အပိုင်း (၁၈)
မြို့ပြရဲ့ စနေနေ့ ညနေခင်းတွေက ပုစွန်ဆီရောင်ပြေးနေတယ်။ နေသစ်ကို အပြင်အင်္ကျီနဲ့က ဟိုအရက်သောက်ကြတဲ့ နေ့ပြီးတည်းက မမြင်ခဲ့ရတော့ သူတွေ့ချင်တယ်။ ကျောင်းဝတ်စုံတွေက သန့်သန့်ပြန့်ပြန့်ပေမဲ့ နေသစ်က ကိုကို့လောက်တော့ ကျော့ကော့နေအောင် မနေခဲ့ဘူး။ ကိုးတန်းတုန်းကတော့ နေသစ်က အကောင်းစား တီရှပ်တွေကို စျေးကြီးတဲ့ ဘောင်းဘီဘရန်းတွေနဲ့ တွဲဝတ်တတ်တယ်။ ကျူရှင်က အဲကွန်းက အေးတော့ တစ်ခါတလေ ရှပ်လက်ရှည်ထပ်ဝတ်တတ်တယ်။
အိုး…
ကျူရှင်လှေကားပေါ်က ဆင်းလာတဲ့ နေသစ်ကို မော်ကြည့်ရင်း သူ့စိတ်ထဲမှာတောင် အာမေဋိတ်သံ တိုးတိုးလေး ထွက်သွား ရတယ်။ မြင်လိုက်တာနဲ့ တော်ရုံပိုက်ဆံရှိတဲ့ အိမ်က ကလေးမဟုတ်မှန်းသိအောင် ဝတ်စားဆင်ယင်တတ်တာပဲ။ ဖြူဖွေးသန့်ပြန့်နေတဲ့ ရှပ်ကိုမှ ကော်ဖီရောင် စတိုင်ပင်နဲ့တွဲဝတ်ထားတာ။ ရှင်းသန့်ပြီး ကြည်လင်နေရော…
ဘာစားချင်လဲ ။ ဘာသောက်ချင်လဲ ။ ဟိုတယ်ခေါ်သွားခိုင်းရင်တောင် ငါ မငြင်းဘူး။ ကျွေးနိုင်တယ်။ အချိုတွေလည်း ကြိုက်သလောက်စားလို့ရတယ်။ စိတ်ထဲ အဆက်မပြတ်ပြောနေပေမဲ့ တကယ်တမ်းကျ နေသစ်ထက် ပိုပြီး အသက်ကြီးကာ သားနားနေတဲ့ အစ်ကို ကြီး တစ်ယောက်ကြောင့် သူဘာမှ ဆက်မပြောဖြစ်တော့ဘူး။
နေသစ် ဘာတွေဖြစ်စေချင်တာလဲ ။ သူ့စိတ်ကို နှိပ်စက်နေတာလား ။ ဘာလုပ်လုပ်ဘယ်တုန်းကများ သူ အပြစ်တင်ဖူးလို့လဲ။ အခုလည်း နေသစ် စိတ်ချမ်းသာသလိုနေ…နေသစ်စကား သူနားထောင်ပေးလိုက်ရင် ပြီးပြီပဲ။
နေသစ်က သူ့ကို ကျူရှင်အောက်မှာပဲ လာစောင့်စေချင်တာ။ ညနေခင်းကို လျှောက်လည်ဖို့ စိတ်ကူးမရှိဘူး။ သူလည်ချင်တဲ့ တစ်ယောက်ကို ခေါ်ထားပြီးသား။
"ငါ့ ကိစ္စ ၊ မင်းဝင်ပါစရာမလိုဘူး"
ဒါဆိုရင်လည်း နေရာမှာ ရပ်ကျန်ခဲ့ရမှာပဲ။ လာခေါ်တဲ့ အစ်ကိုကြီးရဲ့ကား မြို့ထဲလမ်းမတွေကြား ပျောက်ကွယ်သွားတဲ့အထိ သူရပ်ကြည့်နေလိုက်တယ်။ တကူးတက ထည့်လာတဲ့ ATM card လည်း မလိုတော့သလို ထည့်လာတဲ့ တစ်သောင်းတန်တွေလည်း မလိုတော့ဘူး။
မေမေ့ကိုသာ ဖုန်းဆက်လိုက်တယ်။
“ဟယ်လို မေမေ။ ကျွန်တော် ဒီနေ့ချိန်းထားတာ မသွားဖြစ်ဘူး။ လာကြိုပေးရမလား။”
မေမေဝမ်းသာသွားသံကို သူခံစားရတယ်။
“လာခဲ့ ။ လာခဲ့ ။ ဘာလဲ ထွန်းကိုက လျှောက်မလည်တော့ဘူးတဲ့လား”
