အပိုင်း (၁၉/ ၁)
ကျောက်ဖန်းဖန်း၏ ဟင်းချက်လက်ရာမှာ တော်တော်လေး ကောင်းမွန်လှသည်။ သူမ မိနူးကို စီစဉ်ပြီးနောက်တွင် ဝန်ထမ်းများအတွက် မီနူး ထိုဟင်းစာရင်းအတိုင်းပင်။ ဝန်ထမ်းများကို မြည်းစမ်းကြည့်ခိုင်းပြီး အကြံပြုချက် ပေးနိုင်ရန်အတွက် နေ့စဉ် ဟင်းအမယ် အချို့ကို ပြောင်းလဲချက်ပြုတ်ပေးလေသည်။
ယနေ့ နေ့လယ်စာအတွက် အဓိကဟင်းလျာများက ဝက်သားချိုချဉ်၊ ငါးကြော် ၊ ခရမ်းသီးကြော်နှင့် ဝက်သားပြားကြော် ။ ဟင်းချက်နည်း ပုံစံများမှာ စုံလင်လှသော်လည်း အရသာကတော့ မဆိုးလှချေ။ ရှန်ယွီမှာမူ ဘာမှ ကန့်ကွက်ခြင်း မရှိဘဲ ပေးသမျှကို အားရပါးရ စားလေသည်။ အစားအသောက် ဂျီးများသူတော့ မဟုတ်ပေ။
“ဝက်သားက နည်းနည်း ချဉ်လွန်းမနေဘူးလား” ဟု လောင်ချီက မေးသည်။
“မချဉ်ပါဘူး၊ ကျွန်မ ထင်တာတော့ နည်းနည်းတောင် ချိုလွန်းနေသလားလို့” ဟူဖန်က ဆိုသည်
“ခရမ်းသီးကြော်ကတော့ တကယ် အရသာရှိတယ်”
“ခရမ်းသီးကြော်က တကယ်ကောင်းတယ်” ဟူဖန့် မှတ်ချက်ကို လောင်ချီက ခေါင်းညိတ် ထောက်ခံသည်။
“ငါးကလည်း ကောင်းပါတယ်” ဆန်းပင်းကလည်း ဝင်ပြောသည်။
ချိုချဉ်အရသာနှင့် ပတ်သက်၍ အနည်းငယ် ငြင်းခုံကြသည်မှလွဲ၍ ကျန်သူများမှာ အခြားဟင်းလျာများအပေါ် ထွေထူးမကန့်ကွက်ကြချေ။
“ဘော့စ်ရှန်... မင်းကော ဘယ်လိုထင်လဲ” ကျောက်ဖန်းဖန်းက မေးလိုက်သည်။
ငါ့ကို လာမမေးနဲ့လေ၊ ငါက သကြားကို ဒီအတိုင်းစားစား၊ ပလ္လင်ရည်ကို ဒီအတိုင်းသောက်သောက် ဘာမှ ဖြစ်တာ မဟုတ်ဘူး...
သူက ချန်ကျန့်ကို လှမ်းကြည့်လိုက်သည်။
“မန်နေဂျာကော ဘယ်လိုထင်လဲ”
“လူတစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်း မတူကြဘူးလေ၊ ဒါကြောင့် စံနှုန်းတစ်ခု သတ်မှတ်ဖို့တော့ ခက်လိမ့်မယ် ။ ဧည့်သည်က ဒီဟင်းကို မှာတဲ့အခါကျရင် ချိုတာ ကြိုက်လား၊ ချဉ်တာ ကြိုက်လားလို့ ကြိုမေးကြည့်ရင်ကော ဘယ်လိုလဲ”
“အဲ့ဒါ ကောင်းတယ်” ရှန်ယွီက ဝင်ထောက်ခံသည်။
နောက်ထပ် ဟင်းတွေအကြောင်း အမေးမခံရစေရန် ရှန်ယွီသည် ထမင်းစားခန်းမှ ထလာခဲ့ပြီး အပေါ်ထပ်သို့ တက်ကာ တိုင်းရင်းဆေး တစ်ခွက် သောက်ရန် ပြင်လေသည်။ ဓာတ်လှေကားတံခါး ပိတ်ခါနီးမှာပင် ဟူဖန်က အပြေးရောက်လာပြီး ခေါင်းတစ်ဝက် ပြူဝင်လာခဲ့သည်။
“ဘာလုပ်မလို့လဲ”
ရှန်ယွီက တံခါးပြန်ဖွင့်သည့် ခလုတ်ကို အမြန်နှိပ်လိုက်သည်။
“တံခါးပွင့်မပွင့် သိချင်ရင် လက်နဲ့ စမ်းကြည့်လေ၊ ခေါင်းနဲ့ မစမ်းနဲ့”
“ဘော့စ်... မန်နေဂျာက ကျွန်မကို လစာ ကြိုထုတ်ပေးလိုက်ပြီ။ ကျေးဇူးတင်ပါတယ်နော်” ဟူဖန်က ပြုံး၍ ဆိုသည်။
“ရပါတယ်”
“ဘော့စ် က တကယ်ကို လူကောင်းတစ်ယောက်ပဲ ။ ကျွန်မ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါ့မယ်”
“အင်း…မင်း အခက်အခဲရှိရင် မန်နေဂျာကို ပြောပြပေါ့”
“အခုတော့ ဘာအခက်အခဲမှ မရှိတော့ပါဘူး!” ဟူဖန် ပြုံးပြီး လှည့်ထွက်သွားတော့သည်။
ဓာတ်လှေကားတံခါး ပိတ်သွားသည့်အခါ ရှန်ယွီမှာ ဓာတ်လှေကားနံရံကို မှီကာ သက်ပြင်းအသာ ချလိုက်မိသည်။ သူ ခေတ္တမျှ တန့်နေပြီးမှ ချိုင်းထောက်ကို ဆန့်ထုတ်၍ စတုတ္ထထပ် ခလုတ်ကို နှိပ်လိုက်သည်။ ဟူဖန်နှင့် ချန်အာဟူတို့က သူ့ကို လူများစွာနှင့် သတိရစေသည်။ လုံးဝ တူညီနေခြင်း မဟုတ်သော်လည်း သူ၏ အတိတ်ဆီသို့ ပြန်လည် ဆွဲခေါ်သွားသော အခိုက်အတန့်များ အမြဲ ရှိနေတတ်သည်။
တတ်နိုင်သလောက် ကူညီပေးရတာပေါ့လေ…
