အပိုင်း (၁၇)
ချန်ကျန့်သည် စာသင်ခန်းအပြည့်ရှိသော ငထုံများကို ရင်ဆိုင်နေရသည့် ဆရာတစ်ဦး၏ မတတ်သာသော ခံစားချက်မျိုးကို နောက်ဆုံးတွင် နားလည်သွားတော့သည်။
သို့သော် ဤသို့သိလိုက်ရခြင်းကပင် သူ၏ စိုးရိမ်စိတ်ကို တည်ငြိမ်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် "ကျန့်ရှီးကို" ဆိုသည့် စကားလုံးနောက်ကွယ်က အဓိပ္ပာယ်ကိုပင် လိုက်မေးနေရသည့် လူများရှေ့တွင် သူသည် စကားအနည်းငယ် ထစ်ငေါ့နေလျှင်ပင် အလွန်ထူးချွန်သော မန်နေဂျာတစ်ဦးအဖြစ် သတ်မှတ်ခံရမည်ဖြစ်သောကြောင့်တည်း။
နောက်ထပ်အပိုင်းမှာ ရှင်းပြရန် သိပ်မခက်ခဲလှချေ။ အဓိကအားဖြင့် အလုပ်တာဝန် ခွဲဝေမှုများသာ ဖြစ်သည်။ ရာထူးတစ်ခုစီတွင် တာဝန်တစ်ခုထက်မက ပူးတွဲလုပ်ဆောင်ရန် လိုအပ်လေသည်။ ဧည့်ကြိုဝန်ထမ်းသည် အခန်းအပ်ခြင်း၊ လက်ခံခြင်းအပြင် အလုပ်မရှုပ်သည့်အချိန်တွင် အခြေခံ ဝန်ဆောင်မှုများကို ကူညီပေးရမည်။ အိမ်ထိန်းဝန်ထမ်းသည် ဟင်းချက်ရန် တာဝန်ရှိပြီး လုံခြုံရေးဝန်ထမ်းများမှာမူ မိမိတို့၏ ပုံမှန်တာဝန်များအပြင် တည်းခိုခန်းအတွင်းရှိ ဝင်းထဲနှင့် အိမ်ရှေ့လမ်းမများကို သန့်ရှင်းရေးလုပ်ရာတွင် ကူညီပေးရမည် ဖြစ်သည်။
မန်နေဂျာဖြစ်သူမှာမူ သစ်ပင်ပန်းမန်များကို ပြုပြင်တန်ဆာဆင်ရမည် ဖြစ်သည်။
ထို့ပြင် မန်နေဂျာသည် ကားမောင်းသင်ယူရန်နှင့် ဥယျာဉ်ခြံမြေ ပြုပြင်ထိန်းသိမ်းမှု ဗဟုသုတများကိုလည်း လေ့လာရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဘော့စ်မှာ ဥယျာဉ်မှူးတစ်ဦးကို ပုံမှန်ငှားရမ်းရန် အသုံးစရိတ် မရှိသောကြောင့်တည်း။
ချန်ကျန့်သည် ဘော့စ်ဖြစ်သူကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
“ဒါတွေကတော့ အခြေခံအချက်တွေပါပဲ”
ချန်ကျန့်သည် ဘာမှကျန်မသွားစေရန် မှတ်စုများကို ပြန်လည်စစ်ဆေးလိုက်ပြီးနောက် ။
“ဘယ်သူမဆို ထင်မြင်ချက် ဒါမှမဟုတ် အကြံပြုချက်ရှိရင် အခုပဲ ပြောလို့ရပါတယ်။ ကျွန်တော့်တို့ အတူတူ ဆွေးနွေးကြတာပေါ့”
“ကျွန်မမှာ အကြံပြုချက်တစ်ခု ရှိပါတယ်”
ဟူဖန်က လက်ထောင်လိုက်သည်။
“ပြောပါ” ချန်ကျန့်က ဆိုသည်။
“ကဖေးကို ပြန်ဖွင့်လို့ ရမလား။ စားသောက်ခန်းဘေးက နေရာက ကဖေးဆိုင် မဟုတ်လား။ အဲ့ဒီမှာ ကော်ဖီခွက်တွေတော့ ရှိပေမဲ့ စက်ပစ္စည်းတွေ မရှိတော့ဘူး။ ဒီမြို့ထဲမှာ ကဖေးဆိုင် မရှိတာ သတိထားမိလို့ပါ။ စူပါမားကတ်တွေထဲမှာ ရောင်းတဲ့ ပုလင်းထဲက ကော်ဖီတွေပဲ ရှိတယ်လေ”
“အဲ့ဒီဟာတွေကို ဘယ်သူက သောက်မှာလဲ” ချန်အာဟူက လှောင်ပြောင်သလို ဆိုသည်။
“ငါတို့ရဲ့ ခန့်ညားလှတဲ့ ဘော့စ်ရှန်တောင်မှ နေ့တိုင်း ကိုလာပဲ တမြုံ့မြုံ့ သောက်နေတာကို”
အံ့သြစရာကောင်းသည်မှာ ချန်အာဟူ၏ အကဲခတ်နိုင်စွမ်းက မဆိုးလှချေ။
“စာချုပ်ချုပ်တုန်းကတော့ သူ လက်ဖက်ရည် သောက်တယ်လေ” ဟု ချန်အာဟူက ထပ်ပြောသည်။
အမှန်တော့ ထိုနေ့ကလည်း ကိုလာသာ ဖြစ်သည်။
“ငါတို့လည်း လက်ဖက်ရည် ရောင်းမှာပဲလေ” ဟု ချန်အာဟူက ဆက်ပြောပြန်သည်။
လက်ဖက်ရည် ရောင်းမယ် ဟုတ်လား ဟု ချန်ကျန့်စိတ်ထဲကနေ ရန်တွေ့မိသည်။
