အခန်း (၂၄) သူ့အတွက် ပိုက်ဆံသုံးချင်သည်
ယွီနျန့် ခြေထောက်ဒဏ်ရာရထားသဖြင့် မနက်ခင်း အကလေ့ကျင့်ခန်းသို့ သွားရန်မလိုသော်လည်း အဘိုးနှင့် အဘွားတို့ထံမှ ရရှိထားသည့် အကျင့်အရ မနက် (၇) နာရီထိုးသည်နှင့် အလိုအလျောက် နိုးနေ၏။ ရိုးရှင်းသော မနက်စာကို ကိုယ်တိုင်ပြင်ဆင်စားသောက်ပြီးနောက် ဝရန်တာတွင် စိုက်ထားသည့် ပန်းပင်များနှင့် ကြက်သွန်မြိတ်ပင်များကို ရေလောင်းနေခဲ့သည် ။ ထိုအချိန်တွင် ရုပ်ရှင်ရိုက်ကူးရေး ပြန်သွားသဖြင့် သတင်းအနည်းငယ် နောက်ကျနေသော ယွီချင်းက ဖုန်းဆက်လာပြီး (၁၀) မိနစ်ခန့် စကားပြောဖြစ်ခဲ့ကြသည် ။
ယွီနျန့်သည် သူမ စိုးရိမ်နေသည်ကို သိသဖြင့် စိတ်ရှည်လက်ရှည်ပင် အစအဆုံး နားထောင်ပေးခဲ့သည် ။ ၎င်းမှာ မတော်တဆမှုတစ်ခုသာဖြစ်ကြောင်းနှင့် သူ့ကို မည်သူကမျှ အနိုင်ကျင့်ခြင်းမရှိကြောင်း ထပ်ခါတလဲလဲ အာမခံပြောဆိုရသည်။ သူ့အတွက် ပြန်လာပြီး ပြဿနာရှာပေးရန် လေယာဉ်လက်မှတ်ဖြတ်၍ ပြန်လာချင်နေသည့် ယွီချင်း၏ စိတ်ဆန္ဒကို မနည်းပင် တားဆီးလိုက်ရသည် ။
“ဒါနဲ့ ဒီရိုက်ကူးရေးပြီးရင် မင်းအတွက် အစီအစဉ်တွေ ရှိပြီးပြီလား”
ယွီနျန့်က ပြန်စဉ်းစားကြည့်လိုက်ပြီး
“အစ်ကိုမုန့်ကတော့ ကျွန်တော့်ကို အရင်ဆုံး Single သီချင်းတစ်ပုဒ်နဲ့ EP တစ်ခု အရင်သွင်းခိုင်းဖို့ စဉ်းစားထားတယ်။ အဲဒီနောက်မှာတော့ Reality Show တစ်ခု ရှိမယ်။ ကြော်ငြာတွေနဲ့ အမှတ်တံဆိပ်သံတမန်ကိစ္စတွေကတော့ ဆွေးနွေးနေတုန်းပဲ။ အစ်ကိုမုန့်ကတော့ အဲဒီထဲက နှစ်ခုကို ထည့်သွင်းစဉ်းစားလို့ရတယ်လို့ ပြောတယ်”
“အင်း... မုန့်ယွမ်က စီစဥ်တတ်ပါတယ်။ သူက မင်းကို အလုပ်တွေဖိအတင်းခိုင်းပြီး သွေးစုပ်မယ့်သူမျိုး မဟုတ်ဘူး” ဟုဆိုကာ ယွီချင်းက ထပ်မံနောက်ပြောင်လိုက်သည်။
“ဒါဆို မင်းရဲ့သီချင်းကို ဘယ်သူ့ကို ရေးခိုင်းမလဲ။ စီနင်ကိုပဲ ရှာမလား”
ယွီနျန့်မှာ အားကိုးရာမဲ့စွာဖြင့်
“အစ်မရာ... ကျွန်တော့်ကို လာမစပါနဲ့ဦး။ အဲဒီတုန်းက ကျွန်တော်က ငယ်သေးလို့ပါ”
“ကောင်းပါပြီ၊ ကောင်းပါပြီ... ထပ်မစတော့ဘူး။ အတည်ပြောရအောင်။ အစ်မ အခု ရုပ်ရှင်ရိုက်နေတယ်လေ။ အဲဒီရုပ်ရှင်အတွက် ပရိုမိုးရှင်းသီချင်းကို ဆိုဖို့ မင်း စိတ်ဝင်စားလား”
ယွီချင်း ရိုက်ကူးနေသည့် ရုပ်ရှင်မှာ နိုင်ငံ၏ ထိပ်တန်းဒါရိုက်တာ သုံးဦးအနက် တစ်ဦးနှင့် ရိုက်ကူးနေခြင်းဖြစ်ပြီး၊ ခေါင်းဆောင်မင်းသားမှာလည်း ယွမ်သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် ရုပ်ရှင်ဧကရာဇ် တစ်ဦးဖြစ်ကြောင်း ယွီနျန့် သိထားသည်။ ရုပ်ရှင်ရိုက်ကူးမှု မပြီးသေးသော်လည်း လူတိုင်းက မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေကြသည့် ဇာတ်ကားဖြစ်သည်။
သူက ခေတ္တတန့်သွားပြီးမှ ပြုံးလျက်
“အစ်မ... ဒါက လူရင်းအားကိုးနဲ့ အပေါ်ရောက်အောင် ကြိုးစားတယ်လို့ အပြောခံရမလားမသိဘူးနော်”
“ဘာဖြစ်လဲ”
ယွီချင်းဘက်မှ လေတိုက်သံကျယ်ကျယ်နှင့်အတူ အသံမြှင့်ကာ ပြန်ပြောလာသည်။
“အစ်မက မင်းကို ကျောထောက်နောက်ခံမပေးရင် ဘယ်သူက ပေးမှာလဲ။ အစကတော့ ဇာတ်သိမ်းသီချင်းကို အစ်မနဲ့အတူတူ ဆိုခိုင်းမလို့ပဲ… ဒါပေမဲ့ မင်းက အဲ့လေက် မရသေးဘူးလေ။ ဒါပေမဲ့ ပရိုမိုးရှင်းသီချင်း ဆိုဖို့အတွက် အကြံပြုပေးတာကတော့ ပြဿနာမရှိပါဘူး”
သူမက ထပ်မံရယ်မောလိုက်ပြီး…
“အစ်မက မင်းအတွက် အခွင့်အရေးကိုပဲ ရှာပေးထားတာနော်။ တကယ်ဆိုခွင့်ရမလား မရဘူးလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ နားလည်လား”
“နားလည်ပါတယ်”
“ရုပ်ရှင်ဘက်က နောက်ရက်တွေထဲ မင်းကို ဆက်သွယ်လိမ့်မယ်။ အဲဒီအခါကျရင် အစွမ်းကုန် ကြိုးစားပြနော်!”
ဟုဆိုကာ ယွီချင်းက တစ်ခုခုကို သတိရသွားပုံဖြင့်
“ဒါနဲ့ ဇာတ်သိမ်းသီချင်း ကိစ္စလည်း ရှိသေးတယ်။ အခု တင်ထားတဲ့ အချောသတ် သီချင်းတွေကို အစ်မရယ်၊ ဒါရိုက်တာရယ်၊ ထုတ်လုပ်သူရယ် သုံးယောက်လုံးက ပယ်ချထားတယ်။ ထုတ်လုပ်သူက စီနင်ကို စာသားရေးပေးဖို့ ဖိတ်ခေါ်လို့ရမလားလို့ အစ်မကို မေးနေတယ်လေ။ အစ်မထင်တာတော့ အဆင်ပြေမယ် ထင်တာပဲ။ သူတို့ပေးတဲ့ ဈေးကလည်း တော်တော်လေး မြင့်တယ်”
ယွီနျန့်က "ဘယ်လောက်ပေးမှာလဲ" ဟု မေးလိုက်သည်။
ယွီချင်းက ပမာဏတစ်ခုကို ပြောပြလိုက်ပြီး
"မင်းရဲ့ 'စီနင်' ဆိုတဲ့ နာမည်က အခုဆိုရင် ဒီလောကထဲမှာ တော်တော်လေး နာမည်ရနေပြီလေ ။ သူတို့က တကယ်ကို စိတ်ရင်းနဲ့ ကမ်းလှမ်းတာဖြစ်သလို ဈေးလည်း မနှိမ်ထားဘူး ။ မင်းက စီနင်ဆိုတဲ့ နာမည်နဲ့ သီချင်းတစ်ပုဒ် ရေးပေး၊ အစ်မက ဆိုမယ် ။ သီချင်းထွက်လာတဲ့အခါ အစ်မက အရှိန်အဟုန်ကို အသုံးချပြီး Single သီချင်းအနေနဲ့ ထုတ်မှာ…အဲ့က အကျိုးအမြတ်ကိုလည်း မင်းနဲ့ ခွဲဝေယူမှာပါ" ဟု ဆိုသည်။
ယွီနျန့်က ရယ်မောလိုက်ရင်း
"ကျွန်တော် ပိုက်ဆံ ပြတ်နေပြန်ပြီဆိုတာ အစ်မ ဘယ်လိုသိတာလဲ" ဟု မေးလိုက်၏ ။
"မင်းလို နာမည်ကြီး တေးရေးဆရာတစ်ယောက်က ဘယ်တုန်းက ပိုက်ဆံပြတ်ဖူးလို့လဲ"
ယွီနျန့်သည် ဆက်ပြောလျှင် အဆူခံရတော့မည်ကို သိသဖြင့်
"အစ်မ အရင်ဆုံး ဇာတ်ညွှန်းကို ပို့ပေးထားလိုက်လေ။ နောက်ရက်ကျ အစ်မကြည့်ဖို့ ပထမမူကြမ်းကို ရေးပေးမယ်" ဟု ဆိုကာ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည် ။
"ဒါနဲ့ ပြီးခဲ့တဲ့တစ်ခေါက် အစ်မရဲ့ သီးသန့်အင်တာဗျူး ပါလာတဲ့ မဂ္ဂဇင်း ထွက်လာပြီနော်။ ကျွန်တော် တစ်စောင်ဝယ်ဖတ်ကြည့်ပြီးပြီ။ မျက်နှာဖုံးပုံက အရမ်းလှတာပဲ။ ဒါပေမဲ့ အစ်မနဲ့တော့ မတူဘူး"
"ပါးစပ်ပိတ်ထားစမ်း။ နူးနူးညံ့ညံ့နဲ့ သိမ်မွေ့နေရင် အစ်မနဲ့ မတူဘူးလား"
ယွီချင်းက မကျေမနပ် ဖြစ်သွားပြီး
"ဒါနဲ့ သူတို့က ပုံတင်ဖို့ ဘယ်လောက်တောင် အချိန်ဆွဲနေတာလဲ။ တို့တွေ စင်ပေါ်မှာ အတူတူ ဖျော်ဖြေခဲ့တဲ့ အရှိန်အဟုန်တောင် တော်တော်လေး လျော့သွားပြီ ။ တကယ့်ကို အရှုံးပဲ" ဟု ဆိုသည်။
ယွီနျန့်ကတော့ ကျေနပ်နေပုံရပြီး
"ကျွန်တော့်ရဲ့ ပရိသတ်တွေကတော့ အရမ်းပျော်နေကြတယ်။ ယွီချင်းက ယွီနျန့်ကို စာလုံးရေ ၁၉၇ လုံးတောင် သုံးပြီး ချီးကျူးခဲ့တယ်ဆိုပြီးတော့လေ"
"ဟားဟားဟား၊ မင်းရဲ့ ပရိသတ်တွေက အဲဒီလောက်တောင် ချစ်ဖို့ကောင်းတာလား"
ယွီချင်းက အကျယ်ကြီး ရယ်မောလိုက်ပြီးနောက် ချောင်းတဟွတ်ဟွတ် ဆိုးလာသည် ။
"ဒီ ငရဲလိုနေရာက သဲတွေ အရမ်းများလွန်းလို့ ပါးစပ်ဟပြီးတောင် ရယ်လို့မရဘူး! ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ကိုယ့်ကိုယ်ကိုယ်သာ သေချာဂရုစိုက်ပါ။ နောက်တစ်ခေါက် အစ်မပြန်လာတဲ့အခါ မင်းက ကျန်းကျန်းမာမာနဲ့ အားအင်အပြည့် ရှိနေရမယ်နော်!"
