Skip to main content

19/2





အပိုင်း (၁၉/၂)

လေဆန်တိုက်ခတ်နေသည့်အတွက် သူ၏အသံမှာ ချန်အာဟူထံသို့ လုံးဝမရောက်ရှိနိုင်ခဲ့ချေ။

အကယ်၍ ချန်အာဟူတစ်ယောက် ဇဝေဇဝါဖြစ်ပြီး ပြဿနာတွေ ထပ်ရှာမိမှာကိုသာ မစိုးရိမ်ခဲ့လျှင် ချန်ကျန့် တကယ်ပင် သူ့နောက်ကို ထပ်မလိုက်ချင်တော့ပါ။

ပြေးစမ်း၊ မြို့ဟောင်းထဲအထိ တန်းပြေးပြီး ချန်တာဟူကိုသာ သွားရှာလိုက်တော့။

ချန်ကျန့် အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီးနောက် ရုတ်တရက် အရှိန်မြှင့်လိုက်လေသည်။

ပြေးကြတာပေါ့၊ ဘယ်သူက ဘယ်သူ့ကို အသာစီးရမလဲ ကြည့်ရသေးတာပေါ့။

သူသည် ချန်အာဟူ၏ အနောက်သို့ လျင်မြန်စွာ ကပ်သွားလိုက်သည်။ ချန်အာဟူမှာ နောက်သို့ လှည့်ကြည့်စရာပင် မလိုတော့ဘဲ သူ၏အနောက်တွင် ကပ်ပါလာသော ခြေသံများကို ကြားနေရပြီ ဖြစ်သည်။ သူသည် အစွမ်းကုန် အရှိန်မြှင့်၍ ပြေးလေတော့သည်။ မြစ်ကမ်းဘေးသို့ ရောက်ခါနီးနေပြီဖြစ်ရာ ထိုလူများ ဤနေရာအထိ လိုက်မမီနိုင်တော့မှန်း ချန်ကျန့် သိလိုက်သည်။ ထိုအခါမှသာ သူ၏အိတ်ကပ်ထဲမှ သိုအာ ပေးထားသော အမဲသားစပ်ချောင်းအထုပ်အချို့ကို ထုတ်ကာ ချန်အာဟူ၏ ခေါင်းပေါ်သို့ ပေါ့ပေါ့ပါးပါး လှမ်းပစ်လိုက်လေသည်။

“ဘော့စ်ချန်!”

ယခုတစ်ကြိမ်တွင် ချန်အာဟူ တုံ့ပြန်မှု ရှိလာခဲ့သည်။ သူ အရှိန်လျှော့ကာ နောက်သို့ လှည့်ကြည့်ပြီး ဆဲရေးလိုက်တော့သည်။

“တောက်! ချန်ကျန့်လား”

“ဟုတ်တယ်”

ချန်ကျန့် ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး အမဲသားစပ်ချောင်းထုပ်များကို ပြန်ကောက်လိုက်သည်။

“မင်း ပြေးတာ ဒီလောက်တောင် မြန်တာလား”

ချန်အာဟူမှာ အံ့အားသင့်နေပြီး ဒူးပေါ်လက်တင်ကာ အမောတကော အသက်ရှူနေရသည်။ အသံပင် ကွဲအက်နေကာ

“ငါက ဟိုဘက်ကလူတွေ ထင်နေတာ၊ ဘယ်ကကောင်ကများ ငါ့နောက်ကို ဒီလောက် အသည်းအသန် လိုက်နေတာလဲ၊ ဆုကြေးများ ထုတ်ထားလို့လားလို့တောင် တွေးနေမိတာ”

“ခဏလောက် ပုန်းရအောင်”

ချန်ကျန့်က အချက်ပြပြီး ဘေးလမ်းသွယ်တစ်ခုထဲသို့ လျှောက်ဝင်သွားသည်။

ချန်အာဟူလည်း နောက်မှ လိုက်လာခဲ့သည်။ သူတို့သည် တံခါးပွင့်နေသော အိမ်ဟောင်းတစ်လုံးထဲသို့ ဝင်ပုန်းလိုက်ကြသည်။ ချန်ကျန့်က တံခါးကို ပိတ်လိုက်ပြီး အပြင်ကို ကြည့်ကာ ဘယ်သူမှ လိုက်မလာကြောင်း အတည်ပြုလိုက်သည်။

“တောက်! မင်း တကယ်ပဲ ဒီလောက် မြန်တာလား” ချန်အာဟူမှာ ယခုထိ မယုံနိုင်သေးပုံရသည်။

“တကယ်လို့ မင်းနောက်ကို လိုက်ဖမ်းနေတဲ့ဟန် မဆောင်ခဲ့ရဘူးဆိုရင်၊ လမ်းဆုံက ထွက်တာနဲ့ မင်းရှေ့ကို ငါ ရောက်နေမှာပါ” ဟု ချန်ကျန့်က ဆိုသည်။

“ကြွားလိုက်တာ” ချန်အာဟူက အနည်းငယ် စိတ်တိုသွားဟန်ဖြင့် ထပ်ပြောသည် ။

“အကြွေးရှင်တွေ အမြဲ လိုက်ဖမ်းတာ ခံနေရတော့လည်း မင်းကတော့ လေ့ကျင့်ပြီးသား ဖြစ်နေမှာပေါ့”

ချန်ကျန့် ဘာမှ ပြန်မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေလိုက်သည်။ ချန်အာဟူက သူ့ကို ခဏမျှ ပြန်ကြည့်နေပြီးမှ အရင်ဆုံး လျှော့ပေးလိုက်သည်၊ ခေါင်းလွှဲကာ လက်ဝှေ့ယမ်းပြရင်း

“ထားလိုက်ပါတော့လေ၊ အခု ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲဟာ၊ အဲ့ဒါတွေ ပြောမနေတော့ဘူး”

“သာမန် လုပ်ဖော်ကိုင်ဖက်တင် မဟုတ်ဘူးနော်”

ချန်ကျန့်က သူ့အလိုကို လိုက်မည့်ပုံ မပေါ်ချေ ။

“ငါက အခု မန်နေဂျာလေ”

“တောက်! မန်နေဂျာဖြစ်တာ အဲ့ဒီလောက်တောင် ဟုတ်လှချည်လား”

