အခန်း (၃၀) ရှဲ့ရှောင်ယို့၊ အရေးကြီးတာ တစ်ခုခု ရှိလို့လား
ယွီနျန့် လက်ဖက်ရည်ကို ဖျော်ပြီး ကုန်အောင်သောက်လိုက်ပြီးတဲ့နောက်မှ ရှဲ့ယို့ဆီက ပြန်စာတစ်လုံး ရောက်လာသည်။
[အင်း]
ယွီနျန့်ဟာ ဆိုဖာပေါ်မှာ ပျင်းရိပျင်းတွဲ ထိုင်ရင်း ခေါင်းအုံးကို မှီထားပြီး ၊ နှုတ်ခမ်းထောင့်လေးတွေ ကွေးညွှတ်ကာ ပြုံးနေမိတာကို သူကိုယ်တိုင်တောင် သတိမထားမိပါဘူး။ စာသားအချို့ကို ရိုက်ပြီး ပို့မလို့ လုပ်နေတုန်းမှာပဲ နောက်ထပ် မက်ဆေ့ချ်တစ်ခု ထပ်ဝင်လာပြန်သည်။
[ကြည့်ကောင်းတယ်]
အခုတော့ ယွီနျန့်တစ်ယောက် မအောင့်နိုင်တော့ဘဲ အကျယ်ကြီး အော်ရယ်မောမိပါတော့၏။ ဝမ်းဗိုက်သားလေးကို ခပ်ပေါ့ပေါ့လေး ပြန်စမ်းကြည့်မိပြီး ဒီရက်ပိုင်း လေ့ကျင့်ခန်း လုပ်ခဲ့ရတာတွေက အလဟဿ မဖြစ်ခဲ့ဘူးလို့ ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသွားတာပေါ့။
အရင်ပို့မလို့ လုပ်ထားသည့် စာသားတွေကို ဖျက်လိုက်ပြီး ယွီနျန့်က မေးလိုက်သည်။
[ဒီနေ့ရော ပါဆယ်ရောက်လာဦးမှာလား]
ဒီတစ်ခါတော့ ပြန်စာက ချက်ချင်းရောက်လာသည်။
[အင်း၊ နှစ်ခုရှိတယ်]
ယွီနျန့် ထပ်ပြီး ရယ်မိပြန်သည်။ သူ တကယ်ပဲ အဲဒါကို မျှော်လင့်နေမိတာပါ။ ဒါပေမဲ့ အထူးပါဆယ်တွေ မရောက်လာခင်မှာပဲ မုန့်ယွမ်ရဲ့ ဖုန်းခေါ်ဆိုသံက အရင်ရောက်လာသည်။
"နျန့်နျန့်... ခုနတင် ကြည့်ရှုနှုန်းRating က ၃.၉ အထိ တက်သွားတယ်ဟေ့!"
မုန့်ယွမ် စကားမဆုံးခင်မှာပဲ ဘေးက ဟဲချိုးပိုင်က ဝင်ပြောသည်။
"အိုး... အိုး... ဒီအချိန်လွှင့်တဲ့ တခြားအစီအစဉ်တွေက ဘယ်လိုဖြစ်လို့ ကြည့်မရအောင် ဖြစ်သွားရတာလဲ!"
မုန့်ယွမ်က ရယ်မောရင်း
"ဒါရိုက်တာဟဲ ခင်ဗျား ဘဝင်တွေ မြင့်နေပြီလား ရပါတယ်။ ကြိုက်သလောက် မြင့်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် နျန့်နျန့်အတွက် ဟုန်ပေါင်းအကြီးကြီးပေးဖို့တော့ မမေ့နဲ့ဦး! ပြီးတော့ Hot Search စာရင်းရဲ့ Top 20 ထဲမှာ မင်းနာမည်ပါတဲ့ ခေါင်းစဉ် ၃ ခု ရောက်နေပြီ။ Top 15 ထဲမှာလည်း ပါတယ်။ တစ်ဝက်ကျော်ကျော်က 'Sound of Nature' နဲ့ ပတ်သက်တာတွေချည်းပဲ!"
"လောင်မုန့်ရာ... မင်းကလည်း အရမ်းတင်းကျပ်တာပဲ။ ဒီလောက် ရလဒ်ကောင်းနေတာကို ငါ့ကို ဘဝင်မမြင့်ခိုင်းဘူးလား"
ယွီနျန့်က ကြားဖြတ်မပြောပါဘူး။ မုန့်ယွမ်နဲ့ ဟဲချိုးပိုင်တို့ တစ်ယောက်နဲ့တစ်ယောက် နောက်နေကြတာကို ပြုံးရင်း ငြိမ်ငြိမ်လေးပဲ နားထောင်နေလိုက်သည်။ သူတို့နှစ်ယောက် အချေအတင်ဖြစ်လို့ ပြီးသွားတော့မှ သူက ယွီနျန့် ဝင်ပြောလိုက်သည်။
"ဒီတစ်ခေါက် ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တဲ့အတွက် ဒါရိုက်တာဟဲကို တကယ် ကျေးဇူးတင်ပါတယ်"
ဟဲချိုးပိုင်က ရယ်မောရင်း
"ဒါက အပြန်အလှန်ပါပဲကွာ။ ငါကလည်း မင်းကို ကျေးဇူးတင်ရမှာ။ အစကတော့ လူသစ်တွေကို သုံးရတာ စွန့်စားမှု အရမ်းကြီးတယ်လေ။ အစီအစဉ်က ပေါက်သွားပြီး ပိုက်ဆံအများကြီး ရှာနိုင်ရင်ရှာ၊ မဟုတ်ရင် အကုန်ရှုံးမှာပဲ။ ကံကောင်းလို့ မင်းနဲ့ ရှမင်းရှီးတို့က ဒီအစီအစဉ်ရဲ့ တစ်ဝက်ကို ထိန်းထားပေးနိုင်ခဲ့တာ။ မဟုတ်ရင် ငါလည်း ဒီမှာ အသားကင်စားပြီး ဘီယာသောက်နိုင်တဲ့ စိတ်အခြေအနေမျိုး ရှိမှာမဟုတ်ဘူး"
ဘေးက မုန့်ယွမ်က နှာခေါင်းရှုံ့လိုက်ပြီး
"လောင်ဟဲ... မင်း ငါ့ကိုရော သေသေချာချာ ကျေးဇူးမတင်သင့်ဘူးလား။ သူ့ကို မင်းရှေ့ရောက်အောင် ဆွဲထုတ်လာပေးတာ ငါပဲလေ!"
