Skip to main content

6





အပိုင်း (၆)

ချန်ကျန့်သည် ရှန်ယွီကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် စကားစလိုက်သည်။

“မင်းကတော့ တကယ်ပါပဲ... မင်းမှာအကောင်းအတိုင်း ကျန်တဲ့ခြေထောက်တစ်ဖက်ကို နည်းနည်းလေးတောင် တန်ဖိုးမထားဘူးလား”။

“ဘာဖြစ်လို့လဲ”

“အဲ့ဒါက မေးစရာလိုသေးလို့လား”

ရှန်ယွီ အမေးကို ချန်ကျန့်က ခပ်ပြတ်ပြတ်ပင် ဆိုလိုက်သည်။

“ငါ ပြောတာက အရမ်း တိုက်ရိုက်ဆန်သွားလို့လား”

ရှန်ယွီသည် ဘေးနားရှိ ဘူးထဲမှ လိမ္မော်ရည်တစ်ပုလင်းကို ထပ်မံယူလိုက်ပြီး အဖုံးကို လှည့်ဖွင့်ကာ ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

“အကယ်၍ ငါကသာ ဝေ့ဝိုက်ပြီး ပြောနေမယ်ဆိုရင်လည်း မင်း နားလည်မှာ မဟုတ်ပါဘူး”။

“မင်းက ဝေ့ဝိုက်ပြီး...”

ချန်ကျန့်က ထိုစကားကို ပြန်လည်စဉ်းစားကြည့်မိသည်။ အင်း... ဖြစ်နိုင်ပါသည်။ ရှန်ယွီသည် တခါတရံတွင်လည်း ဝေ့ဝိုက်၍ ပြောဆိုတတ်သူတစ်ဦး မဟုတ်ပါလား။

ချန်ကျန့်က သက်ပြင်းချလိုက်ရင်း “ကျွန်တော်က တစ်ယောက်တည်း နေတာပေမဲ့ မိဘမဲ့တော့ မဟုတ်ပါဘူး” ဟု ဆိုသည်။

“အင်း...” ရှန်ယွီက ဖျော်ရည်ကို တစ်ငုံသောက်လိုက်၏။ ချန်ကျန့်၏ စကားလုံးရွေးချယ်မှုမှာ တကယ့်ကို သိမ်မွေ့လှသည်ဟု သူ တွေးနေမိသည်။

လုံးဝကြီးတော့ မဟုတ်သော်လည်း အနည်းဆုံးတော့ သူနှင့် တိုက်ရိုက်တော်စပ်သည့် ဆွေမျိုးအချို့ ရှိနေသေးသည်ဟု ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။ ရှန်ယွီသည် ထိုကိစ္စကို ထပ်မံ၍ အစဖော်မမေးတော့ပေ။

“ဒါတွေ ကျန်သေးတာပဲဟာ”

ချန်ကျန့်က ရှန်ယွီကို စကားဆက်ခွင့်မပေးဘဲ ဘေးနားရှိ တစ်ဝက်ခန့် ကျန်နေသေးသော ဖျော်ရည်ပုလင်းကို လှုပ်ခါပြလိုက်သည်။

“ဘာလို့ အသစ်တစ်ပုလင်း ထပ်ဖွင့်ရတာလဲ။ ဒါတွေက သက်တမ်းကုန်သေးတာလည်း မဟုတ်ဘူး။ ဒါတွေက ဆိုင်ရဲ့ အရင်းအနှီးတွေလေ၊ ကောင်းကင်က အလကား ကျလာတာ မဟုတ်ဘူး”။

“မင်းတို့ နှစ်ယောက်လုံးက အဲ့ဒီပုလင်းထဲကို အလှည့်ကျ တံတွေးတွေ ထွေးထည့်နေကြတာလေ။ ဘယ်သူကများ အဲ့ဒါကို သောက်ချင်ဦးမှာလဲ”

ရှန်ယွီက ဆိုသည်။

“ကျွန်တော်ကတော့ မလုပ်” ချန်ကျန့်သည် လက်ထဲက ပုလင်းကို တစ်ချက်ကြည့်လိုက်ပြီးမှ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်တော့သည်။

ထိုစဉ် လျူဝူသည် သူ၏ ကျောပိုးအိတ်ကို လွယ်လျက် ဧည့်ကြိုခန်းမအတွင်းသို့ ပြန်ဝင်လာသည်။

“အစ်ကို... ကျွန်တော်တို့ ဒီည တတိယထပ်မှာ မနေတော့ဘူး မဟုတ်လား”။

“မင်း သဘောပါပဲ”

“ဒါဆို ဒုတိယထပ်မှာ အခန်းယူရမလား... မဟုတ်သေးဘူး၊ ပထမထပ်ပဲ... ပထမထပ်မှာပဲ နေမယ်...”