ဖုန်းချပြီးနောက် ယွီနျန့်သည် ဖုန်းပြောနေရင်းနှင့် ပန်းပင်များကို ရေလောင်းရုံတင်မကဘဲ ကိုင်းဖြတ်ခြင်း၊ ပေါင်းသင်ခြင်းများကိုပါ အကုန်အစင် လုပ်ပြီးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည် ။
မှောင်သွားသည့် ဖုန်းစခရင်ကို ကြည့်ရင်း သူ ခေတ္တမျှ ငေးငိုင်နေမိသည်။
မနေ့ညက ရှဲ့ယို့ ပို့ပေးလိုက်သည့် အရာများကို သူ သေသေချာချာ ဖတ်ရှုခဲ့ပြီးဖြစ်ရာ ရှဲ့ယို့က ဘာကြောင့် သူ့ဘာသာ ဆုံးဖြတ်ခိုင်းခဲ့သလဲဆိုသည်ကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီ။
သူရေခရားကို သိမ်းဆည်းပြီးနောက် လျှော်ဖွတ်ထားသော အဝတ်များကို လှန်းလိုက်သည်။ယွီချင်းသည် အလုပ်လုပ်ရာတွင် အလွန်သွက်လက်သူဖြစ်ရာ သိပ်မကြာမီမှာပင် ဇာတ်ညွှန်းကို "စီနင်" ၏ အလုပ်အီးမေးလ် သို့ ပို့ပေးလာပြီး အီးမေးလ်၏အဆုံးတွင် "Cheers Nian Nian" ဟုလည်း ရေးသားထားသည်။
ယွီနျန့်သည် ပြုံးလျက် အီးမေးလ်ကို ပြန်စာပို့ပြီးနောက် အတန်ကြာအောင် စဉ်းစားခန်းဖွင့်နေမိသည်။ ထို့နောက် WeChat မှတစ်ဆင့် စာတစ်စောင် ပို့လိုက်သည်။
"အချိန်ရမယ်ဆိုရင် လူချင်းတွေ့ပြီး စကားပြောလို့ရမလားဟင်"
ချိန်းဆိုထားသည့်နေရာမှာ ရပ်ကွက်အပြင်ဘက်ရှိ ကော်ဖီဆိုင်ဖြစ်ပြီး သူ့အခန်းနဲ့လည်း နီးနီးလေး။ ယွီနျန့်သည် ခြေထောက်ဒဏ်ရာကြောင့် ချိုင်းထောက်ကိုအားပြုလျက် အဖြူရောင်ဦးထုပ်ကို ဆောင်းကာ နေပူစာလှုံရင်း ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည် ။
သူရောက်ရှိသွားချိန်တွင် သီးသန့်ခန်းထဲ၌ လူတစ်ယောက် ရောက်နှင့်နေပြီ။ ယွီနျန့်ကို မြင်သည်နှင့် ရွှီရွှမ်သည် မသိစိတ်မှ မတ်တတ်ထရပ်လိုက်ပြီးမှ သူမ၏လက်ကိုင်အိတ်ကို မလုံမလဲကိုင်ကာ ပြန်ထိုင်လိုက်သည် ။
ယွီနျန့်သည် ရွှီရွှမ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည် ။
"ရှင်..."
ရွှီရွှမ်သည် ယွီနျန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမရှေ့ရှိ ကော်ဖီခွက်ကိုသာ အကြည့်အမြန်လွှဲလိုက်ကာ
"ရှင် သိနေပြီလား" ဟု မေးလာသည် ။
သူမနှင့် ယွီနျန့်ကြားရှိ ဆက်ဆံရေးမှာ အလွန်ဆုံးရှိလှ အစီအစဉ်တစ်ခုတည်းတွင် အတူပါဝင်သည့် ဧည့်သည်အဆင့်ထက် မပိုကြောင်း သူမ ကောင်းကောင်းသိထားသည်။ ယခုကဲ့သို့ ယွီနျန့်က သူမကို ချိန်းဆိုလိုက်ခြင်းမှာ အခြားအကြောင်းရင်း မရှိနိုင်ပေ ။
ယွီနျန့်သည် ရွှီရွှမ်၏ လက်ချောင်းလေးများကို လိမ်ယှက်နေသည်ကို ကြည့်ကာ "ဟုတ်ကဲ့" ဟု ပြန်ဖြေလိုက်သည် ။
ယွီနျန့်၏ အဖြေကို ကြားလိုက်ရချိန်တွင် ရွှီရွှမ်၏ တောင့်တင်းနေသော ကျောပြင်မှာ လျော့ကျသွားသည်။ ထိုအခိုက်အတန့်တွင် သူမ၏ရင်ထဲ၌ အမြဲတမ်း ဆွဲချိတ်ထားသလို ခံစားနေရသော ထက်မြက်သည့် ဓားဦးမှာ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး တကယ်တမ်းတွင်မူ သူမ ပို၍ပင် စိတ်ပေါ့ပါးသွားခဲ့ရသည် ။
ထိုအချိန်တွင် သီးသန့်ခန်းတံခါးကို ခေါက်သံ ကြားလိုက်ရသဖြင့် ယွီနျန့်သည် ရွှီရွှမ်ကို mask တပ်ရန် အချိန်ပေးပြီးမှ "ဝင်ခဲ့ပါ" ဟု ခွင့်ပြုလိုက်သည် ။
ဝန်ထမ်းက နွားနို့တစ်ခွက်ကို ယွီနျန့်၏ ရှေ့တွင် လာချပေးသွားခဲ့သည် ။
ယွီနျန့်က ဝန်ထမ်းကို ကျေးဇူးတင်စကားဆိုလိုက်ပြီး တံခါးပြန်ပိတ်သွားသည့်အခါမှ ရွှီရွှမ်၏မေးခွန်းကိုပြန်ဖြေပေးလိုက်သည်။
"မင်းက ဝန်ထမ်းတစ်ယောက်ကို ပိုက်ဆံပေးပြီး စင်ပေါ်မှာ တမင်ရေဖြန်းခိုင်းခဲ့လို့ ငါပြုတ်ကျပြီး ဒဏ်ရာရခဲ့တဲ့ကိစ္စကို ဆိုလိုတာဆိုရင်တော့... ဟုတ်တယ်။ ငါ အဲဒါကို သိပြီးပြီ ။"
ရွှီရွှမ်သည် သူမ၏ဆံပင်ရှည်များကို နားနောက်သို့ သပ်တင်လိုက်ပြီးနောက် ခါးသက်သက်ပြုံးလျက် ခေါင်းခါလိုက်သည် ။
"ရှင် ဒီလိုမျိုး လာမတွေ့သင့်ဘူး။ ရှင့်မှာ သက်သေရှိနေမှာပဲ။ အဲဒီသတင်းကို တိုက်ရိုက်သာ ချပြလိုက်ရင် ရမယ့် အကျိုးအမြတ်တွေက ရှင့်ရဲ့ဆုံးရှုံးမှုတွေကို ပြန်ကာမိစေမှာပါ ။"
ယွီနျန့်သည် ရွှီရွှမ်၏ လက်ဖဝါးထဲသို့ တင်းတင်းကြပ်ကြပ် ဆုပ်ထားသော လက်ထိပ်လေးများကို တစ်ချက်ကြည့်လိုက်ပြီး အလေးအနက် ဆိုလိုက်သည် ။
"ငါ့အေးဂျင့်ကိုလည်း မပြောရသေးသလို မီဒီယာတွေကိုလည်း အသိမပေးရသေးပါဘူး။ အခု ငါတို့ပြောနေတာတွေကိုလည်း အသံဖမ်းမထားဘူး ။ မင်းကို ဒီမှာတွေ့ဖို့ ချိန်းလိုက်တာက အကြောင်းရင်းကို သိချင်လို့ပါ ။"
ရှဲ့ယို့ ပို့ပေးလိုက်သည့် စုံစမ်းစစ်ဆေးမှု ရလဒ်များကို ရရှိပြီးနောက် ယွီနျန့်သည် သူမှတ်မိသမျှ ရွှီရွှမ်၏အကြောင်းကို ပြန်စဉ်းစားကြည့်ခဲ့သည်။ သူ အမှတ်ရဆုံးအချက်မှာ ရွှီရွှမ်သည် အလွန်ကြိုးစားသူတစ်ယောက် ဖြစ်ခြင်းပင်။ အကလေ့ကျင့်လွန်း၍ သူမ၏ တံတောင်ဆစ်များတွင် ညိုမည်းစွဲနေသော ဒဏ်ရာများကို သူ တစ်ခါက အမှတ်မထင် မြင်ဖူးခဲ့သည်။ သူ့တွင်လည်း ထိုကဲ့သို့ အမှတ်အသားများစွာ ရှိသည်မဟုတ်လား ။
အပြင်လောကတွင်မူ ရွှီရွှမ်သည် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားပြီး ကင်မရာရှေ့မှ သူမ၏ ချစ်စရာကောင်းသည့်ပုံစံများကို ပြောင်းလဲထားတတ်သူ။ မိတ်ကပ်မပါသော သူမ၏ မျက်နှာမှာလည်း သိပ်မကောင်းလှပေ။ သူမသည် အိတ်ထဲမှ အမျိုးသမီးသုံး စီးကရက်တစ်လိပ်ကို ထုတ်လိုက်သော်လည်း မီးမညှိခဲ့ပေ ။
"ရှင် တကယ်ပဲ နားထောင်ချင်လို့လား။ များသောအားဖြင့် ဒီလိုအချိန်မျိုးမှာ သနားစရာကောင်းတဲ့ ဇာတ်လမ်းတွေ ရှိတတ်တယ်။ ကိုယ်ချင်းစာစိတ်နဲ့ သနားစိတ်တွေက ရှင့်နှလုံးသားကို ပျော့ပျောင်းသွားစေလိမ့်မယ် ။"
ယွီနျန့်က ခေါင်းညိတ်ပြလိုက်သည် ။
ရွှီရွှမ်၏ စီးကရက်ကိုင်ထားသော လက်ချောင်းလေးများမှာ တုန်ရီနေပြီး သူမက အကြည့်ကိုလွှဲကာ တိုးညင်းသောအသံဖြင့်
"အကြောင်းရင်းက ရိုးရိုးလေးပါပဲ။ ကျွန်မ ပိုက်ဆံလိုနေလို့ပါ။ အစီအစဉ်အဖွဲ့က ဆုကြေးငွေ သတ်မှတ်ထားတယ်လေ။ ပထမဆုရတဲ့သူက ယွမ် ၅ သိန်း ရမှာဆိုတော့ ကျွန်မ အဲဒီ ၅ သိန်းကို လိုချင်တာပါ" ။
ယွီနျန့်က နွားနို့ခွက်ကိုကိုင်ရင်း နားလည်ကြောင်း အချက်ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကာ
"ဒါဆိုရင် ငါက မင်းအတွက် အနှောင့်အယှက် ဖြစ်နေတာပေါ့၊ ဟုတ်လား" ။
"ဟုတ်တယ်။ ရှင်သာ အဲဒီမှာ ရှိနေသရွေ့ ကျွန်မ ပထမဆု မရနိုင်ဘူး" ဟု ရွှီရွှမ်က အသက်ကို ဝဝရှူရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ၏လေသံမှာ ပိုမိုတည်ငြိမ်သွားပြီး
"ပြိုင်ပွဲဝင် အနည်းငယ်ထဲမှာ ရှမင်းရှီးက ရုပ်ရည်ကောင်းပြီး လူကြိုက်များပေမဲ့ သူက ကျွန်မလောက် ကတာနဲ့ သီချင်းဆိုတာ မတော်ဘူး။ ကျန်တဲ့ နှစ်ယောက်ကလည်း မျက်နှာပြရုံ သက်သက်ပဲဆိုတော့ မင်းကိုကျော်ပြီး ပထမရဖို့ မဖြစ်နိုင်ဘူး" ။
သူမက ဖြူလျော့နေသော နှုတ်ခမ်းထောင့်များကို မနည်းဆွဲတင်ကာ ပြုံးရန်ကြိုးစားရင်း အမှန်အတိုင်းပင် ရိုးရိုးသားသားပြောလာသည်။
"ကျွန်မ ပိုက်ဆံ တကယ်ပြတ်နေတာပါ။ မိဘတွေကလည်း အစောကြီး ဆုံးသွားကြပြီ။ ညီမလေးကလည်း အရမ်းနေမကောင်းလို့ ဆေးရုံမှာပဲ အမြဲနေနေရတယ်။ သူ့အတွက်က ဆေးတွေ၊ ခွဲစိတ်မှုတွေ လိုအပ်နေတာ။ ကျွန်မမှာရှိတဲ့ ပိုက်ဆံတွေ အကုန်ပေးခဲ့ပေမဲ့ ဘယ်တော့မှ မလောက်ဘူး။ အဲဒါက တကယ့်ကို အဆုံးမရှိတဲ့ ကျင်းကြီးတစ်ခုလိုပဲ။ လူကို ရူးသွားအောင်တောင် လုပ်နိုင်တယ်" ။
