Skip to main content

5





အခန်း (၅)

ရှန်ယွီ၏ ကြည့်ရင်း ချန်ကျန့်တစ်ယောက် နောက်ကနေ လိုက်လာခဲ့သော်လည်း ထိုသူ့အကြောင်းကိုမူ လုံးဝ တွေးမပေါက်နိုင်သေးပေ။ ချန်ကျန့်သည် အရွယ်ရောက်လာသည်နှင့်အညီ လူပေါင်းစုံနှင့် ထိတွေ့ခဲ့ဖူးသော်လည်း ရှန်ယွီမှာမူ မည်သည့်အမျိုးအစားထဲတွင်မှ ထည့်သွင်း၍မရ။ သီးသန့်အုပ်စုတစ်ခုအဖြစ် ခွဲခြားထားရမည့်သူမျိုး ဖြစ်နေ၏။

ကျန့်ရှီးတည်းခိုခန်းဆီသို့ ရောက်နေကြသူများမှာ ရှောင်ဖန်း၏ သူငယ်ချင်းများဖြစ်ကြောင်း ခန့်မှန်းရန်ပင် မလိုတော့ချေ။ မြို့ဟောင်းတစ်ခုလုံးက ထိုသူများကို ပြဿနာသမားများအဖြစ် သတ်မှတ်ထားကြသော်လည်း များသောအားဖြင့်မူ သည်းခံနေကြရရုံသာ ရှိသည်။ ရှန်ယွီကမူ အခြေအနေကိုလည်း နားမလည်၊ နားလည်ရန်လည်း စိတ်မကူးဘဲ သူလုပ်ချင်ရာကိုသာ ဇွတ်လုပ်နေခြင်းက ချန်ကျန့်ကို အနည်းငယ် စိုးရိမ်စေသည်။ အကယ်၍ ထိုလူစုကိုသာ ဒေါသထွက်အောင် လုပ်မိလျှင် ဤနေရာ၌ လအနည်းငယ်နေရန် မဆိုထားနှင့်၊ ရက်သတ္တပတ် အနည်းငယ်ပင် ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။

“သွားနှင့်လေ” ရှန်ယွီက သူ့ဘက်သို့ ရုတ်တရက် ခေါင်းလှည့်ကာ ပြောလိုက်သည်။

“ဒါက လမ်းတည့်တည့်ပဲလေ၊ လမ်းပြဖို့ လိုသေးလို့လား” ချန်ကျန့်က ခြေလှမ်းကို အနည်းငယ်သွက်လိုက်ရင်း တုံ့ပြန်သည်။

“မင်း သူတို့ကို ကြိုပြီး သတင်းပေးမှာ စိုးလို့လေ” ရှန်ယွီ ပွင့်ပွင့်လင်းလင်းပင် ဆိုလာ၏။

ချန်ကျန့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ သူ့ကို ပြန်ကြည့်လိုက်သည်။

“မင်းက ငါ့ကို သူတို့နဲ့ အုပ်စုတစ်ခုတည်းလို့ သတ်မှတ်ထားတာလား။”

“အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ငါက သတိထားရုံတင်ပါ။ မင်းက ပြဿနာဖြစ်မှာကို စိုးရိမ်ပြီး သူတို့ကို ဖုန်းဆက် သတိပေးတာမျိုးလည်း ဖြစ်နိုင်တာပဲလေ”

ရှန်ယွီ အေးဆေးပင် ရှင်းပြသည်။

ချန်ကျန့်သည် ရှန်ယွီကို ခြောက်ထောင်ရမည့် အလုပ်အတွက် အနာခံကာ ဖျောင်းဖျရန် ကြိုးစားကြည့်သည်။

“မင်းက ဒီမြို့ရဲ့ စီးပွားရေးအခြေအနေကို လေ့လာတယ်ဆိုရင် ဒီကလူတွေအကြောင်းကိုလည်း လေ့လာသင့်တာပေါ့။”

