Skip to main content

20



အပိုင်း (၂၀)

“သွားစမ်းပါ” ရှန်ယွီက စားပွဲပေါ်မှောက်လျက် သူ၏ဖုန်းထဲသို့ လှမ်းပြောလိုက်သည်။

“ဟင်” တစ်ဖက်မှ လျူဝူမှာ အံ့အားသင့်သွားပြီး … “ငါ့အစ်ကို အဲ့ဒီမှာ ရှိနေတာလား” ဟု မေးသည်။

“မရှိပါဘူး၊ သူက လမ်းလျှောက်ရင်း လုံခြုံရေးဝန်ထမ်းကို လှမ်းအော်နေတာပါ”

ချန်ကျန့်က အမြန်ပင် ဖုန်းကိုကောက်ကိုင်၊ စပီကာကိုပိတ်ပြီး ရုံးခန်းအပြင်သို့ ထွက်လာခဲ့သည် ။

“ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို အသေးစိတ်ပြောပါဦး...”

ရှန်ယွီက မတ်တတ်ထကာ သူ့နောက်သို့ လိုက်ချင်သော်လည်း၊ ပိုက်ဆံရဖို့ကိုသာ ပထမဦးစားပေးထားသော မန်နေဂျာမှာ အနှောင့်အယှက် အပေးမခံလိုသည်မှာ သိသာလှသည်။ သူသည် ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားရာ စက္ကန့်အနည်းငယ်အတွင်း လှေကားပေါ်၌ ပျောက်ကွယ်သွားတော့သည်။ ရှန်ယွီ ဝှီးချဲနှင့်ဖြစ်သဖြင့် အမှီမလိုက်နိုင်ခဲ့ချေ။

ရှန်ယွီ သက်ပြင်းချကာ ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။

ထားလိုက်ပါတော့လေ၊ သူတို့ဘာသာသူတို့ ကိုင်တွယ်ကြပါစေ။

လျူဝူက သူ၏အစ်ကိုကို အသည်းအသန် ကူညီချင်နေသည်။ မန်နေဂျာကလည်း ဘော့စ်မှာ စီးပွားရေးရှိဖို့ကို အသည်းအသန် လိုလားနေသည်။ သူ သူတို့ကို တားဆီး၍ မရနိုင်တော့ချေ။

ဆယ်မိနစ်ခန့်အကြာတွင် ချန်ကျန့် ရုံးခန်းသို့ ပြန်ရောက်လာသည်။ ရှန်ယွီမှာ စားပွဲနောက်တွင် ထိုင်နေဆဲဖြစ်ပြီး ချန်ကျန့်က ပွင့်နေသောတံခါးကို ခေါက်လိုက်သည်။

“ငါတို့နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့နေရတာကို မင်းက ပစ္စည်းပို့တဲ့ စက်ရုပ်ကျနေတာပဲ၊ ဘာလို့ တံခါးခေါက်နေသေးတာလဲ”

“လျူဝူပေးတဲ့ အံ့အားသင့်စရာကို မင်းဘာလို့ လက်မခံချင်ရတာလဲဆိုတဲ့ အကြောင်းရင်း ရှိလား”

ချန်ကျန့်က ရုံးခန်းထဲသို့ လှောက်ဝင်လာရင်း မေးသည်။

“အခုမှ သတိရပြီး လာမေးတာလား”

“အော်ဒါအကြီးကြီး ရတော့မယ်ဆိုတော့ ကျွန်တော် စိတ်လှုပ်ရှားသွားလို့ပါ”

“မင်း သဘောတူလိုက်ပြီ မဟုတ်လား” ရှန်ယွီက မေးသည်။

“အတိအကျကြီးတော့ မဟုတ်ပါဘူး ။ အခု ပြန်ပြင်နေတုန်းမလို့ ရှုပ်ပွနေသေးကြောင်း၊ ပြီးတော့ အထဲက တည်းခိုခန်းတွေနဲ့လည်း အကြီးအကျယ် ရန်ဖြစ်ထားကြောင်း ပြောလိုက်တယ်... အခြေအနေပေါ်မှာပဲ မူတည်မယ်ပေါ့”

“မင်းကတော့ တကယ့်ကို ပြောရဲဆိုရဲ ရှိတာပဲ”

ရှန်ယွီက သူ့ကို အထင်ကြီးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“အဓိကက လျူဝူက အဲ့ဒါကို ယုံသွားတာပဲလေ”

ရှန်ယွီ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ စကားပြောရန် ပြင်စဉ်မှာပင် ချန်ကျန့်က ထပ်ပြောသည် ။

“မင်းကို အကြောင်းရင်း မေးတာကကော ကျွန်တော် ဘောင်ကျော်သွားတာလား”

“တကယ့်ကို လက်စားချေတတ်တာပဲ… သူ့အမေက သူ့ကို ငါနဲ့ ပတ်သက်မှာ စိုးရိမ်နေတာလေ။ ငါ့မိဘတွေကလည်း ဒီလိုရိုးသားတဲ့ကလေးကို ငါက လမ်းမှားခေါ်သွားမှာ စိုးရိမ်နေကြတာ၊ အဲ့ဒါကြောင့် သူ့ကို ဒီကို မလာစေချင်တာပါ”

“...အဲ့ဒီလိုလား” ချန်ကျန့် ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။

“ဒါဆို ကျွန်တော် သူ့ကို ထပ်ပြောလိုက်မယ်၊ ဟို...”

