အပိုင်း (၂၀)
သူ့ကိုသာ နေသစ်က မကပ်ခိုင်းတာ။ သူကလွဲရင် တခြားသူတွေ အားလုံးနဲ့ကပ်တယ်။ ဒီလိုပါပဲ။ ဒါကို က နေသစ်လေ။ လူတွေက ဘယ်တော့မှ မပြောင်းလဲဘူး။
သူ့ကိုသာ ထားခဲ့ချင် ထားခဲ့မယ်။ တခြားနေရာမှာ ဖြစ်သလို နေထိုင်ပြီး ဘဝကြီးစုတ်ပြတ်သတ်သွားရင်တောင် သူ့လုပ်ရပ်မှန်နေတုန်းပဲလို့ တွေးချင်တွေးနေမှာ နေသစ်ပဲ။ ဘယ်တော့မှ သူ့ကို မြင်မှာလဲ။ အတူတူနေချင်ရုံ နေ့တိုင်း ဘေးကင်းကင်း ၊ ကျန်းကျန်းမာမာ ၊ ပျော်ပျော်ရွှင်ရွှင် ရှိစေချင်ရုံ ၊ စားချင်တဲ့ အချိုတွေကို စိတ်ကြိုက် ကျွေးရင်း ပျော်ရွှင်စေချင်တဲ့ သူက ဘယ်လိုကြောင့် နေသစ်အတွက် ခါးသီးနေရတာလဲ။
သူ့ကို မချစ်ပေးတာတောင် သူက နေသစ်စကားကို မြေဝယ်မကျ နားထောင်ချင်နေတုန်းပဲ။ ညနေခင်း ဘောလုံးလေ့ကျင့်အပြီးမှာတင် ဟိုတစ်ခါလာကြိုတဲ့ လူကပဲ နေသစ်ကို လာကြိုပြန်တယ်။ ဒီအတိုင်းပဲ ကြည့်နေရုံကလွဲ သူဘာတတ်နိုင်မှာလဲ။
အခု ဘောလုံးပွဲလည်း နီးနေတာကို နေသစ်က လျှောက်သွားလို့ကောင်းတုန်း…
***
တက္ကသိုလ်ဖလားပွဲက ဒါသူ့အတွက် ပထမဆုံး အတွေ့အကြုံပဲ။ သုဝဏ္ဏဘောလုံးကွင်းလို နိုင်ငံပွဲတွေ ကန်တဲ့ နေရာမှာ တခြားကျောင်းနဲ့ ယှဥ်ကန်ရတယ်ဆိုတာ သူလို ဒီနှစ်မှ ဘောလုံးစကန်တဲ့ သူအတွက် တကယ်ကို များနေပြီ။ လူတွေအများကြီးကို တစ်ပြိုင်နက်တည်း တွေ့ရုံသာမက ဆူညံပွတ်လောရိုက်နေတဲ့ ပတ်ဝန်းကျင် ။ အားပေးသံတွေ ဆူညံပြီး အင်အားတောင့်တဲ့ သူတို့ Civil ကလည်း Civil ကစားသမားတွေ အတွက် သီးသန့် support မှုတွေလည်း အများကြီး ။ သူ့နာမည်နဲ့ အလံသေးသေးလေးတွေ ထုတ်ထားပေးကြတာက ရှိသေး။ နေရခက်ခက်ပဲ။
နေသစ်အတွက်တော့ သူ့ကို မြင်ကွင်းထဲ သတိမထားမိအောင် အတတ်နိုင်ဆုံး နေပေးရင်းပဲ…အခုချိန်မှာ သူလုပ်နိုင်တာက နေသစ်စကားနားထောင်ပေးဖို့က လွဲပြီး ဘာမှ မရှိတော့ဘူး။ နေနေရင်းက နေသစ်ရဲ့ ဖိနပ်ကို တစ်ယောက်ယောက်က တွန်းတိုက်သွားတာက အစ သူမနေနိုင်ဘူး။ နေသစ်လည်း လော့ခ်ကာတံခါးအဖုံးနဲ့ ကွယ်နေတုန်း သူ့မျက်နှာကို မမြင်မဲ့အတူတူ ဖိနပ်ကို သွားကောက်ပေးပြီး ခြေရင်းချပေးလိုက်ပေမဲ့ နေသစ်က