“မြို့တစ်မြို့ကိုတော့ တစ်ချက်ကြည့်ရုံနဲ့ အကဲခတ်လို့ ရပေမယ့် လူတစ်ယောက်ကိုတော့ တစ်သက်လုံး လေ့လာရင်တောင် သိနိုင်မှာ မဟုတ်ဘူး။ ငါကတော့ အဲ့ဒီလို လေ့လာဖို့ စိတ်မပါဘူး”

ရှန်ယွီ အပြောက ပြတ်သည်။

“မင်း ဒီမှာ ကြာကြာနေဖို့ စိတ်ကူးမရှိဘူး မဟုတ်လား” ချန်ကျန့်က မေးတော့လည်း

“သုံးဆပေးမယ့် လစာအတွက် စိုးရိမ်နေတာလား” ဟု ရှန်ယွီက တန်ပြန်မေးခွန်းထုတ်လာပြန်သည်။

“လစာ နှစ်ထောင်နဲ့ဆိုရင်တော့ ခြောက်လလောက် လုပ်ရမှာပေါ့။ ခြောက်ထောင်အတွက် မစိုးရိမ်ဘူးလို့ ပြောရင်တော့ ဒါဟာ လိမ်တာပဲ ဖြစ်လိမ့်မယ်”

ချန်ကျန့် ပွင့်လင်းစွာပင် ဝန်ခံလိုက်သည်။

“နောက်မှ ငါပေးပါ့မယ်”

ရှန်ယွီ ကတိက ယုံကြည်ရကောင်းပါရဲ့။

လိမ္မာသော လျူဝူမှာ လမ်းဆုံတွင် သူတို့ကို စောင့်နေသည်။ သူတို့ကို မြင်သည်နှင့် လျူဝူမှာ အပြေးအလွှား ရောက်လာပြီး

“အစ်ကိုပြောတဲ့ ခြောက်ယောက်မြောက် လူဆိုတာ ချန်ကျန့်ကို ပြောတာလား” ဟု အံ့ဩတကြီး မေးမြန်းရှာသည်။

“ငါ့ကို သူတို့နဲ့ လာမရောနဲ့လေ!”

ချန်ကျန့်က ချက်ချင်းလက်ငင်းပင် လျူဝူစကားကို ကန့်ကွက်လိုက်၏။

“သူတို့ အထဲမှာ ရှိနေတုန်းပဲလား”

ရှန်ယွီ အမေးကို လျူဝူက ဖြေ၏။

“ဟုတ်တယ်၊ ထွက်လာတာ မတွေ့သေးဘူး”

“ဒါဆို ဒီမှာပဲ စောင့်နေ”

ရှန်ယွီက ကုလားထိုင်၏ လက်ကိုင်ကို လှည့်ကာ လမ်းကလေးအတိုင်း မောင်းထွက်သွားသည်။

“ကျွန်တော်လည်း လိုက်မယ်”

လျူဝူက ဇွတ်အတင်း လိုက်ရန်ပြင်သော်လည်း ရှန်ယွီ၏ အကြည့်တစ်ချက်အောက်တွင် ခြေလှမ်းများ တန့်သွားရပြန်သည်။

“နောက်မှ ငါ လှမ်းခေါ်မယ်”

ရှန်ယွီက မှာကြားအပြီး တည်ငြိမ်စွာပင် တည်းခိုခန်းရှိရာသို့ ဦးတည်ထွက်သွား၏။ တည်းခိုခန်း ဝင်းထဲတွင် ချန်ကျန့်၏ ဆိုင်ကယ်မှာ နံရံဘက်၌ သေသပ်စွာ ရှိနေသော်လည်း အခြားဆိုင်ကယ် ငါးစီးမှာမူ ဝင်းလယ်တွင် စည်းကမ်းမဲ့စွာ ရပ်ထားကြသည်။ ကျောက်စားပွဲဝိုင်းတွင် လူအချို့က ဆေးလိပ်ကိုယ်စီဖြင့် ဖဲရိုက်နေကြ၏။ အေးစိမ့်စိမ့် ရာသီဥတုဖြစ်သော်လည်း သူတို့ထဲမှ နှစ်ဦးမှာမူ ကျောကုန်းက တက်တူးများကို ကြွားဝါလိုသဖြင့် အင်္ကျီမဝတ်ဘဲ ထိုင်နေကြသည်။

