"ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းရဲ့ စွမ်းအား
ကျွန်တော် မကြာခဏ အမေးခံရတဲ့ မေးခွန်းတစ်ခုရှိတယ် ။
"ဆိုးဝါးတဲ့ အတွေ့အကြုံတွေအကြောင်း ချရေးတာက မင်းကို ပိုပြီး စိတ်ဓာတ်ကျမသွားစေဘူးလား" တဲ့။
လူတွေ ဘာကြောင့် ဒီလိုမေးကြသလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အဖြေကတော့ ပြတ်ပြတ်သားသား "မကျပါဘူး" ဆိုတာပါပဲ။
ဒါကို ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်တော် အရမ်းဖျားနာပြီး ဘဝရဲ့ အနိမ့်ဆုံးအောက်ခြေကို ရောက်နေချိန်၊ စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့အချိန်မှာ ကျွန်တော် ဘာတွေခံစားနေရသလဲဆိုတာကို ချရေးခဲ့ပါတယ်။ တစ်ရက်မှာ "မမြင်ရတဲ့ အလေးခဲကြီး" လို့ ချရေးခဲ့သလို၊ နောက်တစ်ရက်မှာတော့ "ငါ့ခေါင်းကို ခွဲပြီး ဒီလိုခံစားချက်မျိုး ဖြစ်အောင်လုပ်နေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ထုတ်ပစ်လိုက်ချင်တယ်" လို့ ချရေးခဲ့ပါတယ်။
အဲ့ဒီထက် ပိုပြီး အမှောင်ဖုံးတဲ့ အရာတွေကိုလည်း ကျွန်တော် ချရေးခဲ့ဖူးတယ်။ ဒါပေမဲ့ အမှောင်ထုအကြောင်း ချရေးလိုက်လို့ ကျွန်တော့်စိတ်က ပိုပြီး မှောင်မသွားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်စိတ်က မှောင်နှင့်နေပြီးသားမို့လို့ပါ။ အရာရာကို ချရေးလိုက်ခြင်းကသာ အဲ့ဒီအတွင်းစိတ်ထဲက အမှောင်ထုကို အပြင်ဘက်က အလင်းရောင်အောက်ကို ဆွဲထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အခုကာလမှာတော့ ကျွန်တော် ဘာလိုချင်သလဲဆိုတာကိုပါ ချရေးလေ့ရှိတယ်။ ဒီနေရာမှာ အရေးကြီးဆုံးသော သော့ချက်ကတော့ "ရိုးသားမှု" ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အရှက်ရစေလောက်တဲ့အထိ ရက်ရက်စက်စက် ရိုးသားပါ။ ဒါကို ကျွန်တော် အကြံပြုချင်ပါတယ်။
ဥပမာ - မိတ်ဆွေက
"ငါ Six-packတွေ လိုချင်တယ်" လို့ ချရေးလိုက်တယ် ဆိုပါစို့။ အဲ့ဒီဆန္ဒကို စာရွက်ပေါ်မှာ မြင်လိုက်ရတဲ့အခါ သင် တစ်ခုခုကို အလိုအလျောက် သတိပြုမိသွားပါလိမ့်မယ်။ အဲ့ဒီလို လိုချင်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကြောင်တောင်တောင်နိုင်တယ်လို့ ခံစားရနိုင်သလို၊ အဲ့ဒီလို ပြင်းပြတဲ့ ဆန္ဒကို လျော့ကျစေမယ့် ကိုယ့်ရဲ့ တခြားသော အစိတ်အပိုင်းတစ်ခုကိုလည်း နိုးထလာစေနိုင်ပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီဆန္ဒရဲ့ နောက်ကွယ်မှာ တစ်လုံးတည်းသော မေးခွန်းကို မေးဖို့ လိုပါတယ်။
"ဘာကြောင့်လဲ" ။ "ငါ ဘာလို့ Six-pack လိုချင်တာလဲ"
အဲ့ဒီအခါမှာ ရိုးရိုးသားသား ပြန်ဖြေပါ။
"ငါ ကြည့်ကောင်းချင်လို့"။
ပြီးရင် ထပ်မေးပါ ။
"ဘာလို့လဲ"
"ကိုယ့်ကိုယ်ကိုယ်အတွက်"။
အဲ့ဒီအဖြေကို ခဏစိုက်ကြည့်နေလိုက်ရင် မိတ်ဆွေဟာ ကိုယ့်ကိုယ်ကိုယ် လုံးဝရိုးသားမှု မရှိသေးဘူးဆိုတာ ခံစားမိလာပါလိမ့်မယ်။ ဒါကြောင့်
"တခြားလူတွေရဲ့ အထင်ကြီးမှုကို ခံချင်လို့" ဆိုပြီး ထပ်ဖြည့်လိုက်မယ်။ ပြီးရင် ဆိုကရေးတီး လိုမျိုး မရပ်ဘဲ မေးခွန်းတွေ ထပ်မေးပါ။
"ဘာလို့လဲ"
"သူတို့ရဲ့ အသိအမှတ်ပြုမှုကို လိုချင်လို့"
"ဘာလို့လဲ"
"အပေါင်းအသင်းဝင်ဆံ့ချင်လို့"
"ဘာလို့လဲ?"
