အခန်း (၅၂) - ပထမဆုံးသော မွေးနေ့ဆုတောင်း
ယွီနျန့်သည် အေးစက်သော ဆောင်းလေအောက်တွင် ဆေးရုံ၏ စင်္ကြံရှည်ကြီးအတိုင်း လျှောက်လှမ်းနေမိသည်။ သူ၏ စိတ်အာရုံတို့မှာ ဝေဝါးနေပြီး ရှေ့တွင် အဆုံးမရှိသော လမ်းတစ်ခုကို လျှောက်နေရသလို ခံစားနေရသည်။ အတိတ်မှ မှတ်ဉာဏ်ပေါင်းများစွာသည် သူ၏ခေါင်းထဲတွင် စည်းစနစ်မကျဘဲ ရောထွေးကာ ဖြတ်ပြေးနေသော်လည်း ထိုပုံရိပ်အားလုံး၏ အဓိကဇာတ်ဆောင်မှာ တစ်ယောက်တည်းသာ ရှိသည်။ ရှဲ့ယို့။
သူတို့နှစ်ဦး အတူတူရှိခဲ့သည့် အချိန်မှာ မများလှဘဲ လက်ချိုးရေတွက်၍ပင် ရသော်လည်း ဤအခိုက်အတန့်တွင် သူ၏ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသလို ခံစားရကာ အသက်ရှူရသည်မှာလည်း ခက်ခဲလာသည်။
"ယွီနျန့်!"
တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်လိုက်သံကြောင့် ယွီနျန့် အလိုလို ရပ်တန့်သွားမိသည်။ သူ၏ အကြည့်များကို ပြန်လည်စုစည်းရန် စက္ကန့်အနည်းငယ် ကြာသွားပြီးမှ
"ဥက္ကဋ္ဌလား"
သူ၏ အသံအိုးမှာ ထိန်းချုပ်မရတော့ဘဲ အသံမှာ အက်ကွဲကာ ခြောက်ကပ်နေသည်။
သူ၏ စိတ်အာရုံများ ပြန်လည်စုစည်းမိသောအခါမှသာ စင်္ကြံတစ်လျှောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြသော သက်တော်စောင့်များကို ယွီနျန့် သတိထားမိတော့သည်။ ချွိရှောက်ရန်၏ မျက်လုံးများမှာ သွေးတက်နေသလို ရဲနေသည်။ သူက ထရပ်ပြီး ယွီနျန့်အနားသို့ လျှောက်လာကာ စာရွက်လေးတစ်ရွက် ကမ်းပေးသည်။
ယွီနျန့် လှမ်းယူလိုက်ပြီး ငုံ့ကြည့်လိုက်ရာ စာရွက်ပေါ်တွင် စာလုံးလေးလေးလုံးကို ရှင်းလင်းစွာ မြင်လိုက်ရ၏။
"မင်း ဘေးကင်းပါစေ"။
ထိုစာတိုလေးကို လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားရင်း သူ၏ မျက်တောင်လေးများမှာ အနည်းငယ် တုန်ရီနေသည်။ ချွိရှောက်ရန်က လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သော်လည်း သူ၏ ကိုယ်ဟန်မှာ တင်းမာနေဆဲပင်။ သူက တည်ငြိမ်သော လေသံဖြင့် ယွီနျန့်ကို ရှင်းပြသည်။
"ဒီရက်ပိုင်း တင်းကျောက်ရှန်းက အလျှော့ပေးသလိုလိုနဲ့ အားနည်းချင်ယောင် ဆောင်နေပေမဲ့ နောက်ကွယ်မှာတော့ ပြန်တိုက်ဖို့ ပြင်ဆင်နေတာ။ ရှဲ့ယို့က ဒါကို ငါ့ကို ပြောပြဖူးတယ်။ အဲဒါကြောင့် ငါတို့က သတိနဲ့ နေခဲ့ကြတာ"
