အပိုင်း (၇)
ခြောက်လခန့် ပစ်ထားခဲ့သော်လည်း တတိယထပ်နှင့် စတုတ္ထထပ်ရှိ အခန်းများမှာ ပထမထပ်ထက်ပင် ပို၍ သန့်ရှင်းနေသည်ကို တွေ့ရ၏။ အထူးသဖြင့် ချန်ကျန့်က သေသေချာချာ ရွေးချယ်ပြီး သန့်ရှင်းရေးလုပ်ထားသည့် အခန်းမှာ ပို၍ သိသာလှသည်။ ရေချိုးခန်းကို အသုံးမပြုနိုင်သေးသော်လည်း တစ်စုံတစ်ယောက်က သန့်ရှင်းရေး လုပ်ထားသည်မှာ ထင်ရှားလှပေသည်။
ထို့ကြောင့် လျူဝူက သူအိပ်ရန် ပြင်ဆင်ထားသော ပထမထပ်ရှိ အခန်း၌သာ ရေချိုးရန် အကြံပြုသော်လည်း ရှန်ယွီက ငြင်းပယ်လိုက်သည်။
“ငါ ၃၀၇ အခန်းမှာပဲ ရေချိုးမယ်။ ငါ့အထုတ်အပိုးတွေ အကုန်လုံးကလည်း အဲ့ဒီအခန်းထဲမှာပဲ ရှိတာ”
“တတိယထပ်ကြီးလား...”
လျူဝူက မျက်မှောင်ကြုတ်လျက် ညည်းတွားလိုက်၏။
ရှန်ယွီက ချန်ကျန့်ဘက်သို့ လှည့်ကာ မေး၏။
“အခု မီးပြန်လာပြီဆိုတော့ ဓာတ်လှေကားကော သုံးလို့ရပြီ မဟုတ်လား”
“မလုပ်နဲ့!”
ချန်ကျန့်က လျင်မြန်စွာ တားဆီးလိုက်ရင်း ဘေစင်အောက်မှ တိပ်ခွေတစ်ခွေကို ဆွဲထုတ်လိုက်သည်။ သူက တိပ်ကို အသံမြည်အောင် ဆွဲဖြတ်လိုက်ပြီး ဓာတ်လှေကားတံခါးပေါ်တွင် ကန့်လန့်ဖြတ် ကပ်လိုက်၏။
“ဒါကို အသုံးမပြုတာ ကြာပြီ။ ပြုပြင်ထိန်းသိမ်းရေးသမားတွေ လာစစ်ပြီးမှ သုံးတာ ပိုကောင်းမယ်။ မင်းမှာ ကောင်းတဲ့ခြေထောက်က တစ်ဖက်တည်း ကျန်တော့တာလေ၊ အဲ့ဒါလေးကိုတော့ ဂရုစိုက်ပါဦး”။
ရှန်ယွီသည် ထိုတိပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျူဝူဘက်သို့ လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လျူဝူ၏ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာတော့သည်။
“ဟာ... သွားပြီ! ငါ မျက်စိမှားနေတာလား။ ဒါကို ဘယ်ကနေ ရလိုက်တာလဲ”။
“ဘာဖြစ်လို့လဲ” ချန်ကျန့်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
“ဒါက... တတိယထပ်က အဲ့ဒီအခန်းမှာ ကပ်ထားတဲ့ သတိပေးတိပ် မဟုတ်လား” လျူဝူက တိပ်ကို လက်ညှိုးထိုးပြရင်း ဆိုသည်။ “မင်း အဲ့ဒါကို ခွာယူလာတာလား”။
“မင်း စာရော ဖတ်တတ်ရဲ့လား”
ချန်ကျန့်က လျူဝူ၏ ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ်ကူးယဉ်မှုများကို တကယ်ပင် အံ့ဩသွားမိတော့သည်။
“ဟင်။” လျူဝူမှာ ခေတ္တမျှ ကြောင်အသွားသည်။
“အဲ့ဒီပေါ်မှာ ဘာစာရေးထားလဲဆိုတာ သေချာဖတ်ကြည့်ပါဦး” ဟု ဆိုကာ ချန်ကျန့်က သူ၏လက်ထဲတွင် ကျန်နေသေးသော တိပ်ခွေကို လှမ်းပစ်ပေးလိုက်သည်။
