Skip to main content

93





အပိုင်း (၉၃)




ယခုအခါ ကားနောက်ဖုံးကို ဖွင့်ထားပြီးဖြစ်သည်။ ဆန်းပင်းနှင့် အခြားသူများသည် မီးရှူးမီးပန်းများကို ကားပေါ်မှ ချနေကြသည်။ ချန်ကျန့်မှာလည်း အခြားရွေးချယ်စရာမရှိဘဲ ကားပေါ်မှ အရင်ဆင်းကာ ရှန်ယွီနောက်သို့ လိုက်ခဲ့ရသည်။

ရှန်ယွီ၏ အရင်အကျင့်များအရဆိုလျှင် သူသည် ယခုကဲ့သို့ ရှုပ်ရှုပ်ထွေးထွေး အခြေအနေများကို အမြန်ရှောင်ရှားကာ တတ်နိုင်သမျှ ဝေးဝေးတွင် သွားရပ်နေမည်ဖြစ်သည်။ သို့သော် ယခုမူ သူသည် ကားဘေးတွင်သာ ရပ်နေဆဲပင်။

ချန်ကျန့် သူ၏အနောက်သို့ လိုက်သွားသော်လည်း ဘာမှပြော၍မရပါချေ။ သူ လှည့်ကြည့်လိုက်တိုင်း ရှန်ယွီသည် မျက်နှာလွှဲလိုက်ပြီး မျက်လုံးချင်းဆုံရန် ငြင်းဆန်နေလေသည်။

"မင်း တမင်လုပ်နေတာ မဟုတ်လား"

ချန်ကျန့်က ရှန်ယွီ၏ နာနာသို့ တိုးကပ်ကာ မေးလိုက်သည်။ ပတ်ဝန်းကျင်က မှောင်နေသလို အားလုံးကလည်း အလုပ်ရှုပ်နေကြသဖြင့် အနည်းငယ် ပိုမိုရင်းနှီးသော အမူအရာမျိုး လုပ်သော်လည်း မည်သူမျှ သတိထားမိမည် မဟုတ်ပါချေ။ ၎င်းမှာလည်း ပြောမပြတတ်သော စိတ်လှုပ်ရှားမှုတစ်ခုကို ပေးစွမ်းနေလေသည်။

ရှန်ယွီက သူ့ကို ဂရုမစိုက်ဘဲ ကားနောက်ဖုံးတံခါးကို မှီကာ အားလုံး အလုပ်လုပ်နေသည်ကို အတည်ကြီး စောင့်ကြည့်နေလေသည်။

"ဘော့စ်ရှန်"

လောင်ဝူက မီးရှူးမီးပန်းသေတ္တာတစ်လုံးကို ချလိုက်ရင်း ရှန်ယွီနှင့် မျက်နှာချင်းဆိုင် တိုးသွားကာ ဆိုသည်။

"အလုပ်မလုပ်ရင်လည်း လမ်းဖယ်ပေးပါဗျာ။ ပုံမှန်ဆိုရင် ဒီလိုလူစုလူဝေးထဲ မလာတတ်ဘဲနဲ့..."

ရှန်ယွီမှာ မတတ်သာဘဲ ကားဘေးသို့ ကပ်ဖယ်ပေးလိုက်ရသည်။

"ငါ့ကိုပေးလေ"

အဖေဖြစ်သူက လောင်ဝူ ကိုင်ထားသော သေတ္တာမှာ လေးပုံရသဖြင့် လှမ်းယူရန် ပြင်လိုက်သည်။

"ဒီသေတ္တာက လေးပုံရတယ်"

"ဟေး... ကျွန်တော် လုပ်ပါ့မယ်"

ရှန်ယွီ လန့်သွားကာ ကားဘေးကို သေသေချာချာတောင် မမှီရသေးဘဲ ကိုယ်ကို ပြန်ကြွလိုက်ပြီး၊ အဖေဖြစ်သူထံမှ သေတ္တာကို အမြန်ဝင်ယူကာ လောင်ဝူ့ကို ကူသယ်ပေးလိုက်တော့သည်။

"ပါး... ဒီသေတ္တာကိုပဲ သယ်လိုက်ပါ"

ချန်ကျန့်က ကားပေါ်မှ သေတ္တာတစ်လုံးကို အမြန်ယူကာ သူ၏အဖေထံ ကမ်းပေးလိုက်သည်။

သူ၏အဖေမှာ အလုပ်ကြမ်းများစွာ လုပ်ခဲ့သူဖြစ်ရာ၊ ဤနေရာရှိ မည်သူ့ထက်မဆို အလေးအပင် မသည့်နေရာတွင် ကျွမ်းကျင်သူ ဖြစ်လေသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် အဖေဖြစ်သူကို ဘာမှ မသယ်ခိုင်းဘဲ ထားလိုက်လျှင် အဖေဖြစ်သူမှာ တခြားလူတွေကြားထဲ ဝင်မဆံ့သလို ခံစားရမှာကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

"အေးပါ"

အဖေဖြစ်သူက သေတ္တာကို ကျွမ်းကျင်စွာ လှမ်းယူပြီး မြစ်ကမ်းဘေးသို့ လှည့်ထွက်သွားလေသည်။

လောင်ဝူနှင့် ရှန်ယွီတို့ သေတ္တာတစ်လုံးတည်းကို အတူသယ်နေကြခြင်းမှာတော့ လုံးဝ ဟန်ချက်မညီပါချေ။ သူတို့သည် လမ်းကို ပတ်ချာလည် လျှောက်နေကြသလို၊ တစ်ခါတစ်ရံ ရှေ့တိုး၊ တစ်ခါတစ်ရံ နောက်ဆုတ်နှင့် ကျောက်စရစ်ခဲ လမ်းပေါ်တွင် ခြေလှမ်းမှားနေကြသည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင်မူ ရှန်ယွီက လက်လျှော့လိုက်ပြီး သေတ္တာကို လောင်ဝူ့ဘက်သို့ တွန်းပေးလိုက်သည် ။

"သေသေချာချာ ကိုင်ထားဦး။ ငါ လွှတ်လိုက်တော့မယ်"

"အင်း"

