အပိုင်း (၇၅)
လူနာခန်းအတွင်းရှိ တိတ်ဆိတ်မှုကြောင့် သူ၏ဦးလေးနှင့် အဒေါ်မှာ အနည်းငယ် အနေရခက်သလို ခံစားကြရသည်။ ထို့ကြောင့် အဒေါ်ဖြစ်သူက လျူဝူကို အမြန်ပင် လက်တို့လိုက်လေသည်။
လျူဝူသည် ချက်ချင်းပင် သဘောပေါက်သွားပြီး ရှေ့သို့တစ်လှမ်းတိုးကာ ရှန်ယွီ၏လက်မောင်းကို ဆွဲ၍ အာရုံလွှဲရန် ကြိုးစားတော့သည်။
"အစ်ကို... ထိုင်ပြီး ခဏနားပါဦး"
"လမ်းတစ်လျှောက်လုံး ထိုင်လာတာပဲဟာ"
"...အော်၊ ဟုတ်သားပဲ" လျူဝူသည် စက္ကန့်ဝက်ခန့် ဆွံ့အသွားရသည်။ သူ၏တာဝန်ကို အပြည့်အဝထမ်းဆောင်ရန်အတွက် သူက ထပ်မံ၍ အာရုံလွှဲလိုက်ပြန်သည်။
"ဒါဆိုလည်း... နောက်ထပ် ခဏလောက် ထပ်ထိုင်ပါဦး"
ရှန်ယွီက သူ့ကို တစ်ချက်ကြည့်လိုက်ရာ ရယ်ချင်စိတ်ပင် ပေါက်သွားရသည်။
"မင်းပဲ ငါ့ကိုယ်စား ခဏလောက် ထိုင်နေပေးပါလား"
လျူဝူမှာ မတတ်သာဘဲ ပါးစပ်ပိတ်ကာ ဘေးရှိဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ရတော့သည်။
"မင်းလည်း ဒဏ်ရာ တော်တော်ပြင်းခဲ့တာကို…ငါတို့ကိုလည်း တစ်ခွန်းမှ မပြောခဲ့ဘူးနော်။ ငါ တိုက်ရိုက်မေးတုန်းကတောင် အကုန်ကောင်းသွားပြီလို့ပဲ မင်းပြောခဲ့တာ မဟုတ်လား"
"အဲ့ဒါက မတူဘူးလေ"
"ဘာတွေ မတူလို့လဲ"
သူ၏အဖေက စိုက်ကြည့်သည်။ ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။
"ဒါဆိုရင် ငါတို့..." သူ၏ဦးလေးက ထိုတိတ်ဆိတ်မှုကို သည်းမခံနိုင်တော့ဘဲ ကြားဝင်ပြောဆိုလိုက်သည်။
"တစ်ခုခု သွားစားကြမလား။ ရှောင်ယွီလည်း မစားရသေးဘူး မဟုတ်လား။ အတူတူ လိုက်မလား"
"မလိုပါဘူး၊ ကျွန်တော် ဒီမှာပဲ အမေနဲ့အတူ နေပေးလိုက်မယ်"
"မင်း အဖေရော ငါရော မစားရသေးဘူးလေ"
"ပါဆယ်မှာစားကြမလို့ မဟုတ်လား"
ဦးလေးဖြစ်သူက မေးသည်။
"တွေ့လား" သူ၏အမေက ရှန်ယွီကို ကြည့်ကာ ဆိုသည်။
ဒါက ဘာမှမဟုတ်ပါဘူး။ ငါ့မောင်အရင်းကတောင် ငါ့ထမင်းကိစ္စကို ဂရုမစိုက်ဘူး၊ ပါဆယ်ပဲ မှာစားခိုင်းနေတာ"
ရှန်ယွီ ပြုံးလိုက်မိသည်။
"ဒါဆိုလည်း... အဲ့ဒီလိုပဲ လုပ်ကြတာပေါ့။ ရှောင်ယွီ လည်း မင်းတို့နဲ့အတူ ပါဆယ်ပဲ စားလိုက်လေ။ ဦးလေးတို့ကတော့ အရင်သွားစားနှင့်မယ်။ မင်းတို့လည်း မတွေ့ရတာ ကြာပြီဆိုတော့ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
ဦးလေးဖြစ်သူက ရှန်ယွီ၏ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။
"ကောင်းကောင်း စကားပြောကြနော်"
လျူဝူသည် သူ၏အမေ၏ ဆွဲထုတ်ခြင်းကို ခံရစဉ် အနောက်သို့ ခေါင်းလှည့်ကြည့်ကာ။
"အစ်ကို... ကျွန်တော် ပါဆယ်မှာပေးမယ်နော်။ ဒီတစ်ခါ ကျွန်တော် ဝယ်ကျွေးမယ်...."
