အပိုင်း (၁၄)
ချန်ကျန့်သည် မြို့ဟောင်းဘက်သို့ မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သည်။ နောက်ဆုံးအကြိမ်မှာ လွန်ခဲ့သောတစ်လက တန်ရွှေနှင့်အတူ အပိုပစ္စည်းများ လာယူစဉ်ကဖြစ်သည်။ ထိုစဉ်က ကားပေါ်မှဆင်း၊ ပစ္စည်းများသယ်ပြီးသည်နှင့် ချက်ချင်းပြန်ထွက်ခဲ့ခြင်းဖြစ်သည်။ ယနေ့မူ သူတို့သည် ပင်မင်းသို့ သွားရမည်ဖြစ်ရာ မြို့ဟောင်း၏ အစည်ကားဆုံးလမ်းမကို ဖြတ်မောင်းရမည်ဖြစ်သည်။ ချန်ကျန့်သည် ကားပြတင်းပေါက်မှတစ်ဆင့် သွားလာနေသော လူများနှင့် ကားများကို ငေးကြည့်နေမိပြီး တစ်ခါတစ်ရံ ဖုန်းမှ လမ်းညွှန်မြေပုံ ကို ကြည့်လိုက်သည်။
“နောက်လမ်းဆုံမှာ ညာဘက်ကွေ့ပြီး လမ်းအဆုံးထိ တည့်တည့်မောင်းလိုက်၊ အဲ့ဒီမှာပဲ”
“ကောင်းပြီ ။ ဒီနေ့ မင်းရဲ့ ရွှေကောနဲ့ ဒီမှာပဲ နေ့လယ်စာ အတူစားမယ်။ အကြံပေးချင်တဲ့ စားသောက်ဆိုင် ရှိလား”
“ကျွန်တော်တို့ အမြဲသွားနေကျ ဟော့ပေါ့ဆိုင်တစ်ဆိုင်ရှိတယ် ။ ဘော့စ် ဟော့ပေါ့ စားလို့ရရဲ့လား”
“ငါ့ခြေထောက်က အစားစားတာကို မထိခိုက်ပါဘူး”
“ဒါဆို အဲ့ဒီကိုပဲ သွားကြတာပေါ့။ ဒါမှမဟုတ် အနောက်တိုင်းစာ စားချင်ရင်လည်း...”
“တန်ရွှေကို အနောက်တိုင်းစာ သွားကျွေးဖို့ စဉ်းစားနေတာလား၊ ဘာတွေတွေးနေတာလဲ။ သူ့အကြိုက်အတိုင်းပဲ သွားစားကြရအောင်”
“ဟုတ်”
ပင်မင်းသို့ ရောက်သည့်အခါ ချန်ကျန့်က ပုံစံစာရွက်ဖြည့်ရန် အောက်သို့ဆင်းသွားသည်။
“မင်းရဲ့ ယာဉ်မောင်းကို အရင်ဆုံး ပစ္စည်းတွေ အောက်ချခိုင်းလိုက်ပါဦး ။ သူက အထဲမှာ လှဲနေတုန်းပဲ”
ပင်မင်းဝန်ထမ်းက နှစ်ယောက်မရှိသည့် သူတို့၏ ဘော့စ်ရှန် ကို ဒရိုက်ဘာကောင်လေးထင်နေသေး၏။
“ကျွန်တော်ပဲ ချလိုက်ပါ့မယ်”
ချန်ကျန့်လည်း ကားဘက်ကို လှမ်းကြည့်လိုက်သည်။ ရှန်ယွီမှာ ကားထိုင်ခုံကို နောက်သို့ဆုတ်၊ မှီခုံကို လှဲချပြီး သူ၏ခြေထောက်ကို ကားလက်ကိုင်ဘီးပေါ်တွင် တင်ထားလေသည်။
“ကျွန်တော်တို့ ယာဉ်မောင်းက ခြေထောက်ဒဏ်ရာ ရထားလို့ပါ”
“ဒါဆို ဟိုလက်တွန်းလှည်းပေါ် တင်လိုက်ပါ”
ချန်ကျန့်သည် ကားတံခါးကိုဖွင့်ကာ ထုပ်ပိုးထားသော ပစ္စည်းများကို တစ်ခုချင်းစီ ဆွဲထုတ်၍ လက်တွန်းလှည်းပေါ်သို့ ပစ်တင်လိုက်သည်။
“ကူဖို့လိုလား” ရှန်ယွီကလှမ်း လောကွပ်ချော်သေး၏။
“အားပေးနေရုံနဲ့တင် ရပါပြီ”
“ကြိုးစားပါ မန်နေဂျာချန်”
ကံကောင်းထောက်မစွာဖြင့် ပစ္စည်းများမှာ အလွန်အမင်း မများလှသဖြင့် အမြန်ပြီးသွားသည်။ ချန်ကျန့်က ဝန်ထမ်းများ ပစ္စည်းအရေအတွက် စစ်ဆေးပြီး ဘောင်ချာထုတ်ပေးသည်ကို စောင့်နေသည်။ ရှန်ယွီကမူ ရှေ့ရှိလမ်းမကို ငေးကြည့်နေ၏။
လူလုပ်ထားသော မြို့အတုများထက် ပို၍ ဆွဲဆောင်မှုရှိသော ရိုးရှင်းသည့် မြို့ဟောင်းလေးတစ်ခု ဖြစ်သည်။ခရီးသွားလုပ်ငန်းအတွက် အဆောက်အအုံများမှာ မြို့ငယ်လေးလောက် မကောင်းသော်လည်း၊ မြို့ဟောင်းတွင် ပို၍စိုပြေသော အငွေ့အသက်နှင့် နေ့စဉ်ဘဝ၏ ရနံ့များ ပြင်းထန်စွာ ရှိနေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လမ်းကို အမြန်ဖြတ်ကူးလာသည်။ ရှန်ယွီ အစပိုင်းတွင် သတိမထားမိသော်လည်း၊ ထိုသူမှာ ဤဘက်သို့သာ စိုက်ကြည့်နေပြီး သူ၏မျက်နှာအမူအရာမှာ သာမန်လမ်းသွားလမ်းလာတစ်ဦးနှင့် မတူချေ။ ရှန်ယွီ မျက်လုံးကို ကျဉ်းလိုက်ပြီး ထိုသူကို စောင့်ကြည့်နေမိသည်။ သူသည် ချန်ကျန့်ကို သိပုံရသော်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ကောင်းဟန်မတူပေ။ အဘယ်ကြောင့်ဆိုသော် လမ်းဖြတ်ကူးလာကတည်းက ထိုသူ၏မျက်နှာမှာ မနှစ်မြို့ဖွယ် ဖြစ်နေသောကြောင့်တည်း။
ရှန်ယွီသည် ချန်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ရပြီ၊ သွားလို့ရပြီ...” ချန်ကျန့် ဘောင်ချာကိုယူကာ ကားတံခါးဖွင့်ရန် ပြန်လှည့်လာသည်။
“ချန်ကျန့်!”
