အပိုင်း (၉၈)
ဧည့်သည်တွေအတွက် ပေးတဲ့ ဟုန်ပေါင်းထဲမှာ ၁၀ ယွမ်ပဲ ပါပေမဲ့ တကယ့်ကို ထိရောက်မှုရှိ၏။အောက်ထပ်ဆင်းလာတဲ့ ဧည့်သည်တိုင်းက ကျေးဇူးတင်စကား ပြောကြသလို၊ မှတ်ချက်ပေးသည့် ဘုတ်ပြားပေါ်မှာလည်း "ပျော်ရွှင်စရာ နှစ်သစ်ကူးပါ" ဆိုတဲ့ စာသားတွေနဲ့ ပြည့်နှက်နေလေသည်။
ရွာထဲက စားသောက်ဆိုင် နှစ်ဆိုင် ဒီနေ့ ပြန်ဖွင့်တာကြောင့် တည်းခိုခန်းရဲ့ ဟင်းချက်ရသော ဝန်ထုပ်ဝန်ပိုးကလည်း အတော်လေး လျော့ကျသွားခဲ့သည်။ နေ့လယ်စာ ဖက်ထုပ် စားပြီးနောက် ညစာအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးတာနဲ့ ချန်ကျန့်ဟာ အဖေဖြစ်သူနဲ့အတူ ရှောင်သိုအာရဲ့ အဘိုးနှင့် အဘွားတို့ဆီ နှစ်သစ်ကူး ကန်တော့ဖို့ သွားခဲ့ကြသည်။
သူတို့တွေ အဘိုးနှင့် အဘွား ကူညီပြီး ရှောင်သိုအာဆီ ဗီဒီယိုကော ခေါ်ပေးခဲ့ကြသည်။ ရှောင်သိုအာက အင်္ကျီအသစ်လေး ဝတ်ထားပေမဲ့ မျက်နှာကတော့ မကောင်းလှပါချေ။ သူက စကားသိပ်မပြောဘဲ ပြန်လာချင်တယ်လို့ပဲ ဂျီကျနေတာကြောင့် ဗီဒီယိုကောလ်ကို မြန်မြန်ပဲ ပိတ်လိုက်ရသည်။
တာ့ယွင်သို့ ပြန်ရောက်လာသည့်အခါ အဖေဖြစ်သူက မနက်ဖြန်အတွက် သူတို့တိုင်ပင်ထားသည့် အတိုင်း ဟင်းချက်စရာများကို ဆက်လက်ပြင်ဆင်နေသည်။ ချန်ကျန့်ကတော့ တည်းခိုခန်းထဲ နှစ်ပတ်ခန့် ပတ်လျှောက်ကြည့်ပြီးနောက် စတုတ္ထထပ်က ရုံးခန်းဆီသို့ တက်လာခဲ့သည်။
ရုံးခန်းတံခါးက အမြဲလိုလို ဟနေတတ်သည်။ သူ တံခါးနှစ်ချက်ခေါက်ပြီး တွန်းဖွင့်လိုက်ရာ၊ အမြဲတမ်း မှန်ပေါင်နားမှာ ရပ်နေတတ်သော ရှန်ယွီသည် ဒီနေ့တော့ ထူးထူးခြားခြား ဆိုဖာပေါ်မှာ မှီထိုင်ရင်း ဖုန်းကြည့်နေလေသည်။
"အလုပ်တွေ ပြီးပြီလား" ရှန်ယွီက ချန်ကျန့်ဝင်လာသည်နှင့် တန်းမေးသည်။
"လောလောဆယ်တော့ ပြီးပါပြီ"
ချန်ကျန့်က လမ်းလျှောက်သွားရင်း အိပ်ပျော်နေတဲ့ 'အာ့ကော'ကို တစ်ချက်ကြည့်လိုက်ကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည် ။
"နည်းနည်း ပင်ပန်းလို့ ခိုးနားမလို့ လာခဲ့တာ"
"အောက်ထပ်မှာ ပေါ်ပေါ်ထင်ထင် နားလည်း ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ပါဘူး"
ရှန်ယွီက သူ၏ခြေထောက်များကို ချန်ကျန့်၏ ပေါင်ပေါ်သို့ တင်လိုက်ရင်း ဆိုသည်။
