Skip to main content

31




အခန်း (၃၁) - ဒါက... တော်တော်လေး စိတ်ဝင်စားစရာပဲ

ချွိရှောက်ရန်သည် အသက်ကို ဝဝရှူလိုက်ပြီး စိတ်ထဲကနေ ကြိတ်တွေးလိုက်သည်။

ကဲ... တို့တွေ ငယ်ငယ်က နို့မှုန့်ဗူး အတူတူ သောက်လာရတဲ့ သူငယ်ချင်း သံယောဇဉ်ကို ငဲ့လို့ပဲ။ ဒီဓာတ်ဗူးအစုတ်လေးရဲ့ အကြောင်းကို ငါ နားထောင်ပေးလိုက်ပါ့မယ်!

သူသည် ဆိုဖာပေါ်မှာ ခြေထောက်ချိတ်ထိုင်လိုက်ရင်း အရောင်တောက်တောက် နက်ကတိုင်ကို အနည်းငယ် လျှော့လိုက်သည်။ ရှဲ့ယို့က 'ဒီပုံးရဲ့ အတွင်းသားကို စိန်တွေနဲ့ စီထားတာ' လို့ ပြောရင်တောင် သူ လုံးဝ အံ့ဩမှာမဟုတ်ဘူးလို့ ကြိုတွေးထားပြီးသား။

"ကဲ... ငါ အဆင်သင့်ပဲ။ ပြောတော့"

ရှဲ့ယို့၏ အကြည့်သည် ဘေးနားက မီးခိုးရောင် ဓာတ်ဗူးဆီသို့ ခဏမျှ ရောက်ရှိသွားပြီးမှ ချက်ချင်းပင် မျက်နှာပြန်လွှဲကာ ပြောလာသည်က

"ဒါက ယွီနျန့် ပေးတဲ့ လက်ဆောင်လေ။ အထဲမှာ နံရိုးနဲ့ ရေမှော်ပင် စွပ်ပြုတ် ပါတယ်" ဟူ၍။

ချွိရှောက်ရန်သည် နောက်ထပ် ဘာစကားများ ဆက်ပြောမလဲဟု စောင့်နေသော်လည်း ဘာမှထွက်မလာတော့ပေ။ ထိုအခါမှသာ ဤစကားတစ်ခွန်းတည်းသောစကား၏ အဓိပ္ပာယ်ကို သူ ရိပ်မိသွားတော့သည်။

"ဒါပဲလား"

ရှဲ့ယို့က ဘာဖြစ်လို့လဲဆိုသည့် ပုံစံဖြင့် ထပ်မံရှင်းပြသည်။

"ဒီဓာတ်ဗူးကို ယွီနျန့်က ငါ့ကို ပေးတာ။ အထဲမှာ သူကိုယ်တိုင် တည်ထားတဲ့ စွပ်ပြုတ်တွေ ပါတယ်လို့။"

ချွိရှောက်ရန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

"ဆိုလိုတာက... မင်းရဲ့ ယွီနျန့်က နံရိုးစွပ်ပြုတ် တည်တယ်။ ပြီးတော့ ဒီထဲ ထည့်ပြီး မင်းဆီ ပို့ပေးလိုက်တယ်... အဲဒါကို ပြောချင်တာလား"

"အင်း!"

နက်မှောင်သော ပိုးထည်ရှပ်အင်္ကျီကို ဝတ်ဆင်၍ စားပွဲနောက်မှာ ခါးကို မတ်မတ်ထားကာ ထိုင်နေသော ရှဲ့ယို့သည် သူ၏ ပျော်ရွှင်မှုကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း နားရွက်ဖျားလေးများ နီရဲနေသည်ကိုမူ ဖုံးကွယ်၍ မရချေ။ ချွိရှောက်ရန်မှာမူ စကားလုံးဖြင့် ဖော်ပြ၍မရအောင် စိတ်များ ရှုပ်ထွေးသွားရလျက်။ သူ၏ စိတ်အခြေအနေသည် ရုတ်တရက် ကျဆင်းသွားပြီး ရင်ထဲမှာလည်း တစ်မျိုးကြီး ဖြစ်သွားရ၏။