“ရှင်က အဆင့်မြင့်တဲ့လူ ဘယ်နှစ်ယောက်နဲ့များ တွေ့ဖူးလို့လဲ”
ဟူဖန်ကတော့ လက်တွေ့ ပေါ်တင်ပြန်ပက်လိုက်သည်။
“မင်းက အခု ရန်စနေတာလား” ချန်အာဟူက မျက်မှောင်ကြုတ်ကြည့်သည်။
“ရှင်က အရင်စတာ မဟုတ်လား” ဟူဖန်က ပြန်ပြောသည်။
“ဒါက ဆွေးနွေးနေတာပါ” ချန်ကျန့်က ကြားဝင်တားလိုက်သည် ။
“ရန်ဖြစ်နေတာ မဟုတ်ဘူး”
“စမ်းကြည့်လို့ ရတာပဲလေ” ရှန်ယွီက ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်ရင်း ဆိုသည်။
“ဒါပေမဲ့ ဘယ်သူက ကော်ဖီ ဖျော်တတ်လို့လဲ”
“ကျွန်မ နည်းနည်းတော့ သိပါတယ်။ ဒါပေမဲ့ သိပ်တော့ မကျွမ်းကျင်ဘူး။ ရိုးရိုးရှင်းရှင်းလေးတွေတော့ လုပ်တတ်ပါတယ်” ဟူဖန်က အမှန်အတိုင်း ဝန်ခံသည်။
“ဒီကို အနားယူဖို့ လာတဲ့လူတွေက အဆင့်မြင့် ကော်ဖီကြီးတွေကို မျှော်လင့်နေကြတာ မဟုတ်ပါဘူး။ ရှိနေရင်ကိုပဲ လုံလောက်ပါပြီ။ အစည်းအဝေးပြီးရင် မင်းက မန်နေဂျာနဲ့ အသေးစိတ် ဆွေးနွေးလိုက်ပါ”
“ဟုတ်ကဲ့” ဟူဖန် ခေါင်းညိတ်ပြသည်။
“ကျွန်မမှာလည်း မေးစရာ ရှိပါတယ်” ကျောက်ဖန်းဖန်းက လက်ထောင်သည်။
“ကျွန်မက ဟင်းချက်ရမှာဆိုတော့ မီနူး က အရင်အတိုင်းပဲလား။ အရင်က ကျွန်မအများကြီးတော့ မချက်တတ်ဘူး။”
“အရင်က ဟင်းစာရင်းကို မေ့လိုက်တော့။ ကျောက်ကျဲ ချက်တတ်တဲ့ ဟင်းတွေကိုပဲ စာရင်းလုပ်ပြီး မန်နေဂျာကို ပေးလိုက်ပါ” ရှန်ယွီက ညွှန်ကြားသည်။
“အများကြီး မလိုပါဘူး၊ အိမ်ချက်ဟင်း အမယ်အချို့ဆိုရင် ရပါပြီ”
“အဲ့ဒါဆိုရင်တော့ ရပါတယ်” ကျောက်ဖန်းဖန်း ခေါင်းညိတ်သည်။
ဟူဖန်နှင့် ကျောက်ဖန်းဖန်းတို့ ပြောပြီးသည့်အခါတွင် ချန်အာဟူသည်လည်း “ဘော့စ်ချန်” ဆိုသည့် ဂုဏ်ပုဒ်နှင့်အညီ မျက်နှာမပျက်စေရန် လက်ထောင်လိုက်သည် ။
“ဘော့စ်ရှန်”
“ဟုတ် ပြောပါ ဘော့စ်ချန်”
ရှန်ယွီက ယဉ်ကျေးစွာဖြင့် အခွင့်အရေး ပေးလိုက်သည်။
“အဲ့ဒါက... ညဘက်ကျရင်...” ချန်အာဟူက စကားတစ်ဝက်မှာပင် လျှို့ဝှက်သော အမူအရာသို့ ပြောင်းလိုက်သည် - “ညဘက်ကျရင်...”
“ညဘက်ကျရင် ဘာဖြစ်လို့လဲ” ရှန်ယွီက သူ့ကို စိုက်ကြည့်သည် ။
“ငါ့ကို ညစာ ဖိတ်ကျွေးမလို့လား၊ ဒါမှမဟုတ် လမ်းလျှောက်ဖို့ ဖိတ်တာလား”
ချန်ကျန့်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ချန်အာဟူက သူ့ကို မျက်စောင်းထိုးလိုက်သည်။ ချန်ကျန့်ကို ကူညီဖို့ပဲ ကတိပေးထားပြီးကာမှ အခု ရယ်ခြင်းခံရသည့်အပေါ် သူ အလွန်ပင် မကျေမနပ် ဖြစ်သွားပုံရသည်။
“ဘော့စ်ချန် ဆိုလိုတာက ညဘက် အထူးစစ်ဆင်ရေး အစီအစဉ်အကြောင်းပါ”
ချန်ကျန့်က အခြေအနေကို အမြန်ထိန်းလိုက်ရင်း ရှန်ယွီကို ကြည့်ကာ ဆိုသည်။
“အသေးစိတ် အစီအစဉ်ကို ဆွေးနွေးကြမလား”
“ဘော့စ်ချန် ဒီနေ့ နေ့လယ်ပိုင်းမှာ တည်းခိုခန်းမှာ မနေနဲ့ဦး၊ မနက်ဖြန် မနက်မှ ပြန်လာခဲ့”
ရှန်ယွီက လိုအပ်သည်များ ထပ်မှာကြားသည်။
“သွေးအချို့ သွားရှာချေ၊ ဒါပေမဲ့ ဒီအနီးအနားက မဖြစ်စေနဲ့။ ဝေးတဲ့ရွာတစ်ရွာကို သွားပြီး ဝက်သွေးဖြစ်ဖြစ်၊ ကြက်သွေးဖြစ်ဖြစ် တစ်ခုခု သွားရှာလိုက်ပါ”
“ဟုတ်ကဲ့” ချန်အာဟူ ခေါင်းညိတ်သည်။ ထို့နောက် ရက်စက်သော အကြည့်ဖြင့် ထပ်ပြောသည် ။