အချို့လူတွေမှာ ခြေတစ်လှမ်းတည်းနှင့် လွဲချော်နေကြခြင်း ဖြစ်သည်။ နောက်ထပ် ခြေတစ်လှမ်းသာ လှမ်းလိုက်ရင် အရာရာ ပြောင်းလဲသွားနိုင်မှန်း သိသော်လည်း၊ ထိုခြေတစ်လှမ်း လှမ်းဖို့ရာမှာ အလွန်ပင် ခက်ခဲလှသည်။ ဆေးတစ်ခွက်ကို သောက်လိုက်လျှင် အိပ်ပျော်သွားနိုင်မှန်း သိသော်လည်း၊ အနံ့ကို ရုံနှင့်ပင် ပါးစပ်ဟရန် ခက်ခဲနေသလိုမျိုးပေါ့။ တစ်ယောက်ယောက်က သူ့ကို ဆွဲခေါ်ပြီး ပါးစပ်ကို အတင်းဟကာ လောင်းထည့်ပေးဖို့ လိုအပ်နေသလိုမျိုး။
ဆေးခွက်ကို နှုတ်ခမ်းနားသို့ တတိယအကြိမ်မြောက် မြှောက်ပြီးမှ သူ ဆုံးဖြတ်ချက်ချကာ တစ်ငုံ သောက်လိုက်သည်။ ပုပ်စပ်စပ် သစ်ခေါက်နံ့နှင့် ရောပြွမ်းနေသော ခါးသက်သက် အရသာမှာ ဦးနှောက်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
“တောက်! မင်းတို့ ဘိုးဘေးတွေဆီပဲ သွားလိုက်တော့”
သူက ဆိုကာ ဆေးခွက်ကို ကိုင်ပြီး ရေချိုးခန်းဘက်သို့ လျှောက်သွားသည်။သို့သော် ဘေစင်ရှေ့မှာ ရပ်နေသည့်တိုင် ဆေးကို သွန်မပစ်မိချေ။ ဘယ်လိုပဲဖြစ်ဖြစ် မန်နေဂျာချန်မှာ တည်းခိုခန်း ပြင်ဆင်မှုတွေကြားကနေ ဒီဆေးကျိုဖို့ တစ်နာရီကျော် အချိန်ပေးခဲ့ရသည် မဟုတ်လား။
သူ အသက်ကို ပြင်းပြင်းရှူပြီး အောင့်ထားလိုက်သည်။ ခေါင်းကို နောက်သို့ လှန်ကာ ဆေးတစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။ ထို့နောက်တွင်မူ ဘေစင်ထဲသို့ နှစ်ခါခန့် ပျို့တက်သွားရလေသည်။
သူ စားပွဲဆီသို့ ပြန်သွားပြီး အပြန်အလှန်စကားပြောစက် ကို ကောက်ကိုင်လိုက်သည် ။
“မန်နေဂျာချန်... ငါ့ဆီ ကိုလာတစ်ပုလင်းလောက် ယူလာခဲ့ပေးပါဦး”
“မန်နေဂျာက မြို့ဟောင်းကို ဆိုင်းဘုတ်သွားလုပ်နေတယ်လေ!”
ကျောက်ဖန်းဖန်း၏ အသံမှာ စက်ထဲမှ ထွက်ပေါ်လာသည်
“ကျွန်မပဲ ယူလာပေးမယ် ဘော့စ်”
“မလိုဘူး၊ မလိုဘူး” ရှန်ယွီ အမြန်ပင် တားလိုက်သည်။ ကျောက်ဖန်းဖန်းမှာ အခုချိန် သန့်ရှင်းရေး လုပ်နေလောက်ပြီ ဖြစ်သည်။
“ရပါတယ် ကျောက်ကျဲ၊ မင်းအလုပ် မင်းပဲ ဆက်လုပ်ပါ”
ရေအေးအချို့ သောက်လိုက်သည့်အခါ ပါးစပ်ထဲက အရသာမှာ အနည်းငယ် ပျောက်သွားသည်။ သို့သော် ဆေးကို အမြန်သောက်လိုက်မိသဖြင့် လေနှစ်ခါခန့် တက်သွားရာ ခါးသက်သက် အရသာမှာ လည်ချောင်းထဲတွင် ကျန်နေခဲ့ဆဲ ဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် နှစ်မိနစ်ခန့်အကြာတွင် ဟူဖန်မှာ ကိုလာတစ်ဘူးနှင့်အတူ ရောက်လာခဲ့သည်။ သည်မိန်းကလေးမှာ တော်တော်လေး ပါးနပ်ပြီး ဂရုစိုက်တတ်သည်။ အချို့အချက်များတွင် သူမသည် ချန်ကျန့်နှင့် တူသော်လည်း စရိုက်မှာမူ ပို၍ ထင်ရှားလှသည်။ သူမ၏ မိမိကိုယ်ကိုယ် ကာကွယ်မှုမှာ ဆူးများရှိသလိုမျိုး ဖြစ်သော်လည်း၊ ချန်ကျန့်မှာမူ အများအားဖြင့် တိတ်ဆိတ်နေတတ်သည်။ သူ ဘာတွေးနေလဲဆိုတာကို ခန့်မှန်းရလွယ်သော်လည်း သူ၏ နှုတ်ထွက်စကားကို ကြားရရန်မှာ ခက်ခဲလှသည်။
ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် သူ၏ဖုန်းကို ထုတ်ယူကာ ချန်ကျန့်၏ နံပါတ်ကို ခေါ်လိုက်သည်။
“ဟယ်လို” ချန်ကျန့်၏ အသံမှာ လေတိုးသံများကြောင့် မပီမသ ဖြစ်နေသည်။
“ကားမောင်းရင်း ဖုန်းကိုင်နေတာလား” ဟု ရှန်ယွီက မေးသည်။
ချန်ကျန့်ဘက်က လေတိုးသံများ ပျောက်သွားသည် -
“လမ်းဘေးမှာ ရပ်လိုက်ပါပြီ။ ဘာကိစ္စ ရှိလို့လဲ”
“ပြန်လာရင် ပီဇာနှစ်ချပ်လောက် ဝယ်လာခဲ့ပါဦး၊ အသီးမပါတဲ့ ဘယ်အမျိုးအစားဖြစ်ဖြစ် ရပါတယ်။ ဒီည ညစာအတွက်ပေါ့”
ငါ မင်းအတွက် အမဲသားတုံးကြီး တစ်တုံးလောက် ဝယ်လာပေးရမလား!