ဒါဟာ ပီယာနိုရှေ့မှာ တိတ်တဆိတ် ထိုင်နေတတ်သော၊ ရှက်တတ်သော၊ ပီယာနိုဆရာက ချီးမွမ်းလျှင် မျက်ဝန်းလေးများ တောက်ပသွားတတ်သော အရင်က ရှဲ့ရှောင်ယို့လေးကို ပြန်မြင်လိုက်ရခြင်းပင်။ သည်လို ရှဲ့ယို့မျိုးကို သူ မမြင်ရသည်မှာ ဘယ်လောက်တောင် ကြာပြီနည်း။ ယခုလက်ရှိ ရှဲ့ယို့သည် စကားတစ်ခွန်းမှ မပြောဘဲနှင့်ပင် သူ၏ အတွင်းရေးမှူးကို ငိုအောင် လုပ်နိုင်သူ ဖြစ်သည်။ သူ၏ အကြည့်တစ်ချက်သည် ဆူညံနေသော အစည်းအဝေးခန်းမတစ်ခုလုံးကို ချက်ချင်း တိတ်ဆိတ်သွားစေနိုင်၏။

အေးစက်သည်၊ ခန့်မှန်းရခက်သည်၊ ပြတ်သားသည်၊ လူတောမတိုးဘူး။ ခံစားချက်မရှိသော စက်ရုပ်တစ်ရုပ်လိုပင် ဖြစ်သည်ဟု တခြားသူများက ရှဲ့ယို့အပေါ် ထင်မြင်ကြသည်။ ဒါပေမဲ့ ရှဲ့ယို့က ထိုသို့သောသူမျိုး မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။ သူ၏ 'မျက်နှာဖုံး' က ကြာလာသောအခါ အသားထဲသို့ စိမ့်ဝင်သွားခြင်းသာ ဖြစ်ဟန်တူသည်။

ထို့နောက် ရှဲ့ယို့က တိုးညှင်းသော အသံလေးဖြင့် ဆက်လက်ပြောကြားသည်။

"ဓာတ်ဗူးက အသစ်စက်စက်ပဲ၊ ငါ မီးခိုးရောင်ကို ကြိုက်မှန်း သူသိပုံရတယ်"

ဤဓာတ်ဗူးကို ယွီနျန့်က သူ့အတွက် သီးသန့် ဝယ်ယူပေးခဲ့ခြင်းမှလွဲ တခြားမဖြစ်နိုင်။

ဒီစကားကို ကြားလိုက်ရသည့်အခါ ချွိရှောက်ရန်မှာ သွားကျိန်းမတတ် ခံစားလိုက်ရ၏။

'အိုကေ... မင်းတို့တွေကတော့ ရှယ်ပဲ!'

သူ ပြန်လည်စဉ်းစားကြည့်သည့်အခါ ဒါက တကယ့်ကို အံ့ဩစရာပဲ။

"မင်းက Weibo ပေါ်မှာ အဲဒီလို စကားလုံးတွေ တင်ပြီး မင်းရဲ့ တကယ့်စိတ်ရင်းကို မြေအောက် ၅ မိုင်လောက်မှာ မြှုပ်ထားတာလေ။ တခြားလူတွေရဲ့ အမြင်မှာတော့ မင်းက ယွီနျန့်ကို တကယ် တိုက်ခိုက်နေတာ! အခုလည်း အကြိမ်ကြိမ် ဖြစ်နေပြီ။ ယွီနျန့်က မင်းကို မမုန်းဘူးဆိုရင်တောင် မင်းနဲ့ လုံးဝ အဆက်အသွယ် မလုပ်ဖို့ ဆုံးဖြတ်ထားရင် ဘယ်လိုလုပ်မလဲ"

စကားပြောရင်းနှင့် ချွိရှောက်ရန်သည် ရုတ်တရက် စိုးရိမ်စိတ်ဝင်လာရပြန်သည်။

"ဒါနဲ့ ရှဲ့ရှောင်ယို့... မင်း အဲဒီစွပ်ပြုတ်ကို မသောက်ရသေးဘူး မဟုတ်လား။ အထဲမှာ... အထဲမှာ အဆိပ်တွေ ဘာတွေ တကယ် မပါဘူးလို့ မင်း သေချာလား"

ရှဲ့ယို့ "......"