ရှန်ယွီက စိတ်ကြိုက်ရွေးခိုင်းသည့်တိုင် လျူဝူမှာ ဝေခွဲမရဖြစ်နေရှာသည်။

“ဒုတိယထပ်ကျတော့လည်း သရဲတွေနဲ့ အရမ်းနီးလို့ မင်းက ကြောက်နေတယ်၊ ပထမထပ်ကျတော့လည်း မင်းအစ်ကိုနဲ့ အရမ်းဝေးလို့ မင်းက ကြောက်နေပြန်ရော။ အဲ့ဒီလောက်တောင် ဖြစ်နေရင် လော့ကျဲ ရဲ့ တည်းခိုခန်းမှာပဲ နောက်တစ်ည ထပ်အိပ်လိုက်ပါလား”။

“မဖြစ်ဘူးလေ ချန်ကျန့်ရ…လူတွေ အများကြီး ရှိနေရင်တော့ ကျွန်တော် အဲ့ဒီလောက် မကြောက်တော့ပါဘူး”။

“လူအများကြီး မဟုတ်ပါဘူး၊ မင်းတို့ ညီအစ်ကို နှစ်ယောက်တည်းပဲ ရှိမှာလေ”

“မင်းက ဒီမှာ မအိပ်ဘူးလား။ ကျွန်တော့်အစ်ကို ပြောတာတော့ မင်းက ဒီမှာ အလုပ်ဝင်နေပြီဆို”။

“ငါ အလုပ်ခန့်ခံရတာ မှန်ပေမဲ့ ညဘက်ဆိုရင်တော့ အလုပ်ဆင်းရမှာပေါ့ဟ!”

ချန်ကျန့်က အသံကို မြှင့်ကာ ပြောလိုက်သည်။

“မင်းတို့ ညီအစ်ကို နှစ်ယောက်ကတော့ တကယ့်ကို တူတာပဲ၊ ဦးနှောက်ထဲမှာ တစ်ခုခု ချို့ယွင်းနေတာလည်း အတူတူပဲ!”။

“အလုပ်ဆင်းရင်လည်း ဝန်ထမ်းအိပ်ဆောင်မှာ နေလို့ရတာပဲ။ စတုတ္ထထပ်မှာ ဝန်ထမ်းအခန်း နှစ်ခန်း ရှိတာကို ကျွန်တော် တွေ့သားပဲ”

“ဝန်ထမ်းအိပ်ဆောင်ဆိုတာ ဝန်ထမ်းတွေအတွက် ခံစားခွင့်တစ်ခုပဲ။ ဘော့စ်က လူကို ၂၄ နာရီပတ်လုံး ခိုင်းစေဖို့အတွက် လုပ်ထားတာ မဟုတ်ဘူးကွ”

“သိပါတယ်ဗျာ။ ကျွန်တော်က အစ်ကို့ကို ခိုင်းဖို့ ပြောတာမဟုတ်ပါဘူး။ ညဘက်မှာ လူဖော်ရွေဖော်ရှိတော့ ပိုကောင်းလို့ပါ”

လျူဝူက ဆင်ခြေပေးလေသည်။

“...အဲ့ဒါဆိုရင်လည်း အခန်းထဲသွားပြီး နေရာချတော့လေ”

ချန်ကျန့်က သက်ပြင်းချရင်း ဆိုလိုက်သည်။

“သွားပြီ။ ကျွန်တော်က ငယ်ငယ်တုန်းကတည်းက ကိုယ့်နေရာကိုယ် သန့်ရှင်းရေး လုပ်လာခဲ့တာပါနော်”။

“အိပ်ရာခင်းတွေ လဲလိုက်၊ ခေါင်းအုံးစွပ်တွေ ပြောင်း၊ ပြီးတော့ ကြမ်းပြင်ကို နည်းနည်းလောက် လှည်းလိုက်ရင် ရပါပြီ”

ချန်ကျန့်က ထပ်မှာကြားလိုက်သည်။

“အများကြီးတော့ သန့်ရှင်းရေး မလုပ်နဲ့ဦး၊ ဒီအတိုင်း အိပ်လို့ရရုံပဲ လုပ်ထား။ သေချာ သန့်ရှင်းရေးလုပ်ဖို့ လူလွှတ်ပေးပါ့မယ်”။

“နားလည်ပါပြီ! ကုတင်ကြီးတစ်လုံးတည်းအခန်းလား၊ ကုတင်နှစ်လုံးအခန်းလား”

လျူဝူက အလုပ်စလုပ်ရန် အသင့်ဖြစ်နေသော ပုံစံဖြင့် သူ၏အိတ်ကို ချလိုက်ရင်း မေးသည်။

“ကုတင်နှစ်လုံးခန်းပဲ။”

အခုတော့ မီးပြန်လာပြီဖြစ်၍ သူတို့အလုပ်များကို စတင်လုပ်ဆောင်နိုင်ကြပြီဖြစ်သည်။

ရှန်ယွီသည် ပထမထပ် ပြတင်းပေါက်နားတွင် ထိုင်ကာ ချန်းယွီ ချန်ထားခဲ့သော စာအုပ်များကို လှန်လှောကြည့်ရှုနေသည်။ လျူဝူကတော့ ဝင်ပေါက်နှင့် အနီးဆုံးရှိ ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ရန် ခေါင်းငုံ့၍ အလုပ်ရှုပ်နေ၏။ ချန်ကျန့်ကမူ စတုတ္ထထပ်သို့ တက်လာခဲ့သည်။

