အခန်း (၈) ငါ့အသက်ကို စာသားပြစက် (Teleprompter) က ကယ်တင်ခဲ့တာ
အဲဒီအချိန်မှာပဲ ဖန်းဟွရဲ့ လက်ထောက်က အပြေးအလွှား ရောက်လာပြီး သူတို့နှစ်ယောက်ကြားက တင်းမာနေသည့် အခြေအနေကို သတိထားမိသွားတော့ အသံကိုနှိမ့်ပြီး သတိပေးစကားပြောသည်။
"အစ်ကိုဖန်း... စင်နောက်ဘက်မှာ သွားစောင့်သင့်ပြီနော်။ အစ်ကို့အလှည့် ရောက်တော့မယ်"
ဖန်းဟွသည် ယွီနျန့်ကို တစ်ချက်စိုက်ကြည့်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ လှည့်ထွက်သွားပါတော့၏။
ယွီနျန့်က ပြန်ထိုင်လိုက်ပြီး မျက်လုံးကို နှစ်စက္ကန့်လောက် မှိတ်ထားလျက်… ဖန်းဟွ ဆိုသော လူနဲ့ပတ်သက်သမျှ အကြောင်းအရာအားလုံးကို စိတ်ထဲကနေ ဖယ်ထုတ်ပစ်လိုက်ပြီး သူ့ရှေ့က သီချင်းစာသားစာရွက်ဆီကိုပဲ အာရုံပြန်စိုက်လိုက်သည်။
သူက သီချင်းစာသား ကျက်မှတ် သည့် နေရာမှာ တကယ်ကို ညံ့ဖျင်းတယ်ဆိုတာကို အမြဲတမ်း သိနေခဲ့ပြီးသား။ ဒါကြောင့်လည်း နာမည်ကြီး အမျိုးသမီးအဆိုတော် ယွီချင်း ရဲ့ လူကြိုက်များသော သီချင်း Wild ကို ခက်ခဲမှုအဆင့် နည်းလိမ့်မည်ဟု ထင်ပြီး သတိထားရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ သူ မမျှော်လင့်ထားတာကတော့ အခုထိ သီချင်းစာသားတွေကို မမှတ်မိသေးတာပါပဲ။
ကြည့်ရတာ သူဟာ စာသားပြစက်ကိုပဲ အားကိုးရတော့မယ့်ပုံပါပဲ။
စောင့်ဆိုင်းရသည့် အချိန်က အရမ်းကြီး မကြာလှပေမဲ့ သူက နောက်ဆုံးမှ ဖျော်ဖြေရမည့်သူ ဖြစ်တာကြောင့် အဝတ်လဲခန်းထဲက လူအားလုံး ထွက်သွားတဲ့အထိ စောင့်နေခဲ့ရသည်။
ယွီနျန့်က သူ တကယ်ပဲ အရမ်း စိတ်လှုပ်ရှားနေလိမ့်မည်ဟု အစက ထင်ထားခဲ့တာ။ ဒါပေမဲ့ စင်မြင့်ထက်နဲ့ နီးကပ်လာလေလေ၊ သူ ပိုပြီး တည်ငြိမ်လာလေလေပါပဲ။ Headset ကို တပ်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ နှလုံးခုန်သံဟာ ပုံမှန်အတိုင်းတောင် ပြန်ဖြစ်သွားခဲ့သေး၏။
စတိုင်လစ် က သူ့နောက်ဆုံးအဆင့် အပြင်အဆင်တွေကို ကူညီညှိနှိုင်းပေးသည်။ အစစအရာရာ အဆင်ပြေပြီဆိုတာ သေချာမှ ယွီနျန့်ဟာ သူ့လက်ကောက်ဝတ်မှာ ပတ်ထားသည့် အနက်ရောင် ဇာဖဲကြိုးစလေး ကို ဖြည်လိုက်သည်။ ပြီးနောက် ဘယ်ဘက်နားအထက်ကနေ စတင်ကာ ညာဘက်နားကို ဖြတ်ပြီး သူ့ မျက်လုံးတွေကို စည်းနှောင်လိုက်ပါတော့သည်။ နောက်ဆုံးမှာတော့ အနောက်ဘက်မှာ အသေသပ်ဆုံး အထုံးလေးတစ်ခု ထုံးပေး၏။
အရာအားလုံး ပြည့်စုံသွားပြီလို့ သေချာတဲ့အခါမှာတော့ သူဟာ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ရှေ့က ဝေဝါးနေတဲ့ မြင်ကွင်းအာရုံကို ကျင့်သားရအောင် ကြိုးစားလိုက်သည်။ အဲဒီနောက်မှာတော့ စတိုင်လစ်ဆီကနေ အသက်ရှူမှားလောက်အောင် အံ့သြသွားသည့် အသံကို သူ ကြားလိုက်ရသည်။
ယွီနျန့်၏ နှုတ်ခမ်းအစုံက ပြုံးယောင်သန်းသွားပြီး သူက ဇာဖဲကြိုးစကြားကနေ စတိုင်လစ်ကို ကြည့်ပြီး မေးမိသည်။
"ဘယ်လိုနေလဲဟင်"
"မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေတယ်!"
