အခန်း (၇) မင်းအတွက် အခက်ခဲဆုံးပြိုင်ဘက်က ငါပဲ
နောက်တစ်နေ့ မနက်စောစောမှာတော့ ယွီနျန့်ဟာ မုန့်ယွမ်၊ ရှီးရိုတို့နဲ့အတူ စတူဒီယိုဆီ လာခဲ့ကြပါသည်။ စတူဒီယိုကို ရောက်တဲ့အခါမှာတော့ ဟဲချိုးပိုင်ဟာ အိပ်ရေးပျက်ထားသည့် မျက်နှာပေးနဲ့ သူ့ရဲ့ထိုင်ခုံမှာ ထိုင်ပြီး မနက်စာ စားနေတာကို တွေ့ရ၏။ သူတို့လာတာကို မြင်တော့ သူက ခပ်နွမ်းနွမ်းလေးပဲ နှုတ်ဆက်လိုက်သည်။
"မနက်စာ စားခဲ့ကြပြီးပြီလား"
"စားပြီးပြီ"
မုန့်ယွမ်က 'တောက်' တစ်ချက်ခေါက်လိုက်ပြီး မေးယူရသည်။
"ဒီလောက်တောင် သနားဖို့ကောင်းနေရတာလား။ နောက်ထပ် တစ်ညလုံး ထပ်မအိပ်ရပြန်ဘူးလား"
ဟဲချိုးပိုင်က ပဲနို့ကို နှစ်ငုံလောက် သောက်လိုက်ရင်း
"အေးပါကွာ... မိုးမလင်းခင်ကတည်းက ငါ ဒီမှာ ထိုင်နေတာ။"
သူ့ရဲ့လေသံက ရုတ်တရက် ပြောင်းလဲသွားပြီး အသံကျယ်ကြီးနဲ့ အော်ဟစ်လိုက်သည်။
"ငါ ဘယ်နှစ်ခါ ပြောရဦးမလဲ နံပါတ် (၇) မီးကို မသုံးပါနဲ့ဆို! ငါတို့က သရဲကား ရိုက်နေတာ မဟုတ်ဘူးကွ!"
အဝေးက မီးအလင်းအမှောင် ပညာရှင်က ဟုတ်ကဲ့ ဟုပြန်တုံ့ပြန်သည်။ ဟဲချိုးပိုင်ကတော့ မနက်စာ ဆက်စားဖို့ စိတ်မပါတော့တာကြောင့် ပဲနို့ဘူးကို ချထားလိုက်ပြီး ယွီနျန့်ကိုတော့ အများကြီး ပိုပြီးနူးညံ့တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး
"လောင်မုန့် က မနေ့က မင်းရဲ့ အကြံဉာဏ်တွေအကြောင်း ငါ့ကို ပြောပြတယ်။ အသေးစိတ် အချက်အလက်လေးပဲ ဆိုပေမဲ့ စင်ပေါ်က အကျိုးသက်ရောက်မှုကတော့ သေချာပေါက် အရမ်းကောင်းမှာပါ။ ငါ စတိုင်လစ် ကို အဲဒီအတိုင်း စီစဉ်ခိုင်းထားပြီးပြီ"
ယွီနျန့်က ပြုံးလိုက်ပြီး
"ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဒုက္ခပေးမိသလို ဖြစ်သွားရင်လည်း တောင်းပန်ပါတယ်"
"ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ငါကတော့ ကြည့်ရှုနှုန်း Ratings နဲ့ လူကြိုက်များလာဖို့အတွက် မင်းနဲ့ ရှမင်းရှီး ကိုပဲ အားကိုးနေရတာ။ အခုတောင် Hot Searchesကို အကုန်ဝယ်ထားပြီးပြီ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ တခြားစိတ်ကူးသစ်တွေ ရှိသေးရင်လည်း ငါ့ကိုသာ ပြောပြ၊ ငါတို့ အတူတူ စမ်းသပ်ကြည့်ကြတာပေါ့"
ဟဲချိုးပိုင်က သူ့ရဲ့ ဖရိုဖရဲဖြစ်နေသည့် မုတ်ဆိတ်မွှေးတွေကို ပွတ်သပ်ရင်း
"မင်းက စောစောရောက်လာတာဆိုတော့ အရင်ဆုံး Rehearsal သွားလုပ်ထားလို့ရတယ်။ ဒါက မင်းရဲ့ ပထမဆုံးအကြိမ် စင်ပေါ်တက်ရတာမလား။ ငါတို့က ရိုက်ကူးရေးလုပ်ပြီးမှ ပြန်တည်းဖြတ်မှာဆိုပေမဲ့ အမှားအယွင်း မရှိအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ အချိန်လည်း အများကြီး ကျန်သေးတာဆိုတော့ အစအဆုံး နှစ်ခါလောက် ပတ်လျှောက်ကြည့်ပြီး လေ့ကျင့်ထားလိုက်ဦး"
ဒါကတော့ မုန့်ယွမ်ရဲ့ အစီအစဉ်လည်း ဖြစ်၏။
ယွီနျန့်မှာ စင်ကြောက်စိတ်မရှိသလို၊ ဟော့ရှင်း နဲ့ အန်းချန် တို့ကလည်း စင်ပေါ်က အခြေခံ ဗဟုသုတတွေကို အများကြီး ပြောပြထားဖူးသည်။ ဒါပေမဲ့ အကြိမ်တစ်ထောင် ကြားဖူးတာထက် တစ်ကြိမ်ကိုယ်တိုင် လုပ်ကြည့်တာက ပိုပြီး ထိရောက်တာပေါ့။ တကယ်လို့ ရိုက်ကူးရေးလုပ်နေတုန်း အမှားအယွင်းလေး တစ်ခုခုရှိသွားရင် အဲဒီအပိုင်းကို ဖြတ်ပစ်တာ ဒါမှမဟုတ် တခြား Shot တွေနဲ့ အစားထိုးတာမျိုး လုပ်ရမှာပါ။ ဒါကြောင့် မုန့်ယွမ်က