ထိုအမျိုးသားက လှမ်းခေါ်လိုက်သည်။
ချန်ကျန့်သည် ဘယ်သူလဲဆိုတာကို လှည့်တောင်မကြည့်ချေ။ အသံကို ကြားရုံနှင့်ပင် သူ၏မျက်နှာမှာ ခေတ္တမျှ တောင့်တင်းသွားသည်။ ထို့နောက် သူသည် ကားတံခါးကို ပြန်ပိတ်လိုက်ပြီး “ခဏစောင့်ဦး” ဟု ဆိုသည်။
“အင်း”
ချန်ကျန့်သည် ထိုသူ့ထံသို့ လျှောက်သွားပြီး ကားအနားသို့ အကပ်မခံချေ။ သူတို့နှစ်ဦးသည် လမ်းဘေးတွင် ရပ်၍ စကားပြောနေကြသည်။ အဓိကအားဖြင့် ထိုသူကသာ ပြောဆိုနေပြီး၊ ချန်ကျန့်ကမူ တစ်ခါတစ်ရံမှသာ ခေါင်းညိတ်ပြလေသည်။ ထိုသူမှာ အလွန်ဒေါသထွက်နေဟန်ရှိသော်လည်း ချန်ကျန့်မှာမူ အလွန်ပင် တည်ငြိမ်လျက်။
ရှန်ယွီသည် ခြေထောက်တစ်ဖက်ကို ကွေးကာ တံတောင်ဆစ်ကို အားပြုလျက်၊ သူ၏လက်ချောင်းများဖြင့် လက်ကိုင်ဘီးပေါ်တွင် စည်းချက်ကျကျ တတောက်တောက် ခေါက်နေသည်။ အကြိမ်ရေ ၂၃၅ ကြိမ်မြောက် ခေါက်ပြီးသည့်အခါ ချန်ကျန့်က ထိုသူကို အနည်းငယ် ဦးညွှတ်ပြလိုက်သည်။ ထိုအမျိုးသားကမူ မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ကားဘက်သို့ အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီးနောက် ရှေ့သို့ ဆက်လက်ထွက်ခွာသွားလေသည်။
ချန်ကျန့်သည် လေပူမှုတ်ထုတ်လိုက်ပြီးနောက် ကားဆီသို့ ပြန်လျှောက်လာသည်။ ထိုသူ ထွက်သွားသောလမ်းဘက်သို့ တစ်ချက်ပြန်ကြည့်ပြီးမှ ကားတံခါးကိုဖွင့်၍ တက်လာသည်။
“သွားရအောင် ဘော့စ် ။ ကားသွားကြည့်ဖို့လေ။ ရွှေကော အဲ့ဒီမှာ ရောက်နေပြီ။ ကျွန်တော် လမ်းညွှန်ပေးမယ်”
“အကြွေးရှင်လား”
ရှန်ယွီ ကားကို ချက်ချင်းမမောင်းသေးဘဲ ဖြည်းဖြည်းချင်း မေးလိုက်သည်။ ချန်ကျန့်သည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားပြီးမှ ခေါင်းညိတ်ပြသည်။
“သူ့ကို ဘယ်လောက် ပေးဖို့ ကျန်သေးလဲ”
“ငါးသောင်း မပြည့်တော့ပါဘူး၊ ကျေခါနီးနေပါပြီ၊ သူက အရင်က ကျွန်တော်တို့ အကြွေး အများဆုံးတင်ခဲ့တဲ့သူပေါ့”
“ပြီးတော့ မင်းက သူ့ကို အကြွေးဆပ်ဖို့ ဖိအားအပေးဆုံး ဖြစ်ခဲ့တာ မဟုတ်လား ။ သူက ဘာလို့ အဲ့ဒီလောက် စိတ်တိုနေရတာလဲ”
“သူ ပိုက်ဆံ အလိုအပ်ဆုံးအချိန်မှာ ကျွန်တော်တို့ မပေးနိုင်ခဲ့လို့ပါ”
ချန်ကျန့်က ခပ်တိုးတိုး သက်ပြင်းချရင်း ဆိုသည်။
“မင်းအဖေက ဘယ်မှာ အလုပ်လုပ်လဲ” ရှန်ယွီက သူ၏ခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်ဆွဲသွင်းကာ ထိုင်ခုံကို ပြန်ညှိလိုက်သည်။
“တစ်ခါတစ်လေ မြို့ထဲမှာ … တစ်ခါတစ်လေ နယ်ဘက်တွေမှာပေါ့၊ အလုပ်ရှိတဲ့နေရာ သွားလုပ်တာပဲ”
“မင်း ဘာလို့ ထွက်မသွားတာလဲ။ မင်းက အဓိက အကြွေးတင်တဲ့သူ မဟုတ်ဘူးလေ။ အိမ်လည်း မရှိတော့ဘူး။ ဘာလို့ ဒီမှာနေပြီး အပြောအဆိုတွေ ခံနေရတာလဲ”
ရှန်ယွီက လှည့်ပတ်မပြောဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။ ရှန်ယွီသည် တစ်ခါတစ်ရံတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုရသည်ကို ပိုနှစ်သက်သည်။ ချန်ကျန့်က သူ့ကို လှည့်ကြည့်လိုက်သည်။ ရှန်ယွီက သူ၏ဖခင်အပေါ် ဝေဖန်သည့်အတွက် သူ စိတ်မကျေမနပ် ဖြစ်သွားဟန်ရှိသည်။ သို့သော် ချန်ကျန့်သည် အလွန်ပင် စိတ်ထိန်းနိုင်သူဖြစ်သည့်အတွက် ထိုခံစားချက်ကို အထင်အရှား မပြသခဲ့ချေ။