လျူဝူက ထိုတိပ်ခွေကို ပျာပျာသလဲ ဖမ်းယူလိုက်ပြီးနောက် ဖတ်ကြည့်လိုက်၏။
“သတိပြုရန်... လုပ်ငန်းခွင်အတွင်း ဖြစ်သည်”။
“မင်းကတော့ တကယ်ပါပဲ... ဘာလို့ ဒီလောက်တောင် အကြောက်လွယ်နေရတာလဲ”
ချန်ကျန့်က သက်ပြင်းချရင်း ဆိုသည်။
“ကျွန်တော်က အကြောက်လွယ်တာ မဟုတ်ပါဘူး။ မင်းကသာ ပုံမှန်မဟုတ်တဲ့အထိ ဘာကိုမှ မကြောက်တတ်တာပါ”
လျူဝူကလည်းမနေ ။ ပြန်လည်ချေပလိုက်၏။
ဓာတ်လှေကားကို အသုံးမပြုနိုင်တော့သဖြင့် ရှန်ယွီသည် လှေကားထစ်များကို တစ်ထစ်ချင်း ခက်ခဲစွာ တက်ရတော့မည်ဖြစ်ပြီး၊ လျူဝူကမူ ဝှီးချဲကို နောက်မှ သယ်ပေးရတော့မည်။
ချန်ကျန့်သည် လှေကားခြေရင်းတွင် ရပ်ကာ ရှန်ယွီကို ကြည့်နေမိသည်။
“မင်းပဲ သူ့ကို အပေါ်အထိ ပွေ့ချီသွားပေးရမယ်”
လျူဝူက ရုတ်တရက် ဆိုလာ၏။
အင်။ ရုပ်ရည်သန့်သန့်ပြန့်ပြန့်ရှိလှသော လျူဝူသည် ရှန်ယွီကို တတိယထပ်အထိ ပွေ့ချီသွားနိုင်သည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း၊ ယခုတော့ လျူဝူမှာ ဘာမှမလုပ်ဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်ကို သတိထားမိသွားသည်။
“ဗျာ” ချန်ကျန့်မှာ သတိပြန်ဝင်လာပြီး - “ငါ့ကို ပြောတာလား”။
“အခု မင်းက သူ့ရဲ့ သီးသန့်လက်ထောက် မဟုတ်လား”
လျူဝူက မေးလိုက်သည်။
ခြေကျိုးဘော့စ်ရဲ့ စားဝတ်နေရေးနှင့် သွားလာရေး... အားလုံးက ချန်ကျန့် တာဝန် ဖြစ်လာလေပြီ။
ဒါကတော့ "သွားလာရေး" တာဝန်ထဲမှာ ပါဝင်နေတာ သေချာပါသည်။
သို့သော် ရှန်ယွီကဲ့သို့သော လူစားမျိုးကိုသာ ချန်ကျန့်က တစ်ကြိမ်တစ်ခါ ပွေ့ချီပေးလိုက်မည်ဆိုလျှင်၊ နောက်ပိုင်းတွင် ရှန်ယွီသည် ချိုင်းထောက်များကိုသာမက ဝှီးချဲကိုပါ အသုံးမပြုတော့ဘဲ သူ့ကိုသာ ခိုင်းစေတော့မည်လားဟု သူ စိုးရိမ်မိသည်။
“ဟို... တကယ်တော့လေ...”
ချန်ကျန့်သည် ဝေခွဲမရဖြစ်နေရာမှ ဓာတ်လှေကားဆီသို့ လျှောက်သွားကာ ခုနကမှ သူကိုယ်တိုင် ကပ်ထားသော တိပ်များကို ပြန်ခွာလိုက်သည်။ သူက လေသံတိုးတိုးဖြင့် အမြန်ပင် ဆိုလိုက်၏ -
“ဒီဓာတ်လှေကားက အရင်တုန်းကတော့ တစ်လတစ်ခါ ပုံမှန်စစ်ဆေးတာ။ တပ်ဆင်ပြီးကတည်းက ဘာပြဿနာမှ မတက်ဖူးဘူး။ ပြီးတော့ ဒီခြောက်လအတွင်းမှာလည်း ဘယ်သူမှ ဝင်တာ မရှိလောက်ဘူးဆိုတော့... တစ်ခေါက်နှစ်ခေါက်လောက် သုံးတာကတော့ အဆင်ပြေမှာပါ...”