ရှန်ယွီ ဘီးတပ်ကုလားထိုင်ဖြင့် ရောက်လာသည်ကို မြင်သော်လည်း သူတို့မှာ မလှုပ်မယှက်ဘဲ ဖဲချပ်များကိုသာ စိုက်ကြည့်နေကြ၏။ ရှန်ယွီကလည်း ဘာမှမပြောဘဲ သူတို့ကို ငြိမ်၍ ကြည့်နေလျက်သား။

ချန်ကျန့် အနားသို့ သွားရန် ပြင်လိုက်စဉ်မှာပင် ရှန်ယွီက

“တကယ့်ကို အဆင့်မြင့်တဲ့ ဖဲကစားနည်းပဲ။ အချင်းချင်း စိတ်ချင်းဆက်သွယ်ပြီး ကစားနေကြတာလား” ဟု ခနဲ့၍ စကားစလိုက်သည်။

ထိုစကားကြောင့် ဝင်ပေါက်ဘက်သို့ မျက်နှာမူထိုင်နေသောသူမှာ မနေနိုင်တော့ဘဲ ဖဲချပ်များကို စားပွဲပေါ်သို့ ဝုန်းကနဲ မြည်အောင် ရိုက်ချလိုက်ပြီး မော့ကြည့်လာတော့သည်။ အခြားသူများကလည်း ဖဲချပ်များကို ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားအောင် ပစ်ချလိုက်ကြ၏။

ချန်ကျန့်မှာ ရှန်ယွီ၏ ပါးစပ်ကို ပိတ်မထားခဲ့မိသည့်အတွက် နောင်တရသွားပြီး ကုလားထိုင်ကို ဆွဲလှည့်ရန် ကြိုးစားသော်လည်း ရှန်ယွီက ဘီးများကို သေသေချာချာ ခတ်ထားသဖြင့် မရွေ့လျားပေ။

“အားဟူ” ချန်ကျန့်က တင်းမာနေသော အခြေအနေကို ဖြိုခွင်းရန် ခေါ်လိုက်သော်လည်း အားဟူကမူ ချန်ကျန့်ကိုသာ လက်ညှိုးထိုးပြီး

“မင်းနဲ့ မဆိုင်ဘူး၊ မနေ့ကမှ ရောက်လာတဲ့လူဆီမှာ မင်းက အစေခံ လုပ်နေတာလား” ဟု

ပြန်ဆဲဆိုလာလေသည်။

“ဒါက ပိုက်ဆံရဖို့ လုပ်နေတာလေ။ ငါ သူ့ကို ပေးတဲ့ ဈေးမျိုး မင်းကိုပေးရင်လည်း မင်း တော်တော်လေး ကြိုးစားမှာပဲ မဟုတ်လား။”

ရှန်ယွီက အေးဆေးပင် ဆို၏။ ချန်ကျန့်မှာ ရှန်ယွီ၏ ပါးစပ်ကို အတင်းပိတ်ထားချင်စိတ် ပေါက်သွားသည်။ ဤလူမှာ ဘာကိုမှ ဂရုမစိုက်ဘဲ ပြောချင်ရာကိုသာ ဇွတ်ပြောနေတော့တာပဲ။

“ဒီဘော့စ်က တော်တော်လေး စကားကြီး စကားကျယ် ပြောတာပဲ” အားဟူက ရှန်ယွီကို စိုက်ကြည့်ရင်း

