Skip to main content

24



အပိုင်း (၂၄)

ရှန်ယွီက ဘာကို ကျေးဇူးတင်နေတာလဲဆိုတာ ချန်ကျန့် ချက်ချင်းစဉ်းစားလို့မရသေးခင်မှာပဲ အရက်နံ့တစ်ခုကို ရလိုက်တာကြောင့် သူ၏အာရုံက ချက်ချင်းပြောင်းလဲသွားသည်။ ရှန်ယွီ၏ ဖန်ခွက်ထဲတွင် တရုတ်အရက်ဖြူ များ ရှိနေခြင်းပင်။

“ဘော့စ် မင်း အရက်မသောက်ရဘူးလေ”

ချန်ကျန့် ဖန်ခွက်ကို ယူပြီး ထပ်မံအနံ့ခံကြည့်လိုက်ရာ ၎င်းမှာ အမှန်တကယ်ပင် တရုတ်အရက်ဖြူ ဖြစ်နေ၏။

ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ ဖန်ခွက်အသေးလေးသာ ဖြစ်သည်။ အကယ်၍ ချန်အာဟူ ကိုင်ထားသည့် လက်ဖက်ရည်ခွက်မျိုးသာဆိုလျှင် ရှန်ယွီမှာ တစ်ခွက်သောက်ပြီးသည်နှင့် ထိုနေရာတင် ပွဲချင်းပြီး သေသွားနိုင်ခြေရှိသည်။

“ဒီနေ့ ငါ ဆေးမသောက်ရသေးဘူး” ဟု ရှန်ယွီက ဆိုသည်။

“အနည်းဆုံးတော့ တစ်ရက်လောက် ခြားရမှာပေါ့!”

ချန်ကျန့်က အသံကို နှိမ့်၍ ပြောရင်း သူ၏ဖုန်းကိုထုတ်ကာ အင်တာနက်တွင် စတင်ရှာဖွေတော့သည်။ မနက်ပိုင်းကမှ ဆိုင်ဖွင့်ပွဲမှာ ရန်ပွဲဖြစ်ထားပြီး၊ ညနေပိုင်းကျမှ ဘော့စ်က အရက်သောက်လို့ အသည်းအသန် ဖျားနာသွားတာမျိုးတော့ အဖြစ်မခံနိုင်ချေ။

“ငါ တစ်ခါမှ ဆေးမသောက်ဖူးပါဘူး”

ချန်ကျန့်၏ ဖုန်းမျက်နှာပြင်ပေါ်တွင် အသည်းအသန် ရိုက်နှိပ်နေသော လက်ချောင်းများ ရပ်တန့်သွားသည်။ သူ ရှန်ယွီကို လှည့်ကြည့်ကာ

“မင်းခြေထောက်က ဒီလောက်အထိ ဒဏ်ရာရထားတာကို ဆေးမသောက်ဘူး ဟုတ်လား”

“ဒါကြီး တပ်ထားတာ တစ်လကျော်ပြီလေ” ရှန်ယွီက ခြေထောက်ကိရိယာကို ညွှန်ပြရင်း ဆိုသည် ။

“ဘယ်သူကများ အကိုက်အခဲပျောက်ဆေးတွေကို အဲ့ဒီလောက်အထိ အကြာကြီး သောက်နေမှာလဲ”

“ဒါဆို မင်းက တကယ်ပဲ...”

ချန်ကျန့် စကားမဆုံးသေးခင်မှာပင် သူတို့နှစ်ဦးကြားထဲသို့ လက်မောင်းတစ်ဖက် လှမ်းဝင်လာသည်။

“ငါ သိသားပဲ” ချန်အာဟူက ဖန်ခွက်ကို ကိုင်ကာ ရောက်လာခြင်းဖြစ်ပြီး မျက်နှာမှာလည်း နီရဲနေပြီဖြစ်သည် ။

“ဘော့စ်ရှန်... မင်း ငါ့ကို လိမ်ခဲ့တာပဲ...”

ချန်ကျန့်မှာ လန့်သွားရသည်။ သူက အသံတိုးတိုးလေးနှင့် ပြောနေတာကိုတောင် ချန်အာဟူက ကြားသွားတာလား။ နားက အဲ့ဒီလောက်တောင် ကောင်းတာလား။

“အခုနက မင်း တရုတ်အရက်ဖြူ သောက်နေတာ မဟုတ်လား!” ချန်အာဟူက ဖန်ခွက်အသေးလေးကို လက်ညှိုးထိုးပြသည် ။

“ဟုတ်တယ်မလား!”

ကြည့်ရတာ မျက်စိလည်း တော်တော်အားကောင်းပုံရသည်။

“ဒီရက်ပိုင်း ဆေးမသောက်ရသေးလို့ပါ”

ရှန်ယွီက ဖန်ခွက်ကို မကာ အရက်အနည်းငယ် ထပ်ဖြည့်လိုက်ပြီး ချန်အာဟူ၏ခွက်နှင့် တိုက်လိုက်သည်။

“ပင်ပန်းသွားပြီနော် ဘော့စ်ချန်”

ချန်အာဟူမှာ မူးနေပြီ ဖြစ်ဟန်ရှိသည်။ စိတ်ခံစားချက်တွေကလည်း ထိန်းမရအောင် ဖြစ်နေပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလာကာ…

“မပင်ပန်းပါဘူး၊ ဒါပေမဲ့ ငါက မင်းကို ညီအစ်ကိုလို သဘောထားတာကို၊ မင်းကကျတော့...”

“ဘော့စ်ချန်”

ချန်ကျန့်က သူ၏လက်မောင်းကို လှမ်းဆွဲကာ ထရပ်လိုက်ပြီး၊ ရှန်ယွီဆီသို့ ပစ်ဝင်တော့မည့် ချန်အာဟူကို ပြန်တည့်ပေးလိုက်ရသည်။ ထို့နောက် ရှန်ယွီ၏လက်ထဲမှ အရက်ခွက်ကို ယူကာ ချန်အာဟူ၏ရှေ့တွင် မြှောက်ပြလိုက်သည်။

“မင်းက ငါ့ကိုရော ညီအစ်ကိုလို သဘောထားသေးလား။ ဒီခွက်ကိုရော သောက်မှာလား”

“သောက်မှာပေါ့!” ချန်အာဟူ ခေါင်းကို အပြင်းအထန် ညိတ်ပြသည်။

“ငါတို့က ညီအစ်ကိုလေ!”