"မင်း အလုပ်လုပ်တာ စုစုပေါင်း သုံးရက်ခွဲပဲ ရှိသေးတာ၊ နောက်ပြီး တစ်ခါလည်း နောက်ကျသေးတယ်။ အဲ့ဒီတော့ မင်းက ဘော့စ်ကို ပိုက်ဆံပြန်ပေးရဦးမှာလေ ။ ဘယ်က ပိုက်ဆံနဲ့ လာဝယ်ကျွေးမှာလဲ"
လျူဝူအမေက ဝင်ပြောသည်။
"အဓိက ဟင်းလျာကိုတော့ ငန်းကင်မှာလိုက်။ ကျန်တာတော့ မင်းဘာသာ ဆုံးဖြတ်ပေါ့"
ရှန်ယွီက သူ၏အမေနှင့် တစ်ပြိုင်နက်တည်း ဆိုလိုက်သည်။ သူ၏အမေမှာ ငန်းကင်ကို အလွန်ကြိုက်နှစ်သက်သူ ဖြစ်သည်။ နှစ်အတော်ကြာ မတွေ့ရသော်လည်း ဤအကြိုက်မှာ ပြောင်းလဲဦးမည် မဟုတ်ဟု သူ ယူဆထားသည်။
"စိတ်ချပါ အစ်ကို"
လျူဝူ ထွက်သွားလေတော့သည်။ အခန်းတံခါး ပိတ်သွားပြီးနောက် အခန်းတွင်းလေထုမှာ အနည်းငယ် ပြေလျော့သွားသော်လည်း၊ နှစ်ရှည်လများ ခွဲခွာခဲ့ရသော ကွက်လပ်ကြောင့် အနည်းငယ်တော့ တောင့်တင်းနေဆဲပင် ။
အတိတ်ကာလ၌ပင် သူတို့မိသားစု သုံးဦးမှာ အိမ်တွင် အတူတူရှိချိန် သိပ်မရှိခဲ့ကြပါဘူး။ ရှန်ယွီမှာ ထိုစဉ်ကတည်းက စကားနည်းသူတစ်ဦး ဖြစ်သည်။ ယခုအခါတွင်လည်း အတူတူ ထမင်းစားခြင်း၊ တီဗွီကြည့်ခြင်းမျိုး မရှိသည့်အတွက် သုံးယောက်စလုံးမှာ အနည်းငယ် အနေရခက်နေကြသည်။
ရှန်ယွီသည် ဆိုဖာပေါ်တွင် သွားထိုင်လိုက်သည်။
"ခြေထောက်ကော လုံးဝ ကောင်းသွားပြီလား"
အဖေက ကုတင်ခြေရင်းတွင် ဝင်ထိုင်ကာ ရှန်ယွီ့ဘက်သို့ မျက်နှာမူလျက် မေးသည်။
"အင်း" ရှန်ယွီ ခေါင်းညိတ်ပြပြီး သူ၏အမေကို ကြည့်လိုက်သည် ။
"ဒီနေ့အတွက် ဆေးစစ်တာတွေ ပြီးပြီလား"
"မနက်ဖြန် အဆုတ် စကန်ဖတ်ဖို့ တစ်ခုပဲ ကျန်တော့တယ်၊ အဲ့ဒါဆိုရင် ပြီးပြီ ။ မင်း ခုနက ဆရာဝန်ရုံးခန်းကို သွားခဲ့တာ မဟုတ်လား"
အချို့ကိစ္စများတွင် သူ၏အမေမှာ သူ့အကြောင်းကို အလွန်သိလှပေသည်။
"ဟုတ်ကဲ့။ မားတို့ ကျွန်တော့်ကို အမှန်အတိုင်း မပြောမှာ စိုးလို့ပါ"
"တကယ်ကြီး ကြီးကြီးမားမား ပြဿနာ မရှိပါဘူး။ မား ပြီးခဲ့တဲ့လကတည်းက ကုမ္ပဏီမှာ အလုပ်ပြန်ဝင်နေပြီလေ…ခွဲစိတ်ပြီးစမှာတော့ အသက်ရှူနည်းနည်း မဝတာမျိုး ရှိပေမဲ့၊ အခုတော့ အကုန်လုံးနီးပါး ပြန်ကောင်းနေပါပြီ"
"အလုပ်ကြူးတဲ့လူကြီး"
ရှန်ယွီက ဆိုကာ ဒေါက်တာဟယ်က ပို့ပေးထားသော ဆေးပေးချက်များကို ငုံ့ကြည့်လိုက်သည်။
"ဆရာဝန်ပေးတဲ့ ဆေးအပြင် တခြား ဘာဆေးတွေ သောက်သေးလဲ"
"ဗီတာမင်တွေ ဘာတွေပဲ ရှိတာပါ" သူ၏အဖေက ဝင်ပြောသည်။
"ဒီအလုပ်ကြူးတဲ့လူကြီးက အရင်က ဗိုက်နည်းနည်း မအီမသာ ဖြစ်လို့ တရုတ်တိုင်းရင်းဆေး ခဏသောက်ခဲ့သေးတယ်၊ အခုတော့ အဆင်ပြေသွားပါပြီ။ မနက်ပိုင်းဆိုရင်တော့ နှစ်ယောက်လုံး စောစောထပြီး ပန်းခြံမှာ လေ့ကျင့်ခန်း လုပ်ကြတာပေါ့"
"ကျွန်တော့်ထက်တောင် စည်းကမ်းရှိနေကြတာပ။ ကျွန်တော်ကတော့ မနက်ဆို အိပ်ရာကတောင် မထနိုင်ဘူး"
"မနက်မှ မဟုတ်ပါဘူး၊ အားတဲ့အချိန် လှုပ်ရှားပေးရင် ရတာပဲလေ"
"ဟုတ်ကဲ့ ပါး"
"မင်းရဲ့ အိပ်တာရော အဆင်ပြေလား..." အဖေဖြစ်သူက စကားစလိုက်သည်။
"အဲ့ဒီအကြောင်း မပြောကြရအောင်"
"အရင်ကထက် သက်သာရဲ့လား"
ရှန်ယွီ အဖေကို ကြည့်ကာ ပြုံးပြလိုက်သည်။
"အဆင်ပြေပါတယ် ပါး"
ထိုစဉ် လူနာခန်းတံခါးကို နှစ်ချက်ခေါက်ကာ တွန်းဖွင့်လိုက်သည်။ မိန်းကလေးတစ်ဦး အိတ်အကြီးကြီးတစ်ခုကို သယ်၍ ဝင်လာခဲ့သည်။
"စီအီးအိုလျူ... ဒီတင်ပြချက်ထဲမှာ Confirm လုပ်ပေးရမယ့် နေရာ နှစ်နေရာ ကျန်ပါသေးတယ်...."