ရှန်ယွီ လက်လွှတ်လိုက်ပြီး ကားဆီသို့ ပြန်လျှောက်လာခဲ့သည်။

"မင်းသာ မပါရင် ငါ ဟိုကတည်းက ရောက်နေပြီ"

လောင်ဝူက ဆိုကာ သေတ္တာကို ကိုင်ပြီး ရှေ့သို့ သွက်သွက်လက်လက် လျှောက်သွားတော့သည်။

"မင်းမှာ ဒီဝေဒနာရှိနေတာ ဘယ်လောက်ကြာပြီလဲ"

ရှန်ယွီက သူ့ကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ချန်အာဟူ ကတော့ တော်တော် စိတ်ရှည်တဲ့လူပဲ"

ချန်ကျန့်သည် ကားပေါ်မှ နောက်ဆုံး မီးရှူးမီးပန်းသေတ္တာကို ထုတ်ယူလိုက်သည်။ ၎င်းမှာ မလေးသော်လည်း သေတ္တာမှာ အလွန်ကြီးမားပြီး အနောက်ဆုံးတွင် ရှိနေခြင်း ဖြစ်သည်။ လူနှစ်ယောက် မသယ်ဘဲနှင့်တော့ လုံးဝ မရပါချေ။

ဟူဖန်နှင့် ဆွန်နာနာတို့က လက်ကိုင်မီးပန်းလေးများကဲ့သို့သော ပစ္စည်းအသေးစားများကို အိတ်များနှင့် သယ်သွားကြပြီဖြစ်သည်။ ဤသေတ္တာမှာမူ သူနှင့် ရှန်ယွီ သယ်ရန်သာ ကျန်တော့လေသည်။ သို့သော် ရှန်ယွီက ကားနှင့် ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်တန့်နေဆဲပင်။

"လာသယ်ဦးလေ"

ချန်ကျန့်က သေတ္တာကို ကားနောက်ဖုံး အစွန်းအထိ ဆွဲထုတ်လိုက်ရင်း ရှန်ယွီကို လှမ်းကြည့်လိုက်သည်။ ရှန်ယွီကတော့ လက်ကို အိတ်ကပ်ထဲ ထည့်ကာ မြစ်ပြင်ဘက်ကိုသာ လှည့်ကြည့်နေလေသည်။

"အခု ရှင်းပြမယ်လေ"

ချန်ကျန့်က သေတ္တာကို ကိုင်ထားရင်း ဆိုသည်။

"ငါ နားမထောင်ချင်ဘူး"

ရှန်ယွီက ဆိုသည်။ သူ၏မျက်လုံးများက ချန်ကျန့်ဘက်ကို လုံးဝ လှည့်မလာဘဲ မျက်လုံးချင်း မဆုံရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

"ကျွန်တော့်ကို ကြည့်ပါဦး ဘော့စ်ရဲ့" ချန်ကျန့်က ဆိုသည်။

"ကျွန်တော့်ကို တစ်စက္ကန့်လောက် ကြည့်လိုက်ရုံနဲ့ အားရပါးရ ရယ်မောမိသွားမှာကို ကြောက်နေတာလား"

"တောက်!"

ရှန်ယွီ ချက်ချင်းပင် ရယ်မောလိုက်ကာ ကားဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာတော့သည်။

"ဟိုဓာတ်ပုံအကြောင်း ကျွန်တော် ပြောပြသားပဲလေ။ အဲ့ဒီနေ့က လောင်ဝူ ဆေးလိပ်သောက်လို့ တိုင်ခံရတဲ့နေ့က..."

ချန်ကျန့် စကားမဆုံးသေးမီမှာပင် ရှန်ယွီက အနားသို့ ရောက်လာပြီး သေတ္တာကို ကားထဲသို့ ပြန်တွန်းထည့်လိုက်သည်။ ထို့နောက် ချန်ကျန့်၏ အင်္ကျီကော်လာကို လှမ်းဆွဲကာ ရှေ့သို့ ဆွဲယူပြီး နမ်းရှိုက်လိုက်တော့သည်။

ညလေက အေးစက်နေသလို၊ နှုတ်ခမ်းများကလည်း စိုစွတ်ကာ အေးစက်နေလေသည်။ နှာခေါင်းထိပ်လေးမှာလည်း အေးစက်နေ၏။ သို့သော် ရှန်ယွီ၏ ကိုယ်သင်းနံ့က နွေးထွေးသလို၊ သူ၏ အသက်ရှူသံများမှာလည်း ပူနွေးနေလေသည်။ ချန်ကျန့် သူ့ကို ပြန်လည် ဖက်တွယ်လိုက်သည့် အခါတွင်မူ တစ်ကိုယ်လုံး မီးဖိုတစ်ခုကို မှီထားရသလိုမျိုးပင်။

ရှန်ယွီက သူ့ကို သေတ္တာနှင့် ဖိကပ်ထားစဉ် ချန်ကျန့်၏ လက်များမှာ မသိစိတ်ဖြင့် ရှန်ယွီ၏ အင်္ကျီအောက်သို့ လျှောဝင်ရန် ကြိုးစားမိသည်။ သို့သော် သူ၏ လက်ချောင်းထိပ်လေးများ ရှန်ယွီ၏ ခါးကို ထိမိသည်နှင့် ရှန်ယွီ၏ အသက်ရှူသံမှာ ခဏတာ ရပ်တန့်သွားသည်ကို ခံစားလိုက်ရသည်။

...သူ့လက်တွေက အေးလွန်းနေလို့ပဲ။

ထို့ကြောင့် သူ၏လက်ကို ရှန်ယွီ၏ ဂျာကင်အပြင်ဘက်သို့သာ တင်လိုက်ပြီး၊ ဆွယ်တာပေါ်မှနေ၍ ကျောပြင်ကို အားရပါးရ နှစ်ချက် သုံးချက်ခန့် ပွတ်သပ်ပေးနေမိသည်။

ရှန်ယွီ သူ့ကို လွှတ်ပေးလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ထိုအခါမှသာ ချန်ကျန့် မြစ်ကမ်းဘေးသို့ လှမ်းကြည့်လိုက်မိသည်။ ဆွန်နာနာက ကားကို စောင်းပြီး ရပ်ထားသဖြင့် မြစ်ကမ်းဘေးက လူများသည် ကားအနောက်ဘက်တွင် ဘာတွေဖြစ်နေသလဲဆိုတာကို မြင်နိုင်မှာ မဟုတ်ပါဘူး။