“အသုံးနည်းခဲ့လို့ ဘာပြဿနာမှ မတက်ခဲ့တာလား”
ရှန်ယွီက မေးမြန်းလိုက်သည်။
“အင်း... ဖြစ်နိုင်ပါတယ်”
ချန်ကျန့်က ပြန်လည်စဉ်းစားရင်း ဆိုသည်။ တတိယထပ်တွင် ထိုကိစ္စ မဖြစ်ပွားမီက ကျန့်ရှီးသည် မြို့ထဲရှိ အဆင့်မြင့်တည်းခိုခန်းများထဲတွင် စီးပွားရေး အဆိုးဆုံးဟု မဆိုနိုင်သော်လည်း၊ ဧည့်သည်အများစုမှာ ပထမထပ်တွင်သာ တည်းခိုရန် လုံလောက်ကြသည် မဟုတ်ပါလား။
ထိုသို့ ပြန်လည်စဉ်းစားကြည့်မိသောအခါ တည်းခိုခန်း၏ စီးပွားရေးမှာ အမှန်တကယ်ပင် အနည်းငယ် အေးစက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်လှေကားမှာ ကြည့်ရသည်မှာ အခြေအနေကောင်းမွန်ပုံရပြီး တံခါးများမှာလည်း ချောမွေ့စွာ ပွင့်သွားသည်။ ချန်ကျန့်က အတွင်းသို့ ချောင်းကြည့်လိုက်ရာ ဖုန်အနည်းငယ်မှလွဲ၍ မီးများမှာလည်း ပုံမှန်အတိုင်း လင်းနေသည်ကို တွေ့ရ၏။
ရှန်ယွီသည် သူ၏ခေါက်ချိုးချိုင်းထောက်ကို ဖြန့်လိုက်ပြီး ဓာတ်လှေကားထဲသို့ လှမ်းဝင်လိုက်သည်။ ထို့နောက် သူက နောက်သို့ပြန်လှည့်ကာ…
“အားလုံး ဝင်ခဲ့ကြလေ” ဟု ဆို၏။
“မင်းက တစ်ယောက်တည်း ရေချိုးနိုင်တယ်ဆို”
ချန်ကျန့်က မေးမြန်းလိုက်သည်။
“အန္တရာယ်ကို အတူတူ ခွဲဝေခံစားကြတာပေါ့ကွာ” ရှန်ယွီက အေးအေးလူလူပင် ဆိုသည်။
“ငါ့မှာ ကောင်းတဲ့ခြေထောက်က တစ်ဖက်တည်း ကျန်တာလေ။ မင်းတို့နှစ်ယောက်ပါ ဝင်လာမှ ဓာတ်လှေကား ပျက်ကျနိုင်ခြေနှုန်းက လျော့သွားမှာပေါ့”။
ချန်ကျန့်နှင့် လျူဝူတို့လည်း ဓာတ်လှေကားထဲသို့ အတူတူ လိုက်ဝင်သွားကြတော့သည်။
ဓာတ်လှေကားကတော့ သူတို့မျှော်လင့်ချက်ကို ပျက်ပြားအောင် မလုပ်ခဲ့ပေ။ တတိယထပ်သို့ ဘာပြဿနာမှမရှိဘဲ ချောမွေ့စွာ ရောက်ရှိသွားသည်။ သို့သော် သူတို့ ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် မျက်နှာကြက်ရှိ မီးလုံးတစ်လုံး တဖျပ်ဖျပ် ဖြစ်နေသည်ကို မြင်လိုက်ရ၏။
“အဲ့ဒီမီးက ဘာဖြစ်နေတာလဲ” လျူဝူသည် လှေကားဝင်ပေါက်နားတွင် ရပ်လျက် မေးမြန်းသည်။
“ဝါယာရှော့ဖြစ်နေတာလားမသိဘူး” ချန်ကျန့်က နံရံပေါ်ရှိ ခလုတ်ကို အကြိမ်အနည်းငယ် နှိပ်ကြည့်သော်လည်း မီးကတော့ တဖျပ်ဖျပ် ဖြစ်နေဆဲပင်။
“ခြောက်လလောက် မဖွင့်ဘဲ ထားခဲ့တာဆိုတော့လည်း ဖြစ်မှာပေါ့”။
“တောက်လျှောက်ကြီးကို မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတုန်းပဲဗျ” ဟု လျူဝူက ဆိုသည်။
ရှန်ယွီက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ချိုင်းထောက်ကို မြှောက်ကာ ခလုတ်ကို ခပ်ပြင်းပြင်း တစ်ချက် ပိတ်လိုက်သည်။ “ဂျောက်” ဆိုသည့် အသံနှင့်အတူ မီးလုံးမှာ လုံးဝပိတ်သွားတော့၏။
“အခုမှိတ် တုပ်မှိတ်တုပ် မဖြစ်တော့ဘူး မလား”