သူမမှာ သူ၏အမေ၏ လက်ထောက် ဖြစ်ရမည်။ လူနာခန်းထဲသို့ ကျွမ်းကျင်စွာ ဝင်ထွက်နေပုံကို ကြည့်ရုံနှင့် သူမသည် သူ၏အမေအား ယခင်ကလည်း ဆေးရုံသို့ ခဏခဏ လိုက်ပို့ခဲ့ဖူးကြောင်း သိသာလှသည်။
သူမသည် ရှန်ယွီကို မြင်သည့်အခါ ကြောင်သွားကာ။
"တောင်းပန်ပါတယ်၊ ဧည့်သည် ရောက်နေတာကိုး"
"ငါ့သားလေ" ဟု သူ၏အမေက ရှန်ယွီကို ပြုံးကြည့်ရင်း မိတ်ဆက်ပေးသည်။
"ဒါက ငါ့လက်ထောက် ရှောင်ယဲ့"
ရှန်ယွီ သူမကို ခေါင်းညိတ်ပြလိုက်သည်။
"မင်္ဂလာပါရှင်!"
ရှောင်ယဲ့သည် အနည်းငယ် အနေရခက်သွားကာ တံခါးဘက်သို့ ညွှန်ပြသည် ။
"ဒါဆို ကျွန်မ...."
"လုပ်စရာရှိတာ လုပ်လေ။ ရပါတယ်"
"ဒီလိုပါ၊ ဒီည အစည်းအဝေးအတွက် မစ္စတာလော့ ရဲ့ လူတွေက ဒီအချက်အလက်တွေကို အစည်းအဝေးမတိုင်ခင် သူတို့နဲ့ Confirm လုပ်စေချင်နေတာပါ။ အကြမ်းဖျင်း သဘောထား သိချင်လို့တဲ့...."
ရှောင်ယဲ့သည် အမေ၏ ကုတင်ဘေးသို့ လျှောက်သွားကာ အိတ်ထဲမှ ဖိုင်တွဲတစ်ခုကို ထုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
အမေက ထိုဖိုင်တွဲကို လှမ်းမယူပါဘူး။
"အစည်းအဝေးမှာ ဆွေးနွေးတဲ့အခါ ပိုပြီး လိုရင်းရောက်အောင်လို့ပါတဲ့"
"လိုရင်းရောက်အောင်" သူ၏အမေက မဲ့လိုက်သည်။
"သူတို့က အဓိက အချက်တွေကိုတောင် ရှာမတွေ့ဘူးဆိုရင် အစည်းအဝေး လုပ်နေလို့ ဘာထူးမှာလဲ။ အစည်းအဝေးမှာ ဆွေးနွေးရမယ့် အရာတွေကို အခုကတည်းက အတည်ပြုခိုင်းနေတာလား။ ဒါဆိုရင်တော့ အစည်းအဝေးမှာ ဘာလုပ်ရမှာလဲ၊ သူတို့ရဲ့ ကမ်းလှမ်းချက်အတိုင်း တန်းပြီး စာချုပ်ချုပ်လိုက်ရုံပဲ ရှိတာပေါ့"
သူ၏အမေ အလုပ်ထဲသို့ အာရုံရောက်သွားသည့် အခါတွင်တော့ အခန်းတစ်ခုလုံးမှာ ဖိအားများဖြင့် ပြည့်နှက်သွားတော့သည်။ ရှန်ယွီ အနည်းငယ် စိတ်မအေးသလို ခံစားရသဖြင့် ထရပ်လိုက်ပြီး သူ၏အဖေကို တိုးတိုးလေး ဆိုလိုက်သည် ။
"ကျွန်တော် အပြင်ထွက်ပြီး ဖုန်းခဏ ဆက်လိုက်ဦးမယ်"
"အင်း" အဖေဖြစ်သူ ခေါင်းညိတ်ပြသည်။
"သူတို့က ဒီအချက်တွေကို Confirm လုပ်ပြီးမှ ကျန်တဲ့ကိစ္စတွေကို ဆက်ဆွေးနွေးတာက ပိုမြန်မယ်လို့ ယူဆလို့ပါ"
"အမြန်ဆုံး နည်းလမ်းကတော့ သူတို့က ငါတို့ရဲ့ သဘောထားကို အကုန်လက်ခံပြီး ငါတို့ လိုအပ်ချက်အတိုင်း လုပ်လိုက်တာပဲလေ။ ယွီရှင်း ကုမ္ပဏီ အနေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတာ သူတို့ တစ်ကုမ္ပဏီတည်းမှ မဟုတ်တာ။ ငါတို့ဘက်က ပါတနာ ပြောင်းလိုက်တာကမှ ပိုမြန်ဦးမယ်"
လူနာခန်း အပြင်ဘက်က စင်္ကြံလမ်းမှာ ပန်းခြံငယ်လေး တစ်ခုဆီသို့ ဦးတည်နေလေသည်။ ရှန်ယွီသည် စင်္ကြံလမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားရင်း ရံဖန်ရံခါ ဖြတ်သန်းသွားသော လူနာများကို ငေးကြည့်နေမိသည်။ နှိုင်းယှဉ်ကြည့်လျှင် သူ၏အမေ၏ အခြေအနေမှာ တကယ်မဆိုးသေးပါ။