ယွီနျန့်က နားလည်ကြောင်း အသံပြုလိုက်သော်လည်း လည်ချောင်းထဲမှ နာကျင်မှုကြောင့် စကားအများကြီး မပြောနိုင်ပေ။ ချွိရှောက်ရန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"မနေ့က ငါ့အစ်ကိုက ပြောပြတယ်... ရှဲ့ယို့က အစီအစဉ်အားလုံးကို အကွက်ကျကျ လုပ်ဆောင်နေပြီး အရာအားလုံးက အဆင်သင့် ဖြစ်နေပြီတဲ့။ သူတို့ မကြာခင်မှာ အပြတ်ရှင်းဖို့ စိတ်ကူးထားကြတာ"
"သူတို့ နေ့လယ်က အစည်းအဝေးလုပ်တော့ တင်းကျောက်ရှန်းလည်း တက်ခဲ့တယ်။ သူတို့ ပြန်တဲ့အခါ ရှဲ့ယို့က အရင်ထွက်သွားပြီး တင်းကျောက်ရှန်းက နောက်ကနေ လိုက်သွားတာ။ ဒါပေမဲ့ စောင့်ကြည့်ကင်မရာတွေကို စစ်ကြည့်တဲ့အခါ ရှဲ့ယို့ရဲ့ ကားက နှေးနေပြီး တင်းကျောက်ရှန်းရဲ့ ကားကတော့ အရှိန်မြှင့်ပြီး အမြန်လိုက်သွားတာကို တွေ့ရတယ်။ ဘာဖြစ်ခဲ့လဲဆိုတာ အတိအကျ မသိရပေမဲ့ တင်းကျောက်ရှန်းက ရုတ်တရက် ရူးသွပ်သွားသလိုမျိုး ရှဲ့ယို့ရဲ့ ကားကို တမင်တကာ ဝင်တိုက်ပစ်လိုက်တာပဲ။ အဲဒီနောက်မှာတော့ ကားတွေ အများကြီး ဆင့်တိုက်မိပြီး ရှုပ်ထွေးကုန်တာ။ ရှဲ့ယို့ဘက်မှာ ကားနှစ်စီးနဲ့ လူသုံးယောက်၊ တင်းကျောက်ရှန်းဘက်မှာတော့ ကားသုံးစီးနဲ့ လူကိုးယောက် ပါပြီး သူတို့အားလုံး ဆေးရုံရောက်ကုန်တာပဲ"
ယွီနျန့်က ထိုအချက်ထဲမှ ပြဿနာကို မြင်လိုက်သည်။
"ရှဲ့ယို့က သတိနဲ့ နေနေတာဆိုရင် ဘာလို့ ကားနှစ်စီးနဲ့ လူသုံးယောက်ပဲ ပါသွားတာလဲ။ သူ့ရဲ့ လုံခြုံရေးအဖွဲ့တွေကော"
ချွိရှောက်ရန် ခဏမျှ တိတ်သွားပြီး
"မင်းပြောတာ မှန်တယ်..."
သူ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပလာပြီး အသက်ရှူသံမှာလည်း မြန်လာသည်။
"ဒါဆိုရင် အဲဒါက…"
"ဖြစ်နိုင်ပါတယ်။"
ယွီနျန့်သည် ပိတ်ထားသော အရေးပေါ်ခန်း တံခါးကို ငေးကြည့်ရင်း အေးစက်စက် လေသံဖြင့်
"တင်းကျောက်ရှန်းရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ"
"အဲဒီအဖိုးကြီးကတော့ သေလုမျောပါးပဲ။ နံရိုးကျိုးပြီး အဆုတ်ကို ထိုးမိထားလို့ အခု အသည်းအသန် ကယ်နေကြရတာ၊"
ချွိရှောက်ရန်က အဖြစ်အပျက်ကို ပြန်လည်စဉ်းစားသည်။
"ဒီတစ်ခါ သူနဲ့အတူ အတွင်းရေးမှူးတွေ၊ သက်တော်စောင့်တွေ ပါလာကြတာ။ သူတို့အားလုံး ဒဏ်ရာကိုယ်စီ ရထားကြတယ်။ တင်းကျောက်ရှန်းက ပုံမှန်ဆိုရင် ဒီလိုကိစ္စမျိုးတွေကို သူကိုယ်တိုင် မလုပ်တတ်ဘူး။ ပိုက်ဆံပေးပြီး သူများခိုင်းတာမျိုးပဲ။ ဒီတစ်ခါ သူကိုယ်တိုင် အရှိန်မြှင့်ပြီး ဝင်တိုက်တာက သူ့ရဲ့ စတိုင်မဟုတ်ဘူး။ အဲဒါက သူ..."
"ဒေါသအဆွခံလိုက်ရတာ။"
"ဟုတ်တယ်၊ အတိအကျပဲ! သူ တစ်ခုခုကြောင့် စိတ်ဆိုးဒေါသထွက်သွားတာ ဒါမှမဟုတ် သွေးကြွသွားတာ ဖြစ်ရမယ်!"
