Skip to main content

26







အခန်း (၂၆) သတိထားဦးနော် နျန့်နျန့်၊ အမှားမခံနဲ့


ရွှီရွှမ်၏ အကွက်ဆင်မှုကြောင့် ယွီနျန့် ချော်လဲပြီး ဒဏ်ရာရခဲ့တဲ့သတင်းဟာ ၂၈ ရက်နေ့အထိ Trending Hot search ဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေဆဲ။ အဖြစ်မှန်တွေက တစ်လွှာပြီးတစ်လွှာ ပြောင်းပြန်လှန်ပြီး ပေါ်ထွက်လာတာကြောင့် ဖရဲသီးစားသူတွေကတော့ ဒါဟာ ဒီနှစ်အတွက် အားရကျေနပ်စရာအကောင်းဆုံး သတင်းကြီးပဲဆိုပြီး ဆွေးနွေးလို့ကောင်းဆဲ။

သိပ်မကြာခင်မှာပဲ ရွှီရွှမ်၏ ကောလိပ်ကျောင်းနေဖက်တွေနဲ့ သူမနဲ့ ကုမ္ပဏီတူ အနုပညာရှင်တွေကလည်း ရွှီရွှမ်ဟာ သူမရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဒါမှမဟုတ် သူတစ်ပါးကို ကိုယ်ကျင့်တရားအရ အကျပ်ကိုင်ဖို့အတွက်

"ညီမလေး အသည်းအသန်ဖျားနာနေပြီး ပိုက်ဆံအများကြီးလိုတယ်" ဆိုသည့် အကြောင်းပြချက်ကို အမြဲသုံးပြီး တခြားသူတွေ၏ သနားဂရုဏာကို ရယူလေ့ရှိကြောင်း ဖွင့်ချလာကြသည်။

ခဏအတွင်းမှာပဲ ဒီလိုနည်းလမ်းဆိုးတွေဟာ နောက်ထပ် ဆွေးနွေးငြင်းခုံစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

ယွီနျန့်ကတော့ အိမ်မှာ အနားမယူဘဲ မနက်စောစောကတည်းက ကုမ္ပဏီကို သွားရသည်။

ရုံးခန်းထဲမှာ မုန့်ယွမ်က ခြေထောက်ချိတ်ထိုင်ရင်း အခြေအနေတွေကို စောင့်ကြည့်နေပြီး

"ဟေး... ဒီရွှီရွှမ်ရဲ့ အေးဂျင့်က တကယ်ကို အလုပ်လုပ်တာ နှေးတာပဲ။ ရွှီရွှမ်ရဲ့ အကောင့်ကနေ တင်ထားတဲ့ တောင်းပန်စာကို ကြည့်ရတာ PR က ရေးပေးထားတာ သေချာတယ်။ တကယ်လို့ ရွှီရွှမ်သာ ဒီလောက်အထိ အသိတရားမြင့်မားရင် စင်ပေါ်မှာ ရေဖြန်းတာမျိုးလိုမျိုး ယုတ်မာတဲ့အလုပ်ကို လုပ်မှာမဟုတ်ဘူး"

ဘေးနားမှာ ထိုင်နေတဲ့ ရှီးရိုကတော့ အကောင့်တုတစ်ခုနဲ့ အွန်လိုင်းတိုက်ပွဲထဲမှာ အစွမ်းကုန် ပါဝင်နေသည်။

"ဟုတ်ပါ့... ဒါတင်မကသေးဘူး၊ တကယ်လို့သာ ယွီနျန့်က ခြေထောက်ပဲ နာရုံတင်မဟုတ်ဘဲ ဒူးခေါင်းခွက် ဒါမှမဟုတ် အရိုးနုတွေသာ တကယ်ကျိုးသွားခဲ့ရင် သူ ဘယ်တော့မှ ကလို့ရတော့မှာ မဟုတ်ဘူး! အဲဒီအချိန်ကျမှ တောင်းပန်တာက ဘာထူးမှာလဲ"