“သူတို့တွေ ထပ်ပြီး ရန်ဖြစ်ကြလို့ သူ့အစ်ကို အဖမ်းခံလိုက်ရပြီလို့ပဲ ပြောလိုက်ပါလား”

“အဲ့ဒါဆိုရင် သူက နောက်တစ်စက္ကန့်မှာတင် ထောင်ဝင်စာတွေ့ဖို့ လျှောက်ထားတော့မှာပေါ့၊ မဟုတ်ဘူးလား”

“မန်နေဂျာဖြစ်လာတော့ မင်းက တခြားစီ ဖြစ်သွားပြီပဲ” ရှန်ယွီ ရယ်မောလိုက်သည်။

“သူ ထောင်ဝင်စာတွေ့လို့ ရမရဆိုတာကတော့ ဘယ်လောက်အထိ အရိုက်ခံထားရလဲဆိုတဲ့အပေါ် မူတည်တာပေါ့။ တကယ်လို့ ရာဇဝတ်မှုနဲ့ အချုပ်ကျနေတာဆိုရင်တော့ လူကို တွေ့ခွင့်မရဘူး၊ ရှေ့နေပဲ တွေ့ခွင့်ရှိတာ”

ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးမှ …

“ဒါကို ကျွန်တော် ဘယ်လိုပြန်ပြောရမှန်း မသိတော့ဘူး”

“သူက သူ့ကျောင်းနေဖက်တွေကို ခေါ်လာမှာလား” ရှန်ယွီက မေးသည်။

“ဟုတ်တယ်”

“ဒါဆိုရင်တော့ သူက သူ့သူငယ်ချင်းတွေကို ပြောပြီးလောက်ပြီ။ သူက ကျောင်းစတက်ခါစဆိုတော့ သူ့မျက်နှာကိုတော့ ထောက်ထားပေးရမှာပေါ့။ သူ့အတန်းထဲက သူငယ်ချင်းတွေလား၊ ဒါမှမဟုတ် တခြားသူတွေလားဆိုတာ သူပြောလား”

“သူတို့ရဲ့ ကလပ် လှုပ်ရှားမှုတဲ့…တောင်တက်ကလပ်လို့ ထင်တာပဲ။ သူက တအား စိတ်လှုပ်ရှားနေတော့ စကားတွေတောင် မပီဘူး၊ လူဦးရေ စာရင်းကောက်နေတုန်းပဲလို့ပဲ ပြောတယ်”

“ဒါဆို တက္ကသိုလ်ကျောင်းသား တစ်အုပ်ကြီးပေါ့” ရှန်ယွီက မျက်မှောင်ကြုတ်လိုက်သည်။

အထက်တန်းကျောင်းသားတစ်ယောက်က တက္ကသိုလ်ကျောင်းသားတွေကို အမြဲတမ်း အထင်သေးနေလို့ မဖြစ်ဘူးလေ။ ဒါက ငါတို့ တည်းခိုခန်းတစ်ခုလုံး မော့ကြည့်နေရတဲ့ ပညာအရည်အချင်း အဆင့်အတန်းပဲဥစ္စာ။

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“ဟူဖန်ကိုပဲ သူနဲ့ အသေးစိတ် ဆွေးနွေးခိုင်းလိုက်ပါ၊ ငါကတော့ ဘာမှမသိသလိုပဲ နေမယ်။ သူ့ကိုလည်း ငါနဲ့ပတ်သက်တဲ့ ဆက်ဆံရေးကို ဘယ်သူ့ကိုမှ မပြောဖို့ မှာလိုက်ဦး”

“ဘာဖြစ်လို့လဲ” ချန်ကျန့်က မေးသည်။

“ငါတို့ရဲ့ တကယ့် ဝန်ဆောင်မှုပေးနိုင်တဲ့ စွမ်းဆောင်ရည်ကို မသိစေချင်လို့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အခုထိ ဧည့်သည် လေးယောက်ပဲ လက်ခံဖူးတာကိုး”

“ဟူဖန်ကတော့ ဒီစီးပွားရေးက ဘယ်ကရောက်လာတာလဲဆိုတာ သေချာပေါက် မေးမှာပဲ”

“တက္ကသိုလ်ကျောင်းသားတွေကိုပဲ တစ်ခုခု လုပ်ကြံပြောခိုင်းလိုက်ပေါ့” ဟု ရှန်ယွီက ဆိုလေသည်။

မန်နေဂျာဖြစ်သူက ကြိုးစားချင်စိတ်ရှိလျှင် တည်းခိုခန်း ပြုပြင်မှုမှာ အလွန်ပင် လျင်မြန်လှသည်။ နှစ်ရက်၊ သုံးရက်အတွင်း ချန်ကျန့်သည် ပြုပြင်ရေးလုပ်ငန်းအားလုံးကို ကြီးကြပ်ပေးခဲ့သည် ။ အပြင်နံရံ ဆေးသုတ်ခြင်း၊ အမိုး ရေလုံအောင် ပြုလုပ်ခြင်း၊ ဝင်းထရံ ပြင်ခြင်းနှင့် ဝင်းထဲရှိ အပင်အချို့ကို လဲလှယ်ခြင်းတို့ ဖြစ်သည်။

ရှန်ယွီသည် စတုတ္ထထပ်ရှိ သူ၏ရုံးခန်း ပြတင်းပေါက်မှနေ၍၊ လွန်ခဲ့သော ရက်အနည်းငယ်က မှိုင်တွေနေခဲ့သော တည်းခိုခန်းကြီးမှာ တဖြည်းဖြည်း မည်သို့ သက်ဝင်လှုပ်ရှားလာသည်ကို မြင်တွေ့နေရသည်။ ယနေ့တွင် ဆိုင်းဘုတ်အသစ် ရောက်ရှိလာခဲ့သည်။ ကြီးမားလှသော စာလုံးနှစ်လုံးကို အမိုးပေါ်မှ ဘေးကင်းလုံခြုံရေး ကြိုးများဆွဲကာ အလုပ်သမားများက ချိတ်ဆွဲပေးရလေသည်။ ဝင်းထဲအတွက် နောက်ဆုံးအသုတ် ပန်းပင်များလည်း ယနေ့တွင် ရောက်ရှိလာသည်။