ထိုစဉ် စင်္ကြံလမ်းတစ်လျှောက်တွင် ဒေါက်မြင့်ဖိနပ်သံများ ကြားလိုက်ရသည်။ ချွိရှောက်ရန်က လျှောက်လာသော အမျိုးသမီးကို မြင်သောအခါ အနားသို့ သွားပြီး
"အန်တီရွမ်" ဟု နှုတ်ဆက်သည်။ ယွီနျန့်ကလည်း ထိုအမျိုးသမီးသည် ရှဲ့ယို့နှင့် ရုပ်ချင်းဆင်သဖြင့် ရှဲ့ယို့၏ မိခင်ဖြစ်မည်ဟု ခန့်မှန်းကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ရွမ်ယွမ်သည် မိတ်ကပ် အပြည့်အစုံနှင့် အနက်ရောင် ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး သူမ၏ အရှိန်အဝါမှာ အတော်လေး ပြင်းထန်သည်။ သူမက ချွိရှောက်ရန်ကို အသာအယာ ပြုံးပြပြီးနောက် ယွီနျန့်ကို သေသေချာချာ ကြည့်ကာ
"မင်းကို အန်တီသိတယ်၊ မင်းက ယွီနျန့် မဟုတ်လား" ဟု လှိုက်လှိုက်လှဲလှဲ မေးသည်။
ယွီနျန့်က ခေါင်းညိတ်ပြီး
"ဟုတ်ကဲ့၊ ကျွန်တော် ယွီနျန့်ပါခင်ဗျာ"
"မင်းရဲ့ ဖျော်ဖြေပွဲတစ်ခုကို ကြည့်ဖူးတယ်။ အဲဒီတုန်းက မင်းက မျက်လုံးကို အဝတ်စနဲ့ စည်းထားပေမဲ့ မင်းရဲ့ ရုပ်ရည်က အရမ်းလှတယ်လို့ ချီးကျူးခဲ့တာ။ ရှဲ့ယို့ကတော့ မင်းရဲ့ သီဆိုမှုက ပိုပြီးလှတယ်လို့ ပြန်ပြောခဲ့တယ်။ ပြိုင်ပွဲရလဒ်ကိုတောင် မကြည့်ဘဲ မင်းက ပထမရမှာ သေချာတယ်လို့ သူက ယုံကြည်နေခဲ့တာ၊"
ရွမ်ယွမ်က ထိုအကြောင်းကို မှတ်မှတ်ရရ ပြောပြသည်။
"သူကအန်တီနဲ့အတူ တီဗွီကြည့်ချင်ယောင်ဆောင်ဖို့အတွက် ဗီဒီယိုကို နှေးနှေးလေးဖွင့်ပြီး ပန်းသီး ရှစ်လုံးတောင် ဆက်တိုက် စိတ်ရှည်လက်ရှည် ခွာပေးခဲ့တာလေ"
ရှဲ့ယို့၏ မိခင်သည် သူ၏ သီချင်းဆိုသည်ကို ကြိုက်နှစ်သက်ကြောင်းနှင့် ယွီနျန့်က သူမအတွက် လက်မှတ်ထိုးပေးခဲ့ဖူးသည်ကို ယွီနျန့် ပြန်လည် သတိရသွားသည်။
ရွမ်ယွမ်သည် ယွီနျန့်ကို သေသေချာချာ ကြည့်ပြီးနောက် ချွိရှောက်ရန်ဘက် လှည့်ကာ
"ဒီကိစ္စ မဖြစ်ခင်မှာ ရှဲ့ယို့က အန်တီ့ဆီ မက်ဆေ့ချ် ပို့ခဲ့သေးတယ်"
သူတို့၏ ခန့်မှန်းချက်မှာ မှန်ကန်သွားသဖြင့် ချွိရှောက်ရန်၏ ရင်ခုန်သံ မြန်လာသည်။
"သူ အစီအစဉ်တွေ လုပ်ထားတာပေါ့နော်"
"အစီအစဉ်လို့တော့ အတိအကျ ပြောလို့မရပေမဲ့... တင်းကျောက်ရှန်းနဲ့ သူ့လူတွေ ဆေးရုံရောက်နေတဲ့အချိန်မှာ အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရတာ ပိုလွယ်ပြီး ပိုမြန်သွားလိမ့်မယ်။"
ရွမ်ယွမ်သည် သူမ၏ လက်ကိုင်အိတ်ကို တင်းတင်းဆုပ်ထားရင်း ခွဲစိတ်ခန်းဘက်ကို မကြည့်မိအောင် ကြိုးစားနေသည်။
"အဲဒါကြောင့် ဒီကိစ္စတွေကို မင်းတို့ပဲ တာဝန်ယူပေးကြပါ။ သူက သူ့အသက်နဲ့ရင်းပြီး ဒီအခွင့်အရေးကို ဖန်တီးပေးခဲ့တာဆိုတော့ ငါကလည်း သူ့အတွက် ဒါကို အမိအရ ဆုပ်ကိုင်ရမယ်"