ယွီနျန့်ကတော့ ပိုက်လေးကို ကိုက်ပြီး ဖျော်ရည်ကို တစ်ငုံချင်း သောက်နေရင်း ခေါင်းညိတ်ပြသည်။

"အင်း... ဒါကြောင့်လည်း ကျွန်တော် ရဲကို တိုင်လိုက်တာပေါ့"

စာရိုက်နေသည့် ရှီးရို လက်တွေက ရုတ်တရက် ရပ်တန့်သွားပြီး

"ဟုတ်သားပဲ! ငါကတော့ တကယ်ကို အူအူအထုံပဲ၊ ရဲတိုင်ဖို့ကို ချက်ချင်း မစဉ်းစားမိဘူး!"

ယွီနျန့်က ပြုံးလိုက်ပြီး

"ဟုတ်ကဲ့၊ ဒါကို ကျောင်းတက်တုန်းက သင်ခဲ့ရတာလေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဥပဒေဆိုတဲ့ လက်နက်ကို အသုံးချတတ်ဖို့ သင်ယူထားရမယ်လေ"

ရှီးရိုက အဆက်မပြတ် ခေါင်းညိတ်ထောက်ခံပြီးမှ တစ်ခုကို တွေးမိကာ တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ဆိုလာသည်။

"ငါက ရွှီရွှမ်ကို သနားလို့တော့ မဟုတ်ပါဘူး။ သူမက ကိုယ်တိုင်ရဲ့ ညီမအရင်းကိုတောင် အသုံးချရက်တဲ့အထိ ယုတ်မာတာပဲလေ။ လူတိုင်းက ကိုယ်လုပ်တဲ့အမှုအတွက် ကိုယ်တာဝန်ယူရမှာပဲ။ ဒါပေမဲ့... သူမရဲ့ညီမလေးကရော နောင်ကျရင် ဘယ်လိုလုပ်မလဲ"

ဖန်ခွက်ထဲက ဖျော်ရည်ကုန်သွားတော့ "ရှူးရှူး" ဟု ထွက်ပေါ်လာသည်။ ယွီနျန့်က ပိုက်ကို လွှတ်လိုက်ပြီး အပြုံးလေးဖြင့်

"ကျွန်တော် အဲဒီ ပုဂ္ဂလိကဆေးရုံကို အကြံပြုချက်လေးတစ်ခု အရင်က ပေးခဲ့ဖူးတယ်"

မုန့်ယွမ်ကလည်း စူးစမ်းချင်စိတ်ဖြင့်

"ဘာအကြံပြုချက်လဲ"

"ဒီသတင်းက အခု အရမ်းနာမည်ကြီးနေတာလေ။ တကယ်လို့ ဆေးရုံဘက်ကသာ ရွှီဖူကို အစွမ်းကုန်ကုသပေးမယ်ဆိုရင် ဆေးရုံအတွက် နာမည်ကောင်းရမှာ သေချာတယ်။ တကယ်လို့ ဆေးရုံက ရွှီဖူကို အခမဲ့ ခွဲစိတ်ပေးမယ်ဆိုရင်တော့…"

"ဒါဆိုရင် သူတို့က ဒီအခွင့်အရေးကိုသုံးပြီး ကြော်ငြာအကြီးအကျယ် လုပ်လို့ရတာပေါ့!"

မုန့်ယွမ်က အကျယ်ကြီး ရယ်မောလိုက်ရင်း

"နျန့်နျန့်... မင်းကတော့ တကယ်ကို ပါးနပ်တာပဲ၊ အရမ်းကို ပါးနပ်လွန်းတယ်!"

