Skip to main content

32




အခန်း (၃၂) - ဒါက ငါ့ရဲ့ လျှို့ဝှက်ချက်လေးပါ

ညဉ့်အတော်ပင် နက်နေပြီ။ ရှဲ့ယို့သည် ဖုန်းချလိုက်ပြီးနောက် ဘောပင်ထိပ်ဖျားဖြင့် စက္ကူဖြူပေါ်တွင် အဓိပ္ပာယ်မရှိသော မျဉ်းကြောင်းများကို လျှောက်ခြစ်နေမိသည်။ သူ၏ကိုယ်ပေါ်ရှိ ဝတ်စုံမှာမူ အနည်းငယ်မျှ ပျက်ယွင်းခြင်းမရှိဘဲ စမတ်ကျနေဆဲ။ သူသည် ကျောကို မတ်မတ်ထားလျက် ယခုလေးတင် ရရှိထားသော သတင်းအချက်အလက်များကို စဉ်းစားနေသည်။ လွန်ခဲ့သော သုံးနာရီခန့်က စုန့်ခဲ့သည် လျှို့ဝှက်အကောင့်တစ်ခုမှတစ်ဆင့် နိုင်ငံခြားဖောင်ဒေးရှင်းတစ်ခုသို့ ငွေအမြောက်အမြား လွှဲပြောင်းခဲ့သည်။ ထို့အပြင် မနေ့ညက ညစာစားပွဲတွင် သူနှင့် တင်းကျောက်ရှန်းတို့ အကြီးအကျယ် စကားများခဲ့ကြသေးသည်။

ထူးခြားသည်မှာ ယနေ့နံနက် ပုံမှန်အစည်းအဝေးတွင် စုန့်ခဲ့သည် တင်းကျောက်ရှန်း၏ အဆိုပြုချက်ကို လူပုံအလယ်တွင် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ခြင်းပင်။ ထိုစဉ်က တင်းကျောက်ရှန်း၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားခဲ့ရ၏။

ထိုအချိန်တွင် စာကြည့်ခန်းတံခါးကို ခေါက်သံ သုံးချက် ကြားလိုက်ရသဖြင့် ရှဲ့ယို့က လက်ထဲမှ ဘောပင်ကို စားပွဲပေါ်တင်လိုက်ကာ "ဝင်ခဲ့ပါ" ဟု ခွင့်ပြုလိုက်သည်။

ဝင်လာသူကို မြင်သောအခါ ရှဲ့ယို့၏ မျက်နှာတွင် မည်သည့်အရိပ်အယောင်မျှ မပြသော်လည်း ရင်ထဲ၌မူ အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။

"ဘယ်လိုလဲ”

ဟဲရှန်း၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေဆဲပင် ဖြစ်၏။ သူက ရှဲ့ယို့၏ မေးခွန်းကို

"သူ လက်ခံလိုက်ပါတယ်" ဟု ပြန်လည်ဖြေကြားသည်။

ရှဲ့ယို့၏ တင်းမာနေသော နှုတ်ခမ်းများမှာ လျော့ကျသွားတော့သည်။ သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အေးအေးဆေးဆေးပင် ဆက်လက်မေးမြန်းလိုက်သည်။

"သူ ဘာများပြောသေးလဲ"

ဟဲရှန်းက အမှန်အတိုင်းပင် ပြန်လည်ဖြေကြားသည်။

"ဟုတ်ကဲ့၊ ပြောပါတယ်။"

"ဘာတဲ့လဲ"

"နောက်တစ်ခါကျရင် ဓာတ်ဗူးကို ပြန်ပေးပါတဲ့။"

စားပွဲပေါ်တင်ထားသော ရှဲ့ယို့၏ လက်ချောင်းလေးများ အနည်းငယ် တွန့်ကွေးသွားရသည်။

"ဘာပြောတယ်"

ဟဲရှန်းက ရှဲ့ယို့ သေချာမကြားလိုက်ဟု ထင်မှတ်ကာ နောက်တစ်ကြိမ် ထပ်မံပြောပြပြန်သည်။

"နောက်တစ်ခါကျရင် ရေနွေးပုံးကို ပြန်ပေးပါတဲ့ ခင်ဗျာ။"