သူသည် ပန်းခြံငယ်လေးထဲသို့ ရောက်သောအခါ ခုံတန်းရှည်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး သက်ပြင်းအသာ ချလိုက်မိသည်။ ယခုအခါ နေဝင်သွားလေပြီ။ ပန်းခြံထဲတွင် လူမရှိပါဘူး၊ အနီးရှိ လူနာခန်း ပြတင်းပေါက်များမှတစ်ဆင့် ထွက်ပေါ်လာသော ချောင်းဆိုးသံ အချို့ကိုသာ ကြားနေရလေသည်။
ရှန်ယွီ ဖုန်းထုတ်ကာ အချိန်ကို ကြည့်လိုက်သည်။ အခုချိန်ဆိုလျှင် တာယွင်မှာ လူတစ်ယောက်ယောက်ကို ပါဆယ် သွားဝယ်ခိုင်းထားလောက်ပါပြီ။ သို့သော် သူတို့ ထမင်းစားရ မစားရကတော့ အခြေအနေပေါ်မှာပဲ မူတည်လိမ့်မည်။ အလုပ်မများလျှင်တော့ စားပြီးလောက်ပါပြီ၊ အလုပ်များနေလျှင်တော့ နောက်ကျမှာပေါ့။
ပုံမှန်ဆိုလျှင် မန်နေဂျာမှာ အမြဲတမ်း နောက်ဆုံးမှ ထမင်းစားရသူ ဖြစ်လေသည်။
သူသည် ချန်ကျန့်ကို ဖုန်းခေါ်လိုက်သည်။ ပထမဆုံး မြည်သံပင် မဆုံးသေးမီမှာပင် ဖုန်းကို ကိုင်လိုက်လေသည်။
"ဟယ်လို"
ချန်ကျန့်၏ အသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ရှန်ယွီသည် ခုံတန်းရှည်ပေါ်သို့ မှီချလိုက်ပြီး တစ်ကိုယ်လုံး ပြေလျော့သွားသလို ခံစားလိုက်ရသည်။
"ဘားနောက်က အမှိုက်ကို အရင်သွားပစ်လိုက်ဦး"
ချန်ကျန့်က ဝင်းထဲသို့ လျှောက်ဝင်ရင်း လောင်ဝူကို လှမ်းပြောနေသံ ကြားရသည် ။
"ဖန်ဖန် နဲ့ နာနာ တို့က ထမင်းစားနေကြတယ်"
"ဟုတ်ကဲ့" လောင်ဝူက ပြန်ထူးသည်။
"ဒီနေ့ မွန်းလွဲပိုင်းက ရောက်တဲ့ ပစ္စည်းအသစ်တွေကိုတော့ မစီရသေးဘူးနော်"
"ခဏနေရင် ငါ လုပ်လိုက်မယ်" ချန်ကျန့်က ဆိုသည် ။
"အမှိုက်ပစ်ပြီးရင် မင်းလည်း သွားစားတော့"
ချန်ကျန့် စင်္ကြံလမ်းမှတစ်ဆင့် ဝင်းထဲသို့ အမြန် လျှောက်ဝင်လာခဲ့သည်။ တလက်လက် အရောင်တောက်နေသော ဘောလုံးလေးကို လိုက်ဖမ်းနေသည့် မှိုလေးသည် ချန်ကျန့်ကို မြင်သည်နှင့် ချက်ချင်းပင် အပြေးရောက်လာတော့သည်။ ချန်ကျန့် ကိုယ်တစ်ဝက်ကိုင်းကာ မှိုလေး၏ခေါင်းကို ကုပ်ပေးလိုက်ပြီးနောက် ဘောလုံးကို လှမ်းပစ်ပေးလိုက်သည်။
"အခုချိန်ကြီး ဘယ်လိုလုပ် ဖုန်းဆက်ဖို့ အချိန်ရတာလဲ ။ မင်း ဘယ်မှာလဲ။ ထမင်းစားပြီးပြီလား"
ရှန်ယွီ ပြုံးလိုက်မိသည်။
"မေးခွန်းတွေ အများကြီးပါလား မန်နေဂျာချန်"
"ညနေပိုင်းမှ ဖုန်းဆက်မယ် ထင်နေတာ"
ချန်ကျန့်က လှေကားထစ်ပေါ်တွင် ဝင်ထိုင်လိုက်ရင်း မှိုလေးနှင့် ကစားနေသည် ။
"မင်းဘက်မှာကော အခြေအနေ ဘယ်လိုလဲ"
"ငါ ဆေးရုံမှာ"
"ဗျာ?"
ချန်ကျန့် မှင်သက်သွားရပြီး အသံမှာလည်း ရုတ်တရက် ကျယ်လောင်သွားတော့သည်။
"ဘာလို့ ဆေးရုံမှာလဲ။ တစ်ခုခု ထိခိုက်လို့လား။ ဒါမှမဟုတ်...."
