Skip to main content

10





အပိုင်း (၁၀)

“ဒါက အရင်က ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ ‘ဖျူအာ’ လက်ဖက်ရည်ပဲ။ အရသာက နည်းနည်းတော့ ခါးသက်သက်နိုင်ပေမဲ့ သောက်လို့တော့ ရပါသေးတယ်”

ရှန်ယွီက သူ၏ ကိုလာကို တစ်ငုံသောက်ရင်း ဆိုလိုက်သည်။

“ငါ ဒီကိုရောက်တာ မကြာသေးတော့ အရာရာက သိပ်ပြီး အစီအစဉ်မကျသေးဘူး ဖြစ်နေတယ်”

ချန်အာဟူက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အရသာခံကြည့်သည်။ သူ၏ မျက်နှာအမူအရာအရ သူ မြည်းစမ်းမိသည့် တစ်ခုတည်းသော အရသာမှာ ဝေခွဲမရသည့် ဇဝေဇဝါဖြစ်မှုသာ ဖြစ်ပေလိမ့်မည်။ သူ၏ဘေးရှိ ဆန်းပင်းနှင့် လောင်စစ်တို့မှာလည်း အလားတူပင်။ သို့သော် ချန်အာဟူမှာ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် ဇဝေဇဝါဖြစ်နေသည်ကို ပြသ၍ မရပေ။ ထို့ကြောင့် သူက ခေါင်းညိတ်ပြရင်း

“ဟုတ်ကဲ့... တော်တော်လေးကို...”

တော်တော်လေးကို ဘာဖြစ်နေတာလဲ... ဘာဖြစ်တာလဲ...။

သက်တမ်းကုန်နေပြီဖြစ်သော၊ သို့မဟုတ် သက်တမ်းကုန်ခါနီးဖြစ်သော ဤလက်ဖက်စိမ်းအကြောင်းကို အကြာကြီး ဆွေးနွေးနေမိပါက မလိုအပ်ဘဲ အနေရခက်စရာများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ချန်ကျန့်က စကားဖြတ်ပြောလိုက်လေသည်။

“ဒီနေ့ ဘော့စ်ရှန်က ခင်ဗျားတို့ကို ဖိတ်ရတဲ့ အဓိက အကြောင်းရင်းကတော့...”

ချန်ကျန့်သည် သင့်တော်မည့် စကားလုံးကို ခေါင်းထဲ၌ အသည်းအသန် ရှာဖွေနေရလေသည်။ သူသည် တက္ကသိုလ်ကျောင်းသား လျူဝူကဲ့သို့ စကားမကြွယ်လှသဖြင့် ယခုကဲ့သို့ အဆင့်မြင့်အစည်းအဝေးမျိုးတွင် လျော်ကန်အောင် ပြောဆိုရန်မှာ သူ့အတွက် အတော်ပင် ခက်ခဲလှ၏။

“ဆွေးနွေးဖို့... အနာဂတ်မှာ... ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေအကြောင်းပါ”

“အော်...”

ချန်အာဟူ၏ အနှစ်မရှိသော တုံ့ပြန်မှုက သူ့ကို တည်ငြိမ်သူတစ်ဦးကဲ့သို့ ထင်ရစေသည်။

တစ်စုံတစ်ခုကို သတိပြုမိသွား၍လားမသိ၊ ချန်အာဟူက ရှန်ယွီကို ကြည့်ကာ

“ဒါဆိုရင် မင်း... မင်းက...”

“ဒါဆိုရင် ဘော့စ်ရှန်..ကပဲ...”

ချန်အာဟူသည် အနှစ်နှစ်ဆယ်သက်တမ်းရှိ ဖျူအာလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး

“မင်းပဲ ပြောပါတော့” ဟု ဆိုလေသည်။

“ဒီလိုရှိပါတယ်...” ရှန်ယွီသည် ဖန်ခွက်ထဲရှိ ကျန်နေသော ကိုလာများကို အကုန်သောက်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ စားပွဲပေါ် တင်လိုက်သည်။

“ဘော့စ်ချန်ကလည်း ပွင့်လင်းသူတစ်ယောက်ဖြစ်တော့ ငါတို့တွေ စကားကို လှည့်ပတ်မပြောကြရအောင်။ ဒီနေ့တော့ ငါတို့တွေ အချက်အလက်အချို့ကို အတည်ပြုကြမယ်။ အဲ့ဒါတွေကတော့ အလုပ်အကြောင်းအရာ၊ အတိုင်းအတာ၊ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်း၊ အခကြေးငွေနဲ့ ငွေရှင်းမယ့်ကိစ္စတွေပဲ”

ချန်အာဟူသည် ချန်ကျန့်၏ မျက်နှာကို အမြန်ပင် လှမ်းကြည့်လိုက်သည်။ ချန်ကျန့်ကလည်း သူ့ကို ပြန်ကြည့်လိုက်မိ၏။

ဒါကို ဘာသာပြန်ပေးဖို့ လိုသေးလို့လား

“အရင်ဆုံး လုပ်ရမယ့် အလုပ်အကြောင်းအရာကို အရင်ပြောကြရအောင်”

ချန်ကျန့် လမ်းကြောင်းဝင်ပေးလိုက်သည်။

“အရေးကြီးဆုံးကတော့ လုံခြုံရေးပဲ။ ဘော့စ်ချန်နဲ့...”

ရှန်ယွီသည်လည်း ‘လက်ပါးစေများ’ သို့မဟုတ် ‘ဝန်ထမ်းများ’ ဟူသော စကားလုံးနှစ်ခုကြားတွင် မည်သည်ကို သုံးရမည်ကို တွန့်ဆုတ်သွားပြီးမှ -

“ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ခင်ဗျားတို့ ကိုယ်တိုင် သက်သေပြခဲ့ပြီးသားပဲလေ”

ချန်အာဟူက သဘောတူသည့်ဟန်ဖြင့် ခေါင်းကို အသာအယာ ငြိမ့်ပြသည်။

ဆန်းပင်းတစ်ယောက်သာ အနည်းငယ် မကျေမနပ် ဖြစ်နေရှာသည်။ သူတို့ သက်သေပြခဲ့သည်မှာ ဆန်းပင်း နှစ်ကြိမ်တိုင်တိုင် အရိုက်ခံခဲ့ရသည့် အချက်ပင် ဖြစ်သည် မဟုတ်လား။