"ဒါပေမဲ့ ကျွန်မ သူမကို မသေစေချင်ဘူး" ။
ယွီနျန့်က ရုတ်တရက် ဆိုလိုက်သည်။
"မင်းညီမလေးရဲ့ နာမည်က ရွှီဖူ မဟုတ်လား။ အစီအစဉ် ရိုက်ကူးတုန်းက သူမအတွက်ဆိုပြီး ငါ့ဆီမှာ လက်မှတ် လာတောင်းခဲ့တယ်လေ" ။
ရွှီရွှမ်က အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းညိတ်ပြကာ မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးလျက်
"ဟုတ်တယ်။ သူက ရှင့်ကို အရမ်းသဘောကျတာ။ ရှင့် လက်မှတ်ကို ယူသွားပေးတုန်းကဆို သူ ရက်တော်တော်ကြာအောင် ပျော်နေခဲ့တာ။ တစ်နေ့မှာ သူ့ကို ဒီလောက်အထိ ချစ်တဲ့သူက မင်းကို တမင်သက်သက် လုပ်ကြံတဲ့သူ ဖြစ်လာလိမ့်မယ်လို့ သူ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူး" ။
ရှဲ့ယို့ စုံစမ်းစစ်ဆေးပေးထားသည့် ရလဒ်များအရ ရိုက်ကူးရေးကာလအတွင်း ထိုဝန်ထမ်းသည် "ရွှီဖူ" ဆိုသူထံမှ ငွေလွှဲမှုတစ်ခု လက်ခံရရှိခဲ့ကြောင်း ယွီနျန့် သေသေချာချာ မှတ်မိနေသည်။ ထိုကိစ္စကို ဆက်လက်စုံစမ်းကြည့်သည့်အခါ ရွှီဖူမှာ ရွှီရွှမ်၏ ညီမဖြစ်ပြီး ပြင်းထန်သော ဖျားနာမှုကြောင့် ဆေးရုံတွင် အချိန်အတော်ကြာ တက်နေရသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည် ။
ရွှီရွှမ် လိမ်မပြောခဲ့ပေ ။
"တစ်ပါးသူကို ထိခိုက်အောင်လုပ်တာက အပြစ်တစ်ခုဆိုတာ ကျွန်မ သိပါတယ်။ အကြောင်းပြချက်တွေ ဘယ်လောက်ပဲရှိရှိ ကျွန်မ တစ်စုံတစ်ယောက်ကို နာကျင်အောင် လုပ်ခဲ့တယ်ဆိုတဲ့ အဖြစ်မှန်ကိုတော့ ဖုံးကွယ်လို့ မရပါဘူး။ ရှင် လေ့ကျင့်တာကို ကြည့်နေတုန်းမှာ ဒီလိုစိတ်ကူးမျိုး ရုတ်တရက် ပေါ်လာခဲ့တာ။ အဲဒီအခိုက်အတန့်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ်တောင် မသိတော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးရွံရှာမိပေမဲ့လည်း ဒါကိုပဲ လုပ်ခဲ့မိတယ်။ ဒီ ၅ သိန်း ဆုကြေးငွေက ကျွန်မနဲ့ အနီးစပ်ဆုံး ပိုက်ဆံပဲလေ။ တကယ်လို့ ပထမရခဲ့ရင် ကျွန်မအတွက် အခွင့်အလမ်းတွေနဲ့ ပိုက်ဆံတွေ အများကြီး ထပ်ရလာနိုင်မှာမို့လို့ပါ" ။
သူမ၏ လက်ချောင်းများကြားမှ စီးကရက်ခမျာ အားစိုက်ထားမှုကြောင့် အနည်းငယ် တွန့်လိမ်သွားပြီး သူမက တိုးညှင်းစွာ ဆိုလာသည်။
"ကျွန်မ လုပ်ခဲ့တဲ့ ကိစ္စအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံယူဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ" ။
သီးသန့်ခန်းလေးအတွင်း တိတ်ဆိတ်ငြိမ်သက်သွားသည် ။
ယွီနျန့်သည် နွားနို့ခွက်ကို ကိုင်ထားသည့် လက်ကို လွှတ်လိုက်ပြီး ရွှီရွှမ်ကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"ဒီကိစ္စကို ငါ ထပ်ပြီး အရေးယူမှာ မဟုတ်တော့ဘူး" ။
ရွှီရွှမ်သည် ကြောင်အမ်းအမ်းဖြင့် မင်သက်စွာ ခေါင်းမော့ကြည့်လာသည်။
"ဘာ... ဘာပြောလိုက်တာလဲ"
သူမ၏ လက်ထဲမှ စီးကရက်မှာ စားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့သည် ။
ယွီနျန့်က ပြုံးလျက်
"ငါ့အဘိုးက တစ်ခါက သင်ပေးဖူးတယ်။ တကယ်လို့ အနိုင်ကျင့်ခံရရင် အရှုံးမခံဘဲ ပြန်ပြီး အနိုင်ကျင့်ရမယ်တဲ့ ။ ဒါပေမဲ့ သူကပဲ တစ်ဖက်လူအပေါ် တိုက်ရိုက်ပွင့်ပွင့်လင်းလင်း တုံ့ပြန်ပြီး တခြားသူတွေအပေါ် ကြင်နာမှု ထားရှိဖို့လည်း သင်ပေးခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ငါ အရေးမယူတော့တာက မင်းကို ခွင့်လွှတ်လိုက်လို့ ဒါမှမဟုတ် မင်းရဲ့ လုပ်ရပ်ကို လက်ခံလို့ မဟုတ်ဘူး ။ မင်းရဲ့ ညီမလေးက အခုအချိန်မှာ မင်းကို အရမ်းလိုအပ်နေလို့ ။ ငါကတော့ ငါ့ရဲ့ ကြင်နာမှုကိုပဲ ဖြည့်ဆည်းပေးလိုက်တာ ဒါမှမဟုတ် ငါ့ရဲ့ မလိုအပ်ဘဲ ထားတတ်တဲ့ စာနာစိတ် ကြောင့်လည်း ဖြစ်နိုင်ပါတယ်" ။
ရွှီရွှမ်သည် သူမ၏ မျက်ဝန်းများ ပူစပ်ပူလောင် ဖြစ်လာကာ ပါးစပ်ကို ဟလိုက်သော်လည်း မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။
ယွီနျန့်က ဆက်လက်၍
"ငါလည်း အခု ပိုက်ဆံတွေ အများကြီး အများကြီး လိုအပ်နေတာပါပဲ။ ပြီးတော့ ငါက မင်းကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ လေးစားပါတယ်။ ဒါကြောင့် ပထမနေရာဆိုတာ အရည်အချင်းနဲ့ပဲ လုယူရမှာဖြစ်လို့ မင်းကိုတော့ လုံးဝအလျှော့ပေးမှာ မဟုတ်ဘူး။ အမှတ်ဝက်တောင် အလျှော့ပေးမှာ မဟုတ်ဘူး"
"ဒါနဲ့ ပတ်သက်ပြီးတော့"
ယွီနျန့်က ဒဏ်ရာရနေသော ခြေထောက်ကို လက်ညှိုးထိုးပြကာ
"အဲဒီအချိန်တုန်းက တုံ့ပြန်မှု မြန်သွားလို့ ဒူးနဲ့ မြေကြီးနဲ့ အရှိန်ပြင်းပြင်း မတိုက်မိခဲ့လို့ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး။ ဒါကြောင့် မင်းအနေနဲ့ ငါ့အပေါ် ကျေးဇူးအကြွေးကြီး တင်သွားပြီလို့ပဲ မှတ်ထားလိုက်ပါ၊ ငါ သတိရတဲ့အချိန်ကျမှ အဲဒီကျေးဇူးကို ပြန်ဆပ်ခိုင်းပါ့မယ်" ဟု ပြောလိုက်သည်။
ရွှီရွှမ်သည် လက်ကိုင်အိတ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ
"ကောင်းပါပြီ၊ ကျွန်မ သေချာပေါက် လုပ်ပါ့မယ်" ဟု အလေးအနက် ကတိပေးလိုက်သည်။
"ယွီနျန့်... ကျေးဇူးတင်ပါတယ်"
ယွီနျန့်သည် အိမ်ပြန်ရောက်သောအခါ ရှဲ့ယို့ထံသို့ သူတို့နှစ်ဦး စကားပြောဖြစ်ခဲ့သည့် အကြောင်းအရာနှင့် ရလဒ်ကို အကျဉ်းချုပ်၍ စာပို့လိုက်သည်။ အားလုံး ပြောပြပြီးနောက် သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ထပ်မံ ရေးသားလိုက်သည်။
[ဒီလိုမျိုး ကိုင်တွယ်ဖြေရှင်းလိုက်တာ မှန်ရဲ့လားဆိုတာ ကျွန်တော် မသေချာဘူး]
ရှဲ့ယို့၏ အကြောင်းပြန်စာမှာ ချက်ချင်းပင် ရောက်လာခဲ့သော်လည်း သူ၏ ထုံးစံအတိုင်း စကားနည်းနေဆဲပင်။
[မင်းက လူကောင်းတစ်ယောက်ပါ]
ယွီနျန့်သည် ထိုစကားလုံးများကို မြင်လိုက်ရသည့်အခါ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်အထိ ပြုံးမိသွားသည်။
ဤကိစ္စမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း ရှဲ့ယို့မှလွဲ၍ မည်သူကမျှ ယွီနျန့်ဘက်မှ ရပ်တည်ကာ စကားပြောပေးခြင်း မရှိခဲ့ပေ။
သူသည် အကသင်တန်းများ မတက်နိုင်သဖြင့် အချိန်အများစုကို သီချင်းလေ့ကျင့်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။ ကျန်ရှိသည့် အချိန်များတွင်မူ သီချင်းရေးရန် စိတ်ကူးသစ်များရရှိစေရန် ယွီချင်း ပို့ပေးထားသော ရုပ်ရှင်ဇာတ်ညွှန်းကို ဖတ်ရှုနေခဲ့သည်။ အဓိက အလုပ်များမှာမူ သူ၏ ခြေထောက်ဒဏ်ရာကြောင့် နှောင့်နှေးကြန့်ကြာသွားခြင်း မရှိခဲ့ပေ။
ကြားဖြတ်၍ ရရှိသော အားလပ်သည့် မနက်ခင်းတစ်ခုတွင် သူသည် စီနင်အိမ်တော်သို့ ပြန်ခဲ့ပြီး ဝေးလံသော နေရာမှ ပြန်ရောက်လာသော 'ယူညောင်မင်' ကျောက်စိမ်း ဝိုင်အိုးကို ရုံယွဲ့ထံမှ သွားရောက် ယူဆောင်ခဲ့သည်။ တစ်ဖက်လူမှာမူ သူ၏ ဒဏ်ရာရနေသော ခြေထောက်ကို မြင်သည့်အခါ ထပ်မံ၍ ဆူပူလေတော့သည်။
ရိုက်ကူးရေးလုပ်မည့်နေ့တွင် မုန့်ယွမ်သည် နားနေဆောင်၌ ယွီနျန့်အတွက် ဖုန်းတင်သည့် စင်ကို တပ်ဆင်ပေးရင်း စိုးရိမ်တကြီးဖြင့် မှာကြားနေသည်။