ချန်အာဟူ ချက်ချင်းပင် လှည့်ကြည့်ကာ ပြန်မျက်စောင်းထိုးတော့သည်။ ချန်အာဟူ၏ ခေါင်းပေါ်တွင် နီရဲနေသော နှုတ်ခမ်းပုံပါသည့် နေကာမျက်နှာဖုံးကြီးမှာ ရှိနေဆဲပင်။ ချန်ကျန့်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရပြီး ရှန်ယွီက သူ့ကို “ဘောင်ကျော်တယ်” ဟု သတိပေးခဲ့သော အနေရခက်သည့် အခိုက်အတန့်ကို ပြန်တွေးနေမိသည်။

“တာယွင်မှာ လစာရနေသရွေ့တော့ … ဘော့စ်ရှန်ပြီးရင် မန်နေဂျာက တာယွင်မှာ အကြီးဆုံးပဲ”

ချန်အာဟူ သူ့ကို စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် လက်ညှိုးထိုးကာ…

“ငါ ဒါကို ငါ့ညီအစ်ကိုတွေအတွက် လုပ်နေတာနော်”

“ငါ သိပါတယ်” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည် ။

“သူတို့တွေ မင်းလိုလူမှန်ကို နောက်လိုက်မိတာပဲ”

“မင်းကတော့လေ...”

ချန်အာဟူ၏ တင်းမာနေသော အာရုံကြောများ သိသိသာသာ လျော့ကျသွားသည်။ သူက မျက်နှာဖုံးကို ဆွဲခွာလိုက်ပြီး ဆေးလိပ်တစ်လိပ် ညှိကာ ချန်ကျန့်ကိုလည်း တစ်လိပ် ကမ်းပေးသည်။

ချန်ကျန့် ဆေးလိပ်ကို ယူကိုင်ထားလိုက်သည်။

“မင်း ဆေးလိပ် မသောက်ဘူး မဟုတ်လား” ချန်အာဟူက မေးသည်။

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြသည်။

“ဒါဆိုလည်း ပြန်ပေး” ချန်အာဟူက ဆေးလိပ်ဗူးကို လှမ်းကမ်းပေးသည်။

ချန်ကျန့် ဆေးလိပ်ကို ဗူးထဲ ပြန်ထည့်ပေးလိုက်သည် ။

“အကုန် ပက်ခဲ့ရဲ့လား”

“‘ကွမ်ရှန်း’ ကိုတော့ တစ်ဝက်ပဲ၊ ‘လျန်ယဲ့’ (Liang Ye) နဲ့ ‘ဆွေ့ယွင်’ (Sui Yun) ကတော့ အကုန်ပဲ”

ချန်အာဟူက နံရံကို မှီကာ ဆေးလိပ်ကို ပါးစပ်မှာ ခဲထားရင်း လက်အိတ်များကို ချွတ်ပြီး အိတ်ကပ်ထဲမှ ပလတ်စတစ်အိတ် အပုံလိုက်ကို ထုတ်လိုက်သည်။

“ကွမ်ရှန်း ကို ပက်ဖို့ ထွက်လာတုန်း လျန်ယဲ့ ကလူတွေ လိုက်ဖမ်းလို့၊ မင်းအဖွားကို... ကျန်တာတွေကို သူတို့ တံခါးရှေ့မှာတင် အကုန် သွန်ချခဲ့လိုက်တယ်”

ကြည့်ရသည်မှာ ဘော့စ်ချန်မှာ လုံးဝ တုံးအသည်တော့ မဟုတ်ချေ။ အထဲကနေ အပြင်ကို ပက်လာခြင်း ဖြစ်သည်။ ချန်အာဟူသည် ပလတ်စတစ်အိတ်များ၊ မျက်နှာဖုံးနှင့် လက်အိတ်များကို သူ၏ ဂျာကင်နှင့် ထုပ်လိုက်ပြီး အိမ်ထောင့်က သစ်သားချောင်း အကျိုးအပဲ့ပုံနောက်တွင် ဝှက်ထားလိုက်သည် ။

“မနက်ဖြန် အားတဲ့အချိန်ကျမှ လာယူတော့မယ်”

“မင်း အိမ်ပြန်ပြီး အနားယူလိုက်တော့” ချန်ကျန့်က ဆိုသည် ။

“မနက်ဖြန် မနက်မှ ပြန်လာခဲ့။ ငါကတော့ မင်းကို အမှီမလိုက်နိုင်ဘူးလို့ပဲ ပြောလိုက်မယ်”

“ကောင်းပြီ” ချန်အာဟူ ဆေးလိပ်ကို ခဲလျက် တံခါးဝသို့ လျှောက်သွားပြီး သူ့ကို ပြန်ကြည့်သည် ။

“မင်း တကယ် ပြေးတာ မြန်တာပဲ။ ကျောင်းတုန်းက မြို့နယ်အဆင့် ပြိုင်ပွဲတွေမှာ ပြိုင်ခဲ့ဖူးတာလား”

ချန်ကျန့် မပြောဘဲ ပြုံးနေလိုက်သည်။

***

ချန်ကျန့်ကလွဲလို့ သူခိုးဖမ်းသည့် လူအုပ်စု အားလုံး ပြန်ရောက်လာကြပြီ ဖြစ်သည်။ လမ်းသွယ်ထဲက တည်းခိုခန်း သုံးခုမှ လူများအားလုံးမှာ တာယွင်တည်းခိုခန်း တံခါးဝတွင် စောင့်ဆိုင်းနေကြလေသည်။

“ဆန်းပင်း” ဝှီးချဲပေါ်က ရှန်ယွီက ဧည့်ခန်းဆောင် တံခါးဝမှနေ၍ ဆန်းပင်းကို လှမ်းခေါ်လိုက်သည်။

ဆန်းပင်း အနားသို့ လျှောက်သွားသည်။

“ဘော့စ်”

“သူတို့တွေ သွေးပက်ခံထားရတာကို မသိကြသေးဘူး” ရှန်ယွီက တိုးတိုးလေး ဆိုသည် ။

“နှုတ်မကျွံစေနဲ့နော်”

“စိတ်ချပါ၊ ကျွန်တော် သူတို့ကို သတိပေးထားပါတယ်”

ဆန်းပင်းက ပြောပြီး ဝင်းတံခါးဝသို့ ပြန်လျှောက်သွားသည်။

“ဖုန်းဆက်ကြည့်ဦးမလား” တစ်ယောက်က ဆိုသည်။

“မင်းတို့ မန်နေဂျာက ဘယ်လောက်တောင် လိုက်သွားလို့ ဒီလောက် ကြာနေရတာလဲ။ ဘယ်အထိ လိုက်သွားတာလဲ”

“သူ့ဖုန်းက ဒီမှာလေ” ဆန်းပင်းက ချန်ကျန့်၏ ဖုန်းကို ဝှေ့ယမ်းပြလိုက်သည်။

“ဘယ်သူကများ သန်းခေါင်ယံမှာ အိပ်ရာကထပြီး လူလိုက်ဖမ်းတာကို ဖုန်းယူသွားမှာလဲ”

“သိပ်လည်း မကြာသေးပါဘူး” ဟူဖန်က ဝင်ပြောသည်။

“ရှင်တို့က လမ်းဆုံတောင် မရောက်ခင် ပြန်လာကြတာဆိုတော့၊ သူ အကြာကြီး ပျောက်နေတယ်လို့ ထင်တာပေါ့”

“မင်းတို့ လူအ နှစ်ယောက်နဲ့သာ သွားမတိုက်မိရင်...”