"မား လေ..." ရှန်ယွီ ခေတ္တမျှ တန့်သွားသည်။
“မားက အဆုတ်ကင်ဆာကြောင့် ခွဲစိတ်ထားတာလေ။ ဒီနေ့ ငါ ပြန်လာတဲ့ အချိန်နဲ့ ဆေးစစ်ဖို့ ဆေးရုံ ပြန်တက်တဲ့ အချိန်နဲ့က ကွက်တိ တိုးနေတာ"
ချန်ကျန့်သည် ခုနက နွေးထွေးနေသော သူ၏လက်များမှာ ချက်ချင်းပင် အေးစက်သွားသလို ခံစားလိုက်ရသည်။ လက်ထဲက ဖုန်းမှာလည်း သံတုံးတစ်တုံးလို အေးစက်နေလေပြီ။
"အဆင်ပြေရဲ့လား"
"ပြေပါတယ်၊ အစောကြီး သိလိုက်ရလို့ ခွဲစိတ်တာလည်း အောင်မြင်တယ်လေ။ အခု အလုပ်တောင် ပြန်ဝင်နေပြီ။ ကျန်းမာရေးက တော်တော်လေး ပြန်ကောင်းနေပါပြီ"
"အဲ့ဒါဆိုရင်တော့ တော်ပါသေးတယ်" ချန်ကျန့် သက်ပြင်းအသာ ချလိုက်နိုင်သည်။
"အစောကြီး သိရတယ်ဆိုရင်တော့ ကြီးကြီးမားမား ပြဿနာ မရှိပါဘူး။ စိတ်မပူနဲ့နော်.... မင်းကော အဆင်ပြေရဲ့လား"
ရှန်ယွီ၏ စိတ်ဓာတ်မှာ အနည်းငယ် ကျဆင်းနေမှန်း ချန်ကျန့် ရိပ်မိလေသည်။ ပုံမှန်အားဖြင့် ရှန်ယွီမှာ ပျင်းတွဲတွဲ လေသံနှင့် စကားပြောတတ်သော်လည်း ယခုအခြေအနေမှာမူ မတူပါဘူး။
"ငါကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့..." ရှန်ယွီ သက်ပြင်းအသာ ချလိုက်မိသည်။
"သူတို့က ငါ့ကို ဒါတွေ တစ်ခွန်းမှ မပြောဖို့ စီစဉ်ထားကြတာလေ။ ဒီနေ့သာ ငါ မပြန်ဖြစ်ရင်.... မနက်ဖြန် ပြန်လာရင်တောင်မှ ငါ သိမှာ မဟုတ်လောက်ဘူး...."
"မင်းကို စိတ်ပူမှာ စိုးလို့ ဖြစ်မှာပေါ့။ မင်းတောင် ဒဏ်ရာရတုန်းက သူတို့ကို မပြောခဲ့ဘူး မဟုတ်လား"
"မပြောဘူး"
"ဘာလို့ မပြောတာလဲ"
"ငါက သူတို့ စိတ်ပူမှာ စိုးလို့ မပြောတာ မဟုတ်ဘူး"
ချန်ကျန့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခပ်တိုးတိုး မေးလိုက်သည် ။
"...ဒါဆို ဘာဖြစ်လို့လဲ"
"ငါ နောက်ထပ် ပြဿနာတစ်ခု ထပ်ရှာလာပြန်ပြီလို့ သူတို့ကို မသိစေချင်လို့ပါ ။ ပြဿနာ တစ်ခုပြီးတစ်ခု...."
"အဲ့ဒါက ဖန်ရွီ ဆိုတဲ့ အကောင်ကြောင့် ဖြစ်တာလေ!မင်းနဲ့ ဘာဆိုင်လို့လဲ! သူက ပြဿနာရှာတာလေ! မင်း ရှာတာမှ မဟုတ်တာ!"
ရှန်ယွီ ပြုံးလိုက်မိသည် ။
"မန်နေဂျာ... စိတ်လျှော့ပါဦး"
"လျှော့လို့ မရပါဘူးဗျာ၊ ဒေါသတွေ ထွက်နေတာ"
ချန်ကျန့်က ဆိုသည်၊ တွေးကြည့်ရုံနှင့်ပင် သူ စိတ်မရှည် ဖြစ်လာရသည်။
"အမှန်တော့ အရင်တုန်းက ငါ ပြဿနာတွေကို မကြောက်ခဲ့ပါဘူး။ ငါက ပြဿနာပေါင်းစုံကို တောက်လျှောက် ရှာနေခဲ့တာလေ"
ဒါကိုတော့ ချန်ကျန့် မြင်နိုင်ပါတယ်
"အဲ့ဒီလို လုပ်မှသာ ငါ့ရဲ့ ပျက်စီးမှုတွေ အားလုံးကို ပြင်ပအကြောင်းတရားတွေကြောင့်လို့ အကြောင်းပြလို့ ရမှာလေ"
ဘာ? ချန်ကျန့် နားမလည်ပါဘူး။ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ရှန်ယွီ သူ၏ နှစ်သိမ့်မှုကို လိုအပ်နေသော ဤအရေးကြီးသည့် အချိန်မျိုးတွင် သူသည် ရှန်ယွီ ပြောနေသည်ကို နားမလည်ဘဲ ဖြစ်နေရလေသည်။
သို့သော် သူက မေးရုံသာ တတ်နိုင်တော့သည် ။
"ဘာကို ဆိုလိုတာလဲ"
"တခြားလူတွေရဲ့ မျက်လုံးထဲမှာ ငါက တကယ်ကြီး ဆိုးနေတဲ့လူ မဟုတ်ပါဘူးလို့ ငါ မျှော်လင့်ခဲ့တာပေါ့။ ငါက လမ်းမှား လျှောက်မိသွားရုံတင်ပါ.... ပြီးတော့ ငါ ပြဿနာရှာတဲ့ အချိန်မှသာ ငါ့မိဘတွေက ငါ့ရှေ့ကို ချက်ချင်း ရောက်လာကြတာလေ...."