ချန်ကျန့်မှာ တကယ်ကို ပါးနပ်သော မန်နေဂျာတစ်ဦး ဖြစ်သည်။ ဝင်းကြီးမှာ တော်တော်လေး ကျယ်ဝန်းလှသည်။ ယခင်က မြေပြင်ရော၊ အိုးများနှင့်ပါ စိုက်ပျိုးထားသော ပန်းခြံငယ်လေးများစွာ ရှိခဲ့သည်။ အကယ်၍ အရင်အတိုင်းသာ အကုန်လဲလှယ်မည်ဆိုလျှင် ထိန်းသိမ်းရမှာလည်း ခက်ခဲသလို ကုန်ကျစရိတ်လည်း များပေလိမ့်မည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် မန်နေဂျာချန်သည် မြေပြင်ရှိ အပင်များကိုသာ ထားရှိခဲ့သည်။ ဝင်းတံခါးဘေးနှင့် ပြတင်းပေါက်အနားရှိ အလှစိုက်အိုးအချို့မှလွဲ၍ ကျန်သည့်နေရာများကို ဖယ်ရှားကာ၊ ထိုင်ခုံများနှင့် စားပွဲငယ်လေးများဖြင့် အစားထိုးလိုက်သည်။ ထို့ပြင် သူသည် အွန်လိုင်းမှတစ်ဆင့် အဆင်တန်ဆာ ပစ္စည်းလေးများ၊ ထူးထူးဆန်းဆန်း မြေစိုက်မီးလုံးများ၊ ရှေးဟောင်းအိုးများကို ရှာဖွေခဲ့သလို၊ ရွာဟောင်းအထိသွားကာ ကျောက်ပြားဟောင်းများနှင့် သစ်မြစ်ဟောင်းများကိုပါ ရှာဖွေလာခဲ့သည်...။

ယခုအခါ ဝင်းထဲတွင် ချန်းယွီ လိုချင်ခဲ့သော ခမ်းနားထည်ဝါသည့် ခေတ်ဟောင်းပုံစံမျိုး မရှိတော့ဘဲ၊ ထိုအစား ဒေသထွက် အလှအပများနှင့် ပြည့်နှက်နေသော ရိုးရှင်းလှပသည့် သဘာဝ အငွေ့အသက်မျိုး ရရှိနေလေပြီ။ လုပ်ငန်းစဉ်တစ်လျှောက် ချန်ကျန့်သည် ရှန်ယွီကို အကြိမ်များစွာ လာမမေးခဲ့ချေ။ အများအားဖြင့် သူသည် သင့်တော်မည့် နယ်ပယ်အတွင်း၌ ကိုယ်တိုင် ဆုံးဖြတ်ချက်ချလုပ်ဆောင်ခဲ့သည်။ သူသည် ဘော့စ်ကို အလုပ်မရှုပ်စေသော မန်နေဂျာတစ်ဦးဖြစ်သလို၊ သူ၏အရည်အချင်းမှာ ရှန်ယွီ မျှော်လင့်ထားသည်ထက်ပင် သာလွန်နေလေသည်။

သူ တက္ကသိုလ် မတက်ခဲ့ရသည်မှာ နှမြောစရာပင်။ ဤနေရာတွင်ပဲ တစ်သက်လုံး နေသွားမည်ဆိုလျှင်လည်း နှမြောစရာ ကောင်းလှသည်။ ချန်ကျန့်၏ အသံမှာ အပြန်အလှန်စကားပြောစက်မှ ထွက်ပေါ်လာသည် ။

“ဘော့စ်... ဆိုင်းဘုတ် ချိတ်ပြီးသွားပြီ။ အောက်ဆင်းပြီး တစ်ချက်လောက် ကြည့်ပေးပါဦး။ အဆင်ပြေရင် အချောသတ်လိုက်တော့မယ်”

အမှန်အတိုင်း ပြောရလျှင် ဝင်းထဲတွင် လူတွေ အများကြီး ရှိနေသလို၊ တစ်ခါတစ်ရံ အလုပ်မရှိသော ရွာသားများကပါ အသစ်ပြန်ပြင်ထားသော သရဲအိမ်ကို လာရောက်လည်ပတ်နေကြသဖြင့် ရှန်ယွီ အောက်သို့ မဆင်းချင်ချေ။ သို့သော် နောက်ဆုံးတွင် သူ ဝှီးချဲနှင့်ပင် အောက်သို့ ဆင်းလာခဲ့သည်။

“တာယွင် (Da Yin)” ဆိုသည့် စာလုံးနှစ်လုံးမှာ မူလ “ကျန့်ရှီး” နေရာတွင်ပင် ရှိနေပြီး၊ အရွယ်အစားမှာမူ ပို၍ ကြီးမားလှသည်။ မီးခိုးရောင် နံရံပေါ်ရှိ ရိုးရှင်းသော စာလုံးနှစ်လုံးမှာ ထင်ရှားတည်ငြိမ်နေပြီး ကြည့်ရသည်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

ဒါပေမဲ့ ဒီလက်ရေးကတော့... ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဟူသော မူပိုင်အသံထွက်လာသည်။ အစကတည်းက တစ်ယောက်ယောက်ကို စကန် ဖတ်ခိုင်းပြီး ပြန်ညှိခိုင်းလိုက်ရမှာ။ သူ၏ စာလုံးအလှရေးနည်းမှာ အနည်းငယ် လိုအပ်ချက် ရှိနေဆဲပင်။ သို့သော် မိမိတို့ နာမည်များကိုပါ ဆိုင်းဘုတ်ပေါ် တင်ထားသော အထဲက တည်းခိုခန်းများနှင့် နှိုင်းယှဉ်လျှင် “တာယွင်” မှာ ကြည့်လိုက်သည်နှင့် အဆင့်မြင့်မှန်း သိသာလှသည်။

“ဘာလို့ မဲ့နေတာလဲ”

ချန်ကျန့်က ရှန်ယွီ၏ မှတ်ချက်ကို စောင့်နေသော်လည်း ရှန်ယွီမှာ ဘာသံမှ မထွက်သဖြင့် ငုံ့၍ မေးလိုက်သည်။

“ဒီစာလုံးတွေကို ကြည့်ပြီး မဲ့နေတာပါ”

“အရင်ဆုံး နေရာကို အရင်ကြည့်ပါဦး၊ နေရာကကော မဲ့စရာ လိုသေးလား” ချန်ကျန့်က မေးသည်။

ရှန်ယွီ ရယ်မောလိုက်ပြီး

“နေရာကတော့ တအားကောင်းပါတယ်၊ မဲ့စရာ မလိုပါဘူး”

“ဆရာတို့ရေ… အချောသတ်လိုက်တော့ဗျို့! ဒီနေရာဆို အဆင်ပြေတယ်!”