ချန်ကျန့် နှုတ်ခမ်းထောင့်ကို သုတ်လိုက်ရင်း …"အခုထိ သဝန်တိုနေတုန်းပဲလား"

"မင်းက တကယ်ကြီး ပြုံးနေတာပဲနော်"

"ဓာတ်ပုံတွဲရိုက်ဖို့ သဘောတူလိုက်မှတော့ အနည်းဆုံးတော့ ယဉ်ကျေးပျူငှာတဲ့ အပြုံးလေးတော့ ပြရမှာပေါ့ မဟုတ်ဘူးလား"

ချန်ကျန့် နောက်လှည့်ကာ သေတ္တာကို ပြန်ဆွဲထုတ်လိုက်သည်။

"အဲ့ဒီပုံကို မင်းကိုယ်တိုင် မြင်ဖူးလား" ရှန်ယွီက သေတ္တာ မကူရင်း မေးလိုက်သည်။

"ဟင့်အင်း။ခုနက မင်းပြမှပဲ မြင်ဖူးတာ"

"နောက်ကျရင် မင်းဆီ ပို့လိုက်မယ်။ အေးအေးဆေးဆေး ထိုင်ကြည့်ပေါ့"

"မကြည့်ချင်ပါဘူး"

"Comment တွေ အများကြီးပဲနော်။ ငါ ကြည့်ပြီးပြီ။ အဲ့ဒီမိန်းကလေး ရိုက်ထားတဲ့ အချောအလှပုံတွေထဲမှာ မင်းပုံက Comment အများဆုံးပဲ၊ ရာဂဏန်းတောင် ရှိတယ်"

"မင်း ဘယ်တုန်းက တွေ့တာလဲ" ချန်ကျန့်က မေးလိုက်သည်။

"တွေ့တာ ကြာလှပါပြီ" ဟု ရှန်ယွီက ဆိုသည်။

"တွေ့တာ ကြာပြီကို အခုမှ ဘာလို့ လာပြီး သဝန်တိုနေရတာလဲ" ချန်ကျန့် သူ့ကို လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လဲ။ ငါ တွေ့တာ ကြာပြီ၊ Comment ၃၀ လောက်ပဲ ရှိသေးတဲ့ အချိန်ကတည်းက Save ထားတာလေ။ နောက်ဆုံး ဘယ်လောက်အထိ များလာမလဲဆိုတာကို စောင့်ကြည့်နေတာ...."

"ဟား ဟား မင်းတော့ တကယ်ကို အရူးပဲ"

ချန်ကျန့် မအောင့်နိုင်ဘဲ ရယ်မောလိုက်မိတော့သည်။

"ဒီလိုမျိုး ကိစ္စတွေကို အရေးကြီးတဲ့ အချိန်ကျမှ ထုတ်ပြီး သဝန်တိုရတာလေ ။ ငါ့ဆီမှာ Save ထားတာတွေ အများကြီး ရှိသေးတယ်"

"ဒါဆို ဘာလို့ ဒီနေ့မှ ထုတ်ပြပြီး သဝန်တိုပြတာလဲ"

ချန်ကျန့်က မေးသည်။ ရှန်ယွီကတော့ ဘာမှပြန်မပြောဘဲ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ရုံသာ။

"ဪ..." ချန်ကျန့် သဘောပေါက်သွားသည်။ သူ ပြန်စဉ်းစားကြည့်ပြီး ပြုံးလိုက်သည် ။

"ကျွန်တော် တော်တော်လေး စိတ်သက်သာရာ ရသွားပါပြီ"

ကျိုးလဲ့ချန်သည် အမြဲတမ်း နူးညံ့ပြီး အကောင်းမြင်တတ်သူ ဖြစ်ခဲ့သည်။ သူသည် ဤလောကကြီးမှ ထွက်ခွာရန် တွန့်ဆုတ်နေခဲ့သော်လည်း၊ ၎င်းကို ကျက်သရေရှိစွာ လက်ခံသွားခဲ့ပြီး ကျန်ရစ်သူများအတွက် မျှော်လင့်ချက်များကို ချန်ထားရစ်ခဲ့သည်။ ၎င်းကို သိမြင်လိုက်ရသည့်အခါ ချန်ကျန့် အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားခြင်း ဖြစ်သည်။

သို့သော် သေတ္တာထဲမှ မီးရှူးမီးပန်းများကို ထုတ်ယူနေစဉ်အတွင်း ဟူဖန်တစ်ယောက် မျက်ရည်သုတ်နေသည်ကို သူ မြင်နေရဆဲဖြစ်သလို၊ ဆန်းပင်း၏ မျက်လုံးများမှာလည်း ဝေဝါးနေလေသည်။ ကံကောင်းထောက်မစွာဖြင့် အနောက်မှ ဆိုင်ကယ်အင်ဂျင်သံက သူတို့၏ အာရုံကို လွှဲပြောင်းပေးလိုက်သည်။ ချန်အာဟူ ရောက်လာခြင်း ဖြစ်လေသည်။

"အာဟူကော!" ဆန်းပင်းက လှမ်းနှုတ်ဆက်သည်။

"ပွစိပွစိနဲ့ လုပ်မနေနဲ့။ ငါ လာမှာပါဆိုတာကို၊ မင်းကပဲ ဇွတ်လောနေတာ"

ချန်အာဟူက သူတို့ကားဘေးတွင် ဆိုင်ကယ်ကို ရပ်လိုက်သည်။ ၎င်းမှာ သူ၏ အကျင့်ဟောင်းတစ်ခုပင် ဖြစ်သည်၊ ဤသို့ရပ်ခြင်းက ပို၍ ခန့်ညားသည်ဟု သူ ယူဆထားပုံရလေသည်။

ဆန်းပင်းကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေမိသည်။

"ဘာလို့ ရုတ်တရက်ကြီး မီးရှူးမီးပန်း လွှတ်ချင်ရတာလဲ။ မနက်ဖြန်မှ လွှတ်မယ်ဆို"