ထိုအရက်တစ်ခွက်ကို သောက်ပြီးနောက်တွင် ချန်အာဟူ၏ ခြေထောက်များမှာ ပျော့ခွေသွားတော့သည်။ လောင်စစ်နှင့် လောင်ဝူတို့ ရောက်လာကြပြီး ဆန်းပင်းနှင့်အတူ သူ့ကို ဧည့်ခန်းထဲသို့ ဝိုင်းကူသယ်သွားကြလေသည်။ ချန်တာဟူ နှစ်မိနစ်ခန့် အိပ်သွားခဲ့သော အခန်းပင် ဖြစ်သည်။ ချန်ကျန့်က ထိုအခန်းကို သန့်ရှင်းရေး မလုပ်ဘဲ ဒီအတိုင်း ထားထားခြင်းမှာ၊ တကယ်လို့ တစ်ယောက်ယောက် အရမ်းမူးသွားရင် ပစ်ထားဖို့အတွက် ဖြစ်သည်။ ချန်ကျန့်မှာ သက်ပြင်းချလိုက်ပြီး ပြန်ထိုင်လိုက်သည်။

“မင်းကတော့ တော်တော် စိတ်ပူတတ်တာပဲ မန်နေဂျာချန်” ဟု ရှန်ယွီက ဆိုသည်။

ငါ မင်းဆီက အရက်ခွက်ကို ယူလိုက်လို့ စိတ်ဆိုးနေတာ မဟုတ်လား

“မင်း တကယ် မသောက်သင့်ဘူး၊ မင်းရဲ့ စားပွဲအောက်မှာ ဆေးတွေ အပုံလိုက်ရှိနေတာ ငါမြင်သားပဲ။ အကိုက်အခဲပျောက်ဆေး မဟုတ်ရင်တောင်မှ လျှော့သောက်သင့်တာပေါ့။ ဒဏ်ရာရထားတဲ့အချိန်မှာ အရက်မသောက်သင့်ဘူးလေ”

ရှန်ယွီက သက်ပြင်းချရုံသာ ချလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ဘေးက ကိုလာကိုသာ တစ်ငုံသောက်လိုက်သည်။ ချန်ကျန့် ခဏတိတ်ဆိတ်သွားပြီးမှ သူတို့ စောစောက ပြောလက်စ စကားကို သတိရသွားသည်။

“အခုနက မင်း ကျေးဇူးတင်တယ်လို့ ပြောခဲ့တယ်လေ...”

ထိုကျေးဇူးတင်စကားကို သတိရတိုင်း သူ၏နှာခေါင်းထဲတွင် တစ်မျိုးကြီး ခံစားနေရဆဲ ဖြစ်သည်။ စကားလမ်းကြောင်းက တခြားရောက်သွားခဲ့သော်လည်း သူက အဲ့ဒီဆီကိုပဲ ပြန်သွားချင်နေမိသည်။

“ဘော့စ် တစ်ယောက်အနေနဲ့ င့ါကို အဲ့ဒီလောက်ကြီး... အားနာနေစရာ မလိုပါဘူး”

ရှန်ယွီ ကုလားထိုင်ပေါ် မှီထိုင်ရင်း ခေါင်းလှည့်ကာ သူ့ကို ကြည့်လိုက်သည်။

“ချန်ကျန့်…မင်းကတော့ တကယ်ပါပဲ...”

“ဟင်။” ချန်ကျန့် ရှန်ယွီ့ကို ကြည့်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ သွား... ဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ဦး” ရှန်ယွီက မေတစ်ချက်ငေ့ါကာ အချက်ပြလိုက်သည်။

“ဟူဖန် တစ်ယောက်တည်း ဟိုပြေးဒီပြေးနဲ့ အလုပ်ရှုပ်နေတာ ကြည့်ဦး”

“ဟုတ်ကဲ့” ချန်ကျန့် ထရပ်လိုက်သည်။

ယနေ့တွင် လူအတော်များများ ရှိနေကြသလို အားလုံးမှာလည်း ရင်းနှီးသူများ ဖြစ်ကြသဖြင့် အေးအေးဆေးဆေး စားသောက်နေကြလေသည်။ ကလေးများမှာ ဗိုက်ဝသည်နှင့် ပြေးလွှားဆော့ကစားနေကြပြီး လူကြီးများကလည်း နောက်ကနေ လှမ်းအော်နေကြသည်။ ရှောင်သိုအာကို ထားလိုက်ပါဦး၊ ချန်ကျန့်ကိုယ်တိုင်ပင် နှစ်သစ်ကူးပွဲတော် ရောက်နေသလိုမျိုး ခံစားနေရသည်။ သူ ဟိုတယ်မှာ အလုပ်လုပ်တုန်းကဆိုလျှင် နှစ်သစ်ကူးညတိုင်းမှာ ကလေးတွေ ပြေးလွှားနေတာကို လူကြီးတွေက လိုက်ဖမ်းနေကြတာမျိုး အမြဲ မြင်တွေ့နေကျ မဟုတ်လား။

သူသည် စားပွဲဝိုင်းများကို လှည့်လည်ကာ စကားပြောရင်း စားပွဲသောက်ပွဲ ပြီးဆုံးခါနီးမှ သူ၏စားပွဲဝိုင်းသို့ ပြန်လာခဲ့သည်။ သို့သော် ရုတ်တရက် ရှန်ယွီမှာ သူ၏နေရာတွင် မရှိတော့သလို ဝှီးချဲမှာလည်း ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်သိုအာ၏ အဖိုးကို မေးရန် ပြင်စဉ်မှာပင် တန်ရွှေက ဖန်ခွက်ကို ကိုင်ကာ ရောက်လာခဲ့သည် ။

“စောစောက မင်းနဲ့ သေသေချာချာ စကားမပြောလိုက်ရဘူး”