ရှန်ယွီ၏ တောင်းဆိုချက်အရ ချန်ကျန့်သည် တတိယထပ်ရှိ အားကစားခန်းမမှ ပလတ်စတစ်ကုလားထိုင်တစ်လုံးကို အခန်း ၃၀၇ ၏ ရေချိုးခန်းထဲသို့ သယ်ပေးလိုက်ရသည်။ ထို့နောက် ရေပန်းနှင့် အခြားရေပိုက်ခေါင်းများကို စမ်းသပ်ကြည့်ရာ အားလုံး အဆင်ပြေပြေ အလုပ်လုပ်နေသည်ကို တွေ့ရ၏။ ရေချိုးခန်းသုံး ပစ္စည်းများမှာလည်း ကျန့်ရှီးတံဆိပ်ပါသော အသစ်စက်စက်များဖြစ်ပြီး တတိယထပ်ရှိ ပစ္စည်းသိုလှောင်ခန်းထဲမှ ယူထားခြင်းဖြစ်ကြောင်း သိသာလှသည်။
ရှန်ယွီသည် "လေဖြတ်နေသော ဘော့စ်" ဟု အပြောခံနေရသော်လည်း ဇွဲကောင်းလွန်းလှသဖြင့် အဆောက်အအုံတစ်ခုလုံးကိုပင် နှံ့စပ်အောင် လျှောက်ကြည့်ပြီးလောက်ပြီဟု ချန်ကျန့် တွေးမိသည်။
ချန်ကျန့်သည် အောက်ထပ်သို့ ပြန်ဆင်းရန် ပြင်လိုက်စဉ် လှေကားဘက်သို့ ဆုတ်ခွာနေပြီဖြစ်သော လျူဝူက သူ့ကို လှမ်းကြည့်ကာ - “မင်း ဘယ်သွားမလို့လဲ” ဟု မေးသည်။
“အောက်ထပ်ဆင်းမလို့လေ” ဟု ချန်ကျန့်က ပြန်ဖြေလိုက်၏။ “ငါ နည်းနည်းလောက် နားဦးမယ်။ နေလယ်ကျရင် အလုပ်သမားအချို့ကိုလည်း ဆက်သွယ်ဖို့ ရှိသေးတယ်”။
“ငါ့အစ်ကို ရေချိုးပြီးတဲ့အထိ မင်း မစောင့်တော့ဘူးလား”
“ဘာလဲ... ငါက သူ့ကိုယ်ပါ လိုက်သုတ်ပေးရဦးမှာလား”
ချန်ကျန့်က ခပ်ရွဲ့ရွဲ့ပင် ပြန်ပြောလိုက်တော့၏။
“သူ့ခြေထောက်ကို ပိုးသတ်ပေးဖို့ လိုတယ်လေ။ သူကိုယ်တိုင် မလုပ်နိုင်ဘူး။ ကျွန်တော် မင်းကို သင်ပေးမယ် ။ မနက်ဖြန် ကျွန်တော် ပြန်သွားပြီးရင် နောက်လာမယ့် နှစ်လလုံးလုံး အဲ့ဒါက မင်းရဲ့ တာဝန်ပဲ”။
“ဒီကို လာပါဦး” ချန်ကျန့်က ခေါ်လိုက်ရင်း ပစ္စည်းသိုလှောင်ခန်းတံခါးကို ဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။
“မင်းအတွက် ပေးစရာ ရှိလို့”။
“ဘာလဲဟင်” လျူဝူက အခန်းထဲထိ မဝင်ဘဲ တံခါးဝမှသာ ခေါင်းပြူကြည့်နေ၏။
ချန်ကျန့်က မီးဖွင့်လိုက်ပြီး တံခါးဘေးရှိ စင်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ထိုစင်ပေါ်တွင် စကားပြောစက်အချို့ကို အစီအရီ အားသွင်းထားသည်။
“အထပ်တိုင်းမှာ တစ်လုံးစီ ရှိတယ်။ လိုင်းတွေကိုလည်း ကြိုညှိထားပြီးသားဆိုတော့ ဘာမှလုပ်နေစရာ မလိုဘူး။ ငါ့ကို ဆက်သွယ်ချင်ရင် တစ်လုံးကို ယူသုံးလိုက်ရုံပဲ”။
“အခုပဲ တစ်လုံးပေးပါဦး။ အားကတော့ တော်တော်လေး ဝင်နေလောက်ပါပြီ” ဟု ဆိုကာ လျူဝူက လက်ကမ်းလိုက်သည်။ ချန်ကျန့်က သက်ပြင်းတစ်ချက်ချရင်း တစ်လုံးကို ပလပ်ဖြုတ်ကာ သူ့ကို ကမ်းပေးလိုက်၏။
ရှန်ယွီ တစ်ယောက် ရေချိုးရန် အချိန်မည်မျှကြာမည်ကို မည်သူမှ မသိနိုင်ပေ။ ချန်ကျန့်မှာ မနေ့ညကလည်း ကောင်းကောင်းမအိပ်ရဘဲ၊ ယနေ့မနက်တွင်လည်း ရှန်ယွီက စောစောစီးစီး နှိုးခဲ့သဖြင့် တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့ရသည်။ ယခုအချိန်တွင် သူ အလိုချင်ဆုံးမှာ စားပွဲပေါ် ခေါင်းတင်ပြီး ခဏလောက် မှေးလိုက်ရန်သာ ဖြစ်သည်။