နောက်တစ်ယောက်က ဆန်းပင်းနှင့် လောင်ချီကို လက်ညှိုးထိုးကာ အလွန်ပင် စိတ်တိုနေလေသည်။

“ဘယ်သူ့ကို လူအလို့ ပြောတာလဲကွ!” လောင်ချီက ချက်ချင်းပင် ပြန်ပက်လိုက်သည်။

“ငါတို့က သူခိုးဖမ်းတာကို ကူညီတာလေ၊ မှားသွားလို့လား!” ဆန်းပင်း၏ မျက်နှာမှာ ထိုလူ၏ မျက်နှာနှင့် ကပ်နေပြီ ဖြစ်သည်။

“မရန်ဖြစ်ကြပါနဲ့တော့” ကျောက်ဖန်းဖန်းက ကြားထဲကနေ ဆွဲထုတ်လိုက်သည်။

“ငါတို့ ဘော့စ် နိုးသွားပါဦးမယ်”

ထိုအချိန်တွင် ချန်ကျန့်၏ ပုံရိပ်မှာ လမ်းဆုံကနေ ကွေ့ဝင်လာသည်ကို မြင်လိုက်ရသည်။

“မန်နေဂျာ ပြန်လာပြီ!” ဟူဖန် အော်လိုက်သည်။

“ဘယ်လိုနေလဲ!” ဆန်းပင်း ချက်ချင်းပင် အော်ဟစ်ကာ အပြေးသွားလိုက်သည်။

ချန်ကျန့်က လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ပြလိုက်သည်။

“တောက်! ဒီလောက် အကြာကြီး လိုက်ဖမ်းတာတောင် မိအောင် မဖမ်းနိုင်ဘူးလား”

တစ်ယောက်က လှောင်လိုက်သည်။

“ပါးစပ်စောင့်ပြောစမ်း!” ဆန်းပင်းက ထိုဘက်သို့ လက်ညှိုးလှမ်းထိုးလိုက်သည်။

“သူတောင် မမိရင် ဒီမှာရပ်နေတဲ့လူ ဘယ်သူမှ မိမှာ မဟုတ်ဘူး”

“ဘယ်အထိ လိုက်သွားတာလဲ” တစ်ယောက်က မေးသည်။

“မြစ်ဘေးက တောအုပ်အထိပဲ” ချန်ကျန့်က အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်သည်။

“အထဲအထိတော့ ဆက်မလိုက်ရဲတော့ဘူး၊ တောထဲမှာ သူ့လူတွေ ရှိနေမလားဆိုတာ မသေချာလို့လေ”

“ဘာကို ကြောက်နေတာလဲ...” ထိုလူက ဆိုသည်။

“ဒါဆိုလည်း မင်း သွားလိုက်လေ” ချန်ကျန့်က စိတ်တိုတိုနှင့် ပြောလိုက်သည် ။

“သူက ငါတို့တည်းခိုခန်းက ပစ္စည်း ခိုးသွားလို့လား။ ငါက ညဉ့်နက်သန်းခေါင်မှာ အလကားနေရင်း အပျော်လိုက်ပြေးနေတယ် ထင်လို့လား”

“ကျေးဇူးပါ ညီလေးရာ” သူတို့ထဲက ခေါင်းဆောင်ပုံစံနှင့် လူတစ်ယောက်က ကြားဝင်တားလိုက်သည် ။

“ဟုတ်ပါတယ်၊ ဆက်လိုက်ဖို့က အန္တရာယ် များလွန်းပါတယ်။ အားလုံး လူစုခွဲကြရအောင်။ ဘာမှလည်း ပျောက်သွားပုံ မရပါဘူး...”

“ဘာမှ မပျောက်မှန်း သိရင် ငါလည်း ထွက်မပြေးပါဘူး” ဟု ဆိုကာ ချန်ကျန့်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောကာ ဝင်းထဲသို့ ဝင်လာခဲ့သည်။

ဆန်းပင်းနှင့် ကျန်တဲ့လူများကိုလည်း ဟူဖန်နှင့် ကျောက်ဖန်းဖန်းတို့က ဆွဲခေါ်လာကြသည်။ ဝင်းထဲသို့ ရောက်သည်နှင့် လူအုပ်စုမှာ အထဲသို့ ချက်ချင်း ပြေးဝင်သွားကြတော့သည်။

“ဘယ်လိုလဲ၊ ဘယ်လိုလဲ!” ဆန်းပင်းက တိုးတိုးလေး မေးသည် ။

“ချန်ကျန့်... မင်း သူ့ကို မိလိုက်လား”

ဟူဖန်က ဧည့်ခန်းဆောင် တံခါးကို ပိတ်လိုက်သည် ။

“မိမှာပေါ့။ ဘော့စ်ချန် ပြေးတာ တော်တော် နှေးတာကို ငါ မြင်လိုက်တယ်”

“ဘယ်မှာ နှေးလို့လဲ...” ဆန်းပင်း သူမကို လှည့်ကြည့်လိုက်သည်။

“သူက မနှေးပါဘူး။ အဓိကက ချန်ကျန့်လေ၊ မန်နေဂျာက တကယ် မြန်တာ။ သူက မြို့နယ် အထက်တန်းကျောင်း အားကစားအဖွဲ့ကလေ...”