“လုံခြုံရေးအတွက် ၂၄ နာရီပတ်လုံး တာဝန်ကျမယ့်သူ လိုအပ်တယ်။ အဆောက်အအုံအတွင်းက အထပ်လေးထပ်၊ ဝင်းထဲနဲ့ ဝင်းအပြင်ဘက် တံခါးပေါက်ကနေ မီတာငါးရာပတ်လည် လမ်းတစ်လျှောက်လုံးကို တာဝန်ယူရမယ်။ ဘယ်သူဖြစ်ဖြစ်၊ ဘယ်တိရစ္ဆာန်ပဲဖြစ်ဖြစ် တည်းခိုခန်းရဲ့ ပုံမှန်လုပ်ငန်းလည်ပတ်မှုကို မနှောင့်ယှက်အောင်၊ မထိခိုက်အောင် လုပ်ရမယ်”

ရှန်ယွီက တည်ကြည်သော လေသံဖြင့်ပင် လုပ်ငန်းလိုအပ်ချက်များကို ဆက်တိုက်ပြောချလိုက်သည်။

“တကယ်လို့ တစ်ယောက်ယောက်က အိမ်ထဲမှာ လာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရင်ကော” ဟု ဆန်းပင်းက မေးလိုက်သည်။

ပြောရမည်ဆိုလျှင် ဆန်းပင်းသည် ချန်အာဟူ၏ နောက်လိုက်တစ်ဦးအဖြစ် နေနေရသည်မှာ နှမြောစရာပင်။ ဤမေးခွန်းမှာ တကယ့်ကို ကောင်းမွန်သော မေးခွန်းတစ်ခု ဖြစ်နေသောကြောင့်ပင်။

“အဲ့ဒါကတော့ ထိန်းချုပ်လို့မရတဲ့ အခြေအနေမျိုးပေါ့”

“အင်း...”

ချန်အာဟူက ခေါင်းညိတ်သည်။

“လုံခြုံရေးအပြင်... အပြင်ဘက်က ကိစ္စတွေကို ကူညီပေးရမယ့် အလုပ်တွေလည်း ရှိသေးတယ်”

ရှန်ယွီက ဆက်လက် ပြောကြားလေသည်။

“အဲ့ဒါက... ဘာများလဲ”

ချန်အာဟူသည် လက်ဖက်ရည်ကို နှစ်ငုံခန့် သောက်လိုက်ရင်း မေးသည်။

“ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အကြိုအပို့ လုပ်ပေးရမယ့်အလုပ်ပေါ့။ ဒါက ယာဉ်မောင်းလိုင်စင် လိုအပ်တယ်၊ Class B လိုင်စင်ဆိုရင်တော့ ပိုကောင်းတာပေါ့”

“Class B ဟုတ်လား”

ချန်အာဟူမှာ အံ့အားသင့်သွားရလေသည်။

“Class C ဆိုရင် လုံလောက်ပါတယ်”

ချန်ကျန့်က ရှန်ယွီကို တစ်ချက်ကြည့်ကာ ဝင်ပြောလိုက်သည်။ ဤလူများစုပေါင်းလိုက်လျှင်ပင် ဆိုင်ကယ်လိုင်စင် နှစ်ခုပြည့်ရန်ပင် ခဲယဉ်းလှရာ Class B ဆိုသည်မှာ ဝေးစွ။ ထို့ပြင် လက်ရှိတွင် တည်းခိုခန်း၌ ဝှီးချဲမှလွဲ၍ အခြားကားရှိနေ၍လား။

“အာဟူကောမှာ ရှိတယ်” ဟု လောင်စစ်က ပြောလိုက်ပြီးမှ စကားကို ပြန်ပြင်ကာ “ကျွန်တော်တို့ ဘော့စ်ချန်မှာ ရှိပါတယ်” ဟု ဆိုလေသည်။

“အလွန်ကောင်းတယ်”

ရှန်ယွီအသုံးအနှုန်းကအစ အဆင့်တန်းကျကျ သုံးကာ ဟန်ပါပါ ခေါင်းညိတ်ပြသည်။

“အလုပ်အကြောင်းအရာနဲ့ ပတ်သက်ပြီး ကန့်ကွက်စရာ မရှိဘူးဆိုရင် ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းကို ဆွေးနွေးကြရအောင်”

“အဲ့ဒီမတိုင်ခင်... ပိုက်ဆံအကြောင်း အရင်ပြောရအောင်”

ချန်အာဟူသည် အသာစီးရရန် ကြိုးပမ်းသည့်အနေဖြင့် - “လစာပေါ့” ဟု ဆိုသည်။

သူတို့အတွက်မူ ဟိုဟိုဒီဒီ သွားလာခြင်း၊ ဖဲကစားခြင်း၊ ကျောက်ခဲနှင့် ပစ်ခြင်း သို့မဟုတ် ဘော့စ်ချန် လုပ်နေခြင်းများမှာ နောက်ဆုံးတွင် ပိုက်ဆံအတွက်သာ ဖြစ်ပေသည်။ ပုံမှန်ဆိုလျှင် ဆူညံဆူညံနှင့် ဟန်ကိုယ်ဖို့ လုပ်နေတတ်ကြသော ဤလူများ၏ အိတ်ကပ်မှာ သူ၏အိတ်ကပ်ကဲ့သို့ပင် ဟောင်းလောင်းဖြစ်နေသည်ကို ချန်ကျန့် ကောင်းစွာ သိရှိပါသည်။ ချန်အာဟူ၏ မိသားစုမှာ စီးပွားရေး အသင့်အတင့်ရှိသော်လည်း ဆန်းပင်း၏ မိဘများမှာမူ သာမန်ရွှေ့ပြောင်းအလုပ်သမားများသာ ဖြစ်ကြသည်။ သူ ဆန်းပင်းကို လက်သီးတစ်ချက်ဖြင့် လွင့်ထွက်အောင် ထိုးနိုင်ခဲ့ခြင်းမှာလည်း ဆန်းပင်းမှာ အလွန်ပိန်လှီလွန်းသောကြောင့်သာ ဖြစ်ပေသည်။

“အခြေခံလစာကတော့ နှစ်ထောင်ပါ၊ နေစရိတ် ငြိမ်းပေါ့”