"နောက်ခဏနေရင် မင်း ကိုးနာရီမှာ Live လွှင့်ရတော့မယ်။ အရင်ကတည်းက ကြိုတင် ကြော်ငြာထားပြီးသားဆိုတော့ ကြည့်ရှုသူဦးရေ နည်းမှာ မဟုတ်ဘူး၊ ဒါပေမဲ့ စီမံခန့်ခွဲသူတွေ အကုန်ရှိနေမှာမို့လို့ ဘာမှ ပြဿနာမရှိပါဘူး။ ပြီးတော့ ပရိသတ်တွေက မင်းရဲ့ ခြေထောက်ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာ။ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေ ကျန်ခဲ့မလားဆိုတာမျိုးတွေပေါ့။ အဲဒါကို သေသေချာချာ ရှင်းပြဖို့ မမေ့နဲ့ဦး။ ကျန်တာကတော့ မင်းစိတ်ကြိုက်ပဲ ပြောလို့ရပါတယ်"။
မုန့်ယွမ်သည် ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောသည်။
"ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီအောင် ဘာတွေပြောရမယ်။ ဘာတွေလုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး မင်းမှာ မရှိပါဘူး။ မင်းရဲ့ ပင်ကိုယ်ပုံစံအတိုင်းပဲ နေလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းက ဇာတ်ကောင်စရိုက် ပျက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
ဒီစကားတွေကို မနက်စောစောကတည်းက ပြောနေတာဖြစ်ပြီး ယွီနျန့်အနေနဲ့ မုန့်ယွမ်ဆီကနေ အနည်းဆုံး သုံးကြိမ်မက ကြားနေရတာဖြစ်ပါတယ် ။ ဘေးနားက ရှီးရိုတောင်မှ
"အစ်ကိုမုန့်ကတော့ တကယ့်ကို ပိုပိုပြီး ပွစိပွစိ လုပ်လာတာပဲ" လို့ ရယ်မောရင်း ပြော၏ ။
မုန့်ယွမ်က "ငါက ဘယ်သူ့အတွက် လုပ်နေရတာလဲ" လို့ ပြန်ကြည့်ရင်း ကင်မရာကို နေရာချလိုက်သည်။ အလင်းအမှောင်အနေအထားကို သေချာစစ်ဆေးပြီးနောက် "ကဲ... အချိန်နီးပြီ" လို့ ဆိုကာ နောက်ကို ဆုတ်လိုက်သည် ။
သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ယွီနျန့်ဟာ ကိုးနာရီတိတိမှာ Live လွှင့်ခြင်းကို စတင်လိုက်သည်။ ဝါဂွမ်းသား တီရှပ်အဖြူလေးကို ဝတ်ဆင်ထားပြီး လှပသည့် ညှပ်ရိုးနဲ့ ပုခုံးလိုင်းတွေက ပေါ်လွင်နေလျက်။ သူ့ရဲ့ဆံပင်တွေကိုလည်း ပုံမသွင်းရသေးတာကြောင့် နူးညံ့ပြီး လန်းဆန်းတဲ့ပုံစံလေးနှင့် ။
ယွီနျန့်က ကင်မရာကိုကြည့်ပြီး လက်ကလေးယမ်းကာ ပြုံးပြလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ယွီနျန့်ပါ၊ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး Live လွှင့်တာပါ။ အခု ကျွန်တော် 'သဘာဝတရား၏ အသံ' ဒုတိယရာသီ၊ သတ္တမမြောက်အပိုင်း ရိုက်ကူးဖို့ ပြင်ဆင်နေတာပါ။ ဒါပေမဲ့ ကျွန်တော့်အလှည့် မရောက်သေးတာကြောင့် စင်နောက်ဘက်မှာ အားလုံးနဲ့ စကားပြောဖို့ အချိန်ရလိုက်တယ်"
တိုက်ရိုက်မှတ်ချက်တွေကတော့ တရစပ်။
[အား... ဒါ ဘယ်လိုမျိုး နတ်ဘုရားမျက်နှာလေးလဲ! တကယ်ပဲ မိတ်ကပ်မပါတာလား။ ငါ ဘယ်လိုမျိုး ပြိုင်ဘက်ကင်းတဲ့ ညီလေးကို အားပေးနေမိတာလဲ!]
တိုက်ရိုက်မှတ်ချက်တွေ အများကြီးထဲက တစ်ခုကို ယွီနျန့်က သေသေချာချာ မြင်လိုက်ရပြီး ပြုံးလျက် ပြန်ဖြေလိုက်ပါတယ် ။
"ဟုတ်ကဲ့... ကျွန်တော့်ခြေထောက် ဒဏ်ရာကြောင့် လေ့ကျင့်ရမယ့်အချိန်က နည်းနည်းနောက်ကျသွားလို့ပါ၊ အခုထိ မိတ်ကပ်လိမ်းဖို့ အလှည့်မကျသေးပါဘူး" ။
သူက ကင်မရာနားကို တိုးကပ်လိုက်ပြီး
"ကြည့်လိုက်ရင် သိသာမှာပါနော်။ ကျွန်တော် မိတ်ကပ်မလိမ်းရသေးဘူး။ မနေ့ညက ကောင်းကောင်းအနားမရလိုက်တော့ မျက်လုံးအောက်မှာ ကွင်းလေးတွေ နည်းနည်းတောင် ပါနေသေးတယ်" ။
မှတ်ချက်တွေကတော့ ပိုပြီး သဲသဲမဲမဲ တက်လာတော့သည်။
[အသက်ရှူတောင် မှားတယ်! ဒါက တကယ့်ကို တိုက်ရိုက်ထိချက်ပဲ!]
[Screenshot ရိုက်ကြ! Screen record လုပ်ထားကြ! အသက်ရှူလို့ မရတော့ဘူး! မေမေ ကယ်ပါဦး!]
[ဒါက တကယ့် နတ်ဘုရားအဆင့် ရုပ်ရည်ပဲ! ကျေးဇူးပြုပြီး အဲဒီလောက်အထိ နီးနီးကပ်ကပ် မလာပါနဲ့! ငါ သေတော့မယ်!]
မှတ်ချက်တွေထဲမှာပဲ ယွီနျန့်ဟာ ခြေထောက်ဒဏ်ရာအကြောင်း မေးနေသူအချို့ကို တွေ့လိုက်ရသည် ။ သူက ဒဏ်ရာအခြေအနေ၊ ဆေးလိမ်းတာတွေနဲ့ ပြန်လည်သက်သာလာတဲ့အကြောင်းတွေကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ စခရင်ကိုကြည့်ပြီး တိုက်ရိုက်မှတ်ချက်တွေကို ဖတ်ကာ စကားပြောရတာဟာ သူထင်ထားတာထက် ပိုပြီး အသားကျလွယ်တာကြောင့် စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
ထိုအခိုက်အတန့်တွင် စခရင်တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး နှစ်စက္ကန့်ခန့် ရုတ်တရက် မှောင်သွားကာ အရောင်အသွေးစုံလင်သော စာသားတစ်ကြောင်း ပေါ်လာသည် ။ ၎င်းမှာ
“အသုံးပြုသူ ‘နျန့်နျန့်ယိုယွီ’ မှ Anchor ‘ယွီနျန့်’ အား စိန်အလုံး ၁၀၀ လက်ဆောင်ပေးလိုက်သည်” ဟူ၍ ဖြစ်ပြီး ထိုစာသားမှာ ငါးကြိမ်ဆက်တိုက် ပေါ်လာခဲ့သည် ။
ယွီနျန့်အတွက်မူ ယခုမှာ ပထမဆုံးအကြိမ် Live လွှင့်ခြင်းဖြစ်သောကြောင့် ထိုစာသားပါ ‘စိန်’ ဆိုသည်မှာ ဘာကိုဆိုလိုမှန်း မသိသော်လည်း တိုက်ရိုက်မှတ်ချက်များမှာမူ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အကြီးအကျယ် ပေါက်ကွဲထွက်ပေါ်လာတော့သည် ။
[ဘာတွေလဲဟ... ငါ့မျက်စိများ မှားနေတာလား တစ်ယောက်ယောက် ပြောပြကြပါဦး! စိန်တစ်လုံးကို ဘယ်လောက်တန်လဲ ယွမ် တစ်ထောင်တောင်လား!]
[ငါ သင်္ချာမတော်ဘူး၊ စိန်အလုံး ငါးရာဆိုတော့ တစ်ခါတည်းနဲ့ ငါးသိန်းတောင် ပစ်ပေါက်လိုက်တာလား!]
[အား... ဒီလို သူဌေးကြီးတွေကိုတော့ သွားမစရဲဘူး! ဒီလောက်အထိ လက်ဆောင်ပေးလိုက်ရင် Platform တစ်ခုလုံးမှာ တစ်နေကုန် ကြေညာနေတော့မှာပဲ!]
ယွီနျန့်သည် စိပ်စိပ်ပိတ်နေအောင် တက်လာသော မှတ်ချက်များကို ကြည့်ပြီးမှသာ Xinghai Live Platform ပေါ်ရှိ လက်ဆောင်ပစ္စည်းများထဲတွင် စိန်မှာ အဈေးအကြီးဆုံးဖြစ်ပြီး တစ်လုံးလျှင် ယွမ် တစ်ထောင် တန်ကြေးရှိကြောင်းနှင့် တစ်စုံတစ်ယောက်က သူ့ကို တစ်ခါတည်းနှင့် အလုံး ငါးရာ လက်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည် ။
သူလည်း အနည်းငယ် အံ့အားသင့်သွားပြီး
"လက်ဆောင်ပေးတဲ့အတွက် 'နျန့်နျန့်ယိုယွီ' ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် ဆက်ပြီး ကြိုးစားသွားမှာဖြစ်သလို သီချင်းတွေကိုလည်း ကောင်းကောင်း ဆိုပြပါ့မယ်"
ယွီနျန့်၏ စကားသံလည်း ဆုံးရော စခရင်မှာ နောက်ထပ် နှစ်စက္ကန့်ခန့် ထပ်မံရပ်တန့်သွားပြန်သည် ။ ထို့နောက် အစောပိုင်းကကဲ့သို့ အရောင်စုံစာသားကြီးမှာ စခရင်တစ်ခုလုံးကို သိမ်းပိုက်လျက် နောက်ထပ် ငါးကြိမ်ဆက်တိုက် ထပ်မံပေါ်လာပြန်သည် ။
[အား... ငါ့မျက်လုံးတွေတောင် ကျိန်းကုန်ပြီ! ဒါက နောက်ထပ် စိန်အလုံး ငါးရာလား!]
[ငါ ဘယ်သူလဲ ငါ ဘယ်ရောက်နေတာလဲ ဒါ ဘယ်လိုမျိုး ပြိုင်ဘက်ကင်းတဲ့ သူဌေးကြီးလဲဟေ့! တစ်မိနစ်အတွင်းမှာတင် သိန်းပေါင်းများစွာ သုံးပစ်တာလား]
[မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ လက်ဆောင်ပေးတဲ့စာရင်းရဲ့ နံပါတ် (၁) နေရာကို ကြည့်လိုက်ဦး၊ စိန် ၉၉၉ လုံး၊ ယွမ် ကိုးသိန်း ကိုးသောင်း ကိုးထောင်တဲ့!]
[မရိုးသားတဲ့ ရည်ရွယ်ချက်ကတော့ တကယ်ကို သိသာလွန်းနေပြီ! ကောင်းပါပြီ... ကျွန်တော် ဒူးထောက်ပြီး ၉၉ (ချစ်သူသက်တမ်း ရှည်ကြာပါစေ) လို့ ဆုတောင်းပေးလိုက်ပါတယ်!!]
