Skip to main content

16





အပိုင်း (၁၆)

“ချန်အာဟူနဲ့ သူ့လူတွေကို ဘယ်မှမသွားခိုင်းနဲ့၊ အဲ့ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေခိုင်းလိုက်”

ရှန်ယွီက ဆိုသည်။

“ဟုတ်ကဲ့”

ဟူဖန်က ချက်ချင်းပင် လှည့်ထွက်သွားပြီး အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။ ရှန်ယွီသည် ချန်ကျန့်၏ ပခုံးကို ဆွဲကိုင်ကာ ကုတင်ပေါ်မှ လွှားခနဲ ခုန်ဆင်းလိုက်သည်။

“ကျွန်မ ဝှီးချဲနဲ့ ကူပေးပါ့မယ်...”

ကျောက်ဖန်းဖန်းက ထောင့်တွင်ရှိသော ဝှီးချဲကို တွန်းရန် ပြင်လိုက်သည်။

“မလိုဘူး ကျောက်ကျဲ”

ချန်ကျန့်က ကျောက်ဖန်းဖန်းကို တားလိုက်ပြီး ရှန်ယွီကို ကုတင်ပေါ်သို့ ပြန်ဖိချလိုက်သည်။

“ကျောက်ကျဲပဲ အရင်သွားပြီး သူတို့ကို တားထားပေးပါဦး၊ ကျွန်တော် အခုပဲ ဆင်းလာခဲ့မယ်”

“ဟင်”

ရှန်ယွီက သူ့ကို ကြည့်လိုက်သည်။

“အေးအေး၊ ကောင်းပြီ”

ကျောက်ဖန်းဖန်းက တုန်တုန်ယင်ယင်ဖြင့် အမြန်ထွက်သွားသည်။

“ကျွန်တော် အရင်ဆင်းပြီး အခြေအနေကို ကြည့်လိုက်ဦးမယ်။ ဘော့စ်ကတော့ ပြတင်းပေါက်ကနေပဲ ပွဲကြည့်နေလိုက်တော့”

“ခဏနေရင် သူတို့တွေ ရန်ဖြစ်ကြတော့မှာ ။ မင်း ချန်အာဟူတို့ လူစုကို တားနိုင်ပါ့မလား”

ယနေ့သည် အစည်းအဝေးရှိသဖြင့် ရှေ့လျှောက် နှစ်လအတွင်း တည်းခိုခန်းတွင် တာဝန်ကျမည့် လုံခြုံရေးဝန်ထမ်း အားလုံးကို လာခိုင်းထားရာ ချန်အာဟူ၏ လူစု ငါးယောက်ခန့် ရောက်နေကြသည်။ တစ်ပါးသူ၏ အိမ်တံခါးဝတွင် သွေးနှင့် လာပက်ခြင်းမှာ အလွန်ပင် စော်ကားရာရောက်သလို “သရဲအိမ်” ဆိုသည့် နာမည်ဆိုးကိုပါ ကျိန်စာတိုက်လိုက်သလို ဖြစ်နေသည်။ ဤသည်မှာ ကျန့်ရှီးတည်းခိုခန်း ပြန်မဖွင့်နိုင်အောင် တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်လေသည်။ ဤအခြေအနေတွင် ချန်အာဟူတို့ လူစုမှာ တစ်ချက်တို့ရုံနှင့် ပေါက်ကွဲတော့မည့် အနေအထားတွင် ရှိနေပြီး သူတို့ နာမည်ကြီးမည့် အခွင့်အရေး ရောက်လာပြီဟု တွေးနေကြပေလိမ့်မည်။

“မတားနိုင်ဘူး” ချန်ကျန့်က အမှန်အတိုင်း ဖြေလိုက်သည်။

“ဒါဆိုရင်လည်း ငါ့ကို ဘာလို့ အောက်ဆင်းခွင့် မပေးတာလဲ”

မင်းက ဘေ့စ်ဘောတုတ်ကြီး ကိုင်ပြီး ဆင်းသွားမှာမှန်း ဘယ်သူသိမှာလဲ။

“မင်းက သူတို့ကို သွားတားမလို့လား”

ချန်ကျန့်က သေချာအောင် မေးလိုက်သည်၊ တကယ်လို့ အခု ရန်ဖြစ်ကြမည်ဆိုလျှင် နောက်အပတ် ဖွင့်မည့် အစီအစဉ်အတွက် အနှောင့်အယှက် ဖြစ်ပေလိမ့်မည်။

“ဒါဆိုရင်တော့ သူတို့ကို ခေါ်ပြီး ဟိုဘက်က ဆိုင်အချို့ကို သွားပြီးမိုက်ကြေးခွဲခိုင်းလိုက်မှာပေါ့”

ချန်ကျန့်သည် ဝှီးချဲကို ကုတင်ဘေးသို့ ဆွဲယူလာခဲ့သည်။ ရှန်ယွီက ဝှီးချဲပေါ် တက်ထိုင်လိုက်ပြီး ခြေနင်းတံကို အမြင့်ဆုံးအထိ မြှင့်ကာ သူ၏ ဘယ်ဘက်ခြေထောက်ကို တင်လိုက်သည်။

“မင်း ငါ့ကို တွန်းပေး”

“ဒါက လျှပ်စစ်ဝှီးချဲ မဟုတ်ဘူးလား” ချန်ကျန့်က မေးသည်။

“မင်း တွန်းပေးတာက ပိုပြီး သနားစရာ ကောင်းတယ်လေ”

ရှန်ယွီက ဆိုကာ သူ၏ ချိုင်းထောက်ကို ပေါင်ပေါ်တွင် ကန့်လန့်ဖြတ် တင်ထားလိုက်သည်။ ဤပုံစံမှာ တကယ့်ကို သနားစရာ ကောင်းလှပြီး သူသည် လေဖြတ်နေသော လူတစ်ယောက်အဖြစ် ပုံရိပ်ကို ခိုင်မာစေလိုက်သည်။ ချန်ကျန့်က ရှန်ယွီကို ကျန့်ရှီးတည်းခိုခန်း တံခါးမကြီးအပြင်ဘက်သို့ တွန်းထုတ်လာသည့်အခါ ချန်အာဟူနှင့် သူ၏နောက်လိုက်များမှာ လမ်းပေါ်တွင် ခက်ထန်သော မျက်နှာများဖြင့် ရပ်နေကြသည်။ သူတို့၏ မျက်နှာပေါ်တွင် “သူတို့ကို သွားသတ်မယ်” ဆိုသည့် စာသားများ ရေးထားသလိုပင်။