ချွိရှောက်ရန်က ခိုင်မာစွာ ခေါင်းညိတ်သည်။
"အန်တီရွမ် စိတ်ချပါ၊ ကျွန်တော် ဒီမှာပဲ တစ်ချိန်လုံး စောင့်နေပါ့မယ်။ တင်းကျောက်ရှန်းဘက်ကိုလည်း ကျွန်တော့်အစ်ကိုက ကိုယ်တိုင် စောင့်ကြည့်နေတာမို့ သူ သတိရလာရင်တောင် ပြဿနာရှာဖို့ အခွင့်အရေး ရမှာမဟုတ်ပါဘူး"
ရွမ်ယွမ်သည် အကြာကြီး မနေတော့ဘဲ သူမ၏ လူများနှင့်အတူ အလျင်အမြန် ပြန်ထွက်သွားသည်။
ချွိရှောက်ရန်သည် သက်ပြင်းချရင်း
"ငါ သိသားပဲ၊ ရှဲ့ယို့က တကယ်ကို တော်ပြီး သတိရှိတဲ့လူပါ။"
ထိုသို့ပြောပြီးနောက် သူ၏ အသံမှာ အက်ကွဲလာသည် ။
"ဒါပေမဲ့ ဘာလို့ သူ့ဘဝက ဒီလောက်တောင် ခက်ခဲနေရတာလဲ"
ယွီနျန့်သည် ခေါင်းငုံ့ကာ နံရံကိုမှီထားရင်း သူ၏ လက်ချောင်းများကို တင်းတင်းဆုပ်လိုက်၊ ပြန်လွှတ်လိုက် လုပ်နေမိသည်။
ချွိရှောက်ရန်၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး စကားများကိုလည်း ရှေ့နောက်မညီဘဲ ပြောနေသည်။
"သူ့ကို ကားထဲကနေ ကယ်ထုတ်တုန်းက မှန်ကွဲစတွေကြောင့် သူ့ရဲ့ ညာဘက်လက်မောင်းမှာ ဒဏ်ရာအရှည်ကြီး ရထားတာ။ သွေးတွေကလည်း မရပ်ဘူး။ သူ ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ ငါ မတွေးရဲဘူး..."
သူတို့နှစ်ဦး မိုးလင်းသည့်တိုင်အောင် စောင့်နေခဲ့ကြပြီး ခွဲစိတ်ခန်းတံခါး ပွင့်လာသောအခါ ရှဲ့ယို့ကို ကုတင်ဖြင့် တွန်းထုတ်လာသည်ကို မြင်လိုက်ရသည်။
ဆရာဝန်က မက်စ်ကို ချွတ်လိုက်ပြီး
"အခြေအနေကတော့ အတော်လေး ကောင်းပါတယ်။ ကားတိုက်မှုကြောင့် ဦးနှောက်က ဒဏ်ရာရခဲ့ပေမဲ့ လောလောဆယ်တော့ စိုးရိမ်စရာ မရှိပါဘူး။ သတိမရဘဲ ခဏနေတာကတော့ ပုံမှန်ပါပဲ... သူ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ အများကြီးရှိပြီး ညာဘက်လက်မောင်းက ဒဏ်ရာကတော့ အနက်ဆုံးပါပဲ။ အဲဒါကိုတော့ ချုပ်ပေးထားပြီးပြီ။ အာရုံကြော ထိခိုက်တာမျိုး မရှိတာကိုတော့ အတည်ပြုနိုင်ပါတယ်"
ချွိရှောက်ရန်က စိုးရိမ်တကြီး မေးသည် ။
"သူ့ရဲ့ လက်က နောင်ကျရင် ပီယာနို ပြန်တီးနိုင်ပါ့မလား"
"မတီးနိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ အာမခံချက်တော့ မပေးနိုင်သေးဘူး။ လူနာ သတိရလာတဲ့အထိ စောင့်ကြည့်ရဦးမှာပါ"
ရှဲ့ယို့ကို အထူးခန်းသို့ ပို့ဆောင်ပြီးနောက် ချွိရှောက်ရန်က ရွမ်ယွမ်ထံ သတင်းပို့လိုက်သည်။ ထို့နောက် သူ အင်အားကုန်သွားသလို ခုံပေါ်တွင် ထိုင်ချလိုက်ပြီး
"တော်သေးတာပေါ့၊ အကြီးအကျယ် မဖြစ်သွားလို့။ ဒါက တကယ်ကို ကောင်းကင်က မစာနာတာပဲ!"