"ဘော့စ်ရှန် က ကြိုက်တဲ့အချိန် လွှတ်လို့ရတယ်တဲ့လေ။ ကုန်ရင် ထပ်ဝယ်မှာပေါ့။ ခုနက ကျွန်တော် လာတုန်းက အထက်ပိုင်းမှာ တစ်ယောက် လွှတ်နေတာ တွေ့ခဲ့တယ်"

လောင်ဝူက လုံးဝ ပျော်ရွှင်နေသံဖြင့် ဝင်ပြောသည်။

"ငါတို့ဟာလောက်တော့ ဘယ်ကြီးမလဲ။ မြန်မြန်... ဘယ်ဟာ အရင်လွှတ်ကြမလဲ"

"အကြီးဆုံး နှစ်ခု အရင်လွှတ်ရအောင်" ရှန်ယွီက ဆိုသည် ။

"ပြီးရင်တော့ ခဏ စောင့်ကြတာပေါ့"

"ဘာလို့ စောင့်ရမှာလဲဟင်" ဆန်းပင်းက မေးသည်။

"ကြည့်မယ့်လူတွေ ရောက်လာအောင် စောင့်ရမှာပေါ့"

"ဟုတ်သားပဲ!" ဟူဖန် သဘောပေါက်သွားသည် ။

"အားလုံး အတူတူ ကြည့်ကြတာပေါ့၊ ဒါမှ ငါတို့ဆိုင်က တစ်ခါတည်း နာမည်ကြီးသွားမှာ"

"နည်းနည်းတော့ ပါးပါးနပ်နပ် လုပ်ကြပါ" ရှန်ယွီက မဲ့လိုက်သည်။

"တာ့ယွင်ရဲ့ ပျော်ရွှင်မှုက အားလုံးနဲ့ ဆိုင်တာပဲဟာ ။ ဒီမြို့လေးက မိသားစု တစ်ခုတည်းပဲလေ"

နာနာက ဝင်ပြောသည်။

"မင်းက ငါ့ထက်တောင် ပိုတော်သေးတယ်" ရှန်ယွီ ပြုံးလိုက်မိသည်။

မီးရှူးမီးပန်း လွှတ်ခြင်းက လူကြီးများကို ကလေးများအဖြစ်သို့ အလွယ်တကူ ပြောင်းလဲပေးနိုင်လေသည်။ မည်သူက အရင် မီးရှို့မည်ဆိုသည်ကို ဆန်းပင်း၊ လောင်ဝူနှင့် ဟူဖန်တို့မှာ စာအုပ်၊ ကတ်ကြေး၊ ခဲ နှင့် ဆုံးဖြတ်ကြရလေသည်။

ဟူဖန်က ကံကောင်းသဖြင့် အရင်ဆုံး မီးရှို့ခွင့် ရရှိသွားခဲ့သည်။ သူမသည် ဆန်းပင်း၏ ပါးစပ်မှ ဆေးလိပ်ကို လှမ်းယူကာ ပြေးထွက်သွားသည် ။

"အားလုံး အဆင်သင့်ပဲလား။ ငါ မီးရှို့တော့မယ်နော်!"

"ခြေလှမ်း သတိထားဦး" အဖေဖြစ်သူက ဘေးမှ သတိပေးလိုက်သည်။

"ဟုတ်ကဲ့!" ဟူဖန် ခေါင်းညိတ်ပြလိုက်သည်။

ချန်ကျန့် သူ၏ဖုန်းကို ထုတ်ကာ ကင်မရာကို ညကောင်းကင်ယံသို့ ချိန်ထားလိုက်သည်။

"အဆင်သင့်... ရှို့လိုက်တော့" ဆွန်နာနာက ဆိုသည်။

ဟူဖန် ဆေးလိပ်တိုလေးဖြင့် မီးစာကို တို့လိုက်သော်လည်း ခေတ္တအထိ ဘာမှ မဖြစ်လာပါဘူး။

"အိပ်ပျော်သွားတာလား မသိဘူး" ရှန်ယွီက မေးသည်။

"ဆေးလိပ်က ငြိမ်းတော့မလို့ ဖြစ်သွားတာ.... အာ! လင်းလာပြီ!"

ဟူဖန် အော်ဟစ်ကာ နောက်သို့ ခုန်ဆွခုန်ဆွနှင့် ထွက်ပြေးလာတော့သည်။

"အမလေး... တကယ်ကြီးပဲ!"

မီးရှူးမီးပန်း ပြောင်းထဲမှ 'ဒိုင်း' ခနဲ အသံနှင့်အတူ ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွားပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ချန်ကျန့် သူ၏ဖုန်းထဲက အနက်ရောင် စခရင်ကို စိုက်ကြည့်နေမိသည်။ နှစ်စက္ကန့်ခန့်အကြာတွင် ရွှေရောင် ပန်းပွင့်ကြီးတစ်ခုမှာ ညကောင်းကင်ယံတွင် ဝုန်းခနဲ ပွင့်ထွက်သွားပြီး လှပလှသော မြစ်ပြင်ကို လင်းထိန်သွားစေတော့သည်။

လူတစ်စုမှာ ဖုန်းများကို မြှောက်ကိုင်ထားရင်း တစ်ပြိုင်နက်တည်း ဟေးခနဲ အော်ဟစ်လိုက်ကြတော့သည်။ ထို့နောက် ဒုတိယမြောက်၊ တတိယမြောက် အချက်များ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ စုစုပေါင်း ငါးချက်သာ ပါခြင်း ဖြစ်သည်။ ၎င်းမှာ တကယ်ကို ဈေးကြီးပြီး ခဏလေးနှင့် ကုန်သွားသည့် အရာမျိုးပါပဲ။

၎င်းပြီးနောက်တွင်မူ ဆန်းပင်း၏ အလှည့် ရောက်လာသည်။ သူလွှတ်လိုက်သော မီးရှူးမီးပန်းမှာ အနီ၊ အစိမ်း၊ ငွေရောင်များ ရောယှက်နေသော ရောင်စုံ ပန်းပွင့်လေးများ ဖြစ်လေသည်။ အချက်များကြား အချိန်ကွာခြားချက်မှာ အရင်တစ်ခုထက် တိုတောင်းသော်လည်း အမြင့်ကြီးအထိတော့ မရောက်ပါဘူး။ ၎င်းမှာ လူတိုင်း၏ ဦးခေါင်းပေါ်တွင် ရောင်စုံ ကြယ်စင်များ ဖြန့်ခင်းထားသလိုမျိုးပင်။