“ဒီည ကျောက်ကျဲ ဟင်းမချက်ဘူးလား”
“ညနှောင်းပိုင်း အဆာပြေစားဖို့ ထားလိုက်ပေါ့။ ငါတို့မှာ Oven ရှိတာပဲ၊ ပြန်နွှေစားလို့ ရတာပဲလေ။ ဒီည ဘော့စ်ချန်ဆီက သတင်းစောင့်ရင်းနဲ့ ငါတို့တွေ ညဉ့်နက်တဲ့အထိ နေရမှာလေ”
ချန်ကျန့်မှာ အနည်းငယ် ဆွံ့အသွားရသည် ။
“ပီဇာ ရှိမရှိတော့ ကျွန်တော် မသိဘူးနော်။ ဆိုင်းဘုတ်ဆိုင်က ကိစ္စပြီးရင် သွားကြည့်ပေးပါ့မယ်”
“ကျေးဇူးပဲ”
“ရပါတယ်” ချန်ကျန့် ဖုန်းချလိုက်သည်။
ပီဇာ ရှိမရှိ သူ တကယ်မသိပါ။ သူကိုယ်တိုင်လည်း တစ်ခါမှ မစားဖူးသလို၊ ဒီလိုအရာမျိုးကို စားဖို့လည်း တစ်ခါမှ မတွေးဖူးခဲ့ချေ။
သူ ဆိုင်းဘုတ်ဆိုင်က လူတွေကို မေးကြည့်သည့်အခါ မြို့ဟောင်းထဲတွင် ထိုသို့သော ဆိုင်တစ်ဆိုင် အမှန်တကယ် ရှိနေကြောင်း သိလိုက်ရသည်။
ခေါက်ဆွဲနှင့် ပီဇာရောင်းသော ကဖေးဆိုင်လေးဖြစ်သော်လည်း စီးပွားရေးမှာ တော်တော်လေး အေးစက်နေပုံရသဖြင့်၊ “တာယွင်” ကဖေးဆိုင်၏ အနာဂတ်အတွက် ချန်ကျန့် အနည်းငယ် စိုးရိမ်သွားမိသည်။
မည်သို့ပင်ဖြစ်စေ သူ အထဲဝင်ကာ ပီဇာနှစ်ချပ် ဝယ်လိုက်သည်။ ထိုနေရာမှာတင် သူတို့သုံးသော ကော်ဖီစက် အမျိုးအစားနှင့် ဘယ်မှာ ဝယ်ရသလဲဆိုသည်ကိုလည်း စုံစမ်းခဲ့သေးသည်။ ဘော့စ်က ရုတ်တရက် ပိုက်ဆံချွေတာချင်လာခဲ့လျှင် အဆင်သင့်ဖြစ်စေရန်အတွက် ကော်ဖီစက်အဟောင်း ဘယ်မှာ ဝယ်ရသလဲဆိုသည်ကိုပါ မေးမြန်းခဲ့သေးသည်။ သူ ပီဇာနှစ်ချပ်နှင့်အတူ တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါ အစိတ်လှုပ်ရှားဆုံးသူမှာ ဟူဖန် ဖြစ်လေသည်။
“ကျွန်မ ပီဇာနဲ့ ကြက်ဥမုန့် တွေ လုပ်တတ်တယ်နော်!မုန့်တိုက်မှာ အလုပ်လုပ်တုန်းက သင်ခဲ့တာ။ ငါတို့မှာ Oven ရှိတာပဲ၊ လုပ်စားလို့ ရတာပေါ့”
“ဒါဆို တစ်ရက်လောက် ငါတို့ကို လုပ်ကျွေးပါလား” ဟု ဆန်းပင်းက မေးသည်။
“ကောင်းပြီလေ၊ မနက်ဖြန်ပေါ့ ။ ငါတို့ရဲ့ လက်စားချေမှု စစ်ဆင်ရေး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်ပေါ့”
လက်စားချေမှု စစ်ဆင်ရေးအကြောင်း ပြောရင်းနှင့် ချန်ကျန့်မှာ စတုတ္ထထပ်သို့ တက်လာခဲ့သည်။ ရှန်ယွီ ချန်အာဟူနှင့် ဆက်သွယ်ရသေးလားဆိုသည်ကို သွားမေးချင်သောကြောင့် ဖြစ်သည်။ ထိုလူမှာ နေ့လယ်ကတည်းက အပြင်မှာ ပတ်နေရပြီး သန်းခေါင်ယံအထိ ဆက်လက် ပတ်နေရဦးမည် မဟုတ်လား။
ရုံးခန်းထဲတွင် ဘယ်သူမှ မရှိချေ။ ချန်ကျန့် ရှန်ယွီ၏ ဖုန်းကို ခေါ်လိုက်သည်။
“ရောက်ပြီလား” ရှန်ယွီ ဖုန်းကိုင်လိုက်သည်။
“အင်း ။ မင်း ရုံးခန်းထဲမှာ မရှိဘူးလား”
“ငါ တတိယထပ်က အားကစားခန်းမထဲမှာ ရှိနေတာ”
အားကစားခန်းမထဲတွင် မီးများ လင်းနေလေသည်။ ရှန်ယွီသည် အားကစား ကိရိယာ အားလုံးကို အသုံးပြုခဲ့ဟန် ရှိသည်။
“မင်း တကယ်ပဲ ခြေထောက်ကို ထပ်ပြီး ထိခိုက်မှာ မစိုးရိမ်ဘူးလား” ချန်ကျန့်က မေးသည်။
“နည်းနည်းလောက် လှုပ်ရှားလိုက်မှ ပင်ပန်းပြီး အိပ်ပျော်မှာလေ”
“ထမင်းရော မစားတော့ဘူးလား” ချန်ကျန့်က ရှန်ယွီကို ကြည့်ကာ ထပ်မေးသည်။
“မစားတော့ဘူး။ နေ့လယ်က အများကြီး စားထားတာရယ်၊ အခုလည်း နည်းနည်း အိပ်ချင်နေတာရယ်ကြောင့်ပါ”
“တကယ်လား” ချန်ကျန့် အနည်းငယ် အံ့သြသွားသည်။
“ဒါဆို ဆေးက တကယ် အစွမ်းထက်တာလား”
“ပင်ပန်းလို့ နေမှာပါ။ ဆေးတစ်ခွက်တည်းနဲ့ ဒီလောက် အစွမ်းထက်မယ်ဆိုရင်တော့ ချန်အဘိုးကြီးက ဆေးထဲမှာ အိပ်ဆေးတွေ ထည့်ထားတာ ဖြစ်ရမယ်”
“ဘော့စ် ဒီည ချန်အာဟူကို မစောင့်တော့ဘူးလား”