ချန်ကျန့်က အလုပ်သမားများကို လှမ်းအော်လိုက်သည်။

ဘော့စ်ဖြစ်သူ၏ အလုပ်ပြီးသွားသဖြင့် သူ၏ဝှီးချဲကို အိမ်ထဲသို့ ပြန်မောင်းဝင်သွားတော့သည်။ ချန်ကျန့် ဝင်းထဲသို့ ပြန်လှည့်ကြည့်လိုက်ရာ၊ ရွာသားအချို့မှာ လမ်းဘေးတွင် ရပ်လျက်၊ ထိုင်လျက်နှင့် အထဲသို့ လက်ညှိုးညွှန်ပြနေကြသည်ကို တွေ့ရသည်။

ဟုတ်ပါတယ်၊ အဲ့ဒါ ငါတို့ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ခြေမသန်တဲ့ ဘော့စ်ကြီးပါပဲ။

“ဒီနေ့ အကုန်ပြီးပြီလား” ဟူဖန်က ဘေးမှ မေးသည်။

“အင်း” ချန်ကျန့် သက်ပြင်းအရှည်ကြီး ချလိုက်သည် ။ “နောက်ဆုံးတော့ ပြီးသွားပြီ...”

“ဘယ်နေ့ ဖွင့်မှာလဲ။ ကျွန်မ အွန်လိုင်းမှာ နေ့ကောင်းရက်သာလေး ဘာလေး ရှာကြည့်ရမလား”

“ရှာနေဖို့ မလိုပါဘူး” ရှန်ယွီက ဆိုဖာပေါ်တွင် မှီထိုင်ရင်း၊ လက်ကို မြှောက်ကာ လက်ချောင်းများဖြင့် တွက်ချက်နေသည် ။

“ငါပဲ တွက်ပေးမယ်”

ချန်ကျန့် ဖုန်းကို ကိုင်ထားရင်း သူ့ကို အံ့သြတကြီး ကြည့်လိုက်သည် ။

“ဘော့စ် က အဲ့ဒါတွေလည်း တတ်လို့လား”

“မတတ်ဘူး” ရှန်ယွီက တဲ့တိုးပင် ပြန်ဖြေသည်။

“ဒါဆို ဘာတွေကို တွက်နေတာလဲ” ချန်ကျန့် ပို၍ပင် အံ့သြသွားရသည်။

“မင်းတို့ ဘော့စ် ဘာတွေတွက်နေလဲဆိုတာကို တွက်နေတာလေ” ရှန်ယွီက ဆိုသည်။

“ကျွန်တော်...” ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။

“ဝင်းထဲနဲ့ အပြင်လမ်းကို ဒီနေ့ အပြီးသန့်ရှင်းရေး လုပ်နိုင်တယ် မဟုတ်လား”

ရှန်ယွီက လက်ချောင်းဖြင့် ဆက်လက် တွက်ချက်နေသည်။

“အင်း”

“ဗျောက်အိုးတွေနဲ့ အောင်ပွဲခံ မီးရှူးမီးပန်းတွေ ဝယ်ဖို့ အချိန်မီသေးတယ် မဟုတ်လား” ရှန်ယွီက ထပ်မေးသည်။

“ဘော့စ်ချန် သွားဝယ်နေပါပြီ၊ ညစာ မတိုင်ခင် ပြန်ရောက်လာလိမ့်မယ်” ချန်ကျန့်က ပြန်ဖြေပေးလိုက်သည်။

“ဒါဆို မနက်ဖြန် ဖွင့်မယ်” ရှန်ယွီ လက်ဖျောက်တစ်ချက် တီးကာပြောသည်။

“နေ့ကောင်းရက်သာ ရွေးဖို့ မလိုဘူးလား” ချန်ကျန့် ထပ်မံ အတည်ပြုလိုက်သည်။

စီးပွားရေးသမား အတော်များများမှာ ဤကဲ့သို့သော အရာများကို ဂရုစိုက်တတ်ကြပြီး မြို့ဟောင်းအထိသွားကာ တွက်ချက်ခိုင်းလေ့ ရှိကြသောကြောင့် ဖြစ်သည်။

“ငါ ရွေးတဲ့နေ့က အကောင်းဆုံး နေ့ပဲ” ဟု ရှန်ယွီက ဆိုသည်။

“ဒါဆို အချိန်ကကော။ ဗျောက်အိုးဖောက်မယ့် အချိန်တွေကိုကော ရွေးပေးဦးမှာလား”

“အားလုံး နိုးပြီး အဆင်သင့်ဖြစ်တဲ့ အချိန်မှာ ဖောက်ကြတာပေါ့” ဟု ရှန်ယွီက ဆိုလေသည်။

“ကောင်းပြီလေ” ချန်ကျန့် ရှန်ယွီကို ကြည့်လိုက်သည်။ ဤကဲ့သို့ တည်ငြိမ်ပြီး ဘာကိုမှ ဂရုမစိုက်သော စရိုက်မှာ တစ်မျိုးတော့ စိတ်မချရသလို ခံစားရသော်လည်း၊ တစ်ဖက်မှာလည်း အလွန်ပင် စိတ်အေးရစေပါသည်။

“မနက်ဖြန်ညကျရင် သိုအာ ရဲ့ အဖိုးအဘွားတွေနဲ့၊ မင်းရဲ့ ရွှေကောတို့ ဇနီးမောင်နှံကို ညစာ စားဖို့ ဖိတ်ထားလိုက်ဦးနော်” ရှန်ယွီက မှာကြားလိုက်သည်။

ချန်ကျန့် အနည်းငယ် အံ့အားသင့်သွားရသည် ။

“ကျေးဇူးတင်ပါတယ် ဘော့စ်”

“ဘာတွေ လာပြောနေတာလဲ။ ငါ ဘယ်လို ပြန်ပြောရမှန်းတောင် မသိတော့ဘူး”

ရှန်ယွီက မနေတတ်သလို တစ်ချက်ကြည့်ပြီး ပြောလာသည်။ ထိုအမူအရာကြောင့် ချန်ကျန့် ပြုံးလိုက်မိသည်။

