Skip to main content

41




အခန်း (၄၁) ငါကိုယ်တိုင်ပဲ၊ ဘာပြောချင်သေးလဲ

ယွီနျန့်သည် သူဝတ်ထားသော ရိုးရှင်းသည့် အေပရွန် ကို ချွတ်၍ ချိတ်ထားလိုက်သည်။ ထို့နောက် ဘေးတွင် ထိုင်နေသော ရှန်ဝေကို ကြည့်ကာအရင် မြည်းစမ်းခိုင်းကြည့်လိုက်သည်။

"ဦးလေးရှန်... လာပြီး မြည်းကြည့်ပါဦး။ ကျွန်တော့်စွပ်ပြုတ် အရသာ ဘယ်လိုနေလဲလို့"

ရှန်ဝေသည် လက်နှစ်ဖက်ကို နောက်ပစ်၍ လမ်းလျှောက်လာကာ စွပ်ပြုတ်ကို ပန်းကန်လုံးတစ်ဝက်စာမျှ မြည်းကြည့်ပြီး ပြုံးလျက် "အရသာ ရှိလိုက်တာ!" ဟု ဆိုသည်။ သူသည် စွပ်ပြုတ်ပန်းကန်ကို ချလိုက်ပြီးမှ သက်ပြင်းချကာ

"ဒါပေမဲ့ ကျွန်တော် တကယ်ကို သခင်လေးကိုတော့"

ယွီနျန့်က သူဘာပြောမလဲဆိုသည်ကို သိနေသဖြင့် ပြုံးလျက် ကြားဖြတ်ဖြေလိုက်သည်။

"ကျွန်တော့်ကို မီးဖိုချောင် မဝင်ခိုင်းသင့်ဘူးလို့ ပြောမလို့ မဟုတ်လား"

ရှန်ဝေက ခေါင်းညိတ်ပြသည်။

"တကယ်လို့ သခင်ကြီးနဲ့ သခင်မကြီးသာ သိသွားရင် သူတို့ ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်ကြမလဲ မသိဘူး!"

ယွီနျန့်သည် စွပ်ပြုတ်ကို ကြွေပန်းကန်ဖြူ နှစ်လုံးထဲသို့ ခွဲထည့်လိုက်သည်။ လူကြီးသူမ၏ စကားကို သူ မငြင်းဆန်တော့ဘဲ မျက်ဝန်းလေးများ မှေးသွားသည်အထိ ပြုံးလျက်

"ဒါပေမဲ့ ဦးလေးရှန်း... ကျွန်တော်လည်း နောင်တစ်ချိန်မှာ ကိုယ်နှစ်သက်တဲ့သူအတွက် အရသာရှိတဲ့ အစားအစာတွေ ချက်ကျွေးနိုင်ဖို့ မျှော်လင့်တာပေါ့" ဟု ပြောလိုက်သည်။

ရှန်ဝေက ထိုစကားကို ကြားသောအခါ ကိုယ်နှစ်သက်တဲ့သူ သူသည် ဖျောင်းဖျနေခြင်းကို ချက်ချင်းရပ်တန့်၍ အနားသို့ တိုးကပ်လာသည်။ ထို့နောက် တစ်စုံတစ်ခုကို တိုးတိုးလေး ပြောသကဲ့သို့ အသံကို နှိမ့်ကာ

"သခင်မလေး ယွီချင်း ပြောတာတွေက တကယ်ပဲလား သခင်လေးမှာ တကယ်ပဲ နှစ်သက်ရတဲ့သူ ရှိနေပြီလား"

"အာ"

ယွီနျန့် လက်ထဲက ဇွန်းလေးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားပြီး သူက စိတ်ပျက်လက်ပျက်ဖြစ်သွားရလျက်…

"အစ်မက... ဦးလေးကို ဘာတွေ ပြောလိုက်ပြန်ပြီလဲ"

ရှန်ဝေသည် သူ၏မျက်နှာပေါ်က အရေးအကြောင်းများမှာ ပန်းပွင့်များပွင့်လာသကဲ့သို့ ပြုံးရွှင်သွားကာ နူးညံ့သော လေသံဖြင့်

