Skip to main content

44







အခန်း (၄၄) ငါ မင်းကို လာကြိုတာပါ

မနက်ကိုးနာရီတိတိမှာ ယွီနျန့် ခရီးဆောင်အိတ်ကိုဆွဲပြီး အောက်ထပ်ကို အချိန်မှန် ဆင်းလာခဲ့သည်။

သူက နောက်ခန်းမှာ ဝင်ထိုင်လိုက်သည်နှင့် ရှေ့ခန်းမှ ရှီရို့က အုပ်ထားသည့် မျက်လုံးအကာကို ချွတ်လိုက်ပြီး ယွီနျန့်ဆီကို ဓာတ်ဗူးလေး ကမ်းပေးလာသည်။

"နျန့်နျန့်... မနေ့ညက ငါ ညနှောင်းပိုင်းအထိ မအိပ်ဘဲ နေရင်းနဲ့ မင်းရဲ့ Florence ကြော်ငြာကို ရိုက်ပေးတဲ့ ဒါရိုက်တာ မက်ဆာက နိုင်ငံခြား ဖက်ရှင်မဂ္ဂဇင်းတစ်ခုနဲ့ အင်တာဗျူးမှာ မင်းအကြောင်း ထည့်ပြောသွားတာကို တွေ့လိုက်တယ်!"

ယွီနျန့် မနက်ပိုင်းပစ္စည်းတွေ သိမ်းဆည်းနေရသည်နှင့် အားမအားတာကြောင့် ဖုန်းတောင် မကြည့်ရသေး။ လက်ထောက်ပြောသည့်သတင်းကို မသိသေးပါဘူး။

"ဒါရိုက်တာ မက်ဆာက ကျွန်တော့်ကို ချီးကျူးသွားတာလား"

"နင်က ဘယ်လိုသိတာလဲ!"

ရှီရို့က မျက်လုံးအဝိုင်းသားနဲ့ မေးလိုက်တော့ ယွီနျန့်က ရယ်ပြီး ရှင်းပြလိုက်သည်။

"အစ်မရဲ့ မျက်နှာအမူအရာက ပြောနေတာလေ။ တကယ်လို့ သူက ကျွန်တော့်ကို မကောင်းပြောခဲ့မယ်ဆိုရင် အစ်မက ကျွန်တော့်ထက်တောင် ပိုပြီး စိတ်မကောင်း ဖြစ်နေမှာပဲဟာ"

ရှီရို့ ခဏလောက် ရယ်မောလိုက်ပြီးမှ ခေါင်းညိတ်ပြ၏။

"ဟားဟား၊ ဟုတ်ပါပြီ။ သူပြောသွားတာကို ဘာသာပြန်ရရင်တော့... နင်ဟာ ထူးခြားတဲ့ အရှိန်အဝါရှိသူတစ်ယောက်ဖြစ်ပြီး ကင်မရာရှေ့မှာ လုံးဝမတူညီတဲ့ အရည်အချင်းတွေကို အမြဲတမ်း ရှာဖွေဖော်ထုတ်ချင်စိတ် ပေါ်လာအောင် လုပ်နိုင်သူဖြစ်လို့ နောက်တစ်ကြိမ် ထပ်ပြီး လက်တွဲလုပ်ကိုင်ဖို့ မျှော်လင့်နေပါတယ်တဲ့"

သူမက စိတ်လှုပ်ရှားစွာနဲ့ လက်ဖျောက်တစ်ချက် တီးလိုက်ပြီး

"ငါ ပြောပြဦးမယ်။ ဒါရိုက်တာ မက်ဆာက နင့်ကို တကယ် အလေးအနက်ထားပြီး ချီးကျူးသွားတာနော်။ နှစ်တွေတစ်လျှောက်မှာ သူ အဲဒီလို ချီးကျူးတာဆိုလို့ ထိပ်တန်းမင်းသား နှစ်ယောက်၊ စူပါမော်ဒယ် ငါးယောက်နဲ့ အဆိုတော် တစ်ယောက်ပဲ ရှိသေးတာ။ အခုတော့ နင်လည်း အဲဒီထဲမှာ ပါသွားပြီ!"

မုန့်ယွမ်ကလည်း ဘေးကနေ ဖြည့်ပြောသည်။

"သူက Hersey ရဲ့ နန်းတွင်းကြော်ငြာတွေကို ရိုက်ပေးတဲ့ ဒါရိုက်တာလည်း ဖြစ်တယ်လေ"

"ဟုတ်ပါ့!"

ရှီရို့က သူမလက်ထဲက မျက်လုံးကာကို ကိုင်ထားရင်း ယွီနျန့် အဝတ်အစားတွေကို ကြည့်ပြီး ပြန်စိုးရိမ်သွားပြန်သည်။

"အို... ဆောင်းတွင်းတောင် ရောက်တော့မယ်။ ငါက နင် ဗီရိုထဲက လက်ကားဈေးနဲ့ဝယ်ထားတဲ့ အဖြူရောင် Tshirt တွေကို နောက်ဆုံးတော့ စွန့်ပစ်လိုက်ပြီဆိုပြီး တိတ်တဆိတ် ပျော်နေတာ။ အခုကျတော့လည်း လက်ကားဈေးနဲ့ဝယ်ထားတဲ့ ချွေးစုပ်အင်္ကျီတွေကို ပြန်ဝတ်နေပြန်ပြီ!"

မုန့်ယွမ်က ထပ်ဝင်ဖြည့်သည်။

"ဒီဇိုင်းက အတူတူပဲလေ၊ အနက်၊ အဖြူ၊ မီးခိုး... အရောင်သုံးမျိုးပဲ ရှိတာကို တစ်လှည့်စီ ပတ်ဝတ်နေတာ"

"ဟုတ်တယ်! အရင်က နင် ကြော်ငြာရိုက်နေတုန်းက တစ်ယောက်ယောက်က ငါ့ကိုလာမေးတယ်... နင်ဝတ်ထားတဲ့ ချွေးစုပ်အင်္ကျီက ဘာဘရန်းလဲ။ ကြည့်လို့ အရမ်းကောင်းတယ်တဲ့။ အဲဒီအချိန်မှာ အမှန်အတိုင်း ပြောပြဖို့ ငါတောင် အတော်လေး ရှက်နေမိတယ်!"