ယွီနျန့်၏ တင်းမာနေသော စိတ်အခြေအနေမှာလည်း အနည်းငယ် လျော့ပါးသွားပြီး ချွိရှောက်ရန်ကို ကြည့်ကာ
"ကျွန်တော်တို့ တစ်ယောက်တစ်လှည့် စောင့်ကြမလား။ ဥက္ကဌ အရင်ဆုံး ခဏလောက် အိပ်လိုက်ပါလား"
ချွိရှောက်ရန်က လက်ယမ်းပြပြီး
"မင်း အရင်သွားအိပ်လိုက်ပါ။ ငါ နောက်ထပ် ခဏလောက် တောင့်ခံနိုင်ပါသေးတယ်။ မင်း နိုးလာမှ ငါ့အလှည့်ပေါ့"
ယွီနျန့်သည် ကုတင်ပေါ်တွင် ဖြူဖျော့စွာ လဲလျောင်းနေသော ရှဲ့ယို့ကို တစ်ချက်ကြည့်ပြီးနောက် "ကောင်းပါပြီ" ဟု သဘောတူလိုက်သည်။
သူသည် နားနေခန်းထဲသို့ ဝင်ကာ မျက်စိမှိတ်ပြီး အိပ်ရန် ကြိုးစားသော်လည်း အိမ်မက်ဆိုးများ မကြာခဏ မက်ကာ စိတ်မအေးဖြစ်နေမိသည်။ ညနေ ၃ နာရီကျော်သောအခါ ယွီနျန့် အိပ်ရာမှ ထလာခဲ့သည်။ ဆေးရုံခန်းထဲတွင် အပူပေးစက် ဖွင့်ထားသဖြင့် နွေးထွေးနေပြီး စားပွဲပေါ်တွင် ပန်းအိုးတစ်လုံး ရှိနေသည်။ အပြင်ဘက်တွင်တော့ သက်တော်စောင့်များ လမ်းလျှောက်နေသည့် အသံကို သဲ့သဲ့ကြားနေရသည်။
ယွီနျန့်သည် ဂွမ်းတံလေးကို ရေဆွတ်ကာ ရှဲ့ယို့၏ ခြောက်ကပ်နေသော နှုတ်ခမ်းများကို အသာအယာ စွတ်ပေးလိုက်သည်။ ထို့နောက် ခုံတွင် ပြန်ထိုင်ရင်း ငေးငိုင်နေမိသည်။ တစ်ခုခုကို သတိရသွားပြီး ယွီချင်းထံ မက်ဆေ့ချ်ပို့လိုက်သည်။
ရှေးဟောင်းပစ္စည်းများ ရောင်းပြီးနောက် သူ ချေးထားသော ပိုက်ဆံအများစုကို ပြန်ဆပ်နိုင်ခဲ့သော်လည်း ငါးသန်းခန့် ကျန်နေသေးသဖြင့် နောက်မှ ပြန်ဆပ်ရမည် ဖြစ်သည်။ ယွီချင်းက "အိုကေ" ဟု ပြန်စာပို့ကာ ယွီနျန့်အား သူမ၏ ရိုက်ကွင်းသို့ လာပြီး နှစ်သစ်ကူး အတူတူ ဆင်နွှဲချင်သလားဟု မေးသည်။
"ကျွန်တော် မလာတော့ပါဘူး" ဟုသာ ပြန်ဖြေလိုက်သည်။
"အေးပါ၊ ရိုက်ကွင်းကလည်း နေလို့သိပ်ကောင်းတာ မဟုတ်ပါဘူး။ မလာလည်း ကိစ္စမရှိဘူး၊ ကောင်းကောင်းစားနော်"
စာပြန်ပြီးသည်နှင့် ချွိရှောက်ရန် အခန်းထဲသို့ ဝင်လာကာ တိုးတိုးလေး ပြောသည်။
"ငါ့အစ်ကိုနဲ့ ဖုန်းပြောပြီးပြီ။ တောက်... တကယ်ကို အားရစရာပဲ! တင်းကျောက်ရှန်းက ခွဲစိတ်ခန်းကနေတောင် မထွက်ရသေးဘူး။ သူ့ရဲ့ လူယုံတွေကလည်း အသည်းအသန် ဖြစ်နေကြပြီ။ သူတို့အုပ်စုကတော့ အခု ဖရိုဖရဲ ဖြစ်နေပြီ! ပြီးတော့ အန်တီရွမ်ကလည်း လွယ်လွယ်နဲ့ အလျှော့ပေးမယ့်လူ မဟုတ်ဘူးဆိုတာ သူတို့ မေ့နေကြပုံပဲ!"