ယွီနျန့်က ဖန်ခွက်အလွတ်ကို ကိုင်ထားရင်း မျက်တောင်လေးခတ်ကာ

"ကျွန်တော်က အကြံပြုချက်လေး ပေးရုံတင်ပါ"

သိပ်မကြာခင်မှာပင် ရှီးရိုက ဖုန်းစခရင်ကို ဝမ်းသာအားရ လက်ညှိုးထိုးပြလာသည်။

"ကြည့်ပါဦး၊ ကြည့်ပါဦး! ဒီဆေးရုံက တကယ်ကို တော်တာပဲ။ ရွှီဖူရဲ့ တာဝန်ကျဆရာဝန်ကို ဗီဒီယိုရိုက်ခိုင်းပြီး ရွှီဖူရဲ့ အခြေအနေနဲ့ နောက်ထပ် ဘာတွေလုပ်ရမယ်ဆိုတာကို အသေးစိတ် ရှင်းပြထားတယ်။ ရွှီဖူ လုံးဝကျန်းမာလာပြီး ဆေးရုံက ဆင်းတဲ့အထိ အခမဲ့ ကုသပေးမယ်လို့ ပြောထားတယ်။ ဆေးရုံက ဆင်းပြီးလို့ အခက်အခဲရှိရင်လည်း ဆက်ပြီး ကူညီပေးဦးမယ်တဲ့! မှတ်ချက်ပေးတဲ့နေရာမှာတော့ ဆရာဝန်ရဲ့ မေတ္တာတရားအကြောင်းတွေချည်းပဲ။ ဆေးရုံဘက်က ပိုက်ဆံပေးပြီး ရေးခိုင်းတာလည်း ဖြစ်နိုင်တာပဲ"

မုန့်ယွမ်က ကော်ဖီပူပူကို မှုတ်သောက်ရင်း စိတ်ကြည်လင်နေပုံရသည်။

"ဟား... ဒါကတော့ တကယ်ကို အားရစရာပဲ!"

ယွီနျန့်က ဖန်ခွက်အလွတ်ကို စားပွဲပေါ်တင်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည် "အစ်ကိုမုန့်... အပိုင်း၇ ကလွှင့်တော့မယ်နော်။ အပိုင်း၈ အတွက် ဆိုမယ့်သီချင်းကို ကျွန်တော် ရွေးပြီးပြီ"

မုန့်ယွမ် "ရွေးပြီးပြီလား ဘယ်သီချင်း နှစ်ပုဒ်လဲ"

"'Falling Leaves' နဲ့ 'Star Trails'၊ ဒီနှစ်ပုဒ်ပါ"

"'Falling Leaves' နဲ့ 'Star Trails'"

မုန့်ယွမ်က ရုတ်တရက် သဘောပေါက်သွားပြီး ယွီနျန့်ကို စိုက်ကြည့်ကာ "'Falling Leaves' က ဆိုရခက်တဲ့ သီချင်းမို့လို့ ထားပါတော့။ ဒါပေမဲ့ 'Star Trails' က Dance song မဟုတ်လား။ မင်း ဘာတွေဖြစ်နေတာလဲ။ မင်းခြေထောက်ကို အကောင်းအတိုင်း မထားချင်တော့ဘူးလား"

ယွီနျန့်က သက်ပြင်းသာသာချလိုက်သည်။ မုန့်ယွမ်၏ တုံ့ပြန်မှုက ဤသို့ဖြစ်မည်ကို သူ ကြိုသိနေခဲ့ပြီးသားပင်။

"အစ်ကိုမုန့်... ကျွန်တော် ဆရာဝန်ကို မေးပြီးပါပြီ။ ငါးမိနစ်၊ ခြောက်မိနစ်လောက်ပဲ ကမှာပါ၊ ကျွန်တော် တောင့်ခံနိုင်ပါတယ်။ ကပြီးတာနဲ့ ဆေးရုံမှာ ချက်ချင်း ပြန်စစ်ဆေးမှာဆိုတော့ အဆင်ပြေသွားမှာပါ"

မုန့်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ကော်ဖီသောက်နေသည်ကို ရပ်လိုက်ကာ

"ငါးမိနစ်၊ ခြောက်မိနစ် မင်းက စင်ပေါ်မှာ ငါးမိနစ်လောက်ပဲ ကမှာဆိုပေမဲ့ စင်အောက်မှာရော ကကွက်တွေ၊ back dancerတွေနဲ့ အသားကျအောင် မလုပ်ရတော့ဘူးလား လေ့ကျင့်ဖို့ မလိုတော့ဘူးလား"

"အင်း... မလိုပါဘူး"

"......"

