အပိုင်း (၄)
“ကိုကို့ ကို စောင့်ရှောက်ပါ သားငယ်ရယ်နော်…”
“ကိုကို့ကို ကျောင်းမှာ အနိုင်လာကျင့်ကြရင် သားက ကာကွယ်ရမယ်နော် “
“ကိုကို နေမကောင်းဘူးလေ သားငယ်…အရမ်းမဆော့နဲ့ ။ ကိုကို့နား နေ။ ကိုကို ခိုင်းတာလုပ်ပေးလေ။ ကိုကို့မှာ သားပဲ ရှိတာလေ”
“ကြည့်…သားကြီး ချော်လဲပြီ ။ ခန့်ညီ…ကိုကို့ ကို ကြည့်လေ။ ဘာလုပ်နေတာလဲ။ သားကြီး ထ ထ။ ကိုကို့ကို
လာချော့လေ ။ ကိုကို မငိုပါနဲ့လို့ လာချော့”
“ကောင်းတယ် သိလား သားငယ်။ အဲ့ကောင်လေးကို ဆော်လိုက်တာ မေမေတော့ အားရတယ်။ သူက အရင်ကိုကို့ ကို တွန်းတာမလား။ နေပါလိမ့်စေ ။ မေမေ ရန်ကို လိုက်တွေ့အုံးမှာ။ အဲ့ ဝတုတ်ကို ကြည့်မရတာကြာပြီ။ သား ချလိုက်တာ ကောင်းတယ်။”
ဒါ လူမှန်းသိတတ်တဲ့ အရွယ်တည်းက သူကြားခဲ့ရတဲ့ စကားတွေပဲ။ နားယဥ်နေလွန်းလို့ မေမေ ဘယ်လို မျက်နှာထားနဲ့ ပြောရင် ဘာလိုချင်တော့မယ် ဆိုတာတောင် သူသိနေပြီ။ ဒါပေမဲ့ သူ မေမေ့ကိုရော ကိုကို့ကို ရော ဘာမှ ပြန်ပြောဖို့ စိတ်ကူး မရှိဘူး။ သူ့စိတ်ထဲမှာ ဗလာချည်း ဖြစ်နေတယ်။ ဘာမှ မရှိဘူး။ ဒီအတိုင်းပဲ။ မေမေ့ စကား နားထောင်မယ်။ ကိုကို့ကို စောင့်ရှောက်မယ်။ သူ စာတွေလုပ်မယ်။ အတန်းထဲက စာအတော်ဆုံး ဖြစ်ရတာကို သူကြိုက်တယ်လေ။ သူ့ဘဝအတွက် လက်တလော လုပ်စရာက ဒါတွေပဲ ရှိတယ်။ ဒါတွေသာ ကောင်းကောင်းလုပ်သ၍ သူအဆင်ပြေတာပဲ။
လူတွေ သူ့ကို မခင်လည်း ပြဿနာမရှိဘူး။ သူကလည်း ဘယ်သူ့ကိုမှ အထူးတလည် မခင်ချင်နေပါဘူး။ ဒါပေမဲ့ ဖေဖေကတော့ စိုးရိမ်ရှာတယ်။
ပထမဆုံး အကြိမ်သူတို့ နိုင်ငံခြား ခရီးထွက်ပြီး သူတို့ သားအဖတွေ ကစားကွင်းအကြီးကြီးကို သွားကြတယ်။ အဲ့မှာ သူတကယ်ပျော်တာပါ။ အမြဲတမ်း ဖေဖေပြောတဲ့ နိုင်ငံခြားကို သူအရမ်းရောက်ချင်ခဲ့တာလေ။ ဖေဖေ့ သူငယ်ချင်းက မြန်မာမှန်း သိတာတောင် သူက အဲ့ဦးဦးနဲ့ အင်္ဂလိပ်လိုပဲ ပြောနေလို့ ….