စတိုင်လစ် က ယွီနျန့်ရဲ့ ဖြူဖွေးသည့် အသားအရေနဲ့ အနက်ရောင် ဇာသားစလေး ထိတွေ့နေသော အလှတရားကို ငေးကြည့်ရင်း ချီးကျူးစကားကို လှိုက်လှဲစွာဆို၏။
"တကယ်ကို ကြည့်ကောင်းလွန်းတယ် ။ ကြိုးစားခဲ့နော်!"
"ဟုတ်ကဲ့ပါ ခင်ဗျာ"
ယွီနျန့်က နားကြပ်ကို နောက်ဆုံးအကြိမ် ပြန်ညှိလိုက်ရင်း "ကျေးဇူးတင်ပါတယ်နော်" လို့ လည်း ငြင်သာစွာ ပြန်ပြောခဲ့ဖို့ မမေ့။
အခုတော့ သူ စင်ပေါ်တက်ရမယ့် အလှည့်ကို ရောက်ရှိလာပါပြီ။
Lifting platform က စင်အောက်ကနေ တဖြည်းဖြည်း စင်ပေါ်အရောက်တွင် ရပ်တန့်သွားသည့အခါ ယွီနျန့်ဟာ ဝေဝေဝါးဝါး အမြင်အာရုံနှင့် အရင်လေ့ကျင့်ခန်းတုန်းက မှတ်သားထားသည် များကိုအသုံးချပြီး စင်ပေါ်မှာ တည်ငြိမ်စွာ ရပ်နေလျက်။ အဲဒီအခိုက်အတန့်မှာပဲ ရေတွက်လို့မရသည့် မီးရောင်စုံတွေဟာ သူ့ဆီမှာ စုဆုံသွားကြပြီး သူဟာ စင်မြင့်ထက်ရဲ့ တစ်ဦးတည်းသော အာရုံစိုက်ရာလေး ဖြစ်လာပါတော့သည်။
ဒါရိုက်တာကလည်း အချိန်မဆိုင်းဘဲ သူ့ရဲ့ အနီးကပ်ပုံရိပ်ကို စခရင်အကြီးကြီးပေါ်မှာ ချက်ချင်း ပြသလိုက်သည်။
ယွီနျန့်ရဲ့ ကိုယ်လုံးလေးက သွယ်လျပြီး မတ်တပ်ရပ်နေပုံက ဖြောင့်စင်းကျော့ရှင်းနေသည်။ အနက်ရောင် ဘောင်းဘီရှည်ကို ဖိနပ်ထဲ ထည့်ဝတ်ထားတာကြောင့် သူ့ရဲ့ ခြေသလုံးကြွက်သား အချိုးအစားကျနမှုကို ပေါ်လွင်စေသည်။ ပိုးသားရှပ်အင်္ကျီ၏ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားတာကြောင့် လှပသည့် ညှပ်ရိုးလေးတွေကလည်း ပေါ်လွင်နေပြီး၊ အင်္ကျီလက်ကို တံတောင်ဆစ်အထိ လိပ်တင်ထားတာကြောင့် ကျစ်လျစ်သော လက်ဖျံ၊ သွယ်လျလျ လက်ကောက်ဝတ်နဲ့ လက်ချောင်းလေးတွေကို မြင်တွေ့နေရပြီ။
အကြည့်လွှဲဖို့ အခက်ခဲဆုံးကတော့ သူ့ရဲ့မျက်နှာပါပဲ။ မျက်လုံးတွေကို ဖုံးအုပ်ထားတဲ့ အနက်ရောင်ဇာသားစဟာ သူ့ရဲ့ရုပ်ရည်ကို ထိခိုက်စေခြင်းမရှိတဲ့အပြင် ပိုမိုအေးစက်ပြီး ဆွဲဆောင်မှုရှိသည့် အရောင်အသွေးတစ်မျိုးကိုပါ ထပ်လောင်းဖြည့်စွက်ပေးလိုက်သလိုပါပဲ။