မုန့်ယွမ်၏ စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး အသက်ဝဝရှူရန်ပင် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။

"မင်း... မင်းက ပထမဆု အကြိမ်ကြိမ်ရပြီးတော့ ဘဝင်မြင့်နေပြီလား ဟမ် လေ့ကျင့်မှုလည်းမရှိ၊ ဇာတ်တိုက်မှုလည်းမရှိဘဲ တိုက်ရိုက်တက်ကချင်တာလား။ ကောင်းကင်ဘုံကိုပဲ တစ်ခါတည်း တက်သွားလိုက်ပါတော့လား"

ယွီနျန့်သည် ထိုင်ခုံပေါ်တွင် ထိုင်ရင်း မုန့်ယွမ်၏ ပြောဆိုမှုများကို ငြိမ်သက်စွာ နားထောင်နေသည်။ ပြန်လည်ချေပခြင်းလည်း မပြုသလို အလျှော့ပေးမည့် ပုံစံလည်း မရှိပေ။

တောင်တန်းတစ်ခုကဲ့သို့ ခိုင်ခိုင်မာမာနှင့် တည်ငြိမ်စွာ ထိုင်နေသော သူ့ကိုကြည့်ပြီး မုန့်ယွမ်မှာ ခေါင်းတောင် ကိုက်လာတော့သည်။ သူက စိတ်ထဲတွင်တော့ ဒါ ငါ့အနုပညာရှင်ပဲ၊ ငါ့အနုပညာရှင်ပဲ ဟု ထပ်ခါတလဲလဲ ရွတ်ဆိုရင်း လေသံကို လျှော့ကာ မေးလိုက်သည်။

"မင်း သေချာလား"

"ဟုတ်ကဲ့"

"တကယ်လား"

"တကယ်ပါ။"

ယွီနျန့်၏ မျက်ဝန်းများမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် တောက်ပနေသည်။

"အစ်ကိုမုန့်... လွန်ခဲ့တဲ့ နှစ်လလုံးလုံး ကျွန်တော် နေ့တိုင်း အစွမ်းကုန် လေ့ကျင့်ခဲ့တာပါ။ ခြေထောက် ဒဏ်ရာရတာကလွဲလို့ ကျွန်တော် တစ်စက်ကလေးမှ မပေါ့ဆခဲ့ပါဘူး။ ကျွန်တော် အစအဆုံး ကနိုင်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ ဒီတစ်ခေါက်သာ ကျွန်တော် အစွမ်းကုန် မကြိုးစားဘဲ ပထမဆု မရခဲ့ရင် ကျွန်တော် အကြာကြီး နောင်တရနေမိမှာ"

အချိန်အတော်ကြာ အတူတူ အလုပ်လုပ်ခဲ့ပြီးနောက်တွင် ယွီနျန့်မှာ အပေါ်ယံတွင် လူတိုင်းအပေါ် နူးညံ့ယဉ်ကျေးသော်လည်း တကယ်တမ်းတွင်မူ အလွန်ခေါင်းမာသူဖြစ်ကြောင်း မုန့်ယွမ် ကောင်းကောင်း မြင်နေရပြီ ဖြစ်သည်။

"သေချာတယ်ပေါ့"

"သေချာပါတယ်"

"တကယ်လို့ မတော်တဆဖြစ်ပြီး အကုန်လွဲချော်သွားရင်ရော အွန်လိုင်းတစ်ခုလုံးရဲ့ လှောင်ပြောင်မှုကို ခံရရင်ရော ဒါမှမဟုတ် နောက်ဆုံးအဆင့် ရသွားရင်ရော"

"မဖြစ်နိုင်ပါဘူး"