လမ်းဆုံတွင် အနီးနားရှိ ဆိုင်များမှ လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရပ်ကြည့်နေကြသည်။ ချန်အာဟူတို့ ရှိနေသဖြင့် ထိုလူများမှာ အနားသို့ မကပ်ရဲကြချေ။ လမ်းသွယ်ထဲတွင်လည်း အခြားတည်းခိုခန်းများမှ လူအချို့ ရပ်ကြည့်နေကြသည်ကို တွေ့ရသည်။

“သက်သေအဖြစ် ဗီဒီယို ရိုက်ထားလိုက်” ဟု ရှန်ယွီက ဆိုသည်။

ချန်ကျန့်သည် သူ၏ဖုန်းကို ထုတ်ကာ ဝင်းထရံကို ဗီဒီယို စတင်ရိုက်တော့သည်။ ဝင်းတံခါးနှင့် နံရံနှစ်ဖက်စလုံးတွင် သွေးများ ပက်ထားပြီး သုံးမီတာ၊ လေးမီတာခန့်အထိ ပြန့်နှံ့နေကာ မြေပြင်ပေါ်သို့ပင် လျှံကျနေလေသည်။ ကြည့်ရသည်မှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည်။

“ဒါကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး မဟုတ်လား”

ချန်အာဟူက တည်ငြိမ်နေသော ရှန်ယွီကို စိုက်ကြည့်ရင်း ဒေါသတကြီး မေးသည်။

“ဒါကို ငါတို့က သည်းခံနေရမှာလား”

“သည်းမခံနိုင်ဘူး!” လောင်စစ်က လူအုပ်ဖက်သို့ လှည့်ပြီး အော်လိုက်သည်။

“ငါတို့က အရင် ရန်မစဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က လာပြီး ပြဿနာရှာရင်တော့ ငြိမ်မနေဘူး! ပြဿနာ မရှာတာက ကြောက်လို့ မဟုတ်ဘူး!”

“စကားမပြောနဲ့ … အကုန်လုံးကို ဗီဒီယို ရိုက်ထားတယ်”

ချန်အာဟူသည် တားနေသော ရှန်ယွီကို ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ဒေါသကြောင့် ပေါက်ကွဲတော့မည့်အတိုင်း ဖြစ်နေသည်။

“အသံမပါဘဲ ပြန်ရိုက်လိုက်ဦး” ဟု ရှန်ယွီက ဆိုပြန်သည်။

“ဘာလို့လဲ” လောင်ဝူက ဝင်မေးသည်။

ရှန်ယွီ ဘာမှ ပြန်မပြောချေ။

ချန်ကျန့်လည်း ဘာကြောင့်လဲဆိုတာကို မသိသော်လည်း၊ လောင်စစ်နှင့် လောင်ဝူတို့ကို နှုတ်ခမ်းပေါ် လက်ညှိုးတင်၍ တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး အစမှ အဆုံးအထိ ဗီဒီယို ပြန်ရိုက်လိုက်သည်။

“ပြီးပြီလား” ရှန်ယွီက မေးသည်။

“ပြီးပြီ” ဟု ချန်ကျန့်က ဆိုသည်။

“ဘော့စ်ရှန်” ချန်အာဟူမှာ ဝက်ခြံလူမိုက် စရိုက်သို့ ပြန်ဝင်သွားပြီ ဖြစ်ပြီး ပြန်ထွက်လာမည့်ပုံလည်း မပေါ်ချေ၊ သူ၏ လေသံမှာလည်း မကျေမနပ် ဖြစ်နေသည်။

“ဒါက ဘာသဘောလဲ”

“အရင်ဆုံး အစည်းအဝေး လုပ်ကြရအောင်”

ရှန်ယွီက ခေါင်းညိတ်ပြလိုက်ရာ၊ ချန်ကျန့်က ဝှီးချဲကို ဝင်းထဲသို့ ပြန်တွန်းဝင်လာခဲ့သည်။

“ဘာ!” ချန်အာဟူ၏ အော်သံမှာ ဟိန်းထွက်သွားတော့သည်။

“ဟွမ်လောင်”

ကတုံးနှင့် လူတစ်ယောက်က ဝင်အော်လိုက်သည်။

“မင်း အဖွားကို...”

ချန်အာဟူက ဒေါသက ကတုံးဆီသို့ ကူးပြောင်းသွားလျက် လက်ကို ဝှေ့ယမ်းကာ ကတုံးဆီသို့ပြေးထွက်သွားရန် ပြင်လိုက်သည်။

“ဘော့စ်ချန်!”

ချန်ကျန့်က သူ ရုတ်တရက် ပြေးထွက်သွားမှာကို ကြိုတင်ကာကွယ်ထားသည့်အတိုင်း သူ၏ လက်မောင်းကို အမြန်လှမ်းဆွဲကာ ထိုရာထူးအမည်ဖြင့် ပြန်ထိန်းလိုက်သည်။ သို့သော် ချန်အာဟူမှာ ထိုမျှလောက်နှင့် စိတ်အေးသွားမည့် လူမိုက်မျိုး မဟုတ်ပေ။ သူသည် လုံးဝ ထိန်းမရတော့ဘဲ လောင်စစ်နှင့် လောင်ဝူတို့ကပါ ရှေ့သို့ တိုးလာသဖြင့် အခြေအနေမှာ ရုတ်တရက် အန္တရာယ်ရှိလာသည်။ ကံကောင်းထောက်မစွာဖြင့် ဆန်းပင်းက အရေးကြီးသော အချိန်တွင် သူတို့ကို သစ္စာဖောက်ကာ ချန်ကျန့်နှင့် ပူးပေါင်းပြီး ထိုလူများကို ဝိုင်းဖက်ကာ နောက်သို့ တွန်းပို့လိုက်သည်။ ကျောက်ဖန်းဖန်းကပါ ဝင်ပါလာသည်။

“အို... ဒုက္ခပါပဲ၊ ရန်မဖြစ်ကြပါနဲ့၊ ရန်မဖြစ်ကြပါနဲ့...”