ပရိသတ်တွေအားလုံး တိတ်ဆိတ်ငြိမ်သက်သွားချိန်မှာတော့ တယော၏ တက်ကြွသောဂီတသံက ဦးစွာဟိန်းထွက်လာသည်။ အသက်ရှူသံအနည်းငယ်အကြာမှာပဲ စတူဒီယိုအတွင်းရှိ အသံချဲ့စက်တွေကတစ်ဆင့် အလွန်ကြည်လင်ပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းရဲ့အသက်ရှူသံကို ရုတ်တရက် ဖမ်းစားလိုက်တော့၏။
မုန့်ယွမ်က စင်အောက်မှာ ရပ်နေရင်း စင်မြင့်အလယ်က ယွီနျန့်ကို မော့ကြည့်ကာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
ဒါဟာ သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့သူပဲ။
အနက်ရောင်ဇာသားစဟာ စင်ပေါ်က ငွေရောင်မီးလင်းအားတွေကို ပြန်ဟပ်နေလျက်။ မျက်ဝန်းထောင့်အထိ ဝဲကျနေသည့် နက်မှောင်သည့် ဆံနွယ်တွေ၊ ပေါ်လွင်နေသော နှာတံစင်းစင်းလေး၊ ပြတ်သားသည့်နှုတ်ခမ်းအစုံနဲ့ ပြည့်စုံလွန်းသည့် မေးရိုးအလှတို့ဟာ... မျက်လုံးတွေကို ဖုံးအုပ်လိုက်သည့်အခါမှာတော့ ကြည့်ရှုသူအားလုံးကို ရင်သပ်ရှုမောသွားစေသည်။
ယွီနျန့်၏အသံက အလွန်ကြည်လင်နေပြီး ကကွက်တစ်ခုချင်းစီဟာလည်း တီးလုံးစည်းချက်နဲ့အညီ ထပ်တူကျနေသည်။ သူ့ခန္ဓာကိုယ်က ကြွက်သားတိုင်းဟာလည်း သူ့ရဲ့အမိန့်ပေးမှုကို လုံးဝနာခံနေကြသလိုပါပဲ။
မုန့်ယွမ်ဟာ အမှောင်ထုဖုံးလွှမ်းပြီးနောက်ပိုင်း (၃၃) ထပ်မြောက်ကို သူသွားခဲ့သည့်နေ့ကို ပြန်သတိရမိသွားသည်။ အဲဒီတုန်းက လေ့ကျင့်ရေးအခန်းထဲမှာ မီးတွေ လင်းထိန်နေခဲ့တာပါ။ ယွီနျန့်ဟာ သူကိုယ်တိုင် ပင်ပန်းနေတာကိုတောင် သတိမထားမိတဲ့ပုံစံမျိုး။ လေ့ကျင့်ပြီးတဲ့အခါ မောဟိုက်နွမ်းနယ်စွာနဲ့ ကြမ်းပြင်ပေါ်မှာ လှဲချလိုက်ပေမဲ့ မိနစ်အနည်းငယ်အကြာမှာတော့ သူ့ဘာသာသူ ပြန်ထရပ်ပြီး ဆက်လက်လေ့ကျင့်နေခဲ့တာတွေ…
သူဟာ မုန့်ယွမ် မြင်ဖူးသမျှ အနုပညာရှင်တွေထဲမှာ ပါရမီအရှိဆုံးနဲ့ အကြိုးစားဆုံးသူတွေထဲက တစ်ယောက်ပါပဲ။
သီချင်းရဲ့ အရှိန်အမြင့်ဆုံးအပိုင်းကို ရောက်သည့်အခါ ယွီနျန့်၏ သွယ်လျသည့်ခါးလေးက အားစိုက်ထုတ်ကာ တစ်ပတ်လှည့်လိုက်သည်။ ပြီးနောက် ဘယ်ဘက်လက်ကို မြှောက်ကာ အနက်ရောင်ဖဲကြိုးစ၏ အဖျားတစ်ဖက်ကို အားအနည်းငယ်နဲ့ ဆွဲဖြုတ်လိုက်ပါတော့သည်။ နောက်တစ်စက္ကန့်မှာတော့ မျက်နှာဖုံးဇာစက ကြွေကျသွားပြီး လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်သည့် မျက်ဝန်းလဲ့လဲ့အစုံဟာ အားလုံးရဲ့ရှေ့မှာ ပေါ်ထွက်လာခဲ့ပြီ။