မုန့်ယွမ်က မျက်မှောင်ကြုတ်ထားသည်ကို လျှော့လိုက်ပြီး ပြုံးလျက် "ကောင်းပြီ! 'မဖြစ်နိုင်ပါဘူး' ဆိုတဲ့ စကားလုံးကိုပဲ ယုံလိုက်မယ်။ အစ်ကိုမုန့်က မင်းကို ထောက်ခံတယ်။ ဒါပေမဲ့ မင်းကို ဝိုင်းကပေးမယ့် dancer တွေ တကယ်ပဲ မလိုဘူးလား"

ယွီနျန့်က ခေါင်းခါပြသည်။

"မလိုပါဘူး၊ ကျွန်တော့်ခြေထောက်က နာနေတော့ သူတို့နဲ့အတူ လေ့ကျင့်လို့ မရဘူးလေ။ ဒါကြောင့် စင်ပေါ်မှာ ကျွန်တော် တစ်ယောက်တည်း ကတာကမှ ပိုကောင်းပါလိမ့်မယ်"

မုန့်ယွမ်က သူ့မေးစေ့ကို ပွတ်သပ်ရင်း မျက်ဝန်းထဲတွင် ချီးကျူးရိပ်များဖြင့်

"မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်မှန်းချက် ကြီးတာပဲ။ မင်း စင်မြင့်တစ်ခုလုံးကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာ အစ်ကိုမုန့် စောင့်ကြည့်ရမှာပေါ့"

ဘေးနားတွင် Weibo ကြည့်နေသော ရှီးရိုက ကြားဖြတ်ပြောလာသည် ။

"ဟေး... ဒါလေး ကြည့်ကြပါဦး! ရွှီရွှမ်ရဲ့ အကောင့်နဲ့ အစီအစဉ်အဖွဲ့က စာပို့ထားတယ်။ ရွှီရွှမ်က ပြိုင်ပွဲကနေ နုတ်ထွက်သွားပြီတဲ့"

မုန့်ယွမ်က ဒါကိုကြားတော့ အံ့ဩပုံမရပေ။

"ဒီကိစ္စတွေ ပေါက်ကြားသွားကတည်းက ရွှီရွှမ်က 'သဘာဝတရားရဲ့ အသံ' မှာ ဆက်နေလို့ မရတော့ဘူးလေ။ သူမက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြင်းထန်တဲ့ ပြဿနာရှိတဲ့ ပုံမှန် အနုပညာရှင်တစ်ယောက်ပဲ၊ နောက်ကျရင် ဥပဒေအရပါ တာဝန်ယူရဦးမှာ။ လောင်ဟဲက သူမကို ဆက်ထားလောက်အောင် မအပါဘူး"

ဒီသတင်းထွက်လာပြီးနောက် Weibo ပေါ်တွင် ဝေဖန်မှုများက တစ်ဖက်သတ် ဖြစ်သွားတော့သည်။

[အရင်ကတည်းက အမာခံပရိသတ်တစ်ယောက်အနေနဲ့ ဒီမိန်းကလေးက 'နောက်ဆုံးနည်းလမ်း' ဆိုပြီး စင်ပေါ်မှာ ရေထပ်ဖြန်းလို့ မင်းရှီးပါ ချော်လဲမှာကို အရမ်းစိုးရိမ်နေတာ။ သူမ နုတ်ထွက်သွားတာ မြင်ရတော့မှပဲ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်!]

[လက်ခုပ်တီးကြဟေ့! ကိုယ့်ညီမအရင်းကိုတောင် သတ်ဖို့ကြိုးစားတဲ့သူက စင်ပေါ်တက်ဖို့ မထိုက်တန်ဘူး!]

[ဒီလိုမျိုး လူအများက ဝိုင်းပယ်ထားတဲ့ ကြယ်တစ်ပွင့်ကို မြင်ရတာ တကယ်ကို ရှားပါတယ်။ လူတွေက စောင့်ကြည့်နေကြတာဆိုတော့ ဒါကလည်း သဘာဝကျပါတယ်!]

