Skip to main content

84








အပိုင်း (၈၄)

သူ့ရှေ့တွင် မြင်နေရသည်မှာ ရှန်ယွီ၏ မျက်နှာဖြစ်ပြီး၊ နေရောင်စူးစူးအောက်တွင် ရွှေဝါရောင် အနားသတ်လေးများဖြင့် ဝေဝါးနေသည်။ အရေပြားအောက်တွင်တော့ နှလုံးခုန်သံနှင့်အတူ အာရုံကြောများက စည်းချက်ညီညီ ခုန်လှုပ်နေလျက်။

အပူပေးစက်ကို အတင်လွန်သွား၍လား၊ သို့မဟုတ် မွန်းလွဲပိုင်း နေရောင်ခြည်က နွေးထွေးလွန်း၍လားမသိ၊ ချန်ကျန့်တစ်ယောက် အသက်ရှူရခက်ခဲလာသလို ခံစားရသည်။ အသက်တစ်ချက်ရှူတိုင်းပင် ပင်ပန်းနေပြီး ခပ်ပြင်းပြင်း အသက်ရှူသံများကို အတိုင်းသား ကြားနေရသည်။

ရှန်ယွီသည်လည်း ထိုနည်းတူပင်။ ယင်း၏ ပူနွေးသော အသက်ရှူသံများမှာ နားနားတွင် ရောယှက်နေပြီး၊ ကားပြတင်းပေါက် အပြင်ဘက်က နေရောင်ခြည်ထဲတွင် လိုက်ပါတိုက်ခတ်နေသော လေပြေများကဲ့သို့ပင်။ တစ်ခဏအတွင်းမှာတော့ မည်သူ့အသက်ရှူသံက မည်သူ့ဟာမှန်း ခွဲခြား၍မရတော့ဘဲ၊ ကိုယ်ခန္ဓာအနှံ့ ပွတ်သပ်နေသော လက်ချောင်းများ၏ စည်းချက်အတိုင်းသာ နိမ့်တုံမြင့်တုံ ဖြစ်နေတော့သည်။

တတိယမြောက် ကားတစ်စီးက ဖုန်မှုန့်များလွင့်နေ‌ေအောင် သူတို့ဘေးမှ အရှိန်ဖြင့် ဖြတ်မောင်းသွားသည့်အခါ၊ ကားအတွင်း၌ ပြည့်နှက်နေသော အမောတကော အသက်ရှူသံများမှာ ဖြည်းဖြည်းချင်း ပြယ်လွင့်သွားခဲ့သည်။ နေရောင်ခြည်မှာလည်း ပြန်လည် ကြည်လင်လာ၏။ ခြောက်သွေ့နေသော သစ်ကိုင်းလေးတစ်ခု ကားမှန်ဘေးမှ လွင့်ထွက်သွားပြီး ကားခေါင်းပေါ်သို့ အသာအယာ ကျကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

ချန်ကျန့် မျက်လုံးမှိတ်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။

ရှန်ယွီက ရှေ့က အံဆွဲထဲသို့ လက်လှမ်းကာ တစ်ရှူးအစိုအချို့ ထုတ်ပေးပြီးနောက်၊ ဘေးစောင်းလျက် ယာဉ်မောင်းထိုင်ခုံပေါ်သို့ ပြန်မှီချလိုက်သည်။

“ကား သုံးစီးတောင် ဖြတ်သွားတာ....”

ချန်ကျန့် အလျင်အမြန်ပင် ကိုယ်ကို ပြန်မတ်လိုက်ပြီး ထိုင်ခုံနောက်ကျောကို အားပြုကာ အနောက်ကို လှည့်ကြည့်သည် ။

“ဒီထိုင်ခုံကို ဘယ်လို ပြန်တင်ရတာလဲ”

“မင်းက ကားအရေအတွက်ကိုတောင် ရေတွက်နေတာလား”

ရှန်ယွီက တခစ်ခစ် ရယ်မောရင်း ကားတံခါးပေါ်က ခလုတ်တစ်ခုကို နှိပ်ပေးလိုက်သည်။

“အင်း” ထိုင်ခုံနောက်ကျောမှာ ဖြည်းဖြည်းချင်း ပြန်မတ်လာသည်။ ချန်ကျန့်ဘောင်းဘီခါးပတ်ကို ပြန်ပြင်ဝတ်လိုက်ရင်း

“ကျွန်တော်က စိတ်လှုပ်ရှားနေတာကိုး။ မင်းရဲ့ အေးဆေးတည်ငြိမ်မှုမျိုးကို ဘယ်သူမှ မမီပါဘူး.... တော်သေးတာပေါ့၊ ကားတစ်စီးမှ ဟွန်းမတီးလို့၊ မဟုတ်ရင် ကျွန်တော်တော့ တကယ်ကို....”

“ဘာဖြစ်လို့လဲ ။ လန့်ပြီး ရောဂါ ထသွားမှာ စိုးလို့လား”

ချန်ကျန့် သူ့ကို တစ်ချက် လှမ်းကြည့်ပြီးမှ ပြန်စဉ်းစားကာ ပြုံးလိုက်မိသည်။

“ပြန်ကြမလား” ရှန်ယွီက အမှိုက်အိတ်လေး တစ်လုံး ကမ်းပေးသည်။

“အင်း”

ချန်ကျန့် ခေါင်းညိတ်ပြပြီး သုံးပြီးသား တစ်ရှူးများကို အိတ်ထဲ ထည့်လိုက်သည်။ သူ အိတ်ကို သေသေချာချာ ချည်ကာ ခြေရင်းတွင် ထားလိုက်ပြီး၊ ပြန်ကြည့်ဖို့တောင် မဝံ့မရဲ ဖြစ်နေသည်။