“ငါတို့ အိမ်ဟောင်းမှာ ဆုံခဲ့ကြတယ်လေ။ ‘ကွမ်ရှန်း’ ကတော့ တစ်ဝက်ပဲ၊ ‘လျန်ယဲ့’ နဲ့ ‘ဆွေ့ယွင်’ ကတော့ အကုန်ပဲ”

ချန်ကျန့်ပြောရင်း စားပွဲပေါ်က ပီဇာတစ်ချပ်ကို ယူစားလိုက်သည် ။

“သူ အခု ပြန်သွားပြီ၊ မနက်ဖြန်မှ ပြန်လာလိမ့်မယ်... ဟိုလူတွေ အပက်ခံရတာကို အခုထိ မသိကြသေးဘူးမလား”

“အင်း” ဆန်းပင်း ခေါင်းညိတ်သည်။

“သွားနားကြတော့” ရှန်ယွီက သမ်းရင်း ဆိုသည်။

“မနက်ဖြန် မနက်ကိုတော့ နည်းနည်း နောက်ကျမှ ထကြပေါ့၊ အိပ်ရေးဝအောင် အိပ်ကြ”

ဆန်းပင်းနှင့် လောင်ချီတို့မှာ ကင်းလှည့်ရမည့်သူများ ဖြစ်သော်လည်း၊ ယနေ့ညမှာ တော်တော်လေး ဆူညံသွားခဲ့သလို သူခိုးလည်း ပြန်လာမည့်ပုံ မရှိသည့်အတွက် ဘော့စ်ရှန်က သူတို့ကိုပါ နားခိုင်းလိုက်လေသည်။ ထိုလူစုမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးရင်း ဓာတ်လှေကားထဲသို့ ဝင်သွားကြတော့သည်။ ဓာတ်လှေကား တံခါးပိတ်သွားသည့်အခါ ပထမထပ်မှာ ငြိမ်သက်သွားပြီး မီးရောင်များပင် မှိန်သွားသလို ခံစားရသည်။

“အို... လူလေးယောက် စကားပြောတာတောင် ဒီလောက် ဆူညံနေတာလား”

ရှန်ယွီ သူ၏ နားထင်ကို နှိပ်လိုက်သည်။

“ခေါင်း ပြန်ကိုက်လာလို့လား”

ချန်ကျန့် ချက်ချင်းပင် သတိရှိသွားသည်။ အခုချိန်မှာ ချန်အဘိုးကြီးလည်း ဆိုင်ဖွင့်ထားမှာ မဟုတ်ချေ။

“မဟုတ်ပါဘူး” ရှန်ယွီ သူ့ကို တစ်ချက်ကြည့်သည် ။

“မန်နေဂျာချန် … မင်း မအိပ်သေးဘူးလား”

“ဒီလောက် ပြေးလွှားထားတာ ဘယ်လိုလုပ် အိပ်လို့ ရမှာလဲ”

ချန်ကျန့် ကုလားထိုင်တွင် ထိုင်လိုက်ပြီး၊ အအေးတစ်ပုလင်းကို ဖွင့်ကာ နှစ်ကျိုက်ခန့် မော့သောက်လိုက်သည်။

“အပေါ်ထပ်က လူတွေလည်း အိပ်နိုင်ကြဦးမှာ မဟုတ်ပါဘူး၊ ခဏတော့ စကားပြောနေကြဦးမှာပဲ”

“အင်း” ရှန်ယွီ ပြုံးလျက် ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေသည်။

“ပျော်ရဲ့လား” ချန်ကျန့်က မေးလိုက်သည်။

“ငါ ပျော်နေတယ်လို့ မင်း ထင်လို့လား” ရှန်ယွီက ခေါင်းလှည့်ပြီး သူ့ကို ပြုံးပြသည်။

“အနည်းဆုံးတော့ တစ်ဝက်လောက်က ပျော်ဖို့အတွက် မဟုတ်ဘူးလား။ မင်းရဲ့ စရိုက်နဲ့ဆိုရင် ဒါက လုံးဝ မပျော်စရာ မဟုတ်ဘူးဆိုရင်၊ မင်း ဒီကိစ္စမှာ ဒီလောက်အထိ တက်ကြွနေမှာ မဟုတ်ဘူး”

“အင်း…ဘော့စ်ချန်ကို ကျေးဇူးတင်ရမှာပေါ့။ ဒါက ဒီလောက်အထိ စိုပြေသွားလိမ့်မယ်လို့ ငါ မထင်ထားဘူး။ သူ လိုက်ဖမ်းခံရတာက ငါတို့အတွက်တော့ ဒီညရဲ့ အဖွဲ့လိုက် စွမ်းဆောင်ရည် ပွဲလေး ဖြစ်သွားတာပေါ့”

ချန်ကျန့် ဘာမှ မပြောဘဲ ပြုံးနေလိုက်သည်။

“ဒီလို သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ အဖွဲ့လိုက် စွမ်းဆောင်ရည်မျိုးက တကယ့်ကို လိုအပ်တာပဲလေ။ ဒီလိုမျိုး တစ်ခါ ကြုံဖူးသွားရင်၊ ဒီဆိုင်ထဲက လူတွေကြားမှာ စည်းလုံးမှုနဲ့ ခင်မင်မှုက အကြာကြီး တည်မြဲသွားမှာပဲ”

ရှန်ယွီ ပြောတာကို ချန်ကျန့်လည်းထောက်ခံသည်။တကယ်လည်းမှန်၏။

နောက်တစ်နေ့ မနက်တွင် ဘော့စ်က တစ်ဝက် ခွင့်ပေးထားသော်လည်း ဝန်ထမ်းအများစုမှာ နိုးနေကြပြီ ဖြစ်သည်။ ကျောက်ဖန်းဖန်းက မနက်စာ ပြင်ပေးရာ အားလုံးက ပထမထပ်တွင် စားသောက်ရင်း စကားပြောနေကြလေသည်။

ချန်အာဟူ ရောက်လာသည့်အခါတွင် စကားဝိုင်းမှာ ပို၍ သက်ဝင်လာတော့သည်။

“ငါတို့ ဝင်းထရံက ဟောင်းနေလို့ ပြင်ရမယ်လို့ ထင်နေတာ။ တကယ်တော့ အထဲက အိမ်တွေလည်း မကောင်းပါဘူး။ ငါ အမိသွားမလို့ ဖြစ်တာက ‘လျန်ယဲ့’ ရဲ့ နံရံကို ကိုင်မိလို့၊ အဲ့ဒီက အမိုးပြား အဟောင်းတွေ တစ်တန်းလုံး ပြုတ်ကျလာပြီး တဂျိန်းဂျိန်းနဲ့ မြည်ကုန်တာလေ၊ တောက်...”