ရှီရို့က စိတ်ရင်းနဲ့ အကြံပေးရှာသည်။

"နျန့်နျန့်... ငါတို့ အပြင်ထွက်ရင် ဝတ်ဖို့ ဈေးကြီးတဲ့ အစုံလေးတွေ ထပ်ဝယ်ကြမလား"

မုန့်ယွမ်က ဖုန်းပေါ်ကနေ အကြည့်ခွာလိုက်ပြီး လက်တွေ့အခြေအနေကို ဖွင့်ချပါရော် ။

"သူက ပါဆယ်တောင် ထပ်မှာဖို့ မတတ်နိုင်တော့မယ့် အခြေအနေဆိုတော့ အဝတ်အစားဖိုးတွေနဲ့ သူ့ကို အကျပ်မကိုင်ပါနဲ့တော့။ ဘာပဲဖြစ်ဖြစ် သူက အသက် ၂၁ နှစ်ပဲ ရှိသေးတာ။ သူ့မျက်နှာလေးနဲ့တင် လမ်းလျှောက်လို့ ရနေတာပဲဟာ"

မုန့်ယွမ်နဲ့ ရှီရို့တို့ တစ်ယောက်တစ်လှည့် ပြောနေကြတာ ပြီးသွားတော့မှ ယွီနျန့်က

"ဒါဆို ကျွန်တော် သိုးမွှေးဆွယ်တာလေး ပြောင်းဝတ်လိုက်ရမလား။ အရင်က ဆွယ်တာ ခုနစ်ထည်၊ ရှစ်ထည်လောက် ဝယ်ထားတာ ရှိတယ်"

"ခုနစ်ထည်၊ ရှစ်ထည်..."

မုန့်ယွမ်က သူ့နဖူးသူ လက်နဲ့အုပ်လိုက်ပြီး

"တကယ်ပါပဲ။ ငါ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ရဲ့လားဆိုတာ ငါ့ကိုယ်ငါ ပြန်မေးမိတယ်။ မင်းကို 'မျိုးရိုးမြင့် သူဌေးသား' ပုံစံ ပေးထားတာက မှန်ကော မှန်ရဲ့လားလို့"

ရှီရို့က မုန့်ယွမ်ကို ပြန်နှစ်သိမ့်ပေးသည်။

"ရပါတယ် အစ်ကိုမုန့်ရယ်။ လက်ရှိအခြေအနေကိုပဲ လက်ခံလိုက်ရအောင်။ တခြားသူတွေက ပိုက်ဆံကို အားကိုးတယ်။ တို့တွေကတော့ မျက်နှာလေးကို အားကိုးတာပေါ့။ ပြီးတော့... အရှိန်အဝါလည်း ပါတာပေါ့။ ဟုတ်တယ်မလား"

***

လေယာဉ်ပေါ်က ဆင်းပြီးနောက်မှာတော့ အစီအစဉ်အဖွဲ့က လာကြိုသည့် ကားကို စီးခဲ့ကြ၏။ ရိုက်ကူးရေးလုပ်မည့် နေရာကို ရောက်တော့ ယွီနျန့် ဘာဖြစ်လို့ ဘာညာမှန်း မသိလိုက်ခင်မှာပင် ရှားမင်ရှီး၏ ဝက်ဝံပွေ့ဖက်မှုကြီး ကြောင့် ကြမ်းပြင်ပေါ်ကိုတောင် လဲကျလုလု။

"နျန့်နျန့်!"




ယွီနျန့်က မရယ်ဘဲ မနေနိုင်တော့ဘဲ

"မင်ရှီး... မင်း ဝလာတာလား အရှိန်က တော်တော်ပြင်းတယ်နော်!"

ရှားမင်ရှီးက ချက်ချင်းထရပ်ပြီး သူ့လက်မောင်းနဲ့ ခါးတွေကို စိုးရိမ်တကြီး စမ်းကြည့်သည်။

"မရှိပါဘူး။ ငါ တကယ်ပဲ လေးသွားတာလား အား... အဲဒါ ဟိုရိုက်ကူးရေးအဖွဲ့က ထမင်းချက်ကြောင့်နေမှာ။ သူက လက်ရာကောင်းလွန်းတော့ ငါလည်း မနေနိုင်ဘဲ စားမိသွားတာ!"

သူက ဘီစကစ်ထုတ်နောက်တစ်ထုတ်ကို နှိုက်ပြီး ယွီနျန့်ကို ကမ်းပေးရင်း တောက်ပစွာ ပြုံးလိုက်သည်။

"ငါတို့ အစီအစဉ်အတူတူ ရိုက်ရတော့မယ်! ပျော်တယ်မလား"

"ပျော်တာပေါ့။"

ယွီနျန့်က ဘီစကစ်ထုပ်ကို ဖောက်ပြီး တစ်ခုနှိုက်စားပြီး စိတ်ထဲမှာလည်း တကယ်ကို ကြည်နူးနေမိသည်။

"အစ်ကိုမုန့်က ပြောပြတော့ ကျွန်တော် တကယ် အံ့သြသွားတာ။ မင်း ရိုက်ကူးရေးကွင်းမှာပဲ ရှိနေတုန်းမို့ မလာနိုင်ဘူး ထင်နေတာ။"

"ငါလည်း အံ့သြသွားတာပဲ။ ငါ့မန်နေဂျာက ဒါရိုက်တာရဲ့ သတ်မလိုကြည့်နေတဲ့ အကြည့်တွေကို အံတုပြီး ငါ့ကို ရိုက်ကူးရေးကွင်းကနေ လေယာဉ်နဲ့ တိုက်ရိုက်ခေါ်လာတာ! ဒါပေမဲ့ နောက်နှစ်ရက်၊ သုံးရက်နေရင်တော့ အပြီးသတ်ရိုက်ရဦးမယ်။ ပြောရရင် အဲဒီလောက် အချိန်အကြာကြီး ရိုက်စရာမလိုပါဘူး။ နောက်မှ ဇာတ်ဝင်ခန်းလေးတွေ ထပ်တိုးလိုက်လို့ အချိန်တွေ ပိုကြာသွားတာ။"

ရှားမင်ရှီးက အသံကို ထပ်နှိမ့်လိုက်ပြီး

"ဒါရိုက်တာက ငါ့မှာ သရုပ်ဆောင်ပါရမီ ရှိတယ်တဲ့။ နောက်ရုပ်ရှင်မှာ ဒုတိယမင်းသားနေရာအတွက်တောင် ငါ့ကို ကြိုပြီး သတ်မှတ်ထားတယ်!"