ချန်ကျန့် တိတ်ဆိတ်သွားရသည်။ ဒုတိယအပိုင်းကို သူ ဘာပြန်ပြောရမှန်း မသိသော်လည်း၊ ပထမအပိုင်းကိုတော့.... သူ ရှန်ယွီ ပြောပြဖူးသော တောင်ပေါ်က ငယ်ဘဝ အကြောင်းများကို သတိရသွားသည်။ ရှန်ယွီသည် မိမိကိုယ်ကိုယ် အမြဲတမ်း ဆိုးညစ်သူဟု ခံယူထားခဲ့ပြီး၊ သူ၏ တခြား ညီအစ်ကို မောင်နှမများနှင့် ယှဉ်လျှင် ဘာမှမဟုတ်ဟု တွေးခဲ့သူ ဖြစ်သည်။
"ဒါပေမဲ့ အဲ့ဒါက အမှန်တရား မဟုတ်ပါဘူး။ မင်း အရင်က ဘယ်လိုပဲ ရှိခဲ့ရှိခဲ့၊ မင်းက တကယ်ကို တော်တဲ့လူ တစ်ယောက်ပါ။ မင်းကိုယ်တိုင်လည်း ဒါကို သိပေမဲ့၊ မင်းကိုယ်မင်း မယုံကြည်ရဲတာပဲ ရှိတာ"
ရှန်ယွီ့ဘက်မှ ဘာအသံမှ ထွက်မလာပါဘူး။ အတော်ကြာမှ သူက ခပ်တိုးတိုးလေး ပြောလာသည်။
"အဲ့ဒါကြောင့်လည်း ငါ့မှာ နောက်ထပ် ပြဿနာတွေ ရှိနေသေးတယ်ဆိုတာ၊ ငါက အရင်က ရှန်ယွီ အတိုင်းပဲ ဆိုတာကို သူတို့ကို ထပ်ပြီး မသိစေချင်တော့တာပေါ့"
"ဖန်ရွီ ကိစ္စက နောက်ဆုံး မှတ်တိုင်ပဲလေ။ အခုသူလည်း မရှိတော့ဘူး။ မင်းက အရင်က ရှန်ယွီ မဟုတ်တော့ပါဘူး"
"အင်း"
ရှန်ယွီ ခေါင်းငုံ့လိုက်ပြီး လက်ချောင်းလေးဖြင့် သူ၏ မျက်လုံးထောင့်ကို ဖိထားသော်လည်း ကျဆင်းလာသော မျက်ရည်များကိုတော့ သူ မတားနိုင်ခဲ့ပါဘူး။
ချန်ကျန့်၏ နှစ်သိမ့်မှုမှာ တည့်တိုးဆန်ပြီး ရိုးရှင်းလှသည်။ ခမ်းနားလှသော အတွေးအခေါ်တွေ မပါသလို၊ ဖျောင်းဖျနေခြင်းမျိုးလည်း မဟုတ်ပါဘူး။ သူ၏ အတွေးအတိုင်း လိုက်ပါစီးမျောပေးခြင်းသာ ဖြစ်သော်လည်း၊ သူပေးသော အဖြေများက ရှန်ယွီ၏ ရင်ကို အမြဲတမ်း ပျော့ပြောင်းသွားစေခဲ့သည် မဟုတ်ပါလော....။
စကားလုံး အနည်းငယ်နှင့် အရာရာကို မဖြေရှင်းနိုင်သော်လည်း၊ ထိုကြောက်ရွံ့မှုများ၊ မိမိကိုယ်ကိုယ် ငြင်းပယ်မှုများနှင့် သံသယများသည် နွယ်ပင်များကဲ့သို့ သူ၏ အတိတ်ပေါ်တွင် တွယ်ကပ်နေလေသည်။ သူ အနောက်ကို လှည့်ကြည့်လိုက်တိုင်း ယင်းတို့ကို မြင်နေရစမြဲ။ သို့သော် ချန်ကျန့်၏ စကားလုံးများကတော့ သူ၏ ကျဆင်းနေသော စိတ်ဓာတ်များကို အမြဲတမ်း ပြန်လည် မြှင့်တင်ပေးနိုင်ခဲ့သည်၊ ခေတ္တမျှ ဖြစ်စေကာမူပေါ့။
"ဒါဆို အမေ့ရဲ့ ရောဂါကိစ္စကို ဘာလို့ မပြောခဲ့ကြဘူးလို့ မင်းထင်လဲ။ ကျွန်တော့်အဖေလည်း သူ ဒဏ်ရာရတုန်းက ကျွန်တော့်ကို မပြောခဲ့ဘူးလေ ။ အဲ့ဒီနေ့က မင်းသာ ကျွန်တော့်ကို သွားကြည့်ခိုင်းလို့သာ သိရတာ၊ မဟုတ်ရင် သိမှာ မဟုတ်ဘူး။ အဖေကလည်း ကျွန်တော် စိတ်ပူမှာ စိုးလို့ပါပဲ...."
"မင်းက သူ့ အားကိုးရာလေ။ မင်းမှာ ဝန်ထုပ်ဝန်ပိုးတွေ အများကြီး ရှိနေမှန်း သိလို့ မင်းကို ထပ်ပြီး ဖိအား မပေးချင်လို့ မပြောတာပေါ့။ ဒါပေမဲ့ ငါကတော့.... အဲ့ဒီလို မဟုတ်ဘူး"
"မင်းလည်း မသေချာဘူး မဟုတ်လား။ ပြီးတော့ တကယ်ပဲ အဲ့ဒီလို ဆိုရင်တောင်မှ၊ နှစ်တွေ ဒီလောက်တောင် ကြာနေပြီပဲဟာ။ ဘာလို့ မင်း.... မမေးကြည့်တာလဲ"
ချန်ကျန့်၏ လေသံမှာ အလွန် သတိထားကာ စမ်းသပ်မေးမြန်းနေပုံ ရလေသည်။
"ဟင်?" ရှန်ယွီ မှင်သက်သွားရသည်။
"အဓိကကတော့.... ကျွန်တော်သာ ဆိုရင်တော့ သေချာပေါက် မမေးရဲပါဘူး" ချန်ကျန့် အသံတိုးတိုးဖြင့် ဆိုသည်။
"ဒါပေမဲ့ မင်းကတော့.... မင်းရဲ့ စရိုက်အရ ဆိုရင်တော့ မေးနိုင်မယ့် လူမျိုးလို့ ကျွန်တော် ခံစားရလို့ပါ"
"ဘာအကြောင်းပြချက်နဲ့လဲ"