"သူတို့ကတော့ နားလို့ရတယ်၊ ကျွန်တော်ကတော့ နားလို့မရဘူးလေ"
ရှန်ယွီက ပြုံးလိုက်သည် ။
"နောင်ကျရင် သူတို့ကို စီမံခန့်ခွဲဖို့ အာဏာမရှိမှာ ကြောက်လို့လား"
"အင်း... သူတို့က ကျွန်တော့်ကို မလေးစားမှာ စိုးလို့လေ။ ဟိုတုန်းက ဒါလီ အလုပ်လုပ်တုန်းက သူက ဇရပ်ထဲမှာပဲ အမြဲနားနေတော့ ဝန်ထမ်းတွေက ပုန်ကန်ကြတာလေ"
"သူ အဲ့ဒီမှာ နားမနေရင်တောင် သူ့ဝန်ထမ်းတွေကို စီမံရတာ မလွယ်ပါဘူး ။ ငါးဖမ်းချင်ရင် အရင်ဆုံး အစာကျွေးရတယ်လေ"
ချန်ကျန့်က ရှန်ယွီကို တစ်ချက်ကြည့်လိုက်သည် ။
"မင်း အဲ့ဒီစကားကို ပထမထပ်မှာရော ပြောရဲလား"
"စိတ်ထားပုပ်တဲ့ အရင်းရှင်ဆိုတာ အမြဲတမ်း မျက်နှာနှစ်မျိုး ရှိတတ်တာပဲလေ"
ရှန်ယွီက လက်ချာပြန်ရိုက်လိုက်သည်။
"မင်းမှာတော့ အဲ့ဒီလို မရှိပါဘူး" ချန်ကျန့်က ဆိုသည်။
"မရှိဘူးလား"
ရှန်ယွီ၏ ခြေထောက်က ချန်ကျန့်ကို အသာအယာ နှစ်ချက်၊ သုံးချက်ခန့် ပွတ်တိုက်လိုက်သည်။
"ငါ့ရဲ့ ဒီမျက်နှာမျိုးကိုတော့ တခြားလူတွေကို ပြဖို့ တကယ် မရဲဘူး"
ချန်ကျန့်က ရှန်ယွီ၏ ခြေကျင်းဝတ်ကို ကိုင်ကာ ဆိုဖာပေါ်သို့ ပြန်ချပေးလိုက်သည်။
"မကဲနဲ့ဦး"
"အင်း..." ရှန်ယွီက ဖုန်းကိုချကာ သူ့ကို စိုက်ကြည့်နေလေသည်။
"ကျွန်တော်... အခုလောလောဆယ် တကယ် စိတ်မပါသေးလို့ပါ" ချန်ကျန့်က ဖွင့်ပြောလိုက်သည်။
"အင်း...ငါ တောင်ပေါ်မှာ မြေကွက်တစ်ကွက်ဝယ်ပြီး မင်းအတွက် ဘုရားကျောင်းတစ်ကျောင်း ဆောက်ပေးလိုက်မယ်"
ချန်ကျန့် လှည့်ကြည့်လိုက်သည် ။
"ဘာကြီးလဲ"
ရှန်ယွီက ဘာမှပြန်မပြောပါချေ။
"ဟာ..." ချန်ကျန့် သဘောပေါက်သွားပြီး ပြုံးလိုက်သည် ။
"ဒါက ကျွန်တော်က အခမ်းအနားကြီးတွေကို မကြုံဖူးလို့ပါဗျာ။ မနက်ဖြန် မင်းရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေ၊ လျူဝူ့ မိသားစုတွေ အကုန်လာကြမှာဆိုတော့ ကျွန်တော် တကယ် စိတ်လှုပ်ရှားနေတာ"
"ဒါက ဘာခမ်းနားတဲ့ မြင်ကွင်းမို့လို့လဲ။ မင်းက မြို့ပေါ်မှာ အစည်းအဝေးတွေတောင် တက်ခဲ့တဲ့ ဟုန်ယဲ့မြို့နယ်ရဲ့ ကုန်သည်ကိုယ်စားလှယ်ပဲဟာ"
"အဲ့ဒီ အစည်းအဝေးကို မင်းမိဘတွေက ဦးဆောင်တာမှ မဟုတ်တာ"