အဲဒီညမှာ ထုတ်လွှင့်တဲ့ "Sound of Nature" အစီအစဉ်မှာတော့ အစီအစဉ်အဖွဲ့က ရွှီရွှမ်ရဲ့ အခန်းကဏ္ဍတွေကို အကုန်နီးပါး ဖြတ်တောက်ပစ်ခဲ့သည်။ ဒါပေမဲ့ အစီအစဉ်ရဲ့ ပြည့်စုံမှုကို ထိန်းသိမ်းဖို့အတွက် ရွှီရွှမ် စင်ပေါ်မှာ သီချင်းဆိုတဲ့အပိုင်းကိုတော့ မဖြုတ်ခဲ့ပါဘူး။ အရင်ကတည်းက သတင်းတွေကို စောင့်ကြည့်နေကြသည့် အင်တာနက်အသုံးပြုသူတွေကတော့ အချိန်မှန် စောင့်ကြည့်ခဲ့ကြပါတယ်။ ဗီဒီယိုဝဘ်ဆိုဒ်ရဲ့ မှတ်ချက်တွေက အရမ်းကို များလွန်းလို့ လူမျက်နှာတောင် မမြင်ရတော့တဲ့အထိပဲ။ ကြည့်ရှုနှုန်းRatings တွေကလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့၏။

ယွီနျန့်တစ်ယောက် နူးညံ့ပြီး ဇိမ်ကျလှသည့် အဖြူရောင် သားမွေးကော်လာ ဝတ်စုံနဲ့ စင်ပေါ်ကို ရောက်လာချိန်မှာတော့... ကြက်သွေးရောင် ကတ္တီပါဆိုဖာပေါ်မှာ ပျင်းရိစွာ ထိုင်နေရင်း စက်လှေကားအတိုင်း တက်လာတာကို မြင်လိုက်ရတာကြောင့် မှတ်ချက်တွေဟာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြန်လည် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

[အား... ငါ သေပြီ! စက္ကန့်ပိုင်းအတွင်းမှာတင် ကြွေဆင်းသွားရတာပဲ!]

[ဒီမျက်လုံးတွေ၊ မျက်တောင်တွေ၊ မျက်ရည်မှဲ့လေးနဲ့ သူ့ရဲ့ မေးစေ့နဲ့ နှုတ်ခမ်းတွေ! အိုး... မြတ်စွာဘုရား! နှလုံးသားကို တိုက်ရိုက်ထိမှန်တယ်ဆိုတာ ဘာလဲဆိုတာ ငါ အခုမှ ခံစားဖူးတော့တယ်!]

[ငါ့ကို လူအဖြစ် ဖန်ဆင်းတုန်းကတော့ ရွှံ့နွံတွေနဲ့ နယ်ဖတ်ပြီး ဖန်ဆင်းခဲ့တာနေမှာ! ဒါပေမဲ့ ငါ့ရဲ့ ညီလေးကိုတော့ ကျောက်စိမ်းနဲ့ သေသေချာချာ ထုဆစ်ထားတာပဲ! ငါ့ရဲ့ နှလုံးသားလေးတော့!]

ယွီနျန့်ဟာ ဆိုဖာပေါ်မှာ ထိုင်ရင်း မိုက်ခရိုဖုန်းကို ကိုင်ကာ သီချင်းစဆိုချိန်မှာတော့ မှတ်ချက်တွေဟာ "ကြောင်အမ်းအမ်းနဲ့ ဒူးထောက်နေကြတဲ့ အမူအရာ" တွေနဲ့ ပြည့်နှက်သွားလျက်…

[သူ့မှာ ဒီလိုမျက်နှာမျိုးရှိနေသရွေ့ သီချင်းမဆိုရင်တောင် ငါကတော့ အမာခံပရိသတ် ဖြစ်နေမှာပဲလို့ ရေးမလို့ပဲ။ ဒါပေမဲ့ ခဏနေတော့မှ ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းပြီး ပါးရိုက်ခံလိုက်ရသလို ခံစားရတာ တကယ်ကို ပျော်စရာပဲ!]