"ဒါဆို နောက်လည်း သရုပ်ဆောင်တာကို ဆက်လုပ်သွားမှာလား"

"အင်းလေ၊ သီချင်းဆိုတာနဲ့ ကခုန်တာက အရမ်းခက်တယ်။ သရုပ်ဆောင်ရတာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ငါ့အမေကတောင် ငါ့ကို ချီးကျူးတယ်။ သူ့ဆီက ကောင်းတဲ့မျိုးဗီဇတွေ အမွေရထားတာတဲ့!"

"ဒါဆို မင်းအဖေကတော့ တော်တော် စိတ်ပျက်သွားမှာပဲ။"

"ဟားဟားဟား၊ ဟုတ်တယ်!"

***

သူတို့နှစ်ယောက် ခဏလောက် စကားပြောပြီးနောက် ဇာတ်ညွှန်းကို အတူတူဖတ်ကြည့်ကြသည်။ ည ၉ နာရီထိုးမှသာ တရားဝင် ရိုက်ကူးရေး စ၏။

ရှားမင်ရှီးဟာ ယွီနျန့်ရဲ့ ပုခုံးပေါ်မှီပြီး ခဏလောက် ငိုက်မြည်းနေခဲ့တာမို့ နှိုးလိုက်တဲ့အခါ မျက်လုံးကို ပွတ်ရင်းနိုးလာသည်။

"စတော့မှာလား"

"အင်း...မင်ရှီး... မင်း ခုနက အိပ်ပျော်နေတုန်း စကားတွေ ပြောနေတာကိုတော့ ငါပြောပြရမှာပဲ။"

ရှားမင်ရှီးက လန့်သွားပြီး အိပ်ချင်စိတ်တွေ ချက်ချင်း ပျောက်သွားသည်။

"ငါငါငါ... ဘာတွေ ပြောလိုက်မိလို့လဲ!"

"ဘာမှ မပြောပါဘူး။ အိပ်မက်ထဲမှာ ဇာတ်ညွှန်းတွေ ရွတ်နေတာ။ဒီလောက်တောင် ကြိုးစားနေတာလား"

"ဒါပေါ့! ငါ့အမေကို အရှက်မခွဲနိုင်ဘူးလေ!"

ရှားမင်ရှီးက ဂုဏ်ယူသည့် အမူအရာနဲ့ ပြန်ထရပ်လိုက်ပြီး အော်ပြောသည်။

"အစ်မ မိတ်ကပ်ဆရာမ... ကျွန်တော့်ကို မိတ်ကပ်လေး နည်းနည်း ပြန်ပြင်ပေးပါဦး။ နဖူးက မိတ်ကပ်တွေ နျန့်နျန့်ရဲ့ အင်္ကျီမှာ ပေကုန်လို့။"

***

"To Tell the Truth" အစီအစဉ်က ပြည်တွင်းမှာ နာမည်ရနေသည့် အင်တာဗျူးနဲ့ Variety အစီအစဉ်တစ်ခုပါ။ ပုံမှန်အားဖြင့် တင်ဆက်သူတစ်ဦး၊ ပုံမှန်ဧည့်သည် လေးဦးနဲ့ အပိုင်းတိုင်းမှာ ဖိတ်ကြားထားသော အနုပညာရှင် နှစ်ဦးတို့ အတူထိုင်ပြီး စကားပြောကြ၊ ပါရမီတွေ ပြကြ၊ ဂိမ်းတွေ ကစားကြတာမျိုး။ ယေဘုယျအားဖြင့် အနုပညာရှင်တွေအပေါ် ဖော်ရွေပြီး သိပ်မခက်ခဲသည့် အစီအစဉ်ပေါ့။ နာမည်ကြီးလွန်းတာမျိုး မဟုတ်ပေမဲ့ ကြည့်ရှုနှုန်းကတော့ အတော်လေး ကောင်း၏။

ရိုက်ကူးရေး စသည်နှင့် တင်ဆက်သူက ထုံးစံအတိုင်း အခန်းအနားကို စတင်လိုက်ပြီး ပုံမှန်ဧည့်သည်တွေနဲ့ စကားပြောပြီးနောက်မှာ စတင်မိတ်ဆက်ပေးသည်။

"ကင်မရာကို ဒီဘက်လှည့်ပေးပါ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ဘေးမှာရှိတဲ့ အရမ်းကြည့်ကောင်းတဲ့ လူနှစ်ယောက်ကတော့ ဒီနေ့ရဲ့ ဧည့်သည်တော်တွေဖြစ်တဲ့ ယွီနျန့်နဲ့ ရှားမင်ရှီး တို့ပဲ ဖြစ်ပါတယ်!"

သူတို့နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး နှုတ်ဆက်ကြတဲ့အခါ တင်ဆက်သူက

"မင်းတို့နှစ်ယောက်စလုံး ဒီလိုမျိုး Variety အစီအစဉ်မှာ ပါဝင်တာ ဒါ ပထမဆုံးအကြိမ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။"

ဧည့်သည်တစ်ယောက်က ကြားဖြတ်မေးသည်။

"ဘယ်လိုမျိုး Variety အစီအစဉ်လဲ"

တင်ဆက်သူက ရယ်ပြီး

"ဖြစ်နိုင်တာကတော့... ဟာသ Variety အစီအစဉ်ပေါ့ အစီအစဉ်ရဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အရင်ဆုံး ဟာသတစ်ခုစီ ပြောကြရအောင်!"

ရှားမင်ရှီးက လက်ထောင်ပြီး

"ကျွန်တော် အဆင်သင့်ပဲ၊ ကျွန်တော် အရင်စမယ်!"

သူက ချောင်းတစ်ချက်ဟန့်ပြီးမှ အမူအရာက လေးလေးနက်နက်နှင့် စပြောလာသည်။

"ငှက်ပျောသီး နှစ်လုံးက ရှေ့ဆင့်နောက်ဆင့် ဈေးဝယ်ထွက်လာကြတယ်။ လမ်းလျှောက်နေတုန်းမှာ ရှေ့က ငှက်ပျောသီးက ပူလာတာနဲ့ သူ့အင်္ကျီကို ချွတ်လိုက်ရော! အဲဒီမှာ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်... နောက်က ငှက်ပျောသီးက လဲကျသွားတာပေါ့! ဟားဟားဟားဟား!"