"အေးပါ၊ အေးပါ... ကျေးဇူးတင်ပါတယ်ဗျာ!"
သူတို့နှစ်ယောက် ဘီယာသောက်လိုက်ကြပြီးနောက် ဟဲချိုးပိုင် လေသံက အနည်းငယ် ပိုပြီး တည်ငြိမ်လေးနက်သွားသည်။
"ဒီအနုပညာလောကထဲမှာ ရုပ်ချောတဲ့သူ၊ သီချင်းဆိုကောင်းတဲ့သူ၊ ကတတ်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ မင်းကတော့ တစ်ယောက်တည်း ထူးခြားနေတာ။ ယွီနျန့်... ကြိုးစားပါ၊ မင်းရဲ့အစ်ကိုမုန့်နဲ့ အဆင်ပြေအောင် တွဲလုပ်သွားရင် နောင်ကျရင် မင်း သေချာပေါက် နာမည်ကြီးလာမှာပါ"
ယွီနျန့်က နောက်တစ်ကြိမ် အလေးအနက် ကျေးဇူးတင်စကား ပြောလိုက်သည်။
"ဒါရိုက်တာဟဲ... ကျေးဇူးတင်ပါတယ်။"
ဖုန်းချလိုက်ပြီးနောက် ယွီနျန့် မှောင်ကျသွားသည့် ဖုန်းစခရင်ကို ငေးကြည့်နေမိ၏။ အရင်က မြူပိတ်နေသလို ဝေဝါးဝါးသူ့အနာဂတ်ဟာ အခုတော့ နည်းနည်း ပိုပြီး ကြည်လင်လာပြီလို့ သူ ခံစားနေရသည်။ အနည်းဆုံးတော့ သွားရမယ့်လမ်းကို သူ ခပ်ရေးရေး မြင်လာရပြီလေ။
သူ ငေးမောနေတုန်းမှာပဲ ဖုန်းထဲကနေ မက်ဆေ့ချ်သံ ထပ်မြည်လာပြန်သည်။
ဖုန်းဖွင့်ကြည့်လိုက်တော့ ရှဲ့ယို့ဆီက မဟုတ်ဘဲ ရုံယွဲ့ ဆီက ဖြစ်နေသည်။ လေလံပွဲရဲ့ အတွင်းပိုင်းကို ဝင်ရောက်ခွင့်ရရှိပြီဖြစ်ကြောင်း အကြောင်းကြားစာပါ။
ယွီနျန့်က အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ ရုပ်ရှင်ပရိုမိုးရှင်းသီချင်း လူရွေးပွဲပြီးသည့် နောက်တစ်နေ့ဖြစ်နေတာကြောင့် သူ အားနေအချိန်သည့်နဲ့ ကွက်တိပါပဲ။
[ကျွန်တော် အချိန်မှန် ရောက်လာခဲ့ပါ့မယ်။ ဦးလေးရုံကို ဒုက္ခပေးမိပြီနော်]
မက်ဆေ့ချ်ပို့ပြီးနောက် ယွီနျန့် မုန့်ယွမ်ပြောတာကို သတိရသွားပြီး Weibo ကို ဖွင့်ကြည့်မိတော့… တကယ်ပဲ "Sound of Nature" က အရမ်းပေါက်နေပြီး Hot Search ရဲ့ အဆင့် ၆ မှာတော့ ရှမင်းရှီး ရောက်နေသည်။
ယွီနျန့်က နှိပ်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ မိနစ် ၂၀ က ရှမင်းရှီး တင်ထားတဲ့ Weibo ပို့စ်ကို တွေ့ရသည်။
[ရှမင်းရှီး … အားလုံးပဲ... ကျွန်တော် ငယ်ငယ်တုန်းက ဖင်ဗလာနဲ့ပုံတွေကို တင်တာ ရပ်ပေးကြလို့ မရဘူးလား။ ကျွန်တော်လည်း သိက္ခာလေးတော့ လိုချင်သေးတယ်လေ]
မှတ်ချက်ကဏ္ဍမှာတော့ "မရပါဘူး" ဆိုတဲ့ စကားတွေနဲ့ ပြည့်နှက်လျက်…
ယွီနျန့်ကလည်း စနောက်ချင်စိတ်အပြည့်နှင့် အဲဒီပို့စ်ကို ပြန်ပြီး Forward လုပ်ကာ
[မရပါဘူး။ //@ရှမင်းရှီး: #ရှမင်းရှီး# အားလုံးပဲ... ကျွန်တော် ငယ်ငယ်တုန်းက ဖင်ဗလာနဲ့ပုံတွေကို တင်တာ ရပ်ပေးကြလို့ မရဘူးလား ကျွန်တော်လည်း သိက္ခာလေးတော့ လိုချင်သေးတယ်လေ QAQ]
သူ Share ပြီးတာနဲ့ ရှမင်းရှီးဆီက WeChat မက်ဆေ့ချ် ချက်ချင်း ရောက်လာပါတော့သည် ။ သူက ကြေကွဲနေသော Emojis ၉ ခု ဆက်တိုက်ပို့လာပြီး ယွီနျန့်ကတော့ ခါးထောက်ပြီး ရယ်နေသည့် ပုံလေးနဲ့ ပြန်ဖြေလိုက်သည်။
ရှမင်းရှီး: [ငါတို့က ညီအစ်ကိုတွေ ဟုတ်သေးရဲ့လား။ ဒါနဲ့... သဘက်ခါ ငါ ရိုက်ကူးရေး သွားရတော့မယ်ဆိုတာ အခုမှ သိလိုက်ရတယ်။ ငါ့အမေက အခုတောင် ငါ့ဝတ်စုံသေတ္တာကို အကုန်အဆင်သင့် ထုပ်ပိုးပေးနေပြီ!!]