“နေ့လယ်ပိုင်းလောက်က ဆန်းပင်းက ခရီးသွားအေဂျင်စီက ဒါရိုက်တာဟယ် တို့ကို ရွာဟောင်းဘက် ခေါ်သွားတယ်လေ။ ဒါရိုက်တာဟယ် က ရွာထဲမှာပဲ တစ်ခုခု စားလိုက်မယ်လို့ ပြောတာဆိုတော့ အခုဆို ပြန်ရောက်ခါနီးလောက်ပြီ”

“မင်း ကိုယ်တိုင် မလိုက်သွားဘူးလား”

ရှန်ယွီ ထိုင်ခုံခါးပတ် ပတ်ကာ ကားစက်နှိုးလိုက်သည်။

“မင်းကို လာကြိုချင်လို့လေ။ ဆန်းပင်းကလည်း ရွာဟောင်းကို တော်တော် ကျွမ်းတာပဲ၊ သူကိုယ်တိုင်လည်း ရွာမှာ ကြီးလာတာဆိုတော့.... ဒါနဲ့ မင်း စားပြီးပြီလား”

“မစားရသေးဘူး ။ နေ့လယ်က ကျန်တဲ့ ဟင်းတွေ ရှိသေးလား”

“ဘာစကား ပြောလိုက်တာလဲ၊ ဘော့စ်ကြီး ပြန်လာတာကို ကျန်တဲ့ဟင်း ကျွေးရမှာလား။ ဒုတိယလမ်းမှာ အနောက်တိုင်း စားသောက်ဆိုင် အသစ်တစ်ဆိုင် ဖွင့်ထားတယ်လေ။ သွားစမ်းကြည့်မလား”

“မင်း ဝယ်ကျွေးမှာလား” ရှန်ယွီက မေးသည်။

“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်ပြသည်။

“ကြိုက်သလောက် စား။ ဘော့စ်က ဒီလ ဘောနပ်စ် တွေ အများကြီး ပေးထားတာဆိုတော့ ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီးပဲ”

ကားလေး ဒုတိယလမ်း ဘေးတွင် ရပ်တန့်သွားသည်။ ရှန်ယွီ ကားပေါ်မှ ဆင်းကာ ရှေ့မှ “အနောက်တိုင်း စားသောက်ဆိုင်” အသစ်ကို လှမ်းကြည့်လိုက်သည်။

“ဘာဂါကင်း ” ရှန်ယွီ ချန်ကျန့်ကို လှည့်ကြည့်သည်။

“ဟုတ်တယ်လေ။ ဒါ တရုတ်စာ မဟုတ်ဘူး မဟုတ်လား”

“အေးပါ၊ ဟုတ်ပါပြီ၊ တရုတ်စာ မဟုတ်ရင်တော့ အနောက်တိုင်းစာပေါ့လေ”

“အဲ့ဒါပဲပေါ့။ လာလေ”

“မင်း ငါ့ကို စနေတာလား” ရှန်ယွီ ဆိုင်ထဲသို့ နောက်မှ လိုက်ဝင်ရင်း…

“ဒါမှမဟုတ် ကပ်စေးနှဲနေတာလား”

“နှစ်ခုလုံးပေါ့။ ဈေးလည်း သင့်တာကိုး။ ကျွန်တော် မြို့ပေါ်မှာ ကျောင်းတက်တုန်းက စားချင်စိတ် ပေါ်လာရင် ဒီမှာ လာစားနေကျလေ”

ရှန်ယွီ ဘာမှ ထပ်မပြောပါဘူး။ ဈေးတော့ သက်သာမှာပါ၊ ဒါပေမဲ့ စားချင်စိတ် ပေါ်လာမှသာ စားဖြစ်တဲ့ နေရာပေါ့လေ။ ဆိုလိုတာက ပုံမှန်ဆိုရင် ဒီထက် ပိုဈေးပေါတဲ့ဟာတွေပဲ စားခဲ့မှာပေါ့။ ချန်ကျန့် သူ့ကို အရင်က ခေါ်ကျွေးဖူးတဲ့ ‘ဂျုံပြားကြော်’ အကြောင်း ရှန်ယွီ သတိရသွားသည်။ အဲ့ဒါကတော့ တကယ်ကို ဈေးပေါပြီး အဝစားရတဲ့ အရာပဲလေ။

ချန်ကျန့်ကတော့ နေ့လယ်စာ စားပြီးသားမို့လို့၊ ရှန်ယွီ့အတွက် ဘာဂါ နှစ်ခု၊ ပိန်းဥပိုင် တစ်ခုနဲ့ ကိုလာ တစ်ခွက် မှာပေးလိုက်သည်။

ရှန်ယွီ စားပွဲပေါ်က အစားအသောက်ပုံကြီးကို ကြည့်ကာ ။

“မင်း စားပြီးပြီ ဆို”

“ဒါ မင်းအတွက် မှာပေးတာလေ”

“ငါ ထောင်က ထွက်လာခါစတုန်းကတောင် ဒီလောက် အစားမကြီးပါဘူးကွာ....”

ရှန်ယွီက ညည်းတွားသည်။

“ကုန်အောင် မစားနိုင်ရင် ကျွန်တော့်ကို ပေးလေ။ ကျွန်တော်က အစားအသောက်တွေ အများကြီး ဝယ်ထားရတာကို သဘောကျတာ။ ကြည့်ရတာလည်း ကျေနပ်ဖို့ ကောင်းသလို၊ လုံခြုံမှု ရှိသလို ခံစားရလို့ပါ”

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ သူ ချန်ကျန့်ကို တစ်ချက် ကြည့်လိုက်ပြီးမှ လက်လှမ်းကာ ချန်ကျန့်၏ မျက်နှာကို တို့ထိရန် ပြင်လိုက်သည်။ သို့သော် ရှန်ယွီ လက်မြှောက်လိုက်သည်နှင့် ချန်ကျန့်က စားပွဲပေါ်သို့ အမြန် ပြန်ဖိချလိုက်သည် ။

“ဘော့စ်... ပတ်ဝန်းကျင်ကိုလည်း အားနာပါဦး....”