ရှန်ယွီက ကုလားထိုင်ပေါ် မှီထိုင်ရင်း ဆိုသည်။

“ရုံးပိတ်ရက်တွေမှာ အလုပ်လုပ်ရင် လစာသုံးဆပေးမယ်၊ ညဂျူတီကြေးလည်း ရှိမယ်။ ခရီးသည် အကြိုအပို့နဲ့ ကုန်ပစ္စည်း သယ်ယူတာတွေကိုတော့ တစ်ခေါက်ချင်းစီအလိုက် ပိုက်ဆံထပ်ပေးမယ်”

ဤလစာနှုန်းထားမှာ ချန်းယွီ ပေးခဲ့ဖူးသော လစာပေါ်တွင် အခြေခံထားခြင်း ဖြစ်နိုင်သည်။ ဤမြို့ငယ်လေးတွင် ဤလစာမှာ တော်တော်လေး ကောင်းမွန်လှသည်ဟု ဆိုရမည်။ ချန်းယွီကမူ ညဂျူတီကြေး သို့မဟုတ် ပိတ်ရက်လစာ သုံးဆပေးခြင်းမျိုး ဘယ်သောအခါမျှ မလုပ်ခဲ့သည့်အပြင် နေထိုင်ခအတွက်ပင် တစ်လလျှင် ယွမ်တစ်ရာ ပြန်လည် နုတ်ယူတတ်သေးသည်။

ချန်အာဟူသည် တစ်ကြိမ်တစ်ခါမျှ အလုပ်မလုပ်ခဲ့ဖူးသလို သူ၏နောက်လိုက်များမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ဤလစာနှုန်းထားကို ကြားလိုက်ရသောအခါ သူတို့သုံးဦးမှာ ကျေနပ်သွားသည့်ဟန်ဖြင့် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အမှန်တကယ်တော့ သူတို့မှာ တစ်ခါတစ်ရံ စီးကရက်တစ်ဗူး ဝယ်ရန်ပင် ငွေမရှိဘဲ တစ်လိပ်ချင်းစီသာ ခွဲဝယ်နေရသူများ မဟုတ်ပါလား။

“ဒီလစာက... နည်းနည်းတော့ မနည်းလွန်းဘူးလား”

ချန်အာဟူသည် သူ၏ညီအစ်ကိုများအတွက် အကျိုးအမြတ်ပိုရရန် ညှိနှိုင်းကြည့်လေသည်။

“မနည်းပါဘူး”

ရှန်ယွီ၏လေသံမှာ ချန်အာဟူထက် များစွာသာလွန်နေပြီးအမြဲတမ်း အေးအေးဆေးဆေးပင် ရှိနေသည်။ ထို့နောက် စကားလမ်းကြောင်းကိုလည်း ချက်ချင်းပင် လွှဲပြောင်းလိုက်၏။

“နောက်ပြီး ငါတို့ အတည်ပြုဖို့ လိုအပ်တဲ့ နောက်တစ်ချက်ကတော့ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းပဲ။ ငါက လုံခြုံရေး... လုံခြုံရေးဝန်ထမ်း နှစ်ယောက်၊ သုံးယောက်လောက်ပဲ လိုအပ်တာ”

“နှစ်ယောက် သုံးယောက်ပဲလား” ချန်အာဟူမှာ အံ့အားသင့်သွားရသည်။ “နှစ်ယောက် သုံးယောက်ပဲလားလို့”

“ဘော့စ်ချန်... ငါ အခုမှ လုပ်ငန်းစဖွင့်တာပါ။ ဒီမြို့ရဲ့ စီးပွားရေးအခြေအနေကိုတော့ မင်းက ငါ့ထက်တောင် ပိုသိမှာပါ။ ငါတို့တွေက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပူးပေါင်းဆောင်ရွက်မှုဝင်ငွေ ဘယ်လိုရမလဲဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်”

ရှန်ယွီသည် သူ၏ခွက်အလွတ်ကို မကာ တစ်ငုံသောက်လိုက်ပြန်သည်။

“မင်းတို့လို မြို့ထဲမှာ အလုပ်အကိုင် အတည်တကျမရှိဘဲ ကြုံရာကျပန်း လုပ်ကိုင်နေရတဲ့လူတွေအတွက်တော့ တကယ်တမ်းမှာ ဝင်ငွေက မတည်ငြိမ်လှဘူး။ တစ်ခါတစ်ရံမှာ လုပ်ငန်းခွင် အခြေအနေအရ မင်းတို့ကိုယ်တိုင်ပဲ လမ်းညွှန်မှုတွေ လုပ်ဖို့တောင် လိုအပ်မှာပေါ့...”

ချန်အာဟူတို့လူစု ဆိုင်များကို နှောင့်ယှက်ခြင်းနှင့် ဆက်ကြေးကောက်ခြင်းတို့ကို ရှန်ယွီက “စီးပွားရေးလုပ်ငန်းတစ်ခု” အဖြစ် လှပစွာ အမည်တပ်လိုက်ပုံကို ချန်ကျန့် တကယ်ပင် အံ့ဩချီးကျူးမိသွားရလေသည်။ ချန်အာဟူသည်လည်း အလွန်အမင်း အာရုံစိုက်ကာ နားထောင်နေလေသည်။ သူ လုပ်ကိုင်နေသော အလုပ်များကို ယခုကဲ့သို့ အဆင့်မြင့်ပြီး ခန့်ညားသော စကားလုံးများဖြင့် ဖော်ပြနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။

“ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ပုံစံကတော့ တကယ်တမ်းမှာ ‘အပြင်လူကို ငှားရမ်းလုပ်ကိုင်စေခြင်း’ ပုံစံပဲ ဖြစ်မှာပါ။ ငါက လုံခြုံရေးလုပ်ငန်းကို မင်းဆီမှာ အပ်နှံမယ်။ မင်းက လစဉ် လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက် ဒီကိုလာဖို့ စီစဉ်ပေးရမယ်၊ ငါက သူတို့ရဲ့ လစာတွေကို မင်းနဲ့ပဲ စာရင်းရှင်းမယ်။ မင်းက မင်းရဲ့ ကော်မရှင်ခကို နုတ်ပြီးတော့... ဥပမာ တစ်ယောက်ကို ယွမ်တစ်ရာစီပေါ့... ပြီးမှ သူတို့ကို ပြန်ပေးရမယ်”

ဤသည်မှာ ချန်အာဟူတစ်ယောက် တစ်စုံတစ်ဦး၏ စကားကို အလေးအနက်ထား၍ အနားထောင်ဖူးဆုံး အချိန် ဖြစ်ပေလိမ့်မည်။ အမှန်အတိုင်း ပြောရလျှင် ချန်ကျန့်သည်လည်း အလွန်ပင် အာရုံစိုက်ကာ နားထောင်နေမိခြင်း ဖြစ်သည်။