ရှန်ယွီ ရယ်မောနေစဉ် ဖုန်းမြည်လာသဖြင့် သူ အသံမက်ဆေ့ခ်ျ ပို့လိုက်သည်။
"အိုကေ၊ ပြဿနာမရှိဘူး။ မနက်ဖြန် မြို့ဝင်ဆိုင်းဘုတ်နား ရောက်ရင် ဖုန်းဆက်လိုက်ပါ၊ ကျွန်တော်လာကြိုမယ်"
"မင်းအမေလား" ချန်ကျန့်က အမြန်မေးသည်။
"ငါ့အမေနဲ့က ရန်ဖြစ်ရင်ပဲ ယဉ်ယဉ်ကျေးကျေး ပြောတာပါ။ ဒါက လုကျွင်း ပါ"
"ဒါရိုက်တာလု လား။ သူလည်း လာမှာလား"
"သူက မလာဘူး၊ သူ့ခွေးက လာမှာ"
"သူ့ခွေး..." ချန်ကျန့် နှစ်စက္ကန့်လောက် စဉ်းစားကြည့်လိုက်ရာ…"ဪ... သူ့ခွေးလား" လုကျွင်းမှာ ခွေးအများကြီး ရှိမှန်း သူ သတိရသွားသည်။
"အင်း... သူက မြို့ပြင်ကို နှစ်ရက်လောက် သွားစရာ ရှိလို့ ခွေးကို ထားခဲ့စရာ နေရာမရှိလို့တဲ့။ ခွေးဂေဟာတွေကလည်း နှစ်သစ်ကူးမို့ ပိတ်ထားကြတယ်လေ။ ဒါကြောင့် ငါတို့ဆီမှာ နှစ်ရက်လောက် လာအပ်တာ"
"ဪ...ဘာခွေးအမျိုးအစားလဲ"
"ဟက်စကီး တဲ့။ အိမ်လည်း မဖျက်ဘူး။ အော်လည်း သိပ်မအော်ဘူးတဲ့"
"အေးလားဟင်။ ဝင်းထဲမှာ ထားလို့ ရမလား"
"ညကျရင် အစည်းအဝေးခန်းထဲမှာ ထားလိုက်မယ်။ မှိုလေး နဲ့ တည့်ရင်တော့ ခွေးအိမ်ထဲမှာ အတူတူ ထားပေါ့"
သူတို့ စကားပြောနေရင်း ရှန်ယွီက အိပ်ပျော်သွားလေသည်။ ချန်ကျန့်က အိပ်ခန်းထဲက စောင်အပါးလေး သွားယူပြီး ရှန်ယွီကို ခြုံပေးလိုက်သည်။ အိပ်ရာဘေးက စားပွဲပေါ်မှာ ရှန်ယွီ သိမ်းမထားတဲ့ ပစ္စည်းအချို့ ကို မြင်လိုက်ရသော်လည်း သူ ဘာမှမပြောတော့ဘဲ ရုံးခန်းထဲက ပြန်ထွက်လာခဲ့သည်။
***
နောက်တစ်နေ့ မနက်တွင် ချန်အာဟူသည် အစောကြီး ရောက်နေပြီး တည်းခိုခန်း၏ မီးဘေးအန္တရာယ် ကာကွယ်ရေးများကို စစ်ဆေးနေလေသည်။
"ဘာတွေ လုပ်နေတာလဲ " ချန်ကျန့်က မေးသည်။
"မီးဘေးအန္တရာယ် စစ်ဆေးနေတာလေ"
"အဲ့ဒါကို ဒီလောက်အထိ ဟန်လုပ်ပြီး စစ်နေဖို့ လိုလို့လား"
"ဟန်လုပ်ရမှာပေါ့။ ရှန်ယွီရဲ့ မိဘတွေ မြင်ရင် သူ့တည်းခိုခန်းက စနစ်တကျ ရှိတယ်ဆိုတာ သိအောင်လို့လေ"
၁၁ နာရီခွဲခန့်တွင် ရှန်ယွီ နိုးလာပြီး
"သူတို့ မြို့ဝင်နား ရောက်နေပြီ၊ ငါ သွားကြိုလိုက်ဦးမယ်။ မင်းရဲ့ ဆိုင်ကယ် ခဏ ငှားဦး" ဟု ဆိုကာ ထွက်သွားလေသည်။
၅ မိနစ်ခန့်အကြာတွင် ဟူဖန်က အပြင်ကနေ အော်ပြောလိုက်သည်။
"မန်နေဂျာချန်! သူတို့ ရောက်လာပြီ!"
