ဆန့်ကျင်ဘက် စွမ်းရည်
ကဗျာဆရာ ဂျွန်ကိစ် (John Keats) ဟာ "Negative capability" ဆိုတဲ့ စကားစုကို စတင်သုံးနှုန်းခဲ့ပါတယ်။ အဲ့ဒီရဲ့ အဓိပ္ပာယ်ကတော့ လူတစ်ယောက်ဟာ
"အချက်အလက်တွေနဲ့ အကြောင်းပြချက်တွေနောက်ကို စိတ်တိုတိုနဲ့ ဇွတ်လိုက်မရှာဘဲ... မရေရာမှုတွေ၊ နက်နဲမှုတွေနဲ့ သံသယတွေကြားမှာ တည်ငြိမ်စွာ ရှိနေနိုင်တဲ့ စွမ်းရည်" ပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အားနည်းချက် ဒါမှမဟုတ် မပြည့်စုံမှုတွေကို ရဲရဲဝံ့ဝံ့ ပွေ့ဖက်လိုက်ခြင်းပါပဲ။
ဂျွန်ကိစ်အတွက်တော့ ရှဲတ်စပီးယား (Shakespeare) ဟာ ဒီအယူအဆကို အပြည့်ဝဆုံး ဖော်ဆောင်နိုင်သူပါ။ ဘာလို့လဲဆိုတော့ ရှဲတ်စပီးယားရဲ့ လက်ရာတွေဟာ မပြည့်စုံမှုတွေ၊ ဝေဝါးမှုတွေနဲ့ ပြည့်နှက်နေပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုလို့ရတဲ့ အလှတရားမျိုးကို ဖန်တီးပေးလို့ပါပဲ။
ဂျွန်ကိစ်ဟာ မိုင်လ်စ်ဒေးဗစ် (Miles Davis) ရဲ့ တေးဂီတကို တစ်ခါမှ မကြားဖူးခဲ့ပေမဲ့... သူသာ ကြားခဲ့ရင် ဒေးဗစ်ရဲ့ ဂီတထဲမှာ "Negative capability" ကို သတိထားမိမှာ သေချာပါတယ်။ "ရှိနေတဲ့ အရာကို မတီးပါနဲ့၊ မရှိသေးတဲ့ အရာကို တီးခတ်ပါ" လို့ ဒေးဗစ်က ပြောခဲ့ဖူးပါတယ်။
ဆန့်ကျင်ဘက် စွမ်းရည်ဆိုတာ ကျွန်တော်တို့ သိထားတာတွေရဲ့ အပြင်ဘက်က ဟာလာဟင်းလင်း ဖြစ်နေတဲ့ နေရာလွတ် (Space) အကြောင်းပါ။ တကယ်လို့ ကျွန်တော်တို့ဟာ အလှတရားကို ရှာဖွေချင်တယ်ဆိုရင် အဲ့ဒီနေရာလွတ်ထဲကို ခြေလှမ်းလှမ်းဖို့ အမြဲအသင့်ရှိနေရမှာပါ။
ရိုမန်းတစ်ခေတ်ရဲ့ အဆင့်မြင့်ဆုံး ဇင် (Zen) ပညာရှင်လို့ ပြောလို့ရတဲ့ ဂျွန်ကိစ်က
"ကြီးကျယ်တဲ့ ကဗျာဆရာတစ်ယောက်အတွက်တော့... အလှတရားကို ခံစားမိတဲ့ အသိစိတ်ဟာ တခြားသော စဉ်းစားတွေးခေါ်မှု အားလုံးကို အောင်နိုင်သွားတယ်၊ ဒါမှမဟုတ် အဲ့ဒီအတွေးတွေအားလုံးကို ဖျောက်ဖျက်ပစ်လိုက်တယ်" လို့ ရေးခဲ့ပါတယ်။
ဂျွန်ကိစ်က ဒီအယူအဆကို အနုပညာအတွက် အဓိက သုံးစွဲခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူ Wilfred Bion က ဒါကို စိတ်ပညာနဲ့ ဖြစ်တည်မှုဆိုင်ရာ ရှုထောင့်ကနေ အသုံးပြုခဲ့ပါတယ်။ Bion အတွက်တော့ ဆန့်ကျင်ဘက် စွမ်းရည်ဆိုတာ မှတ်ဉာဏ်တွေ၊ လိုအင်ဆန္ဒတွေရဲ့ အပြင်ဘက်ကနေပြီး ပင်ကိုယ်အသိစိတ် (Intuition) နဲ့ တွေးတောနိုင်ခြင်းပါပဲ။ "သင့်ရဲ့ မှတ်ဉာဏ်တွေကို စွန့်ပယ်လိုက်ပါ၊ အနာဂတ်မှာ ဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေကို စွန့်ပယ်လိုက်ပါ... အတွေးသစ်တွေ ဝင်လာဖို့အတွက် နေရာလွတ်ဖြစ်သွားအောင် သင်သိထားတာတွေရော၊ သင်လိုချင်တာတွေရော အားလုံးကို ခဏလောက် မေ့ပစ်လိုက်ပါ" လို့ သူက တိုက်တွန်းခဲ့ပါတယ်။
အတွေးသစ်တစ်ခု။