ရှဲ့ယို့ တိတ်ဆိတ်သွားတော့သည်။

သူ့ကို ပေးထားပြီးသားဥစ္စာ... ဘာလို့ ပြန်တောင်းရတာလဲ။

အတော်ကြာအောင် စဉ်းစားပြီးနောက် ရှဲ့ယို့က ဟဲရှန်းကို အမိန့်ပေးလိုက်သည်။

"မနက်ဖြန်ကျရင် မင်း တစ်ခုခု သွားလုပ်ပေးရမယ်။"

***




နောက်တစ်နေ့ သင်တန်းမသွားမီ ယွီနျန့်သည် ဓာတ်လှေကားဖြင့် အပေါ်ထပ်ရှိ မုန့်ယွမ်၏ ရုံးခန်းသို့ တက်လာခဲ့သည်။

ရုံးခန်းထဲတွင် မုန့်ယွမ်သည် ကော်ဖီတစ်ခွက်ကို ကိုင်ကာ ဖုန်းကြည့်နေသည်။ ယွီနျန့် ဝင်လာသည်ကို မြင်သောအခါ သူက မျက်နှာချင်းဆိုင်ရှိ ဆိုဖာကို ညွှန်ပြလျက် နှုတ်ဆက်သည်။

"ဒီနေ့ စောလှချည်လား"

ယွီနျန့် ထိုင်လိုက်သည့်အခါ မုန့်ယွမ်က ဖုန်းစခရင်ကို လှုပ်ယမ်းပြရင်း မေးလာသည်။

"မနေ့ညက မင်း Weibo မှာ တင်လိုက်တဲ့ လက်ဖက်ရည် ပို့စ်အကြောင်း ဘယ်လိုထင်လဲ"

"အဲဒီအချိန်တုန်းက ကျွန်တော် လက်ဖက်ရည် ဖျော်ဖြစ်နေတာနဲ့ အစ်ကိုပြောတဲ့ Weibo ပိုတင်ပါဆိုတာကို သတိရပြီး ဓာတ်ပုံရိုက်တင်လိုက်တာပါ။ အဲဒါ အဆင်ပြေရဲ့လား"

"အဆင်ပြေတာပေါ့။ နောက်လည်း ဒီလိုမျိုး Weibo တွေ ခဏခဏ တင်ပေး။ ဒါက မင်းရဲ့ ပုံရိပ်နဲ့ အရှိန်အဝါကို တည်ဆောက်တဲ့နေရာမှာ အများကြီး အထောက်အကူပြုလိမ့်မယ်။"

မုန့်ယွမ်က ဖုန်းစခရင်ကို အောက်သို့ ဆွဲချလိုက်ရာ ကောမန့် အများအပြား ပေါ်လာတော့သည်။

[နျန့်နျန့်က လက်ဖက်ရည်တောင် ဖျော်တတ်တာလား! အား... ငါ့သားလေးက တော်လိုက်တာ၊ အမေတော့ အရမ်းပျော်တာပဲ!]

[နျန့်နျန့်ရဲ့ လက်ကလေးတွေက တကယ်လှတာပဲ! ဆုံးဖြတ်လိုက်ပြီ... နောက်ထပ် Wallpaper ကတော့ ဒီပုံပဲ!]

[အားလပ်ချိန်မှာ အိမ်မှာ လက်ဖက်ရည်အိုးလေးနဲ့ အေးအေးလူလူ ရှိနေတာ တကယ့်ကို တင့်တယ်လိုက်တာ! ငါ အားပေးနေတဲ့သူက ဘယ်လိုတောင် တန်ဖိုးရှိတဲ့ ရတနာလေးလဲ]

မုန့်ယွမ်သည် ကျေနပ်အားရစွာ ကြည့်နေရင်း ဖုန်းပိတ်တော့မည့်ဆဲဆဲမှာပင် မျက်လုံးထောင့်မှ တစ်ခုခုကို မြင်လိုက်ရသဖြင့် ရုတ်တရက် မှင်သက်သွားသည်။ သူ၏ အကြည့်တို့သည် ယွီနျန့်၏ လက်ကောက်ဝတ်ဆီမှာ စွဲမြဲသွား၏။