“အရှင်တွေပဲ ယူလာပြီး ဒီနေရာတင် သတ်လိုက်ရမလား။ အဲ့ဒါမှ ပိုပြီး ရက်စက်သလို ဖြစ်မှာ”
“အဲ့ဒီအစား မင်းရဲ့ လက်ကောက်ဝတ်ကိုပဲ လှီးပြီး ပက်လိုက်ပါလား” ရှန်ယွီက ဆိုလေသည်။
ချန်ကျန့်မှာ ဒီလိုစကားမျိုးကို ဘယ်သူ့ကိုမဆို လျှောက်မပြောဖို့ ရှန်ယွီကို သတိပေးချင်နေမိသည်။ ဘော့စ်ချန်က ဒါကို နားလည်ချင်မှ နားလည်မှာလေ။
“အော်... အေးပါ၊ အဆင်သင့်ရှိတာပဲ သွားရှာလိုက်ပါ့မယ်”
ချန်အာဟူက ဆိုသည်။
သြော် ...ရွဲ့ ပြောတယ်ဆိုတာတော့ သူ နားလည်သွားပြီပဲ။
“ဒီည ငါ့ဖုန်းကို စောင့်နေပါ။ သွားပြီးတော့ လုပ်ရုံပဲ။ ငါတို့ လူတွေ ဘယ်သူမှ အပြင်မထွက်စေနဲ့။ မနက်ဖြန်ကျမှ ပွဲကြည့်ဖို့ စောင့်နေလိုက်ကြ”
“မနက်ဖြန် လူတွေ လာခိုင်းရဦးမလား” ဆန်းပင်းက မှတ်မိသေးသဖြင့် မေးသည်။
“မင်းတို့ မလွတ်စေရပါဘူး” ရှန်ယွီက စားပွဲကို အသာအယာ ပုတ်ရင်း ဆိုသည် ။
“အစည်းအဝေးကတော့ ဒါပါပဲ။ မန်နေဂျာချန်... ငါ့ရုံးခန်းကို လိုက်ခဲ့ပါဦး”
ချန်ကျန့်မှာ အစည်းအဝေး နောက်ဆုံးတော့ ပြီးသွားပြီဖြစ်သဖြင့် သက်ပြင်းချလိုက်မိသည်။ သူသည် ရှေ့က စာရွက်ကို အမြန်ခေါက်ပြီး အိတ်ကပ်ထဲ ထည့်ကာ ရှန်ယွီနောက်မှ ဓာတ်လှေကားထဲသို့ လိုက်ဝင်ခဲ့သည်။ ရှန်ယွီက ဓာတ်လှေကားနံရံကို မှီကာ သူ့ကို ကြည့်နေလေသည်။
ချန်ကျန့် ကိုယ်ကိုလှည့်ကာ အထပ်ခလုတ်ကို နှိပ်လိုက်သည်။ ရှန်ယွီက ကျောပေးထားလျက်နှင့် ခလုတ်ကို တိတိကျကျ နှိပ်နိုင်သည်ကို သတိရကာ၊ ချန်ကျန့်မှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခလုတ်ခုံပေါ်တွင် လက်ဖြင့် လိုက်စမ်းကြည့်နေမိသည်။ ရှန်ယွီက ဘယ်လိုလုပ်ခဲ့တာလဲဆိုသည်ကို သူ သိချင်နေခြင်း ဖြစ်သည်။
“မင်းကတော့ တကယ့်ကို လူအပဲ” ရှန်ယွီက ဆိုသည်။
“ကျွန်တော် စမ်းကြည့်နေတာပါ” ချန်ကျန့်က တိုးတိုးလေး ရေရွတ်ရင်း ဆက်လက် စမ်းသပ်နေသည် - “မင်း ဘယ်လို လုပ်လိုက်တာလဲ”
ရှန်ယွီက သူ၏ ချိုင်းထောက်ကို ယူကာ ဓာတ်လှေကားနံရံဘေးက သတ္တုစင်းလေးကို တောက်လိုက်သည် ။
“ဒီမှာ ကြည့်လေ မန်နေဂျာ၊ တစ်ခါပဲ ပြမှာနော်”
ချန်ကျန့် ကြည့်လိုက်သည့်အခါ ထိုသတ္တုစင်းလေးတွင် ခလုတ်ခုံ၏ ပုံရိပ်မှာ အတိုင်းသား ထင်ဟပ်နေသည်ကို တွေ့ရလေသည်။
“သြော် ... ဖြစ်ရတယ်”
“အံ့သြသွားလား” ရှန်ယွီက မေးသည်။
“တကယ်ကို မိုက်တယ်ဗျာ” ချန်ကျန့် ဝန်ခံလိုက်ရသည်။
အမှန်အတိုင်း ပြောရလျှင် မြင်နေရလျှင်တောင်မှ ချိုင်းထောက်ဖြင့် နောက်ပြန်လှည့်ကာ တစ်ချက်တည်း တိတိကျကျ နှိပ်နိုင်ခြင်းမှာ တကယ့်ကို အံ့သြစရာပင်။
စတုတ္ထထပ်မှာ ငြိမ်သက်နေပြီး အောက်ထပ်က ဆူညံသံများကို မကြားရတော့ချေ။
“ကျွန်တော့်ကို ဘာခိုင်းမလို့လဲ” ရုံးခန်းထဲသို့ ရောက်သည့်အခါ ချန်ကျန့်က မေးလိုက်သည်။
“မန်နေဂျာအဖြစ် ပထမဆုံးနေ့က ဘယ်လိုလဲ” ရှန်ယွီက ဆိုဖာပေါ်တွင် ဘေးတိုက် မှီထိုင်လိုက်သည်။
“ထိုင်ပါဦး၊ စကားပြောရအောင်”
ချန်ကျန့်က ကုလားထိုင်တွင် ထိုင်လိုက်သည် ။
“ခေါင်းထဲမှာ နည်းနည်းတော့ ရှုပ်နေတယ်”