"ပုံမှန်ဆိုရင် ဘယ်သူ့ကိုမှ အလျှော့မပေးတတ်တဲ့ မင်းရဲ့ အဲ့ဒီ ပါးစပ် ကြောင့်ပေါ့"
ရှန်ယွီ စက္ကန့်အနည်းငယ်မျှ တန့်သွားပြီးမှ အားရပါးရ ရယ်မောတော့သည်၊ အရယ်ရပ်အောင် အတော်လေး အချိန်ယူလိုက်ရသည်။
"တကယ်ပါ၊ မင်းက အရင်က ရှန်ယွီ မဟုတ်တော့ပါဘူး ။ မင်း အလကားကြီး ပြန်လာတာတော့ မဖြစ်သင့်ဘူး မဟုတ်လား"
"အင်း"
ချန်ကျန့်ဘက်မှ ဘာအသံမှ ထွက်မလာသော်လည်း ဆန်းပင်း၏ အသံကိုတော့ သူ ကြားနေရသည် ။
"ဘယ်သူနဲ့ ဒီလောက်တောင် အကြာကြီး ဖုန်းပြောနေတာလဲ။ ချိန်းတွေ့နေတာလား။ ဟင်းတွေ အေးကုန်တော့မယ်နော်"
"သွားစားတော့လေ" ရှန်ယွီက ဆိုသည်။
"မလောပါဘူး။ မင်းကော စားပြီးပြီလား"
"မစားရသေးဘူး၊ ပါဆယ် စောင့်နေတာ"
"ပါဆယ်" ချန်ကျန့် ကြောင်သွားသည်။
"ငါ ဆေးရုံမှာလေ။ သူတို့ကလည်း ပါဆယ်ပဲ မှာစားဖို့ စီစဉ်ထားကြတာ"
"အဲ့ဒါလည်း ကောင်းတာပါပဲ" ချန်ကျန့် ခေတ္တ စဉ်းစားလိုက်သည်။
"အရမ်းကြီး ခမ်းခမ်းနားနား မဟုတ်တော့ မင်းလည်း အနေရမခက်တော့ဘူးပေါ့၊ ဟုတ်တယ်မလား"
"အင်း"
ရှန်ယွီ ပြုံးလျက် လူနာခန်းဘက်သို့ လှည့်ကြည့်လိုက်ရာ၊ စင်္ကြံလမ်းမှ လျှောက်ထွက်လာသော ရှောင်ယဲ့ကို တွေ့လိုက်ရသည်။
"ဒါဆို ငါလည်း အခန်းထဲ ပြန်ဝင်တော့မယ်"
"ဟုတ်ကဲ့၊ ကျွန်တော်လည်း ထမင်းသွားစားတော့မယ်"
"ချန်ကျန့်" ရှန်ယွီ သူ့ကို လှမ်းခေါ်လိုက်သည်။
"ဗျာ"
"ငါ့ကို လွမ်းလား"
ချန်ကျန့်ဘက်မှ လမ်းလျှောက်နေသံကို ကြားနေရသည်။ ဤမေးခွန်းကို ကြားလိုက်ရသည့် အခါ ခြေလှမ်းရပ်သွားသည် ။
"လွမ်းတာပေါ့"
"ဘယ်လောက်တောင်လဲ"
"အများကြီးပေါ့..." ချန်ကျန့်၏ လေသံမှာ နူးညံ့သွားတော့သည်။
"'အများကြီး' ဆိုတာ ဘယ်လောက်လဲ" ရှန်ယွီက ဇွတ်မေးနေပြန်သည်။
"အဲ့ဒါကို ကျွန်တော် ဘယ်လို ပြောပြရမှာလဲ" ချန်ကျန့် ခေတ္တ စဉ်းစားလိုက်သည် ။
"ဒီနေ့ဆိုရင် ဧည့်သည် အခန်းအပ်တာကိုတောင် အာရုံလွင့်ပြီး မှားသွားသေးတယ်လေ"
ရှန်ယွီ ပြုံးလိုက်မိသည် ။
"အင်း"
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး၊ သိချင်လို့ပါ"
"မေးနေဖို့ လိုသေးလို့လား"
"လိုတာပေါ့"
"ဒါဆို မင်းကော...ကျွန်တော့်ကို... လွမ်းလား"
ရှန်ယွီ ရယ်မောလိုက်မိသည်။ ချန်ကျန့် ထိုမေးခွန်းကို မေးနေစဉ် သူ၏ မျက်နှာအမူအရာကို ရှန်ယွီ မြင်ယောင်ကြည့်နိုင်သည်လေ။
"အများကြီး လွမ်းတာပေါ့"
ရှောင်ယဲ့ အနားသို့ ရောက်လာသည့် အခါတွင်မှ ရှန်ယွီ ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး သူမကို နှုတ်ဆက်လိုက်သည် ။
"ပြန်တော့မလို့လား"
ရှောင်ယဲ့ ခေါင်းညိတ်ပြရင်း ပြုံးလျက် ဆိုသည် ။
"ဟုတ်ကဲ့။ ဒီည အစည်းအဝေး ရှိလို့ပါ"
"ဒီအတောအတွင်း ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ရပါတယ်ရှင်၊ ကိစ္စမရှိပါဘူး ။ စီအီးအိုလျူ ဆေးရုံတက်တုန်းက Caregiver ငှားထားတာလေ။ ကျွန်မကတော့ သိပ်ပြီး လုပ်စရာ မရှိပါဘူး၊ သူ့ကို အဖော်လုပ်ပေးတာနဲ့ တစ်ခါတစ်လေ အပြင်ကိစ္စလေးတွေ ကူလုပ်ပေးတာပဲ ရှိတာပါ"
ရှန်ယွီ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
"အထဲဝင်လို့ ရပါပြီရှင်၊ ကျွန်မ ထွက်လာတုန်းကပဲ ပါဆယ် ရောက်လာတာ"
"ဟုတ်ကဲ့"
သူ လူနာခန်းထဲသို့ ပြန်ရောက်သည့်အခါ သူ၏အမေမှာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး၊ သူ၏အဖေမှာမူ စားပွဲတင်ပေးရန် ပြင်ဆင်နေလေသည်။