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို တံခါးကို ပြန်ဆွဲပိတ်ပြီး သူ့ကို ကြည့်လာတယ်။ ရက်ပေါင်းများစွာ မျက်လုံးချင်း မဆုံဖြစ်တော့တာမို့ မျောမသွားအောင် နေသစ်ရဲ့ သူစိမ်းဆန်တဲ့ “ကျေးဇူး” ဆိုတဲ့ စကားက သူ့ကို လှုပ်နှိုးတယ်။ ဒီ့ထက်ပိုပြီး နေသစ် ခါးခါးသီးသီး မောင်းမထုတ်ခင် ချက်ချင်းအနားက ထွက်လာပေးလိုက်တယ်။ ဒါတောင် နေသစ်က သူ့ဖိနပ်ကို ထိလိုက်လို့ စိတ်ဆိုးသွားလားမသိ။ တံခါးကို ဒုန်းခနဲ မြည်အောင် ပိတ်လိုက်တာ ကြားလိုက်ရတယ်။
ကွင်းတစ်ခုလုံး လူတွေအများကြီးနဲ့ အားလုံးဝိုင်းလုနေတဲ့ ဘောလုံးကို အာရုံစိုက်နေတဲ့ ကြားကနေ တစ်ဖက် နောက်တန်းမှာ လူနှစ်ယောက်က ညှပ်ပြီးနေသစ်ကို…
သူ စောင့်ရတဲ့ နောက်တန်းကိုလည်း သူအာရုံမရတော့။ နောက်တန်းကို ပစ်ပြီး တစ်ဖက်ရှေ့တန်းကို ပြေးထွက်တော့ သူ့ဘေးက ကစားသမားတွေ အကုန်ဆွံ့အ သွားတာ မြင်ပေမဲ့…
သူ ထင်တဲ့အတိုင်းပဲ။ တစ်ဖက်နောက်တန်းမှာ နေသစ် ဗိုင်းခနဲ ပစ်လဲကျသွားပြီး မြက်ခင်းပေါ် လှိမ့်သွားတယ်။ မဖြစ်ဘူး ။ မဖြစ်ဘူး ဆိုတဲ့ စကားလုံးက သူ့စိတ်ကို လွှမ်းမိုးတယ်။ နာကျင်မှုက သူ့ဆီ ကူးစက်တယ်။
“နေသစ် ၊ နေသစ်”
"နာနေလား...ဒီနားလား"
နေသစ် စကားတောင် မပြောနိုင်တော့ပါ။ အလိုလို တစ်ကိုယ်လုံး တုန်ယင်နေပြီး နေသစ်သာ တစ်ခုခု ဖြစ်သွားရင် ဆိုတဲ့ စိတ်က သူ့တစ်ကိုယ်လုံးကို ပစ်လဲကျမတတ် လောင်မြိုက်စေတယ်။
“ခန့်ညီ…ထထ ။ ပန်နယ်တီ ကန်မယ်။ ပြောထားတဲ့အတိုင်း ညာခြေပြ ဘယ်ခြေနဲ့နော် ။ တိုက်ရိုက်မဝင်လည်း ရတယ်။ ဘယ်ထောင့်မှာ ငါတို့ရှိတယ်။ နော် ညီလေး လုပ်လိုက်စမ်း”
ထမ်းစင်နဲ့ သယ်သွားခံရတဲ့ နာကျင်မှု ပြင်းထန်နေတဲ့ နေသစ်ကို ဘယ်သူမှ ဂရုမစိုက်တော့ဘူးလား။
“လိုက်သွားချင်တယ်”
“ဟမ်”
“သူ့နောက်…”
“ခန့်ညီရေ အာရုံစိုက်ပါဟ။ နေသစ်က မင်းထက်ဝါရင့်တယ်။ သူ အလယ်တန်းထဲက ဘောလုံးကန်လာတာ ။ ဒီလောက်တော့ ခံနိုင်ရည်ရှိတယ်။ အာရုံစိုက်စမ်း ခန့်ညီ။ လုပ်စမ်း”