ရှန်ယွီ ခေါင်းလှည့်ကာ ဝေ့ကြည့်လိုက်သည်။ ထမင်းစားချိန် မဟုတ်သော်လည်း ဆိုင်အသစ် ဖွင့်ထားသဖြင့် လူတော်တော် စည်နေလေသည်။

“ဒီမှာရှိတဲ့လူတွေထဲမှာ ခရီးသည်တွေအပြင်၊ ကျန်တဲ့လူ ထက်ဝက်ကျော်က မင်းကို သိကြတာလေ။ ပြီးတော့ လူတိုင်းက ကျွန်တော့်ကို သိကြတယ်”

ရှန်ယွီ မရယ်ဘဲ မနေနိုင်တော့ပါဘူး ။

“ငါက နာမည်ကြီး တစ်ယောက်နဲ့ ချိန်းတွေ့နေရတာပေါ့ ဟုတ်လား”

“ဟုတ်တယ်လေ။ မင်းရဲ့ အေးစက်တည်ကြည်ပြီး နည်းပညာတွေနဲ့ ပြည့်နှက်နေတဲ့ ဘော့စ်ကြီး ပုံစံကို ဆက်ထိန်းထားစမ်းပါ”

ရှန်ယွီ ပြုံးလျက် ဘာဂါကို ဖြည်ကာ တစ်လုပ် ကိုက်စားလိုက်သည်။

“မနေ့က ရှောင်သိုအာ က သူ့သူငယ်ချင်းတွေနဲ့ စကားပြောရင်း ဘော့စ်ကိုကို့ ရဲ့ ခြေထောက်က မထော့နဲ့တော့ဘူးလို့ ပြောနေတာ”

ချန်ကျန့် က ရှန်ယွီကို ငေးကြည့်ရင်း အသံတိုးတိုးဖြင့် ဆိုသည်။

“အဲ့ဒီကလေးက ပြောသေးတယ်၊ မင်းရဲ့ ခြေထောက်ထဲမှာ ရိုဘော့ တစ်ခု ထည့်ထားလို့တဲ့”

“ရှောသိုအာ ကို ပြောလိုက်လေ၊ ငါက ရိုဘော့လို့”

ရှန်ယွီက ဘာဂါကို မျိုချပြီး ကိုလာ တစ်ကျိုက် သောက်ရင်း ဆိုလိုက်သည်။

“ရှောင်သိုအာ က ယုံမှာ မဟုတ်ပါဘူး။ ရှောင်သိုအာ ရှေ့မှာတော့ မင်းက ဘာမှ လျှို့ဝှက်ချက် ရှိတဲ့လူ မဟုတ်ဘူးလေ။အဲ့ဒီကလေးက တအား ဉာဏ်ကောင်းတာ”

“သူ မူကြိုတောင် မတက်ရသေးဘူး မဟုတ်လား”

“ရွာသစ်မှာ မူကြို ရှိပါတယ်။ သူ တက်တော့ တက်တယ်၊ ဒါပေမဲ့ တစ်ခါတလေ ဂျီကျပြီး မတက်ချင်ဘူးဆိုရင် သူ့အဖိုးနဲ့ အဘွားက အိမ်မှာပဲ ထားလိုက်ကြတာပေါ့....”

“သူ မြို့ပေါ်မှာ ကျောင်းသွားတက်မှာလား”

“မသေချာပါဘူး။ ကျောင်းကိစ္စတွေက တော်တော် ရှုပ်တယ်လေ။ သူ့အဖေကတော့ မိန်းကလေးပဲဟာ၊ ဒီမှာပဲ ကျောင်းတက်လည်း ဖြစ်ပါတယ်လို့ ယူဆထားတာ။ အဖိုးနဲ့ အဘွားကတော့ သိပ်ပြီး စကားမပြောနိုင်ကြဘူးလေ”

“နှမြောစရာပဲနော်”

ရှန်ယွီက မှတ်ချက်ချသည်။ ချန်ကျန့် ဘာမှ ပြန်မပြောဘဲ သက်ပြင်း သဲ့သဲ့လေးသာ ချလိုက်မိသည်။

စားပွဲပေါ်က အစားအသောက်ပုံကြီးထဲမှ ရှန်ယွီသည် ဘာဂါ တစ်ခုနှင့် ပိန်းဥပိုင် တစ်ခုသာ စားနိုင်ခဲ့သည်။ ကျန်တာကိုတော့ ပါဆယ် ထုတ်ခိုင်းလိုက်ရသည်။

“လောင်စစ်နဲ့ လောင်ဝူတို့အတွက် ယူသွားပေးလိုက်ပေါ့။ အဲ့ဒီ နှစ်ယောက်ကတော့ အရင်ဘဝက ငတ်ပြတ်လာသလိုမျိုးကို စားနိုင်ကြတာ”

“မင်းက သူတို့ကို ပြောရဲသေးတယ်နော်။ မင်းကိုယ်တိုင်တောင် ဘဝကူးသေးတာ မဟုတ်ဘူး ။ မင်းက မူလလက်ဟောင်း ငတ်ကြီးကျနေတဲ့ သရဲ တစ်ကောင်ပဲဟာကို”

“ကျွန်တော်က တစ်နေကုန် လျှောက်ပြေးနေရတာလေ၊ အားအင်တွေ အကုန် ကုန်တာပေါ့”

“ဒါဆို ခုနက ဘာလို့ အားအင်ဖြည့်ဖို့ တစ်ခုခု မစားလိုက်တာလဲ။ ကားထဲမှာ လှုပ်ရှားရတာလည်း အားအင်တွေ ကုန်တာပဲ မဟုတ်လား”