ရှဲ့ယို့၏ ဖော်ပြရခက်သော မျက်နှာအမူအရာကို မြင်လိုက်ရတော့မှ ချွိရှောက်ရန်လည်း ပါးစပ်ပိတ်သွားပါတော့သည်။ ကောင်းပြီ။ ချွိရှောက်ရန်သည် အခြေအနေအရပ်ရပ်ကို သေချာနားမလည်သော်လည်း ဤကိစ္စမှာ တစ်မျိုးတော့ စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိသည်။

ချွိရှောက်ရန်က သတိရသွားဟန်ဖြင့်

"ဒါနဲ့... မနက်ဖြန် အစည်းအဝေးရှိတယ်ဟ။ ငါ့အစ်ကိုက တိုက်ရိုက်ဖုန်းဆက်ပြီး ငါ့ကိုတက်ခိုင်းနေတာ။ အဲဒါကြောင့် မင်းနဲ့အတူ လေလံပွဲလိုက်ပြီး အန်တီ့အတွက် လက်ဆောင်ကူရွေးပေးဖို့ အားတော့မှာမဟုတ်ဘူးနော်"

"ရပါတယ်။ ငါ့ရဲ့လက်ထောက်ကိုပဲ ခေါ်သွားလိုက်မယ်"

***

လေလံပွဲကျင်းပသည့်နေ့ ညနေခင်းတွင် ယွီနျန့်သည် စောစောစီးစီး ရောက်ရှိလာခဲ့သည်။ ဖိတ်စာကို ပြသပြီးနောက် ဝန်ထမ်းတစ်ဦးက သူ့ကို ခန်းမထဲသို့ လမ်းပြခေါ်ဆောင်သွားသည်။

လေလံပွဲ၏ အတွင်းပိုင်းဧရိယာကို တောင်ပေါ်တွင် တည်ဆောက်ထားသော ဗီလာဟောင်းကြီးတစ်ခု၌ ပြုလုပ်ခြင်းဖြစ်သည်။ ထိုဗီလာသည် အလွန်ကျယ်ဝန်းပြီး အဆောင်ဆောင်၊ ရေတံခွန်ငယ်လေးများနှင့် ကျောက်ဆောင်အတုများဖြင့် ဝန်းရံထားသည်။ အဆောက်အအုံအတွင်း၌ပင် ရေတံခွန်စီးဆင်းသံကို ခပ်တိုးတိုး ကြားနေရ၏။

ခန်းမမှာ အလွန်ကျယ်ဝန်းသော်လည်း အချိန်စောနေသေးသဖြင့် လူသိပ်မများသေးပေ။ ရောက်ရှိနေသူ အများစုမှာ အသက် ၅၀ ကျော် အရွယ်အိုများ သို့မဟုတ် ဝတ်စုံအပြည့်ဖြင့် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်များသာ ဖြစ်ကြသည်။ ရိုးရှင်းသော အဖြူရောင်ချည်သား တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည့် လူငယ်လေး ယွီနျန့် လမ်းလျှောက်ဝင်လာသောအခါ လူအများ၏ အာရုံစိုက်ခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။

သူသည် စိတ်အေးလက်အေးရှိကာ မည်သည့်စင်မြင့်ကြောက်စိတ်မျှမရှိဘဲ သဘာဝကျသော အရှိန်အဝါမျိုး ရှိသည်။ သို့သော် သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးစဉ်မှာပင် ရုတ်တရက် တားဆီးခြင်း ခံလိုက်ရ၏။

"မင်းက ယွီမိသားစုကလား"

ယွီနျန့် ရပ်ပြီး လှည့်ကြည့်လိုက်ရာ သက်ကြီးရွယ်အိုတစ်ဦးနှင့် မျက်နှာချင်းဆိုင် ဆုံမိတော့သည်။ သူသည် သေချာစွာ စဉ်းစားကြည့်ပြီးနောက် မျက်ဝန်းလေးများ ဝိုင်းသွားကာ အံ့သြသွားလျက်

"အဘိုးကု လား ခမျာ"

ကုယီယန့်သည် လက်ကိုင်တုတ်ကို အားပြုကာ ရယ်မောလိုက်ပြီး

"ဒီကလေး မှတ်ဉာဏ်ကောင်းသားပဲ။ လွန်ခဲ့တဲ့ ကိုးနှစ်ကမှ ငါနဲ့ တစ်ခါပဲ ဆုံဖူးတာကို အခုထိ မမေ့သေးဘူးပေါ့!"