“ဝန်ထမ်းတွေအပေါ် ဘယ်လို မြင်လဲ” ရှန်ယွီက သူ၏ နားထင်ကို နှိပ်နယ်ရင်း မေးသည်။
“ဟို... တည်းခိုခန်းအပေါ်မှာတော့ သူတို့ တော်တော် စိတ်အားထက်သန်ကြပါတယ်”
ချန်ကျန့် ခဏစဉ်းစားပြီးမှ ဆိုသည် ။
“ချန်အာဟူက ဒီလောက်ထိ လိုက်လျောညီထွေ ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး”
“သူကတော့ ကြာကြာခံမှာ မဟုတ်ပါဘူး။ သူ့အတွက် ဒါက အထူးအဆန်း ဖြစ်နေလို့ပါ။ သူ တစ်ခါမှ မကြုံဖူးတဲ့ ဘဝမျိုးလေ။ တစ်ချိန်မှာ အလုပ်က ပျင်းစရာကောင်းလာပြီး စည်းကမ်းတွေအောက်မှာ နေရတာ ခက်ခဲလာရင် သူ စိတ်ပျက်လာလိမ့်မယ်”
“တကယ်လား”
“ဆန်းပင်းကတော့ အဆင်ပြေပါတယ်၊ သူ့အစ်ကိုထက် ပိုပြီး ဥာဏ်ရှိတယ်” ရှန်ယွီက ဆက်ပြောသည် ။
“သူ့ကို သေချာ လေ့ကျင့်ပေးထားလိုက်၊ နောင်ကျရင် ကားမောင်းသင်ပေးလို့ ရတယ်”
“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်သည်။
“လောင်စစ်နဲ့ လောင်ဝူကတော့ ချန်အာဟူနဲ့ တူမှာပါပဲ။ ဟူဖန်ကတော့ မဆိုးဘူးလို့ ကျွန်တော် ထင်တယ်”
“ငါလည်း သဘောတူပါတယ်” ရှန်ယွီက မျက်လုံးမှိတ်၍ ခေါင်းကို ဆက်လက် နှိပ်နယ်နေသည်။
“ဟူဖန်က စိတ်ဝင်စားစရာ ကောင်းတယ်၊ ပါးနပ်တယ်၊ ဘာက အရေးကြီးတယ်ဆိုတာကို သူ သိတယ်”
ချန်ကျန့် ဘာမှ ပြန်မပြောသော်လည်း ရှန်ယွီ၏ ခေါင်းကိုက်မှု မပျောက်သေးသည့်အပေါ် သူ စိုးရိမ်မိသည်။ သူ၏ အဖွားဖြစ်သူ ခေါင်းကိုက်လျှင် အိပ်လိုက်ပါက သက်သာသွားတတ်သော်လည်း၊ ရှန်ယွီမှာ နှစ်ရက်ရှိပြီဖြစ်သော်လည်း နာကျင်နေဆဲ ဖြစ်သည်။
“မင်း အားတဲ့အခါ ဟူဖန်ကို မေးကြည့်လိုက်ဦး၊ သူ ပိုက်ဆံ ကြိုထုတ်ဖို့ လိုမလားလို့” ရှန်ယွီက ဆိုသည်။
“သူ့မှာ ပိုက်ဆံ လုံးဝ မရှိတော့ဘူး ထင်တယ်။ အစမ်းခန့်ကာလ လစာထဲက အချို့ကို ကြိုထုတ်ပေးလိုက်ပါ၊ ဒါပေမဲ့ တိတ်တဆိတ် လုပ်ပေးနော်... မိန်းကလေးတွေက သိက္ခာကို ဂရုစိုက်တတ်ကြတယ်လေ”
“ဟုတ်ကဲ့၊ ခဏနေရင် ကျွန်တော် မေးလိုက်ပါ့မယ်” ချန်ကျန့်က ဆိုကာ ရှန်ယွီ စကားမစမီမှာပင် ကြားဖြတ်မေးလိုက်သည်။
“မင်းရဲ့ ခေါင်းကိုက်တာလေ... အကိုက်အခဲပျောက်ဆေး သောက်ရင် သက်သာတယ် ဆို။ အစည်းအဝေးတုန်းကတော့ မင်း အဆင်ပြေပုံရပါတယ်...”
“မင်း ငါ့ကို တော်တော် ဂရုစိုက်တာပဲ” ရှန်ယွီ ခေါင်းနှိပ်နေတာကို ရပ်လိုက်ပြီး မျက်လုံးဖွင့်ကာ သူ့ကို တစ်ချက်ကြည့်သည် ။
“အစည်းအဝေးတုန်းက ငါက ကုလားထိုင်ပေါ်မှာ လှဲပြီး ခေါင်းနှိပ်နေရမှာလား။ အဲ့ဒါဆိုရင် ငါတို့ ဘာမှ ပြီးမှာ မဟုတ်တော့ဘူးလေ”
“တကယ်လို့ အခြေအနေ မကောင်းရင် ဆေးရုံမှာ ပြသင့်တယ်နော်”
“ဒီနားမှာ အနှိပ်ခန်း ရှိလား မန်နေဂျာချန် ။ တကယ်တော့ ငါ့ခေါင်းကနေ လည်ပင်းနဲ့ ကျောအထိ နာနေလို့”
“တရားဝင် အနှိပ်ခန်းလား” ချန်ကျန့်က မေးလိုက်သည်။
“ဟ! ငါက ဒီခြေထောက်နဲ့ တရားမဝင်တဲ့ နေရာတွေကို သွားမလား” ရှန်ယွီက ပြန်ပက်လိုက်သည်။
“...ဟာ! ဘာတွေ ပြောနေတာလဲ” ချန်ကျန့်မှာ စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးမှ အသံကျယ်ကျယ်ဖြင့် …
“ကျွန်တော် ဆိုလိုတာက လိုင်စင်ရ အနှိပ်သည်တွေရှိတဲ့ နေရာကို ပြောတာပါ!”