ချန်ကျန့် ရှန်ယွီကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

“ဘာလဲ နာမည်ကြီးကြီးရယ်” ရှန်ယွီ သူ့ကို ကြည့်ကာ နှုတ်ခမ်းတစ်ဖက်ကို တွန့်ပြုံးလိုက်ရင်း

“ဒီလောက် နက်နဲတဲ့ စကားတွေကို တခြားလူတွေတော့ နားလည်မှာ မဟုတ်ဘူးနော်၊ ဟုတ်တယ်မလား”

ချန်ကျန့် တောက်တစ်ချက် ခေါက်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့တော့သည်။

အပြင်မှာ ရပ်ထားတဲ့ ကားကို မြင်လိုက်ရသည့် အခါတွင်မူ သူ ခြေလှမ်းသွက်သွားခဲ့သည်။ သူ ကားရှေ့ကို ပုတ်လိုက်ပြီး၊ နောက်သို့ နှစ်လှမ်းဆုတ်ကာ ရှေ့ကနေ တစ်ပတ်ပတ်ပြီး ငေးကြည့်နေမိသည်။

“မင်းရဲ့ တတိယအဆင့် စာမေးပွဲက ဘယ်တော့လဲ”

“သောကြာနေ့ မနက်လေ” ချန်ကျန့် ဖုန်းမြှောက်ကာ ကားကို ပုံရိုက်လိုက်သည်။

“ဆရာကတော့ ပြောပါတယ်၊ ကျွန်တော် သေချာပေါက် တစ်ခါတည်း အောင်မှာပါတဲ့။ နှစ်မကုန်ခင်တော့ လိုင်စင် ရလောက်ပါပြီ”

“နောက်ဆို မင်း ဒီကားကိုပဲ မောင်းပေါ့”

“ဟိုတစ်စီးပဲ ကောင်းပါတယ်။ တည်းခိုခန်းက လူတွေလည်း ဒီကားကို မောင်းရဲကြမှာ မဟုတ်ဘူး။ ခြစ်ရာ တစ်ခုခု ထင်သွားရင်တော့....”

“မား မောင်းတုန်းကလည်း နေရာအနှံ့ ခြစ်မိထားတာပါပဲ”

ရှန်ယွီ ကားထဲ ဝင်ထိုင်လိုက်သည်။ ချန်ကျန့် တံခါးဖွင့်ကာ ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးမှ၊ ချက်ချင်း တံခါးပြန်ဖွင့်ကာ အပြင်သို့ ခုန်ဆင်းသွားပြန်သည်။

“ဘာလုပ်မလို့လဲ”

“အမှိုက်သွားပစ်မလို့”

ချန်ကျန့် ခြေရင်းက အမှိုက်အိတ်ကို ယူကာ အနီးရှိ အမှိုက်ပုံးထဲသို့ သွားပစ်လိုက်သည်။ ရှန်ယွီ ဘာမှမပြောဘဲ မျက်နှာလွှဲကာ ပြုံးနေမိတော့သည်။ တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါ ဝင်းထဲက ကားပါကင် နေရာများမှာ ပြည့်နေလေပြီ။

“ဆန်းပင်းတို့နဲ့ ဒါရိုက်တာဟယ် တို့ ပြန်ရောက်နေကြပြီပဲ” ချန်ကျန့်က အပြင်ဆုံးက ကားနှစ်စီးကို ညွှန်ပြသည် ။

“လူ ငါးယောက် ကားနှစ်စီးနဲ့ လာကြတာလေ”

ခရီးသွား အေဂျင်စီက လူတွေကတော့ ဒါရိုက်တာလု နဲ့ ပုံစံချင်း မတူပါဘူး။

“အပြင်က လမ်းပေါ်မှာပဲ ရပ်လိုက်ရမလား”

ရှန်ယွီ ကားနောက်ဆုတ်ရန် ပြင်လိုက်သည်။

“မလိုပါဘူး။ အထဲကို ဝင်လိုက်၊ ပန်းခြံ အနောက်တံခါးနားမှာ ရပ်လို့ ရတယ်။ ကျွန်တော် တခြားဆိုင်တွေနဲ့ ပြောထားပြီးသားပါ။ အလုပ်များတဲ့ အချိန်ကျရင် အလယ်က နေရာမှာ အကုန် စုရပ်ကြတာပေါ့၊ ကားဖြတ်လို့ ရရုံ လမ်းချန်ထားရင် ရပြီလေ။ ဒီမှာ ပြည့်သွားမှပဲ အပြင်လမ်းပေါ်မှာ ရပ်ကြတာ”

“မင်းကတော့ တော်တော်လေး စီစဉ်တတ်နေပြီပဲ” ရှန်ယွီ ကားကို လမ်းကလေးအတိုင်း မောင်းဝင်လာခဲ့ပြီး တာယွင် ပန်းခြံ၏ အနောက်တံခါးနားတွင် ရပ်ထားလိုက်သည်။

“ကျွန်တော် တော်လို့ မဟုတ်ပါဘူး ။ အစည်းအဝေးက ပြန်လာကတည်းက သူတို့တွေ ကျွန်တော့်ဆီ လာပြီး သတင်းလာမေးကြ၊ မိတ်လာဖွဲ့ကြနဲ့လေ”

“ခံစားလို့ ကောင်းလား”

“ဘော့စ်ရဲ့ ကျေးဇူးကြောင့်ပါ ။ ဟို စားပွဲထိုး ကိစ္စကြောင့် ဒါ့လီ က ကျွန်တော့်ကို မြင်တိုင်း မျက်မှောင်ကြုတ်နေတာလေ။ တနင်္လာနေ့ ပြန်လာတော့မှပဲ.... သူ့မျက်ခုံးတွေက ပြန့်သွားတော့တာပဲ”

