အပိုင်း(၈)
ဘိုမလေးကို ကြိုက်တာဆို ။ ဘိုမလေးနဲ့ ပုံတွေတောင် မဖျက်ထားသေးဘဲ…ဘာလို့လဲ ။ ဘာလို့လဲ။ ဘာလို့ ကိုကို့ မှလဲ။
2BE တစ်နှစ်လုံး သူ့နေ့ရက်တွေက အေးချမ်းတိတ်ဆိတ်ခဲ့သလောက် 3BE နှစ်မှစ ။ တိတိကျကျ 19နှစ် ပြည့်ပြီးနေ့မှစ၍ လှုပ်ခတ်ရှုပ်ယှက်ခတ်ပြီး ညတိုင်းလိုလို ပြင်းထန်လာတဲ့ အိပ်မက်တွေနဲ့ ၊ ခေါင်းထဲ အဆက်မပြတ် ဖြတ်သွားနေတဲ့ အတွေးတွေကြောင့် သူက တဖြည်းဖြည်း ငတုံးတစ်ယောက်နဲ့ ပိုပိုတူလာခဲ့တယ်။
ကိုကို့ မှာ ကောင်မလေး ရနေပြီ ဆိုတဲ့ အကြောင်းကြားတော့ သူ့စိတ်ထဲ ဘယ်လိုမှ ထွေထူးမနေ။ ကောင်မလေးက ကိုကို ကြိုက်တတ်တဲ့ ပုံစံပါပဲ။ ပိန်ပိန်သွယ်သွယ် ၊ အသားဖြူဖြူ ၊ တောင်ပေါ်သူ တစ်ယောက်လို အသွင်အပြင်နဲ့ အကျင့်စာရိတ္တလည်း ကောင်းတယ်ဆိုတဲ့အထဲ ပါတယ်။ အရေးကြီးဆုံးက ကိုကို့ ကို အရမ်းချစ်တာ။ အဲ့အထိ ပြေလည်နေတယ်။ ကိုကိုက သူနဲ့ ပိုပို ဝေးကွာလာပြီး အဲ့အခြေအနေကိုလည်း သူနေသားတကျဖြစ်နေပြီ။
ဒါပေမဲ့ ကိုကို ဂီတအသင်းကို ဝင်လိုက်တဲ့ နေ့က စတာပဲ။ အဲ့နေ့က ကိုကို့ ကို လိုက်ပို့တော့ ဂီတ အသင်းမှာ တိုက်စစ်မှူးကိုလည်း တွေ့လိုက်တယ်။ မထင်မှတ်ထားတဲ့နေရာမှာ လုံးဝမထင်မှတ်ထားတဲ့ သူကို တွေ့တော့ သူ့တအံ့တသြ။ ဂီတာလည်း တီးတတ်တယ်ပေ့ါ။ အမြဲပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ တိုက်စစ်မှူးက ကိုကို့ကိုလည်း ခင်ခင်မင်မင် ပြောဆိုဆက်ဆံတာ တွေ့တော့ သူ့စိတ်ထဲ နေလို့ကောင်းတယ်။ အနည်းဆုံးတော့ ကိုကိုနဲ့ ခင်သွားတာပဲ။ ကောင်းတဲ့ ကိစ္စပဲ။
ဒါပေမဲ့…
“နေသစ်ထွန်းက ခန့်ကို ကို ကြိုက်နေတာတဲ့…ဒါကြီးက ဘာကြီးလဲ ခန့်ညီ”
မိုးရိပ်ဆီက သတင်းစကားအကြား သူအကြာကြီးတွေရပ်နေမိတယ်။ ပူထူနေတဲ့ မိုးရိပ်က သူ့ကို ဆွဲကိုင်မလှုပ်ရုံတမယ် မေးမြန်းနေပေမဲ့ သူ့ခေါင်းထဲ မုန်တိုင်းတွေ တိုက်နေပြီး အဲ့ဒဏ်တွေကြောင့် သူ မိုးရိပ်ကို ဘာမှ မပြောနိုင်ဘူး။
ဘိုမလေးတွေကို ကြိုက်တာလေ။ ဘိုမလေးလို တစ်ယောက်မှ မရှိလို့ နှစ်နှစ်လုံး သူငယ်ချင်းတွေနဲ့ပဲ နေလာတာလေ။ ဘယ်လိုလုပ်ပြီး…ကိုကို လဲ။
အဲ့နေ့က အတန်းထဲ သင်စရာ သူ့ခေါင်းထဲ တစ်လုံးမှ မရောက်တဲ့ အထူးဆန်းဆုံးနေ့ပဲ ။ ပြတင်းပေါက်မှန်က တစ်ဆင့် မြင်နေရတဲ့ မှုန်ဝါးဝါး သူ့ပုံရိပ်ကိုမှ အကြာကြီး စိုက်ကြည့်နေခဲ့မိတယ်။ သူဘယ်သူ့ကို မေးရမလဲ။ ကိုကို့ ကိုလား။ ဒါမှမဟုတ် ထွန်းကို လား။ ဒီနှစ်ယောက်ကလွဲရင် သူ့ခေါင်းထဲ ဘယ်သူမှ ထပ်ပေါ်မလာဘူး။
ကားမောင်းပြီး အိမ်ပြန်လာတော့လည်း ဘယ်လိုကနေ ဘယ်လို အိမ်ပြန်ရောက်လာမှန်းမသိဘူး ။