“စောင့်မှာပေါ့ ။ ဒါကြောင့် အခု အိပ်ထားမှ ဖြစ်မယ်။ ဒီ အိပ်ချင်တဲ့စိတ်ကို အမိအရ ဆုပ်ကိုင်ထားရမယ်။ ညသန်းခေါင်ကျရင် ငါ့ကို လာနှိုးပါဦး”
ချန်ကျန့် ဘာမှ ပြန်မပြောမိချေ။ အမှန်အတိုင်း ပြောရလျှင် ရှန်ယွီသာ တကယ် အိပ်ပျော်သွားခဲ့လျှင် သူ သွားနှိုးရဲမှာ မဟုတ်ချေ။ သူ့ကို သွားနှိုးလိုက်လျှင် ချိုင်းထောက်နှင့် အရိုက်ခံရမလားဟု သူ စိုးရိမ်နေမိသည်။
“စိတ်မပူပါနဲ့၊ ငါက အိပ်ရာနိုးရင် စိတ်ဆိုးတတ်တဲ့လူ မဟုတ်ပါဘူး”
***
ဘော့စ်ဖြစ်သူ အိပ်ပျော်နေစဉ်မှာ ဝန်ထမ်းများမှာ စားသောက်ခန်းထဲတွင် စုဝေးကာ ရုပ်ရှင်ကြည့်ရင်း စကားပြောနေကြသည်။
ချန်ကျန့် ရွာသို့ ပြန်လာခဲ့သည်။ ယနေ့ မြို့ဟောင်းသို့ သွားစဉ်က သိုအာ၏ အဖိုးအဖွားများအတွက် အသုံးများသော ဆေးဝါးများနှင့် အားဆေးအချို့ ဝယ်လာခဲ့သည်။ သူသည် ပုံမှန်အားဖြင့် အိမ်ငှားခ မပေးရသလို၊ အဘိုးအဘွားများကလည်း ပိုက်ဆံပေးလျှင် လက်မခံကြသဖြင့် ဤကဲ့သို့သော နည်းလမ်းဖြင့်သာ သူတို့အတွက် ပိုက်ဆံသုံးပေးနိုင်သည်။
“မင်းရဲ့ မန်နေဂျာအလုပ်က အဆင်ပြေရဲ့လား” အဖွားက ဆွယ်တာထိုးရင်း မေးသည်။ နှစ်စဉ် ဤအချိန်တွင် သူမသည် ဦးထုပ်များ၊ လည်စည်းများ၊ လက်အိတ်များကို မိသားစုဝင် တစ်ယောက်ချင်းစီအတွက် စတင် ထိုးလေ့ရှိပြီး ပိုသည်များကိုမူ မြို့ထဲတွင် သွားရောက်ရောင်းချလေ့ရှိသည်။
“အဆင်ပြေပါတယ် အဖွား။ နည်းနည်းတော့ အလုပ်များပေမဲ့ ကျွန်တော် အကုန် ကိုင်တွယ်နိုင်ပါတယ်”
“ဟိုတစ်နေ့က ဈေးထဲမှာ ကျောက်ဖန်းဖန်းနဲ့ ဆုံတော့ သူကလည်း ဒီဘော့စ်က တအား သဘောကောင်းတယ်လို့ ပြောနေတယ်။ မင်းလည်း ဒီမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်ကို ကောင်းကောင်း လုပ်ပါကွယ်။ အလုပ်တွေ အများကြီးကို ပြိုင်တူလုပ်ဖို့ မလောပါနဲ့ဦး”
“ဟုတ်ကဲ့ပါ အဖွား”
“ဘော့စ်ဦးဦးရဲ့ ချိုင်းထောက်က တအား ဆော့လို့ကောင်းတာပဲ”
သိုအာက အဖွားအတွက် ချည်လုံးလေးတွေကို ဖြေပေးရင်း ဝင်ပြောသည်။
“သူက ဒဏ်ရာရထားတာလေ၊ ချိုင်းထောက်က ဆော့စရာ မဟုတ်ပါဘူး” အဖွားက ပြုံးလျက် ဆိုသည်။
“နောက်တစ်ခါကျရင် သူ့ကို အစ်ကိုလို့ပဲ ခေါ်နော်။ မင်းက ငါ့ကိုတော့ ‘အစ်ကို’ လို့ ခေါ်ပြီး၊ သူက ငါ့ထက် ခြောက်နှစ်ပဲ ကြီးတာကို ‘ဦးဦး’ လို့ ခေါ်ရင် ငါက ကြားထဲမှာ တစ်မျိုးကြီး ဖြစ်နေမှာပေါ့”
“ခြောက်နှစ်လား” ကလေးမလေးစဉ်းစားလိုက်သည်။
“သမီးက ငါးနှစ်လေ၊ သူက သမီးထက် တစ်နှစ်ပဲ ကြီးတာဆိုတော့ အစ်ကိုလို့ပဲ ခေါ်တော့မယ်”
“မင်းရဲ့ နားကတော့ တကယ်ကို စကားတွေ ရွေးနားထောင်တတ်တာပဲ”
ချန်ကျန့် ရယ်မောလိုက်မိသည်။ တစ်နှစ်ပဲ ကြီးတာပေါ့လေ၊ ထားပါတော့။
သူ တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါ အထဲသို့ ဝင်ဝင်ချင်းမှာပင် စားသောက်ခန်းထဲရှိ လူအားလုံးက ခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်ကြလေသည်။
“ဘာဖြစ်လို့လဲ” ချန်ကျန့် တံခါးဝမှာတင် ရပ်သွားသည်။
“ဘော့စ်ချန် ရောက်လာပြီ ထင်လို့လေ။ သူက စိတ်လှုပ်ရှားပြီး စောစော ရောက်လာမှာကို ငါတို့အားလုံး စိုးရိမ်နေကြတာ” ဟူဖန်က စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြန်ဖြေသည်။
“သူ စောစော ရောက်လာရင်တောင် ဒီဝင်းထဲကို ဝင်လို့ရမှာ မဟုတ်ပါဘူး။ ဝင်လာရင်လည်း ငါတို့အားလုံးက သူ့ကို သူခိုးလို့ သဘောထားပြီး ဝိုင်းရိုက်ကြရမှာပေါ့”
ချန်ကျန့် တံခါးကို ပိတ်လိုက်သည်။
“ဆယ်နာရီ ထိုးပြီပဲ။ တစ်ယောက်ယောက် အပြင်မှာ သွားကင်းလှည့်ဖို့ လိုမယ်”