ချန်ကျန့် အမြန်ပြေးထွက်ခဲ့သည်။ ဝင်းထဲတွင် ကားနှစ်စီး ဝင်လာနေပြီး၊ ရှန်ယွီက ဆိုင်ကယ်ပေါ်က ဆင်းလိုက်သည်။ ‘၈၈၈’ နံပါတ်ပြားနှင့် SUV ကားပေါ်ကနေ အမျိုးသမီးတစ်ဦး ဆင်းလာခဲ့သည်။ သူမသည် လှပပြီး ခေတ်မီတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ ဒါက ရှန်ယွီရဲ့ မိခင် ဥက္ကဋ္ဌ လျူ ပေါ့။
ဘေးက ကားပေါ်ကနေ လျူဝူ က အရင်ခုန်ဆင်းလာပြီး ချန်ကျန့်ကို ဖက်လိုက်သည် ။
"ချန်ကျန့်! ငါလာတာကို မမျှော်လင့်ထားဘူး မဟုတ်လား! ငါ့အစ်ကို့ကို မပြောခိုင်းထားတာ၊ မင်းကို အံ့သြသွားအောင်လို့!"
"ဒေါ်ဒေါ်... ဒါက ချန်ကျန့်၊ မန်နေဂျာချန် ပါ"
လျူဝူက သူ၏ ဒေါ်လေး (ဥက္ကဋ္ဌ လျူ) ကို မိတ်ဆက်ပေးလိုက်သည်။
"ပျော်ရွှင်စရာ နှစ်သစ်ကူးပါ ဥက္ကဋ္ဌလျူ" ချန်ကျန့်က အမြန် နှုတ်ဆက်လိုက်သည်။
"ဒေါ်ဒေါ် လို့ပဲ ခေါ်ပါ" ဥက္ကဋ္ဌလျူက ပြုံးလျက် ဆိုသည် ။
"ဥက္ကဋ္ဌ လို့ ခေါ်နေရင် ငါက မင်းကို အလုပ်တွေ ခိုင်းမိတော့မှာ စိုးလို့"
"ဟုတ်ကဲ့... ပျော်ရွှင်စရာ နှစ်သစ်ကူးပါ ဒေါ်ဒေါ်"
ဥက္ကဋ္ဌလျူက ချန်ကျန့်ကို အကဲခတ်သလို ကြည့်လိုက်ပြီး ပြုံးလိုက်သည် ။
"မန်နေဂျာချန် က ဖုန်းထဲက အသံနဲ့ လူချင်းတွေ့ရတာ နည်းနည်း ကွာတာပဲနော်"
ချန်ကျန့်ကတော့ ရှက်ကိုးရှက်ကန့် ဖြစ်သွားလေသည်။ လျူဝူကတော့ ဘေးကနေ
"သူက တကယ့်ကို မိုက်တာ ဒေါ်ဒေါ်ရယ်" လို့ မနားတမ်း ပြောနေလေတော့သည်။
____________________________________________________________________________
Comments
Post a Comment