ဖွင့်ပွဲမတိုင်ခင် ညတွင် ဝန်ထမ်းများမှာ ညဉ့်နက်သည်အထိ မအိပ်ကြချေ။ ကျောက်ကျဲမှာ မနက်ဖြန်ည အားလုံး အတူတူ စားကြမည့် ညစာအတွက် မီနူးကို ပြင်ဆင်နေဆဲ။ လုံခြုံရေးအဖွဲ့မှာ ဝင်းထဲတွင် သန့်ရှင်းရေးလုပ်ကာ ပစ္စည်းအကြီးကြီးများ ခိုင်ခံ့မှု ရှိမရှိ စစ်ဆေးနေကြသည်။ ဟူဖန်မှာ ဧည့်ကြိုကွန်ပျူတာရှေ့တွင် အရင်က ကျန့်ရှီး သုံးခဲ့သော ပလက်ဖောင်းအမျိုးမျိုးကို လိုက်လံ ပြင်ဆင်နေလေသည်။ အားလုံးက အလုပ်ရှုပ်နေကြသလို စိတ်လည်း လှုပ်ရှားနေကြသည်။

ချန်ကျန့်သည် ဂွမ်းတံကို ကိုင်ကာ ရှန်ယွီ၏ ခြေထောက်ကိရိယာကို ဖြည်းဖြည်းချင်း ပိုးသတ်ပေးနေသည်။

“ပြန်ကောင်းလာတာ တော်တော် မြန်ပုံရတယ် ၊ အပြင်ဒဏ်ရာတွေက မနီတော့ဘူး”

ချန်ကျန့်မှာလည်း ရှန်ယွီကို ဆေးထည့်ပေးရာမှာ ကျွမ်းကျင်နေပြီ။

“အင်း... အရင်ကတော့ တစ်ခါတစ်လေ နာတတ်တယ်၊ ဒီနှစ်ရက်အတွင်းမှာတော့ မနာတော့ဘူး” ရှန်ယွီက ကုတင်ခေါင်းရင်းကို မှီကာ ဖုန်းထဲက ဗီဒီယိုများကို ကြည့်ရင်း ဆိုသည် ။

“နောက် နှစ်လ မပြည့်ခင်မှာတင် ဒါကြီးကို ဖြုတ်လို့ရမယ် ထင်တယ်”

“မသေချာပါဘူး။ အပြင်ဒဏ်ရာ ကျက်တာက အရိုးကျက်တာနဲ့ မတူဘူးလေ” ချန်ကျန့်က ဆိုသည်။

“နိမိတ်မကောင်းတာတွေ မပြောစမ်းနဲ့” ရှန်ယွီက ဟန့်သည်။

“ဒါက အရှိတရားကို ပြောတာပါ” ချန်ကျန့် ဂွမ်းတံကို လဲလိုက်သည် ။

“အရှိတရားကို ရင်ဆိုင်ရမယ်လေ။ ကျွန်တော် လက်ကျိုးတုန်းကတောင် နှစ်လ ကြာခဲ့တာ”

“ဘယ်လိုဖြစ်လို့ ကျိုးတာလဲ” ရှန်ယွီက မေးသည်။

“တံတိုင်းကျော်တက်ရင်း ခြေချော်ကျတာလေ” ဟု ချန်ကျန့်က ဆိုသည်။

“ဘယ်က တံတိုင်းကို ကျော်တာလဲ”

“ကျောင်းက တံတိုင်းပေါ့၊ အတန်းပြေးဖို့လေ” ချန်ကျန့် ပြုံးလိုက်သည်။

“မင်းက အတန်းပြေးဖို့ ဟုတ်လား” ရှန်ယွီ သူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ…

“မင်းက ကျောင်းသားကောင်း တစ်ယောက်လို့ ငါ ထင်နေတာ”

“မဟုတ်ပါဘူး” ချန်ကျန့်က ဆိုသည်။

“လျူဝူ လိုလူမျိုးမှ ကျောင်းသားကောင်းလို့ ခေါ်လို့ရမှာပါ။ ကျွန်တော်ကတော့ ကျောင်းမှာ လျှောက်ဆော့နေတာပဲ၊ စာသင်ရတာ စိတ်မပါဘူး။ အဖေကသာ အတင်း မတိုက်တွန်းရင် ကျွန်တော် အထက်တန်းတောင် တက်မှာ မဟုတ်ဘူး၊ တန်းပြီး အလုပ်ထွက်လုပ်မှာ”

“အမြော်အမြင် မရှိလိုက်တာ မန်နေဂျာရာ” ရှန်ယွီက ဆိုသည်။

“ဒီလို ပတ်ဝန်းကျင်မှာတော့ အမြော်အမြင် သိပ်ရှိလို့ မရဘူးလေ” ဟု ချန်ကျန့်က ပြန်ပြောလိုက်သည်။

ရှန်ယွီ လက်ကို မြှောက်လိုက်ရာ၊ ချန်ကျန့်က သူ့ကို မော့ကြည့်လိုက်သည်။ ရှန်ယွီ၏ လက်မှာ လေထဲတွင် ခေတ္တမျှ တန့်သွားပြီးနောက်၊ ချန်ကျန့်၏ နဖူးပေါ်ကနေ ပွတ်သပ်သွားကာ ဝဲကျနေသော ဆံပင်ကောက်ကောက်လေး တစ်စကို လက်ချောင်းဖြင့် တစ်ချက် လှုပ်ခါလိုက်သည်။

ချန်ကျန့် ကြောင်အသွားပြီး တောင့်တောင့်ကြီး ဖြစ်နေမိသည်။

“ဆက်လုပ်လေ” ရှန်ယွီက မေးစေ့ကို ပင့်ပြလိုက်သည်။

ချန်ကျန့် ခေါင်းငုံ့ကာ ဂွမ်းတံကို လဲလိုက်ပြီး ဆက်လက် ပိုးသတ်ပေးနေသည်။

“မင်းက ဘာဖြစ်လို့ လူတွေက မင်းကို ‘ကောက်ကောက်’ လို့ ခေါ်တာကို မကြိုက်တာလဲ” ရှန်ယွီက မေးသည်။

“မကြိုက်တာ မဟုတ်ပါဘူး” ချန်ကျန့် သက်ပြင်းချလိုက်မိသည်။

“ဒီအတိုင်းပဲ... ကျွန်တော့် ပတ်ဝန်းကျင်မှာ ဘယ်သူမှ ဆံပင်မကောက်ကြဘူးလေ၊ အဲ့ဒါကြောင့် လူတိုင်းက ဒါကို အထူးအဆန်းလို့ ထင်နေကြတာ။ ငယ်ငယ်လေးကတည်းက ‘ကောက်ကောက်’ လို့ အခေါ်ခံရတာ များလာတော့ ငြီးငွေ့လာလို့ပါ”