ယွီနျန့်က ကင်မရာကိုကြည့်ပြီး ခပ်တိုးတိုးလေး ရယ်မောလိုက်ပြီး သူ့ရဲ့မျက်ဝန်းတွေဟာ နဂါးငွေ့တန်း
ဂလက်ဆီထဲက ကြယ်စင်ရေစင်တွေကို ခပ်ယူထားသလိုမျိုး တလဲ့လဲ့နှင့်…
မုန့်ယွမ်တစ်ယောက် ပရိသတ်တွေဆီကနေ အံ့သြတုန်လှုပ်သံတွေနဲ့ အော်ဟစ်အားပေးသံတွေကိုပါ ကြားလိုက်ရပါတော့သည်။ ယွီနျန့်ဟာ လူထောင်ပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံယူဖို့အတွက် စင်မြင့်ထက်မှာ ရပ်တည်နေသင့်တဲ့သူ တစ်ယောက်ပဲ။ ရိုက်ကူးရေးတောင် မပြီးသေးပေမဲ့ မုန့်ယွမ်ကတော့ သူကြိုတင်ပြင်ဆင်ထားသည့် သတင်းစာမူတွေအားလုံးကို အခုချက်ချင်း ဖြန့်ဝေလို့ရပြီလို့ သတင်းပို့လိုက်သည်။
သီချင်းက အရမ်းမရှည်ပါဘူး၊ အစပိုင်း တီးလုံးနဲ့ပါဆိုရင် လေးမိနစ်ကျော်လောက်ပဲ ကြာ၏။ နောက်ဆုံး စည်းချက်ကျသွားသောအခါ ယွီနျန့်ဟာ ငြိမ်သက်စွာ ရပ်တန့်လိုက်သည်။ သူဟာ စင်ပေါ်ကို ပစ်ချထားခဲ့သည့် အနက်ရောင် ဇာဖဲကြိုးစလေးကို ပြန်ကောက်ယူပြီး သူ့ရဲ့ ညာဘက်လက်ကောက်ဝတ်မှာ ပတ်လိုက်သည်။ ပြီးနောက် ပရိသတ်တွေဘက်ကို မျက်နှာမူပြီး အလေးအနက် အရိုအသေပေးလိုက်ပါတော့၏။
ချွေးတွေစိုနေသည့် သူ့ရဲ့ဆံနွယ်တွေဟာ လှုပ်ရှားမှုနဲ့အတူ လွင့်ခါသွားပြီး အနည်းငယ် နီမြန်းနေသည့် မျက်ဝန်းလေးတွေကို ပေါ်လွင်စေလျက်
"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ယွီနျန့် ပါ။"
သီချင်းဆိုရင်း ကခုန်ထားရတာကြောင့် သူ အသက်ရှူ မမှန်သေးပါဘူး။ အသက်ရှူနှုန်းကို ပြန်ထိန်းပြီးတဲ့နောက် ယွီနျန့်ဟာ ပရိသတ်ထိုင်ခုံတန်းတွေဆီကို အနည်းငယ် စိုးရိမ်တကြီး ကြည့်လိုက်ရင်း
"အားလုံးပဲ......... ကျွန်တော့်ကို တုံ့ပြန်မှုလေး တစ်ခုခုလောက် ပေးလို့ရမလားဟင်" လို့ မေးလိုက်ရသည်။
နောက်တစ်စက္ကန့်မှာတော့ နားကွဲမတတ် အော်ဟစ်အားပေးသံတွေက ပရိသတ်တွေဆီကနေ ပေါက်ကွဲထွက်ပေါ်လာပါတော့သည်။ ယွီနျန့်က သူ့ရဲ့ ဘယ်ဘက်လက်ဝါးကို နားရွက်နောက်မှာ ကပ်လိုက်ပြီး ပြုံးလျက် ထပ်မေးသည်။
"ဒီထက် ပိုကျယ်ကျယ် အော်ပေးလို့ ရမလားဟင်"
"ယွီနျန့်... ယွီနျန့်...!!"