ရှန်ယွီ ပြုံးလျက် ချန်ကျန့်၏ ပါးကို လှမ်းဆွဲလိုက်သည် ။

“မင်းရဲ့ မူရင်းစရိုက်တွေ ပေါ်လာပြီပေါ့”

သူတို့ အနောက်တံခါးမှတစ်ဆင့် ပန်းခြံထဲသို့ လှမ်းဝင်လိုက်သည်နှင့် ပထမဆုံး ထွက်ကြိုသူမှာ မှိုလေး ပင်။ ပါးစပ်တွင် ဘောလုံးတစ်လုံးကို ကိုက်လျက်၊ အမြီးနန့်ကာ ရှန်ယွီ့အနားသို့ တိုးဝှေ့လာတော့သည်။

“ဒီခွေးလေးကတော့ တအား မြန်မြန် ကြီးလာတာပဲ”

ရှန်ယွီ ကိုယ်ကိုကိုင်းကာ မှိုလေး၏ ခေါင်းကို ပွတ်ပေးလိုက်သည် ။

“ငါ ဒါရိုက်တာဟယ်ကို သွားတွေ့လိုက်ဦးမယ်။ အာဟူတို့ကို ငါ့အိတ်တွေ အခန်းထဲ သယ်သွားခိုင်းလိုက်ဦး။ ဟို သေတ္တာအကြီးကြီးကိုတော့ သယ်မနေနဲ့တော့၊ အဲ့ဒါက နှစ်သစ်ကူး ပစ္စည်းတွေလေ။ ကျောက်ကျဲကိုပဲ ဘယ်မှာ ထားရမလဲ ကြည့်ခိုင်းလိုက်ပေါ့”

“ဟုတ်ကဲ့” ချန်ကျန့် ပြန်ဖြေလိုက်သည်။

“အမလေး... ဘော့စ်ရှန်!”

ဆန်းပင်း တံမြက်စည်း တစ်ချောင်းကို ကိုင်ကာ ထွက်လာပြီး ရှန်ယွီ့ကို မြင်တော့ ကြောင်သွားသည် ။

“ဘယ်တုန်းက ပြန်ရောက်တာလဲ”

“ခုနတင်ပဲ” ရှန်ယွီ သူ့ကို တစ်ချက် လှမ်းကြည့်သည် ။

“တံမြက်စည်းကို အလံလို ကိုင်ပြီး တော်လှန်ရေး လုပ်မလို့လား။ ငါ့လက်ထဲမှာ မိပြီနော်”

“အခုတင် လှည်းကျင်းလို့ ပြီးတာပါဗျာ” ဆန်းပင်းက ရှက်ပြုံးပြုံးလျက် တံမြက်စည်းကို မြေပြင်မှာ ချထားလိုက်သည် ။

“ဒါရိုက်တာဟယ် တို့က ကဖေးဆိုင်မှာ ထိုင်နေကြတယ်”

“အင်း... မင်းကတော့လေ....ဒီကိစ္စကို ညကျရင် အစည်းအဝေးမှာ ထည့်ပြောရမယ်”

“ဘယ်သူမှ မမြင်ပါဘူးဗျာ” ဆန်းပင်းက ဆိုသည်။

“ဘော့စ်ရှန် က လူမဟုတ်လို့လား”

ချန်ကျန့်က ဆိုလိုက်သည်။ ရှန်ယွီ ချန်ကျန့်ကို တစ်ချက် လှမ်းကြည့်သည်။

“ကျွန်တော်လည်း လူမဟုတ်ပါဘူး” ချန်ကျန့်က ထပ်ဖြည့်ပြောလိုက်သည်။

ဆန်းပင်းမှာ ရယ်မောလိုက်တော့သည် ။

“ကျွန်တော် သိပါပြီဗျာ။ နောက်ခါကျရင် သတိထားပါ့မယ်”

ရှန်ယွီ ဆိုင်ထဲသို့ ဝင်ကာ ကဖေးဆိုင်သို့ တိုက်ရိုက် သွားလိုက်သည်။

“ဘော့စ်ရှန် ပြန်ရောက်ပြီဟေ့!”

ဟူဖန် ကော်ဖီဖျော်နေရင်းမှ ရှန်ယွီ့ကို မြင်တော့ ချက်ချင်း လက်ယမ်းပြသည် ။

“အင်း၊ ပြန်ရောက်ပါပြီ” ရှန်ယွီ ပြုံးပြလိုက်သည်။

“ဒါရိုက်တာဟယ် တို့လည်း အခုတင် ပြန်ရောက်တာလေ”

ဟူဖန်က ကဖေးဆိုင်ထဲက လူအချို့နှင့် မိတ်ဆက်ပေးသည်။

“ဒါက ကျွန်မတို့ရဲ့ ဘော့စ်ရှန် ပါ။ ဒီကိစ္စအတွက် သူ တမင် ပြန်လာတာပါ”

ကဖေးဆိုင်ထဲတွင် ထိုင်နေသော လူအချို့မှာ ထရပ်လိုက်ကြသည်။ အသက် ၄၀ ကျော်ခန့်ရှိသော ပိန်ပိန်ပါးပါး အမျိုးသား တစ်ဦးက ရှန်ယွီ့အား လက်ဆွဲနှုတ်ဆက်လိုက်သည် ။

“ဒုက္ခပေးမိပြီ ဘော့စ်ရှန် ရေ”

“ဘာဒုက္ခမှ မဖြစ်ပါဘူး ဒါရိုက်တာဟယ်။ ဒါက ကျွန်တော်တို့ လုပ်သင့်တဲ့ အလုပ်ပဲဟာ.... ဒီနေ့ ရွာဟောင်းဘက်ကို သွားခဲ့ကြတယ် မဟုတ်လား” ရှန်ယွီက နှုတ်ဆက်လိုက်သည်။