“သြော် ဟား ဟား မသိပါဘူး။ အဲ့ဒီလို နေရာမျိုး ရှိလို့လား”
“မရှိပါဘူး” ချန်ကျန့်က ဆိုသည်။
ရှန်ယွီ ခေါင်းကို ကိုင်ကာ ပိုပြီး ကျယ်ကျယ်လောင်လောင် ရယ်တော့သည် ။
“မင်းကတော့လေ... ငါ ရယ်လိုက်ရင် ခေါင်းက ပေါက်ထွက်တော့မလိုပဲ... ဒါဆို တရားမဝင်တဲ့ နေရာတွေကော ရှိလို့လား”
“ရွာဟောင်းမှာ အကြောပြင်တတ်တဲ့ အဘိုးကြီး တစ်ယောက်ရှိတယ်။ သိုအာရဲ့ အဖိုးက သူ့ကို တအား ယုံကြည်တာ ။ နီးစပ်ရာ ရွာတွေကလူတွေတင်မကဘူး၊ မြို့ပေါ်ကလူတွေတောင် သူ့ဆီ လာကြတယ်”
“ငါက ခေါင်းကိုက်နေတာလေ၊ ဦးခေါင်းခွံ အက်နေတာ မဟုတ်ဘူး”
“သူက အနှိပ်လည်း လုပ်ပေးတယ်။ ဒါပေမဲ့ ဘော့စ် အနှိပ်ခံလိုက်ရင် သက်သာပါ့မလား”
“သွားကြစို့ …အခုပဲ သွားရအောင်၊ ငါ နာလွန်းလို့ အန်ချင်လာပြီ”
ကားဝယ်ထားသဖြင့် သွားလာရ လွယ်ကူသော်လည်း တည်းခိုခန်းတွင် ကားမောင်းလိုင်စင်ရှိသူမှာ ချန်အာဟူနှင့် ရှန်ယွီ နှစ်ယောက်တည်းသာ ရှိသည်။ ချန်အာဟူကတော့ ဒီညအတွက် ပြင်ဆင်ဖို့ ထွက်သွားပြီ ဖြစ်သည်။ ရှန်ယွီမှာ ခေါင်းပေါက်တော့မတတ် နာကျင်နေသော်လည်း သူကိုယ်တိုင်ပင် မောင်းရပေလိမ့်မည်။ ထို့ကြောင့်လည်း ချန်ကျန့်အနေဖြင့် လိုင်စင် အမြန်ရရန် လိုအပ်နေခြင်း ဖြစ်သည်။
“ဒါမှမဟုတ် ဘေးတွဲဆိုင်ကယ်နဲ့ သွားမလား။ ကျွန်တော်ပဲ မောင်းပို့ပေးမယ်လေ” ချန်ကျန့်က အကြံပြုသည်။
“ဆိုင်ကယ်ပဲ သွားရအောင်။ ဘေးတွဲဆိုင်ကယ်က ငါ့ခေါင်းကို ပိုပြီး လှုပ်ခါစေလိမ့်မယ်” ဟု ရှန်ယွီက ဆိုသည်။
ချန်ကျန့်သည် သူ၏ ဆိုင်ကယ်ကို ထုတ်လာခဲ့ရာ ရှန်ယွီက အနောက်တွင် ထိုင်ပြီး သူ၏ နဖူးကို ချန်ကျန့်၏ ကျောပြင်နှင့် မှီထားလေသည်။
“ဘာဖြစ်လို့လဲ”
ဝင်းထဲတွင် သစ်ရွက်လှည်းနေသော ဆန်းပင်းက မြင်သည့်အခါ လှမ်းမေးသည်။
“ခေါင်းကိုက်လို့...” ချန်ကျန့်က နောက်သို့ လှည့်ကြည့်ရင်း ဖြေသည်။
“ချန်အဘိုးကြီးဆီ သွားပြီး အနှိပ်ခံလိုက်လေ၊ အဲ့ဒါဆိုရင် သက်သာသွားလိမ့်မယ်” ဆန်းပင်းက ဆိုသည်။
“အဲ့ဒီကိုပဲ သွားမလို့လေ” ချန်ကျန့်က ပြန်ပြောလိုက်သည်။
“အားတင်းထားပါ ဘော့စ်” ဆန်းပင်းက ရှန်ယွီကို လှမ်းပြောသည် ။
“မကြာခင် သက်သာသွားမှာပါ”
“.မင်းသာ ထပ်ပြီး စကားများနေရင် ငါ ရွာထိပ်တောင် ရောက်မှာ မဟုတ်ဘူး”
ရှန်ယွီက တိုးတိုးလေး ရေရွတ်လိုက်သည်။
“သွားပြီနော်” ချန်ကျန့် လီဗာကို ဆွဲလိုက်ရာ ဆိုင်ကယ်မှာ ဝင်းထဲမှ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။
ရှန်ယွီ၏ ခြေထောက်ကို ချန်ကျန့်က ကိုင်မထားပေးနိုင်သဖြင့် ရှန်ယွီသည် ခြေနင်းတံနှင့် မတိုက်မိအောင် သူ၏ ဘယ်ဘက်ခြေထောက်ကို သူကိုယ်တိုင်ပင် မထားရလေသည်။ ကြမ်းတမ်းသော လမ်းပေါ်တွင် ခေါင်းကိုက်နေသည့် ကြားမှ ဤသို့လုပ်ရသည်မှာ အလွန်ပင် ပင်ပန်း၏။ ချန်ကျန့်သည် ဘယ်ဘက် လက်ကိုင်ကို လွှတ်လိုက်ပြီး ရှန်ယွီ၏ ဘောင်းဘီ ဒူးဆစ်နေရာကို လှမ်းဆွဲလိုက်သည်။
“ဘာလုပ်တာလဲ” ရှန်ယွီက မေးသည်။