နေသစ်ကို စင်နောက်ဘက်ကို သယ်သွားကြတယ်။ ဆေးရုံပို့ရတော့မယ်ထင်။ နေသစ် တစ်ခုခု ဖြစ်သွားရင်…စောန က နေသစ် အသက်ရှုလို့ မရနေတာလေ…
“ခန့်ညီ…ငါတို့ ပြောတာ ကြားလား။ အချိန်မဆွဲနဲ့ လုပ်တော့”
ဂျာစီကို လှန်ချွတ်ချလိုက်ပြီး မြက်ခင်းပေါ် ပစ်ချလိုက်ချိန် ကွင်းလယ်ဒိုင်ရဲ့ ဝီစီသံက နားထဲ စီခနဲ။ ဘာမှ မမြင်တော့ဘူး။
နေသစ်။ နေသစ် သူ့ကို ထားသွားခဲ့တဲ့ ပုံစံမျိုးစုံကို သူမြင်ဖူးတယ်။ အဆုံးထိ နေသစ်က ကျန်းကျန်းမာမာ ရှိနေရင် အဆင်ပြေတယ်။ ဒီလို ပုံစံမျိုးနဲ့ ထပ်ထားသွားလို့မဖြစ်ဘူး။
နေသစ်ဘေး လာကြိုနေကျ အစ်ကို ကြီးကို မြင်ရတယ်။ သူ့ကို လှမ်းကြည့်ပေမဲ့ ဘေးက လူတွေကိုလည်း စောင့်ပါလို့ ပြောမဲ့ ပုံမရှိ။ ထမ်းစင်ပေါ်ကနေ အရေးပေါ် ကားထဲ ရောက်နေပြီ ဖြစ်တဲ့ နေသစ်ကို သူ မတွေ့ရဘူး။
ဘယ်ကိုခေါ်သွားကြမှာလဲ ။ ထပ်ပြီး သူ့ကို ထားသွားရင် ဒီတစ်ခါရော သူဘယ်ကို လိုက်ရအုံးမှာလဲ။
***
“နေသစ်ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။ နေကောင်းလား။ ဘာမှ မဖြစ်ဘူးမလား။”
ထွန်းကိုက သူ့ကို ငဲ့ကြည့်လာတယ်။ သက်ပြင်းတွေချရင်း ခေါင်းညိတ်ပြတယ်။
“ဘောလုံးဆက်ကန်ဖို့တော့ မဖြစ်နိုင်လောက်ဘူး။ ခြေထောက်က ရှေ့မှာလည်း ထိဖူးထားတော့။ ပြီးတော့ ရင်ဘက် ထိသွားတာလည်း စဖြစ်တုန်းကလောက် မပြင်းထန်တော့ဘူး။ မင်း အမေနဲ့ရော ဘယ်လိုလဲ”
“ဖေဖေလည်း ပြန်ရောက်နေတော့ ကျောင်းကို လိုက်ပေးတယ်။ မေမေ သိသွားပြီ။”
ထွန်းကိုကို သက်ပြင်းထပ်ချတယ်။
“နေသစ်ကို…အရမ်းအစွဲအလမ်းကြီးမနေနဲ့တော့…”
သူ ထွန်းကို စကားကို ဘာမှ မတုံ့ပြန်ဖြစ်ဘူး။ သူ့ကို မိဘတွေတောင် မထားနိုင်တာ။ အထူးသဖြင့် နေသစ်နဲ့ ပတ်သတ်ရင် တားလို့မရဘူး ဆိုတာ…သူတို့အားလုံး သိနေပြီးသား ကိစ္စပဲ။
***
အဲ့နေ့ညက မေမေ ဆူပူပြီးထွက်သွားပြီး တော်တော်လေး နောက်ကျမှ အိမ်ပြန်လာတယ်။ ကိုကို နဲ့ ဖေဖေက တော့ အခန်းထဲ အိပ်နေကြပြီဖြစ်ပေမဲ့ သူကတော့ ဧည့်ခန်းထဲမှာ မေမေ့ကို စောင့်ပေးနေလိုက်တယ်။