"ယွီနျန့်... တစ်ခါတည်းနဲ့ အောင်မြင်အောင် ကြိုးစား၊ အမှားအယွင်း လုံးဝ မရှိစေနဲ့!" လို့ မှာကြားထားသည်။
ယွီနျန့်က မှတ်ဉာဏ် အရမ်းကောင်းသူပါ။ ပထမဆုံးအကြိမ် စမ်းသပ်လေ့ကျင့်တုန်းကတော့ အမှားအယွင်းလေးတွေ ရှိခဲ့ပေမဲ့၊ တစ်ခါ အပြင်ခံရပြီးတဲ့နောက်မှာတော့ ဘယ်သူမှ အပြစ်ရှာလို့ မရလောက်အောင်ကို ပြည့်စုံသွားပါတော့သည်။
ဟဲချိုးပိုင်က စင်အောက်ကနေ ကြည့်ရှုနေပြီး ယွီနျန့်ကို လက်လှမ်းခေါ်လိုက်သည်။ ယွီနျန့် အနားရောက်လာတဲ့အခါ သေချာသင်ကြားပေးသည်။
"နောက်ခဏနေရင် Official Rehearsal စတော့မယ်။ အခု ငါ မင်းကို သင်ပေးချင်တာက... နောင်တစ်ချိန်မှာ မင်း ဘယ်လိုအစီအစဉ်မျိုးကိုပဲ ရောက်ရောက်၊ လေ့ကျင့်ခန်းလုပ်တိုင်းကို တကယ့်ပွဲစစ်စစ်လို သဘောထားပြီး လုပ်ရမယ်။ အဲဒါမှ တိုက်ရိုက်ထုတ်လွှင့်မှု မျိုးတွေမှာတောင် အမှားအယွင်း လုံးဝမရှိမှာ"
ယွီနျန့်က အလေးအနက် ခေါင်းညိတ်ပြပြီး ကျေးဇူးတင်စကား ဆိုလိုက်၏။
"ကျွန်တော် သေချာမှတ်ထားပါ့မယ်ခင်ဗျာ"
ဟဲချိုးပိုင်က သူ့ရဲ့ ဖရိုဖရဲဖြစ်နေသည့် ဆံပင်တွေကို ဖုံးအုပ်ဖို့ ဦးထုပ်တစ်လုံးကို ဆောင်းလိုက်ရင်း
"အေး... မမေ့နဲ့ဦး၊ မင်း လျှောက်ရမယ့် လမ်းက အဝေးကြီး ကျန်သေးတယ်"
စင်တင်လေ့ကျင့်ခန်း နှစ်ကြိမ်ပြုလုပ်ပြီးတဲ့နောက်မှာတော့ ဟဲချိုးပိုင်က အလင်းအမှောင်ပညာရှင်ကို တစ်ဖက်သို့ ခေါ်သွားပြီး ဆွေးနွေးနေပြီ။ မုန့်ယွမ်ကလည်း ရိုက်ကူးထားသည့် Monitor ဆီကိုသွားပြီး အလုံးစုံ ကို စစ်ဆေးနေပါပြီး။ ယွီနျန့်ကတော့ အသက်ရှူနှုန်းကို ပြန်ထိန်းရင်း ရှီးရို ကမ်းပေးသည့် သုတ်ပုဝါနဲ့ နဖူးက ချွေးတွေကို သုတ်လိုက်၏။
အဲဒီအချိန်မှာပဲ အသံတစ်ခု ထွက်ပေါ်လာ၏။
"ငါက ငါ အစောဆုံး ရောက်လာတယ်လို့ ထင်နေတာ၊ မင်းက ငါ့ထက်တောင် စောနေပါလား!"
ယွီနျန့်က ခေါင်းလေးစောင်းပြီး ကြည့်လိုက်တဲ့အခါ တောက်ပထင်ရှားတဲ့ ရုပ်ရည်သွင်ပြင်နဲ့ မျက်နှာတစ်ခုက သူ့အမြင်အာရုံထဲကို တိုးဝင်လာပါတော့သည်။ ယွီနျန့်က ထိုသူ့ဘက်ကို ရုတ်တရက် ခေါင်းလေးစောင်းပြီး ကြည့်လိုက်တဲ့အခါ တစ်ဖက်လူကလည်း မှင်သက်သွားရသည်။ သူက မျက်တောင်လေး ခတ်လိုက်ပြီး
"မင်းက… Manwhaစာအုပ်ထဲက ထွက်လာတာလား" ဟု မေးလာ၏။
ယွီနျန့်က ပြုံးလိုက်ပြီး မျက်လုံးလေး ကစားကာ "ကျွန်တော်လည်း အဲဒါကိုပဲ ပြောမလို့ပဲ!" လို့ ပြန်ဖြေရင်း လက်ကို ကမ်းပေးလိုက်သည်။
"ကျွန်တော်က ယွီနျန့် ပါ။ 'ယွီ' က ပေါကြွယ်ဝခြင်း၊ 'နျန့်' ကတော့ နှစ်တိုင်းပေါ့"
ရှမင်းရှီးက ဝမ်းသာအားရနဲ့ ယွီနျန့်ရဲ့လက်ကို ဆွဲနှုတ်ဆက်လိုက်သည်။
"ငါ့နာမည်က ရှမင်းရှီး ပါ။ 'မင်း' က တောက်ပခြင်း၊ 'ရှီး' ကတော့ မျှော်လင့်ချက်ပေါ့"
ပြီးနောက် သူက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ ခပ်အုပ်အုပ်အညိုရောင် ဆံပင်လေးတွေကို ကုတ်ရင်း တိုးတိုးလေး ရေရွတ်၏။
"ငါက ငါ အစောဆုံး ရောက်လာတယ်လို့ ထင်နေတာ၊ မင်းက ငါ့ထက်တောင် ဝီရိယကောင်းနေပါလား။ စင်တင်လေ့ကျင့်ခန်းတောင် နှစ်ခါပြီးသွားပြီပဲ!"