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာ နှစ်ကြိမ်ဆက်တိုက် စိန်အလုံးအရည်အသွေးများစွာဖြင့် လက်ဆောင်ပေးခြင်းခံရမှုကြောင့် မှင်သက်သွားကြသည် ။ Platform တစ်ခုလုံးတွင် ထပ်ခါတလဲလဲ ကြေညာနေမှုကြောင့် Live လွှင့်ခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုသူဦးရေမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာပါတော့သည် ။
မုန့်ယွမ်သည်လည်း အံ့အားသင့်သွားပြီး ၎င်းမှာ ကုမ္ပဏီက လုပ်တာမဟုတ်ကြောင်းနှင့် ပရိသတ်များ စုပေါင်းလှူဒါန်းခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် ပရိသတ်တစ်ဦးက ပေးခြင်းဖြစ်ကြောင်း သေချာစေရန် ကုမ္ပဏီသို့ အလျင်အမြန် ဆက်သွယ်လိုက်သည် ။ သူက ရှီးရိုကို
"တို့တွေ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား" ဟု လေသံတိုးတိုးဖြင့် မေးလိုက်သည် ။
ရှီးရိုက သူမ၏မျက်နှာကို ပွတ်သပ်လိုက်ပြီး "အိပ်မက်မဟုတ်ပါဘူး" ဟု ပြန်ဖြေလိုက်သည် ။
ယွီနျန့်မှာမူ သိပ်ပြီး အထိခိုက်မခံဘဲ အရင်ရိုက်ကူးရေးများမှ စိတ်ဝင်စားဖွယ်ရာများကိုသာ သဘာဝကျကျ ဆက်လက်ပြောပြနေခဲ့သည် ။ "နျန့်နျန့်ယိုယွီ" ဟူသော အမည်နှင့် လူမှာမူ ထိုအချိန်မှစ၍ အစီအစဉ်ပြီးဆုံးသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်တော့သလို စကားလည်း မဆိုတော့ပေ ။ ယွီနျန့်၏ Live လွှင့်ခြင်း ပြီးဆုံးသည်နှင့် #ယွီနျန့်၏ပရိသတ်မှသိန်းပေါင်းများစွာသုံးစွဲလိုက်သည်# ဟူသော ခေါင်းစဉ်မှာ #ယွီနျန့်၏မိတ်ကပ်မပါသောနတ်ဘုရားအဆင့်ရုပ်ရည်# ဟူသော အရှိန်အဟုန်ကိုပင် ကျော်လွန်ကာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည် ။
သိပ်မကြာမီမှာပင် ရှဲ့ယို့၏ Weibo တွင် Hashtag တစ်ခုနှင့်အတူ Post အသစ်တစ်ခု တက်လာခဲ့သည်။
[#ယွီနျန့်၏မိတ်ကပ်မပါသောနတ်ဘုရားအဆင့်ရုပ်ရည်# ဟွင်း... ဒါကို နတ်ဘုရားအဆင့် ရုပ်ရည်လို့ ခေါ်တာလား]
အရင်နှစ်ကြိမ်ကိစ္စများကြောင့် ရှဲ့ယို့၏ မူလ Follower များအပြင် ယွီနျန့်၏ ပရိသတ်များနှင့် Antifan အချို့ပါ ရှဲ့ယို့ကို အာရုံစိုက်နေကြပြီဖြစ်ရာ Post တင်ပြီးသည်နှင့် မှတ်ချက်များစွာ တရစပ် တက်လာတော့သည်
[ဒါက ကိုယ့်ဘာသာကိုယ် ကြော်ငြာနေတာ မဟုတ်လား။ နတ်ဘုရားအဆင့်တဲ့လား ဒီလိုမျိုး ဖော်ပြချက်ကို ဖတ်ရတာတောင် ရှက်ဖို့ကောင်းလိုက်တာ!]
[Live လွှင့်ခန်းထဲမှာ ပရိသတ်တစ်ဦးက ယွမ်တစ်သန်း လက်ဆောင်ပေးတယ်ဆိုပြီး လူသိများအောင်လုပ်တဲ့ နည်းလမ်းက ဟောင်းနေပါပြီ။ ဒီကုမ္ပဏီကတော့ တကယ်ပဲ အကွက်ကျကျ ပံ့ပိုးပေးနေတာပဲ။ ဘာမှမစဉ်းစားဘဲ ပိုက်ဆံတွေ ပစ်ပေါက်နေတာပဲ!]
[ဟားဟားဟား၊ ငါ့ယောကျ်ားက အပစ်ပယ်ခံလိုက်ရသလို ခံစားနေရတာလား စိတ်မပူပါနဲ့။ ရှင့်ရဲ့ မျက်နှာကပဲ ကျွန်မနှလုံးသားထဲမှာ တစ်ဦးတည်းသော နတ်ဘုရားအဆင့်ပါ။ ထပ်ပြီး သက်ပြင်းချမိတာက ဒီနေ့လည်း ငါ့ယောကျ်ားတင်တဲ့ Weibo ကို ငါ နားလည်နိုင်ပြန်ပြီ!]
ချွိရှောက်ရန်မှာ ရှဲ့ယို့၏ ရုံးခန်းရှိ ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်ရင်း Weibo ကို ဖတ်နေသည် ။ ရှဲ့ယို့၏ Post အသစ်ကို ဖတ်ပြီးနောက် သူက ခြေထောက်ချိတ်လိုက်ပြီး မျက်လုံးလှန်ပြလိုက်ကာ
"ရှဲ့ရှောင်ယို့... ဒီသခင်လေးကတော့ မင်းကို တကယ်ပဲ ပြောစရာ စကားလုံး ရှာမရတော့ဘူး! ငါကိုယ်တိုင်သာ မျက်မြင်မတွေ့ခဲ့ရင် ယုံမှာတောင် မဟုတ်ဘူး! လွန်ခဲ့တဲ့ တစ်စက္ကန့်တုန်းကတင် မင်းက 'နျန့်နျန့်ယိုယွီ' ဆိုတဲ့ အမည်နဲ့ သိန်းပေါင်းများစွာ ပစ်ပေါက်ပြီး သူ့ Live လွှင့်ခန်းရဲ့ Ranking မှာ နံပါတ်တစ် နေရာကို ယူလိုက်လို့ Platform တစ်ခုလုံး ပွက်လောရိုက်သွားရတာလေ။ အခုကျတော့ မျက်စိတစ်မှိတ်အတွင်းမှာတင် Weibo ပေါ်တက်ပြီး သူ့ကို ပြန်တိုက်ခိုက်နေပြန်ပြီ။ မင်း ဘာတွေလုပ်ချင်နေတာလဲဆိုတာ ပြောစမ်းပါဦး"
ရှဲ့ယို့က စာရွက်စာတမ်းတစ်ခု၏ အဆုံးတွင် လက်မှတ်ထိုးလိုက်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ပြန်ဖြေလိုက်သည်။
"ထပ်ပြီး Trending ဖြစ်သွားပြန်ပြီလေ။"
"ဘာလဲ ဘာတွေ Trending ဖြစ်နေတာလဲ"
ချွိရှောက်ရန်က ဆိုဖာပေါ်မှာ တစ်စက္ကန့်လောက် မတ်မတ်ထိုင်လိုက်ပြီး Weibo ပေါ်က စာရင်းတွေကို နှစ်ခေါက်လောက် သေသေချာချာ ဖတ်ကြည့်လိုက်ပြီး ပိုလို့တောင် စိတ်တိုသွားရသည်။
"တောက်... မင်းကတော့ ပိုက်ဆံနဲ့ ရုပ်ရည်ကိုပဲ အားကိုးပြီး စီးပွားရေးလုပ်တဲ့ တစ်ဦးတည်းသော ဥက္ကဋ္ဌပဲ။ မင်းရဲ့ နာမည်ကြီးမှုက နာမည်ကျော် Traffic Star တွေနဲ့တောင် ယှဉ်နေပြီ! ဒီသခင်လေးကတော့ ဒါကို လုံးဝ လက်မခံနိုင်ဘူး!"
ရှဲ့ယို့ကတော့ အေးအေးဆေးဆေး လေသံနဲ့ပဲ "ဘာကို လက်မခံနိုင်တာလဲ... ဟမ်" ဟုပင် ပြန်မေးလိုက်သေး။
ရှဲ့ယို့ရဲ့ Weibo Post ကြောင့် ပရိသတ်တွေနဲ့ Antifan တွေဟာ မှတ်ချက်တွေပေးရင်း အပြင်းအထန် ငြင်းခုံနေကြပါပြီ။ အချိန်ကြာလာတာနဲ့အမျှ လမ်းကြုံဝင်ကြည့်သူတွေနဲ့ သတင်းချောင်းသူတွေပါ ဝိုင်းဝန်းပါဝင်လာကြသည်။ အဲဒီနောက်မှာတော့ #ယွီနျန့်၏မိတ်ကပ်မပါသောနတ်ဘုရားအဆင့်ရုပ်ရည်# ဆိုတဲ့ အကြောင်းအရာဟာ #ယွီနျန့်၏ပရိသတ်မှသိန်းပေါင်းများစွာသုံးစွဲလိုက်သည်# ဆိုသည့် အကြောင်းအရာကိုပါ လိုက်မီသွားပြီး Top 10 စာရင်းထဲကို ရောက်ရှိသွားပါတော့သည်။
အရင်နဲ့ အခု အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ပြီးနောက် ချွိရှောက်ရန်ဟာ ရှဲ့ယို့ရဲ့ လှည့်ကွက်ကို တကယ်ပဲ အံ့အားသင့်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ဒီလို ပြောင်းပြန်လှန်ပြီး လုပ်လိုက်တာက... တကယ်ပဲ အသုံးဝင်တာလား။ မင်းကတော့ ရေအိုင်ထဲကို ခဲနဲ့ပစ်ပြီး တစ်ယောက်တည်း ရေနှောက်နေတာပဲ ရှဲ့ရှောင်ယို့!"
ရှဲ့ယို့ကတော့ စာရွက်စာတမ်းတွေကိုသာ ခေါင်းငုံ့စစ်ဆေးနေပြီး ဘာမှပြန်မပြောပေမဲ့ သူ့ရဲ့ နှုတ်ခမ်းထောင့်လေးတွေကတော့ မသိမသာ ကွေးညွှတ်လျက် ငြိမ်သက်နေသည်။
ချွိရှောက်ရန်ကို ဘယ်သူမှ ဂရုမစိုက်ပေမဲ့ သူကတော့ ဒါကို စိတ်မရှိဘဲ ကိုယ့်ဘာသာကိုယ် ပျော်နေလေသည်။ ခဏအကြာမှာတော့ ဆိုဖာကို ပြန်ပုတ်ရင်း
"ဟေး... ဟေး... သတင်းတွေ တက်လာပြီဟေ့! နည်းလမ်းတွေ အစွမ်းကုန်သုံးပြီး နာမည်ကို ဖုံးကွယ်ထားတဲ့ ဥက္ကဋ္ဌရှဲ့၊ ငါ ဖတ်ပြမယ် နားထောင်ဦး! 'ပရိသတ်တစ်ဦးက လူတိုင်းကို အံ့အားသင့်စေမယ့် နည်းလမ်းတွေနဲ့ လက်ဆောင်ပေးခဲ့သည်' တဲ့။
ဟားဟား... ဒီခေါင်းစဉ်က စိတ်ဝင်စားဖို့ကောင်းသား! နောက်တစ်ခုက 'သူဌေးကြီးပရိသတ်တစ်ဦးက အွန်လိုင်းအချစ်ဇာတ်လမ်းအတွက် ပိုက်ဆံတွေ ပုံအောပေးခဲ့သည်' တဲ့။ ဒါက ဘာကြီးလဲဟ 'ငါတို့ကြားမှာ ကံကြမ္မာက မပါခဲ့ပေမဲ့ ပိုက်ဆံကတော့ ငါတို့ကို ဆုံစည်းပေးခဲ့သည်' တဲ့။ ဟားဟားဟား!"
ရှဲ့ယို့က ခေါင်းမော့လိုက်ပြီး တိကျပြတ်သားစွာပင် ပြင်ဆင်ပေးလိုက်သည်။
"ကံကြမ္မာပါ"
"ဟမ်"
ချွိရှောက်ရန်မှာ စက္ကန့်အနည်းငယ်မျှ ကြောင်သွားပြီးမှ
"အေးပါ... ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မင်းတို့နှစ်ယောက်က အတူဆုံဖို့ ကံပါလာတာပဲ!"
