အပိုင်း (၇)
ဒုတိယနှစ် ။
ပထမနှစ်ရဲ့ ကြိုးစားမှုက အရာထင်ခဲ့တယ်။ သူ့ Roll no က အရာမယွင်း ထိပ်ဆုံးမှာပဲ တင်ကျန်နေဆဲ။ ဒါနဲ့ပဲ
သူ့ကို ဘောလုံးအသင်းက လာခေါ်ပါတော့တယ်။
“ခန့်ညီ…ရှေ့က စီနီယာ 3ယောက်က 6BE တွေ ။ သူတို့ အလုပ်သင်ဆင်းရမှာနဲ့ မအားကြတော့ဘူး။ မင်းလိုက်ခဲ့တော့။”
“ဘောလုံးမကန်ဖူးဘူး”
“ဘာမှမဖြစ်ဘူး နည်းပြငှားထားတယ်။ FC တွေမှာ လုပ်လာတဲ့ နည်းပြ။ မင်း ပရိုဖက်ရှင်နယ်တောင် ဖြစ်သွားအုံးမယ်။”
“မင်း ဘယ်ရော ညာရော သန်တယ်ဆို…”
“လက်တွေကတော့ ဟုတ်တယ်။ ခြေထောက်တော့ မသိဘူး။”
“ခြေထောက်လည်း ရသွားလိမ့်မယ်။ လာပါ င့ါညီရာ…Civil ဘဲတွေ ဘယ်လို ဘက်စုံတော်လဲ ဆိုတာ ပြလိုက်စမ်းပါ။”
Table tennis ပဲ ဆော့ဖူးတဲ့ သူ့ကို ဘောလုံးအသင်းထဲ ဝိုင်းဆွဲသွင်းကြတော့တယ်။ ရုံတွင်း အားကစားကနေ နေပူပူကွင်းပြင်ကျယ်ထဲ ကစားရတဲ့ အားကစားကို အကူးအပြောင်းမှာ သူ ဖျားပါဖျားတဲ့ထိပဲ။ မေမေက…
“သားငယ်ရယ်…မကစားနဲ့တော့။ မဖျားမနာဖူးတဲ့ သားတောင် ဖျားတယ်ဆိုတော့…table tennis ပဲ ဆော့ပါလား။ မဟုတ်လည်း ကိုကို တို့ တီးဝိုင်းအဖွဲ့မှာပဲ ဝိုင်းကူလိုက်ပါလား။ သားငယ်လည်း အော်ဂင်တီးတတ်တာပဲဟာ” ဟု မေးပေမဲ့
“မတီးချင်တော့ဘူး” လို့ပဲ ပြန်ဖြေလိုက်တယ်။
ငယ်ငယ်က ဖေဖေက ဂီတသင်တန်းတွေ ပို့ပေးတော့ ထူးထူးဆန်းဆန်း သူ အော်ဂင်ရှေ့မှာပဲ ဝင်ထိုင်မိတယ်။ ကိုကိုက ဂီတာတီးပေမဲ့ သူဂီတာကို အခြေခံလောက်ပဲ သင်ပြီး အော်ဂင်ကိုသာ သေသေချာချာ သင်ခဲ့တယ်။ ဒါပေမဲ့ မေမေကတော့ အိမ်မှာ လေ့ကျင့်ဖို့ကျ အော်ဂင်က စျေးကြီးတယ် ဆိုပြီး ဝယ်မပေးခဲ့ဘူး။ အဲ့ဒါနဲ့ သူလည်း ဆက်တိုက်မလေ့ကျင့်ဖြစ်တာကနေ ပြန်တီးရင် အဆင်ချောမှာ မဟုတ်တော့ဘူး။ တီးချင်စိတ်လည်းမရှိတော့ဘူး။ ကျောင်းပြီးမှပဲ စန္ဒရားဝယ်နိုင်ရင် သူ့ပိုက်ဆံနဲ့သူ ဝယ်ပြီးမှ စန္ဒရားတီးပြန်သင်တော့မယ်။ အဲ့အချိန်ထိ သူ့လက်ချောင်းလေးတွေ အဆင်ပြေနေပါစေ။