"ဟားဟားဟားဟား"

ရယ်သံတွေ ရပ်သွားတော့ ရှားမင်ရှီးက မျက်တောင်လေးခတ်ပြီး စဉ်းစားမရသလို ဖြစ်နေသည်။

"ခင်ဗျားတို့က ဘာလို့ ကျွန်တော်နဲ့ နျန့်နျန့် ရယ်သလို လိုက်မရယ်ကြတာလဲ"

တင်ဆက်သူက ကြောင်တောင်တောင်နဲ့ မေးရတော့၏။

"အဲဒါက ရယ်စရာလား"

ရှားမင်ရှီးက ယွီနျန့်ကို ကြည့်လိုက်တော့ ယွီနျန့်က ခေါင်းညိတ်ပြီး "ရယ်စရာကြီးလေ" ဟု ထောက်ခံပြောပေးသည်။

ရှားမင်ရှီးက တင်ဆက်သူဘက်ကို "ခင်ဗျား အလှည့်ပဲ" ဆိုတဲ့ အကြည့်နဲ့ ပြန်လှည့်ကြည့်တော့မှ တင်ဆက်သူကလည်း "ဟားဟားဟား" လို့ သုံးချက်လောက် လိုက်ရယ်ပေးရပါတော့သည်။

ယွီနျန့်က မတ်မတ်ထိုင်လိုက်ပြီး သူ့ ဂျင်းအင်္ကျီကြယ်သီးကို ဖြုတ်လိုက်ရင်း ပြောလာသည်။

"ကျွန်တော့်အလှည့် ရောက်ပြီ။"

သူက နားကြပ်ကို အနေအထား ပြန်ပြင်လိုက်ပြီး စပြောပါတော့၏။

"ကောင်မလေးတစ်ယောက်က ရဲစခန်းကိုလာပြီး 'ဦးရဲမေ... သမီးအိတ် ပျောက်သွားလို့' လို့ ပြောတယ်။ ရဲသားက သူ့ရင်ဘတ်သူ ပုတ်ပြီး 'စိတ်မပူနဲ့ သမီး၊ ဦးလေးဆီမှာသာ ထားခဲ့လိုက်' လို့ ပြန်ပြောတယ်။ အဲဒီတော့ ကောင်မလေးက ဇဝေဇဝါနဲ့ 'ဟင်... ဘာလို့ သမီးကို ပြန်မပေးတာလဲ' တဲ့။"

ယွီနျန့် ပြောလို့လည်းဆုံးရော ရှားမင်ရှီးက "ဗုန်း" ခနဲဖြစ်အောင် စားပွဲကို ရိုက်ပြီး အားရပါးရ ရယ်ပါတော့သည်။ တင်ဆက်သူကတော့ သက်ပြင်းအကျယ်ကြီး ချလိုက်ပြီး

"အိုး... ဘာလို့ ရုတ်တရက်ကြီး ချမ်းစိမ့်သွားရတာလဲ"

မျက်မှန်တပ်ထားသည့် အမျိုးသမီး ဧည့်သည်တစ်ယောက်က ခေါင်းညိတ်ပြီး

"ဟုတ်တယ်၊ ခုနလေးတင် အီကွေတာမှာ ရောက်နေပြီး နောက်တစ်စက္ကန့်ကျတော့ တောင်ဝင်ရိုးစွန်းကို ရောက်သွားသလိုပဲ။ ဟေး... ပြောစရာရှိတာက မင်းတို့နှစ်ယောက် စင်နောက်မှာ တိုင်ပင်လာကြတာလား ဥက္ကဋ္ဌ၊ ဥပမာ ဟာသပြောလို့ ဘယ်သူမှ မရယ်ရင် တစ်ယောက်ကိုတစ်ယောက် ပြန်ကူညီရမယ် ဆိုတာမျိုးလေ။"

ယွီနျန့်က ခေါင်းခါပြသည်။

"မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာတော့ ရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့ ဖျော်ဖြေမှုပြီးလို့ ဘယ်သူမှ လက်မခုပ်ဘဲ အနေရခက်တဲ့ တိတ်ဆိတ်မှုကြီး ဖြစ်နေရင်၊ ကျွန်တော်တို့ အချင်းချင်း အားရပါးရ လက်ခုပ်တီးပြီး ချီးကျူးပေးကြမယ်လို့လေ။ တော်တယ်မလား!"

ပြောပြီးတာနဲ့ သူက ကိုယ်ဟန်ပြပြီး ထပ်လုပ်ပြပြန်သည်။ တစ်ကွင်းလုံး ရယ်သံတွေနဲ့ ပွက်လောရိုက်သွားတာပေါ့။

ရှားမင်ရှီးက အံ့သြသွားပြီး "ခုနက ဟာသပြောတုန်းက မရယ်ကြဘဲ အခုကျမှ အကုန်လုံး ရယ်နေကြတာပဲ! ငါတော့ ပျော်သွားပြီ!"

"ဟုတ်တယ်၊ အရမ်းပျော်ဖို့ကောင်းတာပဲ!"

တင်ဆက်သူက ရှေ့က ခေါင်းလောင်းလေးကို လှုပ်လိုက်ပြီး

"ကဲ... ဟာသပြောတဲ့အပိုင်းကို ကျော်လိုက်ကြရအောင်။ အခု အင်တာဗျူးလေး လုပ်ကြမယ်။ မင်းတို့နှစ်ယောက်က အရင်က 'Sound of Nature' မှာ အတူတူ ပါဝင်ခဲ့ကြပြီး အခုထိလည်း ရင်းနှီးကြတယ်လို့ သိရပါတယ်။ အခု မေးခွန်းတစ်ခု မေးမယ်။ ယွီနျန့်နဲ့ ရှားမင်ရှီး၊ မင်းတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပိုချောတယ်လို့ ထင်သလဲ"

ယွီနျန့်နဲ့ ရှားမင်ရှီးက ပြိုင်တူနီးပါး ပြောလိုက်ကြတာက "ကျွန်တော်!"