ယွီနျန့်သည် ကုယီယန့်အနီးသို့ အမြန်လျှောက်သွားပြီး အနည်းငယ်ကိုင်းနေသော အဘိုးအို၏ ကျောပြင်နှင့် တစ်တန်းတည်းဖြစ်စေရန် ကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာ ပြုံးလျက် ပြောလိုက်သည်။

"အဘိုးကမှ ကျွန်တော့်ထက် ပိုတော်တာပါ။ ကျွန်တော်က အရွယ်ရောက်လာတာတောင် အဘိုးက တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနေတာပဲ"

ကုယီယန့်က ယွီနျန့်ကို ကြည့်ကာ လွမ်းဆွတ်တမ်းတနေသော လေသံဖြင့် အေးအေးဆေးဆေး ပြောကြားသည်။

"မင်းရဲ့မျက်လုံးတွေက မင်းအဘွားနဲ့ အရမ်းတူတာပဲ။ နှာတံကတော့ မင်းအဘိုးနဲ့ တူတယ်။ မင်းကို မြင်မြင်ချင်းပဲ ငါ့မှာ ရင်းနှီးသလို ခံစားလိုက်ရတာ။ ဒါနဲ့... ဒီနေ့ လေလံပွဲမှာ ယွမ်ဖုစုန်းဟဲအိုးကို လေလံတင်မယ် မဟုတ်လား။ မင်း သေချာပေါက် လာလိမ့်မယ်လို့ ငါ ထင်နေတာ"

သူ့ဘေးရှိ လူလတ်ပိုင်းနှစ်ဦးမှာ ကုယီယန့်က ထိုအိုးအကြောင်းကို ပြောကြားပြီး လူငယ်လေးနှင့် ရင်းနှီးစွာ စကားပြောနေသည်ကို မြင်သောအခါ အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် တစ်ဦးက

"ကုယီယန့်... ဒါ ဘယ်သူလဲ" ဟု သံသယဖြင့် မေးလိုက်သည်။

"ကြည့်စမ်း... ငါကတော့ စကားတွေပဲ ပြောနေမိတယ်"

ကုယီယန့်က ပြုံး၍ မိတ်ဆက်ပေးသည်။

"သူက ချင်းရှန်းယွီမိသားစုရဲ့ မျိုးဆက် ယွီနျန့်လေ။ သူက အရမ်းငယ်သေးတယ်။ မင်းတို့တွေ သူ့ကို အနိုင်မကျင့်နဲ့ဦး။ မဟုတ်ရင် ငါတို့ အဘိုးကြီးတွေက ကြည့်နေမှာမဟုတ်ဘူးနော်!"

ကုယီယန့်က သူ့ကို ကူညီပံ့ပိုးပေးနေမှန်း ယွီနျန့် သိသဖြင့် စကားဖြတ်မပြောဘဲ တိတ်ဆိတ်စွာ ပြုံးနေလိုက်သည်။

"သူက ဆရာကြီး ရှို့နင်ရဲ့ မြေးကိုး!" မေးခွန်းမေးခဲ့သူက ရုတ်တရက် သတိရသွားကာ ယွီနျန့်၏ လက်ကို အမြန်ဆွဲနှုတ်ဆက်လျက်

"ဆရာကြီး ရှို့နင်က တကယ့်ကို မွန်မြတ်တဲ့သူပါ။ သူ့မြေး ဘယ်လောက်တော်တဲ့အကြောင်း သူ ခဏခဏ ပြောလေ့ရှိတယ်!" ဟု ချီးကျူးစကားဆိုသည်။

ယွီနျန့်က ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။

"ငါတို့ အဘိုးကြီးတွေ အရင်က သဘောတူထားတာ ရှိတယ်။ ဒီလေလံပွဲမှာ တန်ဖိုးရှိတဲ့ ရတနာတွေကို တတ်နိုင်သမျှ ငါတို့နိုင်ငံထဲမှာပဲ ကျန်ရှိနေအောင် ထိန်းသိမ်းကြမယ်လို့လေ။"

သူက ပြုံးလျက် ထပ်ပြောသည်။

"စိတ်မပူနဲ့... တကယ်လို့ ယွီမိသားစုဝင် တစ်ယောက်ယောက် လာခဲ့ရင် ယွမ်ဖုစုန်းဟဲအိုးအတွက် မင်းနဲ့ ဘယ်သူမှ လာမပြိုင်ကြေးလို့လည်း တို့တွေ သဘောတူထားပြီးသား။ မင်းအဘိုးသာ ရှိနေသေးရင် မင်းက ဒီအိုးကို ပြန်ဝယ်နိုင်တာ မြင်ရလို့ တကယ်ကို ဂုဏ်ယူနေမှာပဲ"

"ကျေးဇူးတင်ပါတယ် အဘိုးကု"