နောက်ဆုံးတွင် ဟူဖန်က ရှေ့သို့ လွှားခနဲ တိုးသွားပြီး ချန်အာဟူကို အားနှင့် တွန်းလိုက်သည် ။

“ငြိမ်ငြိမ်နေစမ်း!” ချန်အာဟူမှာ ယိုင်သွားပြီး ရပ်သွားတော့သည်။

“ဘာလုပ်နေတာလဲ!” ဟူဖန်က သူ၏ မျက်နှာရှေ့ တည့်တည့်တွင် ရပ်ကာ မေးသည်။

“ရန်ဖြစ်ဖို့ပဲ သိတာလား။ အသက်က ဒီလောက်ကြီးနေပြီ၊ ဒါပဲ လုပ်တတ်တာလား”

“မင်းက ငါ့ကို...”

ချန်အာဟူက သူမကို လက်ညှိုးထိုးသည်။

“ရှေ့တိုး မလာနဲ့!”

ဟူဖန်က သူမ၏ မျက်နှာကို သူနှင့် ပိုနီးအောင် တိုးလိုက်သည်။

ရှန်ယွီသည် ဝှီးချဲထိန်းချုပ်ခလုတ်ကို နှိပ်ကာ ဝင်းတံခါးအပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။ သူသည် ဟိုဘက်က လူအချို့ကို လှည့်ကြည့်လိုက်ရာ သူ၏ လေသံမှာ အေးစက်နေသည်။

“ခုနက ဘယ်သူ အော်တာလဲ”

“ဟွမ်လောင်!” ကတုံးနှင့်လူက ထပ်အော်လိုက်သည်။

“ငါ အော်တာလေ!”

ရှန်ယွီ မျက်လုံးကို ကျဉ်းလိုက်ပြီး သူ၏ ချိုင်းထောက်ဖြင့် ထိုကတုံးကို ညွှန်ပြကာ …

“မင်း... ဒီကို လာခဲ့”

ထိုကတုံးမှာ ငြိမ်သက်စွာ ရပ်နေသည်။

“ကြောက်ရင်လည်း ပါးစပ်ပိတ်ထားလိုက်” ဟု ရှန်ယွီက ဆိုသည်။

“ဘယ်ကောင်ကများ မင်းလို ခြေမသန်တဲ့ကောင်ကို ကြောက်မှာလဲ”

ထိုကတုံးက တံတွေးထွေးကာ ဆိုသည်။

ရှန်ယွီ သူ့ကို နှစ်စက္ကန့်ခန့် ကြည့်လိုက်ပြီး ပြုံးပြကာ ဝှီးချဲကို ဝင်းထဲသို့ ပြန်မောင်းဝင်သွားသည် ။

“ဒါဆိုရင်လည်း အေးအေးဆေးဆေးပဲ အော်နေလိုက်တော့ပေါ့”

ထိုကတုံးမှာ ရှန်ယွီ၏ လှောင်ပြောင်မှုကို မခံနိုင်ဘဲ အနားသို့ ချက်ချင်း လျှောက်လာသည်။

“မင်း ငါ့ကို ပြဿနာရှာနေတာလား”

ရှန်ယွီ၏ ဝှီးချဲမှာ နောက်သို့ ပြန်ဆုတ်သွားပြီး၊ ထိုနေရာမှာတင် တစ်ပတ်လှည့်ကာ ထိုကတုံးကို ကျောပေးထားလိုက်သည်။ ထိုကတုံးမှာ ရှေ့သို့ လျှောက်လာနေစဉ်မှာပင် ရှန်ယွီ၏ ဝှီးချဲမှာ ရုတ်တရက် နောက်သို့ နှစ်မီတာခန့် ဝုန်းခနဲ ပြေးထွက်သွားရာ ထိုသူနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားတော့သည်။ ချန်ကျန့်မှာ ဤဝှီးချဲက ဤမျှလောက် မြန်ဆန်ပြီး လျင်မြန်စွာ လှုပ်ရှားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ၊ ရှန်ယွီကို တားရန်ပင် အချိန်မရလိုက်ချေ။

ဘာလုပ်နေတာလဲ ဘော့စ်၊ သူတို့ကို လက်နဲ့မထိပါဘူးလို့ သဘောတူထားတယ်လေ

ထိုကတုံးမှာ အမြန် ဘရိတ်အုပ်လိုက်ရပြီးနောက်၊ ဝှီးချဲကို တွန်းထုတ်ရန် လက်ကို မြှောက်လိုက်သည်။ ချန်ကျန့်က ဝှီးချဲကို ပြန်ဆွဲရန် ရှေ့သို့ တိုးလိုက်သည့်အချိန်မှာပင် ရှန်ယွီက သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ထိုကတုံး၏ လက်ကောက်ဝတ်ကို ချိတ်လိုက်လေသည်။ ထိုသူက သူ၏လက်ကို ပြန်ဆွဲသော်လည်း ဝှီးချဲမှာ သော့ခတ်ထားသလို ဖြစ်နေပြီး၊ ဝှီးချဲ၏ အလေးချိန်နှင့် ရှန်ယွီ၏ ခွန်အားကြောင့် သူ မအောင်မြင်ခဲ့ချေ။ ထို့နောက် ရှန်ယွီက သူ၏လက်ကောက်ဝတ်ကို ကိုင်ကာ ဘေးတိုက်သို့ ဆွဲချလိုက်ရာ ထိုကတုံးမှာ ဟန်ချက်ပျက်သွားပြီး ဝင်းထရံဆီသို့ ဝုန်းခနဲ လွင့်ထွက်သွားတော့သည်။ သူ၏ ဦးခေါင်းမှာလည်း နံရံနှင့် တိုက်မိသွားပြီး ဗုန်းခနဲ အသံထွက်ပေါ်လာလေသည်။

ချန်ကျန့် အခုမှ စဉ်းစားမိသည်မှာ ရှန်ယွီသည် လူရိုက်ရန်အတွက်သာ အားကစားလုပ်နေခြင်း ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင် ရှန်ယွီကို ဒီထက်ပိုပြီး စွမ်းဆောင်ရည်ပြအောင် လုပ်နိုင်မည့်သူ ဤနေရာတွင် မရှိချေ။ ဒါမှမဟုတ် ဒါက သူ၏ တစ်ခုတည်းသော အကွက်ဖြစ်နိုင်သည်ပေါ့။

“တောက်!”