ရှန်ယွီက ဘော့စ်ချန်၏ လက်ဖက်ရည်ကို ပြန်ဖြည့်ရန် သူ့ကို အချက်ပြသည့် အခါမှသာ သူ သတိပြန်ဝင်လာတော့သည်။ သူသည် အနားသို့သွားကာ လက်ဖက်ရည်ခွက်ကို ယူ၍ ရေနွေး ပြန်ဖြည့်ပေးလိုက်သည်။ လက်ဖက်ရည်မှာ အရောင်သိပ်မထွက်တော့သဖြင့် လက်ဖက်ခြောက်အချို့ကိုလည်း ထပ်မံ ထည့်ပေးလိုက်လေသည်။

“ဘော့စ်ရှန်ရဲ့ ခွက်ကိုလည်း ဖြည့်ပေးလိုက်ဦး” ဟု ချန်အာဟူကလည်း သူ့ကို အမိန့်ပေးသလို အချက်ပြလိုက်ပြန်သည်။

ချန်ကျန့်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။

မင်းက အခု ငါ့ကိုတောင် ခိုင်းနေပြီပေါ့ ဟုတ်လား သူ ဘာသောက်နေလဲဆိုတာကိုရော သိလို့ ဖြည့်ခိုင်းနေတာလား

သို့သော် သူသည် မျက်နှာပျက်၍ မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် ချန်အာဟူကို “ဘော့စ်ချန်” ဟူသော ရာထူးနေရာသို့ အစောကတည်းက မြှောက်ပေးခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သောကြောင့်တည်း။ ချန်ကျန့်သည် ကိုယ်ကိုလှည့်ကာ ရှန်ယွီ၏ ရှေ့သို့ လျှောက်သွားပြီး သူ၏ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။

“လက်ဖက်ခြောက်တော့ ထပ်မထည့်နဲ့တော့နော်” ဟု ရှန်ယွီက သူ့ကို ကြည့်ကာ ဆိုလိုက်လေသည်။

“ဟုတ်ကဲ့”

ချန်ကျန့်က ရှန်ယွီ အတွက် ရေနွေးတစ်ခွက်ကိုသာ ထည့်ပေးလိုက်ပြီး စားပွဲပေါ်သို့ ပြန်တင်ပေးလိုက်သည်။

“အထက်မှာ ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး တခြားမေးစရာ ရှိသေးလား” ရှန်ယွီ၏ အကြည့်မှာ ချန်အာဟူထံသို့ ပြန်လည် ရောက်ရှိသွားသည်။ “မေးစရာ မရှိတော့ဘူးဆိုရင်တော့ ငါတို့ စာချုပ်ချုပ်လို့ ရပါပြီ”

“ဗျာ” ချန်အာဟူက သတိပြန်ဝင်လာကာ … “စာချုပ်ပါ ချုပ်ရမှာလား” ဟု မေးသည်။

“တရားဝင်ကိစ္စတွေကို တရားဝင်နည်းလမ်းအတိုင်းပဲ ကိုင်တွယ်သင့်တယ်လေ”

ချန်အာဟူသည် ဆန်းပင်းနှင့် လောင်စစ်တို့ကို လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည် ။

“ကောင်းပြီလေ၊ ချုပ်မယ်!”

ရှန်ယွီသည် စားပွဲအံဆွဲကို ဆွဲဖွင့်လိုက်ပြီး အသင့်ရိုက်နှိပ်ထားသော စာချုပ်ကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည် ။

“ချန်ကျန့်”

ချန်ကျန့်သည် အနားသို့သွားကာ စာချုပ်ကို ယူ၍ အမြန်ဖတ်ကြည့်လိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် တရားဝင်စာချုပ်တစ်ခု ဖြစ်နေသည်။ ရှန်ယွီ၏ အပိုင်းတွင် လက်မှတ်ထိုးပြီးသား ဖြစ်နေသည်ကို သူ တွေ့လိုက်ရ၏။ သူသည် ရှန်ယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကိုယ်ကိုလှည့်ကာ ချန်အာဟူ၏ ရှေ့သို့ စာချုပ်ကို ချပေးလိုက်သည် ။

“ဘော့စ်ချန်... တစ်ချက်လောက် ကြည့်လိုက်ပါဦး...”

“ဘယ်မှာ လက်မှတ်ထိုးရမှာလဲ” ချန်အာဟူက မေးသည်။

“နောက်ဆုံးစာမျက်နှာမှာပါ” ဟု ရှန်ယွီက ဆိုသည်။

“အကြောင်းအရာတွေကို အရင်ဖတ်ကြည့်ဦးလေ”

ချန်ကျန့်က ချန်အာဟူကို တိုးတိုးလေး သတိပေးလိုက်သည်။ ၎င်းမှာ ရှန်ယွီက လိမ်ညာမည်ကို စိုးရိမ်၍ မဟုတ်ပါ။ ရှန်ယွီအတွက် ချန်အာဟူကို လိမ်ရန်မှာ ဘေ့စ်ဘောတုတ်တစ်ချောင်း ဝှေ့လိုက်ရသလောက်ပင် လွယ်ကူလှသည်။ အဓိကအားဖြင့် ချန်အာဟူကို ပို၍ ပရော်ဖက်ရှင်နယ် ဆန်စေချင်သောကြောင့် ဖြစ်သည်။

“ဘာတွေ ဖတ်နေရမှာလဲ”

ချန်အာဟူကလည်း ခပ်တိုးတိုး ပြန်ပြောရင်း စာချုပ်နောက်ဆုံးစာမျက်နှာကို တိုက်ရိုက် လှန်လိုက်သည်။

“ဖတ်လည်း နားလည်တာ မဟုတ်ဘူး”

“ဒါဆိုလည်း ပြန်ယူသွားပြီး ဖြည်းဖြည်းချင်း ဖတ်ကြည့်ပေါ့” ဟု ရှန်ယွီက ဆိုသည်။

“ပူးပေါင်းဆောင်ရွက်မှု စတင်ပြီးနောက်မှာ လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိလာရင်တော့ ငါတို့တွေ ပြန်ပြီး ညှိနှိုင်းကြတာပေါ့”