ဒါကို ကျွန်တော် အရမ်းသဘောကျပါတယ်။ အဲ့ဒါဟာ ဇင်ဗုဒ္ဓဘာသာရဲ့ "ဆာတိုရီ" (Satori) ဆိုတဲ့ အသိအမြင်ပွင့်သွားခြင်း အယူအဆနဲ့ ဆင်တူပါတယ်။ ကိုယ့်ရဲ့ သဘာဝထဲမှာရှိတဲ့ မရေရာမှုတွေကြားထဲကို နစ်မြုပ်လိုက်ခြင်းကနေတစ်ဆင့် ရရှိလာတဲ့ အသိတရားမျိုးပေါ့။ အဲ့ဒီနေရာမှာပဲ လွတ်လပ်မှုဟာ ကိန်းအောင်းနေတာပါ။ အတွေးအမြင်သစ်တစ်ခု ရနိုင်ခြေရှိတဲ့ နေရာမှာပေါ့။ ကျွန်တော်တို့ဟာ အရာရာကို ပွင့်လင်းစွာ ထားရှိပြီး လက်ရှိအခိုက်အတန့်ရဲ့ စီးဆင်းမှုအပေါ်မှာ အမြဲတမ်း နိုးကြားနေမယ်ဆိုရင် အဲ့ဒီနေရာကို ရောက်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။
ဖြစ်နိုင်တာကတော့... ဟာလာဟင်းလင်း ဖြစ်နေတဲ့ ဟင်းလင်းပြင်ကြီးထဲကနေ စကြဝဠာကြီးကို ဖန်တီးတည်ဆောက်လိုက်တဲ့ စကြဝဠာဆိုင်ရာ "ဆန့်ကျင်ဘက် စွမ်းရည်" (Cosmic negative capability) တစ်ခုကြောင့်သာ ကျွန်တော်တို့ တည်ရှိနေကြတာ ဖြစ်ပါလိမ့်မယ်။
အရာရာတိုင်းကို မသိဘဲနေတာဟာ ကိစ္စမရှိပါဘူး။ အရာရာကို မသိတာကမှ ပိုပြီး ကောင်းမွန်သလို ပိုပြီးတော့လည်း ပညာရှိရာ ရောက်ပါတယ်။ အနည်းဆုံးတော့ "ငါ အားလုံးသိတယ်" ဆိုတဲ့ အတွေးကို ရှောင်ကြဉ်ခြင်းက ကျွန်တော်တို့ကို အကျင့်ပါနေတဲ့ အတွေးအခေါ်ဟောင်းတွေကနေ ပိုပြီး လွတ်မြောက်စေပါတယ်။ ဒါပေမဲ့ အရာရာကို ပွင့်ပွင့်လင်းလင်း လက်ခံနိုင်တဲ့ နေရာတစ်ခုထဲ ရောက်ဖို့ဆိုရင် ကိုယ့်ရဲ့ အားနည်းချက် တွေကို အရင်ဆုံး ရင်ဆိုင်ရပါလိမ့်မယ်။ အဲ့ဒီအခါမှာ ပိုပြီး အသစ်ဖြစ်တဲ့ ပိုပြီး နက်ရှိုင်းတဲ့ "စိတ်သက်သာရာရမှု" ကို ကျွန်တော်တို့ နားလည်လာမှာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လေ့ကျင့်ခန်း ဗီဒီယိုတစ်ခု ကြည့်ဖူးတာကို ကျွန်တော် အမြဲသတိရနေမိတယ်။ အဲ့ဒီထဲက သင်တန်းဆရာက ခက်ခဲတဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်နေချိန်မှာ အခုလို အော်ပြောခဲ့တယ်။ "သက်သောင့်သက်သာ မရှိတာကိုပဲ သက်သောင့်သက်သာဖြစ်အောင် နေကြည့်စမ်း" (Get comfortable with being uncomfortable) တဲ့။
ဒီလို လေ့ကျင့်ခန်းဆရာပေးတဲ့ အကြံဉာဏ်ကို Keats ရဲ့ Negative Capability ဒါမှမဟုတ် Zen ဗုဒ္ဓဘာသာနဲ့ သွားယှဉ်ဖို့က နည်းနည်းတော့ လွန်ရာကျနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ရင်းနှီးပြီးသား ဘေးကင်းတဲ့ ပုံစံခွက်တွေထဲကနေ ထွက်ခွာပြီး... ဂျွန်ကိစ် ပြောခဲ့တဲ့ "ဘဝရဲ့ မသိနိုင်တဲ့ အလှတရားတွေ" ဆီကို သွားဖို့ ဆန္ဒရှိတဲ့အခါမှာ... ပိုမိုမြင့်မားတဲ့ စိတ်အေးချမ်းမှုနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုအစစ်အမှန်ဆီကို ပိုပြီး နီးကပ်သွားမယ်လို့ ကျွန်တော် ခံစားရပါတယ်။
Wilfred Bion ပြောခဲ့သလိုပါပဲ
"အလှတရားဟာ အင်မတန် ခက်ခဲတဲ့ အခြေအနေတွေကိုတောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိစေတယ်" တဲ့။
ကျွန်တော်တို့ အရာရာကို အဖြေရှာနေဖို့ မလိုပါဘူး။ အဲ့ဒီအလှတရားတွေကို ငေးကြည့်ရုံသက်သက်နဲ့တင် လုံလောက်ပါတယ်။
Comments
Post a Comment