"သခင်မလေးကတော့ အများကြီးတော့ မပြောပါဘူး။ ဟုတ်ပါတယ်။ ၁.၈၆ မီတာ ဆိုတာကတော့ နည်းနည်း အရပ်ရှည်တာပေါ့။ ကျွန်တော် ခန့်မှန်းကြည့်ရရင်တော့ TV ထဲမှာပါတဲ့ ဘတ်စကတ်ဘောတို့ ဘော်လီဘောတို့ ကစားတဲ့ အမျိုးသမီးတွေ ဖြစ်မှာပေါ့။ ဟုတ်တယ်မလား ခန္ဓာကိုယ်ကလည်း တောင့်တင်းကျန်းမာမှာဆိုတော့ ကလေးရဖို့လည်း မခက်ခဲလောက်ဘူး။ သခင်မလေး ထိုက်ယွဲ့ သခင်လေးကို ကိုယ်ဝန်ဆောင်တုန်းကတော့ ကျန်းမာရေး သိပ်မကောင်းဘူးလေ။ ကိုယ်ဝန်ဆောင် အော့အန်တာကလည်း ပြင်းထန်တော့ ဘာမှကို မစားနိုင်ဘဲ"

"ဦးလေးရှန်..."

ယွီနျန့်သည် စကားများ လမ်းချော်နေသည်ကို ကြားလိုက်ရသဖြင့် ရှန်ဝေ၏ စကားကို အမြန်ပင် ကြားဖြတ်တားမြစ်လိုက်ပြီး နှာခေါင်းကို ပွတ်လျက်

"ဟိုလေ... သူက... ကလေး မရနိုင်ဘူး" ဟု တိုးတိုးလေး ပြောလိုက်သည်။

"ကလေး မရနိုင်ဘူး"

ရှန်ဝေသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် စိုးရိမ်တကြီး ထပ်မေးသည်။

"သူတို့ ကျန်းမာရေး မကောင်းလို့လား။ ကျွန်တော့်ဘက်ကနေ ဆေးဖက်ဝင် အစားအစာတွေ ချက်ပြီး ပြုစုပေးဖို့ ပို့ပေးရမလား"

"မဟုတ်ဘူး... ကျန်းမာရေး မကောင်းလို့ မဟုတ်ပါဘူး။ သူတို့က ပင်ကိုယ်သဘာဝအရကို ကလေး မရနိုင်တာပါ"

တစ်ဖက်သတ် ကြိုက်နေသည့်သူက အမျိုးသားတစ်ယောက်ဖြစ်ကြောင်း ရှန်ဝေကို သူ မည်သို့ ပြောပြရမည်နည်း။

ရှန်ဝေက ခေါင်းညိတ်ပြကာ နားလည်ပေးဟန်ဖြင့်

"အင်း... ကလေးမရနိုင်တာက ကိစ္စမရှိပါဘူး။ သခင်လေး နှစ်သက်ရင် ပြီးတာပါပဲ။ သခင်ကြီး အရင်က ပြောဖူးတယ်... လူ့ဘဝဆိုတာ အနှစ်တစ်ရာထက် မပိုပါဘူး။ ကိုယ်နှစ်သက်တဲ့သူနဲ့ ဆုံတွေ့ရဖို့ဆိုတာ မလွယ်ကူလှဘူးတဲ့။ ဒါကြောင့် တခြားအရာတွေကို မလောဘတက်သင့်ဘူးပေါ့"

"ဟုတ်ကဲ့၊ အဘိုး ကျွန်တော့်ကို သင်ပေးခဲ့တာလည်း အဲဒီအတိုင်းပါပဲ"

ယွီနျန့်သည် စွပ်ပြုတ်ပန်းကန်ကို မ၍ မှုတ်သောက်လိုက်သည်။ တစ်ငုံ သောက်ပြီးရုံရှိသေး ရှန်ဝေက စိုးရိမ်တကြီး ထပ်မေးသည်။

"ဒါပေမဲ့ သခင်လေး... သူတို့က ၁.၈၆ မီတာတောင် ရှည်တဲ့ အားကစားသမားဆိုတော့လေ။ သခင်မလေး ယွီချင်း ခန့်မှန်းသလိုဆိုရင် အနာဂတ် သခင်မလေးရဲ့ အစားအသောက် အာသီသက..."

သူက အဆင်ပြေမည့် စကားလုံးကို ရှာဖွေလိုက်ပြီးမှ

"အရမ်းကောင်းမှာပေါ့။ ခုနက သခင်လေး ပါဆယ်ဘူးထဲမှာ ဟင်းငါးပွဲ၊ စွပ်ပြုတ်တစ်ခွက်နဲ့ မုန့်တစ်ခု ထည့်လိုက်တာ ကျွန်တော် မြင်ပါတယ်။ ပမာဏက များတယ်ဆိုပေမဲ့ သူတို့ စားလို့ကော လောက်ပါ့မလား၊ ဗိုက်ဆာနေမှာ စိုးလို့ပါ" ဟု ဆိုလေသည်။