ချန်အာဟူ၏ နာမည်ရင်းမှာလည်း ချန်အာဟူပင် ဖြစ်ပြီး သူ၏ လက်မှတ်ကို တစ်လုံးချင်း စနစ်တကျ ရေးထိုးလေသည်။ သူ၏ နာမည်ရော လက်ရေးပါ ဘေးတွင်ရှိသော ရှန်ယွီ၏ သပ်ရပ်လှပသော လက်မှတ်နှင့် အလွန်ပင် ကွာခြားလှ၏။

စာချုပ်တွင် လက်မှတ်ရေးထိုးပြီးသည်နှင့် ပူးပေါင်းဆောင်ရွက်မှုမှာ တရားဝင် စတင်လေပြီ။

ဘော့စ်ရှန်၏ စီစဉ်မှုအရ ချန်ကျန့်သည် အလုပ်နယ်ပယ် အတိုင်းအတာကို အတည်ပြုရန်အတွက် ဘော့စ်ချန်အာဟူကို ကျန့်ရှီး တည်းခိုခန်း၏ ပတ်ဝန်းကျင်သို့ လိုက်လံပြသလေသည်။

“ကြည့်နေဖို့ မလိုပါဘူး၊ ငါတို့က ဒီနေရာကို ရှန်ယွီထက်တောင် ပိုကျွမ်းသေးတယ်”

ဓာတ်လှေကားထဲသို့ ဝင်ပြီးနောက် ချန်အာဟူက လက်ကာပြရင်း ဆိုသည်။ ထို့နောက် ဓာတ်လှေကားနံရံကို မှီကာ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ချန်ကျန့်ကို ကြည့်ကာ

“ဒီလူကလေ... ချန်းယွီနဲ့ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ သူက ချန်းယွီနဲ့ သူငယ်ချင်းတွေလား။”

“ကျွန်တော် တကယ်မသိဘူးဗျ…ကျွန်တော်လည်း ဒီမှာ အလုပ်ဝင်တာ မကြာသေးတော့ အဲ့ဒီလို ကိစ္စတွေကို လိုက်မေးနေဖို့က အဆင်မပြေဘူးလေ”

“အင်း...” ချန်အာဟူက ခေါင်းညိတ်သည်။ ဓာတ်လှေကားတံခါး ပွင့်သွားချိန်တွင် အပြင်၌ ကြမ်းတိုက်နေသော ကျောက်ဖန်းဖန်း တစ်ယောက်တည်းသာ ရှိသော်လည်း သူသည် ရင်ကို မော့ကာ ခန့်ညားစွာ လျှောက်ထွက်သွားသည်။

“ဒါဆိုလည်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အတိုင်းပဲ... ဒီနေရာ သန့်ရှင်းရေးတွေ ပြီးသွားပြီဆိုရင် ငါ့လူတွေကို လွှတ်လိုက်မယ်”

“ဟုတ်ကဲ့ပါ၊ ကူညီပေးတာ ကျေးဇူးတင်ပါတယ် ဘော့စ်ချန်”

ဘော့စ်ချန်၏ ဆိုင်ကယ်လေး ထွက်ခွာသွားသည်ကို လိုက်ပို့ပြီးနောက် ချန်ကျန့်သည် စတုတ္ထထပ်သို့ ချက်ချင်း ပြန်တက်လာခဲ့သည်။ရှန်ယွီမှာ ရုံးခန်းထဲ၌ ရှိနေဆဲဖြစ်ပြီး တံခါးကိုလည်း ဖွင့်ထားဆဲပင်။

ချန်ကျန့်သည် အနားသို့သွားကာ တံခါးကို နှစ်ချက်ခေါက်လိုက်သည်။

“မြန်လှချည်လား”

ရှန်ယွီသည် လက်ဖက်ရည်ဗူး တစ်ဗူးကို ကိုင်ကာ ကြည့်နေရင်း မေးလိုက်သည်။

“သူက ဒီမှာပဲ ကြီးပြင်းလာတာလေ…မင်း ပြောလိုက်တဲ့ နေရာတိုင်းကို သူ မသိတာ မရှိဘူး။ ဒါကြောင့် လိုက်ကြည့်တာနဲ့ မကြည့်တာက သိပ်ပြီး ထူးခြားမနေပါဘူး”

“အင်း...”

ရှန်ယွီက လက်ဖက်ရည်ဗူးကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်ရင်း ဆိုသည်။

“ငါ တို့ လက်ဖက်ရည်အချို့တော့ ဝယ်ဖို့ လိုမယ်။ ဒီကိုလာတဲ့နေ့က လမ်းဆုံမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင် တွေ့ခဲ့သလိုပဲ”

“မင်းက ကိုလာပဲ သောက်တာ မဟုတ်ဘူးလား”

ရှန်ယွီက ရယ်မောလိုက်ပြီး စားပွဲအောက်ရှိ ဗီဒိုထဲမှ သောက်လက်စ ကိုလာပုလင်းကို ထုတ်ကာ ဖန်ခွက်ထဲသို့ လောင်းထည့်ပြီး တစ်ငုံသောက်လိုက်သည်။

“ပုလင်းလိုက် တိုက်ရိုက်သောက်လို့ မရဘူးလား။ ဘော့စ် အဲ့ဒီလို လောင်းထည့်လိုက်တော့ အမြှုပ်တွေ တစ်ဝက်လောက် ပျောက်ကုန်ပြီလေ”

“ဒီလိုသောက်တာက လေတက်တာ နည်းလို့ပါ …ဒါနဲ့ စာချုပ်ကို သိမ်းလိုက်တော့”

“ဒီစာချုပ်က ဘယ်ကရတာလဲ”

ချန်ကျန့်က စာချုပ်ကို ကောက်ယူရင်း မေးလိုက်သည်။ “

ချန်းယွီက ကျွန်တော်တို့နဲ့ တစ်ခါမှ စာချုပ်မချုပ်ဖူးဘူး။ ဒါက သူ့ရဲ့ စာချုပ်နမူနာ (Template) တော့ မဟုတ်တန်ရာဘူးနော်”

“ငါ့ဟာပါ” ဟု ရှန်ယွီက တိုတိုတုတ်တုတ် ပြန်ဖြေသည်။

လျူဝူ ပြောပြချက်အရ ရှန်ယွီသည် ယခင်က စီးပွားရေးလုပ်ခဲ့ဖူးသည်ဆိုတော့ ထိုစဉ်က သုံးခဲ့သော စာချုပ်များ ဖြစ်နိုင်ပေသည်။

“ဘယ်မှာ ထားရမလဲ”

“ဖိုင်တစ်ခုထဲ ထည့်ပြီး အံဆွဲထဲမှာပဲ ထားလိုက်ပါ”

“ဒီစာချုပ်ကလေ...”