ယွီနျန့်က ရှီးရိုကမ်းပေးသည့် ရေသန့်ဘူးကိုယူ၊ အဖုံးဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။
"မနက်စောစော နိုးလာပြီး ပြန်အိပ်မရတော့တာနဲ့... ဒီကိုပဲ အစောကြီး လာကြည့်လိုက်တော့မယ်လို့ တွေးမိလို့ပါ"
ရှမင်းရှီးက တရစပ် ခေါင်းညိတ်ထောက်ခံပြီး
"စောစောလာတာ မှန်တယ်ဟ။ ရိုက်ကူးရေးလုပ်တဲ့အခါ စိတ်လှုပ်ရှားပြီး မှားတတ်တာမျိုး ရှိတတ်တော့ အကြိမ်ကြိမ် လေ့ကျင့်ထားတာ ဘာမှမမှားဘူး"
သူက သူ့အိတ်ထဲက ကွတ်ကီးထုပ်လေး တစ်ထုပ်ကို ထုတ်ပြီး ယွီနျန့်ဆီ ကမ်းပေးလာသည်။
"ရော့... ဒါ မင်းအတွက်။ အခုကစပြီး ငါတို့ သူငယ်ချင်းတွေ ဖြစ်သွားပြီနော်!"
ယွီနျန့်က လက်လှမ်းယူပြီး ချက်ချင်းပဲ စားလိုက်သည်။ ပါးစပ်ထဲမှာ ကွတ်ကီးလေး ဝါးနေရင်းနဲ့ သူ့အိတ်ကပ်ထဲက ပူစီနံ ငုံဆေးလေး တစ်လုံးကို ထုတ်ကာ ပြန်ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
"အင်း... နောင်ကျရင် ငါတို့ သူငယ်ချင်းတွေပေါ့။"
ရှမင်းရှီးက သကြားလုံးကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ သူက မျက်တောင်လေး ခတ်လိုက်ရင်း တဲ့တိုးကြီး ပြောချလိုက်တာက
"မင်း ပြုံးလိုက်တာ တကယ်လှတာပဲ!"
ယွီနျန့်က နှုတ်ခမ်းထောင့်လေးတွေကို တွန့်ရုံမျှ ပြုံးလိုက်သည်။ နှုတ်ခမ်းမှာ ကွတ်ကီးအမှုန်လေးတွေ ကပ်နေလျက်နဲ့ပဲ သူက
"မင်း အဲဒီလို ပြုံးပြရင်လည်း အရမ်းချောတယ်လို့ ပြောမယ့်သူတွေ အများကြီး ရှိမှာပဲ မဟုတ်လား"
"ဟားဟား... ငါတို့ အချင်းချင်း မြှောက်ပင့်ပေးနေကြတာလား"
ရှမင်းရှီးက မေးစေ့လေး မော့လိုက်ပြီး
"ဒါပေမဲ့ အဲဒါ အမှန်ပဲလေ။ ဥပမာ ငါ့အမေပေါ့... သူဆိုရင် ငါ့ကို တစ်နေ့ကို အကြိမ်တစ်ရာလောက် ချီးကျူးနေတာ!"