ဤအဆောက်အအုံအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို အသုံးမပြုသည်မှာ ခြောက်လခန့် ရှိပြီဖြစ်ရာ ပျက်စီးနေခြင်း သို့မဟုတ် ဝါယာရှော့ဖြစ်ခြင်းများ ရှိမရှိ စစ်ဆေးရမည်။ အပေါ်ဆုံးထပ်မှ စတင်ကာ အောက်သို့ တစ်ဆင့်ချင်း စစ်ဆေးလာခဲ့ပြီး လျှော်ဖွပ်ရန်လိုအပ်သော အိပ်ရာခင်းများ၊ စောင်များနှင့် လိုက်ကာများကိုပါ ချန်ကျန့် စာရင်းတွေးကြည့်နေမိသည်။

အလုပ်က သိပ်မများလှဟု ထင်ရသော်လည်း အခန်းတိုင်းကို အပေါ်မှအောက်သို့ အသေးစိတ် လိုက်လံစစ်ဆေးပြီးချိန်တွင်မူ အတော်လေး ဗိုက်ဆာနေပြီ။ အချိန်ကို ကြည့်လိုက်သောအခါ နေ့လယ် ၁ နာရီပင် ကျော်နေ၏။

“ထမင်းစားမလို့လား”

ချန်ကျန့်သည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ ရှန်ယွီကို မေးမြန်းလိုက်သည်။

“မစားတော့ဘူး။ ငါက ဝိဇ္ဇာလမ်းစဉ်ကို ကျင့်ကြံပြီး မသေဆေး ဖော်စပ်နေတာကွ”။

ရှန်ယွီက ဝစီအတိုင်း ‌ပေါက်ပန်းလေးဆယ်တွေ ပြောနေပြန်သည်။ ချန်ကျန့်ကတော့ ဆန့်ကျင်စွာ တည်တည်တံ့တံ့ တုံ့ပြန်သည်။

“ဗိုက်ဆာရင်လည်း ကျွန်တော့်ကို ပြောလို့ရပါတယ်ဗျာ”

“ဝန်ထမ်းတစ်ယောက်က ထမင်းစားဖို့တောင် မေ့သွားတဲ့အထိ အလုပ်အရမ်းကြိုးစားနေတာကို ရက်စက်တဲ့ ဘော့စ်တစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့ဒီအလုပ်တွေကို အနှောင့်အယှက် ပေးနိုင်ပါ့မလဲ”

ချန်ကျန့်သည် သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ၏အခန်းစစ်ဆေးချက် မှတ်စုစာအုပ်ကို ဘားကောင်တာပေါ်သို့ တင်လိုက်သည်။

“အထူးတလည် စားချင်တာ ရှိလား”

“သိုးသားဆန်ပြုတ်ကလွဲရင် ကျန်တာ အကုန်ရတယ်”

“အဲ့ဒါကို အခုထိ ကြောက်နေတုန်းပဲလား။ ဒါဆိုရင်တော့ ကျွန်တော်ပဲ တစ်ခုခု ဝယ်ခဲ့ပေးပါ့မယ်”။

“ဘယ်ကိုသွားမလို့လဲ” ရှန်ယွီက လှမ်းမေး၏။

“နေ့လယ်စာ သွားဝယ်မလို့လေ”

“ဒီအတိုင်း ဖုန်းဆက်ပြီး ဒလီမှာလိုက် လေ”

“ဘော့စ်ရှန်ခင်ဗျာ... ဒီမြို့မှာ အစားအသောက် လိုက်ပို့တဲ့စနစ် မရှိပါဘူး။ အကယ်၍ အစားအသောက် လိုချင်ရင် ဆိုင်ကို တိုက်ရိုက်ဖုန်းဆက်ရပါတယ်။ သူတို့ဘက်က အားနေရင်တော့ တစ်ယောက်ယောက် လွှတ်ပေးတတ်ပေမဲ့ အလုပ်ရှုပ်နေရင်တော့ လှည့်တောင်မကြည့်ပါဘူး။ ပြီးတော့လည်း...”။

“အဲ့ဒါဆိုရင်လည်း ဖုန်းဆက်ပြီး မေးကြည့်လေ”

ရှန်ယွီက ဖုန်းဆက်မှာစားဖို့အရေး တစ်ပြားမျှမလျှော့။

“ကျွန်တော် စကားမဆုံးသေးဘူးလေ။ ပြီးတော့... ဒီနေရာကို ဘယ်သူမှ လာမပို့ကြဘူး”

ချန်ကျန့် ထပ်ရှင်းပြမှ ရှန်ယွီမှာ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် နှစ်စက္ကန့်ခန့်အကြာတွင် တဟားဟား ရယ်မောတော့သည်။

“သရဲခြောက်တဲ့အိမ်ဆိုတော့ သူတို့ လာမပို့ချင်ကြဘူးပေါ့ ဟုတ်လား”။

“ဟုတ်တယ်၊ ကျွန်တော်ကိုယ်တိုင်ပဲ သွားဝယ်လိုက်ပါ့မယ်” ချန်ကျန့်သည် လှမ်းထွက်သွားပြီးမှ