“ကောက်ကောက်လေး”

ချန်ကျန့် သူ့ကို တစ်ချက် ကြည့်လိုက်သည်။

“ဆံပင်ကောက်” ရှန်ယွီ ထပ်ခေါ်ပြန်သည်။

“ဘာလဲ ခြေမသန်” ချန်ကျန့်က ပြန်ပက်ပါလေရော။

ရှန်ယွီ အားရပါးရ ရယ်မောတော့သည် ။

“မင်းကတော့ တကယ့်ကို လူလည်ပဲ”

နောက်တစ်နေ့ မနက်တွင် ဝန်ထမ်းအားလုံး စောစော ထကြလေသည်။ မနက်စာ စားပြီးနောက် ဖွင့်ပွဲ အခမ်းအနားအတွက် စတင် ပြင်ဆင်ကြတော့သည်။ အမှန်တကယ်တော့ အခမ်းအနားက ရိုးရှင်းလှပါသည်။ သူတို့အဖွဲ့အပြင် တခြား ဘယ်သူ့ကိုမှလည်း မဖိတ်ထားသလို၊ ဆက်သွယ်လို့လည်း မရချေ။ ရောင်စုံမီးများ ချိတ်ဆွဲခြင်း၊ ဗျောက်အိုးဖောက်ခြင်းနှင့် အောင်ပွဲခံ မီးရှူးမီးပန်းလေးအချို့ကို လှည့်ဖွင့်ခြင်းတို့သာ ဖြစ်သည်။

“ငါတို့ ဘော့စ်က တော်တော် မိုက်တယ်လို့ မထင်ဘူးလား” ဟူဖန်က ချန်ကျန့်ကို တိုးတိုးလေး မေးသည်။

“ဟင် ဘာလို့လဲ”

“ဒီအတိုင်းပဲလေ... ဘာကိုမှ ဂရုမစိုက်သလိုပဲ။ သူ လုပ်ချင်တာကိုပဲ သူ လုပ်တာ။ သူလုပ်ပုံကိုင်ပုံက တအား မိုက်တယ်”

“ဟုတ်တယ်” ချန်ကျန့် ခေတ္တစဉ်းစားပြီးမှ

“ဟုတ်ပါတယ်”

“ဒါတွေကို အိမ်ရှေ့လမ်းပေါ်မှာပဲ ဖြန့်ထားလိုက်ရမလား”

ချန်အာဟူသည် ဗျောက်အိုး ခွေအကြီးကြီးကို ကိုင်ကာ ဝင်းတံခါးအပြင်ဘက်မှာ ရပ်၍ မေးသည်။

“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

ချန်အာဟူက ဆန်းပင်းတို့ကို ဗျောက်အိုးဖြန့်ရန် ညွှန်ကြားနေစဉ်မှာပင်၊ သူ၏ အကြည့်မှာ လမ်းဆုံက နားနေဆောင်ဘက်သို့ ရောက်သွားပြီး

“တောက်! သူတို့တွေ ဘာသဘောလဲ” ဟု အော်လိုက်သည်။

“ဘာဖြစ်လို့လဲ” ချန်ကျန့် ချက်ချင်း အပြင်ထွက်ကြည့်လိုက်သည်။

လူတစ်အုပ်သည် ပန်းခြင်းများစွာကို ကိုင်ဆောင်ကာ သူတို့ဘက်သို့ လျှောက်လာနေကြသည်။ ထိုလူအုပ်ထဲတွင် တည်းခိုခန်းပိုင်ရှင် ဘော့စ်အချို့လည်း ပါရှိသည်။

“ငါတို့ သူတို့ကို မဖိတ်ထားပါဘူးနော်” ဆန်းပင်းက သတိရှိစွာ ဆိုသည် ။

“ပန်းခြင်းတွေပေါ်မှာ ဘာတွေ ရေးထားတာလဲ။ ရန်စတဲ့ စာတွေလား”

“‘ဖွင့်ပွဲ ဂုဏ်ပြုပါတယ်’ ဆိုတာတွေပါပဲ” ဟူဖန်က မျက်စိကို မှေးပြီး ကြည့်ရင်း ဆိုသည်။ “ပန်းခြင်းတွေကတော့ ပုံမှန်ပါပဲ”

“မဖိတ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေလား” ချန်အာဟူလည်း သတိထားသွားသည်။

“ငါတို့ ဖိတ်ထားတာပါ” ချန်ကျန့်က ကိုယ်ကို လှည့်ပြီး ဝှီးချဲပေါ်က ရှန်ယွီကို ကြည့်လိုက်သည် ။

“ဘော့စ်ရှန်က အရင်က ဟယ်လျန်ကို လာရောက် ကြည့်ရှုဖို့ ဖိတ်ထားခဲ့တာလေ”

ထိုလူတွေ တကယ် ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ၊ ၎င်းပြင် ဝန်ထမ်းတစ်အုပ်ကြီးနှင့်ပါ လာကြသည် မဟုတ်လား။ ထိုပန်းခြင်းတွေသာ မပါလျှင် ရန်လာဖြစ်ကြသည်နှင့် တူနေပေလိမ့်မည်။ ပန်းခြင်းတွေ ပါနေလျှင်တောင်မှ ကြည့်ရသည်မှာ သိပ်တော့ မထူးလှချေ။

“ဘာလုပ်ရမလဲ” ချန်အာဟူက မေးသည်။

“ဧည့်ခံရမှာပေါ့” ချန်ကျန့် ထိုလူများထံသို့ လျှောက်သွားသည် ။

“ဗျောက်အိုး မဖောက်သေးနဲ့ဦး၊ သူတို့ အထဲဝင်သွားမှ ဖောက်ကြတာပေါ့”

“ကောင်းပြီလေ” ချန်အာဟူ ပြန်ထူးလိုက်သည်။ လူအုပ်စုမှာ တံခါးဝတွင် ရပ်၍ သူတို့ကို ကြည့်နေကြသည်။ သူသည်လည်း ယနေ့တွင် လူစုလူဝေးဖြစ်အောင် သူ၏ ညီအစ်ကိုများအားလုံးကို လာခိုင်းထားသဖြင့်၊ တကယ်လို့ ရန်ဖြစ်ကြမည်ဆိုလျှင်လည်း အသာစီးရမှာ အသေအချာပင်။