ယွီနျန့်: (စာရိုက်နေရင်း ခဏရပ်သွားပြီး အံ့ဩတကြီးနဲ့)[ ဒီလောက်တောင် မြန်တာလား]
ရှမင်းရှီး: [ဟုတ်တယ်။ အရမ်းကောင်းတဲ့ ရိုက်ကူးရေးအဖွဲ့လေ။ ငါ့အမေက သူ့သူငယ်ချင်းဆီမှာ မနည်းပြောပြီး ငါ့ကို အထဲထည့်ပေးထားတာ။ အချိန်အရဆိုရင် ပြင်ဆင်ဖို့ ကြိုသွားရမှာမို့ သဘက်ခါ မနက်ပိုင်းမှာ ငါ ထွက်သွားရတော့မယ်။]
ယွီနျန့်: [ဒါဆိုလည်း မင်းပြန်လာမှ ဆုံကြတာပေါ့။]
ရှမင်းရှီး: [အိုကေ... ငါ့ကို မေ့မသွားနဲ့ဦးနော် နျန့်နျန့်! ငါပြန်လာဖို့ တစ်လခွဲလောက် စောင့်ဦး၊ အဲဒီကျရင် အတူတူ လျှောက်လည်ကြမယ်!]
ဆယ့်တစ်ရက်နေ့ မနက်မှာတော့ မုန့်ယွမ်က ယွီနျန့်ကို လာကြိုသည်။
ယွီနျန့်က ချိုင်းထောက်ကို ဖယ်ထားခဲ့ပြီး သူတို့ပထမဆုံး ဆုံတုန်းက ဝတ်ခဲ့သည့် အဖြူရောင် ရှပ်အင်္ကျီလေးကို ပြန်ဝတ်ထားတာကို မြင်တော့ သူ့ရဲ့ မျက်ဝန်းတွေက ကြည်လင်နေပြီး လူငယ်လေးတစ်ယောက်ရဲ့ သွင်ပြင်ကို အထင်းသား ပေါ်လွင်နေစေသည်။ မုန့်ယွမ်က ယွီနျန့်က အသက် ၂၁ နှစ်ပဲ ရှိသေးတယ်ဆိုတာကို တစ်ခါပြန် သတိထားမိသွား၏။ သူက စိတ်ကို ပြန်ထိန်းလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဒါကို ဘာလို့ ပြန်ဝတ်လာတာလဲ။ မင်း ပိုက်ဆံရတုန်းက တန်ဖိုးကြီးတဲ့ အဝတ်အစားနဲ့ ဖိနပ်တွေ သွားမဝယ်ဘူးလား AJ Sneaker တွေက Cobranded တွေ ထပ်ထွက်နေတယ်လို့ ကြားတယ်၊ တခြား Brand အသစ်တွေလည်း အများကြီးပဲလေ"
ယွီနျန့်က ကားပေါ်တက်ပြီး ခါးပတ်ပတ်လိုက်ပြီး ခေါင်းခါလျက်မှ ပြုံးပြသည်။
"မဝယ်ဖြစ်ပါဘူး။ ကျွန်တော့်မှာ ဝတ်ဖို့ အဝတ်အစား လုံလောက်ပါတယ်။ အင်္ကျီတွေ အများကြီး ဝယ်ရတာကို သိပ်မကြိုက်ဘူး"
သူ့အဘိုးအဘွားတွေ ရှိစဉ်က မိသားစုဝင်တွေ၏ အဝတ်အစားအားလုံးကို အပ်ချုပ်ဆရာအိုကြီး တစ်ယောက်ဆီမှာပဲ အပ်ချုပ်ကြတာပါ။ ဒီဇိုင်းက ရိုးရှင်းပေမဲ့ အသားကောင်းတာကြောင့် တစ်ထည်တည်းကိုပဲ အကြာကြီး ပြန်ပြန်ဝတ်လို့ရသည်။ ဒါကြောင့်လည်း သူဟာ အဝတ်အစားအသစ်တွေ ခဏခဏဝယ်သည့် အလေ့အကျင့် မရှိတာဖြစ်ပြီး ဝတ်ဖို့လုံလောက်ရင်ပဲ ကျေနပ်နေတတ်တာပါ။
မုန့်ယွမ်က တောက်တစ်ချက် ခေါက်လိုက်သည်။
"မင်းကတော့ ငါမြင်ဖူးသမျှ အနုပညာရှင်တွေထဲမှာ အခြွေတာဆုံးပဲ။ ဆေးလိပ်လည်းမသောက်၊ အရက်ကောင်းလည်းမသောက်၊ အိမ်တွေ နာရီတွေလည်း မဝယ်၊ တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကားကောင်းတွေကိုလည်း စိတ်မဝင်စားဘူး။ နေ့တိုင်းဝတ်တဲ့ အင်္ကျီတွေတောင် တစ်ဒါဇင်လိုက် အပေါစားတွေ ဝယ်ဝတ်နေတာ။ ငါသာ တခြားသူတွေကို ပြောပြရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး!"