သို့သော် သူ ခဏတာ အိပ်ပျော်ရုံရှိသေး ပတ်ဝန်းကျင်မှာ မှောင်ရီပျိုးစပြုလာပြီး အိတ်ကပ်ထဲမှ ဖုန်းမြည်သံက သူ့ကို နှိုးလိုက်ပြန်သည်။ “ဟူး...” ချန်ကျန့်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားရင်း ဖုန်းကို ထုတ်ကြည့်လိုက်ရာ ခေါ်ဆိုသူမှာ ကျောက်ဖန်းဖန်း ဖြစ်နေသည်။ သူ ဖုန်းဖြေလိုက်၏။
“ကျောက်ကျဲ လား”။
“အေး... ငါပါ ။ မင်း ဘယ်မှာလဲ”။
“ကျန့်ရှီးမှာ”
သူမ ဘာကြောင့် ဖုန်းဆက်သည်ကို သူ ခန့်မှန်းမိသဖြင့်
“အစ်မ ဓာတ်မြေသြဇာစက်ရုံမှာ မလုပ်တော့ဘူးလား” ဟု မေးမြန်းလိုက်၏။
“ထွက်လိုက်ပြီ။ ငါ့ခန္ဓာကိုယ်က မခံနိုင်တော့ဘူးလေ… ကုန်တင်ကုန်ချရတာက အရမ်းပင်ပန်းလွန်းတယ်။ အနံ့ကလည်း ဆိုးလိုက်တာမှ ပြောမနေနဲ့တော့။ ဒါနဲ့... အဲ့က ဘော့စ်အသစ်က ဘယ်လိုလဲဟေ့”။
“ဘယ်လိုလူလဲဆိုတာတော့ သေချာမသိသေးဘူး။ သူ့ရဲ့ စကားပြောပုံကတော့ သိပ်မကောင်းလှဘူးဆိုတာပဲ သိတယ်”
“သူကတော့ အဆင်ပြေပါတယ်။ အခုမှ စတွေ့တာဆိုတော့ သိပ်တော့ မသိသေးဘူးပေါ့” ဟု ချန်ကျန့်က ပြန်ဖြေလိုက်သည်။
“အဲ့ဒီနေရာက ပြန်ဖွင့်တော့မှာလား။ လူတွေကော ထပ်ခေါ်ဦးမလားဟင်”။
“အစီအစဉ်က ဘယ်လိုလဲဆိုတာ မသိသေးဘူး။ အခုလောလောဆယ်တော့ သန့်ရှင်းရေးလုပ်ဖို့ လူရှာနေတာပဲ ရှိသေးတယ်”
ချန်ကျန့်သည် ယနေ့သူစစ်ဆေးခဲ့သော အခန်းစာရင်းများကို မှတ်စုစာအုပ်ထဲတွင် လှန်လှောကြည့်ရင်း လုပ်ရမည်များကို ပြောပြလိုက်သည်။
“ဖုန်စုပ်ရမယ်၊ အိပ်ရာခင်းတွေနဲ့ စောင်စွပ်တွေ အကုန်လျှော်ရမယ်...”။
“အဲ့ဒါဆိုရင် ငါ လုပ်နိုင်တယ်။ အရင်ကလည်း သန့်ရှင်းရေးအလုပ် လုပ်ခဲ့ဖူးတာပဲ”
“အဲ့ဒါဆိုလည်း ကျဲ လာခဲ့လေ။ခြောက်လလောက် ပစ်ထားတာဆိုတော့ အလုပ်ကတော့ မလွယ်ဘူးနော်။ အကယ်၍ တခြားသိတဲ့သူရှိရင်လည်း နောက်ထပ် နှစ်ယောက်လောက် ခေါ်လာခဲ့ပါဦး”။
“ငါ အရင်လာကြည့်လိုက်ပါ့မယ်”
ကျောက်ဖန်းဖန်း အနေဖြင့် လုပ်အားခကို အခြားသူများနှင့် မခွဲဝေချင်သဖြင့် တစ်ယောက်တည်းလာရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ချန်ကျန့် ရိပ်မိသော်လည်း ဘာမှမပြောတော့ပေ။ သူမ ရောက်လာမှသာ ဘော့စ်ဖြစ်သူက ဘယ်လိုစီစဉ်မလဲဆိုတာကို ကြည့်ရမည်။
ရှန်ယွီမှာ လှုပ်လှုပ်ရှားရှားအရမ်းမလုပ်နိုင်သေးသဖြင့် တစ်နာရီနီးပါး ကြာပြီးမှ လျူဝူက စကားပြောစက်မှတစ်ဆင့် ချန်ကျန့်ကို အပေါ်ထပ်သို့ လှမ်းခေါ်တော့သည်။