[ဒီမျက်နှာနဲ့ ဒီအသံကတော့ နတ်ဘုရားရဲ့ မျက်နှာသာပေးမှုကို ခံထားရတာ သေချာတယ်! ငါ တကယ်ကို အော်ဟစ်မိတော့မှာပဲ!]

[ငါ အိပ်မက်မက်နေတာလား ဒီသီချင်းကို ယွီနျန့်က ကိုယ်တိုင်ရေးခဲ့တာလား! အရမ်းကောင်းတာပဲ အား...]

[ဒီလိုမျိုး ဆိုဖာမျိုး ငါဝယ်ချင်တယ်! ဒီသားမွေးကော်လာမျိုးလည်း ဝယ်မယ်! ငါ့ကို မတားကြနဲ့!]

အစီအစဉ် မပြီးဆုံးခင်မှာတင် #ငါ့နှလုံးသားထဲမှာမိုးရွာနေသည်# ဆိုတဲ့ ခေါင်းစဉ်က Trending ဖြစ်လာခဲ့သလို ယွီနျန့် သီချင်းဆိုနေသည့် GIF ပုံရိပ်တွေကလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ နေရာအပြည့်။ သတင်းစောင့်ကြည့်နေသည့် ပရိသတ်တွေကလည်း စိတ်အားထက်သန်စွာနဲ့ နေရာအနှံ့မှာ ကြော်ငြာပေးနေကြ၏။

သိပ်မကြာခင်မှာပဲ ရှဲ့ယို့ရဲ့ Weibo မှာလည်း အပ်ဒိတ်တစ်ခု တက်လာခဲ့သည်။

ရှဲ့ယို့ [#ငါ့နှလုံးသားထဲမှာမိုးရွာနေသည်# ဟွင်း... သူ သေချာပေါက် ပလတ်စတစ်ဆာဂျရီ လုပ်ထားတာနေမှာ၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်ကြည့်ကောင်းနိုင်မှာလဲ]

ရှမင်းရှီးကတော့ အစီအစဉ်ကိုကြည့်ရင်း ယွီနျန့်နဲ့ ဗီဒီယိုကောလ်ပြောနေသည်။ သူက တတွတ်တွတ်နဲ့ မကျေမနပ်ပြောနေသလို အကောင့်တုတစ်ခုကိုသုံးပြီး တရားဝင်ဘလော့ဂ်က မှတ်ချက်တွေကိုလည်း လိုက်ပြီး Like ပေးနေတာ တကယ်ကို လက်ဖျားခါစရာပါပဲ။

ရုတ်တရက် ရှဲ့ယို့ Weibo ကို အောက်ဆွဲကြည့်လိုက်မိချိန်မှာတော့ သူက ဒေါသတကြီးနဲ့ အော်ပြောလိုက်ပါတော့သည်။

"နျန့်နျန့်... မင်း ဒီဥက္ကဋ္ဌရှဲ့နဲ့ ဘာရန်ငြိုးတွေရှိလို့လဲ။ သူကတော့ မင်းကို တိုက်ခိုက်ဖို့ပဲ စိတ်အားထက်သန်နေတာပဲ! အရင်က အသံကို ဝေဖန်တယ်။ အခုကျတော့ မင်းရဲ့မျက်နှာကို လာပြောပြန်ပြီ။ မင်းက ဆာဂျရီမလုပ်ဘဲ ဒီလောက်ကြည့်ကောင်းဖို့ မဖြစ်နိုင်ဘူးတဲ့။ ဘာလို့ မဖြစ်နိုင်ရမှာလဲ သူ့စကားတွေက ဆဲနေတာမျိုးမဟုတ်ပေမဲ့ ဖတ်ရတာ တကယ်ကို စိတ်တိုဖို့ကောင်းတယ်!"