ဒီအကြောင်းပြောရင်း ယွီနျန့်က စိတ်ဝင်စားသွား၏။
"ဒါဆို အစ်ကိုမုန့်ကရော... ပုံမှန်ဆို ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးတာလဲ"
မုန့်ယွမ်က မျက်ခုံးပင့်ပြီး ပြုံးလိုက်ပြီးမှ
"လွန်ခဲ့တဲ့ အချိန်တုန်းကတော့ ရှေးဟောင်းပစ္စည်းတွေ လိုက်ဝယ်ရတာ ဝါးသနာပါခဲ့တယ်။ နှစ်ပေါင်းများစွာ သေသေချာချာ လေ့လာခဲ့ပေမဲ့ အတုတွေက အရမ်းများလွန်းတော့ စိတ်ကုန်သွားတာ။ နောက်ပိုင်းတော့ စုဆောင်းလို့ရတဲ့ ကျောက်မျက်ရတနာတွေဘက် အာရုံရောက်သွားတယ်။ ပြီးတော့ အိမ်တွေဝယ်တယ်။ ဒါပေမဲ့ အခုတော့ ပိုက်ဆံစုရတာကိုပဲ ဝါသနာပါတော့တယ်။ ဘဏ်အကောင့်ထဲက ဂဏန်းအရှည်ကြီးတွေကို ကြည့်ရတာ စိတ်ထဲမှာ တကယ်နေလို့ကောင်းတယ်"
"ဒါနဲ့ အလုပ်အကြောင်း ပြောရအောင်" မုန့်ယွမ်က သတိရသွားဟန်နဲ့ "ခဏနေရင် ရူရူ နဲ့ ဟဲကျွင်းယွီ တို့ကို တွေ့ရလိမ့်မယ်။ သတင်းတွေအရ ရူရူက မွန်းလွဲပိုင်းမှ လူရွေးပွဲ ဝင်ရမှာဆိုပေမဲ့ ဒါရိုက်တာရွှီရဲ့ အချိန်ဇယားက တင်းကြပ်နေတော့ သူလည်း မနက်ပိုင်းပဲ လာရလိမ့်မယ်"
"အစ်ကိုမုန့် စိတ်မပူပါနဲ့။ ကျွန်တော် သီချင်းစာသားနဲ့ တေးသွားတွေကို အလွတ်ရနေပါပြီ။ မနေ့ညကလည်း ကိုယ်တိုင်ဆိုပြီး အသံသွင်းကြည့်သေးတယ်။ နားထောင်ကြည့်တော့ တော်တော်လေး စိတ်ကျေနပ်မှု ရှိပါတယ်"
မုန့်ယွမ်က နည်းနည်းတော့ ယုံကြည်မှု ရှိသွားပေမဲ့ ကြိုပြီးတော့ အားပေးစကား ပြောထားလိုက်သည်။
"တကယ်လို့ ရွေးမခံရရင်လည်း စိတ်မပျက်နဲ့နော်။ မင်းက မင်းရဲ့ အနုပညာသက်တမ်းမှာ ပထမဆုံးခြေလှမ်းကိုပဲ လှမ်းနေရသေးတာ။ နောင်မှာ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ!"
ယွီနျန့်က မုန့်ယွမ် သူ့အတွက် စိုးရိမ်နေတာကို သိတာကြောင့် "ဟုတ်ကဲ့၊ သိပါပြီ" လို့ ပြန်ဖြေပေး၏။
"တို့တွေ အေးအေးဆေးဆေး သွားကြတာပေါ့။ စိတ်ချပါ၊ မင်းရဲ့ အစ်ကိုမုန့်နောက် လိုက်လာရင်တော့ မင်း ဗိုက်ဝမှာ သေချာတယ်!"
ဓာတ်လှေကားက အထပ် ၃၀ ကို ရောက်သွားပြီး တံခါးပွင့်တာနဲ့ တစ်ပြိုင်နက် ဝန်ထမ်းတစ်ယောက်က လမ်းပြဖို့ ရောက်လာ၏။ ယွီနျန့် သူတို့နှစ်ယောက်နောက်က လိုက်ဝင်သွားပြီး အသံသွင်းခန်း တစ်ခု၏ အပြင်ဘက်ကို ရောက်သွားသည်။ အပြင်မှာ ရပ်နေသည့်သူကို မြင်မြင်ချင်း မုန့်ယွမ်က ပြုံးရွှင်စွာနဲ့ နှုတ်ဆက်သည်။
"ဒါရိုက်တာရွှီ၊ ထုတ်လုပ်သူနင်... မတွေ့တာ ကြာပြီနော်!"
ဒါရိုက်တာ ရွှီရှန့်လန်သည် အသက် ၄၀ ကျော် ၅၀ ဝန်းကျင်ရှိပြီး အနက်ရောင်နှင့် မီးခိုးရောင် ဝတ်စုံကိုပဲ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည်။ သူ၏ နှုတ်ခမ်းထောင့်က အရေးအကြောင်းတွေသည် တော်တော်လေး နက်ရှိုင်းတာကြောင့် ကြည့်ရတာ ပေါင်းသင်းရခက်မည့် ပုံစံပေါက်နေပေမဲ့ ပြုံးလိုက်တဲ့အခါမှာတော့ အမူအရာက အရမ်းကို နူးညံ့လှ၏။
မုန့်ယွမ်နဲ့ လက်ဆွဲနှုတ်ဆက်ပြီး ယွီနျန့်ဘက် လှည့်ကာ
"မင်း 'Sound of Nature' မှာ ဆိုခဲ့တဲ့ သီချင်းအားလုံးကို ငါနားထောင်ပြီးပြီ၊ တကယ်ကို ကောင်းပါတယ်"
ယွီနျန့်ကလည်း မဝံ့မရဲဖြစ်မနေဘဲ တည်တည်ငြိမ်ငြိမ်နဲ့
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာရွှီ! ကျွန်တော် ဒါရိုက်တာကြီးရဲ့ ရုပ်ရှင်တွေကို အရမ်းကြိုက်ပါတယ်။ တစ်ကားချင်းစီကို တစ်ခေါက်ထက်မက ကြည့်ဖူးတယ်။ ဒါရိုက်တာကြီးနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆုံခွင့်ရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး"
ရွှီရှန့်လန်က မျက်ခုံးပင့်ပြီး သူ့ဘေးကလူကို ပြုံးပြလျက်
"ငါရိုက်တဲ့ ရုပ်ရှင်တွေက အေးအေးလူလူနဲ့ ပျင်းစရာကောင်းတာ များပါတယ်။ ကလေးတွေက ဒီလို ရသစာပေဆန်တဲ့ ရုပ်ရှင်တွေကို ဒီလောက်အထိ ကြိုက်လိမ့်မယ်လို့ မထင်ထားဘူး!"