ယွီနျန့်က လက်ကို ပြန်ချလိုက်ပြီး နားကြပ်ကို တစ်ခါပြန်ညှိကာ ပြုံးလျက်
"ဒီမှာရှိနေတဲ့ လူတိုင်း ကျွန်တော့်ကို အသိအမှတ်ပြုကြတယ်လို့ ခံစားရတယ်ဗျာ။"
သူက ပါးလေးဖောင်းအောင် လေမှုတ်ထုတ်လိုက်ပြီး
"ဟူး ခုနက သီချင်းနဲ့ ကကွက်ကို အားလုံး သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ပရိသတ်တွေကလည်း စိတ်အားထက်သန်စွာနဲ့
"သဘောကျတယ်——!!" လို့ ပြန်အော်ကြသည်။
ပြင်းပြင်းထန်ထန် လှုပ်ရှားထားရတာကြောင့် ယွီနျန့်ရဲ့ နှလုံးခုန်သံက မြန်နေဆဲပါ။ သူဟာ မီးရောင်စုံတွေ လင်းထိန်နေသည့် ပရိသတ်ထိုင်ခုံတန်းတွေကို ကြည့်ရင်း ရုတ်တရက် စကားလုံးတွေ ပျောက်ရှသွားတာကြောင့် အသာအယာပဲ နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပါတော့သည်။
ဝန်ထမ်းတွေရဲ့ နောက်ကနေ စင်နောက်ဘက်က နားနေဆောင်ဆီကို လိုက်သွားတဲ့အခါ ယွီနျန့်ဟာ သူ့ကို ကမ်းပေးတဲ့ ရေသန့်ဘူးကိုယူပြီး တစ်ဝက်လောက်ကို တစ်ကျိုက်တည်းနဲ့ သောက်ချလိုက်၏။
တစ်စုံတစ်ယောက်က သူ့ကို မေးလာသည်က
"မင်းရဲ့ ဖျော်ဖြေမှုကို မင်းကိုယ်တိုင် ဘယ်လို အမှတ်ပေးမလဲ" ဟူ၍။
ယွီနျန့်က လက်ကောက်ဝတ်မှာ ပတ်ထားသည့် အနက်ရောင် ဇာဖဲကြိုးစလေးကို ဆွဲရင်း မျက်နှာမှာ အပြုံးတစ်ခုနဲ့
"စင်ပေါ်က ဆင်းလာတော့ ကျွန်တော့်အေးဂျင့် ပြုံးနေတာကို တွေ့လိုက်ရတယ်... ဒါဆိုရင်တော့ တော်တော်လေး ကောင်းခဲ့တယ်လို့ ပြောလို့ရမလားပဲနော်"
ကင်မရာကတော့ ရိုက်ကူးနေဆဲပါ။ ယွီနျန့်က ကင်မရာကိုကြည့်ပြီး ခဏလောက် စဉ်းစားလိုက်ကာ သူ့ရဲ့ ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်ပြီး "ကျွန်တော် ဆက်ပြီး ရှိနေချင်ပါသေးတယ်" ဟု ထပ်ဖြည့်ပြောသေး၏။
နားနေဆောင် တံခါးပွင့်သွားတာနဲ့ လူရိပ်တစ်ခုက ပြေးဝင်လာပြီး ဝက်ဝံကြီးတစ်ကောင်လို သူ့ကို အားကြီးနဲ့ ဖက်ပါလေရော။ ယွီနျန့် နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်ရပြီး အားကိုးရာမဲ့စွာ ပြုံးလျက်
"ရှမင်းရှီးရေ... မင်းက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အားသန်နေရတာလဲ"
ရှမင်းရှီးကတော့ ယွီနျန့်ပြောတာကို ဂရုမစိုက်အားပါဘူး။ သူက စိတ်လှုပ်ရှားစွာနဲ့
"ဘုရားရေ... မင်းရဲ့ ဖျော်ဖြေမှုက တကယ်ကို အံ့သြဖို့ကောင်းတာပဲ! အဲဒီမှာ…"
သူက သင့်တော်သည့် နာမဝိသေသနကို ရှာမရတော့တာကြောင့် လက်နှစ်ဖက်ကို အစွမ်းကုန်ဆန့်ပြီး အမူအရာနဲ့ပဲ ပြလိုက်ရသည်။
"အဲဒီလောက်ကြီးကို ကောင်းတာဗျာ!"