သူသည် သေသေချာချာ စိုက်ကြည့်နေပြီးမှ မဝံ့မရဲဖြင့် မေးလိုက်သည်။

"မင်း ဒီနေ့ ဝတ်ထားတဲ့ လက်စွပ်ကြယ်သီးကလေ... ဘာလို့ ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလို ဖြစ်နေတာလဲ"

ယွီနျန့်သည်လည်း သူ၏ လက်ကောက်ဝတ်ကို ပြန်ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်လေးများ ကွေးညွှတ်ကာ ပြုံးလိုက်သည့်အခါ မျက်ဝန်းအစုံမှာလည်း တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်နေဟန်တူသည်။

"လှတယ် မဟုတ်လားဟင်"

"လှတယ်၊ မင်းရဲ့အရှိန်အဝါနဲ့လည်း အရမ်းလိုက်တာပဲ။ ဒါပေမဲ့…"

မုန့်ယွမ်သည် ထိုလက်စွပ်ကြယ်သီးများမှာ အလွန်ရင်းနှီးနေသည်ဟု အမြဲခံစားနေရပြီး အတော်ကြာအောင် စဉ်းစားပြီးနောက်တွင် သူ၏ပေါင်ကို ရုတ်တရက် ပုတ်လိုက်ကာ

"မှတ်မိပြီ! ဝစ်ဂျရီမိသားစုရဲ့ စုဆောင်းမှုပဲ! အရင်က ဥရောပတော်ဝင်မိသားစု ပိုင်ခဲ့တာ။ တော်ဝင်မင်းသမီးလေး လက်ထပ်တုန်းက ဒါဟာ မင်္ဂလာပစ္စည်းတွေထဲက တစ်ခုပေါ့။ နောက်ပိုင်း လေလံတင်တော့ ဝစ်ဂျရီမိသားစုက စုဆောင်းဖို့အတွက် ဝယ်ထားလိုက်တာလေ! ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲလို့ ငါစဉ်းစားနေတာ... ငါ ကျောက်မျက်ရတနာတွေအကြောင်း လေ့လာတုန်းက သူတို့ရဲ့ပုံကို မြင်ဖူးတယ်!"

သူပြောပြီးသွားသောအခါ တစ်ခုခုမှားနေသည်ဟု ပြန်လည်ခံစားလိုက်ရပြန်သည်။ ဤမျှတန်ဖိုးရှိသော ပစ္စည်းမျိုးသည် ယွီနျန့်၏လက်တွင် မည်သို့ပြုလုပ်၍ အလွယ်တကူ ရောက်ရှိနေနိုင်မည်နည်း။

"ဒါက အတုလား"

ယွီနျန့်က ခေါင်းညိတ်ပြလျက်

"ဟုတ်တယ် အတု။ ကျွန်တော့်သူငယ်ချင်းက လက်ဆောင်အဖြစ် ယွမ်နှစ်ရာနဲ့ ဝယ်ပေးတာ"

သူပြောနေစဉ်တွင် သူ၏မျက်ဝန်းများမှာ လှိုင်းထနေသော ရေကန်ပြင်ကဲ့သို့ အပြုံးရိပ်များဖြင့် တလက်လက် တောက်ပနေ၏။

မုန့်ယွမ်သည် ယွီနျန့်၏ အမူအရာကို သတိမထားမိဘဲ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ကာ

"အတုလုပ်ထားတာ တော်တော်လက်ရာမြောက်တာပဲ။ အနည်းဆုံးတော့ ပုံထဲကအတိုင်းပဲ ဘာမှမကွာဘူး။ မင်းသူငယ်ချင်းရဲ့ အနုပညာအမြင်ကလည်း တော်တော်လေး မြင့်တာပဲ။"

ထို့နောက် စက္ကူအချို့ကို ယွီနျန့်ထံ ကမ်းပေးလိုက်ပြီး

"ကြည့်စမ်း ဒါက လွန်ခဲ့တဲ့ နှစ်ရက်က ငါမင်းကို ပြောပြခဲ့တဲ့ ကြော်ငြာစာချုပ်လေ။"