“ဘော့စ်ဟယ်” ချန်ကျန့်က ပြုံး၍ နှုတ်ဆက်လိုက်သည်။ သူသည် ထိုပိုင်ရှင်များနှင့် ယခင်က ဆုံဖူးသော်လည်း၊ ဒီရက်ပိုင်း ပဋိပက္ခဖြစ်မှသာ သူတို့ နာမည်များကို မှတ်မိခဲ့ခြင်း ဖြစ်သည်။

“ဘော့စ်ယန်၊ ဘော့စ်လျူ... လာပေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ”

“ရပါတယ်” ဟယ်လျန်က ပြုံး၍ ဆိုသည် ။ “ငါ့ကို ဘော့စ်လို့ မခေါ်ပါနဲ့၊ အစ်ကိုလို့ပဲ ခေါ်ပါ”

“ကြွကြပါဦး ခင်ဗျာ” ချန်ကျန့်က သူတို့ကို ဝင်းထဲသို့ ဖိတ်ခေါ်လိုက်သည် ။

“ကျွန်တော်တို့ ဘော့စ်ရှန်က ခြေထောက်ဒဏ်ရာကြောင့် အပြင်အထိ ထွက်မကြိုနိုင်လို့ပါ...”

“ဘော့စ်ရှန်က ငါတို့ကို ရက်အတိအကျ မပြောခဲ့ဘူးလေ” ဟယ်လျန်က ဆိုသည် ။

“ဒါကြောင့် ငါတို့က စောစောစီးစီး ပြင်ဆင်ထားရတာ၊ ဒီနေ့မနက် မင်းတို့ ပြင်နေတာ မြင်မှပဲ အပြေးအလွှား လာခဲ့ကြတာ...”

“အားနာစရာကြီးဗျာ၊ ကျွန်တော်တို့ဘက်က လိုအပ်သွားပါတယ်” ချန်ကျန့်က ဆိုလိုက်သည်။

“ကြွကြပါရှင်” ဟူဖန်က တံခါးဝတွင် ချန်ကျန့်၏ အလုပ်ကို လွှဲယူလိုက်သည်။

“ဝင်းထဲမှာ ခဏ ထိုင်ကြပါဦး၊ ကျွန်မတို့ အခမ်းအနားက အခုပဲ စတော့မှာပါ”

ချန်ကျန့် ရှန်ယွီကို လှမ်းကြည့်လိုက်သည်။ ရှန်ယွီ၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေပြီး ထိုသူများကို နှုတ်ဆက်စကား ဆိုနေလေသည်။ ပုံမှန်ဆိုလျှင် သူသည် ချိုင်းထောက်နှင့် လေအဟုန်ဖြင့် လမ်းလျှောက်နိုင်သလို၊ လောလျှင် ခြေတစ်ဖက်တည်းနှင့်ပင် ခုန်သွားနိုင်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ သူ ဝှီးချဲပေါ်၌ပင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ယဉ်ကျေးသော်လည်း မာန်အနည်းငယ် ပါနေသလိုမျိုးပေါ့။

တံခါးဝတွင် ဆုံကြသော နှစ်ဖက်ဝန်ထမ်းများမှာမူ သူတို့၏ ဘော့စ်များကဲ့သို့ ပါးနပ်မှု မရှိကြချေ။ သူတို့သည် အရင်က အပြန်အလှန် ဆဲဆိုခဲ့ဖူးကြသော်လည်း တိုက်ရိုက် ပဋိပက္ခတော့ မရှိခဲ့ကြချေ။ အရင်က တကယ် ရန်ဖြစ်ခဲ့သော ကတုံးနှင့်လူမှလွဲ၍ ကျန်သည့်လူများမှာမူ တစ်ယောက်ကိုတစ်ယောက် ရိုးရိုးသားသားနှင့် စိတ်ပါလက်ပါ နှုတ်ဆက်နေကြလေသည်။

“အထဲဝင်ပြီး ခဏ ထိုင်ကြပါဦး” ဆန်းပင်းက ဆိုသည်။

“ပြင်ဆင်ပြီးတာနဲ့ ဗျောက်အိုး ဖောက်ကြတာပေါ့”

“ကူညီဖို့ လိုသေးလား” တစ်ယောက်က မေးသည်။

“မလိုပါဘူး၊ ခဏနေရင် ပြီးပါပြီ” လောင်စစ်က လက်ဝှေ့ယမ်းပြသည်။

ချန်ကျန့်သည် ပန်းခြင်းများကို တံခါးဘေးတွင် စနစ်တကျ စီထားလိုက်သည်။ တည်းခိုခန်း သုံးခုမှ နှစ်ခြင်းစီ ပေးထားသဖြင့် စုစုပေါင်း ခြောက်ခြင်း ရှိလေသည်။ အိမ်ရှေ့လမ်းသွယ်လေးမှာ မကျယ်လှသဖြင့် ထိုပန်းခြင်းအချို့နှင့်တင် တစ်လမ်းလုံး ပြည့်နှက်ကာ စည်ကားသွားတော့သည်။

“ဖောက်ကြတော့ဟေ့!” ချန်အာဟူက တံခါးဝမှနေ၍ အော်လိုက်သည် ။

“ဘော့စ်ရှန်... လာပြီး မီးညှိပေးပါဦး!”

