အပိုင်း (၆)
သူ့နေ့ရက်တွေက အရင်လို တစ်ယောက်တည်း မဖြစ်တော့ဘူး။ ကျောင်းရဲ့ table tennis အသင်းကလည်း သူ့ကို လာခေါ်တယ်။ ထွန်းကိုကို မောင်းထုလို့ သူ့ကို မြို့နယ် ၊ တိုင်း အဆင့်ထိ တက်ဖူးတာ သိပြီး ၊ အခုမှ ဆော့ချင်တဲ့ သူတွေအတွက်ကိုပါ နည်းပြက ဝိုင်းကူသင်ပေးခိုင်းတယ်။
အတန်းထဲမှာလည်း သူ့ roll က ထိပ်ဆုံးနားမှာ ပြီးတော့ ဆယ်တန်းအမှတ်ပေါင်းကို သိသွားကြတော့…ဆရာတွေက ဘာလို့ YTU မသွားတာလဲ ဆိုတာမျိုး လာလာမေးကြတယ်။ သူ့မှာ ကိုကို ရှိသေးလို့ပဲ ဖြေမိတယ်။
အထက်တန်းတုန်းကသာ လူတွေက သူ့ကို မကြိုက်ကြတာ ။ အခုတော့ ထွန်းကိုက ပြောတယ်။ ကျောင်းက သူတွေက မင်းကို တအားခင်ချင်ကြတာ။ မင်းက ရုပ်တည်ကြီးနဲ့နေလို့ သူတို့က မင်းကို စကားသိပ်မပြောရဲကြတာတဲ့။ စကားပြောချင်ရင် ပြောကြလေ။ သူက အမြဲနားထောင်ပေးရတာ ပင်ပန်းတာမှ မဟုတ်တာ။ မေမေဆိုလည်း တောက်လျောက်ပြောနေတာပဲ။ ထွန်းကိုကိုလည်း ဘာထူးလဲ။ သူဘယ်တုန်းက မပြောနဲ့တော့ နားညည်းတယ်လို့ တားဖူးလို့လဲ။
ဒါပေမဲ့ ထွန်းကို ကိုတော့ မကြောက်နဲ့ ၊ လာပြောလို့ ရတယ် လို့တော့ မမှာဖြစ်ဘူး။ သူ အရင်ကျောင်းမှာတုန်းက အကြောင်းတွေကြားရင် ဘယ်သူမှ သဘောကျမှာ မဟုတ်ဘူးလေ ။ ဒီအတိုင်းပဲ ၊ ကိုကို့နားမှာနေ ။ ထွန်းကိုနဲ့ table tennis ရိုက် ၊ အတန်းတက် ၊ လက်တွေ့လုပ် ၊ ပုံဆွဲ ၊ ကျောင်းပိတ်ရက် မြို့ထဲမှာ ကျူရှင်သွားတက်။ သူ့ဘဝကို သူ ကျေနပ်ပါတယ်။ အခုဆို ကိုကိုနဲ့ ပတ်သတ်ပြီးလည်း သူရန်ဖြစ်စရာ သိပ်မရှိတော့ဘူးလေ။
သူသဘောကျတဲ့ သူငယ်ချင်းအုပ်စုနဲ့တော့ မကြာခဏ လမ်းမှာဆုံတယ်။ သူတို့ ထိုင်တဲ့ ကန်တင်းနဲ့ ကိုကို နဲ့ သူ့ သူငယ်ချင်းတွေ ထိုင်တဲ့ ကန်တင်းက တူတော့ တစ်ခါတလေ သူ ကိုကို နဲ့လိုက်သွားရင်လည်း ကန်တင်းမှာ ဘေးချင်းကပ် ဝိုင်းပဲ ဖြစ်ဖြစ် ။ မျက်နှာချင်းဆိုင်ပဲ ဖြစ်ဖြစ် ကြုံတတ်တယ်။ သူတို့ ကင်န်တင်းအတူတူ ထိုင်ကြတာ ဆန်းတော့ မဆန်းပါဘူး။ ကိုကိုနဲ့သူက ကျောင်းက တီးဝိုင်းအဖွဲ့ထဲမှာ အတူတူလေ။ ကိုကို့ အမွှာမှန်း သိသွားပြီးတဲ့နောက် မရင်းနှီးကြတာတောင် တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းမိနေကြတယ်။ ကိုကိုနဲ့ သူ့ကို