ထိုအကြောင်းကို တွေးမိရင်း ရှန်ဝေက ပြတ်ပြတ်သားသားပင်

"မဖြစ်ဘူး၊ မဖြစ်ဘူး။ တကယ်လို့ သခင်လေး နောင်ကျရင် အိမ်ထောင်ပြုဖြစ်ရင်တောင် ကျွန်တော်ကပဲ ဆက်ချက်ပေးချင်ပါသေးတယ်။ မဟုတ်ရင် သခင်လေးခမျာ ထမင်းတစ်နပ်တစ်နပ်ကို ဟင်းတွေအများကြီး ချက်နေရရင် ပင်ပန်းလွန်းနေပါလိမ့်မယ်"

ယွီနျန့်မှာ စွပ်ပြုတ်သောက်ရင်း သီးမလိုပင် ဖြစ်သွားသည်။

သူ့အစ်မက ဦးလေးရှန်ကို ဘာတွေ လျှောက်ပြောထားတာလဲ

ယွီနျန့်၏ မျက်နှာ အနည်းငယ် နီမြန်းသွားသည်ကို မြင်တော့ ရှန်ဝေက ရှက်နေသည်ဟု ထင်ကာ ပြုံးလျက်

"အားကစားသမားတွေအတွက် အစားအသောက် အာသီသကြီးတာက သဘာဝပါပဲ။ စားနိုင်တာက ကောင်းချီးတစ်ခုပေါ့။ သခင်လေးကမှ အစားနည်းလွန်းလို့ ဒီလောက် ပိန်နေတာ။ နောင်ကျရင် သခင်လေးကို သခင်မလေးက လက်တစ်ဖက်တည်းနဲ့ မချီလိုက်ရုံတမယ် ဖြစ်နေပါဦးမယ်!"

မ... မချီ

အိမ်ပြန်ရောက်ပြီးနောက် ယွီနျန့် အိပ်ပျော်သွားသော်လည်း တစ်ညလုံး အိပ်မက်တွေက မငြိမ်မသက် ဖြစ်နေခဲ့သည်။ သူ အိပ်မက်မက်နေသည်မှာ ရှဲ့ယို့က ကြွက်သားအဖုအထစ်များဖြင့် ဘတ်စကတ်ဘော ဝတ်စုံကို ဝတ်ထားသည်။ သူ၏ ကိုယ်ခန္ဓာမှာမူ ဘတ်စကတ်ဘောလုံးလေးတစ်ခုလို ကျုံ့ဝင်သွားပြီး ရှဲ့ယို့က သူ့ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသည်။ သူမှာ ကြောက်လွန်းသဖြင့် တစ်ချက်ပင် မလှုပ်ရဲတော့ပေ။

နောက်တစ်နေ့ မနက် အိပ်ရာက ထိုင်လိုက်သည့်အခါ ယွီနျန့် စိတ်ပြန်စုစည်းဖို့ တော်တော်အချိန်ယူလိုက်ရသည်။ ရင်ခုန်သံတွေကလည်း မြန်နေဆဲပင်။

သူ့ပါးသူ ပြန်ဆွဲကြည့်မိသည် အိပ်မက်က တကယ်ကို ကြောက်စရာကောင်းလိုက်တာ!

တံခါးခေါက်သံ ကြားလိုက်ရသဖြင့် ယွီနျန့် ခဏမျှ ကြောင်နေပြီးမှ ဖိနပ်ပါးလေးကို စီးကာ တံခါးသွားဖွင့်ပေးလိုက်သည်။

သူ့ကို မြင်လိုက်ရတော့ မုန့်ယွမ်က သက်ပြင်းချရင်း "ဖုန်းခေါ်တာလည်း ဘယ်သူမှ မကိုင်ဘူး၊ တစ်ခုခု ဖြစ်နေပြီလားလို့ စိတ်ပူသွားတာ"

ယွီနျန့်က အထဲသို့ လမ်းဖယ်ပေးရင်း အားနာစွာနဲ့ တောင်းပန်စကားဆိုလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော် ဖုန်းကို အသံပိတ်ထားမိလို့ မကြားလိုက်တာပါ။ အစ်ကိုမုန့် ဒီအထိ တကူးတက တက်လာခိုင်းမိပြီ"

"ဒါက ဘာခက်ခဲလို့လဲ"

မုန့်ယွမ် အခန်းထဲဝင်လာပြီး ယွီနျန့်မျက်နှာကို သေသေချာချာ ကြည့်ပြီး စိုးရိမ်စွာမေးလာ၏။

"မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား"

ယွီနျန့်က အိပ်ချင်မူးတူး ဖြစ်နေသော ဆံပင်များကို လက်ဖြင့် သပ်တင်ရင်း မျက်နှာလွှဲကာ