နောက်ဆုံးတော့ ပါချုပ်ဖလားပွဲ ကစားသမားစာရင်းက ထွက်လာပြီ။ ယောကျာ်းလေး ရှားတဲ့ မေဂျာမို့ထင်။ တစ်ယောက်က မေဂျာရှေ့တန်းတိုက်စစ် ထဲ ပါဝင်လာခဲ့တယ်။ သူကတော့ နောက်တန်းကစားသမား။ ဒီနှစ်တော့ လမ်းမှာ ၊ ကင်န်တင်းမှာထက် ပိုပြီး တွေ့ဖြစ်တော့မယ်ထင်တယ်။
ကိုကိုကတော့ အခုထိ ဘယ်အသင်းထဲမှ ဝင်မပါဘူး။ကျောင်းက တီးဝိုင်းအဖွဲ့က လွဲလို့ပေ့ါ။ အသက်ကြီးလာတာနဲ့အမျှ ကိုကိုလည်း သူ့ဘဝနဲ့ သူပျော်သလို နေ ၊ သူအရင်လိုလည်း ကိုကို့ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ရတာမျိုးတွေ မရှိတော့ဘူး ။ အကုန်လုံးက ကိုကို့ကို ခင်ခင်မင်မင်ပဲ။ သူက ကိုကို လိုတာအကုန် လိုက်လုပ်ပေးဖို့ပဲ။ ကိုကို ပင်ပန်းမဲ့ ကိစ္စဆိုရင် သူဝိုင်းလုပ်ပေးလိုက်ရင်ပဲ ပြီးနေပြီလေ။
ဒါကြောင့် သူလည်း မေဂျာဘောလုံးအသင်းထဲမှာ တော်တော်လေး အချိန်ပေးဖြစ်ပြီး နေသားကျလာတယ်။ ဒီလို ပြေးပြေးလွှားလွှား နဲ့ အားစိုက်ကစားရတဲ့ အားကစားလည်း သူကောင်းကောင်းလုပ်နိုင်နေတာပဲ။ သူ့ခန္ဓာကိုယ်က သူထင်ထားတာထက် ပိုသန်မာနေတာ။
သူတို့ 2BE နှစ်ရဲ့ အုပ်စုပွဲစဥ်တွေမှာ အိုင်တီမေဂျာနဲ့တော့ မဆုံဖြစ်ခဲ့ဘူး။ စောစောစီးစီး ပြုတ်သွားလေ့ရှိတတ်တဲ့ အိုင်တီအသင်း နဲ့ အာခီအသင်းက သူတို့ စာရင်းထဲမှာ မရှိပေမဲ့ ခေါင်းဆောင်က သွားကြည့်ဖို့ လာခေါ်ရင် တော့ အိုင်တီပွဲတွေ သူသွားကြည့်ခဲ့ဖူးတယ်။
“ခန့်ညီလိုက်ခဲ့စမ်း ။ အိုင်တီက ကောင်မလေးတွေလှတယ်ကွ။”
ခေါင်းဆောင် ဆွဲခေါ်တော့ ထွန်းကိုကိုက ထရယ်တယ်။ သူ့အကြောင်း ထွန်းကို အသိဆုံးလေ။ သူစကား ဟဟ ပြောဖူးတဲ့ မိန်းမဆိုလို့ မေမေပဲ ရှိတာ။ ဆရာမတွေနဲ့တောင် သူက မေးထူးခေါ်ပြောပဲ။ အခုနောက်ပိုင်း သူ့ ဖေ့ဘုတ်အကောင့်မှာ လာစကားပြောကြလည်း သူဘာပြန်ပြောရမှန်း မသိလို့… ဟုတ် ရယ် ၊ မဟုတ်ဘူး ရယ် က လွဲ ဘာမှ မပြောဖြစ်ဘူး။ ထွန်းကိုကတော့ စကားပြောလေ့ကျင့်ဖို့ ပြောပေမဲ့ သူ စိတ်မပါဘူး။ အခုလည်း ခေါင်းဆောင်ခေါ်လို့ လိုက်ပေမဲ့ သူက ပွဲကြည့်စင်ရဲ့ အမြင့်ဆုံး ထောင့်ဆုံးမှာပဲ ထိုင်ပြီး အပေါ်စီးကနေပဲ ကြည့်နေလိုက်တယ်။ အောက်မှာ အော်ဟစ်အားပေးနေကြတာက အရမ်းဆူတယ်။ တက္ကသိုလ်ကိုတော့ သူကြိုက်ပါတယ်။ တိတ်ဆိတ်တဲ့ တက္ကသိုလ်ဆိုရင်တော့ သူပိုကြိုက်မိမှာ။
တိုက်စစ်မှူးက မဆိုးပါဘူး ။ ဘောလုံး အခုမှ စကန်ဖူးတဲ့ ပုံစံမဟုတ်ဘူး ။ ဖောဆယ်လောက်တော့ ကန်နေကျနေမယ်။ ပြေးနိုင်တယ်။ အမောခံနိုင်တယ်။ အနိုင်လိုချင်စိတ်လည်း ရှိတယ်။ အိုင်တီရဲ့ အသင်းလိုက် ခြေစွမ်းက တခြားမေဂျာအသင်းတွေနဲ့ ယှဥ်ရင်အားနည်းပေမဲ့ တိုက်စစ်မှူးကတော့ သေချာလေး ဘောလုံးကန်တတ်တယ်။ သူ့ထက်တောင် ကန်တတ်တယ်။
ခေါင်းက ဆံပင်တွေအားလုံး ချွေးတွေနဲ့ နစ်နေပြီး ၊ ပြေးလိုက်တိုင်းခုန်လိုက်တိုင်းမှာ ဆံပင်တွေက လေထဲမှာ မြောက်မြောက်တက်လာတတ်တယ်။ ဖြူဖွေးတဲ့အသားက နေရောင်အောင် နီရဲရဲ။ ပါးပြင်တွေနဲ့ လည်ပင်းတွေဆို ပိုသိသာတယ်။ ကျောပြင်တစ်ခုလုံးလည်း ချွေးတွေနဲ့မို့ ဂျာစီနဲ့ ကပ်နေတယ်။
ဝတ်ထားတဲ့ အကောင်းစား အားကစားဖိနပ်ရဲ့ တန်ဖိုးကို သူသိတယ်။ သူလား ။ တစ်ကိုယ်လုံး ပေါင်းရင်တောင် တိုက်စစ်မှူး ဝတ်ထားတဲ့ ခြေအိတ်တန်ဖိုးလောက်ပဲ ရှိမယ်။ ဒီနှစ် သူ့ကို အတန်းထဲက ဘယ်သူတွေမှန်းမသိ သူ့ခုံအောက်ထဲ ထည့်ပေးသွားတဲ့ မေဂျာတီရှပ်တွေ က တန်ဖိုး တည့်တွက်မရ။ သူအလကားရထားတာလေ။ အပေါ်ထပ် ထပ်ဝတ်ထားတဲ့ ဖလံထည်သား ရှပ်အကွက်က အဘွားက သူက အကွက်တွေ ကြိုက်တယ်ဆိုပြီး အစည်းလိုက် ပို့ပေးလိုက်တာ။ ပုဆိုးကလည်း ကိုကိုနဲ့ အတူတူ မေမေ ဝယ်ပေးထားတဲ့ ဆယ်ထည်ကွင်း အစည်းထဲက တစ်ထည်ပဲ။ လွယ်အိတ်က ဆယ်တန်းတည်းက ကျူရှင်မတက်တဲ့ ကိုကို့ အတွက် အသစ်လို ဖြစ်နေလို့ အခု သူယူလွယ်ထားတာ။ တစ်ဖက်လူနဲ့ ယှဥ်ရင် အကွာကြီး။ တော်တော်လေး ကွာခြားသွားတာပဲ။