"Florence မိတ်ကပ်ကြော်ငြာလား”

ယွီနျန့်သည် လက်ကမ်းယူကာ မုန့်ယွမ်၏ စကားကို နားထောင်ရင်း ဖတ်ကြည့်လိုက်သည်။

မုန့်ယွမ်သည် မတ်မတ်ထိုင်ကာ ယွီနျန့်ကို အလေးအနက် ရှင်းပြသည်။

"ဒီ Brand ရဲ့ နောက်ကွယ်မှာ Hersey ဆိုတဲ့ ရှေးကျတဲ့ ဇိမ်ခံဘရန်း ကြီး ရှိတယ်။ ဖလောရင့်စ်က မနှစ်ကမှ အသစ်ထုတ်လိုက်ထားတာ။ ဈေးနှုန်းကလည်း သင့်တယ်။ ဈေးကွက်ထဲမှာ အတော်လေး နေရာရထားသလို အရည်အသွေးလည်း ကောင်းတယ်။ နိုင်ငံခြားမှာ နာမည်ကောင်းရထားပြီး အခု တရုတ်ပြည်တွင်း ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေတာ"

"ဟုတ်ကဲ့ Hersey Brand အကြောင်း ကြားဖူးပါတယ် ။ သူတို့ပစ္စည်းတွေက တော်တော်လေး ဈေးကြီးတာ"

ယွီချင်းက ထို Brand ၏ အိတ်များ၊ ပိုးပဝါများနှင့် ရေမွှေးများကို နှစ်သက်သည်ကို သူ သတိရမိ၏။

"ဟုတ်တယ်။ နာမည်ကြီး ဇိမ်ခံ Brand တစ်ခုရဲ့ လက်အောက်ခံဆိုတော့ အနည်းဆုံးတော့ အရည်အသွေးပိုင်း ပြဿနာမျိုးတွေ မရှိနိုင်ဘူး။ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်တောင် တို့တွေအတွက်လည်း အခက်တွေ့နိုင်တယ်လေ"

မုန့်ယွမ်က စာချုပ်ကို ကမ်းပေးရင်း

"Florence ရဲ့ Illusion Ocean နှုတ်ခမ်းနီ ကြော်ငြာကိုယ်စားလှယ် (Spokesperson) ပေါ့၊ မင်းအဆင်ပြေတယ်ဆိုရင် တို့တွေ လက်မှတ်ထိုးလိုက်ကြမယ်" ဟု ဆိုသည်။

မုန့်ယွမ်သည် အလွန်စေ့စပ်သေချာ၏။ သူသည် Florence Brand နှင့် ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံခြားဈေးကွက်၏ သုံးသပ်ချက်များနှင့် အခြားအချက်အလက်များကို စာချုပ်နောက်တွင် ပူးတွဲဖော်ပြထားသည်။ ယွီနျန့်သည် ခြောက်မိနစ်၊ ခုနစ်မိနစ်ခန့် အချိန်ပေး၍ ဖတ်ရှုပြီးနောက် ခေါင်းညိတ်ကာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

"ဟုတ်။ လက်မှတ်ထိုးကြတာပေါ့"

မုန့်ယွမ်က အားရကျေနပ်စွာဖြင့်

"ကောင်းပြီလေ။ ဒါဆိုလည်း ဒီကြော်ငြာကိုပဲ ရွေးကြတာပေါ့။ အရမ်းကြီးလည်း များမနေဘူး။ အစောပိုင်းမှာ ပိုက်ဆံအများကြီး မရသေးဘူးဆိုပေမဲ့ တည်ငြိမ်မှုရှိတော့ ရှေ့လျှောက်လမ်းကြောင်းမှာလည်း ပြဿနာတက်စရာ မရှိဘူး"