“ငါက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား” ဟု မေး၏။

“အားဟူ... မင်းကော ငါဘယ်သူလဲဆိုတာ သိလား”

ရှန်ယွီက တည်ငြိမ်စွာဖြင့် မေးခွန်းထုတ်လိုက်ရင်း ကုလားထိုင်ဘေးအိတ်ထဲသို့ လက်နှိုက်လိုက်သည်။

အားလုံးက သူ၏လက်ကို စိုက်ကြည့်နေကြစဉ် ထွက်ပေါ်လာသည်မှာ လက်နက်မဟုတ်ဘဲ ပိုက်ဆံအိတ်တစ်လုံးသာ ဖြစ်သည်။

“ဒါက ငါ့ရဲ့ လိပ်စာကတ်” ရှန်ယွီက ကတ်တစ်ခုကို ထုတ်၍ အားဟူဘက်သို့ ကမ်းပေးလိုက်သည်။

အားဟူက ဘေးက ဆန်းပင်းကို အချက်ပြလိုက်ရာ ဆန်းပင်းက ကတ်ကို ယူရန် အနားသို့ ရောက်လာသည်။ သို့သော် ဆန်းပင်း လက်လှမ်းလိုက်သည့် တစ်ခဏမှာပင် ရှန်ယွီက သူ၏လက်ကောက်ဝတ်ကို ဆွဲချလိုက်ရာ ဆန်းပင်းမှာ အရှိန်ဖြင့် ရှန်ယွီ၏ ကုလားထိုင်ဘေးတွင် ဒူးထောက်ကျသွားပြီး ခေါင်းမှာ သံလက်တံနှင့် ဆောင့်မိသွားတော့သည်။

“အား... သွားပြီ!” ဆန်းပင်းက သူ၏ နဖူးကို အုပ်ရင်း အံကြိတ်ကာ ညည်းတွားလိုက်၏။

ရှန်ယွီမှာ ခွန်အားကို ကျွမ်းကျင်စွာ အသုံးချတတ်သူဖြစ်ကြောင်း ချန်ကျန့် သတိပြုမိသွား၏။ ဆန်းပင်း ထပ်မံ၍ ရန်မလုပ်နိုင်စေရန် ချန်ကျန့်က အမြန်ဝင်တွဲပြီး နောက်သို့ နှစ်လှမ်းခန့် ဆွဲထုတ်လိုက်သည်။ ဆန်းပင်း၏ လက်ကြားမှ သွေးများ စီးကျလာသည်ကို မြင်ရသဖြင့် ရိုက်ချက်မှာ တော်တော်လေး ပြင်းပုံရသည်။

အားဟူမှာ သူ့လူ ထိခိုက်သွားသဖြင့် ဒေါသတကြီးဖြင့် ရှေ့သို့ တိုးလာသော်လည်း ရှန်ယွီက သူ၏ ခေါက်ချိုင်းထောက်ကို ဖြန့်ထုတ်လိုက်ပြီး အားဟူ၏ ရင်ဘတ်ကို တုတ်ဖြင့် ခပ်ဖွဖွလေး တို့လိုက်သည်။

အားဟူမှာ ထိုကဲ့သို့သော လှုပ်ရှားမှုကို တစ်ခါမျှ မမြင်ဖူးသဖြင့် တန့်သွားရသည်။ ထိုအခွင့်အရေးကို သုံးကာ ချန်ကျန့်က ကြားထဲကဝင်၍

“စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး၊ သူက သာမန်လူ မဟုတ်ဘူး” ဟု အသံနှိမ့်ကာ ဝင်ဖျောင်းဖျလိုက်ရသည်။

“မင်းတို့က ကာကွယ်ခလာတောင်းတာဆိုရင်လည်း အဲ့ဒီအတိုင်းပဲ လုပ်ကြလေ”