“ခြေထောက်ကို လျှော့ထားလိုက်။ အားမစိုက်နဲ့တော့၊ မဟုတ်ရင် မင်းခေါင်းက တကယ်ပေါက်ထွက်ပြီး ငါ့အပေါ် သွေးတွေ စင်ကုန်လိမ့်မယ်”
“လက်တစ်ဖက်တည်းနဲ့ မောင်းမလို့လား” ရှန်ယွီက ရှေ့ကလမ်းကို လှမ်းကြည့်ရင်း မေးသည် ။
“ဒီလို လမ်းဆိုးကြီးပေါ်မှာလား”
“ဒီလို လမ်းဆိုးပေါ်မှာ လက်နှစ်ဖက်စလုံး လွှတ်ပြီးတောင် မောင်းလို့ ရတယ်” ချန်ကျန့်က ရှန်ယွီ၏ ဘောင်းဘီကို ထပ်မံ ဆွဲလိုက်သည် ။
“လျှော့ထားလိုက်၊ ခင်များ ပြုတ်မကျစေရပါဘူး”
ရှန်ယွီ ဘာမှ ပြန်မပြောသော်လည်း သူ၏ ခြေထောက်ကိုတော့ လျှော့ထားလိုက်သည်။
ချန်ကျန့်သည် ရှန်ယွီ၏ ခြေထောက်ကို ကိုင်ထားရင်း ရွာထဲသို့ မောင်းဝင်လာခဲ့သည်။ ချန်အဘိုးကြီး၏ အိမ်မှာ သိုအာ တို့ အိမ်နှင့် နီးသဖြင့် ရွာထဲက အစည်ကားဆုံးလမ်းကို ဖြတ်မောင်းစရာ မလိုခဲ့ချေ။ ရှန်ယွီ ကံကောင်းသည်မှာ ယနေ့ ချန်အဘိုးကြီးဆီတွင် လူသိပ်မရှိဘဲ၊ အကြောဖြေနေသည့် အဒေါ်ကြီး တစ်ယောက်သာ ရှိသည်။
“ဒီလို ကျိုးထားတဲ့ ခြေထောက်ကိုတော့ ငါ မကုတတ်ဘူးနော်”
ချန်အဘိုးကြီးက ရှန်ယွီ၏ ဘောင်းဘီပေါ်ကနေ ခြေထောက်ကို ကြည့်ပြီး ပြောလိုက်သည်။
သူက တော်တော်လေး ဥာဏ်ပြေးသူ ဖြစ်သည်။ ချန်ကျန်က ဖြစ်စဥ်ကို ဝင်ရှင်းပြပေးသည်။
“ခြေထောက် မဟုတ်ပါဘူး၊ ခေါင်းက အရမ်းကိုက်နေလို့ပါ။ လည်ပင်းနဲ့ ကျောတွေလည်း နာနေတယ်တဲ့။ သူ့ကို အနှိပ်လေး လုပ်ပေးလို့ ရမလား”
“ခေါင်းကိုက်တာလား” ချန်အဘိုးကြီးက မတ်တတ်ထရပ်ကာ ကုလားထိုင်တစ်လုံးနောက်တွင် ရပ်လိုက်ပြီး…
“ဒီမှာ ထိုင်။ ဘယ်နေရာတွေက နာတာလဲ၊ ဘယ်လောက်ထိ ပြင်းထန်လဲ”
“ခေါင်းက ပေါက်ထွက်တော့မလိုပဲ” ရှန်ယွီ ထိုင်လိုက်သည် ။
“နားထင်ကနေ နောက်စိအထိ နာနေတာ”
“အိပ်ရေးပျက်နေတာ မဟုတ်လား”
ချန်အဘိုးကြီးက ရှန်ယွီ၏ နဖူးပေါ်တွင် လက်တစ်ဖက်တင်ကာ လည်ပင်းနောက်ဘက်ကို စတင် နှိပ်နယ်ပေးလေသည်။
“ဟုတ်ကဲ့၊ ဒီရက်ပိုင်း အိပ်မပျော်လို့ပါ” ရှန်ယွီ ဝန်ခံသည်။
ချန်ကျန့် အံ့သြစွာ လှမ်းကြည့်လိုက်သည်။ ဤလူသည် ညတိုင်း ဆယ်နာရီမထိုးခင် အခန်းထဲဝင်သွားပြီး ပြန်ထွက်မလာတော့သဖြင့်၊ ရွာထဲက နွားတွေထက်တောင် အိပ်ချိန်မှန်သည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ အိပ်မပျော်ဘူး တဲ့လား။
“ဒီရက်ပိုင်းတင် မဟုတ်ပါဘူး” ချန်အဘိုးကြီးက ရှန်ယွီ၏ လက်ကောက်ဝတ်ကို ကိုင်ကာ သွေးခုန်နှုန်း စစ်ဆေးရင်း ဆိုသည် ။
“ဖြစ်နေတာ ကြာပြီပဲ”
ရှန်ယွီ ငြိမ်နေသည်။
“တကယ်လား” ချန်ကျန့်က မေးလိုက်သည်။
“မစပ်စုနဲ့” ရှန်ယွီက ဝင်ဟန့်၏။
“ငါ ခဏလောက် နှိပ်ပေးလိုက်မယ်၊ ချက်ချင်း သက်သာသွားလိမ့်မယ်။ အိမ်ပြန်ပြီး ကောင်းကောင်း အိပ်လိုက်ရင်တော့ အကုန်လုံး ပျောက်သွားမှာပါ” ချန်အဘိုးကြီးက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည် ။
“ဒါပေမဲ့ အိပ်မပျော်တဲ့ရောဂါကိုတော့ ကုဖို့ လိုလိမ့်မယ်၊ မဟုတ်ရင် ခေါင်းကိုက်တာက ပြန်ဖြစ်လာဦးမှာပဲ”
“တိုင်းရင်းဆေး...”