“ဟုတ်ကဲ့၊ ညီလေး ချန်ကျားလီ က လမ်းပြပေးလို့ ရွာထဲမှာလည်း ထမင်းစားခဲ့ကြတယ်လေ” ဒါရိုက်တာဟယ် က ဆိုသည် ။

“ဒီOld village က အခုထိ မဖွံ့ဖြိုးသေးတဲ့ ရှေးဟောင်းရွာ စစ်စစ်ကြီးမှန်း ဒီကို ရောက်မှပဲ သိတော့တယ်”

“ဟုတ်ပါတယ်၊ သေသေချာချာ ထိန်းသိမ်းထားတဲ့ အိမ်ဟောင်းတွေ အများကြီး ရှိသလို၊ လယ်ကွင်းထဲက ကျောက်စာတိုင်တွေကလည်း တော်တော်လေး ရှေးကျပါတယ်”

ရှန်ယွီက ဧည့်သည်တွေနှင့်အတူ ဝင်ထိုင်လိုက်သည်။

“ဒီရွာမှာ မူလ ရှေးဟောင်း အမည်လည်း ရှိဦးမှာပါ။ နောက်ကျရင် ဒါကို ပြန်သုံးလို့ ရတာပေါ့”

“ဒါပေါ့! ဘော့စ်ရှန် ယဉ်ကျေးမှုပိုင်းကို ပိုပြီး နက်နက်နဲနဲ ဖော်ထုတ်လို့ ရတာပေါ့”

ဖြစ်နိုင်သည်မှာ ဒီရက်ပိုင်းအတွင်း အိပ်ရေးမဝခဲ့သလို၊ တစ်နေကုန် ကားမောင်းလာရကာ၊ ကားထဲတွင်လည်း.... လှုပ်ရှားထားရသဖြင့် ရှန်ယွီ တော်တော်လေး ငိုက်နေလေပြီ။ အစကတော့ ပြန်ရောက်တာနဲ့ တစ်ရေးလောက် အိပ်မလို့ စဉ်းစားထားသော်လည်း၊ ဧည့်သည်တွေကလည်း အခုမှ ပြန်ရောက်လာကြသည် မဟုတ်ပါလော။ သူ မတတ်သာဘဲ ဆက်လက် စကားပြောပေးနေရသည်။

“တောင်ဘက်ခြမ်းမှာ နောက်ထပ် ရွာတစ်ရွာ ရှိသေးတယ်၊ ရွာဟောင်းထက်တော့ နည်းနည်း သေးတာပေါ့”

ကံကောင်းထောက်မစွာဖြင့် ချန်ကျန့် လျှောက်လာပြီး ဝင်ပြောပေးသည်။

“အဲ့ဒီရွာမှာတော့ အခု လူသိပ်မနေကြတော့ဘူး၊ ဒါပေမဲ့ အိမ်ဟောင်းတွေက ပိုများသလို ကျောက်စာတိုင်တွေလည်း ပိုများတယ်။ အဲ့ဒီရွာကို ဖြတ်သွားတဲ့ တောလမ်းခရီး ထွက်လို့လည်း ရတယ်လေ”

“မနက်ဖြန် သွားကြည့်ကြမလား”

ဒါရိုက်တာဟယ် က ဘေးကလူတွေကို လှည့်မေးသည်။ အားလုံးက ခေါင်းညိတ် သဘောတူကြသည်။

“ဒါဆို မနက်ဖြန် ကျွန်တော် ဒါရိုက်တာဟယ် တို့ကို လိုက်ပို့ပေးပါ့မယ်”

ချန်ကျန့်က ဆိုလိုက်သည်။

ထို့နောက်တွင်မူ ချန်ကျန့်က စကားဝိုင်းကို သဘာဝကျကျပင် လွှဲပြောင်းရယူလိုက်တော့သည်။ ဖြစ်နိုင်သည်မှာ ဒါရိုက်တာလု ကဲ့သို့သော “အရာရှိကြီး” မဟုတ်သည့်အတွက်၊ ဒါရိုက်တာဟယ် နှင့် စကားပြောရသည်မှာ ချန်ကျန့်အတွက် အများကြီး ပိုပြီး လွတ်လပ်နေပုံရသည်။ ရှန်ယွီပင် စကားပြောစရာ မလိုတော့ပါဘူး။

ခဏကြာအောင် စကားပြောပြီး မနက်ဖြန်အတွက် ခရီးစဉ်ကို အကြမ်းဖျင်း သတ်မှတ်ပြီးသည့် အခါတွင်မှ၊ ဒါရိုက်တာဟယ် က ရှန်ယွီ့ကို ကြည့်ကာ

“ဘော့စ်ရှန် လည်း တစ်နေကုန် ကားမောင်းလာရတာဆိုတော့ ပင်ပန်းနေရောပေါ့။ သွားပြီး အနားယူလိုက်ပါဦး။ မနက်ဖြန်မှပဲ အသေးစိတ် ထပ်ပြောကြတာပေါ့။ ဒီညတော့ ကျွန်တော်တို့ ဟုန်ယဲ့မြို့ ပတ်ဝန်းကျင်ကိုပဲ လျှောက်ကြည့်လိုက်ပါ့မယ်”

“ဟုတ်ကဲ့ပါ၊ အကူအညီ လိုအပ်တာရှိရင် ပြောပါခင်ဗျာ။ ကျွန်တော်တို့ ဆိုင်က ဝန်ထမ်း ထက်ဝက်ကျော်က ဒေသခံ စစ်စစ်တွေပါပဲ” ရှန်ယွီက ပြုံးလျက် ဆိုလိုက်သည်။

“သိပါတယ်ဗျာ။ ဒါရိုက်တာလု ကလည်း အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့ကို တာယွင် မှာ တည်းခိုင်းတာလေ”