“ရွှေကော” ချန်ကျန့် ပြုံးပြလိုက်သည်။

“မင်းတော့ အရက် ထပ်မသောက်နဲ့တော့၊ တော်တော် သောက်ထားပုံရတယ်” တန်ရွှေက သူ၏ခွက်ထဲရှိ အရက်ကို မော့ချလိုက်ရင်း ဆိုသည် ။

“ငါပဲ သောက်ပါ့မယ်”

“မင်း ကားမောင်းလာတာ မဟုတ်လား” ချန်ကျန့်က မေးလိုက်သည်။

“ဒီနေ့တော့ ဆိုင်ကို ပြန်မသွားတော့ဘူးလေ” တန်ရွှေက သူ၏ပုခုံးကို ပုတ်ကာ ဆိုသည် ။

“ချန်ကျန့်... မင်းတော့ တကယ်ပဲ ဟန်ကျသွားပြီ။ ငါ အရင်က ကားလာပို့တုန်းက တစ်ခါပဲ ရောက်ဖူးတာ၊ အထဲကိုတောင် မဝင်ခဲ့ဖူးဘူး။ ဒီနေရာက ဒီလောက်ထိ လှမယ်လို့ မထင်ထားဘူး၊ တကယ့်ကို ကောင်းတဲ့နေရာပဲ။ အခု အကုန်လုံးက မင်းပိုင်တာ ဖြစ်သွားပြီဆိုတော့... အောင်မြင်အောင် လုပ်နော်!”

“ရွှေကော... ဒါက ကျွန်တော့်ဟာ မဟုတ်ဘူးလေ” ချန်ကျန့်က ပြုံးလျက် ဆိုလိုက်သည်။

“မင်း စီမံခန့်ခွဲနေတာပဲလေ” တန်ရွှေက စိတ်လှုပ်ရှားစွာဖြင့် သူ၏ကျောကို ပုတ်လိုက်သည်။

“မင်းကတော့ အမြဲတမ်း အောက်ခြေဝန်ထမ်းပဲ လုပ်နေမှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ။ တကယ့်ကို ကောင်းတဲ့ကလေး! ငါတို့တွေ မင်းအတွက် တကယ်ကို ဝမ်းသာပါတယ်”

“ကျေးဇူးပါ ရွှေကော”

တန်ရွှေကို ချန်ရှောင်ဟူက လာခေါ်သွားသည့်အခါ ချန်ကျန့်သည် ရှောင်သိုအာ၏ အဖိုးထံသို့ လျှောက်သွားကာ မေးလိုက်သည် ။

“အဖိုး... ကျွန်တော်တို့ ဘော့စ် ဘယ်သွားလဲ မြင်လိုက်လား”

“အပေါ်ကို ခဏတက်ပြီး နားမယ်လို့ ပြောသွားတယ် ။ ဒီရက်ပိုင်း ဖွင့်ပွဲအတွက် အလုပ်ရှုပ်လို့ ပင်ပန်းနေလို့ ဖြစ်မှာပေါ့။ ပြီးတော့ သူ့ခြေထောက်ကလည်း အဲ့ဒီလိုဆိုတော့”

မဟုတ်ဘူး အဖိုးရဲ့၊ သူ ပင်ပန်းနေတာ မဟုတ်ပါဘူး။

သူက သူ့ရဲ့ စက်ကိုတောင် ဖွင့်ဖို့ ပျင်းနေတဲ့ လူပျင်းကြီးလေ။ ပင်ပန်းတာက ကျွန်တော်ပါ။

“ဟုတ်ကဲ့၊ နားလည်ပါပြီ။ ကျွန်တော် အပေါ်တက်ပြီး သွားကြည့်လိုက်ပါ့မယ်။ အဖိုးတို့ ပြန်တော့မယ်ဆိုရင်လည်း ကျွန်တော့်ကို ပြောနော်၊ လိုက်ပို့ပေးမယ်”

“မလိုပါဘူး” အဖိုးက လက်ဝှေ့ယမ်းပြသည် ။

“ချန်ကျားလီ (ဆန်းပင်း) က ပြောတယ်၊ သူ့မရီးနဲ့အတူ ပြန်ခိုင်းလိုက်မယ်တဲ့။ ဒီည ကလေးတွေနဲ့အတူ ရွာမှာပဲ အိပ်ကြမှာဆိုတော့ လမ်းကြုံပါတယ်၊ ငါတို့အတွက် စိတ်မပူနဲ့”

ချန်ကျန့် ဟိုဘက်က ဆန်းပင်းကို လှမ်းကြည့်လိုက်သည်။ ဘော့စ်ချန်၏ တစ်ဦးတည်းသော သတိရှိနေသေးသည့် ဝန်ထမ်း ချန်ကျားလီက သူ့ကို ခေါင်းညိတ်ပြပြီး ပြုံးကာ ဖန်ခွက်ကို မြှောက်ပြနေသည်။ ကြည့်ရသည်မှာ တော်တော်လေးကို တည်ငြိမ်နေပုံရသည်။

ဟင်။...သူလည်း တကယ်တမ်း သတိရှိနေတာ မဟုတ်လောက်ပါဘူး

ချန်ကျန့် စားသောက်ခန်းထဲရှိ လူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဓာတ်လှေကား တံခါးဆီသို့ လျှောက်သွားခဲ့သည်။ ဓာတ်လှေကား အချက်ပြခလုတ်မှာ စတုတ္ထထပ်တွင် ရှိနေသည်ကို တွေ့ရသဖြင့် ရှန်ယွီ တကယ် အပေါ်တက်သွားမှန်း သေချာသွားသည်။ ချန်ကျန့် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခလုတ်ကို နှိပ်ကာ ဓာတ်လှေကား ဆင်းလာသည်ကို စောင့်ပြီး တက်လိုက်သည်။ အထပ်ခလုတ်ကို နှိပ်ရန် ပြင်သည့်အခါ သူ ခဏရပ်သွားပြီး၊ မျက်နှာချင်းဆိုင်ရှိ သတ္တုနံရံတွင် ထင်ဟပ်နေသော ခလုတ်ခုံကို ကြည့်ကာ လက်ညှိုးဖြင့် လှမ်းထိုးလိုက်သည်။ လွဲသွားသည်။ သူ ထပ်မံ ချိန်ပြီး ထပ်ထိုးလိုက်သည်။ တတိယထပ်ကို နှိပ်မိသွားသဖြင့် ဓာတ်လှေကားမှာ အပေါ်သို့ စတင် တက်သွားတော့သည်။