ချန်ကျန့်သည် စာချုပ်ကို လှန်လှောကြည့်ရင်း စာလုံးများကို သေချာနားမလည်သဖြင့် အနည်းငယ် စိတ်ပျက်စွာဖြင့် မေးလိုက်မိသည်။

“ဒါက ချန်အာဟူကို လိမ်ထားတာမျိုးတော့ မဟုတ်ပါဘူးနော်။”

“လိမ်ထားတာ မဟုတ်ပါဘူး ။ ဒါက တရားမဝင်တဲ့ (Invalid) စာချုပ်တစ်ခုပဲ”

“တရားမဝင်ဘူးလား” ချန်ကျန့်မှာ အံ့အားသင့်သွားရသည်။

“သူကတော့ အိမ်ပြန်ပြီး ပျော်ပျော်ကြီး အရသာခံနေလောက်ပြီ။ တကယ်လို့ သူ သိသွားရင် ဘယ်လိုလုပ်မလဲ”

“သူကိုယ်တိုင်ပဲ ပြောတာလေ၊ သူ နားမလည်ပါဘူးဆို”

“တကယ်လို့ သူက တခြားတစ်ယောက်ယောက်ကို ပြပြီး အကူအညီတောင်းရင်ကော”

ချန်ကျန့်က ထပ်မေးသည်။

“မင်းက တော်တော်လေး သတိကြီးတာပဲ”

ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် အသံထွက်လာသည်။

“စာချုပ်ထဲမှာ လျှို့ဝှက်ချက် ထိန်းသိမ်းရမယ်ဆိုတဲ့ အပိုဒ် ပါပြီးသားလေ။ သူ့အတွက်တော့ အဲ့ဒါက နားလည်ရအလွယ်ဆုံး အချက်ပဲ”

ချန်ကျန့်သည် သူ၏နောက်ကွယ်ရှိ စင်ပေါ်တွင် လိုက်လံရှာဖွေပြီး ဟောင်းနွမ်းနေသော ဖိုင်အလွတ်တစ်ခုကို တွေ့ရာ စာချုပ်ကို ထည့်သွင်း၍ အံဆွဲထဲသို့ ထိုးထည့်လိုက်သည်။

“ဒါဆို ဒါက ပြီးပြီပေါ့” ရှန်ယွီက သူ၏ ဘယ်ဘက်ခြေထောက်ကို အသာအယာ လှုပ်ရှားလိုက်ရင်း

“လမ်းလျှောက်ထွက်ရအောင်။ ဒီနေ့ ငါတို့အတွက် နေ့လယ်စာ မပြင်နဲ့တော့လို့ ကျောက်ကျဲကို ပြောလိုက်ဦး”

“ဘယ်ကို လမ်းလျှောက်သွားမှာလဲ”

“ဒီပတ်ဝန်းကျင်က တောင်တွေ၊ မြစ်တွေ၊ တောအုပ်တွေဆီပေါ့…ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ ငါ မြင်ချင်လို့”

“အော်...” ချန်ကျန့်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ - “ဝှီးချဲနဲ့လား” ဟု မေးလိုက်သည်။

“မင်းရဲ့ ဆိုင်ကယ်ကိုပဲ ငါ အပိုင်စီးရတော့မှာပေါ့”

ချန်ကျန့်က သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ဆီဖိုးတော့ ငါ ပြန်ပေးပါ့မယ်”

“မလိုပါဘူး” ချန်ကျန့်က ရှန်ယွီ၏ ခြေထောက်ကို ကြည့်ရင်း ပြောလိုက်သည်။

“လမ်းတွေက တော်တော်များများ သွားရလာရ ခက်တယ်။ မင်း တကယ်ပဲ လှုပ်ခါပြီး လေဖြတ်သွားနိုင်တယ်... တကယ်လို့ အပြင်ထွက်ချင်တယ်ဆိုရင်တော့ ခဏလောက် စောင့်ဦး”

“ကောင်းပြီလေ” ရှန်ယွီက ခေါင်းညိတ်သည်။

ချန်ကျန့်သည် သူ၏ဆိုင်ကယ်ကို မောင်းထွက်သွားလေသည်။ ရှန်ယွီကမူ ဝင်းအတွင်း၌ ထိုင်နေရင်း ကောင်းကင်ကို မော့ကြည့်နေ၏။ ဤနေရာ၏ ရှုခင်းမှာ တကယ့်ကို လှပပါသည်။ မနေ့က မိုးမရွာခဲ့သလို၊ ဒီနေ့လည်း ရွာမည့်ပုံ မပေါ်သေးချေ။ ကောင်းကင်မှာ ကြည်လင်ပြီး တိုက်ခတ်လာသော လေမှာလည်း လန်းဆန်းလှသည်။ မကြာမီမှာပင် အပြင်ဘက်မှ ဆိုင်ကယ်သံတစ်သံ ကြားလိုက်ရသော်လည်း ၎င်းမှာ ချန်ကျန့်၏ ဆိုင်ကယ်သံနှင့် မတူချေ။ ရှန်ယွီက ဝင်းတံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် ချန်ကျန့်သည် ဘေးတွဲဆိုင်ကယ်တစ်စီးကို မောင်းလာခြင်းပင်။

ရှန်ယွီက ရယ်မောလိုက်ပြီး

“ဒါကြီးကို မောင်းလာတာလား” ဟု မေးသည်။

“အနည်းဆုံးတော့ မင်းခြေထောက်တွေ နားဖို့ နေရာရှိတာပေါ့၊ မဟုတ်ဘူးလား”

ချန်ကျန့်က ဆိုင်ကယ်ပေါ်မှ ဆင်းကာ ဘေးတွဲလေးကို ပုတ်ပြလိုက်သည်။

“ဒီကနေဆိုရင် မင်း လှည့်ပတ်ကြည့်ရှုရတာလည်း ပိုလွယ်တာပေါ့”

“ဒါကို ဘယ်ကရလာတာလဲ”

ရှန်ယွီက မတ်တတ်ထရပ်ကာ ချိုင်းထောက်ကို အားပြု၍ ဖြည်းဖြည်းချင်း လျှောက်လာရင်း မေးသည်။