ကင်မရာရှေ့မှာတော့ ကျောက်ရို့၊ ရွှီရွှမ် နဲ့ ဆိုဖာပေါ်မှာ ထိုင်နေသည့် ဖန်းဟွ တို့အားလုံးဟာ အချင်းချင်း ဂုဏ်ပြုစကား ဆိုကြသည်။ ယွီနျန့်ကလည်း ကျေးဇူးတင်စကား ပြန်ပြောလိုက်ပြီး အချင်းချင်း မြှောက်ပင့်ချီးကျူးကြသည့် "ရင်းနှီးပုံဖော်ရတဲ့ မြင်ကွင်း" လေးကို အောင်အောင်မြင်မြင် အဆုံးသတ်လိုက်ပါတော့သည်။
နားနေဆောင်ထဲမှာ ချိတ်ဆွဲထားသော ဖန်သားပြင်အသေးစားလေးထဲမှာတော့ အရှေ့က ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေဟာ အမှတ်ပေးနေကြပါပြီ။ ဒီအပိုင်းမှာ ရိုက်ကွင်းရှော့ အများကြီး မသုံးတာကို အခွင့်ကောင်းယူပြီး ပြိုင်ပွဲဝင် ငါးယောက်စလုံး စကားပြောတာကို ရပ်လိုက်ကြပြီး ရလဒ်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
ရှမင်းရှီးကတော့ ငြိမ်ငြိမ်မထိုင်နိုင်ပါဘူး။ သူက ယွီနျန့်ဘေးနားကို တိုးကပ်သွားပြီး အသံတိုးတိုးနဲ့ မေးလိုက်သည်။
"ငါ နည်းနည်းလောက် စပ်စုချင်လို့ရယ်"
ယွီနျန့်က ဖန်သားပြင်လေးကို ကြည့်နေရင်း သူ့ဘက်ကို အသာလေး တိုးပေးလိုက်ကာ
"ဘာမေးချင်လို့လဲ"
"မင်း မျက်လုံးကို စည်းထားတာလေ စာသားပြစက်ကို ဘယ်လိုလုပ် မြင်ရတာလဲ"
ယွီနျန့်ရဲ့ လေသံက ပိုပြီးတိုးသွားကာ နည်းနည်းလေးတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။
"မျက်လုံးစည်းထားတဲ့ အချိန်မှာ ဆိုရမဲ့ စာသားတွေကိုပဲ အာရုံစိုက်ပြီး သေချာ ကျက်ထားတာ။ နောက်ပိုင်း စာသားတွေကျတော့မှ စာသားပြစက် ကိုပဲ အားကိုးလိုက်ရတာ"
ရှမင်းရှီးက သူ့ပေါင်သူ ပုတ်လိုက်ပြီး
"ပါးနပ်လှချည်လား၊ နျန့်နျန့်ရာ!" ဟု အားပါးတရချီးကျူးသည်။
ယွီနျန့်က သက်ပြင်းချလိုက်ရင်း
"မင်းမသိပါဘူး။၊ ငါ သီချင်းဆိုနေတုန်း စာသားနှစ်ကြောင်းလောက်က မေ့တော့မလို ဖြစ်သွားတာ။ အဲဒီအချိန်မှာ မျက်လုံးစည်းထားတဲ့ ဇာစကို အမြန်ဆွဲဖြုတ်ပြီး စာသားပြစက်ကို တစ်ချက်လောက်ပဲဖြစ်ဖြစ် ခိုးကြည့်လိုက်ချင်စိတ် ပေါက်သွားတာ!"