“မန်နေဂျာပဲ ညှိလိုက်ပါ” ရှန်ယွီက လှမ်းပြောသည်။

“ဟေး! ဒါကတော့ ဘော့စ်ရှန် ကိုယ်တိုင် ညှိမှ ဖြစ်မှာပေါ့” ဘော့စ်ယန်က ဝင်ပြောသည်။

“တာဝန်ရှိသူကပဲ ညှိရမှာပေါ့” ရှန်ယွီက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။

“သဘောထား ကြီးလှချည်လား”

ဘော့စ်ယန်မှာ ရယ်ပြရုံသာ တတ်နိုင်တော့ပြီး လက်မထောင်ပြလိုက်သည်။

ချန်ကျန့်မှာ ရှန်ယွီ၏ ပါးစပ်ကြောင့် တကယ်ပင် စိုးရိမ်နေရသည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး စကားဆက်မနေစေရန် သူသည် အမြန်သွားကာ ဆန်းပင်း၏ လက်ထဲမှ မီးခြစ်ကို ယူ၍ ဗျောက်အိုးကို မီးညှိလိုက်တော့သည်။

ဗျောက်အိုးသံများ တဒိုင်းဒိုင်းနှင့် မြည်ဟိန်းသွားသည့်အခါ၊ လူတစ်အုပ်သည် အောင်ပွဲခံ မီးရှူးမီးပန်းများကို လှည့်ဖွင့်လိုက်ကြရာ မီးခိုးများကြားမှ တောက်ပသော အရောင်အသွေးများ ပျံတက်သွားပြီး အားလုံး၏ အော်ဟစ်သံများနှင့်အတူ

“ဖွင့်ပွဲ အောင်မြင်ပါစေ”

အခြား ဖျော်ဖြေမှုများ မရှိသည့်အတွက် ဗျောက်အိုးဖောက်ပြီးနောက် ချန်ကျန့်သည် ထိုပိုင်ရှင်များကို တည်းခိုခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

“ဘော့စ်တို့ကို လိုက်လံပြသပေးလိုက်ပါဦး” ရှန်ယွီက ဆိုသည်။

“ဒါဆိုလည်း ကြည့်ကြတာပေါ့!” ဟယ်လျန်က ပြုံး၍ ဆိုသည်။

“ဖန်ဖန်... မင်း မန်နေဂျာနဲ့အတူ လိုက်သွားပေးလိုက်ပါ”

ရှန်ယွီက မှာကြားပြီးနောက်၊ ထိုသူများကို အားနာသည့်အမူအရာဖြင့် ပြုံးပြကာ

“ကျွန်တော့် ခြေထောက်က အဆင်မပြေလို့ပါ၊ အဲ့ဒါကြောင့်...”

မင်းက လူတွေကို ဧည့်ခံရမှာ ပျင်းနေတာပဲ မဟုတ်လား။

“ဘော့စ်ရှန် အနားယူပါ၊ ကျွန်တော်တို့ဘာသာပဲ လိုက်ကြည့်ပါ့မယ်၊ အားနာစရာ မလိုပါဘူး” ဘော့စ်လျူက ဝင်ပြောပေးသည်။

ချန်ကျန့်နှင့် ဟူဖန်တို့သည် ထိုပိုင်ရှင်များကို ဒုတိယထပ်သို့ လှေကားမှတစ်ဆင့် ခေါ်ဆောင်လာခဲ့သည်။ သူတို့၏ ဝန်ထမ်းများမှာမူ ယခုအခါ ဝင်းထဲတွင် ပတ်ကြည့်ရင်ပျော်ရွှင်နေကြပုံရသည်။ ကံကောင်းထောက်မစွာဖြင့် ဟူဖန်မှာ ထူးထူးဆန်းဆန်း ဝတ်စားထားသော်လည်း စကားပြော ကောင်းသူဖြစ်သဖြင့်၊ ချန်ကျန့်အနေဖြင့် သူမနောက်မှ လိုက်လာရုံနှင့် တစ်ခါတစ်ရံမှသာ စကားဝင်ပြောပေးရုံနှင့် အဆင်ပြေနေလေသည်။

သို့သော် သူ၏ စိတ်ကတော့ မအေးချေ။ ခဏနေလျှင် ဤလူများကို ဘယ်လို ဧည့်ခံရမည်နည်း။ ထမင်းကျွေးရမလား။ တည်းခိုခန်းမှာပဲ စားမလား၊ ဒါမှမဟုတ် အပြင်မှာ သွားစားမလား။ တည်းခိုခန်းမှာ စားမည်ဆိုလျှင်လည်း ကျောက်ကျဲ ပြင်ထားသော ဟင်းတွေက လောက်ပါ့မလား။ မကျွေးဖြစ်ဘူးဆိုရင်တောင်မှ ဟန်ဆောင်ပြီးတော့ စားသွားဖို့ ပြောရဦးမလား...။

တတိယထပ်သို့ ရောက်သည့်အခါ ချန်ကျန့်သည် ဖုန်းကို ထုတ်ကာ ရှန်ယွီထံသို့ စာပို့၍ အတည်ပြုရန် ပြင်လိုက်သည်။ သူ ဖုန်းနှိပ်နေစဉ်မှာပင် ချန်အာဟူထံမှ ဖုန်းဝင်လာခဲ့သည်။

“ဟယ်လို။” သူ ဖုန်းကိုင်လိုက်သည်။

“ချန်ကျန့်... ငါ... ငါ ဒါ ဘယ်လိုဖြစ်သွားလဲ မသိဘူး”

ချန်အာဟူ၏ အသံမှာ အနည်းငယ် တုန်လှုပ်နေသည် ။

“ငါ သူ့ကို လုံးဝ မပြောခဲ့ပါဘူး၊ သူ ဘာလို့...”

“ဘယ်သူလဲ” ချန်ကျန့်သည် သူ၏ မရေရာသော စကားများကြောင့် တစ်ခုခု ဖြစ်ပြီမှန်း သိလိုက်ပြီး အဓိကအချက်ကို အမြန်မေးလိုက်သည် ။

“ဘယ်သူ့အကြောင်း ပြောနေတာလဲ”

“ငါ့အစ်ကိုလေ” ချန်အာဟူက ဆိုသည် ။

“ငါ့အစ်ကို ရောက်နေတယ်”

“ရှန်ယွီ ဘယ်မှာလဲ”

ချန်ကျန့် အသံတိုးတိုးဖြင့် မေးလိုက်သည်။

“သူ ဒီမှာပဲ ရှိတယ်” ချန်အာဟူကလည်း အသံနှိမ့်၍ ပြောသည် ။

“ငါ သူရောက်လာမယ်ဆိုတာ တကယ် မသိတာပါ….”

“ကျွန်တော် အခုပဲ ဆင်းလာခဲ့မယ်”

ချန်ကျန့် ပြောပြီး ဖုန်းချလိုက်လေတော့သည်။

____________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...