ခဏအကြာမှသာ
“တကယ်လို့ အားလုံး ထွက်သွားကြရင် လူတွေက ကျွန်တော်တို့ ထွက်ပြေးသွားပြီ၊ အကြွေးမဆပ်ချင်ဘူးလို့ ထင်ကြမှာပေါ့” ဟု ဆိုလေသည်။
“နားလည်ပြီ”
ရှန်ယွီ ခေါင်းညိတ်ကာ ကားကို စတင်မောင်းထွက်လိုက်သည်။
“ဘော့စ်ရှန်” ချန်ကျန့် ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ကားမှာ မီတာနှစ်ရာခန့် မောင်းပြီးမှ သူက ထပ်ပြောသည် ။
“နောက်လမ်းဆုံမှာ တည့်တည့်သွားပါ”
“လမ်းညွှန်ပေးတာက အခုတော့ လိပ်စာလိုတယ်လေ” ရှန်ယွီက ရယ်မောရင်း ဆိုသည် ။
“ပြောချင်တာရှိရင်လည်း ပြောလိုက်ပါ”
“ဘာမှမဟုတ်ပါဘူး” ဟု ချန်ကျန့်က ဆိုသည်။
“ငါ မင်းမိသားစုအကြောင်း မေးလိုက်လို့ မင်း မကျေမနပ် ဖြစ်နေတာ မဟုတ်လား”
ချန်ကျန့်က ဘာမှ မပြောဘဲ ငြိမ်နေသည်။ ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဟူသော အသံထွက်လာပြန်သည်။
ကားမှာ လမ်းဆုံကို ဖြတ်ကျော်သွားသည်။ ချန်ကျန့်က ညွှန်ပြသည်။
“ဟို အပြာရောင် ဆိုင်းဘုတ်ရှိတဲ့နေရာက ကွေ့လိုက်”
“အင်း”
ရှန်ယွီက ဘေးကို တစ်ချက်ကြည့်လိုက်သည်။ ချန်ကျန့်မှာ ရှေ့တည့်တည့်ကိုသာ ခိုင်မာစွာ ကြည့်နေလေသည်။ ရှန်ယွီ သက်ပြင်းချလိုက်ပြီး
“အလဲအလှယ် လုပ်ကြရအောင်။ မင်း သိချင်တာ ရှိရင်လည်း မေးပါ။ ငါ တစ်ယောက်တည်းပဲ စပ်စုနေသလို မဖြစ်အောင်ပေါ့။ မင်းလည်း ငါ့အကြောင်း သိချင်နေတာ ကြာပြီ မဟုတ်လား။ မေးလိုက်ပါ”
“မင်း ထောင်ကျဖူးလား”
ချန်ကျန့်က စက္ကန့်ပိုင်းမျှပင် မစဉ်းစားဘဲ မေးလိုက်သည်။
“တောက်!”
ရှန်ယွီ ဆဲရေးမိတော့မည့် စိတ်ကို မနည်းထိန်းလိုက်ရသည်။ သူကတော့ တကယ့်ကို မေးတတ်လွန်းလှသည်။ ချန်ကျန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ရှေ့ကို ပြန်ကြည့်နေသည်။
“အင်း”
ချန်ကျန့်မှာ မျက်နှာလွှဲထားရာမှ ချက်ချင်း ပြန်လှည့်လာသည်။
“တကယ်လား”
“လိမ်နေတယ်လို့ ထင်ရင်လည်း မယုံနဲ့ပေါ့”
“ဘာဖြစ်လို့ ထောင်ကျရတာလဲ”
ချန်ကျန့်က မယုံနိုင်သလို ထပ်မေးသည်။
“ငါ့ရဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေကို အခုလိုပဲ အလွယ်တကူ ထုတ်ပြောမယ် ထင်နေတာလား။ အဲ့ဒါကိုတော့ သိမ်းထားလိုက်ပါဦး၊ နောက်မှ အလဲအလှယ် လုပ်ကြတာပေါ့”
ချန်ကျန့်က သူ့ကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေပြီးမှ ပြန်လှည့်သွားသည်။
“ကျွန်တော် တခြား ဘာမှ မမေးတော့ပါဘူး၊ ဒီအတိုင်း အမြဲ သံသယဖြစ်နေလို့ အတည်ပြုချင်ရုံတင်ပါ”
“အဲ့ဒီလောက်တောင် သိသာလို့လား”
“တကယ်လို့ ကျွန်တော် ဖတ်နေတဲ့ ဝတ္ထုထဲမှာ မင်းလို ဇာတ်ကောင်မျိုး ပါလာမယ်ဆိုရင်… တတိယမြောက် အခန်းလောက်မှာတင် ကျွန်တော် ခန့်မှန်းမိမှာပါ”
ရှန်ယွီ ခေါင်းကို နောက်သို့မှီကာ အားရပါးရ ရယ်မောမိတော့သည်။
“လမ်းကို ကြည့်မောင်းဦး၊ ကားက ဘေးကို စောင်းကုန်ပြီ!”
ချန်ကျန့်က သတိပေးလိုက်သည်။
“မင်းခြေထောက်က တကယ်တမ်း ကားတိုက်လို့ ဒဏ်ရာရခဲ့တာ မဟုတ်လား!”