ရုတ်တရက် ရပ်လိုက်ပြီး ပြန်လှည့်ကြည့်ကာ…

“ဒီနေ့ လစာထုတ်ပေးမယ်လို့ ဘော့စ် ပြောထားတယ် မဟုတ်လား”။ မေးတော့

“အင်း ။ မင်းပြန်လာရင် ပေးမယ်၊ အခု ဝယ်မယ့် ထမင်းဖိုးကိုပါ တစ်ခါတည်း ပြန်ပေးပါ့မယ်”။

ဒီလိုဆိုတော့လည်း တည်တည်တံ့တံ့ ပြန်ဖြေသား။

“မလိုပါဘူး၊ ဒီနေ့ လစာရမှာဆိုတော့ ဒီတစ်နပ်ကိုတော့ ကျွန်တော်ပဲ ကျွေးပါရစေ”

ချန်ကျန့်သည် တက်ကြွစွာဖြင့် ထွက်လာခဲ့တော့သည်။ မြို့ထဲတွင် စီးပွားရေး သိပ်မကောင်းလှသော်လည်း စားသောက်ဆိုင်များစွာ ရှိနေဆဲပင်။ ဒုတိယလမ်းမပေါ်ရှိ ဆိုင်ငယ်လေးအချို့မှာ လက်ရာကောင်းလှသဖြင့် သူနှင့် ရင်းနှီးပြီးသားဖြစ်သည်။ ထိုဆိုင်များသို့ ရောက်ရန် ဖြတ်လမ်းအတိုင်း ဆိုင်ကယ်စီးသွားပါက ငါးမိနစ်၊ ခြောက်မိနစ်ခန့် သက်သာမည်ဖြစ်သဖြင့် သူ ထိုလမ်းကို ရွေးချယ်လိုက်သည်။ လမ်းတစ်ဝက်ရောက်မှပင် သူ နောင်တရသွား၏။

ဤလမ်းမှာ ချန်အာဟူတို့ လူစု ပုံမှန်ခြေရှုပ်တတ်သော လမ်းဟောင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။ ရှန်ယွီ၏ ပညာပေးခြင်းကို ခံထားရသော ချန်အာဟူနှင့် သူ၏အစ်ကိုဖြစ်သူ ချန်တာဟူတို့မှာ စွန့်ပစ်ထားသော ဝက်ခြံဟောင်းတစ်ခုအပြင်ဘက်တွင် ရှိနေကြသည်။ ဆန်းပင်းနှင့် ကျန်လူများမှာလည်း လမ်းလယ်တွင် ဆိုင်ကယ်များပေါ် ထိုင်ရင်း စောင့်ဆိုင်းနေကြ၏။

ချန်ကျန့်သည် ဆိုင်ကယ်ကို ချက်ချင်းဘရိတ်အုပ်ကာ ပြန်လှည့်ရန် ပြင်သော်လည်း ချန်တာဟူက သူ့ကို မြင်သွားလေပြီ။ “ချန်ကျန့်!” ချန်ကျန့်မှာ ဆိုင်ကယ်ကို ရပ်လိုက်ပြီး ခြေတစ်ဖက်ကို မြေကြီးပေါ် ထောက်လျက် ချန်တာဟူဘက်သို့ လှည့်ကြည့်လိုက်ရသည်။

“မတွေ့တာကြာလို့ အခုတော့ သူစိမ်းတွေ ဖြစ်သွားပြီလား။ ငါ့ကိုတွေ့တာနဲ့ ပြေးဖို့ပဲ ကြည့်နေတယ်ပေါ့” ချန်တာဟူသည် ဝက်ခြံခြံစည်းရိုးကို ကျော်တက်လာပြီး ရယ်မောလျက် ချန်ကျန့်၏ ပုခုံးကို ရင်းရင်းနှီးနှီး ပုတ်လိုက်သည်။

“ဒါကတော့ မဟုတ်သေးဘူးလေ သူငယ်ချင်းရာ!”

ချန်တာဟူသည် မြို့ထဲသို့ လာခဲသူဖြစ်ပြီး မြို့ဟောင်းဘက်တွင်သာ အလုပ်အမျိုးမျိုးလုပ်ရင်း အချိန်ကုန်ဆုံးနေသူဖြစ်သည်။

“တာဟူ... မင်း ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”

ချန်ကျန့် ဟန်မပျက် နှုတ်ဆက်လိုက်သည်။

“မင်း အလုပ်ကောင်းကောင်းတစ်ခု ရထားတယ်လို့ ကြားတယ်နော်”

ချန်တာဟူက ချန်ကျန့်၏ ပုခုံးကို ဖက်လိုက်ရင်း ဆိုသည်။

“သာမန်အလုပ်ပါပဲ၊ အရင်အတိုင်းပါပဲ”

“သရဲအိမ်မှာ အလုပ်ရဖို့ကလည်း တော်တော်မြန်တာပဲ။ ဘော့စ်အသစ်နဲ့ အတော်လေး ရင်းနှီးနေတာလား၊ ဘယ်လိုလုပ်ပြီး သိတာလဲ”