"ဒါဆို ဘယ်သူက ပိုတော်သလဲ"

"သူ!"

"သူ!"

"ဘယ်သူက အရုပ်ဆိုးသလဲ"

"ကျွန်တော် မဟုတ်ဘူး!"

"သူ!"

အဖြေတွေ ပြီးသွားတော့ ယွီနျန့်က ရှားမင်ရှီးကို ကြည့်ပြီး

"ကဲ... တို့တွေရဲ့ သူငယ်ချင်းသံယောဇဉ်က ဒီနေ့မှာတင် ကုန်ဆုံးပါပြီ။"

ရှားမင်ရှီးက မေးလေးမော့ပြီး

"ကုန်ချင်ကုန်လေ၊ ဘယ်သူက ဂရုစိုက်လို့လဲ!"

နောက်တစ်စက္ကန့်မှာပဲ သူက လက်ကမ်းပေးလိုက်ပြီး

"ဟိုလေ... တို့တွေ အသစ်ကစပြီး မိတ်ဆက်ကြရအောင်။ မင်္ဂလာပါ၊ ကျွန်တော့်နာမည် ရှားမင်ရှီးပါ၊ အဖေက ရှားယွမ်၊ အမေက ကျန်းလန် ပါ။"

ယွီနျန့်က ရှားမင်ရှီးရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး

"မင်္ဂလာပါ၊ ကျွန်တော့်နာမည် ယွီနျန့်ပါ၊ အစ်မက ယွီချင်း ပါ၊ တို့တွေက ညီအစ်ကိုတွေ ဖြစ်လာဖို့ ကံပါလာတာပဲ။"

သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုက အရမ်းကို ပိုလွန်လွန်းနေတာကြောင့် ပရိသတ်တွေ တစ်ခါပြန်ပြီး ရယ်မောကြပြန်သည်။

တင်ဆက်သူလည်း လိုက်ရယ်မိပြီး ဧည့်သည်တစ်ယောက်က ‌တောင်းဆိုလာသည်။

"ဇာတ်ညွှန်းထဲမှာတော့ မပါပေမဲ့၊ မင်းတို့နှစ်ယောက် ဖုန်းတစ်ချက်လောက် ခေါ်ကြည့်ကြမလား"

"ကျွန်တော့်မိဘတွေနဲ့ ယွီနျန့်ရဲ့ အစ်မဆီကိုလား"

တင်ဆက်သူက ထောက်ခံသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား"

ယွီနျန့်နဲ့ ရှားမင်ရှီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး

"ရပါတယ်။"

ဖုန်းကို စပီကာဖွင့်ပြီး ရှားမင်ရှီးက အရင်ခေါ်လိုက်သည်။ သုံးချက်လောက် မြည်ပြီးတော့ တစ်ဖက်ကနေ ယောကျ်ားသံ အက်အက်နဲ့ စကားကို ခပ်သွက်သွက် ပြောလာ၏။

"မင်းအမေနဲ့ ပြောစရာရှိလို့ အဖေ အလုပ်ရှုပ်နေတယ်။ ဖုန်းချလိုက်တော့မယ်။ ထပ်ခေါ်ရင် မကိုင်တော့ဘူးနော်!"

ရှားမင်ရှီး ကြောင်သွားပြီး

"အဲ... ဒါဆို ကျွန်တော့်အမေဆီ ခေါ်ကြည့်ရမလား"

တင်ဆက်သူက ခေါင်းညိတ်ပြသည်။

"ကောင်းပြီ၊ ခေါ်လိုက်လေ။"

ဖုန်းထပ်ခေါ်လိုက်တော့ တစ်ချက်တည်းနဲ့ ကိုင်လာ၏။

"မင်းအဖေနဲ့ ပြောစရာရှိလို့။ အမေ အလုပ်ရှုပ်နေတယ်၊ နောက်မှ ပြန်ပြောမယ်နော် သားလေး!"

တစ်ဖက်က ဖုန်းချသွားပြန်တော့ ရှားမင်ရှီးက လှည့်ပြီး ယွီနျန့်ပုခုံးပေါ် ခေါင်းမှီလိုက်ကာ စိတ်ပျက်လက်ပျက်နဲ့ ပြောတော့၏။

"ကဲ... ဘယ်သူမှ ငါ့ကို ဂရုမစိုက်ဘူးဆိုတဲ့ လျှို့ဝှက်ချက်ကြီးကတော့ ဒီနေ့မှာပဲ လူသိရှင်ကြား ဖြစ်သွားပြီ..."

တင်ဆက်သူကတော့ အားမနာတမ်း အကျယ်ဆုံး ရယ်ပါတော့သည်။

ယွီနျန့် အလှည့်ရောက်တော့ သူက ယွီချင်းဆီကို ခေါ်လိုက်သည်။ ခုနစ်ချက်၊ ရှစ်ချက်လောက် မြည်ပြီးမှ တစ်ဖက်က ကိုင်၏။ ဒါပေမဲ့ ယွီနျန့် စကားမပြောရသေးခင်မှာပဲ ယွီချင်း၏ ဒေါသထွက်နေတဲ့ အသံကြီး ထွက်လာပါရော။

"ရွှီရှန့်လန်က ဒီနေ့ ငါ့ကို ၁၁ ကြိမ်တောင် NG ပေးနေတယ်! နင် ငါ့အတွက် လုပ်ပေးထားတဲ့ ငရုတ်သီးဆော့စ်ပုလင်းကို ဝှက်ထားပြီး သူ့ကို မကျွေးလို့ မဟုတ်လား! ဒီအဘွားကြီးတော့ နောက်ထပ် မိတ်ကပ်လိမ်းပြီး မရိုက်နိုင်တော့ဘူး! သပိတ်မှောက်ပြီ! ငါက"

ယွီနျန့်က ကြားဖြတ်ပြောလိုက်သည်။

"အစ်မ... အစ်မ အခု သတင်းစာမျက်နှာထက် ရောက်သွားနိုင်တယ်နော်။"

ယွီချင်းက ချက်ချင်း သတိဝင်လာသည်။

"နင် အစီအစဉ် ရိုက်နေတာလား"

နှစ်စက္ကန့်လောက် ကြာတော့ သူမ အသံက ပုံမှန်ပြန်ဖြစ်သွားပြီး တိုးတိုးလေးဖြင့် ငြင်သာစွာ