သူက စိတ်လှုပ်ရှားစွာ ပြောရင်း သမ်းဝေလိုက်ကာ
"အန်တီရွမ်က အခု ဒါရိုက်တာအဖွဲ့ အစည်းအဝေး လုပ်နေတယ်။ ငါ့အဖေကလည်း နောက်ကွယ်ကနေ ကူညီပေးနေတယ်။ မကြာခင် ရလဒ်တွေ ထွက်လာတော့မှာပါ။ ငါတော့ ခဏလောက် ပြန်အိပ်လိုက်ဦးမယ်!"
တံခါးပြန်ပိတ်သွားပြီး ဆေးရုံခန်းထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်။ ယွီနျန့်သည် မျက်စိမှိတ်ကာ အနားယူနေစဉ် တံခါး ပြန်ပွင့်လာပြန်သည်။ ချွိရှောက်ရန်သည် ယွီနျန့်ဘေးတွင် ဝင်ထိုင်ကာ အားနာဟန်ဖြင့်
"ဟို... ငါ့ခေါင်းထဲမှာ အရမ်းရှုပ်နေလို့၊ ပင်ပန်းပေမဲ့ အိပ်လို့မရဘူး။ မျက်စိမှိတ်လိုက်တိုင်း သွေးတွေရွှဲနေတဲ့ ရှဲ့ယို့ကိုပဲ မြင်နေရတာ။ အဲဒါကြောင့်... မင်း စိတ်မရှိရင် ငါတို့ စကားခဏ ပြောလို့ရမလား"
"ရတာပေါ့။ ရှဲ့ယို့က... ပီယာနိုတီးရတာကို တကယ်ပဲ အဲဒီလောက်အထိ မြတ်နိုးတာလား"
"မြတ်နိုးတာမှ... အရမ်းကို မြတ်နိုးတာ! ရှဲ့ယို့က တကယ်ကို ပါရမီပါတဲ့လူ၊ သူ့မှာ တိကျတဲ့ အသံအာရုံခံစားမှုလည်း ရှိတယ်။ သူက ငယ်ငယ်တုန်းက အရမ်းအေးပြီး စကားလည်း သိပ်မပြောဘူး။ ငါ မူလတန်းတုန်းက ခွေးတွေ၊ ကြောင်တွေနဲ့ ဆော့နေတဲ့အချိန်မှာ သူကတော့ တစ်နေကုန် ပီယာနိုပဲ တီးနေတာ။ ဆယ်ကျော်သက်အရွယ်မှာ ကမ္ဘာ့အဆင့် ဆုတွေ အများကြီးရခဲ့သလို လက်တို ဂီတတက္ကသိုလ် မှာလည်း သူ့ပါရမီနဲ့ တက်ခွင့်ရခဲ့တာ။ နောက်ထပ် နှစ်အနည်းငယ်ဆိုရင် သူက ကမ္ဘာပတ်ပြီး ဖျော်ဖြေမယ့် ပီယာနိုပညာရှင်ကြီး ဖြစ်လာတော့မယ်လို့ ငါ ယုံကြည်နေခဲ့တာ"
ယွီနျန့်က တိတ်ဆိတ်စွာ နားထောင်နေသည်။
"ဒါပေမဲ့ နောက်ပိုင်းမှာ သူ့အစ်ကိုရဲ့ နေရာကို သူက ဆက်ခံခဲ့ရတယ်။ သူ ပင်ပန်းတဲ့အခါမျိုးမှာပဲ တစ်ခါတစ်ရံ ပီယာနို တီးတတ်ပေမဲ့၊ အန်ကယ်ရှဲ့ ဆုံးသွားပြီးတဲ့နောက်မှာတော့ သူ ပီယာနိုခလုတ်တွေကိုတောင် မထိရဲတော့ဘူး"
ယွီနျန့် သတိထားမိသည်မှာ ရှဲ့ယို့သည် မတီးချင်၍ မဟုတ်ဘဲ တစ်ခုခုကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။