ရှန်ယွီ၏ ရယ်သံမှာ ခေတ္တရပ်သွားပြီးမှ ပြန်လည် ထွက်ပေါ်လာပြန်သည်။
မြို့ငယ်လေးတွင် ကားဟောင်းအရောင်းဆိုင် အနည်းငယ်ရှိပြီး အားလုံးမှာ အတိုင်းအတာ သေးငယ်ကြသည်။ တန်ရွှေ သိသောဆိုင်မှာ အသေးဆုံးဆိုင်တွေထဲက တစ်ဆိုင်ပင် ဖြစ်သည်။ ထိုဆိုင်၏ အားသာချက်မှာ နှစ်ရှည်လများ သူငယ်ချင်းဖြစ်သည့်အတွက် ယုံကြည်စိတ်ချရပြီး၊ အကြီးအကျယ် တိုက်မိထားသော ကားများကို မရောင်းချမိစေရန် အာမခံနိုင်ခြင်း ဖြစ်သည်။ ကားဝင်းမှာ မြို့အစွန်တွင်ရှိပြီး၊ ကားပါကင် အသေးလေးတစ်ခုထဲတွင် ကားခုနစ်စီး၊ ရှစ်စီးခန့် ရပ်ထားပြီး တစ်စီးမှာ ပြန်လည်ပြုပြင်နေလေသည်။
ရှန်ယွီ ကားဝင်းထဲသို့ မောင်းဝင်လာသည့်အခါ တန်ရွှေမှာ ဗင်ကားတစ်စီးရှေ့တွင် ဆိုင်ရှင်နှင့် စကားပြောနေသည်ကို တွေ့ရသည်။ သူတို့ ရောက်လာသည်ကို မြင်သောအခါ တန်ရွှေက လက်ပြနှုတ်ဆက်ပြီး လျှောက်လာသည်၊ ထို့နောက် တိုးတိုးလေး ဆိုသည်
“ဒါက အခုတင် ပြင်ဆင်ပြီးသွားတဲ့ ကားပဲ။ ငါ ကြည့်ပြီးပြီ၊ တိုက်ထားတာမျိုး မရှိဘူး။ အင်ဂျင်က ၂.၀ လေ၊ မောင်းရတာ သက်သောင့်သက်သာ ရှိတယ်။ တစ်ချက်ကြည့်လိုက်ပါဦး၊ ယွမ် လေးသောင်းကျော်ပဲ ကျမယ်။ တကယ်လို့ လိုချင်တယ်ဆိုရင်တော့ ဈေးကို ထပ်ပြီး ညှိနှိုင်းကြည့်လို့ ရတယ်”
ချန်ကျန့်က ကားအကြောင်း နားမလည်ပေ။ အပြင်ပန်းကြည့်လျှင် တကယ့်ကို အသစ်အတိုင်းဖြစ်သော အနက်ရောင် မက်ဇ်ဒါဗင်ကားတစ်စီး ဖြစ်ကြောင်းသာ သူ သိသည်။ သူ ရှန်ယွီကို လှမ်းကြည့်လိုက်သည်။ ရှန်ယွီသည်လည်း ကားအကြောင်း သိပ်နားလည်ပုံမရပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကား၏ အပြင်ပန်းကိုသာ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည် ။
“ရွှေကောက ကောင်းတယ်လို့ ပြောရင် ကောင်းမှာပါ”
“မင်းလည်း တစ်ချက်လောက် သေချာစစ် ကြည့်ဦးလေ”
“ကျွန်တော် ကားအကြောင်း နားမလည်ပါဘူး။ ခင်ဗျားကို ကျွန်တော် ယုံကြည်တယ်။ ချန်ကျန့်ရဲ့ သူငယ်ချင်းတွေဆို ကျွန်တော် ယုံကြည်ပါတယ်”
တန်ရွှေက သူ့ကို ကြည့်လိုက်ပြီး နှစ်စက္ကန့်ခန့် ငြိမ်သွားကာမှ ခိုင်မာစွာ ခေါင်းညိတ်ပြသည်
“ကောင်းပါပြီ၊ မင်းက ဒီလိုပြောမှတော့...”
တန်ရွှေသည် ဆိုင်ရှင်နှင့်အတူ ကားဆီသို့ ပြန်သွားပြီး ကားကို အသေးစိတ် ထပ်မံ စစ်ဆေးလေသည်။ သူတို့သည် ကားခေါင်းကို ဖွင့်ကြည့်ခြင်း၊ ဘေးမှနေ၍ ကားအောက်ခြေကို ငုံ့ကြည့်ခြင်းများ ပြုလုပ်ကြပြီး၊ ဆိုင်ရှင်က ကား၏ စစ်ဆေးချက် စာရင်းများကို တစ်ခုချင်းစီ ရှင်းပြနေလေသည်။
“ဘော့စ် တကယ်ပဲ ကားအကြောင်း နားမလည်တာလား”
ချန်ကျန့်က တိုးတိုးလေး မေးသည်။
“တကယ် မသိတာပါ။ ဘီးလဲတာနဲ့ ဆီအဖုံးဖွင့်တာလောက်ပဲ သိတယ်”
“တကယ်လို့ ကျွန်တော်တို့ ရွှေကောကို မရှာမိခဲ့ရင် မင်း ဒီကားကို ဘယ်လို ဝယ်မှာလဲ”
ချန်ကျန့်က မေးသည်။
“အသစ် ဝယ်မှာပေါ့” ဟု ရှန်ယွီက ဆိုလေသည်။
ချန်ကျန့် သူ့ကို တစ်ချက်ကြည့်လိုက်သည် ။
“မင်းမှာ အသုံးစရိတ် မရှိဘူးလို့ ကျွန်တော် ထင်နေတာ”
“ဗင်ကားအသစ်တစ်စီးက ဒီကားရဲ့ ဈေးနှုန်းလောက်ပဲ ရှိတာလေ”
“...ဗင်ကား”
ချန်ကျန့် ရယ်လိုက်မိသည်။
“ဒါပေါ့ ။ ဒီအသုံးစရိတ်နဲ့ဆိုရင် အသစ်က ဗင်ကားပဲ ရမှာလေ”
“မင်း အရင်က... ဘယ်လိုကားမျိုး မောင်းခဲ့တာလဲ” ချန်ကျန့်က မေးလိုက်သည်။
“ဘန်တလေ (Bentley) လေ” ဟု ရှန်ယွီက ဆိုသည်။