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မ ယွီချင်းပါ၊ ခုနက ဘာမှမဖြစ်ခဲ့ဘူးနော်၊ ဟုတ်တယ်မလား ကျွန်မက ငယ်သေးတော့ အားလုံးပဲ ဝိုင်းဝန်းကူညီပေးကြပါဦး။ တာ့တာ။"

ပြောပြီးတာနဲ့ ဖုန်းချသွားပါတော့သည်။

တင်ဆက်သူက နက်စ်တိုင်ကို ပြန်ပြင်လိုက်ပြီး ကင်မရာဘက်ကို တည်တည်ကြည်ကြည်နဲ့ လှည့်ပြောလိုက်သည်။

“ကဲ... ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ ဒီအပိုင်း ထွက်လာပြီးလို့မှ ကျွန်တော်တို့ အစီအစဉ် Trending မဝင်ရင် ကျွန်တော် မိုက်ကရိုဖုန်းကို စားပြတဲ့အထိ Live လွှင့်ပြပါ့မယ်!"

သူ့ရဲ့ ခန့်မှန်းချက်က တကယ့်ကို မှန်ကန်သွားပါသည်။ တနင်္ဂနွေညမှာ "To Tell the Truth" အစီအစဉ် အသစ်ထွက်လာပြီးတဲ့နောက် ခေါင်းစဉ်တော်တော်များများဟာ အကြီးအကျယ် နာမည်ကြီးသွားပါတော့၏။

[#ဘယ်သူမှ ရှားမင်ရှီးကို ဂရုမစိုက်ကြဘူး# ဟားဟားဟား၊ ပရိသတ်တွေတော့ ရယ်ရလွန်းလို့ သေတော့မယ်! မင်ရှီးအတွက်တော့ ရင်ထဲမကောင်းဘူး၊ ဒီလိုမိဘမျိုးနဲ့ ဆုံရတာ သနားစရာလေး။ လာ... ခေါင်းလေး ပုတ်ပေးမယ်နော်! ဒါပေမဲ့ ရှားယွမ်ရဲ့ နောက်ဆုံးစကားကတော့ တကယ်ကို ရယ်ရတယ် ဟားဟား!]

[#ယွီချင်း သပိတ်မှောက်ခြင်း# ဟားဟားဟားဟား၊ ငရုတ်သီးဆော့စ် တစ်ပုလင်းက ရိုက်ကူးရေးအဖွဲ့ကို သပိတ်မှောက်စေခဲ့ပြီ! အစ်မယွီချင်းက စက္ကန့်ပိုင်းအတွင်း နူးညံ့သွားတာပဲ lmao! မဖုံးပါနဲ့တော့၊ အရင်က လူယုတ်မာတစ်ယောက်ကို ဆေးရုံရောက်အောင် လုပ်ခဲ့တဲ့ အစ်မရဲ့ သူရဲကောင်းလုပ်ရပ်ကို ပရိသတ်ဟောင်းတွေက သိပြီးသားပါ!]

[#ယွီနျန့် ရှားမင်ရှီး# ဟားဟား! အေးစက်စက် ဟာသပြောတဲ့အတွဲ ပွဲဦးထွက်လာပြီ၊ တစ်ယောက်ကိုတစ်ယောက် ပြန်အားပေးနေကြသေးတယ် 666! ကြည့်လို့ တအားကောင်းတာပဲ!]

[#ယွီနျန့် To Tell the Truth# အား... နျန့်နျန့်ကို Variety show တွေမှာ ပိုတွေ့ချင်သေးတယ်! ဘုရားရေ... သူ ပီယာနိုတီးပြီး တိုက်ရိုက်ဆိုတာက တကယ့်ကို ဆွဲဆောင်မှုရှိတာပဲ! အကြိမ်ကြိမ် ပြန်ကြည့်နေမိတယ်! နျန့်နျန့်က CD တွေစားပြီး ကြီးလာတာလား အသံက တကယ့်ကို တည်ငြိမ်တာပဲ! ပြီးတော့ အစ်မအတွက် ငရုတ်သီးဆော့စ်တောင် လုပ်ပေးနိုင်သေးတာလား တကယ့်ကို လိမ္မာတဲ့ကလေးလေးပဲ!]

[#ယွီနျန့် To Tell the Truth# ဘုရားရေ... ဒါ ဘယ်လိုပါရမီမျိုးလဲ! အားလုံး သတိထားကြည့်ကြဦး။ အစီအစဉ်မှာ နျန့်နျန့်တီးပြီးဆိုသွားတဲ့ သီချင်းက သူကိုယ်တိုင် ရေးထားတာတဲ့! အဲဒီမှာတင် ရေးလိုက်တာနော်! နားထောင်လို့ အရမ်းကောင်းလွန်းလို့ မျက်ရည်တောင် ကျမိတယ်! Single သီချင်းအဖြစ် ထုတ်ပေးဖို့ တောင်းဆိုပါတယ်၊ ကျွန်မ ဝယ်ပါ့မယ်!]

မုန့်ယွမ်က လူကြိုက်များနေသည့် အချက်အလက်တွေကို ဖတ်ပြီးနောက်မှာတော့ ပျော်ရွှင်စွာ ပြုံးမိသည်။

"မဆိုးဘူး။ အစ ကောင်းတယ်။ နျန့်နျန့်... မင်းက Variety show တွေနဲ့ တော်တော်လေး အံဝင်ခွင်ကျဖြစ်တာပဲ။ နောက်လည်း တစ်ခု၊ နှစ်ခုလောက် ထပ်စမ်းကြည့်လို့ ရမယ်ထင်တယ်။ "To Tell the Truth" ထွက်ပြီး တစ်ညတည်းမှာတင် မင်းရဲ့ Follower တွေက လေးငါးသိန်းလောက် တိုးလာတာလေ။ ဒါက ပရိသတ်အသစ်တွေရဖို့ တကယ်ကို အစွမ်းထက်တဲ့ နည်းလမ်းပဲ!"