ချန်ကျန့် ဗီဒီယို ရိုက်ကူးနေရင်းမှ တခြားလူများနှင့်အတူ အော်ဟစ်အားပေးနေမိသည်။ လေတိုက်လို့လားမသိ၊ သူ၏ မျက်လုံးများမှာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာခဲ့သည်။ အကြီးစား သုံးခု လွှတ်ပြီးသည့် အခါတွင်မူ အားလုံးက အသေးစားလေးများကို တစ်ယောက် တစ်ခုစီ ဝေငှကြလေသည်။

လောင်ဝူ တစ်ယောက် အော်ဟစ်လွန်းသဖြင့် ချောင်းများပင် ဆိုးနေရှာသည်။ သူသည် လက်တစ်ဖက်တွင် မီးပန်းလေးကို ကိုင်ကာ၊ ကျန်လက်တစ်ဖက်က ဖုန်းဖြင့် သူ၏ မျက်နှာကို ဗီဒီယို ရိုက်နေလေသည် >

"မြင်ရလား> ငါ မင်းအတွက် အခုပဲ မီးရှို့ပြတော့မယ်နော်...."

"ဘယ်သူလဲဟင်" ဆန်းပင်းက မေးသည်။

"ခဏ စောင့်ပါဦး...."

လောင်ဝူက ပြန်မဖြေပါဘူး။ သူ ဗီဒီယိုကို ကြည့်ပြီး ပြုံးပြလိုက်ပြီးမှ ဆန်းပင်းရှေ့သို့ မီးပန်းလေးကို ထိုးပေးကာ မီးကူရှို့ခိုင်းလိုက်သည်။

"ဘယ်သူ့ကို ကြွားချင်နေတာလဲ မသိဘူး" ဆန်းပင်းက မီးခြစ်ဖြင့် မီးရှို့ပေးရင်း တိုးတိုးလေး ညည်းတွားလိုက်သည်။

မီးပန်းလေး လင်းလာသည်နှင့် လောင်ဝူ ဘေးသို့ ပြေးထွက်သွားသည် ။

"လာပြီ... ကြည့်လိုက်!"

"တောက်!" ဆန်းပင်းက ဆဲလိုက်သည်။

"လောင်ဝူ မှာ ရည်းစားရှိတာလား" ရှန်ယွီ ချန်ကျန့်နား တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"မသိဘူးလေ" ချန်ကျန့်လည်း တိုးတိုးလေး ပြန်ပြောသည်။

"သူ အိပ်ဆောင်ထဲမှာ တစ်ခါတလေ ဖုန်းပြောတာတော့ ရှိတယ်။ ဒါပေမဲ့ ရည်းစားပုံစံမျိုးတော့ မဟုတ်လောက်ပါဘူး.... အီစီကလီ လုပ်နေတာမျိုး မကြားမိဘူးလေ"

"ဒါဆိုရင်တော့ မင်းကိုယ်တိုင်လည်း ရည်းစား မထားဖူးသေးဘူးဆိုတာ သိသာတာပေါ့"

ရှန်ယွီက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ဘာလို့..ကျွန်တော်က အီစီကလီ မလုပ်တတ်လို့လား"

ရှန်ယွီ၏ နှုတ်ခမ်းများ ကွေးညွှတ်သွားသော်လည်း ဘာမှ ပြန်မပြောပါဘူး။

"မင်းလည်း သိပ်ပြီးတော့ မထူးပါဘူး။ အီစီကလီ လည်း မလုပ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်ကြီးပါပဲ" ချန်ကျန့်က ပြန်ရွဲ့လိုက်သည်။

ရှန်ယွီ ရယ်မောလိုက်တော့သည် ။

"မင်းရဲ့ နှုတ်သီးကတော့ တကယ်ကို မခေဘူးပဲ"

သူတို့ စကားပြောနေစဉ်မှာပင် လောင်ဝူက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ချန်ကျန့် လှမ်းကြည့်လိုက်ရာ လောင်ဝူ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် ဗီဒီယိုကော ပိတ်သွားပြီး Chat window သို့ ပြန်ရောက်သွားသည်ကို တွေ့ရသည်။ သို့သော် လောင်ဝူက ဖုန်းကို မချသေးပါဘူး။ သူသည် ဖုန်းကို ဆက်လက် မြှောက်ကိုင်ထားဆဲဖြစ်ကာ၊ မျက်နှာပေါ်က အပြုံးမှာလည်း ကျောက်ရုပ်တစ်ခုလို ခဲနေလေသည်။

သူ၏လက်ထဲက မီးပန်းမှာတော့ ရွှေရောင် အလင်းတန်းများကို ဆက်လက် မှုတ်ထုတ်နေဆဲပင်။ သူ နောက်လှည့်ကာ ဆက်ပြောနေပြန်သည် ။

"လှတယ် မဟုတ်လား"

"တောက်!" ချန်ကျန့် ခေတ္တမျှ မှင်သက်သွားရသည်။

"သူ အခုလေးတင် အသည်းကွဲသွားတာ ဖြစ်မှာပါ" ဟု ရှန်ယွီက ဆိုလိုက်သည်။

လောင်ဝူ၏ မျက်နှာပေါ်က အပြုံးမှာ ကြည့်ရသည်မှာ တကယ်ကို ရင်နင့်စရာ ကောင်းလှသည်။ ချန်ကျန့် ချန်အာဟူဘက်သို့ လှည့်ကြည့်လိုက်မိသည်၊ သူ၏ ညီလေး တစ်စုံတစ်ရာ စိတ်ဒဏ်ရာ ရနေသလား သိမလားဟု မေးချင်သောကြောင့် ဖြစ်သည်။

ချန်အာဟူ၏ အကြည့်နှင့် ချန်ကျန့်၏ အကြည့်တို့ ဆုံမိသည့် အခိုက်အတန့်တွင်၊ အာဟူသည် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပုံရပြီး ရှန်ယွီနှင့် ချန်ကျန့်တို့ရှိရာသို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။

