ဖြစ်တည်ခြင်းဆိုသည်မှာ လက်လွှတ်လိုက်ခြင်းဖြစ်သည်
မိမိကိုယ်ကိုယ် ခွင့်လွှတ်ခြင်းက ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေပါတယ်။ သင်ဟာ သင့်ကိုယ်သင် လူဆိုးတစ်ယောက်လို့ ယုံကြည်နေရုံနဲ့ လူကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။
တစ်နေရာရာမှာ
အနုပညာ၊ ပုံပြင်တွေ ဒါမှမဟုတ် ဂီတထဲမှာ မျှော်လင့်ချက်ကို ရှာတွေ့ရတာဟာ သိပ်လှပတဲ့ အရာတစ်ခုပဲနော်။ အဲ့ဒါဟာ တစ်ခါတလေမှာ မမျှော်လင့်ဘဲ ရောက်လာတတ်တဲ့ အခိုက်အတန့်မျိုးပေါ့။ ဥပမာ - The Shawshank Redemption ရုပ်ရှင်ထဲက အကျဉ်းသား အန်ဒီရဲ့ အခန်းနံရံမှာ ကပ်ထားတဲ့ မင်းသမီး Raquel Welch ရဲ့ ပိုစတာကို ဆွဲခွာလိုက်တဲ့ အခိုက်အတန့်မျိုး ၊ ဒါမှမဟုတ် The Sound of Music ထဲမှာ ဇနီးဆုံးပါးသွားလို့ စိတ်ထိခိုက်နေတဲ့ ကပ္ပတိန် Von Trapp က အခန်းတစ်ခန်းအတွင်းမှာတင် သီချင်းဆိုနေတဲ့ ဖခင်တစ်ဦးအဖြစ် ပြောင်းလဲသွားတဲ့ အခိုက်အတန့်မျိုးတွေလိုပေါ့။
မျှော်လင့်ချက်ဆိုတာ သိပ်ပြီး သိမ်မွေ့တတ်ပါတယ်။ ဒါပေမဲ့ သင်ခံစားလိုက်ရတဲ့အခါ အဲ့ဒါကို သင်သိမှာပါ။ ဥပမာ - “Somewhere Over the Rainbow” သီချင်းထဲမှာ “Somewhere” ဆိုတဲ့ စကားလုံးကို ဆိုလိုက်တဲ့အခါ အသံက Octave အပြည့် အားစိုက်စရာမလိုဘဲ မြင့်တက်သွားသလိုမျိုးပေါ့။ ဂီတသင်္ကေတ ကီးအားလုံးကို သန့်သန့်ရှင်းရှင်း ကျော်ဖြတ်သွားတာဟာ ဂီတနဲ့ဖန်တီးထားတဲ့ သက်တန့် တစ်ခုလိုပါပဲ။ မျှော်လင့်ချက်ဆိုတာ အမြဲတမ်း အထက်ကို ပျံတက်ခြင်းနဲ့ လှမ်းကိုင်ခြင်းတွေ ပါဝင်နေတယ်။ Emily Dickinson ပြောသလိုပေါ့
"မျှော်လင့်ချက်ဆိုတာ အတောင်ပံလေးတွေ ပါတဲ့အရာ" ပေါ့။
ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ထားဖို့ ခက်တယ်လို့ လူတွေက ထင်တတ်ကြပေမဲ့ ကျွန်တော်ကတော့ ပြောင်းပြန်လို့ပဲ တွေးမိပါတယ်။ အနည်းဆုံးတော့ မျှော်လင့်ချက်ဆိုတာ စိတ်ပျက်အားငယ်နေချိန်မှာ ကျွန်တော်တို့ အတွယ်ကပ်ချင်ဆုံး အရာတစ်ခုပဲလေ။ ကမ္ဘာပေါ်မှာ အခါးသက်ဆုံးဖြစ်သလို အားအရှိဆုံးလည်းဖြစ်တဲ့ "Somewhere Over the Rainbow" သီချင်း (၂၀ ရာစုရဲ့ အကောင်းဆုံးသီချင်းလို့ သတ်မှတ်ခံထားရတဲ့ သီချင်း) ကို ၁၉၃၉ ခုနှစ်ဆိုတဲ့ လူသားမျိုးနွယ်သမိုင်းမှာ အမှောင်မိုက်ဆုံး နှစ်တစ်နှစ်မှာ ရေးခဲ့ကြတာဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီအချိန်က ဟစ်တလာက စစ်ကို စတင်နေပြီး ဂျူးလူမျိုးတွေကို မုန်းတီးမှုတွေ မြင့်တက်နေချိန်မှာ ဂျူးဂီတပညာရှင် နှစ်ဦးဖြစ်တဲ့ Harold Arlen နဲ့ Yip Harburg တို့က ဒီလိုအင်အားရှိတဲ့ သီချင်းကို ရေးသားခဲ့ကြတာပါ။ အဲ့အချိန်က သူတို့ကိုယ်တိုင်လည်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ရသူတွေလေ...
မျှော်လင့်ချက်ကို ခံစားရဖို့အတွက် သင်ဟာ အခြေအနေကောင်းတစ်ခုမှာ ရှိနေဖို့ မလိုပါဘူး။ အရာရာဟာ ပြောင်းလဲသွားလိမ့်မယ်ဆိုတာကို နားလည်ထားဖို့ပဲ လိုတာပါ။ မျှော်လင့်ချက်ဆိုတာ လူတိုင်းအတွက် ရှိတယ်။ မျှော်လင့်ချက်ရှိဖို့အတွက် လက်ရှိပစ္စုပ္ပန်ရဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ငြင်းပယ်နေစရာ မလိုပါဘူး။ အနာဂတ်ဆိုတာ မရေရာဘူးဆိုတာရယ် ဘဝမှာ အမှောင်ထုရှိသလို အလင်းရောင်လည်း ရှိတယ်ဆိုတာရယ်ကို သိထားဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ခြေထောက်တွေက အခုရှိနေတဲ့ မြေပြင်ပေါ်မှာ ခိုင်ခိုင်မတ်မတ် ရှိနေနိုင်သလို ကျွန်တော်တို့ရဲ့ စိတ်ကတော့ သက်တန့်ရဲ့ ဟိုဘက်အခြမ်းက မြင့်မားတဲ့ အသံလှိုင်း တွေကို ကြားယောင်နေလို့ ရပါတယ်။ ကျွန်တော်တို့ဟာ တစ်ဝက်က ပစ္စုပ္ပန်မှာ ရှိနေပြီး ကျန်တဲ့တစ်ဝက်က အနာဂတ်မှာ ရှိနေနိုင်ပါတယ်။ တစ်ဝက်က ရိုးရှင်းတဲ့ ကန်းဆက်ပြည်နယ်မှာဖြစ်ပြီး၊ ကျန်တဲ့တစ်ဝက်ကတော့ အံ့ဖွယ် အော့ဇ်ပြည်မှာပေါ့။
Comments
Post a Comment