"ဟုတ်ကဲ့... မနေ့ညက အိပ်မက်... အိပ်မက်တစ်ခု မက်လို့ပါ"

မုန့်ယွမ်က အချိန်ကို ကြည့်လိုက်ပြီး

"ကဲ... မြန်မြန် မျက်နှာသစ်တော့။ အစောကြီး သွားတာ အကောင်းဆုံးပဲ၊ ဒီနေ့ လမ်းတွေက ၈၀ ရာခိုင်နှုန်းလောက် ပိတ်နေဦးမှာ။ ပြီးတော့ ဒါရိုက်တာက ဒီနေ့ ပိုစတာ ရိုက်ကူးရေးအတွက် အချိန်ကို တိတိကျကျ သတ်မှတ်ထားတာ"

ယွီနျန့်က သွက်လက်စွာပင် မိနစ် ၂၀ အတွင်း ပြင်ဆင်ပြီး ထွက်လာခဲ့သည်။ ကားပေါ်တွင် မုန့်ယွမ်က မှတ်စုစာအုပ်ကို ထုတ်ကာ

"ဒီနေ့ ကြော်ငြာပိုစတာအတွက် ဓာတ်ပုံရိုက်ရမယ်။ ပြီးရင် bts တွေနဲ့အတူ ငါ သတင်းထုတ်ပြန်မယ်။ အဲဒီကျရင် မင်းကို ကြော်ငြာအတွက် ပြန်ပြီး ဝေမျှဖို့ ငါ သတိပေးမယ်နော်"

သူက ခေါင်းမော့ကာ ဆက်ပြောသည် ။

"ဒီတစ်ခါ ဓာတ်ပုံဆရာက စတီဖင် မက်ဆာတဲ့။ သူက အကောင်းဆုံး ကုန်သွယ်ရေး ရုပ်ရှင်ဆုတွေကို နှစ်စဉ်ဆက်တိုက် ရရှိထားတဲ့သူ။ မင်း အကောင်းဆုံး ကြိုးစားရမယ်။ Florence ရဲ့ မိခင်ကုမ္ပဏီက Hersey လေ"

မုန့်ယွမ်က စကားဖြတ်လိုက်သော်လည်း ယွီနျန့်က နားလည်သွားကာ

"အစ်ကိုမုန့် စိတ်မပူပါနဲ့၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

Florence ၏ ရိုက်ကူးရေးအဖွဲ့မှာ နိုင်ငံခြားသားများသာ ဖြစ်ပြီး ဘရန်းဘက်မှ ဘာသာပြန်နှစ်ဦး ပါဝင်သည်။ ရိုက်ကူးရေးနေရာတွင် အခင်းအကျင်းများကို ပြင်ဆင်ပြီးဖြစ်ကာ မျက်လုံးပြာနှင့် ဒါရိုက်တာ မက်ဆာက လှမ်းလာပြီး ယွီနျန့်နှင့် မုန့်ယွမ်ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။ သူသည် ကုလားအုတ်ရောင် အပေါ်ထည်ရှည်ကို ဝတ်ထားပြီး ဆံပင်ဖြူအချို့ကြောင့် အသက်သိပ်မငယ်တော့မှန်း သိသာသည်။

မုန့်ယွမ်ကတော့ ရိုးရှင်းသော အင်္ဂလိပ်စာ ဆက်သွယ်မှုလောက်သာ အဆင်ပြေသည်။ အစက ယွီနျန့်ကို ဘာသာစကားအကြောင်း မမေးမိသဖြင့် စိုးရိမ်နေသော်လည်း ယွီနျန့် ပါးစပ်ဟလိုက်သည့်အခါတွင်မူ သူ၏ ဆက်သွယ်ပြောဆိုမှုမှာ လုံးဝ အဟန့်အတားမရှိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူကတော့ အမြဲတမ်း အံ့ဩစရာတွေ ပေးနေတာပဲ။

ယွီနျန့်က သူ့စကားကို အခက်အခဲမရှိ နားလည်ကြောင်း သိလိုက်ရသဖြင့် မက်ဆာ၏ မျက်နှာမှာ သိသိသာသာ ပြုံးရွှင်သွားသည်။ မုန့်ယွမ် နားလည်သည်မှာ ရိုက်ကူးရေး လိုအပ်ချက်များနှင့် ဆိုလိုရင်းများသည် ဘာသာပြန်အဆင့်ဆင့် ကြားခံလိုက်ရပါက အချိန်မီပြီး တိကျရန် ခက်ခဲတတ်သည်။ တိုက်ရိုက် ဆက်သွယ်နိုင်ခြင်းက အခက်အခဲများစွာကို ကျော်လွှားပေးနိုင်သည်။