ယွီနျန့်နှင့် အလုပ်လုပ်ရသည်ကို ပို၍ပို၍ သဘောကျလာ၏။ ယွီနျန့်သည် စိတ်ထားပြတ်သားသည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းခြင်း သို့မဟုတ် သံသယဝင်ခြင်းမျိုး မရှိသလို အလွန်အမင်း ယုံကြည်မှုလွန်ကဲခြင်းမျိုးလည်း မရှိပေ။ တခြားသူကို ယုံကြည်ပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်တတ်သလို သူ၏ ကျိုးကြောင်းပြချက်များကလည်း ဆီလျော်သည်။ အဓိကအချက်မှာ ပါရမီရှိပြီး ကြိုးစားအားထုတ်သူဖြစ်ရာ သူ့အတွက် ဘာမှပူစရာမလိုခြင်းပင်။

သို့သော် ယနေ့နံနက်က လက်ခံရရှိသော ဖုန်းခေါ်ဆိုမှုကို သတိရလိုက်သည့်အခါ မုန့်ယွမ်၏ မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ် မှေးမှိန်သွားတော့သည်။

"မင်းကို ကြိုပြောထားစရာ တစ်ခုရှိတယ်"

ယွီနျန့်က ခန့်မှန်းကြည့်ကာ မေးလိုက်သည်။

"ရုပ်ရှင်ပရိုမိုးရှင်းသီချင်း ကိစ္စလားဟင်"

"ဟုတ်တယ်"

ယွီနျန့်က ပထမဆုံးအကြိမ်မှာပင် မှန်အောင် ခန့်မှန်းနိုင်သည်ကို မြင်သောအခါ သူလည်း ထိုကိစ္စကို တွေးနေမည်မှန်း မုန့်ယွမ် သိလိုက်သည်။

"ရလဒ်ကို တရားဝင် မကြေညာသေးပေမဲ့ ငါရထားတဲ့ သတင်းအရတော့ ဒီသီချင်းက ဆယ်ပုံကိုးပုံလောက် ရူရူ ဆီ ရောက်သွားဖို့ ရှိတယ်"

ယွီနျန့်ကတော့ ထိုကိစ္စအတွက် ကြိုတင်စိတ်ပြင်ဆင်ထားပြီးသား။

"ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်နဲ့ ယှဉ်ရင် သူက အနုပညာလောကထဲကို စောစောရောက်ထားတာဖြစ်သလို ပရိသတ်အင်အားကလည်း ကျွန်တော့်ထက် အများကြီးသာတယ်လေ။ နောက်ဆုံးမှာ သူ့ကို ရွေးချယ်လိုက်တာကလည်း ဆီလျော်ပါတယ်"

ဤလောကသည် ရက်စက်တတ်ကြောင်း မုန့်ယွမ်လည်း သိသည်။ သို့သော် ယွီနျန့်က စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမျိုး မရှိသည်ကို မြင်ရသောအခါ သူက ပို၍ပင် စိတ်မကောင်းဖြစ်မိကာ နှစ်သိမ့်စကား ဆိုလိုက်၏။

"ဒါရိုက်တာရွှီက မင်းကို တကယ်သဘောကျတာပါ။ မင်းက ဒီသီချင်းကို အကောင်းဆုံး သီဆိုနိုင်သူလို့တောင် သူပြောခဲ့သေးတယ်။ အဲဒါကြောင့် နျန့်နျန့်... မင်းမှာ ပါရမီနဲ့ အရည်အချင်း မရှိလို့ မဟုတ်ဘူး။ အခွင့်အရေးက ရောက်မလာသေးတာပဲ ရှိတာ"

"ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်"

ယွီနျန့်က ပြုံးလျက်

"ကျွန်တော် တကယ်ပဲ စိတ်မကောင်းမဖြစ်ပါဘူး။ အဆင်ပြေပါတယ်၊ အစ်ကို ကျွန်တော့်ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး"

မုန့်ယွမ်သည် ယွီနျန့်၏ မျက်နှာအမူအရာကို သေသေချာချာ အကဲခတ်ပြီးနောက် ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း အတည်ပြုနိုင်မှသာ စိတ်အေးသွားတော့သည်။