ယွီနျန့်က အကျယ်ကြီး ရယ်မောလိုက်ပြီး
"ဆရာမ ကျန်းလန် က တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲနော် ကျွန်တော့်အဘွားက အရင်က သူ့ကားတွေကို တော်တော် ကြည့်ရတာ ကြိုက်ခဲ့တာ"
ရှမင်းရှီးဟာ ယွီနျန့်ကို ကြည့်လေလေ၊ ပိုသဘောကျလေလေ ဖြစ်နေတော့တာပဲ။ သူဟာ ဒီအနုပညာအသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာသူပီပီ လူအများကြီးနဲ့ သိကျွမ်းခဲ့ပေမဲ့ တကယ်တမ်း သူငယ်ချင်းစစ်စစ်ကတော့နည်းပါးလွန်း၏။ ဘေးနားကလူတွေက သူ့မိဘတွေအကြောင်း ပြောတာကြားရင်... တစ်ချို့က ဂရုမစိုက်သလို ဟန်ဆောင်ကြသည်။ တစ်ချို့ကတော့ မိဘအရိပ်ကို ခိုစားသော "ကြယ်ပွင့်မျိုးဆက်သစ်" (Secondgeneration star) ဆိုပြီး အထင်သေးကြသည်။ ဒါမှမဟုတ်ရင်လည်း တစ်ချိန်လုံး ဖားပြီး မြှောက်ပင့်နေကြတာမျိုးတွေပေ့ါ။ ယွီနျန့်လိုမျိုး ဘာဟန်ဆောင်မှုမှမရှိဘဲ၊ တမင်သက်သက် မြှောက်ပင့်တာမျိုးလည်းမပါဘဲ သဘာဝကျကျ ပြောဆိုနိုင်သည့်သူမျိုးနဲ့ ဆုံရတာ တကယ့်ကို ရှားပါးဖြစ်စဥ်။
သူနဲ့ စကားပြောရတာ တကယ့်ကို စိတ်ပေါ့ပါးစေသည်။
ယွီနျန့်က သူ့ကိုကြည့်နေသည့် ရှမင်းရှီး၏ မျက်ဝန်းတွေ အရောင်တောက်နေတာကို မြင်တော့... သူ့မျက်နှာပေါ်မှာ ပန်းပွင့်လေးတစ်ပွင့်များ ပွင့်နေလို့လားလို့ တွေးမိပြီး မသိစိတ်ကနေ ပါးကို ပြန်စမ်းကြည့်မိသည်။
အဲဒီအချိန်မှာပဲ အလင်းအမှောင်ပညာရှင်ကို အမှာစကားပါးလို့ ပြီးသွားသည့် ဟဲချိုးပိုင် ရောက်လာပြီး ရှမင်းရှီးကို မြင်တော့
"အစောကြီး ရောက်နေတာလား" လို့ နှုတ်ဆက်လိုက်သည်။
ရှမင်းရှီးက ယဉ်ယဉ်ကျေးကျေးပဲ ခေါင်းညိတ်ပြရင်း
"ဒါရိုက်တာဟဲရေ…ကျွန်တော့်အေးဂျင့်က အိမ်ရှေ့ကို စောစောစီးစီး ရောက်လာတာလေ။ လမ်းမှာ ကားသာမပိတ်ရင် ကျွန်တော် ဒီကို နာရီဝက်လောက် ပိုစောရောက်မှာ"
ရှမင်းရှီးနဲ့ ယွီနျန့်တို့ အတူတူရပ်ပြီး အဆင်ပြေပြေ စကားပြောနေကြတာကို မြင်တော့ ဟဲချိုးပိုင်က သက်ပြင်းချရင်း
"မင်းတို့နှစ်ယောက်သာ ဒီမှာရှိနေရင် ငါ့ရှိုးရဲ့ Ratings ကတော့ အာမခံချက်ရှိသွားပြီ!"
ရှမင်းရှီးကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောချသည်က
"ဒါရိုက်တာဟဲ... ကျွန်တော် အရှင်းဆုံးပဲ ပြောလိုက်မယ်နော်။ ကျွန်တော့်ရဲ့ သီချင်းဆိုတာနဲ့ ကတာကတော့ ပုံမှန်အဆင့်လောက်ပဲ ရှိတာပါ။ ကျွန်တော့်အဖေက ကျွန်တော့်ကို သီချင်းဆိုသင်ပေးဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ စိတ်မရှည်တော့ဘဲ စားပွဲကို ရိုက်ပြီး လက်လျှော့သွားတာပဲ။ ပြီးတော့ ဈေးကြီးပေးပြီး အသံလေ့ကျင့်ရေးဆရာငှားပေးပေမဲ့ ကျွန်တော့်ကို မကယ်တင်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော့်မှာ ထုတ်ပြစရာဆိုလို့ ရုပ်ရည် ပဲ ရှိတာပါဗျာ!"
ရိုးသားလွန်းသည့် စကားတွေကို ကြားပြီးနောက် ယွီနျန့်တစ်ယောက် အောင့်မထားနိုင်တော့ဘဲ ဘေးကနေ အကျယ်ကြီး ရယ်မောမိပါတော့သည် ။ ရှမင်းရှီးက မျက်လုံးလေးဝိုင်းသွားပြီး ယွီနျန့်ကို လှမ်းဆွဲကာ
"မင်းက ငါ့ကို ရယ်နေတာလား!" ဟူ၍ စနောက်ပြီး ပြောလာ၏။
ယွီနျန့်က အလောတကြီးပဲ နောက်ကို ရှောင်လိုက်ပြီး သူတို့နှစ်ယောက်သား ကလေးတွေလို စနောက်ပြီး လိုက်တမ်းပြေးတမ်း ကစားနေကြတော့သည်။ ဟဲချိုးပိုင်ကတော့ ဘေးကနေ အေးအေးလူလူပဲ လှမ်းပြော၏။
"မျက်နှာကို မခြစ်မိအောင်တော့ သတိထားကြဦးဟေ့!"
သူတို့နှစ်ယောက် စင်တင်လေ့ကျင့်ခန်းပြီးလို့ စင်နောက်ဘက်က အဝတ်လဲခန်းဆီ သွားတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး ပုခုံးချင်းဖက်ပြီး တရင်းတနှီး စကားပြောနေကြပါပြီ။
ရှမင်းရှီးက
“မင်း စင်ပေါ်မှာ လေ့ကျင့်နေတုန်းက ငါ အောက်ကနေ မင်းကိုပဲ စိုက်ကြည့်နေမိတာ! ငါ့အေးဂျင့်ကတောင် ပြောတယ်... သူသာ မင်းကို အရင်တွေ့ခဲ့ရင် ရှင်းယောင် တို့၊ မုန့်ယွမ်တို့ ဘာမှလုပ်လို့ ရမှာမဟုတ်ဘူးတဲ့ ။ မင်းကို သူအရင် ခေါ်သွားမှာတဲ!"