“ကျွန်တော် သွားလိုက်ပါ့မယ်” လောင်ချီ မတ်တတ်ထရပ်လိုက်သည်။
ချန်အာဟူ မရှိချိန်တွင် ဆန်းပင်းမှာ ဒုတိယခေါင်းဆောင် ဖြစ်သည့်အတွက် လောင်ချီက ထိုအစဉ်အလာကို လေးစားဆဲပင် ဖြစ်သည်။ ဆန်းပင်းလည်း ထိုအချိန်မှာပင် ထရပ်ကာ အပေါ်ထပ် အောက်ထပ် တစ်ပတ် လှည့်ပတ်ကြည့်ရှုလေသည်။
ကျောက်ဖန်းဖန်းမှာ ပုံမှန်အားဖြင့် ဤအချိန်တွင် အနားယူနေပြီဖြစ်သော်လည်း၊ ယနေ့ညတွင်တော့ သူမလည်း အထူးအဆန်းကို ကြည့်ချင်နေသဖြင့် စားသောက်ခန်းထဲတွင် ငိုက်မြည်းရင်း ထိုင်နေလေသည်။ ချန်ကျန့်သည် စားပွဲဘေးတွင် ထိုင်ကာ ခြေထောက်ကို ဆန့်ထုတ်ပြီး ကုလားထိုင်ပေါ် မှီထားလိုက်သည်။ တစ်နေ့လုံး ဟိုပြေးဒီပြေးနှင့် တကယ်ပင် ပင်ပန်းနေခဲ့ပြီ မဟုတ်လား။
“မန်နေဂျာ” ဟူဖန်က ချန်ကျန့်ကို ကြည့်လိုက်သည်။
“မင်းရဲ့ ဆံပင်က သဘာဝအတိုင်း လိပ်နေတာလား။ ဒါမှမဟုတ် ကောက်ထားတာလား”
“အင်း … အဲ့ဒါက သိသာလို့လား” ချန်ကျန့်က ဆံပင်တွေကို ဖွရင်း ပြန်မေးလိုက်သည်။
“သိသာတာပေါ့။ ဆံပင်ကောက်ထားတဲ့ လက်ရာက သိပ်မကောင်းဘူး ဖြစ်နေတာ။ မင်းရဲ့ မျက်နှာလေးနဲ့ နှမြောစရာကြီး။ တစ်ရက်လောက်ကျရင် ငါ မင်းကို သေချာ ပြန်ကောက်ပေးမယ်လေ”
“...မလိုပါဘူး၊ မလိုပါဘူး” ချန်ကျန့် လက်ခါပြလိုက်သည်။
“မင်းလည်း အလုပ်တွေ များနေတာပဲ”
“ဘာအလုပ်များလို့လဲ။ ဒါက ကျွန်မ လုပ်ခဲ့ဖူးသမျှ အလုပ်တွေထဲမှာ အားအနည်းဆုံးပဲ။ ဧည့်သည်လည်း မရှိတော့ ကိုယ့်ဘာသာကိုယ်ပဲ အလုပ်ရှုပ်နေတာပေါ့...”
“စကားတွေကို လျှောက်မပြောပါနဲ့၊ ဘော့စ်ကြားရင် မကောင်းဘူး”
ကျောက်ဖန်းဖန်း တစ်စက္ကန့်လောက် နိုးလာပြီး သူမ၏ လက်မောင်းကို ပုတ်ကာ ဆိုသည် ။
“မင်္ဂလာရှိတဲ့ စကားလေးတွေပဲ ပြောစမ်းပါ”
“ငါတို့ တည်းခိုခန်း ဖွင့်တာနဲ့ ပိုက်ဆံတွေ တရဟော ဝင်လာပါစေ”
ဟူဖန်က လက်သီးလက်မောင်းတန်း၍ ဆုတောင်းလိုက်သည်။ ရှန်ယွီကတော့ ဒီလိုစကားမျိုးတွေကို ဂရုစိုက်မည့်သူ မဟုတ်ကြောင်း ချန်ကျန့် ခံစားရသည်။ သူကိုယ်တိုင်လည်း “လူအတစ်ယောက်လို နေထိုင်မှု” ကို တွေ့ကြုံနေရသူ မဟုတ်လား။
သူ အချိန်ကို ကြည့်လိုက်ရာ သန်းခေါင်ယံ ရောက်ခါနီးနေပြီ ဖြစ်သည်။ ချန်အာဟူက သူ၏ “လူအဘဝ” ဆီသို့ ယူဆောင်လာပေးမည့် လက်စားချေမှု အပိုင်းကို ရှန်ယွီ မြင်တွေ့နိုင်စေရန်အတွက် သွားနှိုးရတော့မည်။ သို့သော် သူ အပေါ်သို့ မတက်ရသေးမီမှာပင် ဓာတ်လှေကား ပွင့်သွားပြီး ရှန်ယွီမှာ ဝှီးချဲနှင့် ထွက်လာခဲ့သည်။
“မင်း မအိပ်ဘူး မဟုတ်လား”
ရှန်ယွီ၏ မျက်နှာကို ကြည့်ရုံနှင့် သူ အနည်းငယ် ပင်ပန်းနေသည်ကို ချန်ကျန့် သိလိုက်သည်။
“မန်နေဂျာကတော့ မျက်စိတော်သားပဲ ။ ဟိုလူတွေ ဘယ်မှာလဲ”
“စားသောက်ခန်းထဲမှာလေ” ဟု ချန်ကျန့်က ပြန်ဖြေသည်။
“မီးတွေကို အမြန်ပိတ်လိုက်တော့” ရှန်ယွီက စားသောက်ခန်းဘက်သို့ ဝှီးချဲကို တွန်းသွားရင်း ဆိုသည်။
“စီးပွားရေး မရှိတဲ့ တည်းခိုခန်းက ဒီအချိန်မှာ ဘာလို့ မီးတွေ အကုန်လင်းနေရတာလဲ။ ဧည့်ခန်းဆောင်က မီးတစ်လုံးပဲ ချန်ထားလိုက်”
ဟူဖန် ဝုန်းခနဲ ထသွားပြီး မီးတွေကို လိုက်ပိတ်လေတော့သည်။
“အခု ဘာလုပ်ကြမလဲ” သူမက မေးသည်။
“ဆန်းပင်းတို့ကို ပြန်ခေါ်လိုက်၊ ပီဇာတွေကို ကင်လိုက်ကြ၊ အအေးတွေနဲ့ မုန့်တွေကို ထုတ်လိုက်။ သက်တမ်းကုန်ခါနီး ပစ္စည်းတွေကို အကုန်ရှင်းပစ်ရမယ်။ ဒီည ညဉ့်နက်တဲ့အထိ အလုပ်ပို ဆင်းရမှာဆိုတော့၊ မန်နေဂျာကလွဲလို့ ကျန်တဲ့လူတွေ အကုန်လုံး မနက်ဖြန် တစ်ဝက် ခွင့်ပေးမယ်”
“တကယ်လား” ကျောက်ဖန်းဖန်းက မေးသည်။
“တအားကောင်းတာပဲ!”