“ဟာ... တကယ်လား” ချန်ကျန့် မအံ့သြဘဲ မနေနိုင်တော့ချေ။
“အဲ့ဒီကားကကော ဘယ်ရောက်သွားပြီလဲ”
“ကုမ္ပဏီပိုင် ကားလေ။ အခုတော့ မရှိတော့ဘူး”
လျူဝူ ပြောပြခဲ့သည်များကို ချန်ကျန့် ပြန်တွေးကြည့်လိုက်သည်။ ကုမ္ပဏီလည်း မရှိတော့သလို၊ ပိုင်ဆိုင်မှုတွေလည်း မရှိတော့ပုံရသည်။ ရှန်ယွီ ထောင်ကျခဲ့ရခြင်းနှင့်လည်း ပတ်သက်နေမည်လားဟု သူ တွေးနေမိသည်။ ထိုအခြေအနေနှင့် နှိုင်းယှဉ်လျှင် ရှန်ယွီမှာ တကယ်ပင် သနားစရာ ကောင်းလှသည်။ အရင်က ဘန်တလေ မောင်းခဲ့သူဖြစ်ပြီး၊ အခုတော့ ကားဟောင်း ဗင်ကားတစ်စီးကိုသာ ဝယ်နိုင်တော့သည် မဟုတ်လား။
တန်ရွှေ၏ အစွမ်းကုန် ကူညီမှုကြောင့် ကားမှာ စစ်ဆေးမှု အောင်မြင်ခဲ့ပြီး ဈေးကိုလည်း အနည်းငယ် ထပ်လျှော့ပေးခဲ့သည်။ ရှန်ယွီသည် သူ၏ကတ်ကို ယူကာ ဆိုင်ရှင်နှင့်အတူ ငွေပေးချေရန်နှင့် စာရွက်စာတမ်းများ ပြုလုပ်ရန် လိုက်သွားလေသည်။ တန်ရွှေသည် သူ၏ဗင်ကားကို မှီလိုက်ရင်း ဆေးလိပ်တစ်လိပ် ညှိလိုက်သည်။
“ဒီကားက တကယ် ကောင်းတယ်။ ငါသာ အစောကြီးကတည်းက ကြိုမပြောထားရင် ဒီကားက ရောင်းထွက်သွားတာ ကြာလှပြီ”
“ကျေးဇူးပါ ရွှေကော”
“ဘာအတွက် ကျေးဇူးတင်နေတာလဲ” တန်ရွှေက ဆိုသည်။
“ဒီလူက ကြည့်ရတာတော့ တစ်မျိုးပဲ... ဒါပေမဲ့ သူက အရည်အချင်းရှိတဲ့ ဘော့စ်တစ်ယောက် ဖြစ်ပုံရတယ်၊ ချန်းယွီထက် အများကြီး သာပါတယ်။ တကယ်လို့ သူသာ အဲ့ဒီ သရဲအိမ်မှာ စီးပွားရေး အောင်မြင်အောင် လုပ်နိုင်ရင် မင်းရဲ့ အလုပ်ကလည်း ပိုပြီး တည်မြဲသွားမှာပေါ့”
“ဟုတ်တယ်” ချန်ကျန့် ခေါင်းညိတ်လိုက်သည် “ကျွန်တော် မန်နေဂျာ ဖြစ်လာတော့မှာ”
“ဘာ” တန်ရွှေ အံ့သြသွားပြီး သူ၏ဆေးလိပ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက ဆေးလိပ်ကို ပြန်ကောက်ရင်း ထပ်မံ အတည်ပြုသည်။
“မန်နေဂျာ ဟုတ်လား။ အထွေထွေ မန်နေဂျာမျိုးလား”
“အဲ့ဒီလောက်ကြီးတော့ မဟုတ်ပါဘူး”
ချန်ကျန့်က ပြုံးပြလိုက်သည်။
“ဒါတောင် တော်တော်လေး ဟန်ကျတာပဲ၊ မင်းက ဒီနေရာရဲ့ ခေါင်းဆောင် ဖြစ်လာတာပဲလေ”
တန်ရွှေက အလွန်ပင် ဝမ်းသာနေပြီး ချန်ကျန့်၏ ပုခုံးကို ဆက်တိုက် ပုတ်ပေးနေလေသည်။ “
ငါ အမြဲတမ်း ပြောပါတယ်၊ မင်းက တကယ့်ကို အရည်အချင်းရှိတဲ့ ကလေးပါ။ မိသားစု ကိစ္စတွေသာ မရှိရင်... ခဏနေရင် မင်းရဲ့ မရီးကို ဖုန်းဆက်ပြီး ပြောပြရဦးမယ်...”
သည်အရပ်တွင် ရှောင်သိုအာ၏ အဖိုးအဖွားများအပြင်၊ ချန်ကျန့် အကြောင်းစုံ ပြောပြနိုင်သူဆိုလို့ တန်ရွှေနှင့် သူ၏ဇနီး ချန်ရှောင်ဟူ တို့ ဇနီးမောင်နှံသာ ရှိသည်။ ယခု တန်ရွှေ ဤမျှလောက် ဝမ်းသာနေသည်ကို မြင်ရသည့်အခါ သူလည်း ဖော်ပြမတတ်သော စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။
“မင်းအဖေကို ပြောပြီးပြီလား”
တန်ရွှေက မေးသည်။
“...မပြောရသေးဘူး ။ ကျွန်တော်လည်း ဒါကို အခုမှ သိရတာလေ”
“မင်း သူ့ကို မဆက်သွယ်ဖြစ်တာ ကြာပြီလား”
တန်ရွှေက သူ့ကို ကြည့်လိုက်သည်။
“အင်း…အရေးကြီးတာ မရှိရင် သိပ်မဆက်သွယ်ဖြစ်ဘူး”
“ဒါကို သူ့ကို ပြောပြဖို့ မမေ့နဲ့နော်။ မင်းအဖေက စကားနည်းပေမဲ့ မင်းတို့မှာ ပြောစရာတွေ အများကြီး မရှိရင်တောင်မှ သူ့ကို ဆက်သွယ်ပေးလိုက်ပါ။ အဲ့ဒါက အပြင်မှာ အလုပ်လုပ်နေရတဲ့ သူ့အတွက် စိတ်ခွန်အား ဖြစ်စေတာပေါ့”
“ဟုတ်ကဲ့”