သူက ယွီနျန့်ကို နူးညံ့တဲ့လေသံနဲ့ မေးလာသည်။
"မင်း ဘယ်ကားကို အကြိုက်ဆုံးလဲ"
ယွီနျန့်က တွေဝေမနေဘဲ ချက်ချင်းဖြေလိုက်၏။
"'Nation Warrior' နဲ့ 'Survival' ကို အကြိုက်ဆုံးပဲ။ အထူးသဖြင့် 'Survival' ပါ။ ဇာတ်သိမ်းပိုင်းမှာ ယွမ်လိုင်က အိမ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အခန်းက ကျွန်တော့်ကို အစွဲအလမ်းဆုံး ဖြစ်စေခဲ့တာပါ။ အဲဒီနောက်ပိုင်း ရက်တော်တော်ကြာတဲ့အထိ မျက်လုံးမှိတ်လိုက်တိုင်း အဲဒီမြင်ကွင်းက မျက်စိထဲမှာ ပြန်ပြန်ပေါ်နေတတ်တယ်"
ရွှီရှန့်လန်ဟာ ယွီနျန့်က သူ့၏အစောပိုင်းလက်ရာဖြစ်သလို သူကိုယ်တိုင်လည်း အားရကျေနပ်မှုအရှိဆုံးဖြစ်သော 'Survival' ရုပ်ရှင်ကို ကြိုက်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါကြောင့် သူက ထပ်ပြီး မေးခွန်းထုတ်ပြန်သည်။
"ဒါဆို မင်းအထင်အရ ယွမ်လိုင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သင့်တယ်လို့ ထင်လား"
ယွီနျန့်က စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးမှ အလေးအနက် ပြန်ဖြေသည်။
"'သင့်တယ်၊ မသင့်ဘူး' ဆိုတာမျိုး မရှိပါဘူး။ လူတစ်ယောက်မှာ သူ့ဘဝကို ဆက်လျှောက်ဖို့ ကိုယ်ပိုင်ခံယူချက်နဲ့ ကျင့်ဝတ်သိက္ခာတွေ ရှိကြတာပဲလေ။ ယွမ်လိုင်ကတော့ အဲဒီအချိန်မှာ သူ့ရဲ့ ခံယူချက်နဲ့ သိက္ခာတရားတွေကို ဆုံးရှုံးသွားခဲ့ရရုံပါပဲ"
ရွှီရှန့်လန်က မှန်တယ်၊ မှားတယ်လို့ မဝေဖန်ဘဲ ယွီနျန့်ရဲ့ ပုခုံးကို ပုတ်ရင်း
"ခဏလောက် စောင့်ပေးပါဦး။ နောက်ထပ် အဆိုတော် နှစ်ယောက် ရောက်လာဦးမှာမို့ သူတို့ရောက်လာမှပဲ တို့တွေ စကြတာပေါ့"
ယွီနျန့် မုန့်ယွမ်နဲ့အတူ ဘေးက နားနေဆောင်ကို လိုက်သွားရ၏။ အထဲမှာ ဘယ်သူမှမရှိသေးပါဘူး။ ဝန်ထမ်းတစ်ယောက်က လက်ဖက်ရည် နှစ်ခွက် လာချပေးပြီး ပြန်ထွက်သွားကြသည်။
မုန့်ယွမ်ကတော့ သတိကြီးသူပီပီ ယွီနျန့်ကို ဒီကလက်ဖက်ရည် မသောက်ခိုင်းပါဘူး။ သူ ယူလာသည့် ရေနွေးနွေးဘူးကိုပဲ ကမ်းပေး၏။ သူက ယွီနျန့်ကို ဒါရိုက်တာရွှီ၏ ရုပ်ရှင်တွေကို တကယ်ကြိုက်တာလားလို့ မမေးတော့ဘဲ အခြေအနေကိုပဲ ရှင်းပြသည်။
"ဒါရိုက်တာရွှီရဲ့ ဘေးကလူကတော့ ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူ နင်ကောပဲ။ သူက တော်တော်လေး လူမသိအောင် နေတတ်တယ်။ ပရိုမိုးရှင်းသီချင်းအတွက် အဆိုတော် ရွေးချယ်ဖို့ကို ဒါရိုက်တာနဲ့ ထုတ်လုပ်သူ နှစ်ယောက်လုံး ကိုယ်တိုင်လာတယ်ဆိုတော့ သူတို့က ဒီရုပ်ရှင်ကို တကယ်ကို အလေးထားတာပဲ"
ယွီနျန့်က အဲဒီနာမည်ကို ဖုန်းထဲက မှတ်စုစာရင်းမှာ မှတ်သားထားလိုက်သည်။ ခဏလောက် စကားစမြည်ပြောပြီးနောက်မှာတော့ သီချင်းစာသားတွေကို ပြန်လည်မှတ်မိအောင် မှတ်စုကို ထုတ်ကြည့်နေလိုက်သည်။ မုန့်ယွမ်ကလည်း သူ့ကို အနှောင့်အယှက်မပေးဘဲ ဖုန်းကြည့်ရင်း ငြိမ်နေပေးသည်။