ယွီနျန့်က ခုနကတင် ကကွက်တွေ လေ့ကျင့်ထားတာကြောင့် မျက်ဝန်းထောင့်လေးတွေက အနည်းငယ် နီမြန်းနေပြီး မျက်လုံးအောက်က မျက်ရည်ခံမှဲ့လေးက ထင်ထင်ရှားရှား။ မီးရောင်အောက်မှာ ဝင်းလက်နေသည့် အဲ့ဒီအလှကို ကြည့်ပြီး ရှမင်းရှီးက ချဲ့ကားကာ ရင်ဘတ်ကို လက်နဲ့ဖိပြီး နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။
"အိုး... ငါ့ရဲ့ နှလုံးသားလေး... မင်းကြောင့် ရင်ခုန်သွားပြီ!"
ယွီနျန့်ကတော့ ရှမင်းရှီးဟာ တကယ့်ကို အဖိုးတန်တဲ့ "ဟာသလူရွှင်တော်လေး" တစ်ယောက်ပဲလို့ ခံစားလိုက်ရသည်။ သူက တမင်သက်သက် အေးစက်စက် အမူအရာနဲ့ ပြုံးပြလိုက်ပြီး
"ကျွန်တော်ကတော့ တာဝန်ယူမှာ မဟုတ်ဘူးနော်။"
ရှမင်းရှီးက အကျယ်ကြီး ရယ်မောလိုက်ပြီး
"နျန့်နျန့်... မင်းက တကယ့် လူပွေလူရှုပ်လေးပဲ!"
ရယ်မောပြီးသည့်နောက်မှာတော့ သူက ပြန်ပြီး စပ်စုချင်လာသည်။
"ဒါနဲ့... မင်းက စာသားပြစက် (Teleprompter) မပါဘဲ မနေနိုင်တာလား။ ခုနက မင်း ကနေတုန်း တစ်ချိန်လုံး အဲဒီစက်ကိုပဲ ကြည့်နေတာ ငါ တွေ့လိုက်တယ်!"
ယွီနျန့်ကလည်း အတော်လေးကို အားကိုးရာမဲ့နေတဲ့ပုံစံနဲ့
"သီချင်းတစ်ပုဒ်ကို တစ်ခါ၊ နှစ်ခါလောက် နားထောင်လိုက်ရင် သံစဉ်ကို ကျွန်တော် လိုက်ဆိုလို့ရတယ်။ ဒါပေမဲ့ သီချင်းစာသားကျတော့ အခါနှစ်ဆယ်လောက် ကျက်နေရင်တောင် မမှတ်မိဘူးဗျ။ ကိုယ်တိုင်ရေးထားတဲ့ စာသားတွေဆိုရင်လည်း ရေးနေတုန်းပဲ မှတ်မိတာ၊ ပြီးသွားရင်တော့ အလွတ်ကျက်လို့ မရတော့ဘူး"
ရှမင်းရှီးကတော့ ဗိုက်နှိပ်ပြီး ရယ်ပါတော့သည် ။
"ဟားဟား... ငါ အိမ်ပြန်ရင် ငါ့အဖေကို ပြန်ပြောပြရမယ်။ ငါ့ထက်တောင် သီချင်းစာသား ကျက်ရတာ ပိုညံ့တဲ့ သူငယ်ချင်းလေးတစ်ယောက်နဲ့ ဆုံခဲ့ပြီလို့လေ"
မနက် ၁၁ နာရီနီးပါး ရောက်တော့မှ ကျန်တဲ့ အမျိုးသမီးအဆိုတော် နှစ်ယောက်ဖြစ်သည့် ကျောက်ယရို့ နဲ့ ရွှီရွှမ် တို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ အဝတ်လဲခန်းထဲမှာ ရှမင်းရှီးကို မြင်လိုက်ရတော့ သူတို့နှစ်ယောက်စလုံး တော်တော်လေး စိတ်လှုပ်ရှားသွားကြပုံပဲ။ အချင်းချင်း မိတ်ဆက်ပြီးတဲ့နောက် ရှမင်းရှီးနဲ့ စကားအနည်းငယ် ထပ်ပြောဖို့ ပြင်နေတုန်းမှာပဲ ဒါရိုက်တာဟဲ လက်ထောက်က သူတို့ကို လှမ်းခေါ်သွားပါတော့သည်။
ရှမင်းရှီးက သူ့လက်ကောက်ဝတ်က နာရီကို တစ်ချက်ကြည့်လိုက်ပြီး
"မွန်းတည့်တော့မယ်... ဟို ဖန်းဟွ ဆိုတဲ့လူက အခုထိ ရောက်မလာသေးဘူးလား"
ယွီနျန့်က သီချင်းစာသားတွေကို အသည်းအသန် အလွတ်ကျက်ဖို့ ကြိုးစားနေရင်းကနေ ရှမင်းရှီးရဲ့ တိုးတိုးတိတ်တိတ် ရေရွတ်သံကို ကြားလိုက်ရတော့