ချန်တာဟူက ချန်ကျန့်၏ ပုခုံးကို လှုပ်ခါရင်း ထပ်မေးမြန်း၏။

“သူ ဒီကိုမလာခင်အထိ ကျွန်တော် သူ့ကို မသိပါဘူး”

ချန်ကျန့်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။ အချိန်အကြာကြီး စောင့်ဆိုင်းနေရပါက နေ့လယ်စာ ဝယ်မရတော့မည်ကို သူ စတင်စိုးရိမ်လာမိ၏။

“သူနဲ့ ချန်းယွီ (Qian Yu) နဲ့က ဘာပတ်သက်တာလဲ”

“မသိဘူးလေ”

“ချန်ကျန့်...”

ချန်တာဟူက သူ့ကို စိုက်ကြည့်လိုက်သည်။

“အင်း...”

ချန်ကျန့်ကလည်း ထိုအကြည့်ကို မရှောင်ဘဲ ပြန်လည်စိုက်ကြည့်လိုက်၏။

“ပြဿနာမရှာနဲ့နော်”

ချန်တာဟူက သတိပေးစကား ဆိုလာသည်။

“ကျွန်တော်က ပြဿနာရှာတတ်တဲ့သူ ဟုတ်၊ မဟုတ်ဆိုတာ အားလုံးလည်း အသိပဲ မဟုတ်လား”

ချန်ကျန့်က အေးဆေးပင် ဆိုလိုက်သည်။

“အခုက ပြဿနာကမှ ကျွန်တော့်ဆီ လာရှာနေတာပါ”။

“တောက်!”

ချန်တာဟူက ချန်ကျန့်၏ ပုခုံးကို လွှတ်လိုက်ပြီး ကျောပြင်ကို ခပ်ပြင်းပြင်း နှစ်ချက် ဆင့်ရိုက်လိုက်သည်။ သူက ချန်ကျန့်ကို စိုက်ကြည့်ရင်း

“မင်းကတော့ အခုထိ ဒီအတိုင်းပဲ မာကျောနေတုန်းပဲလား။ တကယ့်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ။ နည်းနည်းလောက်တော့ အလိုက်သင့်လေး မနေတတ်ဘူးလား” ဟု ဆို၏။

“မင်းအတွက်ကတော့ ပျော့ပျောင်းဖို့တော့ ကြင်နာဖို့တော့ မလိုဘူးတယ်။ ကြောက်စိတ်ရှိရင်ပဲ လုံလောက်ပြီမလား”။

“ဟား... မင်းကတော့ တကယ်ကို စကားပြောတတ်တာပဲ။ မင်း အတည်ပြောနေတာလား၊ ဒါမှမဟုတ် ငါ့ကို ခနဲ့တဲ့တဲ့လေး ပြန်ပြောနေတာလားဆိုတာတောင် ငါ ခွဲမရတော့ဘူး”။

“အတည်ဖြစ်ဖို့ များပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက မင်းကို ကြောက်နေကြတာပဲ မဟုတ်လား”။

ဆန်းပင်းက ကြားဖြတ်ပြောလိုက်သည်။ ချန်တာဟူသည် ဆန်းပင်းစကားကြောင့် ကျေနပ်သွားပုံရပြီး ချန်ကျန့်ဘက်သို့ ပြန်လှည့်ကာ အမိန့်လိုလို ပြောလာသည်။

“ကောင်းပြီလေ၊ ငါ မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး။ အဲ့ဒီ ရှန်ယွီ ဆိုတဲ့လူက ဘယ်လိုလူလဲဆိုတာကိုသာ ငါ့အတွက် သေချာစုံစမ်းပေးထားစမ်းပါ”

“မင်းညီကို အဲ့ဒီမှာ လုံခြုံရေး သွားလျှောက်ခိုင်းပြီး မင်းကိုယ်တိုင်ပဲ စုံစမ်းကြည့်လိုက်ပါလား”

ချန်တာဟူနှင့် နှစ်အတော်ကြာ သိကျွမ်းခဲ့သော်လည်း ရိုးရှင်းသည့် ကိစ္စရပ်တိုင်းကို အဘယ်ကြောင့် ဤမျှအထိ ရှုပ်ထွေးအောင် လုပ်တတ်ရသနည်းဆိုသည်ကို ချန်ကျန့် နားမလည်နိုင်။ ထို့ကြောင့်လည်း ချန်တာဟူသည် မြို့ဟောင်းဘက်တွင်ပင် ဩဇာမညောင်းဘဲ မြို့ထဲသို့ရောက်လျှင်လည်း ကြုံရာကျပန်း အလုပ်ကြမ်းများဖြင့်သာ ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရခြင်း ဖြစ်မည်။

“တာဟူ... ငါက ဒီမှာ ဝမ်းစာရှာနေရုံသက်သက်ပါ”