အလားတူ သတင်းဆောင်းပါးအချို့ကို ထပ်မံလှန်လှောကြည့်ပြီးနောက် ချွိရှောက်ရန်က ရှဲ့ယို့ကို စူးစမ်းသလို မေးလိုက်သည်။
"ငါ တကယ်သိချင်လို့ပါ။ Xinghai Live က Xingyao Media ပိုင်တာဆိုတော့ ပိုက်ဆံက အပြင်မထွက်ဘူးဆိုပေမဲ့ မင်းက ဘာလို့ ယွမ်တစ်သန်းတောင် သုံးလိုက်ရတာလဲ။ ယွီနျန့် နာမည်ကြီးလာအောင် အကြောင်းအရာတစ်ခု ဖန်တီးပေးချင်ရုံသက်သက်လား"
ထိုမေးခွန်းကို ကြားသောအခါ ရှဲ့ယို့သည် လက်ထဲမှ ဘောပင်ကို ရပ်တန့်လိုက်ပြီး ပြန်ဖြေသည်မှာ
"သူ ပိုက်ဆံ အရမ်းပြတ်နေလို့" ဟူ၍…
ဓာတ်လှေကားထဲတွင် ယွီနျန့်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်က အဖြစ်အပျက်ကို ရှဲ့ယို့ မှတ်မိနေဆဲပင်။ အဖြူရောင်ရှပ်အင်္ကျီတစ်ထည် ဝယ်ပြီးနောက် ယွီနျန့်၏လက်ထဲတွင် ယွမ်နှစ်ရာပင် မပြည့်တော့ဘဲ အပြင်စာ တောင် မှာမစားနိုင်တော့ကြောင်း ပြောခဲ့သည်မဟုတ်လား။
"ဟင်"
ထင်မှတ်မထားသော အဖြေကို ရလိုက်သဖြင့် ချွိရှောက်ရန်မှာ ဖုန်းကိုပင် ဆက်မကြည့်တော့ဘဲ မတ်မတ်ထိုင်ကာ ထိတ်လန့်တကြား မေးတော့သည်။
"ဒါဆို... အဲဒါကြောင့်ပဲ မင်းက 'သဘာဝတရား၏ အသံ' အစီအစဉ်အဖွဲ့ထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ထည့်ပြီး ယွမ်ငါးသိန်းတန် ဆုကြေးငွေကို အထူးသီးသန့် သတ်မှတ်ခိုင်းခဲ့တာလား"
ရှဲ့ယို့က ခိုင်မာစွာ ခေါင်းညိတ်ပြသည်။
"အင်း... သူက သေချာပေါက် ပထမရမှာလေ"
"ဒါ အမှန်တရားပဲလား" ချွိရှောက်ရန်မှာ မူးနောက်သွားသလို ခံစားလိုက်ရပြီး "မင်း... မင်း ပိုက်ဆံသုံးတဲ့ပုံစံက မများလွန်းဘူးလား!"
ရှဲ့ယို့၏ သွယ်လျသော လက်ချောင်းလေးများမှာ ဘောပင်ကို ဆုပ်ကိုင်ထားပြီး သူ၏ နားရွက်ဖျားလေးများမှာ အနည်းငယ် နီရဲနေသည်။
"အင်း... ငါ သူ့ကို ပိုက်ဆံပေးချင်ရုံသက်သက်ပါ"
ထိုအခိုက်အတန့်တွင် ချွိရှောက်ရန်မှာ သူ၏ ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးပင် ချိုမြိန်နေသကဲ့သို့ ခံစားလိုက်ရတော့သည်။
ရှဲ့ယို့သည် နောက်ဆုံး Weibo အောက်ရှိ Antifan များ၏ မှတ်ချက်များကို Block လိုက်ပြီး လူကြိုက်များသော မှတ်ချက်ပေးသည့်နေရာလေး ပြန်လည်ကြည်လင်သွားသည့်အခါ အချိန်ကို ခန့်မှန်းတွက်ချက်ကာ ယွီနျန့် နှစ်သက်သော သီးသန့်စားသောက်ဆိုင်သို့ လက်ရေးဖြင့် ရေးသားထားသော Menuကို ပေးပို့လိုက်ပါတော့သည်။
ရှဲ့ယို့မှာတော့ ယွီနျန့်အတွက် စားစရာတွေဝယ်ပေးဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိနေပြန်သည်။
ယွီနျန့်ကတော့ အလှပြင်ခန်းထဲမှာ ထိုင်ရင်း ရှမင်းရှီးနဲ့ စကားပြောနေသည်။ ရှမင်းရှီးက အံ့ဩတကြီးနဲ့
"တကယ်ကို စိတ်တိုဖို့ကောင်းတာပဲ! ဒါက မင်းရဲ့ ပထမဆုံး Live လွှင့်တာဆိုတော့ မင်းရဲ့ လက်ဆောင်ပေးတဲ့စာရင်းမှာ ငါ့နာမည်လေး ပါချင်ခဲ့တာပေါ့! ရလဒ်ကတော့ ကြည့်ဦး! အဲဒီလို သူဌေးကြီးပရိသတ်က ဘယ်ကနေ ရောက်လာတာလဲ တစ်ခါတည်းနဲ့ ယွမ်တစ်သန်းတောင် သုံးသွားတာ! ငါ့မှာ ကြောက်လန့်တကြားနဲ့ ပို့မလို့ပြင်ထားတဲ့ စိန်ဆယ်လုံးကို တိတ်တဆိတ်တောင် ပြန်သိမ်းလိုက်ရတယ်"
ယွီနျန့် Live လွှင့်ပြီးကတည်းက လူအများကြီးက ဒီမေးခွန်းကို မေးနေကြတာဖြစ်ပြီး သူကလည်း
"အမှန်အတိုင်းပြောရရင် ငါလည်း ဘယ်သူလဲဆိုတာ မသိဘူး။ အဲဒီအချိန်တုန်းက ငါလည်း မှင်သက်သွားတာပဲ"
ဟု ပြန်ဖြေလိုက်ပါတယ်။
ရှမင်းရှီးက သက်ပြင်းချလိုက်ရင်း တစ်ခုခုကို သတိရသွားပုံနဲ့
"ဒါနဲ့... လွန်ခဲ့တဲ့ နှစ်ရက်က ငါ့အဖေက မင်းဆီကနေ အတုယူပါဦးဆိုပြီး ငါ့ကို လာပြောသေးတယ်။ နုနွဲ့မနေနဲ့… နာကျင်တာကိုလည်း လုံးဝသည်းမခံနိုင်ဘူး ဆိုပြီးတော့လေ"
ရှမင်းရှီးက အကျင့်ပါနေတဲ့အတိုင်း မျက်လုံးလေးလှန်ပြလိုက်ပြီး
"ဒါနဲ့ ဘာဖြစ်တယ်မှတ်လဲ ငါ့အဖေက ဟင်းပွဲပြင်နေတုန်း လက်လေး နည်းနည်းအပူလောင်သွားတာကို ငါ့အမေနား အပြေးအလွှားသွားပြီး လာမှုတ်ပေးပါဦးဆိုပြီး ကလေးလို လုပ်နေတာလေ!"
သူက သူ့လက်မောင်းတွေကို ပွတ်သပ်ရင်း
"ဒီလိုမျိုး ချိုလွန်းတဲ့ ဇာတ်လမ်းတွေကို ကြည့်လာရတာ အနှစ်နှစ်ဆယ် ရှိပြီ၊ သူတို့ကတော့ အခုထိ မရိုးနိုင်ကြသေးဘူး!"
ယွီနျန့်က ဘီစကစ်ထုတ်လေးကို သူ့ကို မျှဝေပေးရင်း
"ဟုတ်တယ်! ငါ့အဘိုးနဲ့ အဘွားလည်း အဲဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာ။ နှစ်တိုင်း ချူရှီးပွဲတော် (တရုတ်ဗယ်လင်တိုင်းဒေး) ရောက်တိုင်း အဘိုးက အဘွားအတွက် စာလုံးရေ ၉၉ လုံးပါတဲ့ အချစ်စာလွှာ ရေးပေးလေ့ရှိတယ်။ အဘွားကလည်း အဲဒီစာတွေကို သစ်သားသေတ္တာလေးထဲမှာ သေသေချာချာ ထည့်သိမ်းထားတာလေ။ နောက်ဆုံးတော့ အဘွားဆုံးသွားတဲ့အခါ အဘွားနဲ့အတူ ရှိနေဖို့ အဲဒီသေတ္တာလေးကိုပါ မြေမြှုပ်ပေးလိုက်ရတယ်"
သူတို့နှစ်ယောက်စလုံးဟာ အတွေ့အကြုံတူနေတာကြောင့် တူတူရယ်မောမိကြသည်။ ဒီအချိန်မှာပဲ ဝန်ထမ်းတစ်ယောက်က ရောက်လာပြီး နားနေဆောင်တံခါးကို ခေါက်ကာ ယွီနျန့်မှာထားသည့် အပြင်စာ ရောက်ပြီဖြစ်ကြောင်း လာပြောသည်။
ဗိုက်ဆာနေပြီဖြစ်သည့် ရှမင်းရှီးကတော့ စိတ်လှုပ်ရှားစွာနဲ့ ခေါင်းလေးစောင်းပြီး
"နျန့်နျန့်... မင်း အပြင်စာ မှာလိုက်တာလား!"
"အာ... ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"
ယွီနျန့်က ဘယ်သူ အပြင်စာမှာပေးလဲဆိုတာ ချက်ချင်း ရိပ်မိသည်။ ရှဲ့ယို့၏ Weibo မှာ အရင်က တွေ့ခဲ့တာတွေကို ပြန်တွေးမိပြီး သူ နည်းနည်းတော့ ရယ်ချင်မိသည်။
ဒါ သူ့ကို ပြန်ချော့နေတာလား
အပြင်စာတွေကို နားနေဆောင်ဆီ ပို့ပေးခဲ့ပြီး စားပွဲတစ်ခုလုံး ဟင်းပွဲတွေနဲ့ ပြည့်လျှံသွားတော့၏။
ရှမင်းရှီးက ဟင်းတွေကို ကြည့်ပြီး မှတ်မိသွားသည်။
"ဘုရားရေ! ဒါ မြို့အနောက်ဘက်က သီးသန့်စားသောက်ဆိုင်က ဟင်းတွေပဲ။ အဲဒီဆိုင်က အပြင်စာ ပို့မပေးဘူး မဟုတ်လား နျန့်နျန့်... မင်းက သူတို့ရဲ့ တစ်သက်တာ VIP လို့တော့ မပြောနဲ့ဦးနော်"
ယွီနျန့်၏ စိတ်ထဲမှာတော့ 'ငါကတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ရှဲ့ယို့ကတော့ ဖြစ်မှာပဲ' လို့ တွေးမိရင်း မရယ်ဘဲ မနေနိုင်တော့ပါဘူး။
ရှမင်းရှီးက စားခွင့်သောက်ခွင့်ရဖို့အတွက် ဘီစကစ်တစ်ထုတ်နဲ့ ပြန်လဲလှယ်လိုက်ပြီး တစ်ခုခုကို သတိရသွားပုံနဲ့
"ဒါနဲ့ ငါ့အဖေပြောပြတာ... ယွီချင်း ရိုက်နေတဲ့ ရုပ်ရှင်မှာ ဇာတ်သိမ်းသီချင်းအတွက် စာချုပ်ကို သူမကိုယ်တိုင် ယူထားပြီး စီနင်ကို စာသားနဲ့ တေးသွားရေးခိုင်းထားတယ်တဲ့။ အဲဒီသီချင်း ထွက်လာရင်တော့ သေချာပေါက် ပေါက်ဦးမှာပဲ!"