ခဏတာ စကားပြောပြီးနောက် ယွီနျန့်ကို အဝတ်အစားလဲရန်နှင့် မိတ်ကပ်လိမ်းရန် ခေါ်သွားသည်။ မက်ဆာက အနီးကပ် လိုက်လံစစ်ဆေးပြီး ဘေးတွင်လည်း အနောက်တိုင်းဖြစ်ရပ်များ ရိုက်ရန် ဓာတ်ပုံဆရာတစ်ဦး ပါဝင်သည်။ ယွီနျန့်မှာ ကင်မရာများနှင့် ယဉ်ပါးနေပြီဖြစ်ရာ သူ၏ အမူအရာနှင့် လှုပ်ရှားမှုများမှာ အလွန်ပင် သဘာဝကျနေ၏။

ဒီကြော်ငြာအတွက် ရွေးချယ်ထားသော အဝတ်အစားများမှာ အလွန်ပါးလွှာသော ပိတ်စများဖြင့် ချုပ်လုပ်ထားသည်။ ထပ်ဆင့်မွမ်းမံထားသော အကျိုးသက်ရောက်မှုရစေရန် ဝတ်စုံဒီဇိုင်းပညာရှင်က ယွီနျန့်ကို အဖြူရောင် ဇာခုနစ်လွှာကို ဝတ်ဆင်ပေးထားသည်။ ယွီနျန့်မှာ ခန္ဓာကိုယ် ပါးလျသော်လည်း အရပ်ရှည်ပြီး အချိုးအစား ပြေပြစ်သဖြင့် ဝတ်စုံမှာ ရှုပ်ထွေးမနေဘဲ ကျော့ရှင်းကြည်လင်သော ခံစားချက်ကို ပေးစွမ်းသည်။

သူ၏ ဆံပင်အနက်ရောင်ကို မီးခိုးမှိုင်းရောင်ဆိုးလိုက်သည့်အခါ ယွီနျန့်၏ မျက်နှာသွင်ပြင်မှာ ရုတ်တရက် အေးစက်စွဲမက်ဖွယ်ရာအတိ။ မျက်ဝန်းထောင့်ရှိ မျက်ရည်မှဲ့လေးကပင်လျှင် လူအများနှင့် ကင်းကွာနေသော အလှတရားကို ပိုမိုပေါ်လွင်စေသည်။

မက်ဆာက လက်ပိုက်လျက် ဘေးတွင် ရပ်ကြည့်နေသည်။ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ယွီနျန့်ကို သေသေချာချာ ကြည့်ပြီးနောက် တစ်ခုခုကို သတိရသွားသကဲ့သို့ လက်ချောင်းလေးများကို ဖြောက်ခနဲ တီးလိုက်ကာ အမိန့်ပေးလိုက်သည်။

ခဏအကြာတွင် လက်ထောက်က ရှေးဟောင်း ဇိမ်ခံဘရန်း Hersay ၏ တံဆိပ်ပါသော သတ္တုသေတ္တာရှည်တစ်ခုကို ယူလာပေးသည်။

မက်ဆာက သေတ္တာထဲမှ ပစ္စည်းကို ထုတ်ယူကာ ယွီနျန့်၏ ခါးတွင် ကိုယ်တိုင် ချိတ်ပေးလိုက်သည်။

ယွီနျန့် ငုံ့ကြည့်လိုက်သည့်အခါမှ ခါးတွင် ချိတ်ထားသည်မှာ နူးညံ့အိစက်နေသော မြေခွေးအမြီးအတု ဖြစ်ကြောင်း သိလိုက်ရသည်။ အရှည်မှာ ဒူးခေါင်းအထိ ရှိသည်။ မက်ဆာက ရှင်းပြသည်။

"ဒါက Hersey ရဲ့ ဒီနှစ်အတွက် အကန့်အသတ်နဲ့ ထုတ်တဲ့ ထုတ်ကုန်အသစ်ပဲ။ အပြင်မှာ မရောင်းရသေးဘူး။ ဒါက လက်နဲ့လုပ်ထားတဲ့ အနီရောင် မြေခွေးအမြီးအတု၊ မင်းရဲ့ စတိုင်လ်နဲ့ အရမ်းလိုက်ဖက်တယ်"