ဟူဖန်က စိတ်လှုပ်ရှားစွာဖြင့် အပြင်ကို ပြေးထွက်သွားရင်း တိုးတိုးလေး ရေရွတ်နေသည် ။
“အို... ဒုက္ခပါပဲ၊ ဒီလို အလုပ်ပို ဆင်းရတာမျိုး တစ်ခါမှ မကြုံဖူးဘူး... ဘယ်သူက အလုပ်ပိုဆင်းရင်းနဲ့ ညစာတွေ အားရပါးရ စားလို့လဲ... ဒါက တကယ်ကို ပျော်စရာကြီးပဲ...”
အမှောင်ကျနေသော စားသောက်ခန်းအတွင်းရှိ အကြီးဆုံး စားပွဲကြီးတွင် လူခြောက်ယောက် ဝိုင်းထိုင်နေကြသည်။ စားပွဲပေါ်တွင် ပူပူနွေးနွေး ပီဇာများ၊ မုန့်အပုံလိုက်ကြီးနှင့် လိမ္မော်ရည်၊ ကိုလာ၊ နွားနို့လက်ဖက်ရည်များ ရှိနေသည်။ သူတို့ စားသောက်ရင်း စကားပြောနေကြလေသည်။
နံနက် ၁ နာရီ ၂၀ မိနစ်တွင် ချန်ကျန့်၏ ဖုန်းမှာ မြည်လာသည်။
“ဘော့စ်ချန်” ချန်ကျန့် ဖုန်းကိုင်လိုက်သည်။
“တောက်! ဒီည လေက တအားတိုက်တာပဲ၊ ငါက အင်္ကျီအထူကြီးလည်း မပါလာတော့ တအားအေးနေပြီ” ချန်အာဟူ၏ အသံမှာ တုန်ရီနေသည် ။ “မင်းတို့ဘက်မှာကော ဘယ်လိုလဲ”
ချန်ကျန့် စားပွဲဝိုင်းကို တစ်ချက် ကြည့်လိုက်သည်။ သူတို့တွေကတော့ ပျော်ပျော်ကြီး စားနေကြလေသည်။
ဘော့စ်ချန်ရယ်... မင်းကတော့ တကယ်ကို ပင်ပန်းနေရှာပြီ…
“ဘယ်သူမှ မအိပ်ကြသေးဘူး။ မင်းရဲ့ လှုပ်ရှားမှုကိုပဲ စောင့်နေကြတာ” ဟု ချန်ကျန့်ကကြည့်ကောင်းအောင် ပြန်ဖြေလိုက်သည်။
“ငါ ဖြတ်သွားတဲ့အခါ လျှို့ဝှက်အချက်ပြတာမျိုး လုပ်ဖို့ လိုသေးလား။ ငါ ရောက်နေပြီဆိုတာ သိအောင်လေ” ချန်အာဟူက မေးသည်။
“မလိုဘူး။ တန်းဝင်သွားလိုက်ရုံပဲ။ ငါတို့ မင်းကို မြင်နေရတယ်”
ရှန်ယွီက လက်ကမ်းပေးလိုက်သဖြင့် ချန်ကျန့်က သူ့ကို ဖုန်းပေးလိုက်သည်။
“ဘော့စ်ချန်” ရှန်ယွီက ဆိုသည် ။
“တန်းဝင်သွားလိုက်ပါ၊ သွေးပက်တဲ့အခါမှာ အရှိန်ကို ထိန်းပါဦး၊ ငါတို့နံရံပေါ်က ပုံစံမျိုး ဖြစ်အောင် ကြိုးစားပြီး ပက်လိုက်။ ပြီးရင် အမြန် ထွက်ပြေးခဲ့... တကယ်လို့ တစ်ယောက်ယောက်က တွေ့သွားရင်လည်း တိုက်ရိုက် မရင်ဆိုင်ဘဲ ထွက်ပြေးရုံပဲ။ ငါတို့ မင်းကို ကာကွယ်ပေးထားမယ်”
ဤဖုန်းပြောပြီးနောက်တွင် လူတိုင်း စားပွဲမှ ထကာ ပြတင်းပေါက်နားသို့ သွား၍ အပြင်ကို လှမ်းကြည့်နေကြတော့သည်။
“မန်နေဂျာချန်... မင်းရဲ့ ဂျာကင်ကို ချွတ်ပြီး လက်က ကိုင်ထားလိုက်” ရှန်ယွီက ဆိုသည်။
“တကယ်လို့ သူ့ကို ကာကွယ်ပေးဖို့ လိုလာရင် သုံးရအောင်”
“ကျွန်တော်တို့ကော” ဆန်းပင်းက မေးသည်။
“ဒီအချိန်မှာ မန်နေဂျာက အိပ်ပျော်နေပြီး၊ မင်းတို့ကတော့ ကင်းလှည့်နေတဲ့ ပုံစံပေါ့” ရှန်ယွီက ဆိုသည်။
“ဘော့စ်ရှန်ကတော့ တကယ်ကို သေချာတာပဲဗျာ” ဆန်းပင်းက ချီးကျူးလိုက်သည်။
ချန်ကျန့် သူ၏ ဂျာကင်ကို ချွတ်လိုက်သည်။ ခဏနေလျှင် တစ်ခုခု ဖြစ်လာခဲ့လျှင် သူ အပြင်သို့ ပြေးထွက်သွားရင်း အင်္ကျီဝတ်နေသည့်ဟန် ဆောင်ရမည်ဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
မိနစ်အနည်းငယ် ကြာသည့်အခါ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
“အာဟူကော လာပြီ” လောင်ချီက နောက်လှည့်ကာ တိုးတိုးလေး ပြောသည်။
“သူ ဖြတ်သွားပြီ၊ ဖြတ်သွားပြီ” ကျောက်ဖန်းဖန်း ပြတင်းပေါက်မှ ချောင်းကြည့်ရင်း ဆိုသည်။
“သူ ပြေးတာ တော်တော်မြန်သားပဲ၊ ဒါပေမဲ့ ခြေလှမ်းတွေကတော့ နည်းနည်း လေးသလိုပဲ။ ဒီကောင်က ကြည့်ရတာတော့ ဝတဲ့ပုံ မဟုတ်ပါဘူး...”