အားလုံးက ဝိုင်းရယ်ကြလေသည်။ ရှန်ယွီသည် ဓာတ်လှေကားထဲမှ ထွက်လာကာ ဘေးက စားပွဲတွင် ထိုင်လိုက်ပြီး သက်ပြင်းချရင်း ဆိုသည် ။

“နေ့တစ်ဝက် ခွင့်ပေးထားတာ မဟုတ်လား”

“အိပ်လို့ မရလို့ပါ၊ ပွဲကြည့်ဖို့ စောစောထလာတာ” ဟု ဟူဖန်က ဆိုသည်။

ချန်ကျန့်က ရှန်ယွီအတွက် သီးသန့် ဖယ်ထားသော မနက်စာကို ရှေ့တွင် ချပေးလိုက်သည်။

“ကျောက်ကျဲက မြည်းသားဆန်းဒဝစ် လုပ်ထားတယ်”

“ကောင်းသားပဲ” ရှန်ယွီ လက်နှစ်ဖက်ကို ပွတ်လိုက်သည်။

ချန်ကျန့်က နွားနို့တစ်ဘူးကို ဘော့စ်၏ လက်ဘေးတွင် တင်ပေးလိုက်သည်။

“ကိုလာ” ရှန်ယွီက ဆိုသည်။

“မနက်စောစော မနက်စာကို မြည်းသားဆန်းဒဝစ်နဲ့ ကိုလာနဲ့ သောက်မလို့လား” ချန်ကျန့်ပြန်မေးသည်။

“ဆန်းဒဝစ်နဲ့ နွားနို့ကော လိုက်ဖက်လို့လား။ ပဲနို့ဆိုရင်တော့ တစ်မျိုးပေါ့” ရှန်ယွီ ပြန်ပြောသည်။

“နွားနို့ပဲ ရှိမယ်။ ကိုလာ သွားယူဖို့အတွက် ကျွန်တော် ဘားကောင်တာအထိ မသွားချင်တော့ဘူး” ချန်ကျန့်က ဆိုသည် ။

“လမ်းမလျှောက်ချင်တော့လို့”

“မန်နေဂျာကတော့ တကယ့်ကို အရှိန်အဝါ ကြီးလှချည်လား”

ရှန်ယွီက ဆန်းဒဝစ်ကို ကောက်ယူပြီး စားတော့သည်။

ချန်ကျန့် ဘာမှ ထပ်မပြောတော့ဘဲ သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ လက်ထဲက နွားနို့ဘူး တစ်ဝက်ကို သောက်နေလိုက်သည်။ ရှန်ယွီမှာ ကောင်းမွန်သော အကျင့်တစ်ခု ရှိလေသည် ။ စကားပြောပြီး မနိုင်တော့လျှင် သူ့ကို အစားအသောက် ပေးလိုက်ခြင်းက ခေတ္တမျှ အနိုင်ရရှိစေသည်။

လောင်ဝူ မနက်စာ စားပြီးနောက် “ကင်းလှည့်” ရန် အပြင်သို့ ထွက်သွားပြီး၊ ခဏအကြာတွင် အတင်း ပြေးဝင်လာခဲ့သည်။

“သူတို့ သိသွားကြပြီဟေ့၊ ဟားဟားဟားဟားဟား... သိကုန်ကြပြီ၊ အားလုံး နံရံဘေးမှာ စုနေကြတာ၊ ဟားဟားဟားဟား...”

“သူ့ကို အသံချဲ့စက် တစ်လုံးလောက် ပေးလိုက်ပါဦး”

ရှန်ယွီက လက်ထဲက ဆန်းဒဝစ်ကို ချရင်း ဆိုလိုက်သည်။

“တိတ်တိတ်နေစမ်း!” ချန်အာဟူက သူ့ကို လက်ညှိုးထိုးလိုက်သည်။

“ဘာလို့ အဲ့ဒီလောက် အော်နေတာလဲ။ သူတို့ မကြားမှာ စိုးလို့လား!”

“အထဲ ရောက်မှ အော်တာပါဗျာ”

လောင်ဝူ အသံကို နှိမ့်လိုက်သည်။

“ငါတို့ သွားကြမလား” ဆန်းပင်းက ရှန်ယွီကို ကြည့်လိုက်သည်။ သူသည် မနေ့က ထိုလူနှင့် ရန်ဖြစ်ခဲ့ကတည်းက ဤအခိုက်အတန့်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။

“သွားလေ။ သတိထားဦးနော်၊ ဘာမှ နှုတ်မကျွံစေနဲ့”

ရှန်ယွီက လက်ဝှေ့ယမ်းကာ ခွင့်ပြုရင်းမှ တဆက်တည်း သတိထားရန်မှာကြားသည်။

“ဟေး။!”

ဆန်းပင်း တံခါးဝသို့ လျှောက်သွားရင်း အပြင်မရောက်ခင်ကတည်းကပင် လှမ်းအော်လိုက်တော့သည်။

လုံခြုံရေးအဖွဲ့ တစ်ဖွဲ့လုံးနှင့် ဟူဖန်တို့မှာ ဆောင်းဦး အပျော်ခရီး ထွက်ကြသလိုမျိုး စိုစိုပြည်ပြည်နှင့် သူ့နောက်မှ လိုက်ထွက်သွားကြသည်။

“မင်းလည်း လိုက်သွားလိုက်ဦး” ရှန်ယွီက ဆိုသည်။

“အင်း” ချန်ကျန့် သူ့ကို တစ်ချက်ကြည့်လိုက်သည် ။

“ဘော့စ် ကော မလိုက်ဘူးလား”

ရှန်ယွီ ပါးစပ်ထဲက မုန့်ကို မျိုချပြီးမှ ခေါင်းခါပြသည်။

“မင်း ရုတ်တရက်ကြီး ရောက်လာပြီး ပြဿနာကို ပိုဆိုးအောင် မလုပ်ပါနဲ့ဦးနော်”

ချန်ကျန့်က အပြင်ထွက်ရင်း နောက်လှည့်မေးလိုက်သည်။

ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဆိုသော အသံထွက်လာသည်။

“ဟေး။!”