ထိုကတုံးမှာ နံရံနှင့် အရှိန်ပြင်းပြင်း တိုက်မိသွားသည့်အပြင်၊ နံရံပေါ်ရှိ သွေးစိမ်းရှင်ရှင်များကိုပါ ထိမိသွားသဖြင့် သူ၏ ခေါင်းနှင့် အဝတ်အစားများတွင် သွေးများ ပေကျံကုန်တော့သည်။ သူ ရှေ့သို့ ပြန်တိုးလာရန် ပြင်သည့်အခါ ချန်အာဟူနှင့် သူ၏လူများက ပိတ်ဆို့ထားလိုက်ကြသည်။

“ဘာမှ မလုပ်နဲ့”

ရှန်ယွီက တည်ငြိမ်သော လေသံဖြင့် ဆိုသည်။ ချန်အာဟူမှာ ယခုတစ်ကြိမ်တွင် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ ထိုကတုံးကို ဝိုင်းထားသော လူများ၏ ပုံစံမှာ အချိန်မရွေး ထိုးနှက်တော့မည့်ဟန် ရှိနေသည်။

“ဒါ မင်းလက်ချက် မဟုတ်လား”

ရှန်ယွီက ဝှီးချဲကို ဖြည်းဖြည်းချင်း လှည့်ကာ လူအုပ်ကြားထဲကနေ အနှီကတုံးကို ကြည့်လိုက်သည်။

“မင်း တစ်ကိုယ်လုံး သွေးတွေ ပေနေပြီလေ။ မင်း သွေးတွေနဲ့ လာပက်တုန်းက ပေသွားတာ မဟုတ်လား”

ထိုကတုံးမှာ ဒေါသ မပြေသေးချေ။ ထိုစကားကို ကြားရသည့်အခါ သူ ပေါက်ကွဲသွားတော့သည်

“မဟုတ်တာတွေ လျှောက်မပြောနဲ့! ဒါ ငါလုပ်တာ မဟုတ်ဘူး!”

“ဒါဆို မင်းအပေါ်က သွေးတွေက ဘယ်က ရောက်လာတာလဲ” ရှန်ယွီက မေးသည်။

“ဒါက မင်း... တောက်!” ထိုကတုံးက သူ့ကို လက်ညှိုးထိုးသည်။ ချန်ကျန်က ဝင်ပြောသည်။

“သူက မင်းကို ဘာလုပ်နိုင်မှာလဲ။ သူက ခြေမသန်တဲ့ လူတစ်ယောက်လေ”

ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဟူသော အသံထွက်လာသည်။

“မင်းတို့ ငါ့ကို ကလိမ်ကကျစ် လုပ်နေတာလား!”

ထိုကတုံးက သူ၏လူများဘက်သို့ လှည့်ကာ အော်လိုက်သည်။

“ဒီမှာ လူတွေ အများကြီး ကြည့်နေကြတယ်နော်!”

“မင်းတို့အားလုံးက တစ်ဖွဲ့တည်းပဲလေ! အားလုံးက ဝိုင်းပြီး လိမ်နေကြတာ မဟုတ်လား”

ဟူဖန်၏ အသံမှာ စူးရှလှသည်။ ရှန်ယွီက ခပ်အေးအေးပဲ ဝင်ပြောသည်။

“လုံခြုံရေးကင်မရာတွေ တပ်ထားတာပဲ ။ ဘယ်သူလုပ်တာလဲဆိုတာ သေချာပေါက် သိရမှာပါ။ ဒါက အားလုံးအတွက် ကောင်းဖို့ပါပဲ။ ငါတို့အားလုံးက ဒီနားမှာပဲ စီးပွားရေး လုပ်နေကြတာလေ။ တကယ်လို့ ဒီလူကို ရှာမတွေ့ရင် နောက်တစ်ခါ ဘယ်သူ့အလှည့် ဖြစ်ဦးမလဲဆိုတာ ဘယ်သူသိမှာလဲ”

“အဲ့ဒီအခါကျရင်တော့ ငါတို့တွေ လာပြီး လက်ခုပ်တီးပေးဖို့လည်း မမေ့ဘူးနော်!”

ဆန်းပင်းက လူအုပ်ဘက်သို့ လက်ညှိုးထိုးကာ အော်လိုက်သည်။

ချန်အာဟူတို့ လူစုက ဘာမှ လက်မပါသော်လည်း၊ ယနေ့တွင် လူအင်အား ပိုများနေသည့်အပြင် ရှန်ယွီ၏ ရှိနေမှုကြောင့် သူတို့မှာ ပိုပြီး အရှိန်အဝါ ရှိနေပုံရသည်။ တစ်ဖက်လူမှာလည်း ပဋိပက္ခကို အကြီးအကျယ် မဖြစ်စေချင်သဖြင့် လူအချို့က ထိုကတုံးကို နောက်သို့ ပြန်ဆွဲသွားကြသည်။ သူတို့မှာ လစဉ် လစာနည်းနည်းလေးနှင့် အလုပ်လုပ်နေရသော ဆိုင်ဝန်ထမ်းများသာ ဖြစ်ကြရာ၊ သူတို့၏ ဘော့စ်ကို မလွန်ဆန်ရဲသဖြင့် မကောင်းမှုအချို့ လုပ်ခဲ့ကြသော်လည်း၊ ဒီ “ဝက်ခြံလူမိုက်” တွေနှင့်တော့ ရန်မဖြစ်ချင်ကြချေ။ အလကားနေရင်း အရိုက်ခံရမည့်အပြင် လစာလည်း တိုးလာမှာ မဟုတ်သောကြောင့်တည်း။