ယွီနျန့်က ပြုံးပြုံးလေးနဲ့ မက်ဆေ့ချ်တွေ ဖတ်နေတာကို တွေ့တော့ မုန့်ယွမ်က ရိပ်မိသွားသည်။

"ဟေး... ဟို ၁၈၆ နဲ့ စကားပြောနေတာလား"

ယွီနျန့်က ရှက်သွားပြီး ဖုန်းကို ပိတ်လိုက်ပြီး

"အစ်ကိုမုန့်က ဘယ်လိုသိတာလဲ"

"မင်းရဲ့ အစ်ကိုမုန့်က အတွေ့အကြုံရှိပြီးသားပါ။ မင်းပြုံးနေတဲ့ ပုံစံကိုကြည့်ရုံနဲ့ တစ်ခုခု ထူးခြားနေပြီဆိုတာ သိတာပေါ့"

မုန့်ယွမ်က သူ့လက်ထဲက စာရင်းဇယားတွေကို ကမ်းပေးလိုက်သည်။

"ဒါလေး ကြည့်လိုက်ဦး။ Florence က ပြီးခဲ့တဲ့ နှစ်ပတ်စာ ရောင်းအားကို တွက်ချက်လိုက်တာ ငါတောင် လန့်သွားတယ်။ နှုတ်ခမ်းနီက စက္ကန့်ပိုင်းအတွင်း တစ်ထောင်လောက် ရောင်းရပြီး။ Online တက်ပြီး နာရီဝက်အတွင်းမှာတင် ရောင်းအားက သန်းချီသွားတာ။ ကြော်ငြာထဲမှာ မင်းဆိုးထားတဲ့ အရောင်က အရမ်းခေတ်စားသွားလို့ အခု ပစ္စည်းပြတ်နေပြီ။ စုစုပေါင်း ရောင်းအားက ၅,၀၀၀ ရာခိုင်နှုန်းလောက်အထိ ထိုးတက်သွားတာ!"

ဘေးကနေ နားထောင်နေသော ရှီရို့ကလည်း အံ့သြသွားလျက်

"ဒီလောက်အထိ ရောင်းအားကောင်းနေမှတော့ တို့တွေ ဘယ်ဘရန်းရဲ့ ကြော်ငြာရှင်ဖြစ်ဖို့မှ စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့!"

"ငါတို့ ကြော်ငြာလက်ခံဖို့အတွက် စိတ်ပူစရာမလိုပေမဲ့ အရည်အသွေးမြင့်တဲ့ ဘရန်းတွေရဖို့တော့ ဂရုစိုက်ရမယ်။ နာမည်ကြီးဘရန်းတွေက အခုထိတော့ အခြေအနေစောင့်ကြည့်နေတုန်းပဲ။ ငါတို့က သူတို့ထက် ပိုပြီး စိတ်ရှည်ရမယ်"

ယွီနျန့်ကတော့ ခေါင်းလေးငုံ့ပြီး မက်ဆေ့ချ်တွေပဲ တကောက်ကောက် ပို့နေတာကိုကြည့်ပြီး မုန့်ယွမ်က သက်ပြင်းချလိုက်သည်။

"သားက အရွယ်ရောက်လာပြီဆိုတော့လည်း အိမ်ထောင်ချပေးရတော့မှာပဲ။ မဟုတ်ရင် ရန်ငြိုးတွေ ဖြစ်ကုန်တော့မယ်!"

ယွီနျန့်ကတော့ ပြုံးနေရုံကလွဲလို့ ဘာမှပြန်မပြောတာကိုတွေ့တော့ မုန့်ယွမ်ကလည်း ဆက်မစတော့ဘဲ

"မင်း စိတ်အခြေအနေက အရမ်းကောင်းနေတယ်ဆိုတော့ မနက်ဖြန်ကစပြီး EP ပြင်ဆင်တဲ့အလုပ်မှာ ကိုယ်တိုင်ပါဝင်ရမယ်! Demo ကိစ္စက ပြီးသွားပြီ။ Arrangement ကိုလည်း မင်းကိုယ်တိုင် လုပ်ထားတာဆိုတော့ မနက်ဖြန်ကျရင် Subtrack တွေ အသံသွင်းတာနဲ့ တူရိယာတွေ ပြင်ဆင်တာ စတော့မယ်။ အဆင်ပြေတယ်မလား"

ယွီနျန့်က ခေါင်းညိတ်ပြသည်။

"အဆင်ပြေပါတယ်!"

သူက နှုတ်ခမ်းလေးကို ခပ်တင်းတင်းစေ့လိုက်ပြီးမှ

"ဒါဆို... ကျွန်တော် ဒီည အပြင်ခဏသွားလို့ ရမလားဟင်"

"၁၁ နာရီတောင် ထိုးတော့မယ်လေ နည်းနည်းတော့ နောက်ကျနေပြီ"

မုန့်ယွမ်က မျက်မှောင်လေးကြုံ့ပြီး "ချိန်းတွေ့မလို့လား"

"မဟုတ်ပါဘူး!ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သူအရမ်းမူးနေလို့ လာကြိုပေးလို့ရမလားဆိုပြီး မက်ဆေ့ချ်ပို့ထားလို့ပါ"

မုန့်ယွမ်က လက်ယမ်းပြလိုက်သည်။

"ဒါဆိုလည်း မြန်မြန်သွားတော့။ လမ်းမှာ ဂရုစိုက်ဦး!"

***

ဒီကားက ကုမ္ပဏီက ချပေးထားတာပါ။ ယွီနျန့် တစ်ခါမှ မမောင်းဖူးဘဲ ကုမ္ပဏီကားဂိုဒေါင်ထဲမှာပဲ ရပ်ထားတာကြာပြီ။ သူ ကားမောင်းသူနေရာမှာ ထိုင်လိုက်ပြီး ဖုန်းကိုဖွင့်ကာ ရှဲ့ယို့ဆီက မက်ဆေ့ချ်ကို တစ်ခေါက် ပြန်ဖတ်ကြည့်လိုက်သည်။

တစ်ဖက်လူက လူမှားပြီး ပို့လိုက်တာလည်း ဖြစ်နိုင်၏။ စာသားအရဆိုရင် ၁၁ နာရီ ၄၀ မှာ သတ်မှတ်ထားသည့်နေရာကို လာကြိုဖို့ ကားဆရာကို ခိုင်းတဲ့ပုံစံမျိုးပါ။ ဒါပေမဲ့ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ဒီစာက သူ့ဆီ ရောက်လာတာပေါ့။

