစ်ခုကို စားလို့ပြီးကာစ ဖြစ်သည်။
“နေရာ အရင်ဦးအောင် လုပ်ထား၊ နောက်ကျရင် ဧည့်သည်တွေအတွက် နေရာမလောက်ရင်တော့မှ ငါတို့ဟာကို ဖယ်ပေးလိုက်ပေါ့”
“ဟုတ်ကဲ့” ချန်ကျန့် ပြန်ဖြေလိုက်သည်။
ဝင်းထဲတွင် ကားများကို နေရာချပေးပြီးနောက်၊ လောင်စစ်က ဧည့်သည်များကို အထဲသို့ ဦးဆောင် ခေါ်သွားစဉ်မှာပင် တံခါးဝသို့ နောက်ထပ် လူသုံးယောက် ရောက်လာခဲ့သည်။ လမ်းလျှောက်လာသော ခရီးသည်မှာ ရှားပါးလှသဖြင့်၊ သူတို့ကို ခရီးသည်များလားဟု ချန်ကျန့် လှမ်းကြည့်လိုက်မိသည်။ သို့သော် ထိုလူအုပ်ထဲမှ အသက်လတ်ပိုင်း အမျိုးသမီး၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့် အခိုက်အတန့်တွင်မူ ချန်ကျန့်၏ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားရသည်။
သူမ၏ မျက်နှာမှာ ဟူဖန်နှင့် တထေရာတည်း တူနေသည် မဟုတ်ပါလား။ လီလီသည် ဘယ်အချိန်က ဟူဖန်၏ မောင်ဖြစ်သူဆီ သတင်းသွားပေးလိုက်သည် မသိပါဘူး။ တစ်ရက်တည်းတင် ရှိသေးသည်ကို ဤမိသားစုက ဘယ်လိုလုပ်ပြီး ဒီအထိ ရောက်လာကြတာလဲ။ ချန်ကျန့် ချက်ချင်းပင် ဆိုင်ထဲသို့ ပြန်ဝင်ခဲ့ပြီး လောင်ဝူကို အချက်ပြလိုက်သည်။
လောင်ဝူ အပြေးရောက်လာသည် ။
“ဘာဖြစ်လို့လဲ မန်နေဂျာ”
“ဟို တံခါးဝက လူတွေကို တားထားလိုက်။ တကယ်လို့ သူတို့က ဖန်ဖန် ကို လာရှာတာဆိုရင်၊ နောက်ဖေးတံခါးကနေတစ်ဆင့် အစည်းအဝေးခန်းထဲကို ခေါ်သွားလိုက်ပါ။ တခြား ဘာမှ ထပ်မပြောနဲ့နော်။ သူတို့ တစ်ခုခု မေးရင်လည်း မင်း မသိဘူး၊ မသေချာဘူး လို့ပဲ ဖြေလိုက်”
“တောက်! အခုပဲ သွားလိုက်မယ်”
လောင်ဝူ၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
“လောင်ဝူ...” ချန်ကျန့် သူ၏ လက်မောင်းကို လှမ်းဆွဲလိုက်ရသည်။
“အချိန်ဆွဲဖို့ပဲနော်၊ ရိုက်ထုတ်ဖို့ မဟုတ်ဘူး”
“သိပါတယ်ဗျာ”
လောင်ဝူက ဆိုကာ သူ၏ ဆံပင်ကို တစ်ချက် သပ်လိုက်ပြီး တံခါးဝဘက်သို့ လျှောက်သွားခဲ့သည်။
ရှန်ယွီသည်လည်း တစ်ခုခု မှားနေပြီမှန်း ရိပ်မိသဖြင့် အနားသို့ လျှောက်လာခဲ့သည် ။
“ဘာဖြစ်လို့လဲ”
“ဟူဖန် ရဲ့ မိသားစု ရောက်လာပုံရတယ်” ချန်ကျန့် အနောက်ကို လှည့်ကြည့်လိုက်သည်။
“သူတို့ ဝင်းအပြင်ဘက်မှာ ရောက်နေပြီ”
“ဘယ်သူတွေ ပါလဲ” ရှန်ယွီက မေးသည်။
“သူ့မိဘတွေရယ်၊ ပြီးတော့ သူ့မောင် လို့ ထင်တာပဲ။ ဘယ်လို ကိုင်တွယ်ကြမလဲ။ ဟူဖန် က အခု ဒီမှာ မရှိဘူးလေ။ သူက ဆန်းပင်းနဲ့အတူ အသားကင်ကွင်းကို အအေးတွေ သွားပို့နေတာ”
“ဖုန်းဆက်လိုက်၊ ဆန်းပင်း ကို ဟူဖန် ကို အတင်း ဆွဲခေါ်လာခိုင်းလိုက်” ရှန်ယွီက ဆိုလိုက်သည်။
“ဗျာ။” ချန်ကျန့် မှင်သက်သွားရသည်။
“သူက ငါ့ကို ယွမ် ငါးသောင်း အကြွေးတင်နေတာလေ၊ အခု ထွက်ပြေးချင်နေတာ။ သူ့မိဘတွေ ရောက်လာတာ အတော်ပဲပေါ့။ သူ့မိဘတွေကိုပဲ အဲ့ဒီပိုက်ဆံတွေ ပြန်ဆပ်ခိုင်းလိုက်လေ”
“မင်းကတော့ တကယ်ကို.... မယုံနိုင်စရာပဲ”
ချန်ကျန့် ချက်ချင်းပင် သဘောပေါက်သွားပြီး၊ ဖုန်းထုတ်ကာ ဟူဖန်ဆီသို့ ဖုန်းခေါ်လိုက်လေတော့သည်။
Comments
Post a Comment