ယွီနျန့်သည် ရင်ထဲ၌ ဆို့နင့်လာမှုကို ထိန်းချုပ်ကာ ခေါင်းညိတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက ဖြစ်သင့်တာပဲလေ။ ဆရာကြီး ရှို့နင်က တစ်ဘဝလုံး ဒါအတွက်ပဲ ပေးဆပ်ခဲ့တာ။ ငါတို့ထဲက ဘယ်သူမှ အဲဒါကို မေ့မှာမဟုတ်ဘူး"

ကုယီယန့်၏ မျက်ဝန်းများမှာ အနည်းငယ် ဝေဝါးနေသော်လည်း စိတ်ဓာတ်မှာ အားကောင်းနေဆဲ ဖြစ်သည်။ သူက ယွီနျန့်ကို ကြည့်ကာ

"ငါ မှတ်မိသေးတယ်... ဆရာကြီး ရှို့နင် ဆုံးတုန်းက မင်း အသက် ၁၂ နှစ်ပဲ ရှိသေးတာ။ နာရေးခန်းမထဲမှာ ဒူးထောက်နေတဲ့ ကလေးလေးကို ကြည့်ပြီး ငါတို့တွေ တကယ် စိုးရိမ်ခဲ့ကြတာ။ ဒါပေမဲ့ အချိန်တွေက မြန်လွန်းပါတယ်။ အခုဆို မင်းတောင် အရွယ်ရောက်လာပြီပဲ"

သူ တစ်ခုခုကို သတိရသွား၏။

"ငါ့အထင် မမှားဘူးဆိုရင်... လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဥရောပမှာ လေလံတင်ခဲ့တဲ့ 'ကျန်းရှန်းလျန်ယု' ပန်းချီကား၊ 'ရှီနု' ပန်းချီကားနဲ့ 'ရှုခင်းပုံပါတဲ့ ငါးမြီးပုံစံအိုး' တွေကို တရုတ်နိုင်ငံကို ပြန်ဝယ်ယူပေးခဲ့တာ မင်းပဲ မဟုတ်လား"

ယွီနျန့်ကအနည်းငယ် ရှက်ကိုးရှက်ကန်းလေးနဲ့ပဲ ရိုရိုသေသေပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့အဘိုး ဟုတ်ပါတယ်။ တကယ်တော့ တော်တော်လေး စိတ်လှုပ်ရှားခဲ့ရတာပါ။ အဲဒါတွေကို လုဝယ်တဲ့သူတွေ အများကြီးပဲ၊ ဒါပေမဲ့ ကံကောင်းလို့ နောက်ဆုံးတော့ ပြန်ယူလာနိုင်ခဲ့တာပေါ့"

ကုယီယန့်က သူ၏ အရေးအကြောင်းများ ထင်နေသော လက်ဖြင့် ယွီနျန့်၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒါမျိုးလုပ်ဖို့ဆိုတာ မလွယ်လှဘူး"

ခဏမျှ စကားစမြည်ပြောပြီးနောက် ကုယီယန့်ကို အပေါ်ထပ်ရှိ သီးသန့်အခန်းသို့ တွဲခေါ်သွားကြသည်။ ယွီနျန့်သည် အဘိုးအိုတက်သွားသည်ကို ကြည့်ပြီးမှ လှည့်ထွက်လာခဲ့ကာ လိုက်ကာဖြင့် ခြားထားသော သီးသန့်ထိုင်ခုံတစ်ခုတွင် ထိုင်၍ လက်ဖက်ရည် ငှဲ့သောက်နေလိုက်သည်။

နေရာမှာ အလွန်တင့်တယ်စွာ ပြင်ဆင်ထားပြီး ထိုင်ခုံများကို ခြားထားသော လိုက်ကာများမှာပင် နှစ်ဖက်ချည်ထိုးပန်းများဖြင့် တန်ဆာဆင်ထားသည်။

သူသည် ထိုချည်ထိုးနည်းစနစ်များနှင့် ပုံစံများကို စိတ်ဝင်တစား လေ့လာနေစဉ်မှာပင် တံခါးဝ၌ ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ယွီနျန့် ဘေးတိုက်လှည့်ကြည့်လိုက်ရာ ရှဲ့ယို့ကို တစ်ချက်တည်းနှင့် မြင်လိုက်ရတော့သည်။