အထဲကလူတွေ စကားပြောတာကို ရပ်လိုက်ပြီး၊ လမ်းထဲသို့ ဝင်သွားသော ခြေသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်ကို နားစွင့်နေကြသည်။ သွေးနဲ့ ပက်သံကိုတော့ သူတို့ လုံးဝ မကြားရဘဲ ခန့်မှန်းနေကြရုံသာ ရှိသည်။
“သူ ‘ကွမ်ရှန်း’ ဝင်းထဲကို ရောက်လောက်ပြီ” ဆန်းပင်းက တိုးတိုးလေး ဆိုသည်။
“အခု ပက်နေပြီလား မသိဘူး” လောင်ချီက မေးသည်။ “သူ သွေးတွေကို ဘာနဲ့ ထည့်လာတာလဲ”
“ပုံးနဲ့ ဖြစ်မှာပေါ့” ဟု ဆန်းပင်းက ဆိုသည်။
“ရှင်ကတော့ လူအပဲ” ဟူဖန်က ဝင်ပြောသည် ။
“အဲ့ဒီလို ပုံးကြီးနဲ့ ပြေးဝင်သွားရင် သူ မရောက်ခင်မှာတင် သူ့တစ်ကိုယ်လုံး သွေးတွေ ပေကုန်မှာပေါ့။ အိတ်နဲ့ပဲ ထည့်လာမှာ သေချာတယ်”
“သူ ပက်ပြီးပြီလား” ကျောက်ဖန်းဖန်းက ခပ်တိုးတိုး မေးသည်။
“ကွမ်ရှန်း ကိုတော့ ပက်ပြီးလောက်ပြီ၊ အခု အထဲကို ဆက်ဝင်သွားပြီ ထင်တယ်...” ဆန်းပင်းက ဆိုသည်။
“ဘော့စ်ချန်က မင်းတို့ထက် ဥာဏ်ရှိပြီး အထဲကနေ အပြင်ကို ပက်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်” ရှန်ယွီက ဝင်ပြောသည်။
“တကယ်လို့ အပြင်ကနေ အထဲကို ပက်သွားရင် သူ အမိခံရမှာပေါ့၊ ပြန်ပြေးဖို့ လမ်းမရှိတော့ဘူးလေ”
“သြော်...” လောင်ချီ ကြောင်သွားရသည်။
“ဟုတ်သားပဲ” ဆန်းပင်း ရှန်ယွီကို လှည့်ကြည့်သည် “ဘော့စ်ရှန်... ကျွန်တော်တို့ ဘာလုပ်ရမလဲ”
ရှန်ယွီက လက်ညှိုးကို နှုတ်ခမ်းပေါ် တင်လိုက်သည် ။
“အသံကို နားစွင့်ထား”
လေးငါးမိနစ်ခန့်အထိ ချန်ကျန့်မှာ ဘာမှ မပြောဘဲ ချန်အာဟူ၏ လှုပ်ရှားမှုများကို ခန့်မှန်းနေမိသည်။ ချန်အာဟူက ပြဿနာရှာတဲ့ နေရာမှာတော့ လုံးဝ တုံးအတဲ့လူ မဟုတ်သည့်အတွက် သူ စီမံကိန်းကို ပြီးအောင် လုပ်နိုင်မှာပါ။ ဒါပေမဲ့ သူက...
လမ်းသွယ်ထဲကနေ လူအော်သံ ခပ်သဲ့သဲ့ကို လေထဲမှာ ပါလာတာကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက် အော်ဟစ်နေသည်မှာ သေချာလှသည်။
ဘာအော်နေသလဲဆိုတာကိုတော့ သေချာ မကြားရချေ။ အစပိုင်းတွင် လူတစ်ယောက်တည်း ဖြစ်သော်လည်း၊ နောက်မှ လူအများအပြား အော်သံနှင့်အတူ ပစ္စည်းတစ်ခုခု တိုက်မိသံများကို ကြားလိုက်ရသည်။
“သူ့ကို သွားကူမလို့လား”
ဆန်းပင်းက ချက်ချင်းပင် ဝင်းထဲကနေ ပြေးထွက်ရန် ပြင်လိုက်သည်။
“ငြိမ်ငြိမ်နေစမ်း!”
ရှန်ယွီက အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ ဆန်းပင်း ရပ်သွားသည်။
“မင်း ဟိုနှစ်ယောက်ကို ခေါ်ပြီး အပြင်ထွက်သွား”
ရှန်ယွီက ချန်ကျန့်ကို တစ်ချက်ကြည့်သည်။
“သူ့နောက်က လိုက်လာတဲ့လူတွေကို ကြားဖြတ်တားလိုက်”
ချန်ကျန့် ထရပ်လိုက်ပြီး ဆန်းပင်း၊ လောင်ချီတို့နှင့်အတူ အပြင်သို့ အမြန် ထွက်လာခဲ့သည်။
လိုက်လာတဲ့လူတွေကို ကြားဖြတ်တားမယ် ဟုတ်လား
ဘယ်လို တားရမှာလဲ။ ဘော့စ်ရဲ့ ညွှန်ကြားချက်တွေက ဘာလို့ အမြဲတမ်း ဒီလောက် ဝေဝါးနေရတာလဲ။ သူသည် ချန်အာဟူကို လိုက်ဖမ်းနေတဲ့လူတွေကို တားရမည့်အပြင်၊ သူတို့ကိုယ်တိုင်လည်း ချန်အာဟူနှင့် တစ်ဖွဲ့တည်းမှန်း မသိစေရန် သတိထားရဦးမည် ဖြစ်သည်။
ချန်ကျန့် ခေါင်းထဲမှာ မီးခိုးထွက်မတတ် စဉ်းစားနေရတော့သည်။ သူတို့ ဝင်းထဲသို့ ရောက်သည့်အခါ ထိုဘက်ကနေ အသံတွေက ရှင်းရှင်းလင်းလင်း ကြားနေရပြီ ဖြစ်သည်။
“သူခိုးဖမ်းကြဟေ့! ရပ်စမ်း! မပြေးနဲ့ ”
ဆန်းပင်းက သူ၏ဘော့စ်ကို ကယ်ရန် ထပ်မံ ပြေးထွက်သွားချင်နေပြီး၊ လောင်ချီကလည်း လိုက်ရန် ပြင်နေသည်။ ချန်ကျန့်မှာ တကယ်ကို စိတ်မောလှပြီ။ သူသည် ထိုလူနှစ်ယောက်၏ အင်္ကျီလည်ပင်းကို တစ်ဖက်တစ်ချက်စီ လှမ်းဆွဲလိုက်သည် ။
“နေဦး!”