သိပ်မကြာခင်မှာပဲ နားနေဆောင်တံခါး ပွင့်လာပြီး ရူရူ နဲ့ ဟဲကျွင်းယွီ တို့ အတူတူ ရောက်ရှိလာကြသည်။ သူတို့ သုံးယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ကြပေမဲ့ အားလုံးက ပြိုင်ဘက်တွေဖြစ်သလို အရင်ကလည်း မဆုံဖူးကြတာကြောင့် ဘယ်သူကမှ ဟန်ဆောင်ပြီး ရင်းနှီးပြမနေကြပါဘူး။ ဒါကြောင့် တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။
သိပ်မကြာခင်မှာပဲ ဝန်ထမ်းတစ်ယောက် ဝင်လာပြီး ဟဲကျွင်းယွီကို အပြင်ခေါ်ထုတ်သွားသည်။ ဆယ်မိနစ်လောက်ကြာတော့ ရူရူလည်း အပြင်ကို ထွက်သွားခဲ့၏။
မုန့်ယွမ်က ငဲ့ကြည့်လိုက်တော့ ယွီနျန့်က သူ့ထက်တောင် ပိုပြီး တည်ငြိမ်နေတာကို တွေ့လိုက်ရသည်။
"မင်း မရင်ခုန်ဘူးလား"
ယွီနျန့်က သီချင်းစာသားတွေဆီက အကြည့်ခွာလိုက်ပြီး
"ရင်ခုန်နေလည်း အပိုပဲလေ။ အဲဒီအစား သီချင်းစာသားတွေကို နောက်ထပ် အခေါက်အနည်းငယ်လောက် ပိုမှတ်မိအောင် လုပ်တာကမှ ပိုကောင်းဦးမယ်"
မုန့်ယွမ်က ပြန်စဉ်းစားကြည့်ပြီး "အဲဒါလည်း ဟုတ်တာပဲ" ဟု ထောက်ခံသည်။
နောက်ထပ် မိနစ်နှစ်ဆယ်လောက် စောင့်ပြီးနောက် တံခါးပြန်ပွင့်လာပြီး ဝန်ထမ်းက ယဉ်ကျေးစွာဖြင့်…
"ဒါရိုက်တာရွှီက မင်းကို ခေါ်ခိုင်းလိုက်ပါတယ်"
ယွီနျန့်က ကျေးဇူးတင်စကား ပြောပြီး ခေါ်ရာကို လိုက်လာ၏။ အသံသွင်းစတူဒီယိုထဲကို ရောက်သွားတဲ့အခါ အသံသွင်းမှန်လုံခန်းတစ်ခုရှိနေသည်။ ယွီနျန့် အပြင်မှာ ရပ်ကြည့်နေသည့်သူတွေ၏ မျက်နှာအမူအရာကို ဂရုမစိုက်တော့ဘဲ နားကြပ်ကို တပ်လိုက်သည်။
ရွှီရှန့်လန်သည် နင်ကောနဲ့အတူ ရပ်နေရင်း မိုက်ခရိုဖုန်းရှေ့မှာ ရပ်နေသည့် ယွီနျန့်ကို အကဲခတ်အကြည့်တွေနဲ့ ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
"သူ့ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါက အဆင်ပြေတယ်လို့ မင်းထင်လား"
နင်ကောက လက်ပိုက်ထားရင်း…
"ဒါရိုက်တာရွှီ... ခင်ဗျားက ဒါရိုက်တာလား၊ ကျွန်တော်က ဒါရိုက်တာလား လူရွေးတာက ခင်ဗျားအလုပ်ပဲလေ၊ ကျွန်တော့်ကို ဘာလို့ လာမေးနေတာလဲ"
"ဦးနှောက်မသုံးချင်ရင်လည်း အဲဒီလိုပဲ ပြောပါလား"
ရွှီရှန့်လန်က တိုးတိုးလေး ညည်းတွားလိုက်သည်။
"ငါပဲ နောက်တစ်ခေါက် ထပ်ကြည့်ပြီး ကိုယ့်ဘာသာပဲ စဉ်းစားတော့မယ်"
နင်ကောက ခေါင်းညိတ်ပြပြီး ယွီနျန့် သီချင်းဆိုသံကို အာရုံစိုက် နားထောင်နေတော့၏။ သီချင်းအလယ် တူရိယာသံသီးသန့်အပိုင်းကို စောင့်နေရင်း သူက မေးလိုက်သည်။ ၏
"သူ သီချင်းဆိုတာကိုရော ဘယ်လိုထင်လဲ"
ရွှီရှန့်လန်က ဒီမေးခွန်းကိုတော့ တွေဝေမနေဘဲ ဖြေလိုက်သည်။
"ရူရူနဲ့ ဟဲကျွင်းယွီတို့ထက် အများကြီး ပိုကောင်းတယ်"
"အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူ့မှာ ရူရူလောက် ပရိသတ်အင်အား မရှိဘူးလေ။ ပြီးခဲ့တဲ့ အချိန်တုန်းက Trending တွေမှာ နေရာယူထားပြီး နာမည်ကြီးလာတယ်ဆိုပေမဲ့ သူ့ရဲ့ ပရိသတ်အခြေခံက အရမ်းအားနည်းသေးပြီး မတည်ငြိမ်သေးဘူး"
နင်ကောက သူ့လက်မောင်းကို လက်ချောင်းနဲ့ နှစ်ချက်လောက် ပုတ်လိုက်ရင်း
"ကျွန်တော်ကတော့ ရူရူကိုပဲ ရွေးမယ်"
ရွှီရှန့်လန်က ချက်ချင်း ဘာမှပြန်မပြောဘဲ အရင်အတိုင်းပဲ ပြောလိုက်သည်။
"ငါ ထပ်ပြီး စဉ်းစားကြည့်ဦးမယ်"