"ဘာဖြစ်တာလဲ"

ချန်ကျန့် နည်းနည်း ကြောင်သွားရသည်။ ထိုလူ၏ အရှိန်အဟုန်ကြောင့် သူသည် လမ်းတစ်ဝက်မှာတင် တားဆီးကာ အရင်ဆုံး လက်သီးနှင့် ထိုးရတော့မလားဟုပင် တွေးမိသည်လေ။

"ဘော့စ်ရှန်" ချန်အာဟူက ရှန်ယွီ့ကို လှမ်းခေါ်လိုက်သည်။

"အင်း"

"ဒီနေ့ ကျွန်တော် ဒုက္ခပေးမိပါပြီ။ ကျွန်တော် အိမ်ပြန်ပြီး အဖေ့ကို စကားပြောချင်လို့ စောင့်နေခဲ့တာလေ။ သူ အရက်နာကျတာကို အကြာကြီး စောင့်လိုက်ရတယ်...."

ထိုစကားကို ကြားရသည့်အခါ ချန်ကျန့် နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက်၊ သူတို့ သားအဖကြားက ကိစ္စဖြစ်သဖြင့် ရှောင်ပေးရန် ပြင်လိုက်သည်။ သို့သော် ချန်အာဟူက သူ့ကို လှမ်းဖမ်းလိုက်သည်။

"ရှောင်နေစရာ မလိုပါဘူး။ အားလုံးလည်း သိနေကြတာပဲဟာ။ ငါ့မိသားစု အခြေအနေကို မင်းလည်း သိတာပဲ မဟုတ်လား"

"အာ..." ချန်ကျန့် ခြေလှမ်း ရပ်လိုက်သည်။

"စကားပြောလို့ ပြေလည်သွားပြီလား"

"မသိဘူးလေ။ ကျွန်တော်က မင်းလို စကားမပြောတတ်ဘူးလေ။ တစ်ခါတစ်လေ သူက ကျွန်တော့်ကို စပြီး ရန်ဖြစ်ပြီဆိုရင် ကျွန်တော်က တစ်ခွန်းမှ ပြန်မပြောနိုင်တော့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ သူ့ကို စကားတစ်ခွန်းမှ ပြောခွင့် မပေးခဲ့ပါဘူး"

"ဟင်"

ရှန်ယွီ အံ့သြသွားပြီး အာဟူကို သေချာကြည့်လိုက်သည်။

"ကျွန်တော် ဓားတစ်လက်ကို ယူပြီး သူ့အိပ်ရာ ခေါင်းရင်းမှာ စိုက်ထားလိုက်တာလေ။ ငါ ပြောတာတွေ ကုန်အောင် နားထောင်ပြီးမှ မင်း စကားပြောလို့ ရမယ်လို့ ပြောလိုက်တာ"

ချန်အာဟူက ဆိုလိုက်သည်။

"ဝိုး..."

ရှန်ယွီ မျက်ခုံးပင့်ကာ ချန်ကျန့်ကို လှမ်းကြည့်လိုက်သည်။

"မင်းကတော့...."

ချန်ကျန့် ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။

"ဒါကို ကျွန်တော် ဘော့စ်ရှန် ဆီက သင်လာတာလေ။ သူ့ဆီက သင်ယူစရာတွေ အများကြီး ရှိပါတယ်"

"ဒါ ငါ့မျက်နှာရှေ့တင် ကောလာဟလတွေ ဖြန့်နေတာ မဟုတ်လား" ရှန်ယွီ ရယ်မောလိုက်သည် ။

"ဟား ဟား ငါက ဘယ်တုန်းက ဒီနည်းကို သုံးခဲ့လို့လဲ"

"အခြားလူကို စကားပြောခွင့် မပေးတဲ့ နည်းလမ်းကို ပြောတာပါ"

ချန်အာဟူက ဆိုသည်။ ချန်ကျန့် သက်ပြင်းချလိုက်မိတော့သည်။

ရှန်ယွီသည် လူများကို စကားမပြောနိုင်အောင် ငြင်းခုံ ဆွေးနွေးတတ်ခြင်း ဖြစ်သည်၊ ဓားနှင့် ခုတ်ပြီး စကားမပြောခွင့် ပိတ်ပင်ခြင်း မဟုတ်ပါဘူး။ သူသာ ခုတ်မည်ဆိုလျှင်လည်း သူ့ လက်ဖြင့်သာ ခုတ်မှာပေါ့။

← ဒီနေရာကို ခုတ်ပါ။ သွေးမထွက်ဘူး၊ ဒါပေမဲ့ ထိရောက်တယ်လေ။

"ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျွန်တော် ပြောစရာရှိတာတွေ အကုန် ပြောလိုက်ပါပြီ။ ငါ့အစ်ကိုကတော့ တစ်နေ့နေ့ ထောင်ကျမှာပဲ။ လူသတ်ပြီး ထောင်ကျတာထက်စာရင် ခိုးမှုနဲ့ ကျတာကမှ ပိုကောင်းဦးမယ်လို့လေ။ သူ့ဆီကိုလည်း သွားမတွေ့တော့ဘူး။ သူလည်း ကျွန်တော့်ကို မလိုပါဘူး။ အစ်ကို ထောင်က ထွက်လာလို့မှ လူမဖြစ်သေးရင်တော့၊ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ တကယ်ကို ရန်သူတွေ ဖြစ်သွားကြမှာပဲ.... အဲ့ဒီလို ပြောလိုက်တာ အဆင်ပြေရဲ့လားဟင်"

"မင်း ပြောပြီးပြီဆိုရင်တော့ အဆင်ပြေပါတယ်"

"တည်းခိုခန်းကိုလည်း လာပြီး မနှောင့်ယှက်ဖို့ ပြောထားလိုက်ပြီ၊ လာရင်တော့ တကယ် ခုတ်ပစ်မယ်လို့လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိသားစုမှာက အကြမ်းဖက်ချင်တဲ့ မျိုးရိုးဗီဇ ပါနေတာပဲ။ ကျွန်တော်သာ တကယ် စိတ်ဆိုးလာရင် ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ မသေချာဘူးလို့ ပြောလိုက်တာ"