တစ်ဖက်လူ ဆုတ်ခွာသွားသည်နှင့် ရှန်ယွီသည် လမ်းဆုံဘက်သို့ လှည့်ကြည့်လိုက်သည်။ ရပ်ကြည့်နေသော လူများမှာလည်း ချက်ချင်းပင် လူစုခွဲကုန်ကြတော့သည်။ ချန်အာဟူမှာ ဒေါသ မပြေသေးသဖြင့် သူတို့နောက်သို့ လိုက်၍ တစ်ယောက်ချင်းစီကို ဆဲဆိုနေလေသည်။ စားသောက်ဆိုင်ထဲသို့ အစည်းအဝေးလုပ်ရန် ပြန်ဝင်လာသည့်တိုင် သူ၏ မျက်နှာမှာ မကောင်းသေးချေ။

“ငါက မကောင်းပြောတာ မဟုတ်ပါဘူး” ချန်အာဟူက ရှန်ယွီကို ကြည့်လိုက်သည်။

“ခုနက ဘော့စ်ရှန် ရဲ့ လုပ်ရပ်က အားမရစရာကြီးဗျာ၊ တကယ်ကို အားမရစရာကြီး!”

“ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ”

ရှန်ယွီသည် ဝှီးချဲပေါ်မှ ထကာ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။

“မင်းတို့ကို ပြေးပြီး ရန်ဖြစ်ခိုင်းလိုက်မယ်၊ ပြီးတော့ကော ဘာဖြစ်မှာလဲ။ တစ်ယောက်ယောက် ဒဏ်ရာရသွားရင် ငါ့တည်းခိုခန်းက သရဲအိမ်ဆိုတဲ့ နာမည်အပြင် မဖွင့်ခင်ကတည်းက ရန်ဖြစ်တဲ့နေရာလို့ နာမည်ကြီးသွားမှာပေါ့။ အဲ့ဒီကျရင်တော့ မင်းတို့ကို လေပဲ ကျွေးရတော့မယ်၊ ငါက ယပ်ခတ်ပေးမယ်၊ မင်းတို့က ပါးစပ်ဟပြီး ဖမ်းစားကြပေါ့”

“ဒါဆို ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့မှာလား” ချန်အာဟူက မေးသည်။

“ဒီညကျရင် မင်းတို့...” ရှန်ယွီက စကားစလိုက်သည်။

ထိုစကားကို ကြားရသည့်အခါ ချန်အာဟူမှာ စိတ်ဝင်တစားဖြင့် အနားသို့ တိုးကပ်လာသည် ။

“ပြောပါဦး”

“အဝတ်အစား ကောင်းကောင်းဝတ်သွားကြ…ပြီးရင် သူတို့ကို ပြန်ပြီး သွေးနဲ့ ပက်လိုက်။ မနက်ဖြန်ကျရင် လူနှစ်ယောက် ထပ်ခေါ်လာပြီး ပွဲကြည့်ရင်းနဲ့ အော်ပေးလိုက်”

ရှန်ယွီ အကြံအစည်ကို ချက်ချင်းသဘောမပေါက်ရှာ။

“ဘာလို့ အော်ရမှာလဲ” ချန်အာဟူက မေးသည်။

“ဟွမ်လောင်လို့လေ” ဟု ရှန်ယွီက ဆိုလေသည်။

ချန်အာဟူ ခေတ္တမျှ ဆွံ့အသွားပြီးမှ…

“ကလေးကလား လုပ်ရပ်ကြီးဗျာ” ဟု ဆိုသည်။

“ကလေးကလား လုပ်ရပ်မှန်း သိတယ်ပေါ့ ။ မင်းကတော့ အဲ့ဒါကိုပဲ ပြန်ပြီး လက်စားချေချင်နေတာလေ”

“တောက်!” ချန်အာဟူ ကုလားထိုင်ပေါ်သို့ ပစ်ထိုင်လိုက်သည်။

“တကယ်ကြီး သွားပက်မှာလား” လောင်ဝူက မေးသည်။

“ပက်မှာပေါ့” ဟု ရှန်ယွီက ဆိုသည်။

“ဒါဆို ဒါက ငါတို့လက်ချက်မှန်း အားလုံး သိသွားမှာပေါ့” ဟု ဆန်းပင်းက ဆိုသည်။

“သက်သေ ဘယ်မှာလဲ” ရှန်ယွီက ပြန်ငေ့ါသည်။

“တကယ်လို့ သူတို့ဆီမှာ ကင်မရာတွေ ရှိလို့ ရိုက်ထားမိရင်ကော” ချန်အာဟူက မေးသည်။

“ဒါဆိုလည်း ပြခိုင်းလိုက်ပေါ့” ရှန်ယွီက ဆိုသည်။

“ငါတို့က အဲ့ဒီ ဗီဒီယိုကို ကြည့်ပြီး - ‘အော်... ဟုတ်ပြီ၊ ဒါ အဲ့ဒီလူပဲ၊ ငါတို့လည်း ရိုက်ထားမိတယ်’ လို့ ပြောလိုက်မှာပေါ့”

“ဒါပေမဲ့ အဲ့ဒါက လုံးဝ မတူတာလေ။ သူတို့ ဘယ်လိုပုံစံလဲဆိုတာတောင် ငါတို့ မသိတာ”

ဆန်းပင်းက စဥ်းစဥ်းစားစား ပြောသည်။

“ဒါဆို သူတို့ကရော ဘယ်လိုသိမှာလဲ။ တကယ်လို့ လူမတူဘူးဆိုတာ သူတို့သိနေတယ်ဆိုရင် အဲ့ဒါ သူတို့လုပ်တာဆိုတာ သေချာသွားပြီပေါ့”

ချန်ကျန့် ဝင်ပြောလိုက်သည်။

“မန်နေဂျာကတော့ တကယ့်ကို ဥာဏ်ပြေးတာပဲ”

ရှန်ယွီက လက်မထောင်ပြလိုက်သည်။

“တကယ်လို့ သူတို့က ကျွန်မတို့ရဲ့ ဗီဒီယိုကို ကြည့်ချင်တယ်ဆိုရင်ကော” ကျောက်ဖန်းဖန်းက မေးသည်။