တချို့သူတွေ မှားတတ်ပေမဲ့ တစ်ယောက်သောသူကတော့ ဘယ်တော့မှ မမှားဖူးဘူး။ ကိုကို့ဆို မြင်တာနဲ့ ခန့် ဆိုပြီးနှုတ်ဆက်ပေမဲ့ သူ့ကိုတော့ ဘယ်မှာမြင်မြင် တစ်ချက်လောက် ကြည့်ပြီးတာနဲ့ ဒီအတိုင်း ထွက်သွားတာပဲ။ ဘယ်လိုနေနေ 1BE စစတုန်းက တွေ့သလိုတော့ မှိုင်တွေတွေ မဟုတ်တော့ပါဘူး။ အသဲကွဲတာ ပျောက်သွားပြီပဲ။ ဘိုမလေးနဲ့ တူတာမပြောနဲ့ မြန်မာမလေးတွေ ၊ တရုတ်မလေးတွေ ဘာမလေးတွေမှ ဘေးနားမရှိတော့ဘူး။ သူတို့အဖွဲ့ခေါင်းဆောင် ကောင်မလေးက လွဲလို့…သူကတော့ ကြည်ကြည်လင်လင် ပြုံးရယ်တတ်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေတတ်တာ တွေ့တိုင်းလိုလိုပဲ ။
ပထမနှစ် ဝဲလ်ကမ်းပွဲတုန်းကတော့ ထွန်းကို တို့ မေဂျာ ဝဲလ်ကမ်းကိုသွားလည်ရင်း သူတို့ မေဂျာဝဲလ်ကမ်းပွဲကို ခဏ ချောင်းကြည့်ဖြစ်သေးတယ်။ ဒီလောက် ချောတဲ့ သူက ဘာလို့ ကင်းရွေးပွဲမှာ မပါတာလဲ။ အိုင်တီမေဂျာမှာ King selection ရွေးတုန်းကအဲ့တစ်ယောက်ပါပါတယ်။ သူသေချာ မေဂျာဖေ့ဘုတ်ပေ့ချ်ထဲ တွေ့လိုက်ပါတယ်။ အခု တကယ့်ပွဲကျ မပါတော့ဘူး။ ကိုကို့ ကိုလည်း လာခေါ်ကြသေးတယ်။ သူ့ကိုတော့ မခေါ်ပါဘူး။ Family Teacher က တစ်ခါတည်း တားထားပြီးသား။ ခန့်ညီကို မခေါ်နဲ့ သူမအားဘူး ဆိုပြီး… ဒါနဲ့ ကိုကို့ ကိုခေါ်သွားတာ။ ကိုကိုကတော့ ရှက်လို့ထင် မပါဘူးဆိုပြီး ပြန်ထွက်လာတယ်။ တကယ်တော့ သူတို့ မေဂျာမှာ နာမည်ကြီးအဖွဲ့တွေက ရှိပြီးသား။ သူတို့ထက် အများကြီး ချမ်းသာတဲ့ ရုပ်ချောတဲ့ သူတွေ အများကြီးပါ။
တကယ်လည်း မအားဘူးလေ။ Table tennis လေ့ကျင့်ချိန်နဲ့ အတန်းချိန်တွေ ကြားမှာ သူ့လည်နေတာ။ ဒါတောင် ဘောလုံးအသင်းက လာခေါ်သေးတယ်။ သူ ပထမနှစ်တော့ စာတွေကို အသားကျအောင် ကြည့်နေရသေးလို့ 2BEမှ ပါမယ်လို့ ကတိပေးလိုက်တယ်။
ဒီလိုနဲ့ပဲ သူ့စာသင်နှစ်တစ်နှစ်မှာ အတန်း ၊ table tennis နဲ့ သူသဘောကျတဲ့ သူငယ်ချင်းအုပ်စုနဲ့ မကြာမကြာ ဆုံဖြစ်ခဲ့တဲ့ နေ့ရက်တွေကြား အောင်အောင်မြင်မြင်ပဲ ပြီးဆုံးသွားခဲ့တယ်။
***
ညင်းသဲ့လေသွေး
ချမ်းအေးအေး
ဆုတ်ဖယ်ခွာရင်း
နွေရူးလေပြေ
ဝေ့လည်လည်ကြား
မလေးပိတောက်
သင်းတရှရှ
အေးမြမြ။
****
အရမ်းအေးချမ်းတာပဲ အချစ်ကလေးရယ်
ReplyDelete