ရှန်ယွီ စကားစလိုက်သော်လည်း မဆုံးသေးမီမှာပင် ချန်အဘိုးကြီးက အားနှင့် နှိပ်ချလိုက်ရာ၊ ရှန်ယွီမှာ ကုလားထိုင်ပေါ်တွင် ဝုန်းခနဲ မတ်သွားပြီး ဘေးကို လက်ဖြင့် လှမ်းဖမ်းလိုက်ရာ ချန်ကျန့်၏ လက်ကို မိသွားပြီး အားနှင့် ညှစ်ထားတော့သည်။ သူ၏ စကားမှာလည်း နာကျင်မှုကြောင့်
“ဟုတ်တယ်မလား!” ဆိုသည့် အော်သံနှင့်အတူ ပြီးဆုံးသွားလေသည်။
“အား... အား... တောက်! ဒုက္ခပဲ...” ချန်ကျန့်မှာ နာလွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့ကာ အော်နေရတော့သည်။ ရှန်ယွီက ဘာလို့ လူတစ်ယောက်၏ လက်ကောက်ဝတ်ကို ကိုင်ပြီး လွှင့်ပစ်နိုင်သလဲဆိုတာကို သူ အခုမှ သိလိုက်ရသည်။ ရှန်ယွီ ညှစ်ထားသည့် အရှိန်ကြောင့် ချန်ကျန့်၏ လက်ဆစ်များမှာ ဖြူဖျော့ကုန်တော့သည်။ သူက ရှန်ယွီ၏ လက်ကို ပြန်ပွတ်ပေးရင်း…
“ဘော့စ် လျှော့လိုက်ပါဦး၊ လျှော့ပါဦး...” ဟု တောင်းပန်နေရသည်။
“နာတယ်... နာတယ်...” ရှန်ယွီက မျက်မှောင်ကြီး ကြုံ့ထားသည်။
ချန်ကျန့်က ချန်အဘိုးကြီး၏ လက်မောင်းကို အတင်းရိုက်ကာ
“ချန်အဘိုးကြီး... ဖြည်းဖြည်းလုပ်ပါ၊ ဖြည်းဖြည်း... သူ နာနေပြီလေ!” ဟု အော်တော့သည်။
“ကဲ... ပြီးပါပြီ၊ အနာဆုံး အပိုင်းက ပြီးသွားပြီ” ချန်အဘိုးကြီးက လက်ကို လျှော့ပေးလိုက်ပြီး ရှန်ယွီ၏ လည်ပင်းကို အသာအယာ ပြန်ပွတ်ပေးသည် ။
“ငါက အားတောင် သိပ်မစိုက်ရသေးပါဘူး။ အခုခေတ် လူငယ်တွေကတော့ ဘာမှကို မခံနိုင်ကြတော့ဘူး”
အကြောဖြေနေသည့် အဒေါ်ကြီးက ရယ်မောလိုက်သည်။
“ဒီဘော့စ်ကို ကြည့်ပါဦး၊ တကယ့်ကို နုနယ်တာပဲ။ ငါဆိုရင် ခေါင်းကိုက်နေတာတောင် လယ်ထဲမှာ အလုပ်ဆင်းနိုင်သေးတယ်”
အဲ့ဒါက ဘာဆိုင်လို့လဲ။
ချန်ကျန့်က ရှန်ယွီ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ ဤနုနယ်လှသော ဘော့စ်ကြီးက လူရိုက်တဲ့အခါ ဘယ်လောက် ကြမ်းသလဲဆိုတာကို ထိုအဒေါ်ကြီး မြင်ဖူးစေချင်မိသည်။ ရှန်ယွီသည် ချန်ကျန့်၏ လက်ကို ကိုင်ထားဆဲဖြစ်သော်လည်း အားကိုတော့ ဖြည်းဖြည်းချင်း လျှော့လိုက်ပြီ ဖြစ်သည်။
“မခံနိုင်ရင် ရပ်လိုက်မလား” ချန်ကျန့်က စိုးရိမ်တကြီး မေးလိုက်သည်။ သူကိုယ်တိုင်လည်း ချန်အဘိုးကြီးဆီမှာ ကုသမှု မခံယူဖူးသဖြင့် ဒါက ပိုပြီး ဆိုးသွားစေမလားဟု သူ မသိချေ။
“နေဦး...” ရှန်ယွီက သူ၏လက်ကို ထပ်မံ ညှစ်လိုက်သည်။
“အခု... နည်းနည်းတော့ သက်သာသွားသလိုပဲ”
“အဆိပ်ကို အဆိပ်နဲ့ ဖြေတာပေါ့” ချန်ကျန့်က တိုးတိုးလေး ရေရွတ်လိုက်သည် ။
“လက်ကို လှီးလိုက်ရင် နာတယ်၊ ပြီးတော့ ခြေထောက်ကိုပါ ထပ်ဖြတ်လိုက်ရင် လက်က နာတာ ပျောက်သွားတာမျိုးပေါ့။ ချန်အဘိုးကြီး... မင်း တကယ်ပဲ ဘာလုပ်နေလဲဆိုတာ သိရဲ့လား”
“မင်းက ဘာသိလို့လဲ” ချန်အဘိုးကြီးက ရှန်ယွီကို လွှတ်ပေးလိုက်ပြီး ပုခုံးကို ပုတ်ပေးလိုက်သည် ။
“ဘယ်လိုနေလဲ စမ်းကြည့်လိုက်ဦး”
ရှန်ယွီသည် ကုလားထိုင်ပေါ်တွင် မှီကာ ခေါင်းကို အပေါ်သို့ မော့ထားရင်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။ ချန်ကျန့်က သူ၏ မျက်နှာကို လှမ်းကြည့်လိုက်ရာ၊ ခေါင်းကိုက်တာနှင့် ခုနက “နှိပ်စက်မှု” ကြောင့် ရှန်ယွီ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ပုံမှန် မြင်နေကျ တည်ငြိမ်ပြီး အရာရာကို ထိန်းချုပ်နိုင်သော ပုံစံမျိုး မဟုတ်ဘဲ၊ နုနယ်ပျော့ပျောင်းသော ပုံစံမျိုး ဖြစ်နေသည်ကို တွေ့ရသည်။
“ဘယ်လိုနေလဲ” ချန်ကျန့်က ခပ်တိုးတိုး မေးလိုက်သည်။
ရှန်ယွီက သူ၏လက်ကို လွှတ်ပေးလိုက်ပြီး၊ နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်ကာ “ရှူး” ဟု အချက်ပြလိုက်ပြီး မျက်လုံးမှိတ်လျက် ခေါင်းကို နောက်သို့ မှီထားဆဲပင်။