“သားငယ်…ခန့်ညီ ထမင်းမစားဘူးလား”
“ဟင့်အင်း”
“ဘာလို့လဲ ဖျားနေတာလား။”
မေမေက စိတ်ပူပြီး အနားရောက်လာတယ်။ သူ့ နဖူးကို စမ်းတယ်။ မေမေ့ကို ဖက်ပြီး ပခုံးပေါ် ခဏလောက် မှီချင်စိတ် ဖြစ်လာတယ်။ မဖြစ်ဘူး ။ လုပ်လို့ မဖြစ်ဘူး။ ပိုပြီး စိတ်ပူပြီး ဘာဖြစ်လဲ မေးရင် သူ့မှာ အကြောင်းပြချက် ရေရေရာရာမရှိဘူး။
“စာလည်း ဖြည်းဖြည်းပဲ လုပ်ပါ သားငယ်ရယ်…တစ်နှစ်တစ်တန်း အောင်ရင်ကို ရနေပြီ။ ရတယ် မေမေ သားတွေကို အဲ့လောက် လောဘမကြီးဘူး။”
“နေကောင်းတယ်။ ခဏလောက် အိပ်ချင်လို့”
“အင်း ဒါဆိုလည်း အိပ်။ ဗိုက်ဆာရင် ထစားနော်။ ဟင်းတွေရော ထမင်းတွေရော ရှိတယ်။”
“ဟုတ်”
မေမေ အခန်းထဲက ထွက်သွားပြီး မကြာဘူး။ ကိုကိုက ရေချိုးပြီး အခန်းထဲ ပြန်ရောက်လာတယ်။ ထူးထူးဆန်းဆန်း အိပ်ရာထဲ ခွေနေတဲ့ သူ့ကို ကြည့်ပြီး…
“နေမကောင်းဘူးလား” လို့မေးတယ်။
နေလို့မကောင်းတာတော့ မှန်ပေမဲ့ ကိုကို နဲ့ မေမေမေးတော့ နေမကောင်းတာမျိုး မဟုတ်တော့ ဘယ်လို ပြန်ဖြေရမှန်းမသိဘူး။ ရေချိုးပြီးခါစ လန်းဆန်းနေတဲ့ ကိုကို့ကိုသာ အိပ်ရာပေါ်ကနေ မော့ကြည့်နေမိတယ်။ ကိုကိုက အေးအေးချမ်းချမ်း ရှိပြီး အပြောအဆို ၊ အပြုအမူအားလုံးက ငြင်သာပျော့ပျောင်းတယ်။ ကျက်သရေလည်း ရှိတယ်။ ချောလည်း ချောတယ်။သူက ကိုကိုနဲ့ တူပေမဲ့ ကွာခြားနေတာတွေလည်း အများကြီးပဲ။
တစ်ယောက်သောသူ အကြိုက်တွေက ပြောင်းသွားတာလား။ ပြောင်းသွားပုံကလည်း ထူးဆန်းလိုက်တာ။ မိန်းမကနေ ယောကျာ်း ဖြစ်ရုံမက။ ရုပ်တွေက တခြားစီလေ…
သူမဖြေတော့ ကိုကိုလည်း ဆက်မမေးတော့ဘူး။ ရေသုတ် ၊ အဝတ်အစားလဲပြီးတော့ ကိုကိုက စာရေးစားပွဲမှာ ထိုင်ပြီး တစ်ယောက်ယောက်နဲ့ မက်ဆေ့ချ် အပြန်အလှန်ပို့နေတယ်။
သူ မျက်လုံးတွေကို မှိတ်ပြီး ငြိမ်နေလိုက်တယ်။ အိပ်မက်တွေ မမက်တော့ရင် ကောင်းမယ်လို့ တွေးပေမဲ့…
မတွေ့ရရင်လည်း သူနေလို့ အဆင်မပြေပြန်ဘူး။
ဒီနေ့တော့ ပန်းခင်းတွေထဲမှာပဲ နေပါရစေ…ဘူတာရုံကို မခေါ်သွားပါနဲ့…
***
ရထားဘီးတွေက
ဓားတုံးကြီးတွေလို
င့ါရင်ကို ကျိတ်လှီးနေသလိုပဲ
စက်ခေါင်းက ထွက်လာတဲ့
မီးခိုးတွေက
ငါ့ဝိဉာဥ်ပြာကျလောင်ကျွမ်းသွားတဲ့
နမိတ်ပုံပမာ…
တရွေ့ရွေ့ ထွက်ခွာခြင်းပေမဲ့
အမီမလိုက်နိုင်တဲ့ ငါဟာ
မောဟိုက်ခြင်းသာ
အဖက်တင်လျက်
ရင်ကွဲနာကျရက်က
ဘီလူးထပ်စီးခံရပြီး
အသက်ရှူမဝမလင်နဲ့
နိုးထလာခဲ့ရတဲ့
မနက်ခင်းပေါင်းများစွာအတွက်
တစ်ယောက်သောသူမှာ တာဝန်ကင်းလျက်…
မတရားလိုက်လေခြင်းနှယ်
***
အိုးး ကလေးရယ်🥺
ReplyDelete😭
ReplyDelete