ထွန်းကို နဲ့ တွေ့မယ်လို့ မပြောပါဘူး ။ ချိန်းထားတာ ရှိတယ်ဆိုတာနဲ့ ထွန်းကိုနဲ့ပဲ ထင်နေတာ။
“ကျွန်တော့်မှာ ထွန်းကိုပဲ ရှိတာမဟုတ်ပါဘူး”
“အမ်”
ပထမဆုံးအကြိမ် မေမေ ဖုန်းမချခင် သူအရင်ဖုန်းချလိုက်တယ်။
***
အာ…နေသစ်က သူရှိရာကို လိုက်လာတယ်။ ထူးထူးဆန်းဆန်းပဲ။ လက်ယက်ခေါ်နေတဲ့ နေသစ်ဆီ သူအပြေးသွားလိုက်တော့…
ဘယ်လိုဖြစ်လို့ သူရိုက်ပေးထားတဲ့ ပုံ ။ အထူးသဖြင့် သူတို့ နှစ်ယောက်တည်း သိတဲ့ အခြေအနေကို လူတွေက သိသွားကြတာလဲ။
"သူတို့တွေက ဒီပုံကို ဘယ်လိုရသွားတာလဲ"
ရာရာစစ…နေသစ်ပုံကို…ဆူပွက်လာတဲ့ စိတ်တွေကြောင့် တောက်တစ်ချက်ခေါက်မိသွားတယ်။ မူလတန်းတန်းကလို မြင်မြင်ရာ ဆွဲရိုက်ချင်စိတ်တွေ ဝင်လာရတယ်။
"မင်း မပို့ဘဲနဲ့တော့ ဘယ်ရမလဲ"
"ငါ...ငါ သူတို့ကိုမသိဘူး"
နေသစ်စိတ်ဆိုးနေပြီ။ ပုံမှန် သူ့ကို ဆက်ဆံပုံနဲ့တောင် မဟုတ်တော့ဘူး။ ဘာလုပ်ရမလဲ။ ဒူးထောက်ပြီး ဦးတိုက်လိုက်ရမလား။ နေသစ် ဖြစ်စေချင်တာ ပြောခိုင်းပြီး လူတွေကို ပြန်ရိုက်ရမလား။ ဘာလုပ်ရမလဲ။ နေသစ် စိတ်ဆိုးနေပြီ။ နေသစ် စိတ်ဆိုးရင် လုပ်ချင်တာတွေ လုပ်ပြီး သူ့ကို ထားခဲ့လိမ့်မယ်။ ဘာလုပ်ရမလဲ။
နေသစ် စကားတွေတော့ ပြောနေတယ်။ သူ ပူတက်လာတဲ့ စိတ်တွေ ၊ ထားခဲ့ခံရမှာ ကြောက်တဲ့စိတ်တွေကြားက သူအားစိုက်နားထောင်ကြည့်တယ်။
"ငါ တာဝန်ယူပေးမယ်။မိုးရိပ်ကိုလည်းမင်းကိုတောင်းပန်ဖို့ အခုပဲသွားပြောမယ်။ သူမယုံဘူးပြောလို့ ငါပို့ပေး
လိုက်မိတာ။ မင်း ကို ငါ တာဝန်ယူပါ့မယ် နေသစ်...အခုကိစ္စအားလုံးကို တာဝန်ယူပေးမယ်"
နောက်ဆုံးတော့ နေသစ် သူ့ကို လက်ပါခဲ့ပြီ။ ပါးစောင်တစ်ခုလုံး ပူတက်နာကျင်သွားပေမဲ့ သူ့ကို ဘာမှ ကူကယ်လို့ မရတော့သလိုပဲ။ သူ့အစီအစဥ်ကို နေသစ် မကြိုက်ဘူးလား။
“အဲ့ပုံ ပို့တာမင်း ဆိုတာကို လုံးဝမသိစေနဲ့။ အရင်လို ဘာကောင်မှ မဟုတ်သလိုပဲဆက်နေနေလိုက်"
ဒါ နေသစ် ပေးတဲ့ နောက်ဆုံး အမိန့်ပဲ။ စိုးရိမ်တယ်။ ကာကွယ်ပေးချင်တယ် ။ နေသစ်ကို စော်ကားတဲ့ သူတွေကိုနောင် မစော်ကားရဲအောင် ပညာပေးချင်တယ်။ ဒါပေမဲ့… နေသစ်လိုချင်တာက သူလုပ်ပေးနိုင်တာတွေထဲက တစ်ခုမှ ဟုတ်မနေခဲ့ဘူး။
ငါက မင်းစကားပဲ နားထောင်ရမှာပေ့ါ…
***
😭
ReplyDelete😭😭😭
ReplyDelete