ချန်ကျန့် ရောက်သွားချိန်တွင် လျူဝူသည် အခန်းထဲရှိ ကော်ဖီစားပွဲပေါ်၌ ဆေးသေတ္တာကို ဖြန့်ခင်းထားပြီးဖြစ်သည်။ ရှန်ယွီသည် ကုတင်ခေါင်းရင်းကို မှီကာ ပိတ်ချောဘောင်းဘီပွပွတစ်ထည်ကို ဝတ်ထား၏။ သူ၏ ဘယ်ဘက်ခြေထောက်ကို ကုတင်ပေါ်တွင် ဆန့်ထုတ်ထားပြီး ဘောင်းဘီခြေထောက်ကို ပေါင်ရင်းအထိ မတင်ထားသည်ကို မြင်လိုက်ရမှသာ ချန်ကျန့်သည် ရှန်ယွီ၏ ဒဏ်ရာ မည်မျှအထိ ပြင်းထန်သည်ကို အထင်အရှား မြင်လိုက်ရတော့သည်။
အစပိုင်းတွင် သူက သာမန်အရိုးထိန်းကိရိယာ တစ်ခု တပ်ထားရုံသာဟု ထင်မှတ်ခဲ့သော်လည်း၊ အခု ခြေထောက်ကို အကာအကွယ်မပါဘဲ မြင်လိုက်ရချိန်တွင်မှ ထိုကိရိယာ အဘယ်ကြောင့် လိုအပ်သနည်းဆိုသည်ကို သူ နားလည်သွားခဲ့သည်။ အကြောင်းမှာ ထိုနေရာတွင် ပွင့်ထွက်နေသော ဒဏ်ရာကြီးတစ်ခု ရှိနေသောကြောင့်ပင် ဖြစ်လေတော့သည်။
“ဟာ...” သူသည် အနားသို့ တိုးကပ်သွားရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။
“ကြောက်စရာကြီး မဟုတ်လား” လျူဝူက မေးတစ်ချက်ပင့်လျက်မေး၏။
“မင်းက ဘာကို ဂုဏ်ယူနေရတာလဲ”
ရှန်ယွီက လျူဝူ့ အပြုအမူကို မာန်မဲသည်။
“သံတိုင်တွေက အသားထဲကို တိုက်ရိုက် စိုက်ဝင်နေတာလား”
ချန်ကျန့်သည် ပို၍သေချာစေရန် အနားသို့ တိုးကပ်ကာ ငုံ့ကြည့်လိုက်သည်။
“ဟုတ်တယ်လေ၊ မဟုတ်ရင် အရိုးကို ဘယ်လိုလုပ်ပြီး ထိန်းထားနိုင်မှာလဲ”
လျူဝူ၏ လေသံမှာ ချန်ကျန့်ကဲ့သို့ လူမျိုးပင် လန့်သွားသည်ကို တွေ့ရသဖြင့် ကျေနပ်နေပုံရသည်။
“အဲ့ဒါကြောင့်လည်း ဒါကို သေချာ ပိုးသတ်ပေးဖို့ လိုနေတာပေါ့”။
ချန်ကျန့်က လျူဝူ၏ လက်ထဲတွင် ကိုင်ထားသော ဂွမ်းတံကို တစ်ချက်ကြည့်လိုက်သည်။
“ဘယ်လိုလုပ်ရမှာလဲ ။ ဒဏ်ရာထဲကို တိုက်ရိုက် ထိုးထည့်လိုက်ရမှာလား”။
“မင်း ငါ့ကို အရင်သတ်လိုက်ပြီးမှ ပိုးသတ်ရင်ကော မကောင်းဘူးလား”
ရှန်ယွီက ဝင်ပြောလိုက်၏။
“ငါ သူ့ကို သင်ပေးနေတာလေ၊ စကားဖြတ်မပြောနဲ့ဦး”
လျူဝူသည် ရုတ်တရက် ဆရာတစ်ဦးကဲ့သို့ တည်ကြည်သွားကာ ရှန်ယွီကို ဟန့်လိုက်သည်။ ရှန်ယွီက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ၏ပါးစပ်ကို ဇစ်ဆွဲလိုက်သည့်ဟန်ဖြင့် ပြကာ ငြိမ်သွားတော့သည်။
“ပထမဆုံးအနေနဲ့ သံတိုင်တွေ စိုက်ထားတဲ့နေရာနဲ့ ဘေးပတ်ပတ်လည်က အရေပြားကို အရင် ပိုးသတ်ရမယ်၊ ပြီးမှ သံတိုင်တွေကို သန့်ရှင်းရမယ်။ အစဉ်လိုက်ကတော့ ဒီလိုပဲ။သေချာကြည့်ထား”
လျူဝူက လက်တွေ့ပြသသည်။
“သံတိုင်နဲ့ အနီးဆုံးနေရာကနေ စပြီး အပြင်ဘက်ကို ဝိုင်းပတ်ပြီး ပွတ်ပေးရမယ်။ အဆင့်တိုင်းအတွက် ဂွမ်းတံအသစ်ကို သုံးရမယ်၊ ရှေ့တိုးနောက်ဆုတ် ပွတ်တာမျိုး လုံးဝမလုပ်ရဘူး... နားလည်လား”။
“နားလည်ပါပြီ”
ချန်ကျန့်က ဆိုသည်။
“ကဲ... မင်းကိုယ်တိုင် စမ်းကြည့်ဦး”