ထားလိုက်ပါတော့လေ သူ သက်ပြင်းချလိုက်ပြီး စတုတ္ထထပ်ကို ပြန်နှိပ်လိုက်သည်။ အပြင်က ဆူညံသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် သူ ယနေ့ တော်တော်လေး သောက်ထားမိမှန်း သိလိုက်ရသည်။ အခု နံရံကို မှီထားသည့်အခါ ခေါင်းက နည်းနည်း မူးချင်လာသည်။ သူသည် များသောအားဖြင့် တန်ရွှေနှင့် တစ်ခါတစ်ရံမှသာ သောက်လေ့ရှိပြီး ယခုကဲ့သို့ အများကြီး သောက်ရသည့် အခိုက်အတန့်မှာ ရှားလှသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် စကားပြောခြင်းနှင့် လမ်းလျှောက်ခြင်းမှာတော့ ပုံမှန်ရှိနေသေးသည်။

ရုံးခန်းမီး လင်းနေပြီး တံခါးမှာလည်း ဟဟလေး ဖြစ်နေသည်။ ချန်ကျန့် အနားသို့ လျှောက်သွားကာ တံခါးခေါက်လိုက်သော်လည်း ဘာသံမှ မကြားရချေ။ သူ ခေါင်းတစ်ဝက် ပြူဝင်ကြည့်လိုက်သည့်အခါ ရှန်ယွီမှာ ဆိုဖာပေါ်တွင် လှဲနေပြီး၊ လက်တစ်ဖက်ဖြင့် မျက်လုံးများကို အုပ်ထားကာ ခြေထောက်များကိုတော့ ဟို ခေါင်းအုံးပုံကြီးပေါ်တွင် တင်ထားသည်ကို တွေ့ရသည်။

“ဘော့စ်ရှန်”

ချန်ကျန့် ခပ်တိုးတိုး လှမ်းခေါ်လိုက်သည်။ ရှန်ယွီမှာ အိပ်မပျော်သောရောဂါ ရှိသဖြင့် ဤမျှလောက် စောစောစီးစီး အိပ်ပျော်သွားမှာ မဟုတ်သလို၊ ခုနက အရက်တစ်ခွက်လေးနှင့်လည်း မူးမှာ မဟုတ်ချေ။ မလှုပ်မယှက် ရှိနေခြင်းမှာ တော်တော်လေး ထူးဆန်းလှသည်။ အထူးသဖြင့် ချန်ကျန့်ကိုတောင် ဘာမှ မပြောဘဲ ထွက်လာခဲ့ခြင်း ဖြစ်သောကြောင့်တည်း။

“ကျွန်တော် ချန်ကျန့်ပါ” ချန်ကျန့် ရုံးခန်းထဲသို့ လှမ်းဝင်လိုက်သည် ။

“ကျွန်တော် ဝင်လာမယ်နော်၊ ဘာဖြစ်လို့လဲ”

ရှန်ယွီက ဘာသံမှ မထွက်သလို လှုပ်လည်း မလှုပ်ချေ။ ငြိမ်သက်စွာ လှဲနေဆဲပင် ဖြစ်သည်။

“ရှန်ယွီ။”

ချန်ကျန့် အနည်းငယ် ထိတ်လန့်သွားမိသည်။ အရက်ရှိန်ကြောင့်လားမသိ၊ သူ၏ အတွေးများက ပို၍ များပြားနေပြီး အကြောင်းပြချက်မရှိဘဲ စိုးရိမ်စိတ်များ ဝင်လာမိသည်။ သူ ဆိုဖာဘေးသို့ သွားကာ အခြေအနေကို ကြည့်သော်လည်း ဘာမှ ထူးခြားမှု မတွေ့ရချေ။

“ရှန်ယွီ။”

သူ ထပ်မံ၍ ခပ်တိုးတိုး ခေါ်လိုက်ပြီး၊ ရှန်ယွီ၏ အသက်ရှူသံကို ကြားရရန် ငုံ့၍ နားစွင့်လိုက်သည်။ ပြောရမည်ဆိုလျှင် ရှန်ယွီ၏ အသက်ရှူသံမှာ လုံးဝ မကြားရသလောက်ပင်။ ရှောင်သိုအာ အိပ်ပျော်နေစဉ် အသက်ရှူသံကမှ ပို၍ ကျယ်ဦးမည်။ ထို့ပြင် အောက်ထပ်က ဆူညံသံများကြောင့် သူ၏နားထဲတွင် အခုထိ အူနေဆဲဖြစ်သဖြင့် အခြားအသံများကို သဲသဲကွဲကွဲ မကြားရခြင်းလည်း ဖြစ်နိုင်သည်။

သူ ကိုယ်ကို ပြန်မတ်ရန် ပြင်စဉ်မှာပင် ရှန်ယွီ၏ လက်မောင်းမှာ ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားပြီး “မီးပိတ်လိုက်ပါဦး” ဟု ပြောလိုက်လေသည်။

“အာ...” ချန်ကျန့်မှာ အသက်ရှူပင် ရပ်သွားတော့မတတ် ဖြစ်ရသည်။ မကောင်းမှု တစ်ခုခု လုပ်နေတုန်း လူမိသွားသလိုမျိုး အကြီးအကျယ် အနေရခက်သွားရခြင်း ဖြစ်သည်။ သူ နောက်သို့ ပြန်ဆုတ်ရန် ပြင်စဉ် ဘေးက ခေါင်းအုံးစွန်းတစ်ခုနှင့် ငြိကာ ဆိုဖာရှေ့တွင် ဒူးထောက်လျက်သား လဲကျသွားတော့သည် ။

“ဟုတ်ကဲ့”

ရှန်ယွီက သူ၏လက်မောင်းကို ဖယ်လိုက်ပြီး ခေါင်းလှည့်ကာ သူ့ကို ကြည့်လိုက်သည်။

“ယွမ် တစ်သောင်းလေးထောင်ပဲ ရှိသေးတာလေ။ မတ်တတ်ထပါဦး”