“ဘာလုပ်တာလဲဗျာ!” လောင်ချီက စိတ်တိုတိုနှင့် မေးသည်။
“ဟိုလူတွေ မဖြတ်ရသေးဘူးလေ”
ချန်ကျန့်က တိုးတိုးလေး ဆိုသည်။
“မင်းတို့က ချန်အာဟူကို ပိတ်မိအောင် လုပ်မလို့လား”
“အော်... ဟုတ်သားပဲ” ဆန်းပင်း သတိဝင်လာသည်။
စက္ကန့်အနည်းငယ် ကြာသည့်အခါ အနက်ရောင်ဝတ်စုံနှင့် ခေါင်းမြီးခြုံထားသော လူတစ်ယောက်သည် ဝင်းထရံဘေးကနေ ဝုန်းခနဲ ပြေးဖြတ်သွားတော့သည်။
ချန်အာဟူကတော့ တကယ်ကို သေသေချာချာ ဖုံးကွယ်ထားတာပဲ။ လက်အိတ်တွေရော ဝတ်ထားပြီး၊ မျက်နှာကိုလည်း နေကာမျက်နှာဖုံးကြီးနဲ့ အုပ်ထားသေးတယ်။
ဒါကြီးကို ဘယ်က သွားရှာလာတာလဲ။ ချန်ကျန့်မှာ သူ လမ်းကို သေသေချာချာ မြင်ရရဲ့လားလို့တောင် တွေးနေမိသည်။
“အခုလား” လောင်ချီက စိုးရိမ်တကြီးနှင့် ရုန်းထွက်ရန် ကြိုးစားနေသည်။
ချန်ကျန့် ဘာမှမပြောဘဲ သူတို့ဂုတ်ကို မြဲမြဲဆွဲထားလိုက်သည်။ နောက်ထပ် စက္ကန့်အနည်းငယ် ကြာပြီးနောက် လိုက်ဖမ်းနေသူများ၏ အရိပ်များကို ဝင်းအပြင်ဘက်မှာ မြင်လိုက်ရသည့်အခါမှ သူသည် ဆန်းပင်းနှင့် လောင်ချီတို့ကို အားနှင့် တွန်းထုတ်လိုက်လေသည်။
ထိုလူနှစ်ယောက်မှာ ယိုင်တိယိုင်တိုင်ဖြင့် အပြင်သို့ ထွက်သွားရာ၊ အပြင်က လိုက်ဖမ်းနေသူများနှင့် တည့်တည့် တိုက်မိသွားတော့သည်။
“တောက်! ဘယ်သူတွေလဲကွ!” “ဘာတွေ ဖြစ်နေတာလဲ!” “ငါ့ကို မဆွဲနဲ့! ငါ မဟုတ်ဘူး!”
ချန်ကျန့်က သူ၏ ဂျာကင်ကို အတင်းဝတ်ရင်း အော်လိုက်သည်။
“ဘာဖြစ်လို့လဲ!” “သူခိုးဖမ်းနေတာဟေ့!” တစ်ယောက်က ပြန်အော်လိုက်သည်။ ထို့နောက် နောက်ကနေ ဟူဖန်၏ အော်ဟစ်သံကို ကြားလိုက်ရသည် ။
“အား။ဘာဖြစ်လို့လဲ။ သူခိုးလား။ ငါတို့ဆီကို သူခိုးဝင်တာလား”
ချန်ကျန့်သည် ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်ကြားမှ ဝင်းထဲကနေ ပြေးထွက်လာခဲ့သည်။ သူ၏ ဂျာကင်ကို လက်စွပ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ချန်အာဟူ ပြေးသွားသော ဘက်သို့ လိုက်ပြေးလေတော့သည်။
သူသည် ချန်အာဟူကို လိုက်ဖမ်းရမည် ဖြစ်သည်။ သူ မဖမ်းလျှင် တခြားလူတွေက ဖမ်းမိသွားပေလိမ့်မည်။
“မန်နေဂျာ!” ဟူဖန် ဝင်းထဲကနေ ပြေးထွက်လာသည်။
“ကျွန်မတို့ မန်နေဂျာက လိုက်ဖမ်းနေပြီတော့”
ချန်အာဟူ၏ ပြေးနှုန်းကတော့ ချန်ကျန့်ကို အံ့အားသင့်စေခဲ့သည်။ နောက်ကလူတွေ တိုက်မိနေကြသဖြင့် ချန်ကျန့် လိုက်ထွက်လာရန် စက္ကန့်အနည်းငယ် ကြာခဲ့သော်လည်း၊ လမ်းဆုံသို့ ရောက်သည့်တိုင် ချန်အာဟူမှာ ရှေ့ကနေ ပြေးနေဆဲပင် ဖြစ်သည်။
ဤအရှိန်အတိုင်းသာဆိုလျှင် လမ်းမှာ အဆီးအတား မရှိခဲ့ပါက ချန်အာဟူမှာ လွတ်မြောက်နိုင်မှာ မဟုတ်ဘဲ၊ ထိုနေရာမှာတင် မျက်နှာဖုံး အချွတ်ခံရပြီး လူမိသွားပေလိမ့်မည်။
“ဘော့စ်ချန်!” ချန်ကျန့် လိုက်ပြေးရင်း အော်လိုက်သည်။
လေတိုက်သံ ပြင်းလွန်း၍လား၊ ဒါမှမဟုတ် ချန်အာဟူက တအား စိတ်လှုပ်ရှားနေ၍လားတော့ မသိ၊ သူက ဆူညံသံကို ကြားသဖြင့် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက်၊ ဖင်ကို အပ်နဲ့ ထိုးခံလိုက်ရသလိုမျိုး ချက်ချင်းခေါင်းပြန်လှည့်ကာ တစ်လှမ်းကို နှစ်မီတာခန့် အရှိန်ဖြင့် ရှေ့သို့ အသားကုန် ကုန်ပြေးတော့သည်။
“တောက်!”
ချန်ကျန့် အံကြိတ်ကာ ဆဲလိုက်မိတော့သည်။
______________________________________________________________________
ဖတ်ရတာ တထိတ်ထိတ်နဲ့
ReplyDelete