ချန်ကျန့် ဘာမှပြန်မပြောနိုင် ဖြစ်သွားရခြင်းမှာ ဒါ ဒုတိယအကြိမ်မြောက်ပင် ဖြစ်သည်။ ရှန်ယွီပင်လျှင် ထိုစကားကို ချက်ချင်း မတုံ့ပြန်နိုင်ပါဘူး။

"မင်း... ကောင်းပါပြီလေ။ အဆင်ပြေသွားမှာပါ။ နှစ်သစ်ကူးလေ၊ အဖေနဲ့အတူ ပျော်ပျော်ပါးပါး နှစ်သစ်ကူးလိုက်ပါ"

ချန်အာဟူ ခေါင်းညိတ်ပြသည်။

ထိုဘက်တွင် လောင်ဝူသည် ရုတ်တရက်ကြီး ဟိန်းဟောက်ကာ ကောင်းကင်ယံသို့ လှမ်းအော်လိုက်တော့သည် ။

"အား!"

"ဟိုး... ဘယ်လို အသံကြီးလဲ" ရှန်ယွီ လန့်သွားရသည်။

"ချန်အာဟူ... မင်း လောင်ဝူ့ကိုပါ သွားခုတ်လိုက်ရင် ကောင်းမယ် ထင်တယ်"

"ဘာဖြစ်လို့လဲ" ဆန်းပင်း အပြေးရောက်လာသည်။

"ဘာမှ မဟုတ်ပါဘူး" လောင်ဝူ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။

"အား!"

ဟူဖန်ကတော့ တကယ်ကို ပျော်နေရှာသဖြင့် ဟိုဘက်က ကိစ္စတွေကို ဂရုမစိုက်ပါဘူး။ သူမလည်း ခေါင်းကို အနောက်သို့ လှန်ကာ အသံကုန် အော်ဟစ်လိုက်ပြန်သည်။

"အို... ဟိုး!"

ဆွန်နာနာသည်လည်း လက်နှစ်ဖက်ကို ပါးစပ်နားတွင် ကပ်ကာ အော်လိုက်လေသည်။

အဝေးတစ်နေရာမှလည်း ဟိန်းဟောက်သံတစ်ခု ပြန်လည် ထွက်ပေါ်လာခဲ့ပြီး၊ ထို့နောက်တွင် မြစ်ကမ်းဘေးမှ အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ အနီးအနားရှိ ရွာသားများနှင့် မြို့ထဲက လူများဖြစ်ကြပြီး မီးရှူးမီးပန်း လာကြည့်ကြသူများပင် ဖြစ်လေသည်။

"အကြီးကြီးတွေ ထပ်လွှတ်ပါဦး! မြန်မြန်၊ မြန်မြန်! ဒီမြို့က မိသားစု တစ်ခုတည်းပဲလေ၊ အားလုံး အတူတူ ခံစားကြရအောင်!" ဟူဖန် ကခုန်ရင်း မီးရှူးမီးပန်းများရှိရာသို့ ပြေးသွားသည် ။

"ဦးလေးချန်... ကျွန်မအတွက် အကြီးဆုံး တစ်ခုလောက် ရွေးပေးပါဦး!"

"ဒါလေးလေ" အဖေဖြစ်သူက ရယ်မောရင်း တစ်ခုကို မလိုက်သည်။

"ငါ အခုလေးတင် ကြည့်ပြီးပြီ၊ ဒါက ၁၀ ချက်တောင် ပါတာဗျ"

"လောင်ဝူ တစ်ယောက် ပိုက်ဆံတွေ အလိမ်ခံလိုက်ရတာလား မသိဘူး"

ချန်ကျန့် မျက်မှောင်ကြုတ်ကာ ခေတ္တ စဉ်းစားလိုက်သည်။

"ပြီးခဲ့တဲ့ တစ်ခေါက် ဆေးလိပ်သောက်လို့ အတိုင်ခံရတုန်းကလည်း ပိုက်ဆံကိစ္စကြောင့် စိတ်ညစ်နေတာလို့ သူ ပြောဖူးတယ်"

"ဒီလူတစ်စုနဲ့တော့နော်" ရှန်ယွီ သက်ပြင်းချလိုက်ပြီး၊ ထိုင်စရာ ကျောက်ခဲ တစ်လုံးကို ရှာကာ ထိုင်ချလိုက်သည်။

"ဘယ်လို ကူညီပေးရမယ့် လူတွေလဲမသိဘူး။ ငါတော့ သူတို့ကို တစ်ယောက်ချင်းစီ အပြင်ကို ကန်ထုတ်ပစ်ချင်နေပြီ"

ချန်ကျန့် ရယ်မောလိုက်ပြီး ရှန်ယွီဘေးတွင် ဝင်ထိုင်လိုက်သည် ။

"ကျွန်တော့်ကိုရော"

အဖေဖြစ်သူ ဟူဖန်အတွက် ရွေးပေးလိုက်သော မီးရှူးမီးပန်းကြီးမှာ လင်းထိန်လာခဲ့ပြီး၊ ရွှေရောင်နှင့် ငွေရောင် ပန်းပွင့်လေးများမှာ ညကောင်းကင်ယံသို့ တရစပ် ပျံတက်ကာ ပွင့်ထွက်သွားတော့သည်။

"ငါ့ကို တင်းတင်းဖက်ထားဦး"

ရှန်ယွီက သူ၏ နာနာတွင် ကပ်ပြောလိုက်သည်။ ချန်ကျန့် ရှန်ယွီ၏ လက်ကို လှမ်းယူကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။

တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါ ညဉ့် ၂ နာရီပင် ထိုးတော့မည် ဖြစ်သည်။ ယူသွားသမျှ မီးရှူးမီးပန်းများမှာ အကုန် ကုန်သလောက် ရှိနေလေပြီ။ အိပ်ရေးပျက်ခံပြီး လာကြည့်ကြသော လူပေါင်း ရာကျော်ပင် ရှိခဲ့သည် မဟုတ်ပါလော။ လူအတော်များများက တာ့ယွင်၏ ဘော့စ်က မီးရှူးမီးပန်း အပုံလိုက်ကြီး ဝယ်ထားမှန်း သိသွားကြသလို၊ မနက်ဖြန်ကျရင်တော့ ဒီထက် ပိုခန့်ညားတာတွေ ရှိလိမ့်ဦးမယ်လို့လည်း ပြောနေကြလေသည်။