"အဲဒီတုန်းက ငါ တကယ် စိတ်မကောင်းဖြစ်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှ ပြန်စဉ်းစားကြည့်မိတာ... တို့တွေက အပြင်ပန်းမှာတော့ တောက်ပနေပေမဲ့ နောက်ကွယ်မှာတော့ လုပ်ကြံမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ပြည့်နေတာလေ။ ရှဲ့ယို့သာ အဲဒီတုန်းက မတ်မတ်မရပ်တည်ခဲ့ရင်၊ သူ့ရဲ့ မျိုးရိုးနာမည်နဲ့တင် သူ့ကို သတ်မယ့်သူတွေ အများကြီးရှိနေမှာ။"
"အန်ကယ်ရှဲ့ရဲ့ နှစ်ပတ်လည်တုန်းက ရှဲ့ယို့ ပြောခဲ့တာ ငါမှတ်မိသေးတယ်... ‘သူ အနားယူပြီး အပန်းဖြေနိုင်ဖို့အတွက် ငါက ဒီမိသားစုလုပ်ငန်းကို ဆက်ခံနိုင်တယ်ဆိုတာ သူ့ကို သက်သေမပြခဲ့ရသေးဘူး’ တဲ့၊"
ချွိရှောက်ရန်က ခါးသီးစွာ ပြုံးလျက်
"အဲဒါကြောင့် ခုနက သူ့လက် ဒဏ်ရာရသွားတာကို မြင်တော့ ငါ တကယ် ကြောက်သွားတာ။ သူ မြတ်နိုးတဲ့အရာကိုပါ ထပ်ပြီး ဆုံးရှုံးရမှာကို ငါ မလိုလားဘူး"
သူတို့နှစ်ဦး ရှဲ့ယို့အကြောင်း ပြောဆိုနေကြရင်း အချိန်များမှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ညရောက်သောအခါ အဝေးမှ နှစ်သစ်ကူး အကြိုည၏ ဗျောက်အိုးဖောက်သံများကို ကြားနေရသည်။ ဤညတွင် လူပေါင်းများစွာ မိသားစုနှင့် ပြန်လည်ဆုံစည်းနေကြမည်ကို ယွီနျန့် တွေးမိသည်။
ချွိရှောက်ရန်မှာတော့ ဆိုဖာပေါ်တွင် မှီရင်း အိပ်ပျော်သွားခဲ့ပြီ။
ယွီနျန့်သည် ရှဲ့ယို့၏ ဖြူဖျော့နေသော မျက်နှာကို ငေးကြည့်ရင်း တွေးနေမိသည်။
ငါ မွေးနေ့ကို တစ်ခါမှ မကျင်းပဖူးဘူး။ ဒီညပြီးရင် ငါ အသက် ၂၂ နှစ် ပြည့်ပြီ။ ဒီ ၂၂ နှစ်အတွင်းမှာ ငါ့ရဲ့ ပထမဆုံးသော မွေးနေ့ဆုတောင်းကတော့ ရှဲ့ယို့ ဘေးကင်းလုံခြုံဖို့ပါပဲ။
"ဒိုင်း" ခနဲ ဗျောက်အိုးဖောက်သံကြီး တစ်ချက် ကြားလိုက်ရချိန်တွင် ရှဲ့ယို့၏ မျက်တောင်လေးများ တုန်ခါသွားပြီးနောက် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာသည်ကို ယွီနျန့် သတိပြုမိလိုက်သည်။
သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားချိန်တွင် ယွီနျန့်၏ နှာခေါင်းထဲတွင် စစ်ခနဲ ခံစားလိုက်ရကာ ရှဲ့ယို့ကို
ကြည့်ပြီး ပြုံးပြလိုက်သည်။
Comments
Post a Comment