မှားပို့တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။

ယွီနျန့်က သတ်မှတ်ထားသည့်နေရာကို ကားမောင်းသွားပြီး ဦးထုပ်လေးဆောင်းကာ တိတ်တဆိတ် စောင့်နေလိုက်သည်။ ၁၁ နာရီ ၄၂ မိနစ်မှာတော့ လက်ထောက်တစ်ယောက်နဲ့တူသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကားတံခါးကိုဖွင့်ပြီး ရှဲ့ယို့ကို တွဲတင်ပေးလာသည်။ လိပ်စာကို လေသံတိုးတိုးနဲ့ ပြောပြီးတာနဲ့ တံခါးပိတ်ကာ ထွက်သွားပါတော့၏။

ယွီနျန့်က ခပ်သွက်သွက် ထွက်သွားသည့် လက်ထောက်ကို တစ်ချက်ကြည့်၊ ပြီးတော့ မျက်လုံးမှိတ်ထားပြီး အရက်နံ့တွေ ထွက်ကာ မျက်နှာတစ်ခုလုံး နီမြန်းနေသော ရှဲ့ယို့ကို ကြည့်ပြီး ခေါင်းလေးစောင်းကာ ရယ်မိသွားသည်။

ကြည့်ရတာ ဒီမက်ဆေ့ချ်က မှန်အောင် ပို့လိုက်တာပဲ ဖြစ်ရမယ်။

ရှဲ့ယို့ကို ထိုင်ခုံခါးပတ် ပတ်ပေးဖို့ အနားကို တိုးကပ်သွားပြီးတဲ့နောက် ယွီနျန့်က စတီယာရင်ကို ကိုင်ကာ ကားပါကင်ကနေ မောင်းထွက်လာခဲ့သည်။

တကယ်တော့ ရှဲ့ယို့က အဲဒီလောက်ကြီး မူးမနေပါဘူး။ သူက ထိုင်ခုံနောက်မှီကို ခေါင်းမှီထားရင်း အမှောင်ထဲမှာ ယွီနျန့်ရဲ့ ဘေးတိုက်ပုံရိပ်ကို ခိုးကြည့်နေမိတာပါ။ ယွီနျန့်ကလည်း ဘေးက ရှဲ့ယို့ကို အမြဲသတိထားနေတာမို့ တစ်ဖက်လူက သူ့ကို စိုက်ကြည့်နေမှန်း သိတာပေါ့။ သူက အကြည့်ခံလိုက်ပြီးမှ ခဏအကြာမှာ မေးလိုက်၏။

"နေလို့မကောင်းဘူးလား"

ရှဲ့ယို့အသံက အရမ်းတိုးပြီး အနည်းငယ် အက်ရှနေ၏။

"အင်း... နေလို့မကောင်းဘူး၊ ခေါင်းထဲမှာ မူးနေတယ်"

ယွီနျန့်က မျက်မှောင်လေး အနည်းငယ်ကြုတ်သွားပြီး စိုးရိမ်တကြီးနဲ့

"ဘာလို့ ဒီလောက်အများကြီး သောက်လိုက်ရတာလဲ"

"သူတို့က အတင်းတိုက်ကြတာ"

တိုင်တောနေသလိုမျိုး အဲဒီစကားလုံးတွေထဲမှာ သူကိုယ်တိုင်တောင် သတိမထားမိတဲ့ အလိုမကျမှုနဲ့ ဝမ်းနည်းမှုတွေ ပါဝင်နေလျက်။ သူ့စိတ်က လေးလံနေပြီး ဖိနှိပ်ထားရသည့် ဝမ်းနည်းမှုတွေက ရင်ထဲကနေ ပွက်ပွက်ထလာသော ပူဖောင်းလေးတွေလိုပါပဲ။

သူ့အဖေ ဆုံးပါးသွားခါစတုန်းက တကယ်ကို ခက်ခဲခဲ့တာပါ။ သူက ငယ်သေးသလို အားကိုးလမ်းညွှန်ပေးမယ့် လူကြီးမိဘလည်း မရှိခဲ့ဘူး။ အမှောင်ထဲကနေ သူ့ကို ဘယ်နှစ်ယောက်တောင် ချောင်းမြောင်းနေလဲဆိုတာ သူ မသိခဲ့ဘူး။ အဲဒီလို လူကြီးဆိုသူတွေက သူ့ကို မူးအောင် တိုက်ရင်တောင် သူက ကြောက်ပြလို့ မရသလို၊ အန်ထုတ်လို့လည်း မရခဲ့ဘူး။ နောက်တစ်နေ့မှာ အဆုံးမရှိသည့် အစည်းအဝေးတွေ ရှိနေဦးမှာဖြစ်ပေမဲ့ သူကတော့ ဆက်သောက်နေခဲ့ရတာပါ။

ဒီတစ်ခါ ညစာစားပွဲကို ဦးလေးချွိက စီစဉ်ပေးတာဖြစ်ပြီး အဓိကကတော့ တင်းကျောက်ရှန်းရဲ့ ကိစ္စတွေအတွက်ပါ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူက ပြင်ပလောကအပေါ် အေးစက်ပြီး တင်းမာတဲ့ပုံစံမျိုး ပြသခဲ့တာကြောင့် မသောက်မဖြစ် အရက်ကလွဲရင် ဘယ်သူမှ သူ့ကို အတင်းမတိုက်ရဲကြပါဘူး။

ဒါပေမဲ့ ယွီနျန့်ရဲ့ ရှေ့မှာတော့... သံနဲ့ဂဟေဆော်၊ ကြေးနီနဲ့ သွန်းလုပ်ပြီး ရင်ထဲမှာ မြှုပ်နှံထားခဲ့ရသည့် ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေဟာ ခပ်ဟဟ အက်ကြောင်းလေးကနေ တစ်စစချင်း လျှံထွက်လာတော့၏။

လမ်းမီးတိုင်အောက်မှာ နွေးထွေးပြီး ကြည်လင်သည့် ယွီနျန့် မျက်ဝန်းတွေကို ကြည့်ရင်း ရှဲ့ယို့ဟာ ဒီလူသားကို တစ်စက္ကန့်လောက်ဖြစ်ဖြစ် ရုတ်တရက် ဖက်ထားချင်စိတ်ကြီးစွာဖြစ်ပေါ်ရသည်။
_____________________________________________________________________________







Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...