အဲဒီအခိုက်အတန့်မှာ ယွီနျန့်ဟာ အမှန်တရားတစ်ခုကို နက်နက်ရှိုင်းရှိုင်း နားလည်သွားသည်က…
"ငါ့အသက်ကို စာသားပြစက်က ကယ်တင်ခဲ့တာပဲ" ဟူ၍။
ရှမင်းရှီးခမျာ ရယ်ချင်စိတ်ကို အောင့်ထားရရှာသည်။
ဆယ့်ငါးမိနစ်အကြာမှာတော့ ဝန်ထမ်းတွေက ပြိုင်ပွဲဝင် ငါးယောက်စလုံးကို စင်ပေါ်ကို ပြန်ခေါ်လာပြီး အစဉ်လိုက် ရပ်ခိုင်းထားသည်။ ကျောက်ရို့ ကတော့ ငိုထားတာကြောင့် မျက်လုံးတွေ နီရဲနေပြီး သူမက ဖုံးကွယ်ဖို့ ကြိုးစားနေပေမဲ့ အထင်အသား မြင်နေရတုန်းပါပဲ။ ဒါကြောင့် သူမဟာ ခေါင်းကို အသာငုံ့ထားပြီး ကင်မရာကို တည့်တည့်မကြည့်ရဲပါဘူး။
ကြော်ငြာတွေ ပြောပြီးတဲ့နောက်မှာတော့ အစီအစဉ်တင်ဆက်သူက ငွေရောင်စာအိတ်ကိုဖွင့်၊ ကတ်ပြားကို ထုတ်လိုက်ပြီး မဲရလဒ်တွေကို စတင်ဖတ်ကြားပါတော့သည်။
"အခုတစ်ခါ ရလဒ်ကြေညာမှုကိုတော့ အလယ်ကနေ စတင်ပါမယ်။ တတိယဆုကို အရင်ဆုံး ကြေညာပါ့မယ်။"
တင်ဆက်သူက ပရိသတ်တွေကို ဝေ့ကြည့်လိုက်ပြီး "တတိယရရှိသူကတော့..... ရှ မင်း ရှီး ပါ!"
ရှမင်းရှီးဟာ တော်တော်လေး အံ့သြသွား၏။ သူဟာ ကိုယ့်အရည်အချင်းကို ကိုယ်သိသူပါ။ သီချင်းဆိုတာနဲ့ ကတာမှာ မိဘတွေဆီက ပါရမီ စိုးစဉ်းမျှ မရခဲ့ဘဲ တတိယ ရလိမ့်မယ်လို့ မထင်ထားတာကြောင့် ပရိသတ်တွေကို ကျေနပ်အားရစွာ လက်ပြလိုက်ပြီး စိတ်အခြေအနေ အရမ်းကောင်းနေတော့၏။
"ဒုတိယဆုကတော့..... ရွှီရွှမ် ပါ!"
ရွှီရွှမ်လည်း နည်းနည်းတော့ အံ့သြသွားသည်။ သူမက တတိယ ဒါမှမဟုတ် စတုတ္ထလောက်ပဲ ရမယ်လို့ ထင်ထားတာပါ။ အထူးသဖြင့် ယွီနျန့်ရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီးတဲ့နောက် ပထမနေရာအတွက် မမျှော်လင့်ရဲတော့ပါဘူး။ အခုတော့ ရှမင်းရှီးကို ကျော်ဖြတ်ပြီး ဒုတိယ ရသွားခဲ့ပါပြီ။
အဲဒီအချိန်မှာ ကျောက်ရို့ ကတော့ သူမရဲ့ အဆင့်ကို ကြိုတင်ခန့်မှန်းမိသွားပုံရပြီး မျက်ရည်တွေ ထပ်ဝဲလာသည်။ ယွီနျန့်ဟာ ဘေးကနေ သူမရဲ့ ရှိုက်သံသဲ့သဲ့လေးကိုတောင် ကြားနေရ၏။ ဖန်းဟွ ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရလဒ်ကို တောင့်တောင့်ကြီး စောင့်နေသည်။
"အခု စတုတ္ထဆုကို ကြေညာပါ့မယ်......"
အစီအစဉ်တင်ဆက်သူက ကြော်ငြာရှင်တွေရဲ့ အမည်ကို တစ်ခါထပ်ပြောပြီး အချိန်ဆွဲလိုက်ပြီးမှ
"စတုတ္ထရရှိသူကတော့..... ဖန်းဟွ ပါ!"