ယွီနျန့် လက်ကလေး ခေတ္တမျှ တန့်သွားပြီး။ သူက မျက်တောင်လေးတွေ နှိမ့်ချထားပြီး ဘာမှပြန်မပြောရဲဘဲ အစားကိုပဲ အာရုံစိုက်စားနေတော့သည်။
ရှမင်းရှီးကလည်း စားနေတာဆိုတော့ ယွီနျန့်ရဲ့ စိတ်မသက်မသာ ဖြစ်သွားတာကို သတိမထားမိပါဘူး။ သူက အစားတွေကို မျိုချပြီးနောက် သူ့ဘာသာ ဆက်ပြောနေသည်။
"ဒါပေမဲ့ စီနင်ရဲ့ စာသားနဲ့ တေးသွားတွေက တကယ်ကောင်းတာ။ သူ့ကို ချိန်းဖို့က အရမ်းခက်သလို သူ့မျက်နှာကိုတောင် ဘယ်သူမှ မမြင်ဖူးကြဘူးလေ ။ ဒါနဲ့ မင်း ဒီအစီအစဉ် ရိုက်ပြီးရင် ဘာဆက်လုပ်မှာလဲ"
"Single သီချင်း ဒါမှမဟုတ် EP ထုတ်မယ်၊ ပြီးရင် Variety Show တစ်ခုသွားမယ်"
"မင်း သီချင်းထုတ်ရင်တော့ သေချာပေါက် ပေါက်မှာပဲ…ဟူး ငါ့အဖေက ငါ့ကို သီချင်းလည်း မဆိုနိုင်၊ ကလည်း မကတတ်ဘူးဆိုပြီး ငါ့အမေကို သူ့သူငယ်ချင်းတွေဆီမှာ အကူအညီတောင်းခိုင်းပြီး ငါ့ကို ရုပ်ရှင်အဖွဲ့တစ်ခုထဲ ထည့်ခိုင်းထားတယ်။ သရုပ်ဆောင်ကြည့်ဖို့ပေါ့။ အဆင်ပြေရင်တော့ အနုပညာလောကထဲ ရောက်သွားမှာပေါ့"
ယွီနျန့်က သူ့ပုံစံက သိပ်စိတ်မပါသလိုဖြစ်နေတာကို သတိပြုမိလို့ "မင်းက မလုပ်ချင်ဘူးလား" လို့ မေးလိုက်သည်။
"မဟုတ်ပါဘူး"
ရှမင်းရှီးက တူကိုချလိုက်ပြီး မေးကို လက်နဲ့ထောက်ကာ
"ငါ့မိဘတွေက နာမည်ကြီးတွေဆိုတော့ ငါသာ ဒီလောကထဲဝင်ရင် တခြားသူတွေထက် ပိုလွယ်ကူမယ်ဆိုတာ ငါသိပါတယ်။ သီချင်းဆိုတာ ဒါမှမဟုတ် သရုပ်ဆောင်တာကို မမုန်းပါဘူး၊ ဒါပေမဲ့..."
သူက မျက်လုံးလေးမှိတ်၊ နှာခေါင်းလေးရှုံ့ပြီး
"ငါ့မိဘတွေကို မျက်နှာပျက်အောင် လုပ်မိမှာပဲ ကြောက်တာ"
ယွီနျန့်ကတော့ ရယ်မောလိုက်မိသည်။ သူ သီချင်းတွေ စရေးတုန်းကလည်း သူ့အဘွားကို မျက်နှာပျက်အောင် လုပ်မိမှာ အမြဲကြောက်ခဲ့ရတာကို သတိရသွားလို့ပါ။
ယွီနျန့်ရဲ့ အစမ်းလေ့ကျင့်ရမည့်အချိန်ကို မွန်းလွဲပိုင်းမှာ သတ်မှတ်ထားသည်။ မုန့်ယွမ်ရဲ့ အကြံအတိုင်း ဥရောပစတိုင် ကတ္တီပါရွှေရောင် ဆိုဖာတစ်ခုကို စင်မြင့်အလယ်မှာ တကယ်ပဲ ချထားပေး၏။
"မင်းခြေထောက် နာနေရင် မလှုပ်နဲ့။ ဆိုဖာပေါ်မှာပဲ ထိုင်နေပြီး စင်အနိမ့်အမြင့်အတိုင်းပဲ လိုက်သွား။ ငါ ထောင့်တစ်ခုကို စဉ်းစားထားပြီးပြီ။ ကင်မရာကို အောက်ကနေ အပေါ်ကို ဆွဲရိုက်ခိုင်းလိုက်မယ်။ မြင်ကွင်းကတော့ တကယ့်ကို အံ့မခန်း ဖြစ်နေမှာ"
ဟဲချိုးပိုင်က မုန့်ယွမ်ကို ပြန်မေးသည်။
"ဖျော်ဖြေရေးဝတ်စုံ နှစ်စုံထဲက ဘယ်ဟာကို သုံးဖို့ ဆုံးဖြတ်လိုက်ပြီလဲ"
မုန့်ယွမ်က တုံ့ဆိုင်းမနေဘဲ "အဖြူရောင် သားမွေးကော်လာပါတဲ့ ဝတ်စုံပဲ!" လို့ ဖြေလိုက်သည်။
ယွီနျန့်က ဒီလိုမျိုး ဆန်းပြားသည့် ဝတ်စုံကို ဖျော်ဖြေပွဲမှာ မဝတ်ဖူးတာကြောင့်
"ဒါက အရမ်းကြီး သိသာမနေဘူးလား"
"မဟုတ်တာ၊ မင်းနဲ့ဆို အရမ်းကြည့်ကောင်းတယ်။ မင်းရဲ့ မျက်နှာပေါက်ကလည်း အချိုးအစားကျပြီး မျက်နှာကလည်း သေးသေးလေးပဲ။ အဓိကက မင်းရဲ့ ဟန်ပန်က အဲဒီဝတ်စုံနဲ့ လိုက်ဖက်နေတာပဲ။ အဖြူရောင် သားမွေးကော်လာပါတဲ့ ဝတ်စုံဝတ်ထားရင် ကင်မရာထဲမှာ မင်းက တကယ့်သူဌေးသားလေးလို မြင်ရမှာ။ ပရိသတ်တွေအနေနဲ့ ရုပ်ရည်ကြောင့် ကြွေဆင်းသွားရတဲ့ ခံစားချက်ကို မြည်းစမ်းကြည့်ရမယ့်အချိန်ပဲ!"
ယွီနျန့်ကလည်း မုန့်ယွမ်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တာကြောင့် သဘောတူလိုက်သည်။
"ကောင်းပါပြီ၊ ဒါဆို အစ်ကိုမုန့် ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"
အစမ်းလေ့ကျင့်မှု အဆင်ပြေပြေ ပြီးဆုံးသွားပြီး တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ရွှီရွှမ်က ယွီနျန့်ကို စတင်စကားပြောလာ၏။
"ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်၊ ပြီးတော့ တောင်းပန်ပါတယ်"
ယွီနျန့်က သီချင်းစာသားတွေကို ကျက်မှတ်နေရင်း မျက်လုံးလေးမော့ကြည့်ကာ ပြုံးပြလိုက်ပြီး
"ကျွန်တော်လည်း အစွမ်းကုန် ကြိုးစားပါ့မယ်"
ရွှီရွှမ်က ခေတ္တမျှ ရပ်နေပြီးနောက် အလေးအနက် ဆိုလာသည်။
"ကျေးဇူးတင်ပါတယ်"
ယွီနျန့်ရဲ့ အလှည့်က နံပါတ် (၅) ဖြစ်ပြီး သူ့ရှေ့က အဆိုတော်ကတော့ ပွဲဦးထွက်တာ သိပ်မကြာသေးတဲ့ လူသစ်တစ်ယောက်ပါ။ စောင့်နေရင်းနဲ့ ယွီနျန့်ဟာ ရှေ့ကနေ ထွက်ပေါ်လာတဲ့ တေးဂီတသံတွေကို ကြားနေရသည်။
Make-up artist က နောက်ဆုံးအဆင့် မိတ်ကပ်နဲ့ ဆံပင်တွေကို ပြင်ဆင်ပေးနေသည်။
"ကျွန်တော် သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်"
စင်ပေါ်မတက်ခင် အားပေးနေသော လက်ထောက်အစ်မကို ယွီနျန့် ကတိပေးလိုက်သည်။ စင်မြင့်ထက်က တေးဂီတသံတွေ ရပ်တန့်သွားအပြီး ယွီနျန့်ဟာ ကြက်သွေးရောင် ကတ္တီပါဆိုဖာပေါ်မှာ ထိုင်နေပြီး မကြာခင်မှာပဲ စင်မြင့်အောက်က စက်လှေကားသည်လည်း ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
သူ စင်မြင့်အလယ်ကို ရောက်လာတာနဲ့ တစ်ပြိုင်နက် မီးမောင်းအလင်းတန်းတစ်ခုက သူ့ရဲ့ ပတ်ဝန်းကျင်ကို ထွန်းလင်းပေးလိုက်၏။
ယွီနျန့်ဟာ ဆိုဖာနောက်မှီကို ပျင်းရိစွာ မှီထားပြီး ခေါင်းကို အနည်းငယ် ငုံ့ထားလျက်။ သူ၏ ဖြူစင်သည့် မေးဖျားလေးဟာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေတဲ့ သားမွေးကော်လာထဲမှာ နစ်ဝင်နေပြီး၊ လှပတဲ့ မျက်ခုံးတန်းလေးတွေကတော့ မီးရောင်အောက်မှာ ဝင်းလဲ့လဲ့။ မျက်လုံးအောက်က မှဲ့လေးကလည်း ပိုပြီး ဆွဲဆောင်မှုရှိနေပြန်သည်။ သီချင်းအစပြီးတာနဲ့ ယွီနျန့်ဟာ မိုက်ခရိုဖုန်းကို ကိုင်ဖို့ လက်ကို မြှောက်လိုက်သည်။
သူ့ရဲ့ အသံဟာ အလွန်နိမ့်ရှရှရှိပြီး ချုပ်တည်းထားရသည့် ခံစားချက်အကြွင်းအကျန်လေးတွေ ပါဝင်နေသလိုမျိုး
"ရှည်လျားမှောင်မိုက်တဲ့ ညဉ့်အလယ်မှာ၊ မိုးဖွဲလေးတွေက မစဲနိုင်ဘူး၊ စိုစွတ်အေးစက်မှုတွေက ငါ့နှလုံးသားကို အထပ်ထပ် အလွှာလွှာ ရစ်ပတ်ထားတယ်... နူးညံ့မှု၊ အလိုက်သိမှုနဲ့ နှုတ်ဆက်ခြင်း၊ အသေးစိတ်အချက်တိုင်းဟာ ကမ္ဘာလောကနဲ့အတူ ကြေမွသွားပြီ..."
သူ့ရဲ့ သီဆိုမှုနဲ့အတူ နှလုံးသားထဲမှာ တကယ်ပဲ မိုးရွာနေသလို ခံစားရစေသည်။
နားနေဆောင်ထဲမှာတော့ ရှမင်းရှီးဟာ ခေါင်းအုံးလေးကို ဖက်ထားရသည်။ သူဟာ ယွီနျန့်ရဲ့ ဖျော်ဖြေမှုအတွက် စိုးရိမ်နေခဲ့တာဖြစ်ပေမဲ့ ပထမဆုံး စာသားကို ကြားလိုက်ရတာနဲ့တင် အဆင်ပြေသွားပြီဆိုတာ သိလိုက်ပြီ။
"ငါသာ ဒီလိုမျိုး သီချင်းဆိုနိုင်ရင် ငါ့မိဘတွေ အိပ်မက်မက်နေသလိုမျိုး တကယ်ကို ပျော်သွားကြမှာပဲ..."
သူ့ဘေးမှာ ထိုင်နေတဲ့ အစားထိုးအဆိုတော်က ရှမင်းရှီး တိုးတိုးလေး ပြောတာကို ကြားသွားပြီး ပြန်ပြောလာသည်။
"ငါသာ သူ့လိုမျိုး ရုပ်ချောရင် ငါ့အေးဂျင့်လည်း ပျော်နေမှာပဲ"
ရှမင်းရှီးက ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး တစ်ဖက်လူရဲ့ နာမည်က ဘယ်သူလဲဆိုတာကို ပြန်စဉ်းစားဖို့ ကြိုးစားနေရသည်။
ဒီအချိန်မှာတော့ ယွီနျန့်ဟာ သီချင်းရဲ့ Climax ပိုင်းကို ဆိုနေပါပြီ။ စင်မြင့်က မြင့်တက်လာပြီး သူဟာ ကြက်သွေးရောင် ကတ္တီပါဆိုဖာရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး ကိုယ်ရောင်အသွေးက အလွန်ကို တောက်ပလွန်းလှသည်။ ကင်မရာက အောက်ကနေ အပေါ်ကို ဆွဲရိုက်လိုက်တာကြောင့် ဘောင်းဘီကျပ်ကျပ်အောက်က ခြေသလုံးလိုင်းတွေက အလွန်ကို ဆွဲဆောင်မှုရှိလျက်။ နောက်ဆုံးမှာတော့ ကင်မရာက မျက်နှာကို အနီးကပ်ရိုက်ပြလိုက်ရာ ယွီနျန့်ရဲ့ မျက်တောင်လေးတွေက ဝင်းလက်တောက်ပနေသယောင် ထင်ရစေသည်။
စကားပြောနေတဲ့ အဆိုတော်က ထပ်ပြီး တိုးတိုးလေး ပြောပြန်သည်။
"အမြင့်သံတွေမှာ အသံကို ဆက်တိုက် ပြောင်းလဲနေတာကို အသံလည်း မကွဲဘူး၊ အသက်ရှူသံလည်း မကြားရဘူး။ သူ ဘယ်လိုလုပ်လိုက်တာလဲ ဒါက ဘယ်သူ့သီချင်းလဲ အရမ်းကောင်းတာပဲ"
"ယွီနျန့်က စာသားနဲ့ တေးသွားကို ကိုယ်တိုင်ရေးထားတာလေ!"