“သား ဒီမှာ ကျောင်းတက်မလား။ ဦးဦးထားပေးရမလား” တောင် မေးတဲ့ထိပဲ။
“ကိုကို ရှိနေလို့ မလာတော့ပါဘူး”
သူဒီလို ပြန်ပြောလိုက်ရချိန်မှာ နှမျောတာကလွဲ ဘာမှတော့ ထွေထွေထူးထူး မခံစားရဘူး။ အဲ့အချိန် သူက အလယ်တန်းတက်နေပြီလေ။ သူ့သတင်းတွေ ကြားတော့ ဖေဖေက စိုးရိမ်နေတာ သူသိတယ်။ မတတ်နိုင်ဘူး ။ ဖေဖေ မရှိတဲ့ အိမ်မှာ ရှိတဲ့ မေမေ့တစ်ယောက်ကိုပဲ သူတို့ စိတ်ချမ်းသာအောင် ထားရမှာ မဟုတ်လား။
ဖေဖေက သူ့ကို စရိုက်ကြမ်းတယ်လို့တော့မပြောပေမဲ့ စိတ်မကြီးဖို့ ၊ လက်မပါဖို့ အမြဲဆုံးမတယ်။ သူဖေဖေကိုတော့ ချစ်ပါတယ်။ မရင်းနှီးပေမဲ့ ဖေဖေကတော့ သူနဲ့ ရင်းနှီးချင်စိတ် အပြည့်ရှိတယ်။ သူစာတော်တာကိုလည်း အရမ်းသဘောကျပုံပဲ။
အလယ်တန်းရောက်တော့ ကျောင်းမှတ်တမ်းတွေ ဆိုးဆိုးရွားရွား သိပ်မဖြစ်တော့ဘူး။ သူ အပြင်မှာ table tennis လည်း ဆော့နေတော့ မအားဘူး။ မေမေကတော့ သားတွေကို အရမ်းတော်စေချင်လို့ ကျူရှင်အပြင် သင်တန်းတွေလည်း ပို့သေးတာကိုး။ သူကတော့ English အတန်းကိုတော့ အကြိုက်ဆုံးပဲ။ ကိုကိုမတက်ချင်ရင်
တောင် သူသွားတက်တယ်။ ကိုကို့ အိမ်စာတွေလည်း ဝိုင်းလုပ်ပေးတယ်။ တစ်ဖက်မှာလည်း ဖေဖေ အပ်ပေးခဲ့တဲ့ Table tennis club မှာ သူငယ်ချင်း ထွန်းကိုကို နဲ့တော့ အဆင်ပြေတယ်။ ထွန်းကိုကို က သူ့ကို စကားပြောရဲတယ်။ သူက ပြန်မပြောလည်း ကိစ္စမရှိဘူး။ သူပြောချင်တာပြောနေရရင် ကျေနပ်နေတဲ့ ကောင်လေးပဲ။
အထက်တန်း တက်တော့ ထွန်းကိုကိုက သူနေတဲ့ကကျောင်းကိုပြောင်းလာဖို့ထိ လုပ်တယ်။ မအောင်မြင်တာနဲ့ သူတို့ ကျူရှင်ပဲ တူတူ တက်လိုက်ရတယ်။ သူ့ဘဝမှာ သူ့ကိုခင်တွယ်တဲ့ သူငယ်ချင်းမရှိခဲ့တော့ ထွန်းကိုကို အလိုကို သူလိုက်ပေးဖြစ်တယ်။ သူတို့ တက်တဲ့ ကျူရှင်က သူ့အိမ်နဲ့ဆို နည်းနည်းဝေးပေမဲ့ ထွန်းကို နဲ့ နီးတော့ ထွန်းကို စိတ်ကျေနပ်အောင် သူသွားတက်ပေးတယ်။ ကိုကိုကတော့ ပင်ပန်းလို့ အဲ့ထိ လိုက်မတက်ဘူး။ အိမ်မှာပဲ ဆရာတွေ ခေါ်သင်တယ်။ သူက ကိုကိုနဲ့လည်း သင်တယ်။ အဲ့ ကျူရှင်မှာလည်း သွားတက်တယ်။ ကျူရှင်ကို တကူးတက သွားတက်တာ ထွန်းကိုကြောင့်ပဲရယ်တော့ မဟုတ်ဘူး။ အဲ့ကျူရှင်က စာသင်ကောင်းပြီး စိတ်ဝင်စားစရာကောင်းတယ်။
သူတို့ ကျူရှင်က နှစ်ထပ် ။ အတန်းတူတွေကိုတောင် ကျောင်းတွေနဲ့ session တွေခွဲထားတာမျိုး။ သူတို့ အတန်းရှေ့က အတန်းကလည်း စပယ်ရှယ်ဝိုင်းပဲ။ လသာကျောင်းက အုပ်စုဆိုတော့ တရုတ်ကလေးတွေ များတယ်။ အကုန်လုံးက တရုတ်ရုပ်ကလေးတွေ။ ဒါပေမဲ့ အဲ့ တရုတ်အုပ်စုထဲမှာ မြန်မာအုပ်စုလေး ရှိတယ်။ တရုတ်တွေလောက် ဖွေးဖြူမနေပေမဲ့ ရုပ်ရည်တွေက သားနားတယ်။ သူတို့အုပ်စုမှာ ထူးထူးခြားခြား မိန်းကလေး