ရှန်ယွီက ချိုင်းထောက်ကို လက်ထဲတွင် လှည့်ကစားရင်း အေးဆေးစွာ ဆိုသည်။

“အခုလို ရန်လိုတဲ့ပုံစံမျိုးနဲ့ လာရင်တော့ ဒီလိုပဲ ဖြစ်မှာပေါ့။”

အားဟူမှာ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။

“မင်းတို့က ငါ့ဆီကနေ ပိုက်ဆံယူပြီး ငါ့ကို ကာကွယ်ပေးရမယ့် ဝန်ဆောင်မှု ပေးရမှာလေ။ ဒါက ရေရှည် အရောင်းအဝယ် ဆက်ဆံရေးမျိုး မဟုတ်လား” ရှန်ယွီက ထပ်မံ၍ ရှင်းပြသည်။

“ဘာတွေ ပြောနေတာလဲဗျာ” ဆန်းပင်းက ကြောင်အအဖြင့် ရေရွတ်လိုက်မိ၏။

“ငါက ဒီမှာနေဖို့ အရမ်းကြီး စိတ်အားထက်သန်နေတာ မဟုတ်ဘူးနော်” ရှန်ယွီက ထပ်လောင်းပြောဆိုသည်။

ချန်ကျန့်က ရှန်ယွီ၏ စကားလမ်းကြောင်းကို ရိပ်မိသဖြင့် အားဟူကို အမြန်နားချလိုက်သည်။

“အေးအေးဆေးဆေး ပြောလို့ရရင် မချကြပါနဲ့တော့။”

“ငါတို့က လူမိုက်တွေ မဟုတ်ပါဘူး!” အားဟူက အသံမြှင့်ပြောလိုက်ရင်း ရှန်ယွီကို လက်ညှိုးထိုးပြရင်း

“ငါတို့က သူ့ကို လက်ဖျားနဲ့တောင် မထိရသေးဘူး၊ သူက အရင်စတာလေ!” ဟု ထပ်ပြောသည်။

“ကောင်းပြီလေ” ရှန်ယွီက ကုလားထိုင်ကို ကျောက်စားပွဲဆီသို့ မောင်းသွားလိုက်ရာ အားလုံးက လမ်းဖယ်ပေးလိုက်ကြရသည်။

“ကဲ... မင်းတို့လူက ပြန်လက်စားချေချင်ရင်လည်း ချေလေ”

ရှန်ယွီက သူ၏နဖူးကို လက်ညှိုးထိုးပြလိုက်သည်။ ချန်ကျန့်က အားဟူကို အမြန်ကြည့်ကာ

“စိတ်လိုက်မာန်ပါ မလုပ်နဲ့! အားဟူ ပြောသလိုပဲ သူတို့က လူမိုက်တွေ မဟုတ်ဘူး၊ ရန်မဖြစ်ကြဘူးလေ!”

ကြားထဲကနေ အခြေအနေကို ထိန်းလိုက်ရသည်။

အားဟူက ဘာမှထပ်မပြောဘဲ “တော်စမ်းပါ” ဟုသာ ခပ်ပြတ်ပြတ် ဆိုလိုက်တော့သည်။

ရှန်ယွီက ပိုက်ဆံအိတ်ထဲမှ တစ်ရာတန် တစ်ရွက်ကို ထုတ်ကာ ဆန်းပင်းကို ကမ်းပေးလိုက်သည်။

“ဒါနဲ့ ဆေးခန်းသွားပြလိုက်ဦး။ ချုပ်ဖို့တော့ မလိုလောက်ပါဘူး၊ ဒါပေမဲ့ ချုပ်လိုက်ရရင်လည်း ပြေစာယူလာခဲ့လေ”။

ချန်ကျန့်မှာ ရှန်ယွီ၏ လက်ထဲမှ ပိုက်ဆံကို ချက်ချင်းဆွဲယူကာ ဆန်းပင်း၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်ရသည်။

“အားဟူ... မင်းက ကာကွယ်ခ ကိစ္စအကြောင်း ပြောချင်လို့လား” ရှန်ယွီက ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။