မမျှော်လင့်ထားသည့် ပြောင်းလဲမှုများကို စိုးရိမ်သဖြင့် မုန့်ယွမ်သည် ကြိုတင်ညှိနှိုင်းထားသည်များကို အတည်ပြုရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မွန်းလွဲပိုင်းတွင် ယွီနျန့်ကို ခေါ်ဆောင်၍ Florence နှင့် ကြော်ငြာစာချုပ်ကို အမြန်ဆုံး သွားရောက်ချုပ်ဆိုလိုက်၏။ စာရွက်စာတမ်းပေါ်တွင် အတည်ဖြစ်သွားမှသာ စိတ်ချရမည် မဟုတ်ပါလား။

ယွီနျန့်ကို အိမ်ပြန်ပို့သည့်လမ်းတွင် ညနေခင်း ရုံးဆင်းချိန်ဖြစ်သဖြင့် ယာဉ်ကြောပိတ်ဆို့နေသည်။ မုန့်ယွမ်က စတီယာရင်ကို ပုတ်လျက် တိုင်ပင်လိုက်သည်မှာ…

"ငါ တွက်ချက်ကြည့်လိုက်တော့ မင်းကို လူတွေမြင်နိုင်မယ့် အခွင့်အလမ်းတွေ ဆက်တိုက်ရှိနေဖို့ လိုမယ်။ မင်း Live မလွှင့်ဖြစ်တာလည်း တော်တော်ကြာပြီလေ။ ဒီည ဘာမှလုပ်စရာမရှိရင် နာရီဝက်လောက် Live လွှင့်ရင် ဘယ်လိုလဲ"

"ကျွန်တော် အဆင်ပြေပါတယ်"

“ကဲ... ဒါဆိုရင်တော့ အတည်ပဲနော်။"

ညစာစားပြီးနောက် ယွီနျန့်သည် အချိန်ကို သတိထားကြည့်နေပြီး ည ၉ နာရီတိတိတွင် Live စလွှင့်သည်။ ကင်မရာထဲ၌ ယွီနျန့်၏ မျက်နှာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မှတ်ချက်များမှာ တစ်ခါတည်း ပေါက်ကွဲထွက်သွားပြီး ရုပ်ထွက်ပင် ဝေဝါးသွားမတတ် ဖြစ်သွားရ၏။

"အားလုံးပဲ မင်္ဂလာညချမ်းပါ။ မတွေ့တာ ကြာပြီနော်။ အားလုံးပဲ နေကောင်းကြရဲ့လား"

မှတ်ချက်တန်းပေါ်တွင် "မင်္ဂလာပါ" ဆိုသည့် စကားလုံးများဖြင့် ပြည့်နှက်သွားပြီး "နျန့်နျန့်ရော နေကောင်းရဲ့လား"

ဟူသော နှုတ်ဆက်စကားများကိုလည်း ရံဖန်ရံခါ တွေ့ရသည်။ ယွီနျန့် ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင်

ဖုန်းစခရင်မှာ ရုတ်တရက် မှောင်သွားတော့သည်။

ယခင်အတွေ့အကြုံများအရ တစ်စုံတစ်ဦးက သူ့အား စိန်များ လက်ဆောင်ပေးနေပြီဖြစ်ကြောင်း ယွီနျန့် ချက်ချင်းပင် သိလိုက်သည်။ သိပ်မကြာမီမှာပင် ရင်းနှီးနေသော အရောင်ပါစာသားတန်းကြီးတစ်ခုမှာ ငါးကြိမ်ဆက်တိုက် ပေါ်ထွက်လာ၏။

"အသုံးပြုသူ Nian Nian You Yu က အစီအစဉ်တင်ဆက်သူ ယွီနျန့်အား စိန် ၁၀၀ လက်ဆောင် ပေးအပ်လိုက်ပါသည်။"

တစ်စက္ကန့်ပင် မပြည့်မီမှာပင် မှတ်ချက်တန်းကြီးမှာ ထပ်မံပေါက်ကွဲသွားပြန်တော့သည်။

[တောက်... အရင်တစ်ခါက ကိုးသိန်းကိုးသောင်းဖိုး လက်ဆောင်ပေးပြီး ချစ်ကြောင်းဝန်ခံခဲ့တဲ့ သူဌေးကြီး ပရိသတ်ကြီး ပြန်ပေါ်လာပြီဟေ့! ရင်ခုန်လိုက်တာ!]