ချန်ကျန့်သည် အကြည့်မလွှဲဘဲ ချန်တာဟူကို စိုက်ကြည့်လျက် ဆိုလိုက်သည်။

“ပိုက်ဆံရမယ့်နေရာဆိုရင် ငါရှိမယ်၊ လစာပိုပေးတဲ့နေရာဆိုရင် ငါသွားမယ်။ အဲ့ဒါကလွဲလို့ ကျန်တာ ဘာကိုမှ ငါစိတ်မဝင်စားဘူး”။

“မင်း အခု ဘာပြောလိုက်တာလဲ”

ချန်တာဟူက မျက်မှောင်ကြုတ်လျက် မေးမြန်းသည်။

“ငါက ပိုက်ဆံပဲ ရှာချင်တာ၊ တခြား ဘာပြဿနာထဲမှာမှ မပါချင်ဘူးလို့ ပြောတာ”

ချန်ကျန့်က သူ၏ ရပ်တည်ချက်ကို ထပ်လောင်းရှင်းပြရသေးသည်။

ချန်တာဟူသည် ချန်ကျန့်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် အေးစက်စက် ရယ်မောသံတစ်ချက်ကို လွှတ်လိုက်ရင်း “ကောင်းပြီလေ” ဟုသာ တုံ့ပြန်သည်။

လေထုမှာ အနည်းငယ် ခြောက်ကပ်သွားသော်လည်း ချန်ကျန့်ကမူ ဘာမှထပ်မပြောတော့ပေ။ သူသည် နောက်သို့လည်း လှည့်မကြည့်တော့ဘဲ ဆိုင်ကယ်လက်ကိုင်ကိုသာ အသာအယာ လှည့်လိုက်ရာ ဆိုင်ကယ်မှာ ရှေ့သို့ ဒဟုန်ထိုး ပြေးထွက်သွားတော့သည်။

ချန်တာဟူက သူ့ကို မတားဆီးတော့သဖြင့် ချန်ကျန့်သည် ဆန်းပင်းနှင့် ကျန်လူများ၏ ဆိုင်ကယ်များကြားမှ ဝေ့ဝိုက်ကာ မောင်းထွက်လာခဲ့၏။ ရှေ့သို့ရောက်လေလေ သူသည် အရှိန်ကို မြှင့်တင်လေလေဖြစ်ပြီး လမ်းဟောင်းထဲမှ လုံးဝထွက်လာနိုင်သည့် အခါမှသာ သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်နိုင်တော့သည်။ အကယ်၍ ချန်တာဟူ တစ်ယောက် ထိုနေရာတွင် ရှိနေမည်မှန်းသာ ကြိုသိခဲ့လျှင် သူ ဤဖြတ်လမ်းကို လုံးဝရွေးချယ်ခဲ့မည် မဟုတ်ပေ။

ချန်အာဟူနှင့် သူ၏လူစုမှာမူ စကားအနည်းငယ် ပြောဆိုရုံဖြင့် ရင်ဆိုင်ရလွယ်ကူသော်လည်း ချန်တာဟူမှာမူ ထိုသို့မဟုတ်ပေ။ သူသည် ရဲစခန်း၏ "အမြဲတမ်းအသင်းဝင်" ကဲ့သို့ ဖြစ်နေသူဖြစ်ပြီး ပြစ်မှုများကျူးလွန်သော်လည်း မည်သည့်ဆိုးကျိုးမှ အမှန်တကယ် မခံစားရဘဲ လွတ်မြောက်နေသူ ဖြစ်သည်။ ချန်ကျန့်သည် ထိပ်တိုက်ရင်ဆိုင်ရခြင်းကို မုန်းတီးသူဖြစ်သော်လည်း ယခုကဲ့သို့ လူစားမျိုးနှင့် ကြုံလာရသည့်အခါတွင်မူ မိမိ၏ ရပ်တည်ချက်ကို မယိမ်းယိုင်စေရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

အချို့သောလူများမှာ မည်မျှပင် ရှောင်လွှဲနေပါစေ၊ နောက်ဆုတ်မသွားတတ်ကြပေ။ အမှန်စင်စစ် ချန်တာဟူသည် သူ၏ဖခင်အရင်းကိုပင် ဆေးရုံသို့ အကြိမ်ကြိမ်ရောက်အောင် လုပ်ခဲ့ဖူးသော လူစားမျိုး မဟုတ်ပါလား။ ချန်အာဟူနှင့် ချန်တာဟူတို့အား ရင်ဆိုင်ရသည့် ခက်ခဲမှုကွာခြားချက်မှာ လျူဝူနှင့် ရှန်ယွီတို့၏ ဉာဏ်ရည်ကွာဟချက်နှင့် အတူတူပင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ အချိန်အများကြီး မကုန်ဆုံးခဲ့ရပေ။ သူ စားသောက်ဆိုင်သို့ ရောက်ရှိချိန်တွင် ဆိုင်၌ ဧည့်သည်မရှိတော့ဘဲ ထိုင်ခုံများကို စားပွဲပေါ်သို့ ပြောင်းပြန်တင်ထားပြီ ဖြစ်သော်လည်း မီးဖိုချောင်မပိတ်သေးသဖြင့် ဆိုင်ရှင်က ချက်ပြုတ်ပေးနိုင်ဆဲပင်။ ချန်ကျန့်သည် သူနှစ်သက်သော ဟင်းပွဲအချို့ကို မှာယူလိုက်သည်။