ရှန်ယွီသည် မူလက နောက်တစ်နေ့ကျမှ မီးရှူးမီးပန်း ဆိုင်ရှင်ကို ဖုန်းဆက်ရန် စီစဉ်ထားသော်လည်း၊ နောက်ဆုံးတွင်တော့ ညသန်းခေါင်ကျော်မှာပင် ဖုန်းခေါ်လိုက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် ဆိုင်ရှင်မှာ မအိပ်သေးပါဘူး။ သူ၏ ဖောက်သည်ကြီးထံမှ ဖုန်းဖြစ်သဖြင့်၊ နောက်တစ်နေ့ မနက်တွင် နောက်ထပ် ကားတစ်စီးအပြည့် ထပ်မံ ပို့ပေးပါမည်ဟု ချက်ချင်း ကတိပေးလိုက်တော့သည်။

အိပ်ဆောင်သို့ ပြန်ရောက်သည့်အခါတွင်လည်း လူတစ်စုမှာ ထိုအကြောင်းကို ဆက်လက် ပြောဆိုနေကြဆဲပင်။ သူတို့၏ ဖုန်းများထဲတွင်လည်း ဗီဒီယိုများဖြင့် ပြည့်နှက်နေလေသည်။ မနက်မိုးလင်းသည်အထိပင် မစောင့်နိုင်ကြပါဘူး၊ Moments များကို Refresh လုပ်လိုက်သည်နှင့် မီးရှူးမီးပန်း ပုံများချည်းပါပဲ။

"ငါ ရေချိုးလိုက်ဦးမယ်။ ဘယ်သူ အရင်ချိုးချင်သေးလဲဟင်" အဖေဖြစ်သူက မေးသည်။

"ဦးလေး အရင်ချိုးပါ၊ ကျွန်တော် ဦးလေးနောက်မှ ချိုးမယ်လေ" ဆန်းပင်းက ဆိုသည်။

ချန်ကျန့် လောင်ဝူ့ကို လှမ်းကြည့်လိုက်သည် ။

"မင်းကော ချိုးမှာလား"

"မချိုးတော့ဘူး" လောင်ဝူက သူ၏ ကုတင်ပေါ်တွင် ကျောက်ရုပ်တစ်ခုလို လှဲလျက် ပြန်ဖြေသည်။

"အာဟူကော"

ချန်ကျန့်က ချန်အာဟူ့ကို မေးသည်။

"ငါ ချိုးမယ်လေ။ အဖေ့ဆီက ကံဆိုးတာတွေ ငါ့ကိုယ်ပေါ်မှာ ကပ်ပါလာသလိုပဲ"

ချန်ကျန့် သက်ပြင်းချလိုက်သည် ။

"ဒါဆို ကျွန်တော် အရင်ချိုးမယ်။ ဒီည ကျွန်တော် တာဝန်ကျလေ"

"မရဘူးလေ။ မင်းက အနောက်ဆုံးမှ ဝင်လာတာဆိုတော့ အလှည့်ကလည်း အနောက်ဆုံးပဲ ဖြစ်ရမှာပေါ့"

ချန်အာဟူက ယနေ့တွင် အလွန်ပင် အာဏာပြနေလေသည်။

"ကောင်းပါပြီဗျာ"

"ဘော့စ်ရှန် ရဲ့ အခန်းမှာ သွားချိုးလိုက်လေ"

လောင်ဝူက သူ၏ ကုတင်ပေါ်မှာ လှဲနေဆဲဖြစ်ကာ ဝင်ပြောလိုက်သည် ။

"မင်းက စီမံခန့်ခွဲရေးအပိုင်းက လူပဲဟာ။ ငါတို့ ဝန်ထမ်းတွေနဲ့ လာမတိုးနဲ့"

"အတိအကျပါပဲဗျာ!"

ဆန်းပင်းကလည်း ထောက်ခံလိုက်သည်။

မန်နေဂျာ ချန်ကျန့်သည် အိပ်ဆောင်မှ ထွက်လာခဲ့ပြီး၊ သူ၏ အဝတ်အစားများကို ယူကာ ရုံးခန်းဘက်သို့ လျှောက်လာခဲ့သည်။ အမှန်တော့ သူ ရှန်ယွီ့ဆီမှာ သွားချိုးဖို့ စဉ်းစားခဲ့သော်လည်း၊ ပါးစပ်က ထုတ်ပြောဖို့ ရှက်နေခဲ့ခြင်း ဖြစ်သည်။ အခုတော့ အားလုံးကပါ ပြောနေကြပြီဆိုတော့....

ဟဲဟဲ။

သူ တံခါးကို ခေါက်လိုက်သည်။

"ဝင်ခဲ့လေ" ရှန်ယွီ၏ အသံ အထဲမှ ထွက်ပေါ်လာသည်။

ချန်ကျန့် ရုံးခန်းထဲသို့ ဝင်လိုက်သည့်အခါ၊ ရှန်ယွီသည် ခေါင်းတွင် လက်သုတ်ပဝါ တစ်ထည်ကို ပတ်ထားပြီး၊ အင်္ကျီမဝတ်ဘဲ ရေချိုးခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ရေစက်လေးများ ရှိနေဆဲပင်။

"ရေလာချိုးတာလား" ရှန်ယွီက မေးသည်။

"အင်း... အိပ်ဆောင်မှာဆိုရင် မနက်ဖြန် မနက်အထိတောင် ကျွန်တော့်အလှည့် ရောက်မှာ မဟုတ်ဘူးလေ" ချန်ကျန့်က ဆိုကာ တံခါးကို ပြန်ပိတ်လိုက်သည်။

"ရေချိုးဖို့ သက်သက်ပဲလား" ဟု ရှန်ယွီက ထပ်မံ မေးမြန်းလိုက်လေတော့သည်။


___________________________________________________________________

TN // ယူတို့ မျှော်လင့်ချက်တွေ ပြည့်ဝပါတော့ မယ်။

Comments

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...