ဖန်းဟွရဲ့ မျက်နှာ အကြီးအကျယ် ပျက်သွားပါတော့သည်။ ဒါပေမဲ့ ကင်မရာရှေ့မှာမို့လို့ ဘာအမူအရာမှ ထပ်မပြရဲဘဲ အောင့်သက်သက်နဲ့ပဲ နေနေရ၏။
ရလဒ်ကြေညာချက်အပြီးမှာ ယွီနျန့်ဟာ သက်ပြင်းချနိုင်သွားပါပြီ။ ပရိသတ်တွေကြားထဲမှာတော့ သူ့နာမည်ကို အော်ဟစ်ခေါ်ဆိုသံတွေဟာ တစတစ ထွက်ပေါ်လာသည်။
"အခု 'သဘာဝတရား၏ အသံ' ဒုတိယရာသီ၊ ပထမအဆင့်မှာ နံပါတ် (၁) ရရှိသူကို ကြေညာပါ့မယ်။
သူကတော့..... ယွီ နျန့် ပါ!! ဂုဏ်ယူပါတယ်!"
……….
ရိုက်ကူးရေး ပြီးဆုံးသွားတဲ့အခါ ငါးယောက်စလုံး စင်နောက်ဘက်ကို တစ်ယောက်ပြီးတစ်ယောက် လျှောက်လာကြသည်။ ယွီနျန့်ဟာ ဖန်းဟွ၏ မကျေမနပ် မှောင်မှိုင်နေသည့် အကြည့်တွေကို သတိထားမိပေမဲ့ သူ့ကို ပြုံးပြလိုက်ပြီး ရှေ့ကို ဆက်လျှောက်သွားသည်။
"ယွီနျန့်"
ဖန်းဟွ သူ့ကို ခေါ်လိုက်တာကြောင့် ယွီနျန့်ဟာ ယဉ်ယဉ်ကျေးကျေးပဲ ရပ်လိုက်ပြီး
"တခြား ကိစ္စရှိသေးလို့လားခင်ဗျာ" လို့ မေးပေးသည်။
ဖန်းဟွရဲ့ မျက်နှာက မှောင်မှိုင်နေပြီး သူ့ရဲ့ လည်စေ့က နိမ့်ချည်မြင့်ချည်နဲ့ လှုပ်ရှားနေလျက်
"ဒီတစ်ခါတော့ မင်းက လှည့်ကွက်တချို့ သုံးသွားတာပဲ။ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ ဒါမျိုး ထပ်ပြီး အောင်မြင်မှာ မဟုတ်ဘူး၊ နောက်တစ်ခါကျရင်…"
ယွီနျန့်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
"နောက်တစ်ခါကျရင်လည်း... ကျွန်တော်ပဲ နံပါတ် (၁) ထပ်ဖြစ်မှာပါ။"
တစ်ဖက်လူက သူ့ကိုကြည့်ပြီး ဒေါသတွေ ထွက်နေပေမဲ့ ဘာမှလုပ်မရဘဲ အောင့်သက်သက် ဖြစ်နေတာကို မြင်ရတာက တကယ်ကို စိတ်ကျေနပ်စရာကောင်းမှန်း ယွီနျန့် ရုတ်တရက် သတိပြုထားမိလိုက်သည်။
"ခင်ဗျား မယုံဘူးဆိုရင်တော့ နောက်တစ်ခါကျရင် သေချာစောင့်ကြည့်နေလိုက်ပေါ့"
ဒါပေမဲ့ သူ အဝတ်လဲခန်း တံခါးဝကို ရောက်သွားတဲ့အခါမှာတော့ သူ့ရဲ့ အေးစက်စက် အမူအရာလေးဟာ မုန့်ယွမ်၏ ပွေ့ဖက်မှုကြောင့် နေထိသည့် မြူလေးပမာပျက်ပြယ်သွားပါတော့သည် ။ မုန့်ယွမ်က သူ့ကို ဖက်ထားရင်း
"ငါ ပြောလိုက်မယ်... မင်းသာ တစ်နေ့ကျရင် နာမည်မကြီးလာဘူးဆိုရင်တော့ ဒါဟာ နတ်ဘုရားတွေတောင် ခွင့်မလွှတ်နိုင်တဲ့ ကိစ္စပဲကွ!"
မုန့်ယွမ်ကိုလည်း ကြိုက်တယ်
ReplyDelete