ရလဒ်ကိုတော့ အဲဒီနေရာမှာတင် ချက်ချင်း ကြေညာမှာ မဟုတ်ဘဲ အေးဂျင့်ဆီကို အကြောင်းကြားဖို့ ရက်အနည်းငယ် ကြာမှာပင်။ သီချင်းဆိုပြီးသွားတဲ့အခါ ယွီနျန့်က အသံသွင်းခန်းထဲက ထွက်လာပြီး သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်ကာ မုန့်ယွမ်နဲ့အတူ ပြန်လာခဲ့လိုက်သည်။
ဓာတ်လှေကားထဲရောက်တော့ မုန့်ယွမ်က ပွင့်ပွင့်လင်းလင်းပဲ ပြောလာသည်။
"ဒီတစ်ခါတော့ ခက်လိမ့်မယ်။ ငါ ရူရူရဲ့ မန်နေဂျာနဲ့ စကားပြောကြည့်တော့ အခြေအနေအရ ရူရူက ပိုပြီး အခွင့်အရေးသာနေတဲ့ ပုံပဲ"
ယွီနျန့်ကတော့ ကြားပြီးနောက်မှာလည်း အမူအရာက ပြောင်းလဲမသွားချေ။
"ဒီတစ်ခေါက် သီချင်းဆိုတဲ့နေရာမှာ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ တကယ်လို့ ရွေးချယ်မခံရဘူးဆိုရင်တောင် အစွမ်းကုန် မကြိုးစားခဲ့မိလို့ဆိုပြီး နောင်တရနေမှာ မဟုတ်တော့ဘူး"
"မင်း အစွမ်းကုန် ကြိုးစားခဲ့တာပါ"
မုန့်ယွမ်က သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။
"ဒီဘက်ခေတ်မှာ ရုပ်ရှင်တွေရဲ့ ကြိုတင်ကြော်ငြာမှုက ပိုပိုပြီး အရေးပါလာတာလေ။ နာမည်ကြီး ဒါရိုက်တာ ရိုက်တဲ့ ကားကြီးတွေတောင်မှ ရုံဝင်ငွေအတွက်ဆိုရင် ဒီလိုမျိုး နာမည်ကြီးမှုကို ဦးစားပေးတဲ့ နည်းလမ်းတွေကို သုံးလာကြရတာပဲ။ ငါ ရူရူ သီချင်းဆိုတာတွေကို ကြားဖူးပါတယ်။ သူက မင်းလောက် မကောင်းဘူး။ နှိုင်းယှဉ်စရာ ဆိုလို့ သူ့ရဲ့ ပရိသတ်အင်အားက မင်းထက် ပိုတောင့်တင်းနေတာ တစ်ခုပဲ ရှိတာ"
ယွီနျန့်ကပဲ မုန့်ယွမ်ကို ပြန်ပြီး ဖျောင်းဖျလိုက်သည်။
"ကျွန်တော်တို့တွေ အေးအေးဆေးဆေး သွားကြတာပေါ့။ နောင်ကျရင် ကျွန်တော်က တကယ်ကို အစွမ်းထက်တဲ့သူ ဖြစ်လာမှာပါ"
မုန့်ယွမ်၏ ရင်ထဲက မွန်းကြပ်မှုတွေလည်း ပျောက်ကွယ်သွားပြီး သူက ရယ်မောလိုက်သည်။
"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့! မင်းက နောင်ကျရင် သေချာပေါက် အစွမ်းထက်တဲ့သူ ဖြစ်လာမှာ!"
မွန်းလွဲပိုင်းမှာတော့ ယွီနျန့်ဟာ ကုမ္ပဏီကိုသွားပြီး အနုပညာသင်တန်းတွေ ဆက်တက်နေ၏။ ခြေထောက်ဒဏ်ရာကတော့ အခြေခံအားဖြင့် ပြန်ကောင်းနေပါပြီ။ နောင်တစ်ချိန်မှာ ကကွက်တွေ ကပြတဲ့အခါ ထိခိုက်မှုမရှိစေဖို့နဲ့ ခြေကျင်းဝတ် အလွယ်တကူ လည်တာမျိုးထပ်မဖြစ်အောင် ခြေကျင်းဝတ် သန်မာစေမယ့် လေ့ကျင့်ခန်းတွေကိုတော့ သူ ဆက်လုပ်နေရဆဲပါ။
ညဘက် အိမ်ပြန်ရောက်တော့ ယွီနျန့် Mask တပ်ပြီး အနီးနားက ကုန်တိုက်တစ်ခုကို စျေးဝယ်ထွက်ပြီး။ နံရိုးနဲ့ ရေမှော်ပင်တွေ ဝယ်ရင်းမှ စင်ပေါ်က မီးခိုးရောင် ဓာတ်ဗူးလေး တစ်ခုကိုလည်း ရွေးဝယ်လိုက်သည်။
အိမ်ရောက်တော့ ပါဝင်ပစ္စည်းတွေကို သေသေချာချာ ပြင်ဆင်ပြီး စွပ်ပြုတ်တစ်အိုးကို မီးအေးအေးလေးနဲ့ တည်ထားရင်း စာကြည့်ခန်းထဲဝင်ပြီး ငွေစာရင်း စာရွက်စာတမ်းအချို့ကို စစ်ဆေး၏။
Xinghai နှင့် စာချုပ်ချုပ်ထားသည့် ပိုက်ဆံ၊ Live လွှင့်ဝင်ငွေတွေ၊ 'Sound of Nature' က ရသည့် ဆုကြေးနဲ့ အနုပညာကြေး၊ ပြီးတော့ ယွီချင်း ရုပ်ရှင်အတွက် ရေးပေးထားသည့် တေးရေးခတွေ အားလုံးပေါင်းလိုက်ရင် ယွမ် ခုနစ်လုံးတန်း ရှိနေပါပြီ။