အပေါ်ထပ်သို့ မတက်မီ ရှန်ယွီသည် ဧည့်ကြိုကောင်တာသို့ ခေတ္တဝင်ကာ ဆွန်နာနာတို့နှင့် စကားပြောလိုက်သေးသည်။

“ကြည့်ရတာ ဓားပြတိုက်ပြီး ပြန်လာတဲ့ လူနဲ့ တူတယ်နော်”

ဆွန်နာနာက ရယ်မောရင်း ဆိုသည်။

“ဒီနှစ်သစ်ကူး ပစ္စည်း သေတ္တာကြီးကတော့”

အာဟူက မီးဖိုချောင် စားပွဲပေါ်က ပစ္စည်းပုံကြီးကို ညွှန်ပြသည်။

“ဈေးတော်တော် ကြီးမှာပဲ၊ အကုန်လုံးက အကောင်းစားတွေချည်းပဲ”

“ငါလည်း မကြည့်ရသေးပါဘူး၊ ပါး က ဝယ်ပြီး ထည့်ပေးလိုက်တာလေ”

“ဘော့စ်ရှန် ရဲ့ အဖေကြီးက တကယ်ကို ရက်ရောတာပဲ....” လောင်ဝူ တော်တော်လေး စိတ်လှုပ်ရှားနေပုံရသည်။

“သူက မအိုသေးပါဘူး” ရှန်ယွီက ပြန်ပြောသည်။

“ဘော့စ်ရှန် ရဲ့ ဥက္ကဌ....”

လောင်ဝူက ပြန်ပြင်ပြောသည်။ ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ပါဘူး။

“သူက ဥက္ကဌ လည်း မဟုတ်ပါဘူး ။ သူက ပရော်ဖက်ဆာ လေ!” အာဟူက ဝင်ပြောသည်။

“ပရော်ဖက်ဆာ ရှန် ကြီး....” လောင်ဝူတစ်ယောက် ဇဝေဇဝါ ဖြစ်နေတော့သည်။

“မင်းကတော့ ‘ရှန်’ ဆိုတဲ့ နာမည်ရှေ့မှာ မော်ဒယ် နံပါတ်တွေ တပ်နေရမှလား!”

လောင်စစ်က သည်းမခံနိုင်တော့ဘဲ ဆူလိုက်တော့သည်။

ချန်ကျန့် ဓာတ်လှေကားထဲသို့ ဝင်ရင်း မအောင့်နိုင်ဘဲ ဆိုမိသည် ။

“ငါတို့ တာယွင် ကတော့ ဒီလူစုနဲ့ပဲ တကယ်ကြီး အလုပ်ဖြစ်နေတာပဲနော်၊ ဒါရိုက်တာလု ကိုတောင် လိမ်လို့ ရသွားသေးတာပဲ....”

“လျှောက်မပြောနဲ့၊ ဘယ်သူ့ကိုမှ မလိမ်ပါဘူး။ လူတွေမှာ ရှုထောင့်ပေါင်းစုံ ရှိကြတာပဲလေ” ရှန်ယွီက မဲ့လိုက်သည်။

ချန်ကျန့် ရယ်မောလျက် သူ့ကို ခေါင်းညိတ်ပြလိုက်သည် ။

“အင်း... ငါတို့ ဘော့စ် လိုမျိုးပေါ့။ ပုံမှန်ဆိုရင် ဘာအလုပ်မှ မလုပ်ဘဲ ပြဿနာမြင်ရင် ထွက်ပြေးတတ်ပေမဲ့၊ တကယ်တမ်းကျတော့ လုပ်စရာရှိတာတွေ အကုန် လုပ်ပြီးသား ဖြစ်နေတာမျိုးလေ”

ရှန်ယွီ ပြုံးရုံသာ ပြုံးပြပြီး ဘာမှ မပြောပါဘူး။ ဓာတ်လှေကား စတုတ္ထထပ်သို့ ရောက်သည့်အခါ ချန်ကျန့် ရှေ့သို့ တစ်လှမ်းတိုးကာ ရှန်ယွီ၏ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်သည်။ ဘာလို့ ရုံးခန်းထဲရောက်တဲ့အထိ မစောင့်တာလဲဆိုတာ သူကိုယ်တိုင်လည်း မသိပါဘူး။ သူ နမ်းလိုက်သည့် အခိုက်အတန့်မှာပင် ဓာတ်လှေကား တံခါးက ပွင့်သွားလေသည်။ ထို့နောက် စင်္ကြံလမ်း အခြားတစ်ဖက်မှ ဧည့်သည်များ စကားပြောရင်း လျှောက်လာသံကို ကြားလိုက်ရသည်။

သူ ချက်ချင်းပင် လန့်သွားပြီး ‘တံခါးပိတ်’ ခလုတ်ကို ကပျာကယာ လိုက်နှိပ်နေမိသည်။

“ဟေး... ဟေး... ဟေး”

ရှန်ယွီက တံခါးကို ခြေထောက်နှင့် ကာလိုက်ပြီး ချန်ကျန့်ကို ဓာတ်လှေကား အပြင်သို့ တွန်းထုတ်လိုက်သည်။

“ပုံမှန်အတိုင်းပဲ လျှောက်ထွက်စမ်းပါ။ ဘယ်သူမှ မမြင်မှာကို ကြောက်နေတာလား”

ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးမှ ရုံးခန်းဘက်သို့ လျှောက်သွားခဲ့သည်။ ဧည့်သည်များနှင့် ဖြတ်ကျော်သည့်အခါ သူ ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည် ။

“မင်္ဂလာပါ”

ရှန်ယွီသည်လည်း အနောက်မှ လိုက်လာရင်း …“မင်္ဂလာပါ” ဟု နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါရှင်”

ဧည့်သည်များကလည်း ပြုံးရွှင်စွာ ပြန်လည် နှုတ်ဆက်ရင်း ဓာတ်လှေကားထဲသို့ ဝင်သွားကြလေသည်။

“ကျွန်တော့်ရဲ့ တည်ငြိမ်မှုကတော့....” ရုံးခန်းထဲ ရောက်သည်နှင့် ချန်ကျန့်က နောက်လှည့်ကာ ဆိုသည် ။

“တကယ်ကို....”