"ကျွန်တော် လုပ်ပါ့မယ်" ရှန်ယွီ အနားသို့ လျှောက်သွားလိုက်သည်။
"လျူဝူ ကတော့ သူ့အစ်ကို့ကို တကယ် အလိုလိုက်တာပဲ၊ ဒီလောက်အများကြီးမှာတာ"
"သူ့ဗိုက်နဲ့ သူ ချိန်မှာတာ ဖြစ်မှာပါ" ရှန်ယွီ ပြုံးလျက် ဆိုသည်။
"သူကတော့ တကယ် စားနိုင်တာပဲ ။ သူ မင်းဆီမှာ ရှိနေတုန်းက မင်းတို့ မီးဖိုချောင်က ပစ္စည်းတွေ အကုန် ကုန်သွားသေးလား"
"အဆင်ပြေပါတယ်၊ ကျွန်တော်တို့ဆီမှာ ပစ္စည်းပို့တဲ့လူတွေက တော်ကြပါတယ်"
"တည်းခိုခန်းကော..." အဖေဖြစ်သူက ခေတ္တ တုံ့ဆိုင်းနေပြီးမှ "လျူဝူ ပြောတာတော့ တော်တော်လေး အဆင်ပြေတယ် ဆို"
"အရင်ကတော့ သာမန်ပါပဲ၊ အခု ဆောင်းတွင်းကျမှပဲ နည်းနည်းလေး ပိုအဆင်ပြေလာတာပါ"
ရှန်ယွီက ဆိုကာ ထမင်းဘူးများကို ဖွင့်၍ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
"မင်း ကုတင်ပေါ်မှာ ထိုင်စားလေ"
အဖေပြောရင်း ဘေးမှ ကုလားထိုင်တစ်လုံးကို ယူ၍ ဝင်ထိုင်လိုက်သည်။
"ဟုတ်ကဲ့"
ရှန်ယွီ ထမင်းဘူးကို ယူကာ ထမင်းတစ်လုပ်ကို ငုံ့စားလိုက်သည်။
တကယ်ပါပဲ... တာယွင်က ထမင်းလောက် မမွှေးပါဘူး။ မန်နေဂျာချန်၏ အာမေဍိတ်သံများစွာ ပါဝင်သော အော်ဟစ်သံမှာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အစာစားနေစဉ် စကားမပြောသော အလေ့အကျင့်မှာ အလိုအလျောက် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ရှန်ယွီသည် တိတ်ဆိတ်စွာပင် ထမင်းစားနေတော့သည်။
သူ၏ အမေနှင့် အဖေမှာမူ ရံဖန်ရံခါ စကားတစ်ခွန်း နှစ်ခွန်း ပြောဆိုကြသည်၊ အများအားဖြင့်တော့ နောက်ရက်များအတွက် အစီအစဉ်များသာ ဖြစ်သည်။ သူ၏အမေမှာ နောက်ရက်များတွင် ကုမ္ပဏီသို့ သွားမည်မဟုတ်သော်လည်း၊ သူ၏အဖေမှာမူ အားလပ်ရက်ဖြစ်သဖြင့် လုပ်စရာ သိပ်မရှိပါဘူး။
ဘာလို့ မင်း.... မမေးကြည့်တာလဲ? ချန်ကျန့်၏ စကားလုံးများမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင် ဖြစ်သည်။
ချန်ကျန့်အနေဖြင့် သူ ခံစားနေရသည်ကို အပြည့်အဝ နားလည်နိုင်မည် မဟုတ်ပါဘူး။ စီအီးအိုလျူ နှင့် ရှန်ယွီ၏ အဖေတို့မှာ အလွန်ပင် လွတ်လပ်စွာ ရပ်တည်နိုင်သူများ ဖြစ်ကြသည်။ သူတို့သည် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သော်လည်း အမြဲတမ်း နီးကပ်သော်လည်း စိမ်းသက်သော ဆက်ဆံရေးမျိုးကိုသာ ထိန်းသိမ်းထားခဲ့ကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး လေးစားကြသည်၊ ဆွဲဆောင်မှု ရှိကြသည်ဟု ယူဆကြသည်။ သို့သော် သူတို့နှစ်ဦးစလုံးမှာ တစ်ဦးမရှိလျှင် မနေနိုင်သူများ မဟုတ်ကြသလို၊ တစ်ဦးပေါ်တွင် အမှီပြုရန် လိုအပ်သူများလည်း မဟုတ်ကြပါဘူး။
အမေတို့က ကျွန်တော် စိတ်ပူမှာကို တကယ်ကြီး ကြောက်နေကြတာလား၊ ဒါမှမဟုတ် ဒါကို သုံးပြီး ကျွန်တော့်ကို အတင်းပြန်ခေါ်နေတယ်လို့ ထင်မှာကို ကြောက်နေကြတာလား၊ ဒါမှမဟုတ် ဒါက အမေတို့ဘာသာ ဖြေရှင်းနိုင်တဲ့ ကိစ္စမို့လို့ သားဖြစ်သူအပေါ် အားကိုးဖို့ မလိုဘူးလို့ ယူဆနေကြတာလား....
သူသည် ထိုမေးခွန်းကို ထုတ်ဖော်မေးမြန်းရန်ထက်၊ ထွက်ပေါ်လာမည့် မသေချာသော အဖြေကို ပို၍ ကြောက်ရွံ့နေမိလေတော့သည်....။
_____________________________________________________________
Comments
Post a Comment