တစ်ယောက်ပဲပါတယ်။ အဲ့ပါတဲ့ မိန်းကလေးကလည်း အရမ်းသွက်တယ်။ ယောကျာ်းလေး သုံးယောက်လုံးကလည်း သူ့ဆို အရမ်းချစ်တာ သိသာတယ်။ ကြည့်လိုက်တာနဲ့ ငယ်သူငယ်ချင်းတွေမှန်း တန်းသိကြပြီး အဲ့ အုပ်စုရဲ့ စည်းလုံးမှုနဲ့ စာတော်ကြတာက ကျူရှင်မှာ နာမည်ကြီးတယ်။ သူတို့က ကျူရှင်လာတာတောင် တစ်အိမ်ချင်းစီက ကားကို car pool (ကားစုစီး) ပြီး လာကြတာ။ ပြန်ရင်လည်း အဲ့လိုပဲ။ တစ်ခါတလေ အဖေတွေ ၊ ဦးလေးတွေ လာကြိုသလို တစ်ခါတလေ အဲ့ထဲက တစ်ယောက်သောသူရဲ့ အစ်မလှလှ တွေက ကားအမျိုးအစား တစ်ခုစီနဲ့ အလှည့်ကျ လာကြိုလေ့ရှိတယ်။ အဲ့တစ်ယောက် ကချောလို့ ကျူရှင်ဝိုင်းမှာ နာမည်ကြီးတယ်။ ထွန်းကို နဲ့ သူကတော့ ခပ်အေးအေးပဲ။ သူက ငြိမ်လွန်းပေမဲ့ ကျူရှင်မှာ series တွေဖြေတိုင်း အမှတ်ပြည့်ရတတ်လို့ သူ့နာမည်ကို ဘုတ်ပေါ်မှာ တွေ့ရတတ်ပေမဲ့ တချို့က သူ့ကို လူနဲ့ နာမည်မတွဲမိကြဘူး။ တချို့ဆို ထွန်းကို နဲ့တောင် မှားသေးတယ်။
ဒါပေမဲ့ အဲ့ အချိန်မတူတဲ့ အုပ်စုထဲက တစ်ယောက်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပဲ။ ကောင်မလေးတွေက ရည်းစားစာပေးတာတောင် ခံရတယ်လို့ နာမည်တွေ ထွက်တဲ့ထိ…ကျူရှင်ဆင်းချိန် တက်ချိန်မှ မြင်ရပေမဲ့ သူ့အာရုံထဲ စွဲသွားစေတာက အဲ့တစ်ယောက်တွဲလိုက်တဲ့ ကောင်မလေးပဲ။ တရုတ်မလေးတွေ ကြားထဲမှာမှ ထူးထူးခြားခြား နိုင်ငံခြားသူ ကပြားရုပ်နဲ့ အရှေ့အလယ်ပိုင်းအနွယ်ဖွား ဘာသာခြားကောင်မလေးပဲ။ ကောင်မလေး မျက်လုံးတွေက အနက်မဟုတ်ဘူး ။ ပြာလဲ့လဲ့ရယ်… အသားအရေ ကလည်း သူတို့နဲ့ ခြားနားလွန်းတယ်။ မြင်ရတိုင်း အနောက်နိုင်ငံသူလိုပဲ ။ လှပလွန်းပြီး ထူးထူးခြားခြားလေးမို့ လူသိများတဲ့ ကောင်မလေး ကို အုပ်စုတောင့်ပြီး နာမည်ကြီးတဲ့ တစ်ယောက်သော သူက ရသွားတာ။ ဖြစ်သင့်တာပဲ။
သူ အဲ့ ကျူရှင်မှာ ဆယ်တန်းနှစ်ကျ မတက်ဖြစ်တော့ဘူး။ နှမျောစရာပေမဲ့ မေမေက ကိုကို နဲ့ပဲ တက်တော့… သားငယ်လည်း သွားရလာရ ပင်ပန်းတယ်။ ဘာသာစုံမထွက်လည်း ပြဿနာမရှိဘူး။ ညီအစ်ကို နှစ်ယောက် တက္ကသိုလ် တူတူ တက်ရရင်ပဲ ရပြီပြောတာနဲ့… သူ အဲ့ကျူရှင်ကို လက်မလွှတ်ချင်ဘဲ လွှတ်ခဲ့ရတယ်။
ဒီလိုနဲ့ပဲ ထွန်းကို နဲ့ တပူးပူး ကိစ္စရော… ကျူရှင်က စိတ်ဝင်စားစရာ သူငယ်ချင်းအုပ်စုကိစ္စရော တစ်ခန်းရပ်သွားခဲ့တယ်။
###
AN / နေသစ်က ကောင်မလေးနဲ့ 10 တန်းနှစ်မှ စတွဲတာ ။ 9တန်းတုန်းက အီစီကလီလေးပဲရှိသေးတာ။
ခန့်ညီ စိတ်ထဲမှာက အဲ့တည်းက တွဲနေပြီဆိုပြီး ဇွတ်တွေ မှတ်ထားတာတဲ့တော် 😂😂
အားး ကလေးလေးက အဲ့ထဲကသိပြီး စိတ်ဝင်စားနေခဲ့တာပဲ တကယ့်ကောင်လေး😅
ReplyDeleteခန့်ညီလေးကချစ်စရာလေးပဲ သူ့ဟာသူပေးစားပစ်တာ
ReplyDelete