“မအိပ်သေးဘူးလား”
မေမေက ဒေါက်ဖိနပ်ကို ချွတ် ၊ ဖိနပ်စင်ပေါ် တင်နေရင်း က လှမ်းမေးတယ်။ သူ ခေါင်းခါပြလိုက်တယ်။ လျှော့ထားတဲ့ ဧည့်ခန်းမီးရောင်အောက်မှာ မေမေက ပိုပြီးနွမ်းလျနေသလိုပဲ။ သူ့ဘေး လာထိုင်တော့ သူ အလိုလို မေမေ့နား တိုးပြီး ပခုံးတစ်ဖက်ခံပေးလိုက်တယ်။ ဒါ သူ ငယ်ငယ်တည်းက အကျင့်ပဲ။ ကိုကို နေမကောင်းဖြစ်တိုင်း မေမေနဲ့ သူ ညလုံးပေါက် ထိုင်စောင့်ရတိုင်း သူက မေမေ တစ်ဦးတည်းသော မှီခိုလို့ရတဲ့ သူပဲ။
မေမေ ခါတိုင်းလို သူ့ပခုံးပေါ် ခေါင်းမှီချရင်း သက်ပြင်းဖွဖွချတယ်။
“စောနက အော်မိတာ တောင်းပန်တယ်နော်။ တစ်ခါတလေ အဲ့လိုပဲ စိတ်က ထိန်းမရဘူး။ သူရှိနေရင် ပိုဆိုးတယ်။”
မေမေပြောတဲ့ သူ ဆိုတာ ဖေဖေဆိုတာ အလိုလိုသိတယ်။ ထုံးစံအတိုင်းပဲ ငြိမ်နေလိုက်တယ်။ မေမေ့အတွက် သူက သစ်ခေါင်းကြီးလိုပဲ။ စိတ်ထွက်ပေါက်အဖြစ် အော်လို့ဟစ်လို့ရတဲ့ နေရာတစ်ခုပေ့ါ။ ကိုကို့ ကိုကျ မေမေက အဲ့လိုလုပ်လို့မရဘူးလေ။
“အဲ့ကောင်လေးက… အဲ့ကောင်လေးနဲ့က သိတာကြာနေပြီမလား”
“ကိုးတန်းတည်းက…”
သူမေမေ့ကို မကြည့်ဘူး။ မေမေက သူ့ ပခုံးပေါ်ကနေ သူ့မျက်နှာကို မော့ကြည့်နေတာကို မျက်လုံးထောင့်ကနေ မြင်နေရတယ်။
“ဟိုတလောက တွေ့နေပြီဆိုတာ သူလား”
သူခေါင်းညိတ်ပြလိုက်တယ်။
“အဲ့တစ်ယောက်က သေချာလား”
“ဟုတ်”
မေမေ သက်ပြင်းချတယ်။ ပြီးတော့မှ…
“မေမေ နဲ့ ကိုကို့ ဆီက ဘယ်တော့လောက် ထွက်သွားဖို့ စဥ်းစားထားလဲ”
“သူ လက်ခံရင်…”
“ဟိုနေ့တွေကတောင် ကိုကိုက ပြောတယ်။ ဒီရက်ပိုင်း အိပ်မက်ယောင်ရင်း သွားကျိတ်တာတွေ ပိုဖြစ်နေတယ်တဲ့။ စိတ်ထဲ အရမ်း အစွဲအလမ်းမထားပါနဲ့… ပြီးတော့ ပြီးတာတွေက ပြီးသွားပြီလေ…အခု သားငယ်ပဲ တစ်ခုပြီးတစ်ခု ထိခိုက်နေရတာမလား”
“ဘာမှမဖြစ်ပါဘူး”
မေမေ ဆက်မပြောတော့ဘဲ သူ့ပခုံးပေါ် ခေါင်းမှေးတင်နေရာမှ ကိုယ်ကို မတ်ထိုင်ကာ သူ့ကို ကြည့်လာတယ်။
“အရမ်းတော်တဲ့ ကလေးက ဘာလို့ဒီလိုတွေ ဖြစ်နေတာလဲ မေမေလည်း မသိတော့ဘူး”