ပုံမှန်နှင့်မတူဘဲ ရှဲ့ယို့သည် နက်ပြာရောင်ဝတ်စုံကို ဆင်မြန်းထားသည်။ အရပ်ရှည်ပြီး ခြေတံရှည်သူဖြစ်ရာ သူ၏နက်ကတိုင်ကလစ်ရှိပတ္တမြားမှာ ခန်းမမီးရောင်အောက်တွင် တလက်လက်တောက်ပနေ၏။ သူ၏မျက်နှာအမူအရာမှာ တည်ကြည်လွန်းပြီး ပါးလွှာသောနှုတ်ခမ်းအစုံမှာ ထက်မြက်လှသည်။ သူသည် အဝင်တံခါးမှ ဝင်လာစဉ် ဘေးပတ်ဝန်းကျင်ရှိ မည်သူ့ကိုမျှ ကြည့်ပင်မကြည့်ခဲ့ပေ။

ဝန်ထမ်းများက ရိုသေစွာ လမ်းပြပေးခဲ့ကြပြီး ရှဲ့ယို့သည် လက်ထောက်နှစ်ဦးနှင့်အတူ ဒုတိယထပ်သို့ အမြန်တက်သွားကာ မကြာမီပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ကျန်ရစ်သူများမှာမူ တိုးတိုးတိတ်တိတ်ဖြင့် ဝိုင်းဝန်းပြောဆိုနေကြတော့သည်။

"ဥက္ကဋ္ဌရှဲ့ကိုယ်တိုင် မစ္စတာ ဝစ်ဂျရီရဲ့ လေလံပွဲကို လာလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ကို မျက်နှာပေးတာပဲ။"

"ကုမ္ပဏီနှစ်ခုကြားက လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လို့ အထူးတလည် လာတာဖြစ်မှာပါ။ ဒါပေမဲ့ ဥက္ကဋ္ဌရှဲ့ရဲ့ အရှိန်အဝါကတော့ တကယ်ကို ပြင်းထန်တာပဲ။ သူက အရမ်းအေးစက်ပြီး လုပ်ရည်ကိုင်ရည် ထက်မြက်တယ်လို့ ပြောကြတယ်။ အခုမှ အသက် ၂၀ ကျော်ပဲ ရှိသေးတယ်ဆိုတာ မသိရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။"

"ဟုတ်တယ်။ အဲဒီအချိန်တုန်းက ရှဲ့မိသားစုကုမ္ပဏီကို ပြန်လည်ဦးမော့အောင် လုပ်နိုင်ခဲ့တယ်ဆိုကတည်းက သူက တကယ့်ကို အစွမ်းထက်တဲ့သူ ဖြစ်ရမှာပေါ့!"

ရှဲ့ယို့သည် သီးသန့်ခန်းထဲသို့ ဝင်၍ ထိုင်လိုက်စဉ်မှာပင် သက်တော်စောင့်နှစ်ဦးက တံခါးကို ပြန်ဖွင့်ပေးလိုက်ပြီး ဆံပင်ညိုရောင်နှင့် လူငယ်တစ်ဦး အမြန်ဝင်လာကာ စိတ်အားထက်သန်စွာ ပြောဆိုသည်။

"ရှဲ့ယို့... မင်းလာလိမ့်မယ်လို့ ငါမထင်ထားဘူး၊ ကျေးဇူးပဲ!"

ရှဲ့ယို့သည် ထရပ်၍ လက်ကမ်းနှုတ်ဆက်လိုက်သည်။

"မတွေ့တာ ကြာပြီ။"

ရှဲ့ယို့၏ အမူအရာကို သိထားသဖြင့် မစ္စတာ ဝစ်ဂျရီသည် နှစ်စက္ကန့်မျှ လက်ဆွဲနှုတ်ဆက်ပြီးနောက် ချက်ချင်းပင် လက်ကိုလွှတ်လိုက်ကာ

"မင်း အချိန်ပေးပြီး လာပေးတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ။ ဒီနေ့လေလံပွဲမှာ ပစ္စည်းကောင်းတွေ အများကြီးပါတယ်။ မင်းလိုချင်တာရှိရင် ပြောရုံပဲ၊ ငါ မင်းအတွက် ဖယ်ထားပေးမယ်။"

ရှဲ့ယို့က ခေါင်းခါ၍ ငြင်းပယ်လိုက်သည်။

"ကျေးဇူးပါပဲ၊ အားမနာပါနဲ့။"

သီးသန့်ခန်းထဲတွင် တခြားသူမရှိတော့ပေ။ မစ္စတာ ဝစ်ဂျရီသည် အသံကိုနှိမ့်ကာ ပြုံးလျက်

"မင်းက နှောင့်ယှက်နေတဲ့ ယင်ကောင်တွေကို တစ်ခါတည်း သုတ်သင်တော့မယ်လို့ သတင်းကြားမိတယ်" ဟု ဆိုသည်။