လျူဝူက မတ်တတ်ရပ်ကာ ဘေးသို့ ဖယ်ပေးလိုက်လေတော့သည်။
ချန်ကျန့်သည် အရက်ပြန်ပါသော ဂွမ်းဖတ်ဖြင့် သူ၏လက်များကို သေသေချာချာ သုတ်လိုက်ပြီး စိတ်ထဲမှ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်လိုက်သည်။ ထို့နောက် လျူဝူ သင်ပေးထားသည့်အတိုင်း ဂွမ်းတံများကို တစ်ခုပြီးတစ်ခု လဲလှယ်ရင်း စတင်လုပ်ဆောင်တော့သည်။
“မင်းရဲ့လက်တွေက တော်တော်ငြိမ်တာပဲ”
ချန်ကျန့် လုပ်ကိုင်ပုံ သေသပ်သောကြောင့် လျူဝူက ချီးကျူး၏။
“အပ်နဖားထိုးနေတာမှ မဟုတ်တာ၊ လက်တုန်နေစရာ အကြောင်းမရှိပါဘူး”
ချန်ကျန့်သည် နောက်ဆုံးဂွမ်းတံကို ချလိုက်ရင်း … “ဒါဆို ပြီးပြီပေါ့ ဟုတ်လား” ဟု မေးလိုက်သည်။
“အေး... ရပြီ”
လျူဝူက ခေါင်းညိတ်ပြသည်။
အမှန်အတိုင်းပြောရလျှင် ထိုဒဏ်ရာကို ကြည့်ရုံနှင့်ပင် ချန်ကျန့်မှာ ကိုယ်ချင်းစာစိတ်ဖြင့် နာကျင်မှုကို ခံစားနေရသည်။ အထူးသဖြင့် ရှန်ယွီ၏ ခြေထောက်အောက်ပိုင်း ဘေးဘက်ရှိ ခွဲကြောင်းကြီးမှာ အောက်ဘက်နှင့် နောက်ဘက်သို့ သွယ်တန်းနေပုံမှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ထားသည့်ပုံ ပေါက်နေသောကြောင့်ပင်။
“မင်းကို ဒီလိုလုပ်တဲ့လူက မင်းရဲ့ ခြေဖနောင့်ကြောကို တမင်ပစ်မှတ်ထားပြီး လုပ်ခဲ့တာပဲ မဟုတ်လား”
ချန်ကျန့်က မှတ်ချက်ပေးလိုက်သည်။
“အို့ ”
ရှန်ယွီသည် သူ၏ဘောင်းဘီခြေထောက်ကို ပြန်ချနေရင်းမှ ချန်ကျန့်ကို တစ်ချက်ကြည့်လိုက်သည်။
“မင်း စကားပြောပုံက အတွေ့အကြုံရှိတဲ့လူလိုပဲ။ မင်းကိုယ်တိုင် တခြားလူကို လုပ်ခဲ့ဖူးတာလား၊ ဒါမှမဟုတ် အရိုက်ခံခဲ့ဖူးတာလား”။
“သန့်ရှင်းရေးလုပ်မယ့် အမျိုးသမီးတစ်ယောက် ခဏနေရင် ရောက်လာလိမ့်မယ်။ သူက ချက်ချင်း အလုပ်စလုပ်နိုင်တယ်”
ချန်ကျန့်က မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
“လစာကိစ္စကိုတော့ သူ့ကိုပဲ တိုက်ရိုက်ပြောလိုက်ပါ”။
“နားလည်ပြီ”
ရှန်ယွီသည် ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထလိုက်သည်။ သူ၏ အင်္ကျီကြယ်သီးများမှာလည်း တစ်ဝက်ခန့်သာ တပ်ထားရသေး၏။ သူ ကိုယ်ကိုလှည့်လိုက်စဉ်မှာပင် ချန်ကျန့်သည် သူ၏ခါးပတ်လည်ရှိ အမာရွတ်အဟောင်းများနှင့် ဒဏ်ရာအသစ်များကို မြင်လိုက်ရပြန်သည်။ တစ်ခုနှစ်ခုမကဘဲ အတော်လေး များလှသည်။
ရှန်ယွီတစ်ယောက် ချိုင်းထောက်ကိုအားပြုကာ အခန်းထဲမှ ထွက်သွားပြီးနောက်မှသာ ချန်ကျန့်သည် ဆေးသေတ္တာ သိမ်းဆည်းနေသော လျူဝူဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည် -
“မင်းအစ်ကိုက... အရင်တုန်းက ဘယ်လိုနယ်ပယ်မျိုးမှာ ကျင်လည်ခဲ့တာလဲ”။
လျူဝူမှာ ရှန်ယွီ၏ ကြိုတင်သတိပေးခြင်းကို ခံထားရ၍လားမသိ၊ ယနေ့တွင် ပါးစပ်ပိတ်ထားသည်။ သူက ထိုမေးခွန်းကို တိုက်ရိုက်မဖြေဘဲ