“အများကြီးပါလား... ဘယ်နှယောက် စားကြမှာလဲ”

ဆိုင်ရှင်ကတော်က ကြမ်းပြင်လှည်းရင်း မေးမြန်းသည်။

“သုံးယောက်ပါ”

ချန်ကျန့်သည် ငွေရှင်းကောင်တာနောက်က ခုံတွင် ဝင်ထိုင်လိုက်၏။

“သရဲအိမ်က အဲ့ဒီ လေဖြတ်နေတဲ့ ဘော့စ်အတွက်လား”

သူမက စပ်စုလိုသော လေသံဖြင့် မေးသည်။ “အဲ့ဒီနေရာက ပြန်ဖွင့်တော့မှာလား”။

တစ်ရက်တည်းနှင့်ပင် "ခြေထောက်မသန်သောဘော့စ်" မှာ "လေဖြတ်နေသောဘော့စ်" အဖြစ် အဆင့်တိုးမြှင့်ခံလိုက်ရလေပြီ။ ရှန်ယွီ၏ခြေထောက် အမြန်ဆုံးပြန်ကောင်းပါစေဟု ချန်ကျန့် စိတ်ရင်းဖြင့် ဆုတောင်းမိတော့သည်။ နောက်ထပ် လအနည်းငယ်သာ ထပ်ကြာမည်ဆိုလျှင် ရှန်ယွီမှာ "ဖုတ်ကောင်ဘော့စ်" ဟုပင် ခေါ်ဝေါ်ခံရနိုင်ပြီး သရဲအိမ်ဆိုသည့် အမည်နှင့် ပို၍ပင် လိုက်ဖက်သွားပေလိမ့်မည်။

“ဟုတ်ကဲ့” ချန်ကျန့်က ခေါင်းညိတ်ပြလိုက်သည်။

“သန့်ရှင်းရေးလုပ်ဖို့တော့ လိုသေးတယ်။ အလုပ်သမားတွေလည်း လိုက်ရှာနေတုန်းပဲ”။

“ဘယ်သူက အဲ့ဒီမှာ အလုပ်လုပ်ရဲမှာလဲ...” ဆိုင်ရှင်ကတော်မှာ ထိတ်လန့်တကြား ဖြစ်သွားသည်။ “နေ့ခင်းကြောင်တောင်မှာတောင် သရဲခြောက်တယ်လို့ ကြားတယ်နော်”။

“နေ့ခင်းဘက်တော့ မခြောက်ပါဘူးဗျာ။ နေ့ခင်းကြောင်တောင်ကြီးမှာ သရဲထွက်ခြောက်တယ်ဆိုတာ သရဲတွေရဲ့ သဘာဝနဲ့လည်း မကိုက်ညီပါဘူး”။

“မင်းက အဲ့ဒီမှာ နေတာလား။ မကြောက်ဘူးလား”

သူမ ထပ်မေးပြန်သည်။

“ဘာကြောက်စရာ ရှိလို့လဲ” ဆိုင်ရှင်အမျိုးသားက ဟင်းများကို ပါဆယ်ဘူးထဲသို့ ထည့်ရင်း မီးဖိုချောင်ထဲမှ လှမ်းအော်ပြောလိုက်သည်။

“ဒီကောင်က ခေါင်းတလားထဲမှာ အိပ်ခိုင်းရင်တောင် ဂရုစိုက်မယ့်ကောင် မဟုတ်ဘူး... အဲ့ဒီတုန်းက မင်းအသက် ဘယ်လောက်ရှိပြီလဲ”။

“အဲ့ဒါက သတ္တိရှိတာ မဟုတ်ပါဘူးရှင်။ သူ့မှာ တခြားရွေးချယ်စရာ မရှိလို့ နေခဲ့ရတာပါ”

ဆိုင်ရှင်ကတော်က ခင်ပွန်းဖြစ်သူကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

“ကျွန်တော် မကြောက်ပါဘူး” ချန်ကျန့်က ပြုံးလျက် ဆို၏။

ချန်ကျန့် ငွေရှင်းရန် ပြင်နေစဉ်မှာပင် ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ ရှန်ယွီ ဖြစ်နေသည်။

“ဘီယာတစ်ဖာလောက် ဝယ်ခဲ့ပေးပါဦး”

“ဘယ်လောက်လဲ” ချန်ကျန့်က အသံကိုမြှင့်ကာ မေးလိုက်သည်။ “တစ်ဖာကြီးတောင်လား”

“အင်း... တစ်ဖာလေ”

ချန်ကျန့်သည် နှစ်စက္ကန့်ခန့် ဆွံ့အသွားပြီးမှ

“ဘော့စ်ရှန်ခင်ဗျာ...ကျွန်တော်က မင်းတို့ကို နေ့လယ်စာ ကျွေးမလို့ပါ၊ အရက်ဆိုင်အတွက် ပစ္စည်းဖြည့်ပေးနေတာ မဟုတ်ဘူးလေ”။