ရှဲ့ယို့က ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။

"ဒါက ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ပါဘူး၊ မစ္စတာ ဝစ်ဂျရီ... စိတ်ချနိုင်ပါတယ်"

မစ္စတာ ဝစ်ဂျရီသည် အနည်းငယ် နောက်ဆုတ်၍ မတ်မတ်ရပ်လိုက်ပြီး သူ၏အပြုံးမှာ ပို၍ကျယ်ပြန့်သွား၏။

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ငါနဲ့ ငါ့အဖေလည်း စိတ်အေးသွားပြီ! အကူအညီလိုရင်တော့ ငါ့ကိုသာ ပြောလိုက်ပါ။"

ရှဲ့ယို့က ခေါင်းညိတ်ပြသည်။

"ကောင်းပါပြီ။"

ည ၇ နာရီခွဲတွင် လေလံပွဲကို အချိန်မှန် စတင်ခဲ့သည်။ ရှဲ့ယို့သည် လေလံပစ္စည်းများကို သိပ်စိတ်မဝင်စားပေ။ သူ၏မိခင်အတွက် လက်ဆောင်အဖြစ် တန်ဖိုးကြီး ကျောက်မျက်ရတနာ နှစ်ခုနှင့် ကျောက်စိမ်းရတနာ တစ်စုံကိုသာ ရွေးချယ်လေလံဆွဲပြီးနောက် အလုပ်များကိုသာ ဆက်လက်လုပ်ကိုင်နေတော့သည်။

အောက်ထပ်တွင်ရှိသော ယွီနျန့်အတွက်မူ လေလံဆွဲခြင်းမှာ အလွန်ပင် ချောမွေ့ခဲ့သည်။ အဘိုးကု၏ ညွှန်ကြားချက်ကြောင့် ကနေဒါနှင့် သြစတြေးလျနိုင်ငံသား နှစ်ဦးနှင့်သာ နှစ်ချီမျှ ယှဉ်ပြိုင်ခဲ့ရပြီး ယွမ်ဖုစုန်းဟဲ အိုးကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့လေသည်။

လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးစီး၍ ဝယ်ယူမှု အောင်မြင်ကြောင်း အတည်ပြုပြီးနောက်တွင် ယွီနျန့်သည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ ရက်အတော်ကြာအောင် ရင်ထဲ၌ စွဲကပ်နေသော စိုးရိမ်ပူပန်မှုများမှာလည်း တစ်ခါတည်း အရည်ပျော် ပျောက်ကွယ်သွားတော့သည်။

ယွမ်ဖုစုန်းဟဲ အိုး၏နောက်တွင် လေလံတင်သည်မှာ ဥရောပတော်ဝင်မိသားစုဝင်တစ်ဦး၏ လက်စွပ်ကြယ်သီး တစ်စုံ ဖြစ်သည်။ ယွီနျန့်သည် စိတ်ဝင်တစား ကြည့်ရှုမိ၏။ အပြာရောင်အရိပ်အယောင်များ ယှက်သန်းနေသော ပုံစံရှိပြီး ရှစ်မြှောင့်ဝိုင်း ဒီဇိုင်းဖြင့် အလွန်ပင် လှပသော်လည်း ဈေးနှုန်းမှာ အလွန်မြင့်မားသည်။ လေလံအပြိုင်အဆိုင် ဆွဲကြပြီးနောက် ဝယ်ယူသူတစ်ဦးက ယွမ် ၂ သန်းဖြင့် ဆွတ်ခူးသွားလေသည်။

သိပ်မကြာမီမှာပင် ရှဲ့ယို့တစ်ယောက် စောစောစီးစီး ထွက်ခွာသွားသည်ကို ယွီနျန့် သတိထားမိလိုက်သည်။ နောက်ထပ် တစ်နာရီခန့်အကြာတွင် လေလံပွဲ ပြီးဆုံးသွား၏။ ယွီနျန့်သည် အောက်ထပ်သို့ ဆင်းလာသော အဘိုးကုကို စောင့်ဆိုင်း၍ အလေးအနက် ကျေးဇူးတင်စကား ပြောကြားပြီးမှ လေလံပွဲကျင်းပရာနေရာမှ ထွက်ခွာခဲ့တော့သည်။