ချန်ကျန့်နှင့် အားဟူတို့မှာ အံ့ဩတကြီးဖြင့် တစ်ပြိုင်နက်တည်း အသံထွက်သွားကြတော့သည်။

“ဘယ်လောက်ပေးရမလဲ၊ ဘယ်အချိန်တွေမှာ ကာကွယ်ပေးမှာလဲ၊ ဘယ်လိုပေးချေရမလဲ ဆိုတာမျိုးတွေပေါ့”

ရှန်ယွီအပြောအောက် အားဟူမှာ ဘာပြန်ပြောရမှန်းပင် မသိဘဲ ဆွံ့အသွားတော့သည်။

“ဒါက စကားနည်းနည်းနဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူးလေ...”

ချန်ကျန့်က ကြားထဲကနေ အဆင်ပြေအောင် ညှိနှိုင်းပေးလိုက်ရသည်။

“မှန်တာပေါ့” ရှန်ယွီက ခေါင်းညိတ်ပြရင်း “ဒါဆိုရင်လည်း နောက်အပတ်ကျမှပဲ သေသေချာချာ ဆွေးနွေးကြတာပေါ့။ ငါ အခုရက်ပိုင်း ဆိုင်ပြင်ဖို့ အလုပ်ရှုပ်နေလို့ပါ” ဟု ဆိုကာ အားဟူကို လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

ရှန်ယွီ အိမ်ထဲသို့ ဝင်သွားပြီးနောက် အားဟူက ချန်ကျန့်ကို စိုက်ကြည့်ကာ

“မင်း တော်တော်လေး အကွက်မြင်တာပဲ ချန်ကျန့်”

“ငါက မင်းတို့လို မဟုတ်ဘူးလေ၊ ငါက အလုပ်လုပ်ပြီး ပိုက်ဆံရှာရမှာ” ဟု ချန်ကျန့်က သက်ပြင်းချရင်း ဆိုလိုက်၏။

အားဟူတို့ အုပ်စု ဆိုင်ကယ်ကိုယ်စီဖြင့် ဝင်းထဲမှ ထွက်ခွာသွားကြပြီးနောက် ချန်ကျန့်မှာ ဆောင့်ကြောင့်ထိုင်လျက် သက်ပြင်းချလိုက်မိသည်။

“သွားပြီ...”

သူသည် ရှန်ယွီ ချန်ထားခဲ့သော လိပ်စာကတ်ကို ကောက်ကြည့်လိုက်ရာ ၎င်းမှာ ချန်းယွီ၏ လိပ်စာကတ် ဖြစ်နေသဖြင့် “ဒီလူယုတ်မာကြီးကတော့...” ဟု ဆဲရေးလိုက်မိတော့သည်။

အိမ်ထဲသို့ ပြန်ဝင်လာသောအခါ ရှန်ယွီမှာ လိမ္မော်ရည် သောက်နေသည်ကို တွေ့ရ၏။ ထိုစဉ် အခန်းထဲရှိ မီးများမှာလည်း လင်းထိန်လာတော့သည်။

“အစ်ကိုရှန်...” ချန်ကျန့်က စကားပြောရန် ပြင်လိုက်သော်လည်း ရှန်ယွီက “မီးပြန်လာပြီပဲ” ဟု အေးဆေးပင် တုံ့ပြန်လိုက်သည်။

“ကျွန်တော်တို့ စကားပြောဖို့ လိုမယ်” ချန်ကျန့်က ရှန်ယွီရှေ့တွင် ထိုင်လိုက်ပြီး

“မင်း ဘယ်လိုပြဿနာတွေပဲ ရှာရှာ၊ ကျွန်တော်ကတော့ ဝန်ထမ်းတစ်ယောက်ပဲလေ။ တစ်လ ခြောက်ထောင်နဲ့ ဒီအိမ်ကြီးကို ပြင်ဆင်ပေးရမယ်ဆိုရင် မင်းက တကယ့်ကို အကျင့်မကောင်းတဲ့ ဘော့စ်ပဲ”