[အား... ဒီနေ့လည်း ငါထပ်ပြီး ခန့်မှန်းကြည့်မယ်။ သူ ဒီတစ်ခါရော စိန် ကိုးသိန်းကိုးသောင်း ထပ်ပေးဦးမလား? ငါ့နှလုံးသားလေး မခံနိုင်တော့ဘူး!]

[အိုး... ဒါကို မြင်ခွင့်ရတာ တကယ် ကံကောင်းတာပဲ! ကြည့်လိုက်ဦး! တကယ်ပဲ နောက်ထပ် ကိုးသိန်းကိုးသောင်းတဲ့! ဒါက တကယ့်အချစ်စစ်ပဲ!]

ယွီနျန့်က ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်ပြီး ဆက်လက်စကားပြောရန် ပြင်လိုက်စဉ်မှာပင် အိမ်ရှေ့လူခေါ်ဘဲလ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ကင်မရာကို ကြည့်ကာ တောင်းပန်လိုက်၏။

"အားနာပါတယ်။ ကျွန်တော် ပစ္စည်းတစ်ခု သွားယူလိုက်ဦးမယ်။ ချက်ချင်း ပြန်လာခဲ့ပါ့မယ်။ ခဏလောက် စောင့်ပေးကြပါဦးနော်။"

တံခါးဖွင့်လိုက်သည့်အခါ သူထင်ထားသည့်အတိုင်းပင် ရပ်နေသူမှာ ရင်းနှီးပြီးသားသူ ဖြစ်နေသည်။

ယွီနျန့်က ပြုံးလျက် နှုတ်ဆက်လိုက်၏။

"မင်္ဂလာညချမ်းပါ။"

ဟဲရှန်းသည် သူ၏လက်ထဲရှိ မီးခိုးရောင်ဓာတ်ဗူး ကို ကမ်းပေးလိုက်သည်။

"ဒီနေ့ ဓာတ်ဗူးပြန်လာပေးတာလားဟင်"

ဟဲရှန်းက ခေါင်းညိတ်ပြသည်။

"ဒုက္ခပေးမိပြီနော်။"

ထိုသူ ထွက်ခွာသွားပြီးနောက် ယွီနျန့်သည် တံခါးပိတ်လိုက်ပြီး ရေနွေးပုံးကို မီးဖိုချောင်ထဲ သွားထားရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် သတိပြုမိသွားတော့သည်။ သူဝယ်ထားသော ဓာတ်ဗူးကို ဆေးကြောသန့်စင်စဉ်က မတော်တဆ ပွတ်တိုက်မိသဖြင့် သိပ်မသိသာသော အစင်းရာလေးတစ်ခု ထင်ကျန်နေခဲ့သည်ကို သူ အသေအချာ မှတ်မိနေသည်။ သို့သော် အခုပြန်ပေးလိုက်သော တစ်ခုမှာမူ မည်သည့်အစင်းရာမျှ မရှိဘဲ အသစ်စက်စက်ကြီး ဖြစ်နေ၏။

ယွီနျန့်သည် ရပ်နေသည့်နေရာမှာတင် မအောင့်နိုင်ဘဲ ထပ်မံ၍ ရယ်မောမိပါတော့သည်။

ကင်မရာရှေ့တွင် ပြန်လည်ထိုင်လိုက်သည့်အခါ ခုနက သူဘာသွားလုပ်နေသလဲဟု ဝိုင်းဝန်းမေးမြန်းနေကြသော မှတ်ချက်များကို မြင်လိုက်ရသဖြင့် ယွီနျန့်က ပြုံးလျက် ပြန်ပြောသည်က

"ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်လေးပါ။ ခင်ဗျားတို့ကို ပြောပြလို့ မရဘူးလေ။" ဟူ၍…

NEXT


Comments

  1. ရှောင်ယို့လေးက ချစ်ဖို့ကောင်းချက်ပဲအေ။🤣🤣

    ReplyDelete
  2. ပေးပြီးသားပစ္စည်းပြန်မတောင်းရဘူးလေနော်။🤣🤣

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...