စိတ်အခြေအနေ အလွန်ကောင်းမွန်နေသဖြင့် ယွီနျန့်သည် သူ၏အဘိုး အမြဲသုံးလေ့ရှိသော စိမ်းပြာရောင် လက်ဖက်ရည်သောက် အသုံးအဆောင်များကို ထုတ်ယူ၍ ရေနွေးကို သေသေချာချာ တည်ကာ လက်ဖက်ရည် ဖျော်လိုက်သည်။ Weibo ကို မကြာခဏ အပ်ဒိတ်လုပ်ရန် မုန့်ယွမ် ပြောခဲ့သည်ကို သတိရမိသဖြင့် သူဖျော်ထားသော လက်ဖက်ရည်ခွက်ကို ဓာတ်ပုံရိုက်၍ Weibo ပေါ်သို့ တင်လိုက်၏။

မှတ်ချက်များကို မဖတ်ရသေးမီမှာပင် အိမ်ရှေ့လူခေါ်ဘဲလ်သံ မြည်လာသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော ယွီနျန့်၏ လက်အစုံမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် နှုတ်ခမ်းထောင့်လေးများ ကွေးညွှတ်သွားတော့သည်။ လာသည့်သူမှာ မည်သူဖြစ်မည်ကို ခန့်မှန်းရန် မခဲယဉ်းပေ။

သူသည် ထ၍ တံခါးကို သွားဖွင့်ပေးလိုက်သည်။ ထို့နောက် သေတ္တာနှင့် ငွေမှင်ရောင် ကတ်ပြားလေးကို လှမ်းယူလိုက်ပြီး ကတ်ပေါ်ရှိ စာသားကို အရင်ဆုံး ဖတ်ကြည့်လိုက်၏။

"စွပ်ပြုတ်က အရမ်းကောင်းတယ်။ ကျေးဇူး။"

လက်မှတ်နေရာတွင်တော့ ရှဲ့ယို့ ဟု ရေးထိုးထားသည်။

ကတ်ပြားလေးကို ပြန်ခေါက်နေရင်း ယွီနျန့်က သတိရသွားကာ မေးလိုက်မိသည်။

"ဓာတ်ဗူးရော ပြန်ပါလာလားဟင်"

နောက်တစ်ခါ စွပ်ပြုတ်တည်ဖြစ်ရင် ရှဲ့ယို့အတွက် ဖယ်ထားပေးလို့ ရအောင်လို့ပါ။ မျက်နှာချင်းဆိုင်တွင် ရပ်နေသောသူမှာ အနည်းငယ် ကြောင်အမ်းသွား၏။ သူသည် ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်စွာပင် လှည့်ထွက်သွားတော့သည်။

ယွီနျန့်ကတော့ ထိုအခြင်းအရာကို သိပ်စိတ်ထဲမထားပေ။ တံခါးပိတ်လိုက်ပြီးနောက် လက်ဖဝါးခန့်သာရှိသော လေးထောင့်သေတ္တာလေးကို ဖွင့်ကြည့်လိုက်သည်။ သို့သော်လည်း အထဲမှ ပစ္စည်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ အသက်ရှူသံများ ရပ်တန့်သွားကာ ခြေလှမ်းများလည်း တုံ့ဆိုင်းသွားရတော့သည်။

သေတ္တာထဲတွင် ရှိနေသည်မှာ အပြာရောင်အရိပ်အယောင်များ ယှက်သန်းနေသော ပုံစံရှိပြီး ရှစ်မြှောင့်ဝိုင်း ဒီဇိုင်းဖြင့် အလွန်ပင် လက်ရာမြောက်လှသော လက်စွပ်ကြယ်သီးတစ်စုံ ဖြစ်သည်။ ထူးခြားသည်မှာ ထိုကြယ်သီးဘေးတွင် "၂၀၀ ယွမ်" ဟု ရေးထားသော အဖြူရောင် တြိဂံပုံစံ တံဆိပ်လေး တစ်ခု ကပ်ထားခြင်းပင် ဖြစ်၏။

__________________________________________________________________

TN // အမ်းချက်က အသက်ရှုဖို့ပါ မေ့။ 23 နှစ်နဲ့ ပိုက်ဆံကို ရှယ်သုံးနေတာဟေ့ !!!




Comments

  1. ဓာတ်ဘူးပြန်တောင်းတာမှာ အူတက်ဟေ့။ရေတောင်သီးတယ်။

    ReplyDelete
  2. အမ်းချတာ လန်ထွက်နေရော

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...