ဒီလိုနဲ့ မိတ်ဆွေဟာ "ဘာကြောင့်လဲ" ဆိုတဲ့ လိုဏ်ခေါင်းထဲကို တစ်ဆင့်ပြီးတစ်ဆင့် နက်နက်ရှိုင်းရှိုင်း ဆင်းသွားရင်းနဲ့ နောက်ဆုံးမှာ "အမှန်တရားကို သိမြင်ခြင်း" ဆိုတဲ့ အလင်းတန်းဆီကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီအခါမှာ မိတ်ဆွေသိလိုက်ရမှာကတော့... Six-pack လိုချင်တာဟာ တကယ်တော့ Six-pack ကြောင့် မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်ကြောင့်လည်း မဟုတ်သလို၊ ကျန်းမာရေး ဒါမှမဟုတ် ကြံ့ခိုင်ရေးကြောင့်လည်း မဟုတ်ပါဘူး။ အဲ့ဒါဟာ လုံးဝတခြားအရာတစ်ခုခု ဥပမာ - အထီးကျန်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း ကြောင့်သာ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအရာဟာ Six-pack ရရုံနဲ့လည်း အခြေခံကျကျ ဖြေရှင်းလို့ ရနိုင်မယ့်အရာ မဟုတ်ပါဘူး။
ဒါကြောင့် "စာရေးခြင်း" ဆိုတာ မြင်အောင်ကြည့်ခြင်း တစ်မျိုးပါပဲ။
သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်မယ့် နည်းလမ်းတစ်ခုပါ။ သံသယတွေနဲ့ အိပ်မက်တွေအပေါ် အလင်းရောင် ထိုးပြပြီး အဲ့ဒီအရာတွေရဲ့ တကယ့်အနှစ်သာရကို သိမြင်အောင် လုပ်ဆောင်တဲ့ နည်းလမ်းပါ။ အဲ့ဒီလို အမှန်တရားရဲ့ အလင်းရောင်အောက်မှာ စိုးရိမ်ပူပန်မှုတွေဆိုတဲ့ ရေအိုင်ကြီးတစ်ခုလုံးဟာ အငွေ့ပျံ ပျောက်ကွယ်သွားနိုင်ပါတယ်။
TN // လာပြီ လာပြီ ။ ယူတို့လိုပေ့ါ ။ ရည်းစားလိုချင်တယ်။ WHY? WHY?
For me : Ipad လိုချင်တယ်။ Why? စာဖတ်ချင်လို့လေ ။ Why? ဖတ်စရာတွေ များလို့လေ...Why? တကယ်တော့ တုတ်ချောင်းစကေးကနေ တတ်မလားလို့ ပုံဆွဲချင်တာ။ ဂိမ်းနှိပ်ချင်တာ ။ ရုပ်ရှင်ကြည့်ချင်တာ......😁
Comments
Post a Comment