“ရဲကို လွှဲပေးလိုက်ပါ၊ ရဲဆီမှာ သွားတောင်းခိုင်းလိုက်လို့ ပြောလိုက်မယ်လေ”

“ဘော့စ်က တကယ်ကြီး ရဲတိုင်မှာလား” ချန်အာဟူက မေးသည်။

“ဘယ်သူကမှ ရဲတိုင်မှာ မဟုတ်ပါဘူး။ ငါတို့ဆီမှာလည်း ကင်မရာမရှိပါဘူး။ အဲ့ဒါက မနှစ်ကတည်းက သက်တမ်းကုန်သွားပြီ၊ အခုက ဟန်ပြပဲ ထားထားတာ”

ချန်အာဟူ ဘာမှ ထပ်မပြောတော့ဘဲ စဉ်းစားနေပုံရသည်။

“ဒါက အကြီးအကျယ် ကိစ္စမဟုတ်ပါဘူး၊ ရန်ဖြစ်နေဖို့ မတန်ပါဘူး ။ မင်း ငါ့ကို လာပြီး နှောင့်ယှက်ရင် ငါလည်း မင်းကို ပြန်နှောင့်ယှက်မယ်ဆိုတဲ့ သတိပေးသဘောပဲ။ ဘာမှ မဆုံးရှုံးဘူး၊ ဘာမှလည်း ပိုမဖြစ်လာဘူး၊ အဲ့ဒီမှာတင် ပြီးသွားတာပဲ”

ချန်အာဟူ ငြိမ်နေဆဲပင်။

“အကြမ်းဖက်တာက ဘာကိုမှ မဖြေရှင်းနိုင်ပါဘူး ။ ဘော့စ်ချန်... မင်းတို့ ဒီကို လူအုပ်နဲ့ လာခဲ့တုန်းက အကြမ်းဖက်မှုက ဘာမှ အထမမြောက်ဘူးဆိုတာ မစဉ်းစားခဲ့ဘူးလား”

ချန်ကျန့်က ရှန်ယွီကို တစ်ချက် ကြည့်လိုက်သည်။

ဘော့စ်ရယ်... သူတို့ အဲ့ဒီနေ့က အကြမ်းဖက်ဖို့တောင် အခွင့်အရေး မရခဲ့ပါဘူး။ မင်းကိုယ်တိုင်ပဲ အကြမ်းဖက် လူရိုက်ခဲ့တာလေ။

“ဒီမှာ ရှိတဲ့လူတိုင်းက ပိုက်ဆံ ရှာချင်ကြတာပဲ ။ ပိုက်ဆံရဖို့က အရေးကြီးဆုံးပဲ။ သူတို့က ငါတို့ကို ပိုက်ဆံ မရှာစေချင်ရုံတင်ပါ။ သူတို့ကို သွားရိုက်လို့ ဘာထူးမှာလဲ။ ပိုက်ဆံရမှ အသုံးဝင်မှာပေါ့”

“တောက်! ဒါဆို နောက်အပတ်မှာ တကယ်ပဲ ဖွင့်မှာလား” ချန်အာဟူက မေးသည်။

“အင်း” ရှန်ယွီ ခေါင်းညိတ်သည်။

“နောက်အပတ်မှာ သေချာပေါက် ဖွင့်ရမယ်! သူတို့ နောက်ထပ် ဘာတွေ ထပ်လုပ်ဦးမလဲ ကြည့်ကြသေးတာပေါ့!”

ချန်အာဟူ စားပွဲကို ရိုက်ကာ ဆိုသည်။

“အစည်းအဝေး စကြရအောင်လား”

ချန်ကျန့်က ဒေါသတွေ ထပ်မပေါက်ကွဲအောင် အမြန်ပင် ရန်စကားတွေကို ရပ်စေလိုက်သည်။ ရှန်ယွီကလည်း အစည်းအဝေးအတွက် ဆော်သြလိုက်သည်။

“အားလုံး ထိုင်ကြပါ ။ အစည်းအဝေး မစခင်မှာ တစ်ယောက်ယောက်ကို တာဝန်ယူခိုင်းဖို့ ရှိတယ်”

“တာဝန်ယူခိုင်းတယ်။ ဘာကို ဆိုလိုတာလဲ” ချန်အာဟူက မေးသည်။

“တာဝန်ခွဲဝေပေးတာကို ပြောတာပါ” ဟု ချန်ကျန့်က ရှင်းပြသည်။

“ငါ သိပါတယ်! ဘယ်သူ့ရဲ့ တာဝန်ကို ခွဲဝေပေးမှာလဲလို့ မေးတာ!”

“ငါ့ရဲ့ ၂၄ နာရီ ကင်းလှည့်မယ့် လုံခြုံရေးတွေ ဘယ်မှာလဲ ။ တည်းခိုခန်း ပတ်ပတ်လည်နဲ့ အိမ်ရှေ့လမ်းကို ၂၄ နာရီပတ်လုံး ကင်းလှည့်မယ့် လုံခြုံရေးတွေ ဘယ်မှာလဲ”

ချန်အာဟူ ငြိမ်သွားသည်။

“ကျွန်တော်ပါ” ဆန်းပင်းက သူ၏ဘော့စ်ကို ကြည့်ရင်း လက်တစ်ဖက် မြှောက်လိုက်သည်။

“မနေ့ညက အပြင်လမ်းကို ကျွန်တော် တာဝန်ယူထားတာပါ...”

“သူ မဟုတ်ဘူး” ချန်အာဟူက ဆန်းပင်းစကားကို ဖြတ်ပြောလိုက်သည် ။

“သူ လုပ်ရမှာ ဖြစ်ပေမဲ့၊ ငါက အပြင်ထွက်ပြီး ဆေးလိပ်သောက်ချင်တာနဲ့ သူ့ကို လဲခိုင်းပြီး ငါ အနောက်ဘက်မှာ သွားသောက်နေတာ... အဲ့ဒီအချိန်မှာ ဖြစ်သွားတာ ဖြစ်မယ်။ ငါလည်း နောက်မှ နံရံကို သေချာ မကြည့်မိလိုက်ဘူး...”