ရှန်ယွီ တံခါးကို ခြေထောက်နှင့် ကန်ပိတ်လိုက်ပြီး၊ ချန်ကျန့်ကို တင်းတင်းကျပ်ကျပ် ဖက်ကာ သူ၏ လည်ပင်းကို တစ်ချက် ကိုက်လိုက်တော့သည်။

ချန်ကျန့် အသံတိုးတိုးဖြင့် အော်လိုက်ရသည်။

“အား... နာတယ်ဗျာ၊ မင်း ငါ့ကို သတ်မလို့လား....”

ရှန်ယွီ လွှတ်ပေးလိုက်ပြီး စကားပြောရန် ပြင်စဉ်မှာပင်၊ ရုံးခန်းအတွင်း တစ်စုံတစ်ခု ပြောင်းလဲနေသည်ကို သူ သတိထားမိလိုက်သည်။ သူ ချန်ကျန့်ကို မလွှတ်သေးဘဲ ဖက်ထားလျက်နှင့်ပင် ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်သည်။ ထို့နောက် စားပွဲနောက်က ဗီရိုဘေးတွင် အနက်ရောင် စင်အသစ် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ အပေါ်တွင်တော့ ဖန်သားပြင် အကြီးကြီး တစ်ခု ရှိနေလေသည်။

ဘာလဲဟ?

သူ ချန်ကျန့်ကို လွှတ်ပေးလိုက်ပြီး ထိုအရာဆီသို့ အံ့သြတကြီး လျှောက်သွားလိုက်သည်။ ထိုအခါမှသာ အထဲတွင် အိမ်မြှောင် တစ်ကောင် ရှိနေသည်ကို သူ တွေ့လိုက်ရသည်။

“အာဖရိက အမြီးတုတ် အိမ်မြှောင်လေ၊ လိမ္မော်ရောင်နဲ့ အဖြူရောင် ရောနေတာ၊ အစင်းအကျား မပါဘူး”

ချန်ကျန့် အနားသို့ လျှောက်လာပြီး ဘေးတွင် ရပ်လိုက်သည် ။

“မင်း အရင်က မွေးဖူးတဲ့ အကောင်နဲ့ အမျိုးအစား တူတယ် မဟုတ်လား”

“မင်း ဝယ်ထားတာလား”

“အင်း” ချန်ကျန့် ပြုံးလိုက်သည်။

“နှစ်သစ်ကူး လက်ဆောင်ပေါ့။ ဆိုင်ပိုင်ရှင်ကို မင်းရဲ့ Moments ထဲက ပုံကို ပြလိုက်တော့ သူက ဒီအမျိုးအစားလို့ ပြောတာလေ။ ဟုတ်တယ် မဟုတ်လား”

“အင်း... ဟုတ်တယ်”

ရှန်ယွီ၏ အသံမှာ အနည်းငယ် တုန်ယင်နေလေသည်။

“သူ့ဆိုင်မှာတော့ အဲ့ဒီအကောင် မရှိဘူးလေ။ အဲ့ဒါနဲ့ပဲ သူက တခြားသူငယ်ချင်း အိမ်အထိ လိုက်ရှာပေးတာ။ အကောင်ကြီးတော့ မရှိဘူးတဲ့၊ ဒါပေမဲ့ လူပျိုပေါက် အကောင်လေးတွေတော့ ရှိတယ်ပေါ့။ သူတို့က ကလေးလေးတွေထက် ပိုပြီး မွေးရလွယ်တယ်လို့ ပြောတာပဲ....”

“မင်း... ဘယ်လိုဖြစ်ပြီး....”

ထိုအခိုက်အတန့်တွင် ရှန်ယွီ၏ ခေါင်းထဲသို့ အတွေးပေါင်းစုံနှင့် ခံစားချက်များစွာမှာ အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။

"ဒါကို လက်ဆောင် ဝယ်ပေးဖို့ စဉ်းစားမိတာလဲ....”

“မသိဘူးလေ၊ ကျွန်တော် ခံစားရတာက.... မင်း ဒီနေရာကို ကျင့်သားရနေပြီ ဆိုပေမဲ့၊ ဒါက မင်း ကြီးပြင်းခဲ့တဲ့ နေရာမှ မဟုတ်တာ။ ပြီးတော့ မင်း အဲ့ဒီ အိမ်မြှောင်လေးကို တကယ် ချစ်ခဲ့မှာပဲလို့ ကျွန်တော် ခံစားရလို့ပါ....”

ရှန်ယွီ ဘာမှ ထပ်မပြောတော့ပါဘူး။ သူ ဗီရိုကို မှီကာ ချန်ကျန့်ကို ငေးကြည့်နေမိသည်။ သူ၏ မျက်လုံးများနှင့် နှာထိပ်များမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်လာခဲ့သည်။ မျက်လုံးထောင့်မှ မျက်ရည်များ လိမ့်ဆင်းလာသည့် အခါတွင်လည်း သူ လက်နှင့် သုတ်ရန် မကြိုးစားခဲ့ပါဘူး။

“ဘာလို့ ငိုနေတာလဲ”

ချန်ကျန့် ထိတ်လန့်သွားကာ သူ၏ လက်ချောင်းလေးများဖြင့် ရှန်ယွီ၏ မျက်နှာပေါ်က မျက်ရည်များကို အသာအယာ သုတ်ပေးနေမိသည်။

“အဲ့လိုမလုပ်ပါနဲ့... ကျွန်တော့်ကို လန့်အောင် မလုပ်ပါနဲ့ဗျာ....”
______________________________________________________________________

NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...