“...ကျွန်တော် ခုနက အရက် နည်းနည်း များသွားလို့ ထင်တယ်”

ချန်ကျန့် စားပွဲကို အားပြုကာ ပြန်ထလိုက်သည် ။

“ဘော့စ် နိုးနေတာလား၊ ဒါမှမဟုတ် ကျွန်တော်ကပဲ နှိုးလိုက်တာလား”

“ငါ့ဘဝမှာ ည ၉ နာရီမှာ အိပ်ပျော်သွားတာမျိုး တစ်ခါမှ မရှိဖူးဘူး”

“ဒါဆို ကျွန်တော် ခေါ်နေတာကို ဘာလို့ ပြန်မထူးတာလဲ။ မင်း တစ်ခုခု... ဖြစ်သွားပြီလို့ ကျွန်တော် ထင်နေတာ”

“ဘာဖြစ်ရမှာလဲ” ရှန်ယွီက ပြုံးပြသည် ။

“ငါ သေသွားပြီ ထင်လို့လား”

ဘယ်သူသိမှာလဲ။ လူက အရက်မူးနေရင် အတွေးတွေက လျှောက်တွေးနေတာပဲလေ။

“နားလိုက်ပါဦး။ ရှောင်သိုအာရဲ့ အဖိုးက မင်းအပေါ်တက်သွားပြီလို့ ပြောလို့ တစ်ခုခု ဖြစ်နေမလားဆိုပြီး လာကြည့်တာပါ”

ချန်ကျန့်က ဆိုကာ တံခါးဘက်သို့ အမြန် လျှောက်သွားသည်။

“အိပ်ခန်းထဲမှာ သွားအိပ်တာ ပိုကောင်းမယ် ထင်တယ်နော်။ ညဘက်က အေးတယ်၊ အအေးမိနေဦးမယ်”

ရှန်ယွီ စကားပြန်ပြောတာကို မစောင့်တော့ဘဲ ချန်ကျန့် ရုံးခန်းထဲကနေ ထွက်ကာ တံခါးကို ပိတ်လိုက်လေသည်။

“ဟေး!”

ရှန်ယွီ အထဲမှ လှမ်းခေါ်လိုက်ပြီးနောက် လေချွန်သံ ခပ်တိုတိုလေး လုပ်လိုက်သည်။

မီးပိတ်ခိုင်းတာပဲ…မေ့သွားတာ

ချန်ကျန့် အမြန် ပြန်ဝင်သွားပြီး၊ တံခါးဖွင့်ကာ နံရံက ခလုတ်ကို ပိတ်လိုက်ပြီးမှ တံခါးကို ပြန်ပိတ်လိုက်ရလေသည်။

သူ အောက်ထပ်သို့ ပြန်ရောက်သည့်အခါ ဧည့်သည်အတော်များများ ပြန်ကုန်ကြပြီ ဖြစ်သည်။ ဟူဖန်နှင့် ဆန်းပင်းတို့က တံခါးဝတွင် လိုက်လံ ပို့ဆောင်ပေးနေကြ၏။ ဝင်းထဲနှင့် အိမ်ရှေ့လမ်းတစ်လျှောက်ရှိ မီးများအားလုံးကို ဖွင့်ထားသဖြင့် အလွန်ပင် လင်းထိန်ကာ စည်ကားနေဆဲပင်။ ချန်ကျန့်သည် ဝင်းအပြင်ဘက် လမ်းပေါ်တွင် ခေတ္တမျှ ရပ်နေပြီးမှ အထဲကို ပြန်လှည့်ကြည့်လိုက်သည်။ နားနေဆောင်တွင် လူအနည်းငယ် ဆေးလိပ်သောက်နေကြပြီး၊ အားလုံးမှာ တည်းခိုခန်းက ဝန်ထမ်းများ ဖြစ်ကြသည်။

ဧည့်သည်အားလုံး ပြန်သွားသည့်အခါတွင် ဝန်ထမ်းများမှာ စားသောက်ခန်းထဲသို့ ယိုင်တိယိုင်တိုင်ဖြင့် ပြန်ဝင်လာကြပြီး သန့်ရှင်းရေး စတင်လုပ်ကြတော့သည်။

“နားထဲမှာ အူနေတာပဲ” ဟူဖန်က သူမ၏ နားကို လက်ဖြင့် ထပ်ခါတလဲလဲ ဖိရင်း ဆိုသည်။

“လူတွေ အပြည့်ရှိနေတဲ့ အခန်းထဲမှာ၊ တစ်ယောက်ကိုတစ်ယောက် ကြားအောင် အော်ပြောနေကြတာရယ်၊ သီချင်းတွေ ဖွင့်ထားတာရယ်ဆိုတော့… နားအူမှာပေါ့”

ကျောက်ဖန်းဖန်းက ပန်းကန်များကို အမြန်သိမ်းရင်း ဆိုသည် ။

“ကျောက်ကျဲ... ကျွန်မတို့ပဲ သိမ်းလိုက်ပါ့မယ်။ သမီးကို သွားကြည့်လိုက်ပါဦးလား” ဟု ဟူဖန်က ဆိုသည်။ ကျောက်ဖန်းဖန်း၏ သမီးမှာ ယနေ့ည စတုတ္ထထပ်ရှိ ဝန်ထမ်းအိပ်ဆောင်တွင် သူမနှင့်အတူ အိပ်မည် ဖြစ်သည်။

“သူ့ကို စိတ်မပူပါနဲ့၊ သူက ငယ်ငယ်ကတည်းက ကိုယ့်ဘာသာကိုယ် နေတတ်ပါတယ်” ကျောက်ဖန်းဖန်းက ပြုံးလျက် ဆိုသည် ။

“ငါတို့ အခြေအနေနဲ့ဆိုတော့၊ သူ့အဖေနဲ့ ငါလည်း သူ့အတွက် အချိန်သိပ်မပေးနိုင်ခဲ့ဘူးလေ။ အချို့ ဘော့စ်တွေဆိုရင် တစ်နေ့ကို ၁၀ နာရီကျော် အလုပ်ခိုင်းပြီး မိနစ် ၃၀ တောင် နားခွင့်မပေးချင်ဘူး”