"လမ်းမှာ ကားပိတ်နေလို့ နေမှာပေါ့" ဟု ပြန်ဖြေပေးလိုက်သည်။
ရှမင်းရှီးက အသံကို ထပ်နှိမ့်လိုက်ပြီး အတင်းအဖျင်းပြောတော့မည့် အမူအရာမျိုးနဲ့
"ငါ မင်းကို တစ်ခုပြောပြမယ်၊ ဒါ ငါ့အေးဂျင့်ဆီက ကြားလာတာ။ ဖန်းဟွ က ဒီရှိုးကို လာရတာ သိပ်မပျော်ဘူးတဲ့။ ဒီရှိုးရဲ့ အဆင့်အတန်းက အရမ်းနိမ့်လွန်းလို့ သူ့ရဲ့ လက်ရှိနေရာနဲ့ မထိုက်တန်ဘူးလို့ ပြောတယ်ဆိုပဲ"
ယွီနျန့်ကလည်း အံ့အားသင့်သွားပြီး အသံကိုနှိမ့်ကာ
"ဒါရိုက်တာဟဲရဲ့ အစီအစဉ်တွေက အမြဲတမ်း အောင်မြင်တာပဲလေ။ 'သဘာဝတရား၏ အသံ' ပထမရာသီတုန်းကလည်း အရမ်းကို လူကြိုက်များခဲ့တာ။ အဆင့်အတန်း... နိမ့်တယ် ဟုတ်လား။ သူ တစ်ခုခုများ မှားယွင်းနားလည်နေတာလား မသိဘူးနော်"
ရှမင်းရှီးက မျက်လုံးလေး ကစားလိုက်ပြီး
"ဘယ်သူသိမှာလဲကွာ။ ငါတို့လို သာမန်လူသားတွေကတော့ အဲဒီလိုမျိုး မိုးထိအောင် မြင့်နေတဲ့ မာနတွေကို နားမလည်နိုင်ပါဘူး"
မွန်းတည့် ၁၂ နာရီခွဲ ရောက်တဲ့အခါမှာတော့ ဒါရိုက်တာ ဟဲချိုးပိုင်ရဲ့ မျက်နှာက မှောင်မှိုင်လို့ နေပါပြီ။ အဲဒီအချိန်ကျမှ ဖန်းဟွ ဟာ သူ့ရဲ့ အေးဂျင့်၊ လက်ထောက်သုံးယောက်တို့နဲ့အတူ နောက်ကျပြီး ရောက်လာပါတော့သည်။
ရှမင်းရှီးက ယွီနျန့်နားကို ကပ်ပြီး တိုးတိုးလေး ဝေဖန်မှုတွေ စတင်ပါတော့သည် ။
"ကြည့်စမ်းပါဦး... တစ်ယောက်က ရေသန့်ဘူးကိုင်တယ်။ တစ်ယောက်က အဝတ်အစားတွေ ကိုင်ထားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ သူ့ဖုန်းကို ကိုင်ပေးထားရတာ။ ငါ့မိဘတွေတောင် အဲဒီလောက်အထိ ဟန်မကြီးဘူး"
ယွီနျန့်ကတော့ တစ်ဖက်လူကို သိပ်ပြီး အာရုံမစိုက်မိပေမဲ့ ရှမင်းရှီးရဲ့ ပြောပုံဆိုပုံနဲ့ လေသံလေးတွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေတာကြောင့် စကားအနည်းငယ် ထပ်ပြောဖြစ်သည်။
နောက်ဆုံးမှာတော့ ပြိုင်ပွဲဝင် ငါးယောက်စလုံး အဝတ်လဲခန်းထဲမှာ စုံစုံလင်လင် ရှိသွားကြပါပြီ။ အဲဒီအချိန်မှာ ဖန်းဟွ၏ လက်ထောက်တစ်ယောက်က လက်ဆောင်ပစ္စည်းတွေ လိုက်ဝေပါတော့တာပဲ။
"ဒါကတော့ ဖန်းဟွ က မင်းတို့ အတွက် ပြင်ဆင်လာတဲ့ လက်ဆောင်လေးတွေပါ။ နောင်ကျရင် အဆင်ပြေပြေနဲ့ အတူတူ လက်တွဲသွားနိုင်ဖို့ မျှော်လင့်ပါတယ်"
ရှမင်းရှီးက လက်ဆောင်ဘူးလေးကို လက်ခံယူလိုက်ပြီး ယွီနျန့်နားကပ်ကာ တိုးတိုးလေး ပြောလာပြန်သည်။
"ငါ အာမခံရဲတယ်... ဒီဘူးထဲမှာ ဘာတွေပါသလဲဆိုတာ ဖန်းဟွကိုယ်တိုင်တောင် သိမှာမဟုတ်ဘူး"