ချန်ကျန့် ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့... ရှောင်ပန်း ပြောတာတော့ အာဟူတို့ လူစုလည်း မင်းတို့ဆီမှာ အလုပ်ဝင်နေကြတယ်ဆို” တန်ရွှေ အနည်းငယ် စိတ်မအေးဖြစ်နေသည် ။
“ဒီ ဘော့စ်ရှန်က ဘာတွေ တွေးနေတာလဲ မသိဘူး”
သူက ပရဟိတ လုပ်နေတာလေ။ ချန်အာဟူရဲ့ ဆက်ကြေးကောက်တဲ့ အလုပ်ကို လက်တွေ့ အသုံးချနေတာပေါ့။
“သူက တော်တော်လေး အရည်အချင်းရှိပါတယ်။ သူတို့ကို အလုပ်လုပ်ခိုင်းပြီး လစာပေးတာက ထိုလူစု နေ့တိုင်း လူတွေကို လိုက်နှောင့်ယှက်နေတာထက် အများကြီး သာပါတယ်”
“သူ အဲ့ဒီလူတွေကို သေချာ ထိန်းနိုင်ဖို့တော့ လိုလိမ့်မယ်”
လောလောဆယ်တော့ အဓိကအားဖြင့် ခြိမ်းခြောက်ဖိနှိပ်ပြီးကို ထိန်းနေရခြင်း ဖြစ်သည်။
နေ့လယ်စာအတွက် ရှန်ယွီက တန်ရွှေကို ဧည့်ခံရန် ပြင်ဆင်ထားသော်လည်း၊ တန်ရွှေက သူ၏ဇနီး ချန်ရှောင်ဟူနှင့်အတူ သူမ၏ မိခင်အတွက် မွေးနေ့လက်ဆောင် သွားဝယ်ရမည်ဟု ဆိုသည်။ ရှန်ယွီက ချန်ရှောင်ဟူကိုပါ ခေါ်လိုက်ရန် အကြံပြုသော်လည်း တန်ရွှေက ငြင်းဆိုနေသဖြင့် နောက်ဆုံးတွင် တန်ရွှေသည် သူ၏ ဗင်ကားပေါ်သို့ တက်ကာ ထွက်ခွာသွားလေတော့သည်။
“မင်းရဲ့ ရွှေကောက လူကောင်းတစ်ယောက်ပဲ”
“ဟုတ်တယ်။ သူက တကယ့်ကို ရိုးသားတဲ့လူပါ”
“ဒါဆို အဲ့ဒီ သုံးမြှောင့်သံမှိုကို သူ ပစ်ခဲ့တာ မဟုတ်လောက်ဘူးပေါ့” ရှန်ယွီက ဆိုသည်။
ချန်ကျန့်မှာ ရှန်ယွီ ဘာကို ပြောနေသလဲဆိုတာကို သိရှိရန် ငါးစက္ကန့်ခန့် ကြာသွားသည်။ ထို့နောက်မှ သူက စိတ်လှုပ်ရှားစွာဖြင့်
“မင်း အဲ့ဒါကို အခုထိ မှတ်မိနေသေးတာလား”
ရှန်ယွီ ကားပေါ်တက်လိုက်သည်။
“အင်း … အဲ့ဒါက ဒီနေရာအပေါ် ငါ့ရဲ့ ပထမဆုံး အထင်အမြင် ပဲလေ”
ချန်ကျန့်လည်း ကားပေါ် တက်လိုက်သည်။
“အဲ့ဒါက...ရှောင်ပန်း ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒါက ကားတွေကို ပျက်စီးစေပြီး ပြင်ခိုင်းဖို့အတွက် မဟုတ်ပါဘူး။ သူက တစ်ခါတစ်လေ ချန်အာဟူတို့နဲ့ လိုက်နေတတ်တော့၊ တစ်ယောက်ယောက်ရဲ့ လမ်းကို ပိတ်ဆို့ပြီး ပြဿနာရှာဖို့အတွက် အရင်က ကျန်ခဲ့တာမျိုး ဖြစ်မှာပါ”
“သံမှို တစ်ချောင်းတည်းလေ။ အဲ့ဒါကို နင်းမိတဲ့လူကတော့ တကယ့်ကို ကံဆိုးတဲ့လူပဲ ဖြစ်ရမယ်”
“ဘာဖြစ်လို့လဲ”
ချန်ကျန့် ရယ်လိုက်မိသည်။
“အဲ့ဒါက သူတို့ ပြဿနာရှာပြီးတဲ့နောက် သေချာ ပြန်မသိမ်းခဲ့လို့ ကျန်ခဲ့တာပဲ ဖြစ်မှာပါ”
“ဒါဆိုရင် ချန်အာဟူက လူမိုက်တွေထဲမှာတော့ အကျင့်စာရိတ္တ ကောင်းတဲ့လူပေါ့၊ ပြဿနာရှာပြီးရင်တောင် ပြန်သန့်ရှင်းရေး လုပ်ပေးတတ်တယ်ဆိုတော့”
ရှန်ယွီက ထပ်မေးသည်။
“ချန်အာဟူ အဲ့ဒီလောက်ကြီး ဆိုးတဲ့ လူမိုက်မျိုး မဟုတ်ပါဘူး ။ သူ့အစ်ကိုကမှ တကယ့် လူမိုက်စစ်စစ်ပါ၊ တအား နှောင့်ယှက်တတ်တာ။ ချန်အာဟူကိုယ်တိုင်လည်း သူ့အစ်ကိုကို ရှောင်နေတာပဲ၊ ချန်းယွီနဲ့လည်း သူ့အစ်ကိုက ပြဿနာရှိပုံရတယ်”
“ချန်တာဟူကိုပြောတာလား”
ရှန်ယွီက မေးသည်။
“အင်း … မင်း သိလို့လား”
“ခန့်မှန်းကြည့်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်အာဟူဆိုတာ နာမည်ရင်းပဲလေ” ဟု ရှန်ယွီက ဆိုသည်။
“သူ့အစ်ကိုရဲ့ နာမည်ရင်းက ချန်တာဟူ (ပထမကျား) ပါ”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင် ဆန်းပင်း (တတိယစစ်သား) ကော နာမည်ရင်းက ချန်ဆန်းပင်းလား။ လောင်စစ် (စတုတ္ထ) နဲ့ လောင်ဝူ (ပဉ္စမ) ကော ဘာလို့ စစ်တောင်း (Si Tiao) တို့ ဝူဝမ် (Wu Wan) တို့လို့ မခေါ်ကြတာလဲ”