ယွီနျန့်ကတော့ တစ်ဖက်မှာ အလုပ်တွေရှုပ်နေသည်။ ခဲတံလေးကိုကိုင်ပြီး မှတ်စုစာအုပ်ထဲမှာ သီချင်းရေးနေတာပါ။ ရှမင်းရှီး၏ မြည်တွန်တောက်တီးသံကို ကြားလိုက်ရတဲ့အခါ သူက လက်ချောင်းလေးတွေကြားမှာ ခဲတံကို အကြိမ်အနည်းငယ် လှည့်လိုက်ရင်း ပြုံးလျက်

"တကယ်တော့ သူက လူကောင်းပါ"

ရှမင်းရှီးမှာ အံ့ဩလွန်းလို့ ကင်မရာနားကို တိုးကပ်လာပြီး စိုးရိမ်တကြီး မေးရတော့သည်။

"နျန့်နျန့်... မင်း အလုပ်တွေများပြီး ဖိအားတွေ အရမ်းများနေတာလား အဲဒါကြောင့် စကားတွေက ရောင်ခြည်ပျောက်ကုန်တာ မဟုတ်လား"

ယွီနျန့်ကတော့ ရယ်ပဲရယ်နေမိလျက်…ဒီအချိန်မှာပဲ အိမ်ရှေ့က ဘဲလ်တီးသံ ကြားလိုက်ရသည်။ ယွီနျန့်က စာအုပ်နဲ့ ခဲတံကိုချပြီး တံခါးသွားဖွင့်လိုက်တော့…တံခါးဝမှာ ရပ်နေတဲ့သူက ပြီးခဲ့တဲ့တစ်ခေါက်က အနက်ရောင်ဝတ်စုံနဲ့ လူပါပဲ။ အရင်အတိုင်းပဲ သူက သေတ္တာလေးတစ်လုံး လာပို့တာပါ။

ယွီနျန့် သေတ္တာလေးကို လှမ်းယူလိုက်ပြီး ဆိုဖာပေါ်မှာ ပြန်ထိုင်လိုက်သည်။ ဗီဒီယိုထဲကနေ ရှမင်းရှီးက စူးစမ်းချင်စိတ်နဲ့

"အပြင်စာ ရောက်တာလား" ဟု လှမ်းမေးသည်။

ယွီနျန့် သေတ္တာအဖုံးကို ဖွင့်လိုက်သည့် အမူအရာကိုကြည့်ပြီး ရှမင်းရှီးက ပိုပြီး သိချင်စိတ် ပြင်းပြလာသည်။

"ဝါး... အထဲမှာ ဘာပါလို့လဲ မင်း ဘာလို့ အဲဒီလောက်တောင် ပျော်နေရတာလဲ"

ယွီနျန့်က သေတ္တာထဲမှာ စီစီရီရီရှိနေသည့် ကွတ်ကီးလေးတွေကို ငုံ့ကြည့်ပြီး ဘာပုံစံလေးတွေလဲဆိုတာ သေသေချာချာ ကြည့်လိုက်သည်။ ထူးကဲသည့် စိတ်ကူးပုံဖော်နိုင်စွမ်းနဲ့ဆိုရင်တော့ အဲဒီပုံစံလေးတွေက ယုန်ကလေးတွေ၊ သစ်ရွက်လေးတွေ၊ ပန်းပွင့်လေးတွေ၊ ငါးလေးတွေနဲ့... နောက်ပြီး ဝက်ဝံရုပ်လေးလားမသိဘူး။

"ရှဲ့ယို့ ပို့လိုက်တဲ့ ညစာလေ"

ရှမင်းရှီးမှာ ထိတ်လန့်တကြားနဲ့ မတ်တတ်ရပ်လိုက်မိသည်အထိ။

"နျန့်နျန့်... သတိထားဦး! အဲဒါကို မထိနဲ့နော်! အထဲမှာ အက်ဆစ် ဒါမှမဟုတ် ဗုံးပဲ ဖြစ်ရမယ်!"

Comments

  1. ဘာမှမသိရှာ​သေးတဲ့ ရှမင်းရှီး be like - ဆရာဝန်ဦးဦး ကျွန်​တော့်သူငယ်ချင်းပုံမှန်မဟုတ်ဘူး

    ReplyDelete
  2. ရှမင်းရှီ : ကျတော်သူငယ်ချင်းကို တားကြပါဦး

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...