ချန်ကျန့် ငြိမ်နေလိုက်ပြီး နာကျင်နေသော သူ၏ လက်ကို ပြန်ခါလိုက်သည်။ ကျောက်ဖန်းဖန်းက သူတို့ ဘော့စ်က တကယ့်ကို ရုပ်ချောတာပဲ၊ မြို့ထဲမှာ အချောဆုံး ဘော့စ်ပဲဟု ပြောခဲ့ဖူးသည်။ အခု ချန်အဘိုးကြီး၏ “ပညာပြမှု” ကို ခံလိုက်ရပြီးနောက် ရှန်ယွီမှာ စကားလည်း မပြောနိုင်တော့သဖြင့် တကယ့်ကို ကြည့်ကောင်းနေသည်မှာ အမှန်ပင်။
ခဏအကြာတွင် ရှန်ယွီသည် သူ၏လည်ပင်းကို ကိုင်ကာ ကိုယ်ကို မတ်လိုက်သည် ။
“သိပ်မနာတော့ဘူး”
“တကယ်လား”
“ဘာလဲ... မင်းက ငါ့ကို မသက်သာစေချင်ဘူးလား” ရှန်ယွီက သူ့ကို တစ်ချက်ကြည့်သည် ။
“ငါ လိမ်ပြောနေတာ။ နောက်ကို ဆုတ်လိုက်ဦး၊ ငါ့ခေါင်း ပေါက်ထွက်သွားရင် မင်းအပေါ် သွေးတွေ စင်ကုန်လိမ့်မယ်”
“ဒါဆိုရင်တော့ သက်သာသွားပြီပေါ့”
ချန်ကျန့်က ပြန်ပြောလိုက်သည်။
“ဘယ်လောက် ပေးရမလဲ ဆရာချန်” ရှန်ယွီက မေးသည်။
“မလိုပါဘူး၊ ဒါက အကူအညီပေးတာပဲလေ” ချန်အဘိုးကြီးက ဆိုသည်။
သူ့မှာ ကိုယ်ပိုင်မူဝါဒ ရှိလေသည်။ ဤကဲ့သို့ ရိုးရှင်းသော အနှိပ်မျိုးအတွက် သူ ဘယ်တော့မှ ပိုက်ဆံမယူချေ။ ရှန်ယွီက အတင်းပေးမှာကို ချန်ကျန့် စိုးရိမ်သော်လည်း၊ ရှန်ယွီက ထိုသို့ မလုပ်ခဲ့ချေ။ ထိုအစား သူ၏ အိပ်မပျော်သောရောဂါအတွက် တိုင်းရင်းဆေးအချို့ ဖော်ပေးရန်သာ တောင်းဆိုလိုက်သည်။
“မင်း ဆေးဖော်တတ်တယ်မလား” ချန်အဘိုးကြီးက ချန်ကျန့်ကို ကြည့်ရင်း မေးသည်။
“မင်း ဖော်တတ်လား” ရှန်ယွီကပါ တအံ့တသြနှင့် ဝင်မေးသည်။
“သူ ဖော်တတ်တာပေါ့” အကြောဖြေနေသည့် အဒေါ်ကြီးက ဝင်ပြောသည် ။
“သူ့ အဖိုးအတွက် ဆေးတွေကိုလည်း သူပဲ အမြဲ ဖော်ပေးနေတာ။ သူ မလုပ်တတ်တာ ဘာမှ မရှိပါဘူး၊ ငယ်ငယ်ကတည်းက တော်တဲ့ကလေးပါ”
“...ဟုတ်ကဲ့၊ ဖော်တတ်ပါတယ်” ချန်ကျန့် ဝန်ခံလိုက်၏။
“သူ ဖော်တတ်တယ်တဲ့”
ရှန်ယွီက ချန်အဘိုးကြီးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဆေးများ ရလာပြီးနောက်တွင် ရှန်ယွီ ဆိုင်ကယ်ပေါ် ချက်ချင်း ပြန်မတက်သေးချေ။ ရွာပြင်သို့ ရောက်သည့်အခါ သူသည် ချိုင်းထောက်ကို အားပြုကာ မြစ်ဘေးလမ်းအတိုင်း ဖြည်းဖြည်းချင်း လမ်းလျှောက်နေလေသည်။ ချန်ကျန့်မှာ ဆိုင်ကယ်ပေါ်တွင် ထိုင်လျက် ခြေထောက်ဖြင့် မြေပြင်ကို တွန်းကာ ရှန်ယွီနောက်ကနေ လိုက်လာခဲ့ရသည်။
ခဏအကြာတွင် သူ မနေနိုင်တော့ဘဲ မေးလိုက်သည် ။
“မင်း တည်းခိုခန်းအထိ လမ်းလျှောက်ပြန်မလို့လား”
“လေကောင်းလေသန့် ရှူချင်လို့ပါ” ဟု ရှန်ယွီက ဆိုသည်။
“ဒီဆေးတွေကလေ...” ချန်ကျန့်က ဆိုင်ကယ်ကို ဆက်တွန်းရင်း …
“မင်း တကယ်ကြီး သောက်မှာလား”
“သောက်နိုင်မှာ မဟုတ်ဘူး ထင်တယ်။ အရမ်း ခါးမှာပဲ” ဟု ရှန်ယွီက ပြန်ဖြေသည်။
“သိသားပဲ” ချန်ကျန့် တိုးတိုးလေး ရေရွတ်လိုက်သည် ။
“ဒါနဲ့... တည်းခိုခန်းမှာ လုပ်စရာတွေ များနေလို့ မင်း အိပ်မပျော်တာလား”
“မင်းကတော့ ရယ်ရတာပဲ” ရှန်ယွီက သူ့ကို တစ်ချက်ကြည့်သည် ။
“ကျန့်ရှီးတောင်မှ ဒါနဲ့ပတ်သက်ပြီး အိပ်ရေးပျက်မှာ မဟုတ်ဘူး။ တည်းခိုခန်း အဆင်ပြေရင်လည်း ကောင်းတာပေါ့။ အဆင်မပြေရင်လည်း ငါ ဒီမှာ ဗီလာလိုမျိုးပဲ သဘောထားပြီး နေမှာပဲ။ ဘာဖိအား ရှိလို့လဲ”
“ဒါဆို ဘာလို့ အိပ်မပျော်တာလဲ” ချန်ကျန့်က မေးသည်။
ရှန်ယွီ သက်ပြင်းချလိုက်သည်။
“မင်း ကျောင်းတုန်းက စာစီစာကုံး တော်ခဲ့လား။ မင်းက စကားတစ်ခွန်းတည်းကိုပဲ ပတ်ချာလည်အောင် မေးနေတာပဲ”
“ဘော့စ် နေကောင်းမှ ကျွန်တော်တို့လည်း ပိုက်ဆံ ရှာလို့ရမှာလေ”
ရှန်ယွီက သူ့ကို ပြုံးကြည့်လိုက်သည်။
“မင်းအဖေ သူများဆီမှာ အကြွေး ဘယ်လောက် ပေးဖို့ ကျန်သေးလဲ။ အကုန်လုံးပေါင်းလေ”
“အလဲအလှယ် လုပ်မှ ပြောမယ်” ဟု ချန်ကျန့်က ဆိုလေတော့သည်။
Comments
Post a Comment