တိုက်စစ်မှူးထောင်ပေးလိုက်တဲ့ အပင့်ကန်ချက်ကို ရှေ့တန်းက တစ်ယောက်ကပဲ ခေါင်းနဲ့တိုက်လိုက်တာ ဝင်သွားတော့ တစ်ကွင်းလုံး မိန်းကလေးအသံတွေ ညံစီသွားတယ်။ အိုင်တီမေဂျာ banner ကိုင်ထားတဲ့ တစ်ယောက်ချင်းစီကို လိုက်ကြည့်လိုက်တယ်။ ဒီနှစ်မှာလည်း ဘိုရုပ်ကလေးတွေ သူတို့ဆီမှာ ရှိမနေဘူး။ တိုက်စစ်မှူးက ကွင်းပတ်ပြေးပြီး ခေါင်းတိုက်လိုက်တဲ့ တစ်ယောက်နဲ့ ပြေးဖက် အောင်ပွဲခံနေတယ်။ အမြဲတမ်း ပြုံးရွှင်နေတတ်သူက အခုတော့ နှုတ်ခမ်းတွေပါ မက မျက်လုံးတွေထိပါ အပြုံးတွေ အပြည့်။ ဂုဏ်ယူဝံ့ကြွားမှုတွေနဲ့ ဟန်ပန်ကလည်း နေရောင်ထဲ လင်းလင်းလက်လက်။
“အဲ့ကောင်လေး မဆိုးဘူးသိလား။ တက္ကသိုလ် လက်ရွေးစင်ထဲ ပါလာလောက်တယ်။ ငါတို့ တိုက်စစ်မှူးလည်း တော်ပေမဲ့ အစ်ကိုက နောက်နှစ်ဆို နားပြီလေ။ ကြားထဲ မေဂျာအသင်းတွေထဲ လောလောဆယ် နာမည်ကြီးတဲ့ တိုက်စစ်မှူးမရှိသေးဘူး။”
“တက္ကသိုလ်လက်ရွေးစင်က ဘာကြည့်ရွေးတာလဲ။”
“ဟ တော်တဲ့ လူရော အချိန်ပေးနိုင်တဲ့ သူရောပေ့ါ ခန့်ညီလေးရ…မင်းကတော့ မပါချင်မပါပါနဲ့။ table tennis နဲ့ Roll One လုပွဲသာ လုပ်ပါ။ ဘောလုံးကတော့ မေဂျာအသင်းလောက်ပဲ”
“ပြန်တော့မယ်။ ကိုကို ခေါ်နေပြီ”
ချက်ချင်းထရပ်တဲ့ သူ့ကို တားမရမှန်းသိလို့ ခေါင်းဆောင်က မတားဘူး။ ထွန်းကို ကပါ အတူတူ ထရပ်တယ်။ နောက်ဆုံးအနေနဲ့ အိုင်တီ ဘက်ခြမ်းကို တစ်ချက်ကြည့်မိတယ်။ အားသွန်ခွန်စိုက် ကြိုးစားကန်နေတဲ့ ဘောလုံးသမားတွေ ၊ ပြီးတော့ အားပေးနေတဲ့ မေဂျာကသူတွေ။
သူ့ခေါင်းထဲမှာ တက္ကသိုလ် လက်ရွေးစင်ဆိုတဲ့ စကားလုံးက ပဲ့တင်ထပ်နေပြန်ပါပြီ ။
***
လွမ်းတငွေ့ငွေ့
နွေးတသိမ့်သိမ့်
ဝေးဝေးက
ငါ့အချစ်…
မလေးပိတောက်ဝါတွေထဲ
ပုန်းကွယ်ရစ်…
ဘိုကပြားမလေးဖြစ်ချင်တယ်
ReplyDelete