အကြွေလေးတွေကို ဖယ်ထားပြီး ကျန်တာတွေကိုတော့ အကောင့်ထဲ ထည့်ထားလိုက်သည်။ ယွီနျန့် ပစ္စည်းတန်ဖိုးကို ခန့်မှန်းကြည့်သည်။ တကယ်လို့သာ ပိုက်ဆံအရမ်းပေါတဲ့သူ ဒါမှမဟုတ် တမင်သက်သက် ဈေးလိုက်မြှင့်မယ့် ပြိုင်ဘက်မျိုးနဲ့ မတိုးရင်တော့ အဲဒီပစ္စည်းကို သူ အေးအေးဆေးဆေး ပြန်ဝယ်နိုင်မှာပါ။
နံရိုးစွပ်ပြုတ် တည်ထားတာ နှစ်နာရီနီးပါး ရှိနေပြီမို့ မီးဖိုချောင်ထဲကနေ ဟင်းနံ့မွှေးမွှေးလေးတွေ သင်းပျံ့လာသည်။ အချိန်တန်ပြီလို့ ယူဆပြီး ယွီနျန့် မီးဖိုချောင်ထဲ ဝင်မလို့ လုပ်နေတုန်းမှာပဲ အိမ်ရှေ့ လူခေါ်ဘဲလ်သံ မြည်တော့သည်။
ဘယ်သူလဲဆိုတာ အတည်ပြုပြီးနောက် ယွီနျန့် တံခါးဖွင့်ပေးလိုက်သည်။
အရင်ကအတိုင်းပဲ အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ယောက်ဖြစ်ပြီး၊ သူက ယွီနျန့်ဆီကို ကတ်ပြားလေး တစ်ခုပါသည့် သေတ္တာတစ်လုံး ကမ်းပေးလာသည်။
ယွီနျန့်က အရင်ဆုံး ကတ်ပြားလေးကို ဖွင့်ကြည့်လိုက်၏။ အလွန်လှပပြီး ရင်းနှီးနေကျ လက်ရေးအက္ခရာလေးတွေက မျက်စိထဲ တိုးဝင်လာသည်။
"ညစာစားတုန်းက မြည်းကြည့်တာ အရမ်းကောင်းလို့။"
ဒါဆို ကျွန်တော့်ကို မြည်းကြည့်စေချင်တာလား
ယွီနျန့် ပြုံးလိုက်မိပြီး ခေါင်းမော့ကာ ပြောလိုက်သည်။
"ခဏလောက် စောင့်ပေးပါဦး။ ပြန်ယူသွားပေးဖို့ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"
မီးဖိုချောင်ထဲဝင်ပြီး ယွီနျန့်ဟာ ဗီဒိုထဲက ဆေးကြောသန့်စင်ထားပြီးသား အသစ်စက်စက် ဓာတ်ဗူးလေးကို ထုတ်လိုက်သည်။ ပြီးနောက် အိုးထဲက နံရိုးစွပ်ပြုတ်တချို့ကို ခပ်ထည့်၏။ ဗူးအဖုံးကို သေသေချာချာ ပိတ်ပြီး စွပ်ပြုတ်တွေ ဖိတ်မကျနိုင်တော့ဘူးဆိုတာ အတည်ပြုပြီးမှ ယွီနျန့် တံခါးဝကို ပြန်ထွက်လာကာ။ တစ်ဖက်လူက ယွီနျန့်ပေးသော ဓာတ်ဗူးလေးကို ရိုရိုသေသေယူကာ သူ့ကို ခေါင်းညိတ်ပြပြီးမှ လှည့်ထွက်သွားပါတော့၏။
ညစာစားပွဲကနေ ပြန်လာသည့် ချွိရှောက်ရန်တစ်ယောက် အသစ်ဝယ်ထားသည့် ပြိုင်ကားလေးကို ရှဲ့ယို့ရဲ့အိမ်ဆီ တိုက်ရိုက်မောင်းလာခဲ့ပြီး ရှဲ့ယို့ရဲ့ စာကြည့်ခန်းထဲကို အကျွမ်းတဝင် ဝင်လာခဲ့သည်။
တံခါးကို တွန်းဖွင့်လိုက်တော့ နွေးထွေးသည့် မီးရောင်တွေက အောက်ကို ဖြာကျနေလျက်။ ချွိရှောက်ရန်က ကော်ဇောပေါ် လမ်းလျှောက်ဝင်လာရင်း ကားသော့ကို လက်ချောင်းနဲ့ လှည့်ကစားကာ မေးလိုက်သည်။
"ရှဲ့ရှောင်ယို့... မင်း ငါ့ကို နှစ်ခါတောင် ဆက်တိုက် ဖုန်းခေါ်ပြီး ဒီည အရောက်လာခဲ့ဖို့ ပြောတာ... အရေးကြီးတာ တစ်ခုခု ရှိလို့လား"
ရှဲ့ယို့က အသက်ကို ခပ်ဖွဖွရှူလိုက်ပြီး သူ့ဘေးနားမှာ သေသေချာချာ ချထားသည့် ဓာတ်ဗူးလေးကို ညွှန်ပြပြီး
"ဒီဓာတ်ဗူးလေး... ဘယ်ကနေ ရောက်လာသလဲဆိုတာကို မင်း သိချင်လား" ဟူ၍ အဆက်အစပ်မရှိမေးလာလေ၏။
NEXT
ရှဲ့ရှောင်ယို be like - စွပ်ပြုတ်သိုးမသွားခင် ကြွားရမယ်လေ။သေချာပေါက် ညတွင်းချင်းအရောက်လာရမှာပေါ့ ညိုကီရာ...
ReplyDelete