“တည်းခိုခန်းက မဖွင့်သေးသလို ခရီးသည်လည်း နည်းတယ်လေ ။ တစ်ညလုံး အိပ်မငိုက်ဘဲ ဒါမှမဟုတ် ဖဲမကစားဘဲ လျှောက်သွားနေရတာက ပျင်းစရာကောင်းမှာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ အခုတော့ ဒီပြဿနာကို ရှောင်လွှဲလို့ မရခဲ့မှန်း အားလုံး သိသွားကြပြီလေ”

ချန်အာဟူ သက်ပြင်းချလိုက်မိသည်။

“နောင်ကျရင်တော့ သတိထားကြပေါ့”

ရှန်ယွီက သတိပေးစကားထပ်ပြောဆိုပြီး ဘာမှ ထပ်မပြောတော့ချေ။

“ငါ့ကို တာဝန်ယူခိုင်းတာ ပြီးပြီလား” ချန်အာဟူက မေးသည်။

“ပြီးပြီ”

“ငါ့လစာထဲကပဲ ဖြတ်လိုက်ပါ၊ ရပါတယ်၊ ဒါ ငါ့အပြစ်ပဲ”

“မလိုပါဘူး။ ဝင်းထဲ၊ အပြင်နံရံနဲ့ အပြင်လမ်းတွေကို ဒီရက်ပိုင်းအတွင်း ပြန်ပြင်ဖို့ လိုတယ်။ မန်နေဂျာ

တစ်ယောက်တည်း မလုပ်နိုင်ဘူး၊ မင်းပါ ကူညီပေးလိုက်ဦး”

“ကောင်းပြီလေ” ချန်အာဟူက ချန်ကျန့်ကို ကြည့်ကာ …

“ငါတို့ ဘာဝိုင်းလုပ်ရမလဲဆိုတာသာ ပြောလိုက်တော့”

“ဟုတ်ကဲ့။ ပြောမယ်လေ”

“တရားဝင် အစည်းအဝေး စမယ်”

ရှန်ယွီက ကုလားထိုင်ပေါ် မှီထိုင်ရင်း ချန်ကျန့်ကို အချက်ပြလိုက်သည် ။

“မန်နေဂျာချန်”

မန်နေဂျာ ဘာလုပ်ရမှာလဲ။ မန်နေဂျာ ဘာလုပ်ရမှာလဲ

ချန်ကျန့်သည် စိတ်လှုပ်ရှားမှုကို ထိန်းကာ မနေ့က ရှန်ယွီ ပေးထားသော စာရွက်ကို အမြန်ထုတ်လိုက်သည်။ သူသည် ရှန်ယွီ၏ အကြံဉာဏ်များအတိုင်း အကြောင်းအရာများကို ဖြည့်စွက်ထားပြီးသား ဖြစ်သဖြင့် ဖတ်ရုံသာ ဖြစ်သော်လည်း သူ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သူ၏ တစ်သက်တာတွင် လူအားလုံးက သူ့ကို စိုက်ကြည့်နေသော အခြေအနေမျိုးကို ရင်ဆိုင်ရသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က အကြွေးရှင်များ အိမ်တံခါးဝသို့ တစ်ပြိုင်နက်တည်း ရောက်လာခဲ့စဉ်ကလွဲလျှင် ယနေ့သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

“ဒါက ကျန့်ရှီးရဲ့ တိုးချဲ့... အော်... တိုးချဲ့တာ မဟုတ်ဘူး...” ချန်ကျန့် စာရွက်ပေါ်က စာတွေကို ဖတ်ကြည့်လိုက်သည်။

သူက “ကျန့်ရှီး” ဆိုတဲ့ စကားလုံးနောက်မှာ “(နာမည်ပြောင်းဖို့ လိုတယ်၊ ရှန်ယွီကို နာမည် မေးဖို့ မမေ့နဲ့)” လို့ ရေးထားမိသည်။ ငါ ဘာလို့ အဲ့ဒီစာကို ထည့်ရေးလိုက်တာလဲ။ ငါ့ဦးနှောက်က ဒီလောက်တောင် မေ့တတ်နေလို့လား။

“ဒါက ကျွန်တော်တို့ တည်းခိုခန်းရဲ့ ပထမဆုံး အစည်းအဝေးပါ...”

ချန်ကျန့် ဆက်လက် ဖတ်လိုက်သည်။

“ဘာ တိုးချဲ့တာလဲ” ချန်အာဟူက အလေးအနက်ထား၍ မေးသည် ။

“ကျန့်ရှီးက ဘာတွေကို တိုးချဲ့တာလဲ”

“တိုးချဲ့တာ မဟုတ်ပါဘူး”

ချန်ကျန့်က ပြန်ဖြေရပြန်သည်။

ရှန်ယွီသည် သူ၏ဘေးတွင် အသံတိတ် ချောင်းဟန့်လိုက်သည်။ ချန်ကျန့်က ရှန်ယွီက သူ့ကို အချက်ပြနေတာ ထင်လို့ လှမ်းကြည့်လိုက်သည့်အခါမှ ရှန်ယွီမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်ကို မြင်လိုက်ရသည်။

“တိုးချဲ့တာ မဟုတ်ဘူးဆိုတာက ဘာကို ဆိုလိုတာလဲ!”