ဆန်းပင်းနှင့် လောင်ချီတို့က ရှေ့ကနေ ဦးဆောင်ကာ လမ်းတစ်လျှောက်လုံး အော်ဟစ်သွားကြလေသည်။ လမ်းဆုံက နားနေဆောင်တွင် တည်းခိုခန်း အတော်များများမှ လူများ စုရုံးနေကြပြီး၊ ယခုမူ သူတို့အဖွဲ့ကို လှည့်ကြည့်နေကြတော့သည်။

“မနေ့က ငါ ပြောသားပဲ မဟုတ်လား ။ တခြားတည်းခိုခန်းတွေသာ အပက်ခံရရင် ငါတို့ လာပြီး ပွဲကြည့်မှာပါလို့!”

“ဘယ်သူလုပ်တာလဲဆိုတာ လုပ်တဲ့သူ သိမှာပါ!”

ထိုကတုံး၏ မျက်နှာမှာ ခက်ထန်နေသည်။

“သိရင်လည်း ရဲတိုင်လိုက်လေ” ဟု ချန်ကျန့်က ဆိုလိုက်သည်။

အားလုံး ငြိမ်ကျသွားကြသည်။ ချန်ကျန့်သည် ချန်အာဟူ၏ မနေ့ညက လက်ရာကို လှမ်းကြည့်လိုက်သည်။ သူ တကယ်ပင် အားစိုက်ခဲ့ပုံရသည်။ တာယွင်တည်းခိုခန်း နံရံပေါ်က သန့်ရှင်းရေး မလုပ်ရသေးသော အပိုင်းနှင့် အလွန်ပင် တူအောင် ပက်ထားသည်မှာ မလွယ်ကူလှချေ ။ သွေးအိတ်ကို သယ်ပြီး တည်းခိုခန်းသုံးလုံးလုံးကို ပက်ခဲ့ရသည် မဟုတ်လား။

ပြီးတော့ သူ တစ်ယောက်တည်း နှစ်မိုင် (နှစ်လီ) လောက် အပြေးခံခဲ့ရသေးသည်လေ။

“မင်းတို့ ကျန့်ရှီးလူတွေက ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူးပေါ့ ဟုတ်လား”

‘လျန်ယဲ့’ တည်းခိုခန်း ပိုင်ရှင်၊ အသက် ၃၀ ခန့်ရှိမည့် လူတစ်ယောက်က လူအုပ်ထဲမှ ထွက်လာသည်။

“ငါတို့က ကျန့်ရှီး မဟုတ်တော့ဘူးနော်” ဟု ဆန်းပင်းက ဆိုသည်။

ငါတို့ လက်ဖက်ရည် ရောင်းတာလို့တော့ မပြောလိုက်နဲ့နော်!

“ဒီမှာ ဘယ်သူက တာဝန်ရှိသူလဲ” ဟု လျန်ယဲ့ပိုင်ရှင်က မေးသည်။

အားလုံးက ချန်ကျန့်ကို ဝိုင်းကြည့်လိုက်ကြသည်။

“ဟင်။”

ချန်ကျန့်က ကိုယ်ကို လှည့်ကာ အနားသို့ လျှောက်သွားသည်။

“မင်းက ဘော့စ်လား” ဟု လျန်ယဲ့ပိုင်ရှင်က မေးသည်။

“သူက မန်နေဂျာပါ” ဟု ဟူဖန်က ဝင်ပြောလိုက်သည်။

“ဒီကိစ္စကို ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ”

လျန်ယဲ့ပိုင်ရှင်က ချန်ကျန့်ကို ကြည့်ကာ မေးသည်။

“ဘာကို ဖြေရှင်းရမှာလဲ။ ကျွန်တော်တို့လည်း အပက်ခံရတာပဲ၊ ခင်ဗျားတို့ကို ဖြေရှင်းပေးဖို့ မတောင်းဆိုခဲ့ပါဘူးနော်”

“ကိုယ့်နံရံ ကိုယ်ပဲ ပြန်သန့်ရှင်းရေး လုပ်ကြရမှာပေါ့” ဟူဖန်က ချက်ချင်း ဝင်ပြောသည် ။

“တခြား ဘာဖြေရှင်းစရာ ရှိသေးလို့လဲ” ဟုလည်း ထပ်မေးသည်။

“ကျွန်တော်တို့ရဲ့ နံရံဆေးသုတ်တဲ့ လူရဲ့ ဖုန်းနံပါတ်ကိုတော့ ပေးလို့ ရပါတယ်” ဟု ချန်အာဟူက ဆိုလေသည်။

“ကောင်းပြီလေ၊ မင်းတို့က တစ်လှည့်၊ ငါတို့က တစ်လှည့်ဆိုတော့ အခု ကျေသွားပြီပေါ့ ဟုတ်လား”

ထိုကတုံးက ရုတ်တရက်ထပြောလာ၏။ ချန်ကျန့် ချက်ချင်းပင် ကတုံးကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“ဟင် မင်း ဘာပြောလိုက်တာလဲ”

“ဟင်။” ဟူဖန်နှင့် ဆန်းပင်းတို့လည်း တစ်ပြိုင်နက်တည်း အံ့သြသလို အော်လိုက်ကြသည်။

“မင်းတို့ ဘော့စ် ရှိလား”

လျန်ယဲ့ပိုင်ရှင်က ထိုကတုံးကို တားလိုက်သည်။ သူ၏ အမူအရာမှာ အဆင်မပြေ ဖြစ်နေပြီး၊ ထိုကတုံး၏ ခေါင်းကို စိတ်ထဲကနေ ရိုက်နေလောက်ပြီ ဖြစ်သည်။

“သူ အိပ်နေတယ်” ဟု ချန်ကျန့်က ဆိုလိုက်သည်။

“ငါတို့ အတူတူ စကားပြောလို့ ရမလား” ဟု လျန်ယဲ့ပိုင်ရှင်က မေးသည်။

မရပါဘူး။ ဒါက ခင်ဗျားအတွက်ပါပဲ။ သူ့ကြောင့် ဒေါသထွက်ပြီး သေသွားမှာ စိုးလို့ပါ။

ချန်ကျန့် ဘာမှ ပြန်မပြောချေ။

“ဒါ ကျွန်တော့်ရဲ့ လိပ်စာကတ်ပါ။ သူ့ရဲ့ လိပ်စာကတ် ရှိမလား။ ဆက်သွယ်လို့ရအောင် ဖလှယ်ကြရအောင်လေ”

လျန်ယဲ့ပိုင်ရှင်က လိပ်စာကတ်တစ်ခု ကမ်းပေးသည်။

မရှိဘူး၊ သူက ချန်းယွီရဲ့ လိပ်စာကတ်တွေကိုပဲ သုံးတာလေ။

ချန်ကျန့် လိပ်စာကတ်ကို ယူပြီး နာမည်ကို တစ်ချက်ကြည့်လိုက်သည်။

ဟယ်လျန် (He Liang)