“ဘီယာဖိုးကတော့ ငါ့အကောင့်ထဲကပဲ ရှင်းလိုက်ပါ့မယ်”

ရှန်ယွီက ချန်ကျန့်စကားကို တဟားဟား သဘောတကျ ရယ်မောရင်း ပြန်ပြောသည်။

“မင်းတို့ ညီအစ်ကိုနှစ်ယောက်တည်းနဲ့ တစ်ဖာလုံး ကုန်အောင် သောက်နိုင်လို့လား”

ချန်ကျန့် ထပ် မေးရ၏။

“မင်းကော မသောက်ဘူးလား”

ရှန်ယွီက အံ့ဩသွားသည့် လေသံဖြင့် ပြန်မေးသည်။

“နေ့ခင်းကြောင်တောင်ကြီးဗျာ... ဘယ်သူက အရက်သောက်မှာလဲ”

“အခုသောက်တာကို သဘောမကျရင်လည်း ညရောက်တဲ့အထိ ဆက်သောက်နေလို့ ရတာပဲလေ”

ရှန်ယွီက အေးဆေးပင် တုံ့ပြန်လိုက်လေတော့သည်။

“ကျွန်တော်က အဲ့ဒီလောက်အထိ အရက်မက်တဲ့သူ မဟုတ်ပါဘူးဗျာ”

ချန်ကျန့်က သက်ပြင်းချလိုက်ရင်း လမ်းတစ်ဖက်ရှိ ကုန်စုံဆိုင်လေးကို လှမ်းကြည့်လိုက်သည်။

ချန်ကျန့်သည် ဘီယာတစ်ဖာနှင့် အစားအသောက်များကို သယ်ဆောင်ကာ ကျန့်ရှီးတည်းခိုခန်းသို့ ပြန်ရောက်လာသည်။ လျူဝူမှာ ဝင်းအတွင်းရှိ ဖဲချပ်ဟောင်းများကို လိုက်လံသိမ်းဆည်းနေ၏။ ချန်ကျန့်က ထိုအလုပ်များကို အလုပ်သမားများလာမှ လုပ်ခိုင်းရန် ပြောသော်လည်း လျူဝူကမူ မြင်မကောင်းသဖြင့် ကိုယ်တိုင်လုပ်နေခြင်း ဖြစ်သည်။

သူတို့ သုံးယောက်သား ပထမထပ် ကော်ဖီဆိုင်နေရာ၌ နေ့လယ်စာ အတူစားကြသည်။ ရှန်ယွီသည် ကတိအတိုင်း ချန်ကျန့်အား နှစ်လစာ လစာငွေ တစ်သောင်းလေးထောင်ယွမ်ကို စာအိတ်နှင့်ထည့်၍ ပေးလိုက်ရာ၊ ချန်ကျန့်မှာ ထိုမျှများပြားသော ငွေပမာဏကို တစ်ခါတည်း မရဖူးသဖြင့် ဝမ်းသာအားရပင် ရေတွက်နေမိတော့သည်။

စားသောက်နေစဉ်အတွင်း လျူဝူက ရှန်ယွီ၏ ခြေထောက်ကို ထိုင်ခုံတစ်ခုပေါ်သို့ အသာအယာ တင်ပေးထားသည်ကို တွေ့ရသဖြင့် ချန်ကျန့်က ရှန်ယွီ၏ ဒဏ်ရာအကြောင်းကို စပ်စုမိသည်။

“ဒီလောက်အထိ ဖြစ်သွားအောင် ဘာတွေများဖြစ်လို့လဲ”

“အရိုက်ခံရတာလေ”

ရှန်ယွီအေးဆေးပင် ပြန်ဖြေလိုက်၏။ ထိုအဖြေကြောင့် ချန်ကျန့်မှာ ရှန်ယွီ၏ စောင်းချိတ်ပြောတတ်သော ပါးစပ်ကြောင့် ခြေထောက်နှစ်ဖက်လုံး အကျိုးမခံရသည်မှာပင် ကံကောင်းသည်ဟု တွေးလိုက်မိသည်။

ထမင်းစားပြီးချိန်တွင် ရေပြန်လာသဖြင့် ရှန်ယွီမှာ ရေချိုးရန် ပြင်ဆင်တော့သည်။ သူ၏ ခြေထောက်ရှိ ဒဏ်ရာမှာ ရေစို၍ မရသဖြင့် အရက်ပြန်ဖြင့်သာ သီးသန့်သန့်ရှင်းရေး လုပ်ရမည်ဖြစ်သည်။

“အကူအညီ လိုဦးမလား”

ချန်ကျန့်က အလိုက်တသိ မေးမြန်းလိုက်ရာ လျူဝူက ဒဏ်ရာကို ရေမစိုအောင် ဖုံးပေးထားလျှင် ရှန်ယွီမှာ ကိုယ်တိုင် ရေချိုးနိုင်ကြောင်း ပြောပြသဖြင့် ချန်ကျန့်မှာ စိတ်အေးသွားရလေတော့သည်။
______________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...