“ကျွန်တော့်ရဲ့ ရွှေကောဆီကပါ။ ကားပြင်ဆိုင်ပိုင်ရှင် တန်ရွှေ လေ၊ သူ ဒီနားမှာ ဂိုဒေါင်တစ်ခု ရှိတယ်”

“စိတ်ဝင်စားစရာပဲ”

ရှန်ယွီသည် ဘေးတွဲထဲသို့ ဝင်ထိုင်လိုက်သည်။ သူ၏ ခြေထောက်များကို ဆန့်ထုတ်၍ မရသော်လည်း၊ ဤနေရာတွင် ထိုင်ရသည်မှာ ဆိုင်ကယ်နောက်တွင် ထိုင်ရသည်ထက် ပို၍ သက်သောင့်သက်သာ ရှိလှသည်။ ချန်ကျန့်သည် အိမ်ထဲသို့ အပြေးအလွှား ဝင်သွားပြီး ခေါင်းအုံးတစ်လုံး ယူလာကာ ရှန်ယွီ၏ ဘယ်ဘက်ခြေထောက်နှင့် ဘေးတွဲနံရံကြားတွင် ခုပေးလိုက်သည်။

“ညစ်ပတ်နေတာကြီးမလား ။ ကျောက်ကျဲက ခုတင် သန့်ရှင်းရေးလုပ်ပြီး လျှော်ဖို့ ပြင်နေတာလေ”

“အင်း...” ချန်ကျန့်က ဆိုင်ကယ်ပေါ်သို့ ခွတက်လိုက်ရင်း

“မင်းမျက်နှာနဲ့ ထိမှာမှ မဟုတ်တာ၊ ဘာကြောက်နေတာလဲ။ မင်းရဲ့ ခြေထောက်ကိရိယာကိုပဲ ခုထားလိုက်ပါ။ အဲ့ဒါကြီးက ကြည့်ရတာ တစ်ခုခုနဲ့ တိုက်မိရင် မင်းရဲ့ အရိုးကိုတောင် ဖောက်ထွက်သွားမယ့် ပုံစံမျိုး၊ သတိထားရမယ်”

“မင်းပြောမှ ငါတောင် ဆင်းချင်စိတ် ပေါက်လာပြီ” ရှန်ယွီက ရယ်မောလျက် ဆိုသည်။

“ဆင်းမလို့လား”

ချန်ကျန့်က မေးလိုက်၏။

“သွားကြစို့” ရှန်ယွီက လက်ဝှေ့ယမ်းပြသည်။ “အရင်ဆုံး ချန်အာဟူ တာဝန်ယူရမယ့် ဝင်းရှေ့က မီတာငါးရာ လမ်းတစ်လျှောက်ကို ကင်းလှည့်ကြတာပေါ့။ အထဲမှာ တခြားဆိုင်တွေ ရှိသေးလား”

“အင်း...” ချန်ကျန့်က ဆိုင်ကယ်ကို လမ်းသွယ်ထဲသို့ မောင်းဝင်လိုက်သည်။

“နောက်ထပ် လေးဆိုင်ရှိသေးတယ်။ ကျန့်ရှီးနဲ့ အနီးဆုံးတစ်ဆိုင်ကတော့ ပိတ်ခါနီးနေပြီ။ ကျန်တဲ့ နှစ်ဆိုင်ကတော့ တခြားလမ်းတွေ ရှိသေးလို့ ဆက်ဖွင့်ထားကြတာ”

“ဒီလမ်းကို ပြန်ပြုပြင်ပြီး ပိုပြီး လင်းလင်းချင်းချင်း ဖြစ်အောင် လုပ်ဖို့ လိုမယ်”

“ဘော့စ် က... တကယ်ပဲ ဒီတည်းခိုခန်းကို ဆက်ဖွင့်ဖို့ စိတ်ကူးနေတာလား”

“ငါလည်း မသိသေးပါဘူး။ ဘာလဲ... မင်း အလုပ်ပြုတ်မှာ ကြောက်လို့လား”

ချန်ကျန့်က ပြုံးလိုက်သော်လည်း ဘာမှ မပြောတော့ချေ။

“လောလောဆယ်တော့ မဟုတ်သေးပါဘူး၊ ငါ အခုတင် လုံခြုံရေးတွေ ငှားထားတာလေ။ အနည်းဆုံးတော့ ခဏတဖြုတ်တော့ ဆက်ဖွင့်ထားရမှာပေါ့”

“မင်းက လုံခြုံရေးတွေကို နှစ်ထောင်ပေးထားတယ်”

ချန်ကျန့်က ရုတ်တရက် သတိရသွားသည်။

“ဒါဆို ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကိုကော ဘယ်လောက်ပေးမှာလဲ”

“နှစ်ထောင်ပဲပေါ့” ဟု ရှန်ယွီက ဆိုသည်။

“မဖြစ်နိုင်တာ” ချန်ကျန့်က ခေါင်းလှည့်ကြည့်လိုက်သည်။

“ဝန်ဆောင်မှု ဝန်ထမ်းတွေက အလုပ်မျိုးစုံ လုပ်ရတာလေ၊ လုံခြုံရေးတွေကကျတော့ ညဂျူတီကြေးပါ ရသေးတယ်။ အဲ့ဒါက နည်းနည်းတော့ မတရားသလို မဖြစ်ဘူးလား”

“လုံခြုံရေးတွေကလည်း ဝန်ဆောင်မှု ဝန်ထမ်းတွေရဲ့ အလုပ်အချို့ကို ကူလုပ်ပေးလို့ ရတာပဲလေ”

ရှန်ယွီက ဆိုသည်။

“ဗျာ” ချန်ကျန့်မှာ အံ့အားသင့်သွားရသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဝန်ဆောင်မှု ဝန်ထမ်းမှ မငှားရသေးတာ” ဟု ရှန်ယွီက ဆိုလေသည်။

“မင်းကတော့...”

