စိတ်နှင့် ပြတင်းပေါက်များ
မိမိကိုယ်ကိုယ် သိရှိနားလည်ဖို့ (Self-awareness) ဆိုတာ ခက်ခဲနိုင်ပါတယ်။ မိတ်ဆွေရဲ့ စိတ်ကို အမြဲတမ်း ယုံကြည်လို့မရပါဘူး။ တစ်ခါတလေမှာ စိတ်ဟာ လိမ်ညာတတ်တယ်၊ လှည့်စားတတ်တယ်၊ ဒါမှမဟုတ် အမှန်တရားကို အပြည့်အဝ မမြင်အောင် ဖုံးကွယ်ထားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အရမ်းကို ဆိုးဝါးတဲ့သူတစ်ယောက်ပါလို့တောင် ထင်အောင်တောင် စိတ်ကလုပ်နိုင်စွမ်း ရှိတယ်။
ပြတင်းပေါက်တစ်ခုဟာ ပြတင်းပေါက်အဖြစ် တည်ရှိနေသလိုမျိုးပဲ၊ စိတ်တစ်ခုဟာလည်း စိတ်အဖြစ် အစစ်အမှန် တည်ရှိနေတာပါ။ ဒါပေမဲ့ အဲ့ဒီပြတင်းပေါက်ကနေ မြင်ရတဲ့ မြင်ကွင်းဟာ မြင်ကွင်းတစ်ခုလုံးရဲ့ အမှန်တရားလို့တော့ မဆိုလိုပါဘူး။ တစ်ခါတလေမှာ မှန်က ညစ်ပတ်နေတာ၊ ဝေဝါးနေတာ၊ ဒါမှမဟုတ် မိုးစက်တွေ စွန်းထင်နေတာမျိုး ဖြစ်နိုင်သလို၊ တစ်ခါတလေမှာတော့ ပြတင်းပေါက်ရှေ့မှာ ကားကြီးတစ်စီး လာရပ်ထားလို့ မြင်ကွင်းတစ်ခုလုံး ပိတ်နေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။
ဒါ့အပြင် အဲ့ဒီပြတင်းပေါက်က သင့်ကို လုံးဝ အထင်မှားအောင်လည်း လုပ်နိုင်ပါသေးတယ်။ ဥပမာ - အနီရောင် ခြယ်ထားတဲ့ မှန်ကနေတစ်ဆင့်ပဲ လောကကြီးကို ကြည့်နေရတာဆိုရင်... အပြင်ဘက်မှာ စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းပြင်ကြီးတွေ ရှိနေရင်တောင်မှ သင့်အမြင်မှာတော့ ကမ္ဘာကြီးဟာ အင်္ဂါဂြိုဟ်ပေါ်က သဲကန္တာရလိုမျိုး နီရဲပြီး ကြောက်စရာကောင်းနေပါလိမ့်မယ်။
TN // ကိုယ့်ဘာသာကိုယ်တောင် မကောင်းတွေးနိုင်ပါတယ်ဆိုမှ ဗေဒင် သမားယောင်ယောင်တွေရဲ့ ဘယ် SIGN က ဘယ်လိုဆိုးတာ ဘာညာနဲ့ ထပ်ပြီး ဦးနှောက်ဆေး ။ အဲ့ဒါတွေ ဖတ်ပြီး ငါက ဘယ်ဟာမို့ မကောင်းဘူး ။ ဆိုက်ကိုပက်ခ် ဆိုပြီး အယူတိမ်းပြီး --------- ဖြစ်ကုန်ကြတာပဲ။
____________________________________________________________________
ရှေ့နောက်မညီသော အမှန်တရား
တစ်ခါက စိတ်ကုထုံးပညာရှင်တစ်ယောက်က ကျွန်တော့်ကို ပြောပြဖူးပါတယ်။ သူ့ဆီ လာရောက်ပြသတဲ့ လူနာတွေဆီကနေ အကြားရဆုံး တိုင်တန်းချက်ကတော့... သူတို့ဟာ ဘယ်နေရာနဲ့မှ မသက်ဆိုင်သလို ခံစားရတာ၊ လူလိမ်တစ်ယောက်လို ခံစားရတာ၊ ဒါမှမဟုတ် အရာရာရဲ့ အပြင်ဘက်ကို ရောက်နေသလိုမျိုးနဲ့ လူတွေကြားထဲမှာ အံမဝင်ခွင်ကျ ဖြစ်နေတာတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လူတွေနဲ့ လွယ်လွယ်ကူကူ ချိတ်ဆက်လို့မရဘူးလို့ ခံစားနေရတာမျိုးပေါ့။
ဒီအချက်ဟာ ရှေ့နောက်မညီဘူးလို့ ထင်ရသလောက် ကျွန်တော့်အတွက်တော့ စိတ်သက်သာရာ ရစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့... လူတွေကြားထဲမှာ အဖြစ်အများဆုံး ခံစားချက်တစ်ခုက "လူတွေကြားထဲ အံမဝင်ဘူး" လို့ ခံစားနေရခြင်း ဖြစ်နေလို့ပါပဲ။ အဲ့ဒီမှာ ရရှိတဲ့ နှစ်သိမ့်မှုကတော့... ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် အနေရခက်နေတယ်။ တစ်ယောက်တည်း ဖြစ်နေတယ်လို့ ခံစားရတဲ့ အချိန်တွေမှာတောင်မှ တကယ်တမ်းမှာတော့ တခြားလူတွေနဲ့ အတူညီဆုံး အချက်တစ်ခုကို ပိုင်ဆိုင်နေတယ်ဆိုတဲ့ ထူးဆန်းတဲ့ အမှန်တရားပါပဲ။
"အထီးကျန်ခြင်း" ဆိုတာဟာ လူသားတိုင်း ကြုံတွေ့ရတဲ့ အခြေခံအကျဆုံး အရာတစ်ခုပါပဲ။
______________________________________________________________________
လမ်းဆုံလမ်းခွ
တစ်ခါတလေမှာ ကျွန်တော်တို့ တစ်ခုခုကို ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် မြန်မြန်ဆန်ဆန် လုပ်ရမယ်လို့ ခံစားရတတ်ပါတယ်။ တကယ်တော့လည်း "ပြတ်သားတယ်" ဆိုတဲ့ စကားလုံးကို "မြန်ဆန်တယ်" ဆိုတဲ့ စကားလုံးနဲ့ အနက်တူသလိုမျိုး သုံးနှုန်းလေ့ရှိကြတာကိုး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လမ်းဆုံလမ်းခွတစ်ခုကို ရောက်နေတဲ့အခါမှာတော့... ခေတ္တရပ်တန့်ဖို့၊ မီးပွိုင့်မှာ ခဏလောက် စောင့်ဆိုင်းဖို့နဲ့ မြေပုံကို ပြန်စစ်ဆေးကြည့်ဖို့က ပိုပြီး ကောင်းမွန်ပါတယ်။ အဆုံးသတ်မှာတော့... ကျွန်တော်တို့ဟာ လမ်းမှားဘက်ကို ဦးတည်သွားနေတာဆိုရင် ဘယ်လောက်ပဲ လှုပ်ရှားရုန်းကန်နေပါစေ။ အဲ့ဒါဟာ တိုးတက်မှု မဟုတ်တော့ပါဘူး။
Comments
Post a Comment