“သူ အားတဲ့အချိန်ကျရင် ကျွန်တော့်ဆီ ဆက်သွယ်လို့ ရပါတယ်” ဟု ဟယ်လျန်က ဆိုသည်။

***

“သိပ်တော့ အဆင်မပြေဘူး”

ရှန်ယွီက သူ၏ ရုံးခန်းစားပွဲနောက်တွင် ထိုင်ရင်း၊ ဟယ်လျန်၏ လိပ်စာကတ်ကို လက်နှစ်ဖက်ဖြင့် လှည့်ကစားနေသည်။

“သူက စေ့စပ်ညှိနှိုင်းချင်ပုံရတယ် ။ အဲ့ သုံးအိမ်က တစ်ဖွဲ့တည်းပဲလေ၊ လျန်ယဲ့ ကတော့ အကြီးဆုံးပေါ့”

“မကောင်းတာတွေ အကုန်လုပ်ပြီးမှ၊ အခုမှ လာပြီး ခင်မင်ချင်နေတာလား”

ရှန်ယွီက လိပ်စာကတ်ကို စားပွဲပေါ် တင်လိုက်သည်။

“သူတို့ကို ဆက်သွယ်ရမလား” ချန်ကျန့်က မေးသည်။

“ဆက်သွယ်ဖို့တော့ လိုတာပေါ့”

“အော်... ဒါဆို ဘယ်အချိန် ဆက်သွယ်မလဲ ကြည့်လိုက်ဦးလေ” ချန်ကျန့် အပြင်ထွက်ရန် ကိုယ်ကို လှည့်လိုက်သည် ။ “ကျွန်တော် အောက်ဆင်းတော့မယ်၊ ခဏနေရင်...”

“မသွားနဲ့ဦး” ရှန်ယွီက လေချွန်သံ ခပ်တိုတိုလေး လုပ်လိုက်သည်။

“မင်းရဲ့ ဖုန်းကို ခဏ သုံးပါရစေ။ ဒီမှာပဲ နားထောင်နေ”

“မင်းကတော့...”

ချန်ကျန့် မတတ်သာဘဲ ဖုန်းကို ထုတ်၊ လော့ခ်ဖွင့်ပြီး စားပွဲပေါ် တင်ပေးလိုက်ရသည်။

ရှန်ယွီသည် လိပ်စာကတ်ပေါ်က နံပါတ်ကို နှိပ်ကာ စပီကာကိုပါ ဖွင့်လိုက်သည်။ ဖုန်းမြည်သံ ထွက်လာသည့်အခါ သူသည် ကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်သည်။

“ဟယ်လို၊ ဘယ်သူပါလဲ” ဟယ်လျန်၏ အသံ ထွက်ပေါ်လာသည်။

“ငါ ရှန်ယွီ ပါ...” ရှန်ယွီက ဆိုသည်။

“ဘော့စ်ရှန်၊ ဟယ်လိုပါ။ အနှောင့်အယှက် ပေးမိလို့ အားနာပါတယ်” ဟယ်လျန်က အလွန်ပင် ယဉ်ကျေးလှသည်။

ရှန်ယွီ ဘာမှ ပြန်မပြောချေ။

နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ဟယ်လျန်က ထပ်ပြောသည် ။

“ဘော့စ်ရှန်... ကျွန်တော်တို့ ဘယ်အချိန်လောက်မှာ တွေ့ရင် အဆင်ပြေမလဲ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ထားရင် ကောင်းမယ် ထင်လို့ပါ”

“မလိုပါဘူး ။ ငါတို့ မကြာခင် ဖွင့်တော့မှာဆိုတော့ တော်တော် အလုပ်ရှုပ်နေလို့ပါ”

“သြော် ... ဟုတ်ကဲ့ပါ”

ဟယ်လျန်ဘက်က အနေရခက်စွာ ရယ်သံ ထွက်လာသည်။

“ဒါဆို အရင်ဆုံး ဂုဏ်ပြုပါတယ်နော်”

“ကျေးဇူးပါ ။ ဘော့စ်ဟယ်... တခြား ဘာကိစ္စ ရှိသေးလို့လဲ”

ချန်ကျန့် ရှန်ယွီကို တစ်ချက်ကြည့်လိုက်သည်။ သူကတော့ တကယ့်ကို ရိုင်းလွန်းလှသည်။

“ဒီလိုပါ.. ဘော့စ်ရှန် …ဒီရက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး...”

“ဒါက ငါ့အတွက်တော့ ပြဿနာ မဟုတ်ပါဘူး။ ခဏနေရင် သန့်ရှင်းရေး လုပ်လိုက်မှာပါ။ ခင်ဗျားတို့ဘက်က ဘယ်လို ကိုင်တွယ်ချင်လဲ ဆိုတာကတော့ ငါ့အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး”

ဟယ်လျန်ဘက်က ခပ်ခြောက်ခြောက် ရယ်သံတစ်ခု ထွက်လာပြန်သည်။

“ဒီမှာ ရှိတဲ့လူတိုင်းက စီးပွားရေး လုပ်နေကြတာဆိုတော့၊ အေးအေးချမ်းချမ်းပဲ နေချင်ကြတာပဲ မဟုတ်လား ။ ငါတို့ နံရံကို ပြန်ပြင်ပြီး လမ်းကို အသစ်ခင်းနေတာက ငါတို့အတွက်တင် မဟုတ်ပါဘူး။ တည်းခိုးခန်းတိုင်းက ဒီလမ်းကို သုံးရမှာပဲလေ၊ ဒါက ငါတို့ရဲ့ စိတ်ရင်းကို ပြနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က လမ်းဆုံမှာ ရှိတာဆိုတော့၊ ငါတို့ စီးပွားရေး မကောင်းရင် အထဲက အိမ်တွေလည်း ကောင်းလာမှာ မဟုတ်ဘူးလေ”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဘော့စ်ရှန်က တကယ်ကို သဘောထားကြီးတဲ့လူမှန်း ကျွန်တော် မြင်နိုင်ပါတယ်”