ချန်ကျန့်က သူ့ကို ကြည့်လိုက်သည်။

“သက်ပြင်းမချပါနဲ့။ မင်းက ဝန်ဆောင်မှု ဝန်ထမ်းမှ မဟုတ်တာ။ မင်းရဲ့ လစာနှုန်းထားက တစ်မျိုးလေ”

ချန်ကျန့်သည် ဘေးတွဲဆိုင်ကယ်ကို မောင်းနှင်ကာ ရှန်ယွီကို လမ်းအဆုံးအထိ လိုက်လံပြသလေသည်။ လမ်းအဆုံးမှာ တောအုပ်ထဲသို့ ဦးတည်နေသော တောင်တက်လမ်းဖြစ်ပြီး ရှုခင်းမှာ အလွန်ပင် ကောင်းမွန်လှသည်။

“တစ်ကိုယ်တည်း အေးအေးဆေးဆေး နေချင်တဲ့လူတွေအတွက်တော့ သင့်တော်တဲ့ နေရာပဲ” ဟု ရှန်ယွီက ဆိုသည်။

“အခု ဘယ်ကို သွားကြမလဲ”

ချန်ကျန့်က ဆိုင်ကယ်ကို ပြန်လှည့်လိုက်သည်။

“အနီးနားက စခန်းချတဲ့ နေရာတွေ ဒါမှမဟုတ် ရွာတွေဆီပေါ့”

“ရွာတွေ” ချန်ကျန့်က မေးသည်။

“ဘယ်ရွာကိုလဲ”

“မင်းလည်း အနီးနားက ရွာမှာပဲ နေတာ မဟုတ်လား။ မင်းတို့ရွာကိုပဲ သွားကြည့်ရအောင်”

ချန်ကျန့်က ဆိုင်ကယ်ကို လမ်းလယ်ခေါင်မှာ ရပ်လိုက်ပြီး -

“ဘော့စ်ရှန်... မင်း ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်သည်။

“ဘာမှ မဆိုလိုပါဘူး။ မင်းနေတဲ့ ရွာကိုပဲ မြင်ချင်လို့ပါ။ ဒီနားမှာ ရွာတွေ အများကြီး ရှိတာ မဟုတ်လား”

“မင်းက ကျွန်တော့်နောက်ကို လိုက်စုံစမ်းနေတာလား”

“မင်းက အဲ့ဒီလောက်တောင် ကိုယ်ရေးကိုယ်တာအကြောင်းတွေ သိမှာကို စန်းစန်းတင့် တာလား”

“ခင်ဗျားပြောသလို စန်းစန်းတင့်တာတော့ မဟုတ်ပါဘူး”

ချန်ကျန့်က မျက်မှောင်ကြုတ်လိုက်ရင်းမှ ဆက်မေးသည်။

“တခြားလူတွေကိုကော မင်း အဲ့ဒီလို လိုက်စုံစမ်းဦးမှာလား။ ကျောက်ကျဲ၊ ချန်အာဟူ၊ ဆန်းပင်း၊ လောင်စစ် တို့ကိုရော”

“ဒီမှာ ငါ့အတွက် အလုပ်လုပ်ပေးနေတဲ့လူတိုင်းကို ငါ စုံစမ်းမှာပဲ”

ရှန်ယွီက သူ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ ၎င်းမှာ သူတစ်ယောက်တည်းကို ဆိုလိုခြင်း မဟုတ်ကြောင်း သိလိုက်ရသော်လည်း ချန်ကျန့်မှာ အနည်းငယ် ထူးဆန်းနေသလို ခံစားနေရဆဲဖြစ်ပြီး မည်သို့ ပြန်လည် ချေပရမည်ကို မသိဘဲ ဖြစ်နေသည်။

“အထူးသဖြင့် မင်းကိုပေါ့” ဟု ရှန်ယွီက ထပ်လောင်းပြောကြားလိုက်သည်။

“မင်း... တောက်!” ချန်ကျန့်က ဆဲရေးမိတော့မည့် စိတ်ကို ထိန်းလိုက်သည်။

“ဘာဖြစ်လို့လဲ။တကယ်လို့ မင်း ကျွန်တော့်ကို မယုံကြည်ဘူးဆိုရင် ကျွန်တော် အခုပဲ ထွက်သွားပေးနိုင်တယ်”

သို့သော် ပေးထားသော ပိုက်ဆံများကိုတော့ အခုချက်ချင်း ပြန်မပေးနိုင်သေးချေ။ မင်း အံကြိတ်ပြီးပဲ ဖြစ်ဖြစ် ကျွန်တော့်ကို နှစ်လလောက်တော့ ဆက်ခိုင်းထားလို့ ရပါတယ်ဟု သူ စိတ်ထဲမှ တွေးနေမိသည်။

“ဒီလိုနေရာမျိုးမှာ ဝန်ထမ်းခေါ်ရုံနဲ့တော့ အရည်အချင်းရှိတဲ့လူကို ရှာတွေ့မှာ မဟုတ်ဘူး” ဟု ရှန်ယွီက ဆိုသည်။

“မင်းကတော့ အလုပ်ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ တော်တော်လေး အရည်အချင်းရှိတယ်။ နောင်ကျရင် ဒီက အလုပ်ကိစ္စ အတော်များများကို မင်းဆီမှာပဲ အပ်နှံရမှာဆိုတော့၊ မင်းရဲ့ နောက်ကြောင်းကို ငါ သေချာ သိထားဖို့ လိုတာပေါ့။ ဥပမာ... မင်း ဘာဖြစ်လို့ ပိုက်ဆံ ဒီလောက်တောင် လိုအပ်နေရတာလဲ ဆိုတာမျိုးပေါ့”

ချန်ကျန့် ဘာမှ ပြန်မပြောမိချေ။ ရှန်ယွီ၏ စကားများက သူ့စိတ်ကို တက်လိုက် ကျလိုက်နှင့် ဖြစ်နေနိုင်စွမ်းသည်။ သူသည် စက္ကန့်အနည်းငယ်မျှ ပျော်ရွှင်သွားခဲ့သော်လည်း ချက်ချင်းပင် ပြန်လည် စိတ်ဓာတ်ကျသွားရသည်။ သို့သော် ထိုစကားများကြားမှပင် သူသည် သဲလွန်စအချို့ကို ရလိုက်သည်။ ၎င်းမှာ လျူဝူ ပြောပြခဲ့သော အချက်များနှင့် ကိုက်ညီနေပုံရသည်။ သူသည် ရှန်ယွီကို တစ်ချက်ကြည့်လိုက်ပြီး

“ချန်းယွီကလွဲလို့ မင်း အရင်က စီးပွားရေးလောကမှာ တခြားလူတွေရဲ့ လိမ်တာကို ခံခဲ့ရဖူးတာလား” ဟု မေးလိုက်သည်။

“လျူဝူရဲ့ ပါးစပ်ကတော့လေ...” ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် -

“အင်း... ဟုတ်တယ်။ လိမ်ခံရဖူးတယ်” ဟူ၍ ဝန်ခံလေ၏။
____________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...