မေမေ့ကို သူအဆင်ပြေတယ်ဆိုတာ သေချာဖို့အတွက် ပြုံးပြလိုက်တယ်။ ဒါ သူနဲ့ မေမေနဲ့ ကြားက မေမေ သူ့ကို နားလည်နိုင်ဆုံးသော တုံ့ပြန်မှုပဲ။
“အဲ့နေ့တုန်းကသာ မေမေက သူ့ကို ထွက်သွားခွင့်မပြုဘူး။ ငါတို့နဲ့ ပဲ တစ်သက်လုံးနေရမယ်လို့ ပြောချင်ခဲ့ပေမဲ့…ပြောမထွက်ခဲ့ဘူး။ မင်းသားလေးတွေလို ချောမောပြီး ပညာတတ်လေးတွေကို အရမ်းလိုချင်ခဲ့တာလေ…”
မေမေ ပြောနေတာတွေက အဆက်အစပ်မရှိပေမဲ့ ဘာတွေလဲ ဆိုတာ သူကောင်းကောင်းသိနေတယ်။
“သူက အရမ်းခေါင်းမာတယ်။ မာနကြီးတယ် တဲ့။ အခုတောင် သူနဲ့ အတူတူဆုံးပါးသွားတဲ့ ကလေးနောက်လိုက်ချင်လို့ သူက အညံ့ခံတာတဲ့ ။ ညည်းတို့နဲ့ တစ်သက်လုံးနေမှာ မဟုတ်ဘူး။ သူ့လူသူ ရှာတွေ့ရင် ထွက်သွားမှာ ဆိုပြီး ဆရာမကြီးက သေချာမှာလိုက်တာ”
မေမေက ပင့်သက်ရှိုက်ပြီး သူ့ကို မော့ကြည့်လာတယ်။
“သားငယ်ကိုလေ အမြဲတမ်း မေမေ့ကိုထားခဲ့မှာလို့ အမြဲတွေးနေမိတာ။ မင်းအဖေလို ငါတို့ကို ထားခဲ့မှာဆိုပြီး…”
မေမေ ပြောရင်း မျက်ရည်ဝဲလာတော့ သူက စိတ်ညစ်လို့ ငိုတိုင်း သူဖက်ပေးနေကျလို ဖွဖွလေးဖက်ပေးထားလိုက်တယ်။ မေမေက အဖက်မခံဘူး။ ပြန်ရုန်းထွက်ပြီး ခေါင်းတစ်လုံးစာ ပိုမြင့်နေတဲ့ သူ့ကို မော့ကြည့်လာတယ်။
“၁၉နှစ်က အရမ်းမငယ်လွန်းသေးဘူးလား။”
သူခေါင်းခါပြလိုက်တယ်။ မေမေ သူ့ကို ငေးကြည့်နေရင်းမှ စိတ်လျှော့သလို သက်ပြင်းချတယ်။
“သွားအိပ်တော့…”
“ဟုတ်”
သူအခန်းထဲဝင်လာတော့ ကိုကိုက အိပ်ပျော်နေပြီ ။ မကြာဘူး။ မေမေတို့ အခန်းတံခါးပိတ်သံကိုလည်း ကြားလိုက်ရတယ်။
သူ မျက်လုံးတွေကို ကြိုးစားမှိတ်လိုက်တယ်။ ငယ်ငယ်တည်းက မေမေ ပြောပြောနေတဲ့ စကားတစ်ခွန်းရှိတယ်။
“အချိန်တန် သားငယ်က မေမေတို့ကို ထားသွားမှာ။ သားကြီးကတော့ မေမေ နဲ့ နေနော်” ဆိုတာ…
မေမေ့ အတွက် အဲ့အချိန်က တကယ်ပဲ နီးကပ်လာတာလား တော့ သူကိုယ်တိုင်တောင် မသေချာပါ။
***
ခန့်ညီရယ် ...🫂🫂🫂
ReplyDeleteအမကလဲ သူချစ်တတ်သလိုလေး ချစ်ပေးနေတာမြင်တော့ ပိုရင်ကွဲ
ReplyDeleteအမေ*
ReplyDelete