“အကျင့်မကောင်းဘူးဆိုလည်း အကျင့်မကောင်းဘူးပေါ့”

“အခုလို အခြေအနေမျိုးတွေပါ ထပ်တိုးလာမယ်ဆိုရင်တော့...” ချန်ကျန့်က ဆက်ပြောရန် ကြိုးစားသော်လည်း ရှန်ယွီက

“မင်း ထွက်သွားချင်ရင် သွားနိုင်ပါတယ်” ဟု ဆိုလာပြန်သည်။

“လျူဝူကို လမ်းဆုံမှာ စောင့်ခိုင်းတုန်းက မင်းလည်း သူ့ဆီမှာ နေခဲ့လို့ ရသားပဲ၊ ဘာလို့ လိုက်ဝင်လာတာလဲ”

ရှန်ယွီ၏ မေးခွန်းကြောင့် ချန်ကျန့် တိတ်ဆိတ်သွားမိသည်။

“ငါ လစာ တစ်ထောင် ထပ်တိုးပေးမယ်၊ နောက်တစ်ခါ အဲ့ဒီလို ပြဿနာမျိုးတွေ ကြုံလာရင် မင်း ဝင်မပါဘဲ နေနိုင်ပါတယ်”

ရှန်ယွီ ကြောင့် ချန်ကျန့်မှာ ဘာမှမပြောနိုင်တော့ဘဲ လိမ္မော်ရည်ဘူးကို ယူကာ အားရပါးရ သောက်လိုက်လေတော့သည်။

“အစ်ကိုရှန်... မင်း အခု ပြဿနာကြီးတစ်ခုကို စလိုက်တာဆိုတာ သိရဲ့လား”

ချန်ကျန့်ထပ်မေးလိုက်၏။

“ကလေးတွေပါကွာ၊ ပြဿနာ မဟုတ်ပါဘူး” ရှန်ယွီက ရယ်မောရင်း ဆိုသည်။

“သူတို့က မငယ်တော့ဘူးနော်”

“မင်းနဲ့ ရွယ်တူလောက်ပဲ ရှိတာ မဟုတ်လား။ နှစ်ဆယ်လောက်ပေါ့။”

“သူတို့ကို ကလေးလို့ ပြောရအောင်… ဒါဆို မင်းကော အသက်ဘယ်လောက်ရှိပြီလဲ”

ချန်ကျန့်က မေးလိုက်ရာ ရှန်ယွီက ခပ်အေးအေးပြန်ဖြေသည်။

“မင်းထက် ရာသီခွင်တစ်ဝက်စာ ပိုကြီးတယ်” (AN / ရာသီခွင်တစ်ပတ်စာ 12နှစ်)

ချန်ကျန့် ခဏမျှ တွက်ချက်ကြည့်ရပြီ။

“ဪ... ခြောက်နှစ်ပဲ ကြီးတာပေါ့”

“မင်းအတွက် မတန်ဘူးလို့ ထင်ရင် ငါ့ကို အသက် ၆၀ လို့ပဲ သတ်မှတ်ပြီး ဘိုးဘိုးလို့ ခေါ်လည်း ရပါတယ်”

ထိုစဉ် အပြင်ဘက်မှ လျူဝူ၏ အော်ဟစ်ခေါ်ဆိုသံမှာ ဝင်းထဲသို့ ပျံ့လွင့်လာတော့သည်။

“အစ်ကို! ရှန်ယွီ! ရှန်ယွီရေ…”

“အေးပါကွာ၊ ငါ ဒီမှာ ရှိပါတယ်။ အော်မနေနဲ့၊ ခေါင်းကိုက်တယ်”

ရှန်ယွီက အသံမြှင့်ကာ ပြန်ထူးပေးသည်။
______________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...