ယွီနျန့် မတ်တတ်ရပ်ပြီး လမ်းနှစ်လှမ်း လျှောက်ကြည့်သည်။ ဘေးတွင် တွဲလောင်းကျနေသော အနီရောင် မြေခွေးအမြီးမှာ သူ၏ လှုပ်ရှားမှုနှင့်အတူ အနည်းငယ် လူးလွန့်သွားပြီး သူ၏ တစ်ကိုယ်လုံးတွင် တစ်ခုတည်းသော တောက်ပသော အရောင်အဖြစ် ပေါ်လွင်နေကာ အလွန်ပင် မျက်စိကျစရာ ကောင်းလှသည်။

မက်ဆာက ထိုအကျိုးသက်ရောက်မှုကို အလွန်ကျေနပ်သွားပြီး အချက်ပြလိုက်သည်။

"ကဲ... အဆင်သင့်ဖြစ်ရင် စကြရအောင်။ ဒီကလေးလေး သာ သရုပ်ဆောင်တာ ကောင်းမယ်ဆိုရင် ငါ ဒီမြေခွေးအမြီးကို မင်းကို လက်ဆောင်ပေးမယ်"

ဒါရိုက်တာ ရွှီရှန့်လန်၏ ရုပ်ရှင်အဖွဲ့တွင် ရက်ဝက်ခန့် လေ့ကျင့်ခဲ့ပြီးနောက် ယွီနျန့်၏ ကင်မရာရှေ့ အမူအရာမှာ ပို၍ပင် ကောင်းမွန်လာသည်။ သူ၏ နှုတ်ခမ်းများမှာ တစ်စက်မျှ တောင့်တင်းမနေဘဲ ရိုက်ကူးရေး လုပ်ငန်းစဉ်မှာ ထင်ထားသည်ထက် ပိုမြန်ဆန်ခဲ့သည်။

ညနေ ၅ နာရီမှာပင် မက်ဆာက ရိုက်ကူးရေးကို အဆုံးသတ်လိုက်ပြီး ဝန်ထမ်းများကို သိမ်းဆည်းရန် စီစဉ်သည်။ သူသည် ရိုက်ကူးထားသော ပုံများကို ကြည့်ကာ ကျေနပ်နေလျက်

"မင်းရဲ့ ပုံဖော်နိုင်စွမ်းက ငါထင်ထားတာထက် အများကြီး ပိုကောင်းတယ်။ တကယ်ကို အံ့ဩဝမ်းသာရပါတယ်!"

ထို့နောက် သူက လက်ထောက်ကို ခေါ်ကာ အနီရောင် မြေခွေးအမြီးအတုကို ယူလာခိုင်းပြီး ယွီနျန့်ထံ ကမ်းပေးလိုက်သည် ။

"မင်းနဲ့ လက်တွဲလုပ်ကိုင်ရတာ တကယ်ကို ဝမ်းသာစရာပါပဲ"

ယွီနျန့်က လက်နှစ်ဖက်ဖြင့် လှမ်းယူကာ ပြုံးလျက် ကျေးဇူးစကားကို အလေးအနက်ထားပြောလာ၏။

"ကျွန်တော့်အတွက်လည်း ဂုဏ်ယူစရာပါ။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ!"

Florence မှာ အလွန်ပင် အလုပ်တွင်ကျယ်သည်။ ဆွေးနွေးမှုများ ပြီးစီးပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့ နံနက်တွင် ပိုစတာကို တရားဝင် ကြေညာလိုက်ပြီး အနောက်တိုင်းဖြစ်ရပ် ဗီဒီယို Link နှင့်အတူ မိတ်ကပ်ပြောရေးဆိုခွင့်ရှိသူ ယွီနျန့်၏ အမည်ကို tag လိုက်သည်။

တရားဝင် Blog က တင်ထားသော ဓာတ်ပုံထဲတွင် ယွီနျန့်သည် ကြည်လင်နေသော လေးထောင့်စပ်စပ် စင်နိမ့်လေးပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေသည်။ အခန်းပတ်လည်တွင် တောက်ပသော ဖန်နံရံများရှိပြီး ထောင့်များတွင် အဖြူရောင် ခရစ်စတယ် အချို့ ရှိနေသည်။

သူ၏ ကိုယ်လုံးမှာ ပါးလျသွယ်လျပြီး ညာဘက် ခြေတံရှည်ကြီးကို စင်ပေါ် တင်ထားကာ ဘယ်ဘက်ခြေထောက်ကမူ ကြမ်းပြင်ပေါ်သို့ သဘာဝကျကျ တွဲလောင်းကျနေပြီး နူးညံ့သိမ်မွေ့သော ခံစားချက်ကို ပေးစွမ်းသည်။ အလွှာလိုက် ဝတ်ထားသော အဖြူရောင် ဇာဝတ်စုံက သူ၏ ကိုယ်ဟန်ကို ရစ်ပတ်ထားကာ မီးခိုးမှိုင်းရောင် ဆံပင်က အေးစက်သောအလှကို ပိုမိုအားကောင်းစေပြီး အပြစ်ပြောစရာမရှိအောင်ပင်။