ယွီနျန့်ကတော့ သီချင်းစာသားတွေကို အသည်းအသန် အလွတ်ကျက်နေတုန်းပါပဲ။ ရှမင်းရှီးရဲ့ စကားကို ကြားတော့ ခပ်အေးအေးပဲ ပြန်တုံ့ပြန်ဖြစ်သည်။
"သူ သိသိ၊ မသိသိပါဗျာ... ဒါက သူ့ရဲ့ စေတနာပဲဥစ္စာ"
ရှမင်းရှီးလည်း စဉ်းစားကြည့်တော့ ဟုတ်သားပဲဆိုပြီး "အေးပါ... ဟုတ်ပါတယ်" လို့ ဆိုကာ လက်ဆောင်ဘူးကို စားပွဲပေါ် တင်လိုက်သည်။ ယွီနျန့် တစ်ယောက် သီချင်းစာသားတွေကို အလေးအနက် ကျက်မှတ်နေတာကို မြင်တော့ သူလည်း အလကားနေလို့ မကောင်းဘူးလို့ ခံစားမိတာကြောင့် နားကြပ်ကိုထုတ်ပြီး သီချင်းပြန်နားထောင်နေလိုက်သည်။ အတန်ကြာအောင် အဝတ်လဲခန်းထဲမှာ တိတ်ဆိတ်သွားပြီး ကျောက်ရို့ နဲ့ ရွှီရွှမ် တို့ရဲ့ တိုးတိုးတိတ်တိတ် စကားပြောသံတွေပဲ တစ်ခါတလေ ထွက်ပေါ်နေသည်။
ညနေ ၇ နာရီ ရောက်တဲ့အခါမှာတော့ စင်ရှေ့ဘက်ကနေ ဆူညံသံတွေ ထွက်ပေါ်လာပါပြီ။ ပရိသတ်တွေနဲ့ ဒိုင်လူကြီးတွေ နေရာယူဖို့ စတင်ဝင်ရောက်လာကြပြီ။ ယွီနျန့်ကတော့ နောက်ဆုံးအဆင့် ဆံပင်ပုံစံ ပြင်ဆင်နေလျက်။ ရှမင်းရှီးကတော့ ပြင်ဆင်လို့ ပြီးသွားပြီမို့ ယွီနျန့်ရဲ့ ဘေးတိုက်မျက်နှာလေးကို ငေးကြည့်ရင်း မှင်သက်နေမိဆဲ။
ယွီနျန့်က သူ့ကို ငဲ့စောင်းကြည့်ပြီး သတိပေးလိုက်သည် ။
"ရှမင်းရှီး... မင်းရဲ့ နားကြပ် ပြုတ်ကျတော့မယ်။"
"အာ ... အိုး အိုး အိုး!"
ရှမင်းရှီးက နားကြပ်ကို ပြန်တပ်လိုက်ပြီး ယွီနျန့်ကို ထပ်စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါက နေ့တိုင်း မှန်ကြည့်ပြီး ငါ့ကိုယ်ငါ တော်တော်ချောတယ်လို့ ထင်နေတာ။ ဒါပေမဲ့ ဒီနေ့ မင်းကို မြင်လိုက်ရမှ... မင်းက နံပါတ် (၁) ဖြစ်သင့်ပြီး ငါက နံပါတ် (၂) ဖြစ်တာကို ငါ လုံးဝ သဘောတူလိုက်ပြီကွာ!"
မိတ်ကပ်ဆရာမက သဘောကျပြီး ရယ်မောတော့၏။
"မင်းတို့နှစ်ယောက်က ပုံစံချင်းလည်းမတူသလို အရှိန်အဝါချင်းလည်း ကွဲပြားကြတာပဲ။ မင်းရှီးက တောက်ပပြီး ထင်ပေါ်တဲ့အလှမျိုးရှိပြီး၊ ယွီနျန့်ကတော့ သေသပ်ကျနပြီး မြင့်မြတ်တဲ့ ရုပ်ရည်သွင်ပြင်မျိုး ရှိတယ်။ တစ်ယောက်တစ်မျိုးစီ လှကြတာပါပဲရှင်"
ယွီနျန့်ကလည်း ပြုံးလိုက်ပြီး မှန်ထဲကနေ သူ့ကို ကြည့်ကာ
"ကျွန်တော်တို့ တစ်နေကုန် အချင်းချင်း မြှောက်ပင့်နေကြတာပဲ။ ဒါပေမဲ့ မင်းရဲ့ မြှောက်ပင့်ပုံကတော့ တစ်မျိုးထူးခြားနေတုန်းပဲနော်!"
ရှမင်းရှီးက ခေါင်းလေးမော့လိုက်ပြီး
"ဒါပေါ့၊ ငါက တစ်နေကုန်တောင် ချီးကျူးနိုင်တယ်၊ အတည်ကြီးလည်း လုပ်နိုင်သေးတယ်ကွ! မင်းတစ်ယောက်တည်းပဲ အရည်အချင်းရှိတာ မဟုတ်ဘူးနော်!"