“ကျွန်မလည်း အဲ့ဒီလို ဘော့စ်တွေနဲ့ အများကြီး ဆုံဖူးတယ်။ဒါကြောင့် ဘော့စ်ရှန်က လူကောင်းတစ်ယောက်လို့ ကျွန်မ ပြောတာပေါ့။ ဒီလို ဘော့စ်မျိုးနဲ့ ဆုံရတာ ဒါ ပထမဆုံးပဲ”

“ဘော့စ်တွေကတော့ အတူတူပါပဲ”

အခန်းထဲမှာ ဝအောင် အိပ်ခဲ့ရသော ချန်အာဟူမှာ အခုမှ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ခြေထောက်ကို ဆန့်ထုတ်ပြီး ခေါင်းကို နောက်လှန်ထားလေသည်။

“မဟုတ်ပါဘူး၊ အကုန်လုံးက အတူတူ မဟုတ်ပါဘူး ။ ဘော့စ်ရှန်က တကယ်ကို ကောင်းတာပါ။ အရင်က ဘော့စ်ချန်းကတော့ စေးနှဲတဲ့အပြင် တအားလည်း ရိုင်းတာ”

ကျောက်ကျဲ စကားကြောင့် ချန်အာဟူက ပြုံးလိုက်သည် ။

“ရှန်ယွီက ဘော့စ်လုပ်တတ်တာပါ၊ လူတွေရဲ့ စိတ်ကို ဘယ်လို သိမ်းကျုံးရမလဲဆိုတာ သူ သိတယ်လေ”

တံမြက်စည်းဖြင့် ကြမ်းတိုက်နေသော ချန်ကျန့်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ချန်အာဟူ မူးနေတာလား၊ ဒါမှမဟုတ် သူ့အစ်ကို ညှစ်လိုက်လို့ ဦးနှောက်ထဲ အောက်ဆီဂျင် ပြတ်သွားတာလားဟု သူ တွေးနေမိသည်။

“သူက လောကအတွေ့အကြုံရှိတယ်၊ စကားပြောတာလည်း တကယ့်ကို စိတ်ရင်းအတိုင်း ရှိသလို၊ လူတိုင်းကိုလည်း တန်းတူ ဆက်ဆံတယ်”

ချန်အာဟူက နှုတ်ခမ်းမဲ့ရင်း ဆိုသည်။

“မင်းတို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြဦး၊ မင်းတို့ထဲက ဘယ်သူကများ ဒီလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံခံရဖူးလို့လဲ။ ဒီနေရာကို ရောက်တာနဲ့ ဒါက ကိုယ့်အိမ်လိုမျိုး ချက်ချင်း ခံစားရပြီး၊ ချက်ချင်းပဲ အနစ်နာခံချင်စိတ်တွေ ပေါက်ကုန်ကြတာ မဟုတ်လား”

“အာဟူကော... အာဟူကော...” ဆန်းပင်း အနားသို့သွားကာ ရေတစ်ခွက် ကမ်းပေးလိုက်သည် ။ “ရေသောက်လိုက်ပါဦး”

“ချန်ကျန့်ကို ကြည့်လိုက်” ချန်အာဟူက ချန်ကျန့်ကို လက်ညှိုးထိုးပြသည် ။

“သူ အရင်က ဘယ်လိုမျိုးလဲ”

“အခုလိုပါပဲ” ဆန်းပင်းက ချန်ကျန့်ကို တစ်ချက်ကြည့်လိုက်သည်။

“အခုကော သူက ဘယ်လိုဖြစ်နေလဲ!” ချန်အာဟူ အသံကျယ်သွားသည်။

“ဒီလိုပဲ... ဆက်ဖြစ်နေတာပါပဲ” ဟု ဆန်းပင်းက ဆိုသည်။

“သူက ရှန်ယွီအပေါ်မှာ အနစ်နာခံနေတာလေ၊ တကယ့်ကို အနစ်နာခံနေတာ!” ချန်အာဟူက သူ၏ပေါင်ကို ဒေါသတကြီး ပုတ်ကာ ဆိုသည် ။

“သူ ချန်းယွီအပေါ်မှာ အဲ့ဒီလိုမျိုး ရှိခဲ့ဖူးလို့လား!”

“ချန်ကျန့်က အခု မန်နေဂျာလေ” လောင်ဝူက မနေနိုင်ဘဲ ဝင်ပြောလိုက်သည် ။

“အရင်က သူ မန်နေဂျာမှ မဟုတ်တာ!”

ချန်ကျန့် သက်ပြင်းချလိုက်မိသည်။

သူက ပိုက်ဆံတောင် ပေးထားသေးတာလေ။

တကယ်လည်း လုပ်စရာတွေ အများကြီး ရှိခဲ့သော်လည်း၊ သူက ပိုက်ဆံတွေ အများကြီး ပေးထားခဲ့သည် မဟုတ်လား။ ချန်ကျန့်က ဆန်းပင်းကို အချက်ပြကာ ချန်အာဟူကို အခန်းထဲ ပြန်ခေါ်သွားရန် ပြောလိုက်သည်။

ချန်အာဟူက ဝမ်းနည်းပက်လက်ဖြင့် မျက်နှာကြီး ရှုံ့မဲ့ကာ ပြောနေတော့သည်။

“ရှန်ယွီက လူတွေရဲ့ စိတ်ကို သိမ်းကျုံးတဲ့နေရာမှာ တအား တော်လွန်းတယ်။ တအား တော်လွန်းတယ်...”

