ဝမ်း
ကိန်းဂဏန်းတွေဟာ စွဲလမ်းစရာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့ကို တိုင်းတာဖို့၊ နှိုင်းယှဉ်ဖို့နဲ့ ပမာဏသတ်မှတ်ဖို့ အခွင့်အရေးပေးသလို... "ဒီထက်မက ပိုရှိနိုင်သေးတယ်" ဆိုတဲ့ ခံစားချက်မျိုးကိုလည်း ပေးစွမ်းလို့ပါပဲ။ အခုဆိုရင် ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်မှုတွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ဆိုရှယ်မီဒီယာက Follower အရေအတွက်၊ ခန္ဓာကိုယ် အချိုးအစား၊ ဝင်ငွေအဆင့်အတန်း၊ အသက်၊ ကိုယ်အလေးချိန်၊ အွန်လိုင်းက အဆင့်သတ်မှတ်ချက်တွေ၊ Like တွေ၊ Share တွေ၊ လမ်းလျှောက်တဲ့ ခြေလှမ်းအရေအတွက်၊ အိပ်စက်တဲ့ နာရီအရေအတွက်၊ စာလုံးရေ၊ စာမေးပွဲအမှတ်၊ အိမ်ဈေးနှုန်း၊ ဘတ်ဂျက်အစီရင်ခံစာ၊ စတော့ဈေးကွက် တန်ဖိုးဖြတ်မှုတွေ... ကိန်းဂဏန်းတွေ၊ ကိန်းဂဏန်းတွေ၊ ကိန်းဂဏန်းတွေချည်းပါပဲ။
အဲ့ဒီကိန်းဂဏန်းတွေက ကျွန်တော်တို့ရဲ့ စိတ်ထဲကို စိမ့်ဝင်လာတယ်။ သူတို့က ကျွန်တော်တို့ကို နှိုင်းယှဉ်ခိုင်းတယ်။ ကျွန်တော်တို့ဟာ တခြားသူတွေနဲ့ နှိုင်းယှဉ်သလို ကိုယ့်ကိုယ်ကိုယ်နဲ့လည်း ပြန်ပြီး နှိုင်းယှဉ်ကြတယ်။ ဒါကို အမြဲတမ်း အဆိုးမြင်တဲ့စိတ်နဲ့ လုပ်နေကြတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေအတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ စိတ်နဲ့လည်း လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာမှာ ကိန်းဂဏန်းတွေက ပါဝင်ပတ်သက်နေလွန်းပါတယ်။
ကျွန်တော်တို့ရဲ့ တန်ဖိုးမှန်သမျှဟာ ကိန်းဂဏန်းတွေ ဖြစ်ကုန်ကြတယ်။ ကျွန်တော်တို့ဟာ အကန့်အသတ်ရှိတဲ့ တိုင်းတာလို့ရတဲ့၊ အတက်အကျရှိတဲ့ တန်ဖိုးတွေပဲ ဖြစ်သွားကြတယ်။ ကျွန်တော်တို့မှာရှိတဲ့ "အကန့်အသတ်မဲ့တဲ့ အသိစိတ်" (Sense of infinity) တွေ၊ "ရှင်သန်ခြင်း" ဆိုတဲ့ အသိတရားတွေ ပျောက်ဆုံးကုန်ကြတယ်။ ကိန်းဂဏန်းတွေရှိတဲ့နေရာမှာ တိုင်းတာမှုတွေ ရှိပါတယ်။ တိုင်းတာမှုတွေက ကျွန်တော်တို့ကို ကန့်သတ်ပိတ်လှောင်ထားပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းတာမှုတွေက ကျွန်တော်တို့ကို "အကန့်အသတ်မဲ့တဲ့ အမြင်" (Infinite perspective) ကနေ "အကန့်အသတ်ရှိတဲ့ အမြင်" (Finite perspective) ဆီကို ခေါ်ဆောင်သွားလို့ပါပဲ။ နောက်ဆုံးမှာတော့... အကန့်အသတ်ရှိတဲ့ အရာတွေကိုပဲ တိုင်းတာလို့ ရတာ မဟုတ်လား။
Comments
Post a Comment