ရှန်ယွီက ဆိုင်ရှင်ကို နှုတ်ဆက်လိုက်ပြီး ကားကို ကွင်းထဲမှ မောင်းထွက်လိုက်သည်။
“ဆန်းပင်းက ချန်အာဟူရဲ့ ပထမဆုံး နောက်လိုက်ဖြစ်ခဲ့တော့ ပိုပြီး တရားဝင်တဲ့ နာမည်တစ်ခု ပေးခဲ့တာပေါ့။ ကျန်တဲ့လူတွေကတော့ နာမည်တွေ ကုန်သွားလို့ အစဉ်လိုက်ပဲ ပေးလိုက်တာ ထင်ပါတယ်”
“ဦးနှောက်ကတော့ ကောင်းသားပဲ”
ရှန်ယွီ ချီးကျူးလေသည်။
“ဟုတ်တယ်လေ၊ ဥာဏ်ပြေးတာကိုး”
ချန်ကျန့်က ပြန်ပြောလိုက်သည်။
ရှန်ယွီသည် အလွန်ပင် လက်တွေ့ကျသော ဘော့စ်တစ်ဦး ဖြစ်သည်။ တန်ရွှေက သူတို့နှင့်အတူ ထမင်းမစားတော့သည့်အတွက် သူနှင့် သူ၏မန်နေဂျာမှာလည်း ဟော့ပေါ့ မစားဖြစ်တော့ချေ။ လမ်းဘေးက ဆိုင်ငယ်လေးတစ်ဆိုင်တွင် ဆိတ်သားခေါက်ဆွဲဟင်းရည် တစ်ပွဲစီသာ စားဖြစ်ကြသည်။
“ဟော့ပေ့ါက... ဘာဖြစ်လို့လဲ”
ချန်ကျန့်မှာ နားမလည်နိုင်ဘဲ ဖြစ်နေရသည်။
“လူနှစ်ယောက်တည်း ဟော့ပေါ့စားလို့ ဘာထူးမှာလဲ၊ အကုန်ကုန်မှာ မဟုတ်ဘူးလေ”
“ကျွန်တော် ဆိုလိုတာက ဘာလို့ ဆိတ်သားခေါက်ဆွဲဟင်းရည်ကိုပဲ ထပ်စားနေတာလဲလို့ပါ”
ချန်ကျန့်ကတော့ အမဲသားခေါက်ဆွဲပဲ မှာထားသည်။
“အနံ့က ဆိုးနေတုန်းလားလို့ စမ်းကြည့်တာ”
“ဒါက အရင်ဆိုင်မှ မဟုတ်တာ”
“တကယ်လို့ အဲ့ဒီဆိုင်သာ ဆိုရင် ငါ မစားပါဘူး”
ရှန်ယွီက ခေါက်ဆွဲကို တုတ်ဖြင့် ယူကာ အနံ့ခံကြည့်သည်။
“ဒီဆိုင်ကတော့ အဆင်ပြေပါတယ်၊ အနံ့သိပ်မပြင်းဘူး”
“အရသာရှိလား” ချန်ကျန့်က မေးသည်။
“အဆင်ပြေပါတယ်”
ရှန်ယွီ ခေါင်းငုံ့ကာ ခေါက်ဆွဲကို အလေးအနက်ထား၍ စားနေပြီး စကားမပြောတော့ချေ။
ချန်ကျန့်လည်း ထပ်မပြောတော့ဘဲ ခေါက်ဆွဲကိုသာ ကြိုးစားစားနေမိသည်။ သူ အာရုံစိုက်ပြီး စားနေမိသောကြောင့်လားမသိ၊ ဤဆိုင်၏ အမဲသားခေါက်ဆွဲမှာ အလွန်ပင် မွှေးကြိုင်လှသည်ဟု သူ ခံစားရသည်။
“နေ့စဉ်သုံး ပစ္စည်းတွေ ဘာတွေ ဝယ်ဖို့ လိုသေးလား ။ ဟိုဘက်မှာ စူပါမားကတ် အကြီးကြီး တစ်ခုရှိတယ်၊ မြို့ငယ်လေးက ဆိုင်ထက် ပစ္စည်းပိုစုံတယ်”
“မလိုပါဘူး။ တည်းခိုခန်းမှာ ရှိတာတွေနဲ့တင် လုံလောက်ပါတယ်”
“အော်”
ချန်ကျန့် ခေါင်းညိတ်လိုက်သည်။
“မင်း လိုက်ကြည့်ချင်လို့လား။ မင်း ကြည့်ချင်တယ်ဆိုရင်တော့ ငါ လိုက်ခဲ့ပေးမယ်လေ” ရှန်ယွီက ဆိုသည်။
“ကျွန်တော့်မှာလည်း ပစ္စည်းတွေ စုံနေပါပြီ”
“ပြန်တဲ့လမ်းမှာ မစ်တီးဝယ်သွားကြရအောင်… ငါတို့နားမှာ မစ်တီးကောင်းကောင်း မရှိဘူးလေ”
ချန်ကျန့် ခေတ္တရပ်သွားပြီးမှ “ဟုတ်ကဲ့” ဟု ပြန်ဖြေသည်။
မြို့ဟောင်းမှ ပြန်လာရန် နှစ်နာရီခန့် ကားမောင်းရလေသည်။ သူတို့သည် မစ်တီးများကို ဝယ်ယူကာ အအေးခံအိတ်အတွင်း ထည့်သွင်းပြီး၊ ဝန်ထမ်းများကိုလည်း အိတ်ထဲသို့ ရေခဲများစွာ ထည့်ခိုင်းလိုက်သည်။
“ဒါတွေကို ဘာလို့ ဝယ်ဖို့ စဉ်းစားမိတာလဲ” ချန်ကျန့်က မေးသည်။
“ဒါတွေကို မန်နေဂျာက ဝယ်တာလေ။ မန်နေဂျာအသစ်က လူတိုင်းကို မစ်တီးနဲ့ ဧည့်ခံတာပေါ့”
ရှန်ယွီက ဆိုလေသည်။ ချန်ကျန့် သြော်ကလွဲ ဘာမှပြန်မပြောနိုင်တော့ပါ ။
မြို့ငယ်လေးသို့ ပြန်ရောက်လာသည့်အခါ အပျော်ခရီးတစ်ခုကနေ အိမ်ပြန်လာရသလို ခံစားချက်မျိုး ဖြစ်ပေါ်လာပြီး အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။ မြို့ဟောင်းတွင် လုပ်စရာ များများစားစား မရှိသော်လည်း၊ စူပါမားကတ်ကို မဝင်ခဲ့မိသည်ကို ချန်ကျန့် အနည်းငယ် နောင်တရနေမိသည်။ ကားလေးသည် ကျန့်ရှီးတည်းခိုခန်း၏ ဝင်းအတွင်းသို့ မောင်းဝင်လာခဲ့သည်။ ဝင်းထဲတွင် ထိုင်နေသော ချန်အာဟူသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ပြီး၊ စောင့်နေသည်မှာ ကြာပြီဖြစ်ဟန် ရှိသည်။