ဆန်းပင်းက ချန်အာဟူကို အခန်းထဲသို့ အတင်း ဆွဲခေါ်သွားရလေသည်။ တံခါးပိတ်လိုက်သည့် အခါတွင် ချန်အာဟူ ငိုနေသည့် အသံကို ချန်ကျန့် ကြားလိုက်ရသည်။

“သူ ဘယ်လောက်တောင် သောက်ထားလို့လဲ!ဘာတွေ လျှောက်ပြောနေတာလဲ မသိဘူး”

ဟူဖန်က မျက်မှောင်ကြုတ်ရင်းမှ ချန်အာဟူကို ဝေဖန်သည်။ လောင်စစ်က သူမကို ကြည့်ကာ သတိလှမ်းပေးသည်။

“ဖန်ဖန်... စကားကို ဆင်ခြင်ဦး။ ငါတို့ ဒီမှာ ရှိနေသေးတယ်လေ”

“ရှင်တို့ ရှိနေတော့ ဘာဖြစ်လဲ။ ရှင်တို့ မတ်တတ်ရပ်နေရင်လည်း ကျွန်မက ဒီအတိုင်းပဲ ပြောမှာပဲ။ ဘာလဲ... ဘော့စ်က ဂုဏ်မမောက်တာက မကောင်းလို့လား”

သူကတော့ တကယ်တမ်း ဂုဏ်မောက်တာပါ၊ တော်တော်လေးကို မောက်တာ

“ဘော့စ်က စိတ်ရင်းကောင်းတာ မကောင်းဘူးလား။ ဒီလို ဘော့စ်မျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ ဒီလိုလူမျိုးက လူဆိုးဖြစ်နိုင်ပါ့မလား”

“ဒါတော့ ဟုတ်ပါတယ်” ဟု လောင်ဝူက ဆိုသည်။

လောင်စစ်က လောင်ဝူကို တစ်ချက် ကြည့်လိုက်သည်။

“အာဟူကော ဘာကို ဆိုလိုမှန်း ငါတို့လည်း မသိပါဘူး။ သူက ချီးကျူးနေတာလား၊ ဒါမှမဟုတ် ဆဲနေတာလားဆိုတာတောင် ငါ နားမလည်တော့ဘူး”

“သူက ချီးကျူးနေတာပါ၊ ဆဲနေတာ မဟုတ်ပါဘူး” ဆန်းပင်းက ချန်ကျန့်ကို နောက်ဖေးဝင်းထဲသို့ ဆွဲခေါ်သွားကာ တိုးတိုးလေး ပြောသည်။

“ငါ သူ့နောက်ကို လိုက်လာတာ ကြာပြီလေ၊ ငါ ခံစားရတာကတော့ သူက ဘော့စ်ရှန်ကို လေးစားတယ်၊ ဒါပေမဲ့ လေးစားရတာကိုလည်း သူ့ကိုယ်သူက မကျေနပ်ဖြစ်နေတာမျိုးပေါ့”

ချန်ကျန့်က ဆန်းပင်းကို ကြည့်လိုက်သည် ။

“မင်းက အလယ်တန်းလောက်ပဲ တက်ခဲ့တာ မဟုတ်လား”

“ဘယ်လို ပြောရမလဲ...ငါက အထက်တန်း ဒုတိယနှစ်အထိ တက်ခဲ့တာပါ”

ချန်ကျန့် ဆန်းပင်းကို ဘာမှ ပြန်မပြောမိချေ။

“ငါ ဆိုလိုတာက၊ သူက ဘော့စ်ရှန်ကို လေးစားမိနေတာကို သူကိုယ်တိုင် ဝန်မခံချင်တာမျိုးပေါ့” ဆန်းပင်းက သက်ပြင်းချရင်း ဆိုသည်။

“သူကိုယ်တိုင်လည်း ငါတို့အပေါ်ကို အဲ့ဒီလို ဘော့စ်မျိုး ဖြစ်ချင်နေတာလေ၊ စကားပြောတတ်တယ်၊ အလုပ်ကိုင်တွယ်တတ်တယ်၊ နောက်လိုက်တွေကလည်း သစ္စာရှိတယ် ဆိုတာမျိုးပေါ့...”

“သွားနားတော့” ချန်ကျန့်က ဆန်းပင်း၏ ပုခုံးကို ပုတ်ပေးလိုက်သည် ။

“ဒီနေ့ အားလုံး ပင်ပန်းနေကြပြီ”

“ကျွန်တော် တစ်ပတ်လောက် ထပ်ပြီး ကင်းလှည့်လိုက်ဦးမယ်” ဟု ဆန်းပင်းက ဆိုသည်။

“ဝင်းထဲကိုတော့ ငါပဲ လှည့်လိုက်ပါ့မယ်။ ငါလည်း အရက်ရှိန် နည်းနည်း သက်သာအောင် လမ်းလျှောက်ချင်လို့ပါ”

ချန်ကျန့် ပြောတော့လည်း ဆန်းပင်း ဆက်မပြောတော့။ ဆန်းပင်း အထဲသို့ ပြန်ဝင်သွားပြီးနောက်၊ ချန်ကျန့်သည် လက်နှိပ်ဓာတ်မီးကို ယူကာ အပြင်လမ်းတစ်လျှောက် တစ်ပတ် လှည့်ပတ်ကြည့်ရှုလေသည်။ ထို့နောက် ဝင်းထဲတွင် ထပ်မံ လှည့်ကြည့်ပြီးနောက်၊ မြောက်ဘက်ထောင့်ရှိ ကျောက်စားပွဲတွင် ရပ်တန့်လိုက်သည်။ ကျောက်စားပွဲကို မှီပြီး ခေတ္တမျှ ငိုင်နေပြီးနောက်တွင် ဘေးရှိ ခုံတန်းရှည်ပေါ်၌ လှဲချလိုက်တော့သည်။

ဤနေရာမှဆိုလျှင် စတုတ္ထထပ်ရှိ ရုံးခန်းကို မြင်နေရသလို၊ ညကောင်းကင်ယံတွင် ဆွဲချိတ်ထားသော လမင်းကြီးကိုလည်း မြင်တွေ့နေရသည်။

အနစ်နာခံ

ချန်အာဟူ ပြောလိုက်သော ထိုစကားလုံးကြောင့် ချန်ကျန့်၏ ရင်ထဲတွင် ရုတ်တရက် အနေရခက်သော ခံစားချက်မျိုး ပေါ်လာခဲ့သည်။ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားရသည်။