ပုံတစ်ပုံလုံးတွင် အနည်းငယ် ထော်နေသော နှုတ်ခမ်းနီနီလေး၊ လက်ထဲတွင် ကိုင်ထားသော ဖန်အိမ်ပါ Illusion Ocean နှုတ်ခမ်းနီနှင့် ခါးတွင် ချိတ်ထားသော မီးလျှံရောင် မြေခွေးအမြီးတို့မှာ တစ်ပုံလုံးတွင် မျက်စိအကျဆုံး အရောင်များ ဖြစ်နေတော့သည်။

[အိုး... မြတ်စွာဘုရား! အားးးး! အခုကစပြီး Florence ရဲ့ Illusion Ocean series နှုတ်ခမ်းနီတွေကိုပဲ ဝယ်တော့မယ်! အကုန်လုံးပဲ! ဒီရေခဲမြေပေါ်က အနှိုင်းမဲ့ မြေခွေးနတ်ဆိုးလေးက ဘာကြီးလဲ!]

[ဇာတ်ကောင်ကတ်တွေ ထုတ်ပေးဖို့ ငါ အမိန့်ပေးတယ်! ဇာတ်ကောင်ပုံပါတဲ့ အိတ်တွေ! ပိုစတာတွေ! သေတ္တာတွေပါ ထုတ်ပေးကြပါ! ငါ အကုန်ဝယ်မယ်! ငါ့ပိုက်ဆံအိတ်ကြီး အော်ဟစ်နေပြီ! ဟီးဟီး... နျန့်နျန့်ရာ၊ မင်း ဘာလို့ မားဆီက ပုန်းနေတာလဲ၊ မင်းက တကယ်ကို ကြည့်ကောင်းလွန်းတယ်!]

[အားးးးး! ပေါက်ကွဲထွက်တော့မယ်! နျန့်နျန့် ဗီဒီယိုထဲမှာ အင်္ဂလိပ်လို ပြောတာက နားထောင်လို့ အရမ်းကောင်းတာပဲ! လှုပ်ရှားမှုတိုင်းက ယဉ်ကျေးသိမ်မွေ့ပြီး ပို့စ်ပေးတဲ့အခါ တည်ငြိမ်နေတဲ့ မျက်နှာပေးလေးကလည်း အရမ်းလှတယ်! ဘယ်ပုံကိုပဲ ကြည့်ကြည့် Wallpaper လုပ်လို့ ရတယ်!]

[ဒီအလှတရားက မျက်စိကျိမ်းစရာပဲ! ဒီပိုစတာက ရိုက်ထားတာ တကယ်ကောင်းတယ်! ဒါရိုက်တာကလည်း တော်တယ်၊ ဝန်ထမ်းတွေလည်း ပင်ပန်းသွားကြပြီ! လမ်းတကာက ကြော်ငြာဘုတ်တွေပေါ်မှာ မြင်ရဖို့ မျှော်လင့်နေပြီ! ငါ သွားပြီး ဓာတ်ပုံရိုက်ဦးမယ်! ကြော်ငြာအစစ်က ဘယ်တော့ ထွက်မှာလဲ မျှော်လင့်နေတယ်!!]

[ဒီမြေခွေးအမြီးကြီးက! Hersey ရဲ့ဟာပဲ! တစ်ကမ္ဘာလုံးမှာ ၂၁ ခုပဲ ရှိတာ! အကုန်လုံး လက်နဲ့လုပ်ထားတာ! ဈေးနှုန်းက သရဲကားထက်တောင် ကြောက်ဖို့ကောင်းတယ်။ အမေရိကန်ဒေါ်လာ ၁၇,၀၀၀ တဲ့ smile.jpg]

အစက ဘရန်းဘက်က #ယွီနျန့် Florence ပြောရေးဆိုခွင့်ရှိသူ# ဆိုပြီး Hot Search နံပါတ်ခြောက်မှာ ဝယ်ထားတာပါ။ ဒါပေမဲ့ ပရိသတ်တွေက သူတို့ရဲ့ အားပေးမှုအရှိန်နဲ့ #ယွီနျန့် မြေခွေးအမြီး# ဆိုတဲ့ ခေါင်းစဉ်ကို ထိပ်တန်းငါးခုထဲအထိ ရောက်အောင် တွန်းတင်ပေးလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ရှဲ့ယို့၏ Weibo မှာလည်း Update တက်လာသည်။