“တကယ်ကြီး ဝယ်လာတာပဲလား”
ချန်အာဟူက အံ့သြစွာဖြင့် ကားကို ကိုင်ကြည့်နေသည် ။
“ဒီကားက တော်တော်လေး ကောင်းသားပဲ”
“သွားပြီး တစ်ပတ်လောက် မောင်းကြည့်လိုက်လေ”
ရှန်ယွီက ကားသော့ကို သူ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။
“ဟုတ်ကဲ့၊ ဒါဆို ကျွန်တော်...” ချန်အာဟူ စကားမဆုံးသေးခင် တည်းခိုခန်းထဲသို့ လက်ညှိုးညွှန်ပြကာ
“အမျိုးသမီးတစ်ယောက် ရောက်နေတယ်၊ အလုပ်လာလျှောက်တာတဲ့” ဟု ထပ်ပြောသည်။
“ငါတို့ အလုပ်ခေါ်စာ တင်ထားမိလို့လား”
ရှန်ယွီက အနည်းငယ် အံ့သြစွာ မေးသည်။
“မတင်ထားပါဘူး”
ချန်ကျန့်သည် ဝင်းထရံတွင် မှီထားသော ငှားစီးဘိုင်စကယ်တစ်စီးကို မြင်လိုက်ရသည်။ ဒီလို စက်ဘီးမျိုးက မြို့ငယ်လေးမှာရော၊ မြို့ဟောင်းမှာပါ မရှိချေ၊ မြို့ကြီးတွေမှာပဲ ရှိတတ်သည်။ ဘယ်သူက ဒါကြီးကို ဒီအထိ စီးလာတာလဲ။
“အထူးတလည် ခေါ်နေဖို့ မလိုပါဘူး။ ငါတို့ ဖွင့်ပြီဆိုတဲ့ သတင်းက နှစ်ရက်အတွင်း တစ်မြို့လုံး ပျံ့သွားမှာပါ”
ချန်အာဟူက ဆိုသည် ။
“ဒါဆိုရင် ကျွန်တော်... ကား သွားစမ်းကြည့်လိုက်ဦးမယ်နော်”
“သွားလေ”
ရှန်ယွီ အထဲသို့ ဝင်လာခဲ့သည်။ ကျောက်ဖန်းဖန်းသည် စားသောက်ခန်းအတွင်း ကြမ်းတိုက်နေလေသည်။ ဆန်းပင်းက ဘားနောက်တွင် ရေများကို ကူသုတ်ပေးနေ၏။ ရှန်ယွီ ဝင်လာသည်ကို မြင်သည့်အခါ သူက ဆိုဖာဘက်သို့ အမြန် လက်ညှိုးညွှန်ပြသည် -
“ဟိုမှာ... အလုပ်လာလျှောက်တဲ့သူ”
ချန်ကျန့်လည်း လှမ်းကြည့်လိုက်ရာ ဆိုဖာပေါ်တွင် အလွန်ပင် ပေါ့ပေါ့ပါးပါး၊ ရဲရင့်ပြတ်သားစွာ မှီထိုင်နေသော မိန်းကလေးတစ်ယောက်ကို တွေ့ရသည်။
သူမသည် ကျစ်ဆံမြီးများတစ်ခေါင်းလုံးကျစ်ထားပြီး၊ မျက်လုံးတွင် အိုင်းလိုင်နာ အထူကြီး ဆွဲထားသည်။ ကိုယ်ကျပ်မဟုတ်သော တီရှပ်အပွကြီးနှင့် ဘောင်းဘီပွကြီးကို ဝတ်ထားပြီး၊ လက်တစ်ဖက်လုံးတွင် တက်တူးများရှိကာ လက်များတွင်လည်း သံကြိုးများစွာ ပတ်ထားလေသည်။
ရှန်ယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီးမှ ဆန်းပင်းဘက်သို့ လှည့်ကာ
“ဝင်းထဲက စက်ဘီးက ဘယ်သူ့ဟာလဲ” ဟု မေးလိုက်သည်။
“ကျွန်မဟာပါ”
ထိုမိန်းကလေး ဖြေရင်းထရပ်လိုက်သည်။
“မင်း ဒါကို ဒီအထိ စီးလာတာလား” ရှန်ယွီက မေးသည်။
“ဟုတ်ကဲ့” မိန်းကလေးက ခေါင်းညိတ်သည်။
“လူလိုသလားဟင်။ ကျွန်မ ဧည့်ကြို ဒါမှမဟုတ် စားပွဲထိုးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်”
“အသက် ဘယ်လောက်လဲ” ရှန်ယွီက မေးသည်။
“တစ်ဆယ့်ကိုးနှစ်ပါ”
“အတွေ့အကြုံရှိလား”
ရှန်ယွီ ထပ်မေးသည်။
“စူပါမားကတ်မှာ ငွေကိုင် အဖြစ် ခြောက်လ လုပ်ခဲ့ဖူးပါတယ်”
“မန်နေဂျာနဲ့ စကားပြောလိုက်ပါ”
ရှန်ယွီက ချန်ကျန့်ကို လက်ညှိုးညွှန်ပြကာ ဓာတ်လှေကားဆီသို့ လျှောက်သွားလေတော့သည်။
“ဗျာ...”
ချန်ကျန့်မှာ ဆွံ့အသွားရလေသည်။
မဖြစ်နိုင်တာ! ဘော့စ်!အခုတော့ ပိုတောင် တူသွားပြီ!
သူ တကယ်ပဲ လမ်းမှားရောက်နေတဲ့ လူငယ်တွေအတွက် ပရဟိတ လုပ်ငန်းကို စတင်နေတာလား။
မန်နေဂျာ ရာထူးတိုးပေးပြီး သူက အငြိမ်ပဲ။🤣
ReplyDeleteလက်ညှိုးတစ်ချောင်းနဲ့ ခိုင်းနေတာ
ReplyDeleteဘော့စ်ရှန် 🤣
ပိုင်လိုက်တာ
ReplyDelete