ရုံးခန်းထဲမှာတော့၊ မှန်ပြတင်းပေါက် အပြင်ဘက်မှာ အေးစက်တိတ်ဆိတ်နေသည့် ညဉ့်အမှောင်က ဖုံးလွှမ်းနေလျက်။ ရှဲ့ယို့ကတော့ ဖုန်းပြောနေသည်။
"မင်း သေချာစဉ်းစားပြီးပြီလား"
ရှဲ့ယို့က စားပွဲပေါ်က နှင်းဆီပွင့်ဖတ်ပုံစံတွေကို စိုက်ကြည့်ရင်း အလေးအနက် ပြန်ပြောလိုက်သည်။
"ဦးလေးချွိ... ကျွန်တော် သေချာစဉ်းစားပြီးပါပြီ"
"မင်းက တကယ့်ကို သတ္တိရှိတာပဲ ရှဲ့ယို ။ အရင်တုန်းက မင်းအဖေက မင်းရဲ့ပြတ်သားမှု အားနည်းနေရင် အနိုင်ကျင့်ခံရမှာကို စိုးရိမ်ပြီး စိတ်မချနိုင်ခဲ့ဘူး။ အခုတော့ မင်းဘက်က သေချာပြီဆိုမှတော့ ဦးလေးဘက်ကလည်း အစပြုနိုင်အောင် ပူးပေါင်းပေးမယ်။ အရင်ဆုံး သက်သေအထောက်အထားတွေ အကုန်ရှာရမှာပေါ့"
"ဟုတ်ကဲ့... ဦးလေးကို ဒုက္ခပေးမိပြီ"
"ဒုက္ခက ဘယ်မှာလဲကွ။ ပြီးတော့ မင်းက အလုပ်ကို အလေးအနက်မလုပ်သလို ဟန်ဆောင်ထားတာကလည်း အသုံးဝင်တယ်။ အခုတလော သူတို့ရဲ့ ခုခံမှုတွေ တော်တော်လေး လျော့ရဲနေတာ။ ဒါပေမဲ့ မင်း သတိထားရမှာက သူ့ရဲ့ အမြစ်တွယ်မှုက မင်းထက် ပိုနက်ရှိုင်းတယ်။ ဒါကြောင့် နောက်ဆုံးအချိန်အထိတော့ လုံးဝ သတိမလွတ်နဲ့ဦး"
"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါတယ်"
ဖုန်းချလိုက်ပြီးနောက် ရှဲ့ယို့ဟာ ထိုင်ခုံပေါ်မှာ မှီထိုင်ရင်း ခေါင်းကို အနည်းငယ် နောက်လှန်လိုက်သည်။ ယွီနျန့် ပေးထားခဲ့တဲ့ သကြားလုံးနှစ်လုံးကို လက်ထဲမှာ ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားမှုကို အတော်လေး ထိန်းချုပ်နေရ၏
စိတ်မလောနဲ့ဦး... လေးနှစ်တောင် စောင့်ခဲ့ပြီးပြီပဲ၊ အခုမှတော့ အရှုံးမခံနိုင်ဘူး။
သူ့ရဲ့ လက်ကောက်ဝတ်နဲ့ မျက်လုံးတွေကို ဖုံးအုပ်လိုက်သည်။ ဘယ်သူမှမရှိသည့် ဒီသန်းခေါင်ယံအချိန်မှာပဲ သူဟာ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပြီး ရင်ထဲက တင်းကျပ်နေတဲ့ ကြိုးတွေကို အနည်းငယ် လျှော့ချရဲတာပါ။
ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ရင်း အဲဒီလူအကြောင်းကိုပဲ တွေးနေမိသည်။
သူနဲ့ မတွေ့ရတာ ရက်တွေ အတော်ကြာခဲ့ပြီပဲ။
ရှဲ့ယို့ဟာ အတန်ကြာအောင် တုံ့ဆိုင်းနေပြီးမှ မတ်တတ်ရပ်ကာ သူ့ရဲ့ ကုတ်အင်္ကျီကို ယူပြီး အပြင်ကို ထွက်လာခဲ့ပါတော့သည်။
ညဉ့်နက်နေပါပြီ။ ရှဲ့ယို့က ကားတစ်စီးပြောင်းစီးပြီး လမ်းကြောင်းလွှဲမောင်းကာ ယွီနျန့်တို့ ရပ်ကွက်အပြင်ဘက်မှာ ရပ်လိုက်သည်။
ယွီနျန့်အိမ်ရဲ့ ပြတင်းပေါက်ကတော့ မှောင်မည်းနေပြီး သူ အိပ်ပျော်သွားပြီလား၊ ဒါမှမဟုတ်
လမ်းဘေးမှာ ကားတစ်စီး ဆိုက်လာသည်။ ယွီနျန့်က ကားပေါ်ကဆင်း၊ ခါးလေးကိုင်းပြီး
"အစ်မရိုရို... အပေါ်အထိ လိုက်ပို့နေစရာ မလိုတော့ပါဘူး။ ဒီနေ့ ရိုက်ကူးရေးက အရမ်းနောက်ကျသွားပြီ၊ စောစောပြန်နားလိုက်ပါဦး" လို့ ပြောလိုက်ပါတယ်။
ရှီးရိုကတော့ စိုးရိမ်တကြီးနဲ့
"ဒါပေမဲ့ မင်းခြေထောက်က နာနေတုန်းပဲလေ"
ယွီနျန့်က ကားတံခါးကို အရင်ပိတ်လိုက်ပြီး လက်ယမ်းပြကာ
"နည်းနည်းပဲ ဝေးတာပါ။ ကျွန်တော့်ဘာသာ သွားနိုင်ပါတယ်။ မနက်ဖြန်မှ တွေ့မယ်နော်!"
လို့ ပြောပြီး ဒရိုင်ဘာကို မြန်မြန်မောင်းထွက်ဖို့ အချက်ပြလိုက်သည်။ ရှီးရိုလည်း လက်လျှော့လိုက်ရပြီး
"ဒါဆိုလည်း ဂရုစိုက်ဦးနော်!" ဟုသာ မှာလိုက်နိုင်သည်။
ကားလေး မောင်းထွက်သွားပါပြီ။ ယွီနျန့်က ကိုယ်ကိုမတ်မတ်ရပ်၊ ချိုင်းထောက်ကိုယူပြီး ရပ်ကွက်ထဲကို လှည့်ဝင်လိုက်သည်။
သူ့ဘေးက လမ်းဘေးမီးတိုင် နှစ်တိုင် ဘယ်တုန်းက ပျက်သွားမှန်း သူ မသိပါဘူး။ ယွီနျန့်က ဒီလမ်းကို ကျွမ်းကျင်နေတာကြောင့် လက်နှိပ်ဓာတ်မီး မဖွင့်ခဲ့ပါဘူး။ သူက ယွီချင်းရဲ့ ရုပ်ရှင်အတွက် သီချင်းရေးဖို့ စဉ်းစားနေရင်း အာရုံလွတ်သွားတဲ့အချိန်မှာ ချိုင်းထောက်က တစ်ခုခုနဲ့ငြိပြီး ချော်ထွက်သွားတာကြောင့် ခန္ဓာကိုယ်ဟန်ချက်က ရုတ်တရက် ပျက်သွားပြီး…
ယွီနျန့် တစ်ယောက် လဲကျတော့မယ်လို့ ထင်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့လက်မောင်းကို တစ်စုံတစ်ယောက်က ဆွဲထိန်းပေးလိုက်၏။ တစ်ဖက်လူက အင်အားတော်တော်ရှိပြီး သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်သွားအောင် အတင်းဆွဲပေးလိုက်တာပါ။
ယွီနျန့်က ပြန်မတ်တပ်ရပ်လိုက်ပြီး ကျေးဇူးတင်စကား ပြောဖို့အလုပ်မှာပဲ... အေးစက်ပြီး သင်းပျံ့တဲ့ Cedar aroma ရနံ့ လေးကို ရုတ်တရက် ရလိုက်သည်။
"...ရှဲ့ယို့လား"
ရှဲ့ယို့က ယွီနျန့်ရဲ့ လက်ကို လွှတ်လိုက်ပြီး "ငါပါ" လို့ ပြန်ဖြေသည်။ အမှောင်ထုအောက်မှာတော့ သူ့ရဲ့ နီရဲနေတဲ့ နားရွက်တွေကို ဘယ်သူမှ မမြင်နိုင်ပါဘူး။
ယွီနျန့်က သူ့ကို မော့ကြည့်ရင်း အားနာစွာနဲ့
"ကျေးဇူးတင်ပါတယ်၊ ခုနက လဲတော့မလို့ပဲ။ ကျွန်တော် တခြားအကြောင်းတွေ စဉ်းစားနေလို့ လမ်းကို သတိမထားမိလိုက်ဘူး"
"ဂရုစိုက်ပါ" ရှဲ့ယို့က နှစ်စက္ကန့်လောက် တန့်သွားပြီးမှ "ငါမှန်း ဘယ်လိုသိတာလဲ" လို့ မေးလိုက်သည်။
"ခင်ဗျားကိုယ်ပေါ်က အနံ့ကို ကျွန်တော် မှတ်မိနေလို့ပါ"
ယွီနျန့်က ပြောရင်းနဲ့ အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးကို တွေ့လိုက်ရသည်။ ရှဲ့ယို့ကလည်း သူ့အကြည့်အတိုင်း လိုက်ကြည့်ပြီး
"အိမ်ပြန်ဖို့ ပြင်နေတာ" ။
"ကျွန်တော် လမ်းလျှောက်နေတာကို ဖြတ်သွားရင်း မြင်လို့ ကားပေါ်ကဆင်းပြီး ကူညီပေးတာလား"
"အင်း"
ညဉ့်ကတော့ တိတ်ဆိတ်ငြိမ်သက်နေလျက်။ ယွီနျန့် ဘာကြောင့်မှန်းမသိပေမဲ့ ရှဲ့ယို့ရှေ့မှာဆိုရင် သူဟာ အရမ်းကို စိတ်ပေါ့ပါးနေတတ်သည်။ သူ့မျက်ဝန်းတွေက ကြယ်လေးတွေလို ပြုံးနေပြီး လေသံလေးကလည်း ဖျတ်လတ်နေရော…
"ဒီနေ့ အစီအစဉ် ရိုက်ကူးရေး ပြီးသွားပြီ၊ ကျွန်တော် ထပ်ပြီး ပထမရခဲ့ပြန်တယ်"
သူတို့နှစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ ရှဲ့ယို့ရဲ့ နှလုံးခုန်သံက အနည်းငယ် မြန်နေပေမဲ့ သူ့လေသံကိုတော့ တည်ငြိမ်အောင် ထိန်းထားသည်။
"ဂုဏ်ယူပါတယ်"
"ကျေးဇူးတင်ပါတယ်" ယွီနျန့်က မျက်တောင်လေး ခတ်လိုက်ပြီး
"အပြင်စာကလည်း တကယ်အရသာရှိတယ်" ဟု ထပ်ပြောလိုက်၏။
ရှဲ့ယို့က သက်ပြင်းတစ်ချက်ကို ခိုးချလိုက်ရင်း အကြည့်တွေကို မလွှဲနိုင်ဘဲ တိုးတိုးလေး ပြောလိုက်သည်က
"မင်း သဘောကျရင် တော်သေးတာပေါ့" ဟူ၍
NEXT
ချွိရှောက်ရန်နေရာပဲဝင်နေချင်တော့တယ်။ကလေးကြီးရှဲ့ယို့ကို အားတိုင်းယားတိုင်း ထိုင် စ နေချင်လို့။အတွဲကြားကို တရားဝင် ဝင်လှော်ပေးလို့ရတဲ့ နေရာဆို သူ့နေရာပဲရှိ။
ReplyDeleteဘယ်လိုလေးတွေလဲ အသဲယားလိုက်တာ ယိုယိုကို
ReplyDelete