ချန်အာဟူမှာ အစည်းအဝေး၏ ပထမဆုံးစကားလုံးကို နားမလည်သဖြင့် စိတ်တိုနေသည်။

“စကားလုံး မှားဖတ်မိတာလို့ ပြောတာလေ!” ဟူဖန်က သူ့ကို မျက်စောင်းထိုးရင်း ဆိုလိုက်သည်။

“ဟုတ်ပါတယ်။ ဟူဖန်ပြောသလိုပါပဲ” ချန်ကျန့် အသက်ပြင်းပြင်း ရှူလိုက်ပြီး စာရွက်ပေါ်က စာတွေကို ပြန်ဖတ်လိုက်သည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည့် အပိုင်းရောက်သည့်အခါ…

- “အားလုံးကတော့ တစ်ယောက်နဲ့တစ်ယောက် သိပြီးသား ဖြစ်မှာပါနော်”

“သိတာပေါ့” ချန်အာဟူက ဟူဖန်ကို ကြည့်ရင်း ဆိုသည်။

“သိသိ မသိသိ အတူတူပါပဲ” ဟု ဟူဖန်က ဆိုသည်။

“နောင်ကျရင် ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီဆိုတော့၊ လူတိုင်း ကိုယ့်နာမည်လေးတွေ တစ်ခေါက်လောက် ပြန်ပြောပေးကြပါဦး”

ချန်ကျန့်က သူတို့နှစ်ဦး ရန်ဖြစ်တော့မည်ကို စိုးရိမ်သဖြင့် ကြားဖြတ်ပြောလိုက်သည်။ ဤတောင်းဆိုမှုမှာ အနည်းငယ် ထူးဆန်းသော်လည်း လူတိုင်းက လိုက်နာပြီး နာမည်များ ပြောလိုက်ကြသည်။

“ရှန်ယွီပါ” ရှန်ယွီကလည်း သူ၏နာမည်ကို ဝင်ပြောလေ၏။ ချန်ကျန့်က သူ့ကို ကြည့်လိုက်ရင်း လူပုံအလယ်မှာ သက်ပြင်းမချမိအောင် မနည်းထိန်းလိုက်ရသည်။

“နောက်တစ်ခုကတော့ ရာထူးအလိုက် အလုပ်ခွဲဝေမှုတွေအကြောင်း ဆွေးနွေးမှာပါ။ မေးစရာ ဒါမှမဟုတ် အကြံပြုစရာ ရှိရင်လည်း နောက်မှ ပြောလို့ ရပါတယ်...”

ချန်ကျန့်က ပုံစံအမျိုးမျိုးဖြင့် ထိုင်နေကြသော လူများကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံးက တကယ်ကို တူညီနေကြတာပဲ... ရှန်ယွီကို ကြည့်လိုက်တော့ သူက အကျအန ထိုင်မနေပေမဲ့၊ သူ၏ နဖူးကို လက်ချောင်းများဖြင့် ထောက်ကာ ပွဲကြည့်နေသလိုမျိုး အပြုံးဖြင့် ကြည့်နေသည်မှာ စိတ်မချရသော ချန်ကျန့်ကို ပို၍ပင် စိုးရိမ်စေသည်လေ။

ပွဲကြည့်နေတာလား။ ဒါဆိုလည်း မင်းပဲ အရင်စပြောတော့…

“အဲ့ဒီမတိုင်ခင်မှာ ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်၊ အဲ့ဒါကတော့ ကျန့်ရှီးရဲ့ နာမည်ကို ပြောင်းဖို့ပါပဲ” ချန်ကျန့်က ဆိုသည်။

“ဘော့စ်ရှန်... အားလုံးကို ပြောပြပေးပါဦး”

ရှန်ယွီက အံ့သြသွားသည့်ဟန်ဖြင့် မျက်ခုံးပင့်လိုက်ပြီးမှ ပြုံး၍ ကိုယ်ကို မတ်လိုက်သည်။

“တကယ်ကြီး နာမည်ပြောင်းမှာလား” ကျောက်ဖန်းဖန်းက မေးသည်။ အားလုံးက ရှန်ယွီကို ဝိုင်းကြည့်လိုက်ကြသည်။

“တာယွင် (Da Yin - တကယ့် အဓိပ္ပာယ်ကတော့ တိတ်ဆိတ်စွာ နေထိုင်သူ)” ရှန်ယွီက ဆိုလိုက်ပြီးနောက် ကုလားထိုင်ပေါ် ပြန်မှီလိုက်ကာ ချန်ကျန့်ဘက်သို့ ခေါင်းညိတ်ပြသည် ။

“မန်နေဂျာ... ဆက်ပြောလေ”

ဘာလဲ ။ ဒါလေးပဲလား။ မင်းက ဘော့စ်လေ…ဒါပဲ ပြောပြီး ပြီးပြီပေ့ါ…

သို့သော် ချန်ကျန့်သည် အဖြေက တိုလွန်းသဖြင့် အံ့သြသွားသော်လည်း၊ ရှန်ယွီ၏ “မင်းကတော့ လက်ခုပ်တီးပြီး ထောက်ခံပေးရုံပဲ” ဆိုသည့် စကားကို မမေ့သေးချေ။ ထို့ကြောင့် သူက လက်မြှောက်၍ လက်ခုပ်တီးလိုက်သည်။ ဟူဖန်က ပထမဆုံး လိုက်တီးသည်၊ ထို့နောက် ဆန်းပင်း၊ ခဏအကြာတွင် လူတိုင်း လက်ခုပ်တီးလိုက်ကြတော့သည်။

“တာ ဘာတဲ့” ချန်အာဟူက လက်ခုပ်တီးရင်း ဘေးက ဆန်းပင်းကို မေးလိုက်သည်။

“တာယီ” ဟု ဆန်းပင်းက ဆိုသည်။

“အဲ့ဒါက လက်ဖက်ရည်ဆိုင် နာမည် မဟုတ်ဘူးလား” ဟု ချန်အာဟူက မေးလိုက်သည်။

“နောင်ကျရင် ငါတို့တွေ လက်ဖက်ရည် ရောင်းမှာ ဖြစ်မှာပေါ့” ဟု ဆန်းပင်းက ပြန်ပြောလေသည်။

***

TN // ချန်ကျန့် လေးရဲ့ အ‌တွေး တွေက တကယ်ရယ်ရတယ် ။ အပြင်မှာသာ တည်ကြည်တာ အထဲမှာ သူက အလောင်လေး ။ အရမ်း ချစ်ဖို့ ကောင်းတာပဲ။😄😄😄

Comments

  1. မန်နေဂျာရဲ့ ပထမဆုံး အစည်းအဝေး အတွေ့ အကြုံက လက်ဖျား‌ခါလောက်ပါတယ် ချစ်စရာလေး ဖြတ်ထိုးဉာဏ်ကလည်း ကောင်းပါ့

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...