ဘာကို အနစ်နာခံတာလဲ။ ဘယ်ကနေ ဒီ ‘အနစ်နာခံတယ်’ ဆိုတဲ့ စကားလုံး ရောက်လာတာလဲ

သူ တကယ်ပဲ ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့တာပါ။ တာယွင် တည်းခိုခန်း ဖွင့်ပွဲ အောင်မြင်ဖို့နဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက်ပေါ့။ သူက ဒီမှာ အလုပ်လုပ်ချင်တယ်၊ အတည်တကျနဲ့ ကောင်းမွန်တဲ့ ဝင်ငွေတစ်ခု ရဖို့အတွက်...။ ချန်အာဟူဆီက ထိုစကားကို မကြားခင်အထိတော့ သူ အဲ့ဒီလိုပဲ တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အခုတော့ သူ အနည်းငယ် တုန်လှုပ်သွားမိသည်။

***

“သူ့မှာ ဘာအကြောင်းပြချက်ပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး”

ရှန်ယွီသည် ဖုန်းပြောရင်း ရုံးခန်းထဲတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။

“ငါ သူ့ကို တစ်လ အချိန်ပေးမယ်။ သူကပဲ ချန်တာဟူကို ဖြေရှင်းမလား၊ ငါကပဲ သူ့ကို ဖြေရှင်းရမလား ဆိုတာပဲ”

“မင်းက သူ့ကို ဘယ်လို ဖြေရှင်းမလို့လဲ” ယွဲ့လန်က မေးလိုက်သည်။

“လက်တွေ ခြေထောက်တွေ ရိုက်ချိုးပစ်မလို့လား”

“ညီလေးရာ... ဒါက ဥပဒေ စိုးမိုးတဲ့ လူ့အဖွဲ့အစည်းလေ”

“ဟား ဟား ကောင်းပြီလေ၊ ဥပဒေ စိုးမိုးတဲ့ လူ့အဖွဲ့အစည်းပေါ့ ။ ဒါဆို မင်း အစီအစဉ်က ဘာလဲ”

“မင်း ထင်တာတော့ သူက ချန်တာဟူကို မဖြေရှင်းနိုင်ဘူးလို့ ထင်လို့လား”

ရှန်ယွီ ပြတင်းပေါက်တွင် မှီလိုက်ပြီး၊ လိုက်ကာကို အနည်းငယ် ဟကာ အပြင်ကို လှမ်းကြည့်လိုက်သည်။

“သူကတော့ ဒီပြဿနာတွေကို အရင်ဦးဆုံး ဆက်သွယ်မှာ မဟုတ်ဘူး။ သူ့အတွက် ချန်တာဟူကို ဖြေရှင်းတယ်ဆိုတာက သူ့နောက်ကြောင်းကို ဘယ်သူမှ လိုက်လို့မရအောင် လုပ်တာမျိုး ဖြစ်မှာပေါ့… ဒီကောင်က လူမိုက် အသေးစားလေး မဟုတ်လား။ သူက နောက်တစ်ခါ ထပ်ပြီး ပြဿနာရှာရဲပါ့မလား”

“လောလောဆယ်တော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ ဒီနေရာက ပိုက်ဆံရနိုင်မှန်း သိနေသရွေ့တော့ သူ လက်လျှော့မှာ မဟုတ်ဘူး။ တော်တော် စိတ်ရှုပ်ဖို့ ကောင်းတယ်” ရှန်ယွီက ဆိုသည် ။

“မင်း အရင်ဆုံး...”

“ဘာလဲ” ယွဲ့လန်က မေးသည်။

ရှန်ယွီ စကားမပြောဘဲ နေလိုက်သည်။ သူ ပြတင်းပေါက်ကို အနည်းငယ် ထပ်ဟလိုက်သည့်အခါ အောက်က ခုံတန်းရှည်ပေါ်တွင် လှဲနေသူမှာ ချန်ကျန့် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဆိုသော အသံထွက်လာပြန်သည်။

“စကားကို ဆုံးအောင် ပြောဦးလေ၊ ဘာလို့ ဟွန့် နေတာလဲ”

“ငါ့အတွက် ပုလင်းတွေ၊ အိုးတွေ ဒါမှမဟုတ် တခြား အလှဆင် ပစ္စည်းတစ်ခုခု ရှာပေးစမ်းပါ။ အရမ်းလည်း မသေးစေနဲ့၊ ဝှက်ထားရ ခက်မယ့်ဟာမျိုးပေါ့။ ယွမ် တစ်သောင်းဝန်းကျင်လောက် တန်တဲ့ဟာမျိုး၊ ဈေးနှုန်းလည်း တိတိကျကျ ပါရမယ်၊ ဘောင်ချာလည်း ပါရမယ်။ ပြီးရင် ဒီကို ပို့ပေးလိုက်”

“ဘာလုပ်မလို့လဲ” ယွဲ့လန်က မေးသည်။

“ငါ စားမလို့လေ”

“မင်းက အဲ့ဒီ အလှဆင်ပစ္စည်းကြီးကို စားမလို့လား”

“ဒါက အလှဆင်ပစ္စည်းမှန်း သိနေရင် ဘာလို့ လာမေးနေသေးလဲ။”

“ဟား ဟား ကောင်းပြီလေ၊ တစ်ခုလောက် ပို့ပေးလိုက်ပါ့မယ်”

“ငါ ဝယ်မှာပါ”

ရှန်ယွီက ဖုန်းပြောရင်းမှ ပြတင်းပေါက် လက်ကိုင်ကို ဆွဲပြီး ဝုန်းခနဲ ဖွင့်ချလိုက်တော့သည်။ ထိုအခါ ခုံတန်းရှည်ပေါ်တွင် လှဲလျက် အပေါ်ကို မော့ကြည့်နေသော ချန်ကျန့်မှာ လွှားခနဲ ခုန်ထလိုက်ပြီး မြည်းနဲ့ ကန်ခံလိုက်ရသလိုမျိုး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ဟိုး... ပြေးတာများ မြန်လိုက်တာ။
____________________________________________________________________

TN // ကလေးစိတ်ကို ဂယောက်ဂယက်တွေ ဖြစ်အောင် လုပ်တာနော် ။ မြေခွေးကြီး အားအား

Comments

  1. ဘော့စ်ရှန် ကူလီကူမာများနေတာ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...