[#ယွီနျန့် မြေခွေးအမြီး# အဲဒါကြီး ဟိုဟိုဒီဒီ ယိမ်းခါနေတာ မြင်ရတာ စိတ်တိုစရာကြီး။]

မကြာမီမှာပင် ထိုအကြောင်းအရာ၏ လူကြိုက်များမှုမှာ အရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်လာပြီး ပြန်လည်မျှဝေမှု နှင့် ဆွေးနွေးမှုများမှာလည်း တရစပ် တိုးပွားလာရာ သိပ်မကြာခင်မှာပင် နံပါတ် (၂) နေရာသို့ ရောက်ရှိသွားတော့သည်။

အများအားဖြင့် ပရိသတ်များမှာ ယွီနျန့်၏ ရုပ်ရည်နှင့် အရှိန်အဝါကို ဝိုင်းဝန်းချီးကျူးနေကြပြီး တစ်ဖက်တွင်လည်း ရှဲ့ယို့၏ Weibo အောက်တွင် စုရုံးနေသော အပုပ်ချသူများနှင့် အပြိုင်အဆိုင် တိုက်ခိုက်နေကြသည်။ လမ်းကြုံဖြတ်သန်းသူအချို့ကမူ အမွှေးပွပွ မြေခွေးအမြီးအတု တစ်ခုကို ယွမ် ၁၂၀,၀၀၀ ခန့်နှင့် ရောင်းချနေသည်ကို ကြည့်ကာ ချမ်းသာသူများ၏ ကမ္ဘာကို သာမန်လူများအနေဖြင့် နားမလည်နိုင်တော့ကြောင်း ညည်းတွားနေကြတော့သည်။

ရုံးခန်းအတွင်းတွင် ရှဲ့ယို့သည် ချင်ကျန့် ကို အမိန့်ပေးနေသည်။

"ဒီမြေခွေးအမြီးကို ဝယ်လိုက်၊ ခဏနေဦး..."

ရှဲ့ယို့သည် ကွန်ပျူတာစခရင်ပေါ်ရှိ ယွီနျန့်၏ ရိုက်ကူးရေး ဗီဒီယိုမှ ရယူထားသော Screenshot ကို စိုက်ကြည့်နေမိသည်။ အနီရောင် မြေခွေးအမြီးမှာ သွယ်လျသော ခါးလေးမှ စတင်ကာ ဖြောင့်စင်းသော ခြေတံများတစ်လျှောက် တွဲလောင်းကျနေပြီး မျက်ဝန်းထဲတွင် မီးလျှံတစ်ခုကဲ့သို့ တောက်လောင်န၏။

"တစ်ကမ္ဘာလုံးမှာ ၂၁ ခုပဲ ရှိတာဆိုတော့ ကျန်တဲ့ အခု ၂၀ လုံးကို အကုန်ဝယ်လိုက်"

နှစ်နာရီအကြာတွင် #ယွီနျန့် မြေခွေးအမြီး# ဟူသော ခေါင်းစဉ်အောက်၌ ပရိသတ်တစ်ဦးက Hersey ဘရန်းနှင့် စကားပြောထားသော Chat History ကို တင်လိုက်သည်။

[အားးး ကြည့်ကြပါဦး! ငါ တကယ် စိတ်တိုနေပြီ! အစက ယွီနျန့်ဝတ်တဲ့ မြေခွေးအမြီးနဲ့ ဆင်တူလေးကို Hersey မှာ မှာယူဖို့ သွားမေးတာ၊ အပြင်မှာတောင် မရောင်းရသေးတဲ့ အဲဒီပစ္စည်းက စင်ပေါ်ကနေ ပြန်ဖြုတ်သွားပြီတဲ့။ အကြောင်းပြချက်ကတော့ ကုန်သွားပြီတဲ့! အဲဒါလည်း အကုန်လုံး တစ်ပြိုင်နက်တည်း ကုန်သွားတာနော်! ကဲ... အကုန်လုံးကို တစ်ယောက်တည်း အပြတ်ဝယ်သွားတဲ့ အဲဒီ ရက်စက်လွန်းတဲ့ သူဌေးကြီး ပရိသတ်က ဘယ်သူလဲ ငါ နင့်ကို မသတ်ဘူးလို့ ကတိပေးတယ်၊ ထွက်ခဲ့စမ်းပါ!]

ရှဲ့ယို့သည် ထိုပို့စ်ကို မတော်တဆ မြင်လိုက်ရသည့်အခါ စိတ်ထဲကနေ ပြန်ပြောလိုက်သည်မှာ

ငါကိုယ်တိုင်ပဲ။ ဘာပြောချင်သေးလဲ

NEXT



Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...