ပြောပြီးတာနဲ့ သူက အမူအရာကို အလေးအနက် ပြောင်းလိုက်ပြီး
"ယွီနျန့်... မင်း တစ်နေ့ကျရင် သေချာပေါက် နာမည်ကြီးလာလိမ့်မယ်။ အရမ်း... အရမ်းကို နာမည်ကြီးတဲ့သူ ဖြစ်လာမှာ"
ယွီနျန့်က အသက်ကို ဝဝရှူလိုက်ပြီး ရှမင်းရှီးကို ကြည့်ကာ
"အင်း... ငါတို့ အတူတူ ကြိုးစားကြတာပေါ့"
ည ၈ နာရီမှာတော့ စောင့်ဆိုင်းရမယ့်အချိန် စတင်ပါပြီ။ အရင်က မဲနှိုက်ထားချက်အရ ကျောက်ရို့ က ပထမ၊ ရှမင်းရှီး က ဒုတိယ၊ ဖန်းဟွ က တတိယ၊ ရွှီရွှမ် က စတုတ္ထနဲ့ ယွီနျန့် ကတော့နောက်ဆုံး အလှည့် ကျထား၏။ ဖျော်ဖြေမှုတွေပြီးရင် တိုက်ရိုက်မဲပေးမှု ပြုလုပ်မှာဖြစ်ပြီး တစ်ယောက်ကတော့ အဲဒီနေရာမှာတင် ပြုတ်သွားမှာပါ။
ကျောက်ရို့ စင်နောက်ဘက်ကို ထွက်သွားပြီးတဲ့နောက် ရှမင်းရှီးလည်း လိုက်ထွက်သွားတာကြောင့် အဝတ်လဲခန်းထဲမှာ သုံးယောက်ပဲ ကျန်ပါတော့သည်။ ဖန်းဟွက သူ့ဘေးမှာ ထိုင်နေတာကို တွေ့တော့ ယွီနျန့်က ဖော်ဖော်ရွေရွေ ပြုံးပြပြီး
"နေကောင်းလားခင်ဗျာ" လို့ နှုတ်ဆက်လိုက်သည်။
ဖန်းဟွက မောက်မာတဲ့အမူအရာနဲ့ ခေါင်းညိတ်ပြပြီး ယွီနျန့်ကို ကြည့်ကာ
"မင်းတို့လို လူသစ်တွေက အကိုင်းအခက် မြင့်မြင့်ကိုတက်ဖို့အရမ်းကြီး အလောမကြီးသင့်ဘူး။ ဂရုမစိုက်ရင် ပြုတ်ကျသွားလိမ့်မယ်" ဟူ၍ အတည်ကြီး ဝေဖန်လာသည်။
ယွီနျန့်ဟာ သူ့လက်ထဲက သီချင်းစာသားစာရွက်ကို ခဏမျှ ကိုင်ထားမိလျက်။ ဖန်းဟွ ပြောလိုက်သည့် စကားရဲ့ အဓိပ္ပာယ်ကို နားလည်သွားတဲ့အခါမှာတော့ သူ့မျက်ဝန်းထဲက နူးညံ့သော အပြုံးတွေဟာ အေးစက်သွားပါတော့သည်။
"ကျွန်တော် ဘယ်သူနဲ့ သူငယ်ချင်းဖြစ်ဖြစ်... အဲဒါက ခင်ဗျားကို ဒုက္ခပေးနေတာ မဟုတ်ဘူးထင်တယ်နော်။"
ဖန်းဟွက အနည်းငယ် စိတ်တိုသွားပေမဲ့ သူ့အေးဂျင့် မှာထားသည့် စကားတွေကို သတိရသွားတာကြောင့် ပြန်ထိန်းလိုက်ပြီး
"ငါ တည့်တည့်ပဲ ပြောမယ်၊ ငါ မင်းနဲ့ မဟာမိတ်ဖွဲ့ဖို့ စဉ်းစားနေတာ။ ရှမင်းရှီးရဲ့ နောက်ခံက အင်အားကြီးတယ်။ သူက ငါတို့အတွက် အခက်ခဲဆုံး ပြိုင်ဘက်ပဲ။ ငါတို့ ပူးပေါင်းပြီးတော့…"
ယွီနျန့်က ဖန်းဟွ၏ စကားကို ဖြတ်ပြောလိုက်သည်။
"ခင်ဗျား တစ်ခုခုကို နားလည်မှုလွဲနေပုံရတယ်"
သူ၏ ဖြူဖွေးပြီး သွယ်လျသည့် လက်ကောက်ဝတ်မှာ အနက်ရောင် ဇာဖဲကြိုးစလေးတစ်ခုကို ပတ်ထားရင်း၊ အနက်ရောင် ပိုးသားရှပ်အင်္ကျီ ကော်လာကို ပြန်ညှိလိုက်ကာ အေးစက်စက် ပြုံးလျက်
"ပထမအချက်... ကျွန်တော် ရှမင်းရှီးကို တိုက်ခိုက်ဖို့ ခင်ဗျားနဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ဘူး။ ဒုတိယအချက်ကတော့... ခင်ဗျားအတွက် အခက်ခဲဆုံး ပြိုင်ဘက်က ကျွန်တော် ပဲ!"
___________________________________________________________________
TN // ဘယ်သူ့မှ မကြောက်လို့ တစ်ယောက်တည်း နေနေတာကွ ။ ငါ့ဘဲတောင် ငါ့ဆို ခခယယ ဖြစ်နေရတာကွ။ သဘောပေါက် ။ ရှောင်ယွီ ပြောချင်တာဒါပဲ ။ ဝင်ပြောပေးတာ။
NEXT
ရှမင်းရှီးနဲ့တောင် ရှစ်ချင်သွား။အလှလေးနှစ်ယောက်ရဲ့ ဓာတုဗေဓမိမှုက ပါးစပ်ကို မစိနိုင်။ပြုံးဖြဲဖြဲဖြစ်နေပြီ။
ReplyDeleteဘ၀မှာ ရှမင်းရှီးလို လူမျိုးကတော့ ရှိဖို့လိုအပ်တယ်ရှင် 😭🤚 sunshine boy လေးတွေဆို သဘောကျတာပါ ရှမင်းရှီးလိုဖြစ်ရင်ဖြစ် မဖြစ်ရင် ရှမင်းရှီးနဲ့ပဲဖြစ်ချင်ပါပြီ
ReplyDeleteအသစ်တစ်ယောက်တိုးလာတိုင်း တမျိုး သဘောကျရတယ် ချစ်ဖို့ကောင်းလိုက်တာ
ReplyDeleteဘာသာပြန်ပေးတဲ့ ကိုကို ကျေးဇူး