ရှန်ယွီ၏ အပေါ်စီးက စကားအားလုံးကို ဟယ်လျန်က ထောက်ခံဟန်ဖြင့်သာ တုံ့ပြန်လေ၏။

“ဒီလောက်ပါပဲ၊ အဲ့ဒီလောက်ကြီးလည်း သဘောမထားကြီးပါဘူး။ တကယ်လို့ ပြဿနာက ငါ့ဆီကို ရောက်လာရင်တော့ ငါ သေချာပေါက် ပြန်ပေးဆပ်မှာပါ” ရှန်ယွီက ဆိုလေသည်။

ဟယ်လျန်က ရယ်ရယ်မောမောဖြင့်သာ တုံ့ပြန်လာသည်။

“တာယွင် ကတော့ နောက်အပတ်မှာ ဖွင့်ပါလိမ့်မယ်။ ခင်ဗျားတို့ လာရောက် ကြည့်ရှု လမ်းညွှန်ပေးဖို့ ဖိတ်ခေါ်ပါတယ် ”

ရှန်ယွီက ဖိတ်ခေါ်စကားဖြင့် အဆုံးသတ်လိုက်သည်။

“ဟုတ်ကဲ့ပါ၊ သေချာပေါက် လာပြီး အားပေးပါ့မယ်” ဟု ဟယ်လျန်က ဆိုလေသည်။

ရှန်ယွီ ဖုန်းချလိုက်ပြီး ချန်ကျန့်ကို ကြည့်ကာ - “‘Lilin’ (လာရောက် ကြည့်ရှုခြင်း) ဆိုတဲ့ စကားလုံးကို သုံးတာ မှန်ရဲ့လား” ဟု မေးသည်။

“ဗျာ... ဘာ...” ချန်ကျန့်မှာ အံ့အားသင့်သွားရသည် ။

“ကျွန်တော်လည်း မသိဘူးလေ”

“ဘယ်လိုလုပ်ကြမလဲ။ ဒီထဲမှာ အထက်တန်းအဆင့်ထက် ပိုတတ်တဲ့လူ မရှိတော့ ဒုက္ခပဲ” ရှန်ယွီက ဆိုသည်။

ချန်ကျန့် သူ၏ဖုန်းကို ယူကာ စစ်ဆေးကြည့်လိုက်သည်

“မှန်ပါတယ်၊ အဓိပ္ပာယ်ကတော့ ‘ကြွရောက်ပေးပါ’ ဆိုတဲ့ သဘောမျိုးပေါ့၊ အိမ်ရှင်က ဧည့်သည်ကို ရိုရိုသေသေ ဖိတ်ကြားတဲ့ စကားလုံးပါ”

ရှန်ယွီ ရယ်မောလိုက်သည် ။

“မင်း တကယ်ကြီး သွားစစ်တာလား”

“မင်းပဲ မသိဘူး ဆို!”

ချန်ကျန့်က ပြန်အော်လိုက်သည်။

“ငါက အဲ့ဒီလို မပြောပါဘူး” ဟု ရှန်ယွီက ဆိုသည်။

“...ကောင်းပါပြီ၊ ကျွန်တော်ပဲ ပြောမိတာပါ”

ချန်ကျန့် ခေါင်းညိတ်ပြပြီး ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်၊ ထို့နောက် ရှန်ယွီကို ကြည့်ကာ -

“မင်း ဘော့စ်ဟယ်နဲ့ စကားပြောတာ နည်းနည်းတော့... မရိုင်းလွန်းဘူးလား။ တခြား ဘော့စ်တွေနဲ့လည်း အဲ့ဒီအတိုင်းပဲ ဆက်ဆံတာလား”

ဘော့စ်ချန်နဲ့ကျတော့ တော်တော်လေး ယဉ်ကျေးနေသလိုပဲနော်…

“သူက သာမန် ဘော့စ်မှ မဟုတ်တာ သူက ‘Anti-Da Yin’ အဖွဲ့ရဲ့ ခေါင်းဆောင်လေ။ ဒီပြဿနာတွေ အကုန်လုံးက သူ့လက်ချက်တွေချည်းပဲ”

ချန်ကျန့် ပြုံးလိုက်မိသည်။

“ငါက အရင်တည်းက ယဉ်ကျေးပြီးသားပါနော် ။ သွားတော့ မန်နေဂျာအလုပ် သွာလုပ်တော့”

ချန်ကျန့် ကိုယ်ကို လှည့်ရန် ပြင်စဉ်မှာပင် လက်ထဲက ဖုန်းမှာ မြည်လာပြန်သည်။

သူ ဖုန်းကို ကြည့်လိုက်ရာ အံ့အားသင့်သွားသည် ။

“လျူဝူ (Liu Wu)”

“သူက ဘာလို့ မင်းဆီ ဖုန်းဆက်တာလဲ” ရှန်ယွီ မျက်မှောင်ကြုတ်လိုက်သည်။

“ကျွန်တော်လည်း မသိဘူး။ ကိုင်လိုက်မယ်လေ”

ချန်ကျန့် ဖုန်းကိုင်လိုက်ပြီး၊ ခဏမျှ တုံ့ဆိုင်းသွားကာမှ ရှန်ယွီကဲ့သို့ပင် အသံချဲ့စက် ဖွင့်လိုက်သည် ။

“ဟယ်လို”

“ချန်ကျန့်! ငါ လျူဝူ ပါ!” လျူဝူ၏ ရွှင်ပျသော အသံမှာ ထွက်ပေါ်လာသည်။

“မင်းက ဘာဖြစ်လို့ ငါ့ဆီ ဖုန်းဆက်ဖို့ စဉ်းစားမိတာလဲ” ချန်ကျန့်က မေးလိုက်သည်။

“မင်းတို့ တည်းခိုခန်းဖွင့်ပြီလား” လျူဝူက မေးသည်။

ချန်ကျန့် ရှန်ယွီကို လှမ်းကြည့်လိုက်သည်။ ရှန်ယွီက မေးစေ့ကို ပင့်ပြလိုက်သည်။

“နောက်အပတ်မှ တရားဝင် ဖွင့်မှာပါ။ ဒီရက်ပိုင်း ပြန်ပြင်နေတုန်းလေ”

“အခန်းတွေကော အကုန် အဆင်သင့် ဖြစ်ပြီလား။ တည်းလို့ရပြီလား” လျူဝူက ထပ်မေးသည်။

“ဘာဖြစ်လို့လဲ”

“ငါ မင်းတို့ဆီကို အကြီးအကျယ် ပထမဆုံး စီးပွားရေး လာပေးမလို့လေ!” လျူဝူက ဆိုသည် ။

“ငါ့အစ်ကိုအတွက် Surprise တစ်ခုပေါ့!”
_______________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...