“သူက စကားပြောကြမ်းပေမဲ့ လူကောင်းပါဗျာ။ သစ္စာရှိတဲ့လူမျိုးပါ” ဟုသာ ဆိုလေသည်။
“အော်... အေးပါ”
လျူဝူက တိုက်ရိုက်ထုတ်မပြောသော်လည်း ရှန်ယွီသည် ဥပဒေဘောင်အတွင်း၌သာ အေးအေးဆေးဆေး နေထိုင်ခဲ့သူတစ်ဦး မဟုတ်ကြောင်း ခန့်မှန်းရသည်မှာ မခက်ခဲလှပေ။ အနည်းဆုံးတော့ သူ၏အတိတ်က ရိုးရှင်းမနေ။
နာရီဝက်ခန့်အကြာတွင် ချန်ကျန့်ပြီးလျှင် ကျန့်ရှီးတည်းခိုခန်း၏ ဒုတိယမြောက် ဝန်ထမ်းရောက်ရှိလာတော့သည်။ သူမမှာ ပိန်ပိန်ပါးပါးနှင့် ရိုးရိုးရှင်းရှင်း၊ တစ်နည်းအားဖြင့် နွမ်းပါးစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ချန်ကျန့်မှာ သူမအား မိတ်ဆက်ပေးရန် အချိန်အနည်းငယ်သာ ရလိုက်၏။ သူမအမည်မှာ ကျောက်ဖန်းဖန်း ဖြစ်သည်။
“အရင်ကလည်း ကျွန်မ ဒီမှာ သန့်ရှင်းရေးလုပ်ခဲ့တာပါ။ အပေါ်ထပ်ကနေ အောက်ထပ်အထိ အကုန်လုံးကို ကျွန်မပဲ လုပ်ခဲ့တာ”
ကျောက်ဖန်းဖန်းမှာ ကိုယ်လုံးသေးသော်လည်း အသံကမူ တော်တော်လေး ကျယ်လောင်ပြတ်သားလှ၏။
“ဘယ်ပစ္စည်း ဘယ်မှာရှိတယ်ဆိုတာ ကျွန်မ အကုန်သိပါတယ်။ အခန်းတွေထဲက လက်လှမ်းရခက်တဲ့ နေရာတွေအထိ ကျွန်မ အကုန်ကျွမ်းကျင်ပြီးသားပါ...”။
“အင်း... အဲ့ဒါဆိုရင် မင်း။”
ရှန်ယွီက စကားဖြတ်ပြောရန် ကြိုးစားသော်လည်း သူမ၏ စကားလုံးများကြားတွင် တစ်ခွန်းမှ ဝင်ပြောခွင့် မရရှာပေ။
“ချန်ကျန့်လည်း သိပါတယ်။ကျွန်မက အလုပ်မြန်သလို ဘာလုပ်ဖို့ လိုသလဲဆိုတာကိုလည်း အမြဲ သတိရှိနေတတ်သူပါ။ ဒီမှာ တစ်နှစ်နီးပါး အလုပ်လုပ်ခဲ့တုန်းကလည်း တစ်ခါမှ အမှားအယွင်း မရှိခဲ့ပါဘူး...”
ကျောက်ဖန်းဖန်းက စကားမပြတ် ပွါးသဖြင့် ရှန်ယွီလို လူပင် လုပ်ကွက်ပျောက်နေ၏။
“ကောင်းပြီလေ... အဲ့ဒါဆို မင်း”
ရှန်ယွီက နောက်တစ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ပြန်ပေ။
“လစာအကြောင်းပဲ တိုက်ရိုက်ပြောလိုက်တော့”
ချန်ကျန့် ကပဲ ရှန်ယွီ၏ နောက်ဘက်မှ တိုးတိုးလေး သတိပေးလိုက်သည်။
“လစာ”
ရှန်ယွီ ထပ်ကြိုးစားလိုက်သည်။ ချန်ကျန့်သည် မျက်တောင်လေးခတ်ကာ ရှန်ယွီ့ကို မော့ကြည့်လိုက်မိသည်။ ရှန်ယွီ၏ စကားဖြတ်ပုံမှာ ထူးဆန်းသော်လည်း အံ့ဩစရာကောင်းလောက်အောင် ထိရောက်လှသည်။ကျောက်ဖန်းဖန်းသည် သူမကိုယ်သူမ အားကြိုးမာန်တက် မိတ်ဆက်နေမှုကို နောက်ဆုံးတွင် ရပ်တန့်သွားတော့၏။
“ကျွန်တော် ဒါကို မြန်မြန်ပြီးစေချင်တယ်။ သုံးရက်အတွင်း အားလုံးပြီးရမယ်။ မင်းရဲ့အလုပ်က ဖုန်သုတ်ဖို့၊ အိပ်ရာခင်းတွေလဲဖို့နဲ့ ကြမ်းပြင်တွေ သန့်ရှင်းရေးလုပ်ဖို့ပဲ။ အဝတ်လျှော်စရာ မလိုဘူး။ ပထမထပ်ကနေ အရင်စလုပ်ပါ။ နောက်ထပ်လူတွေ ထပ်ရောက်လာရင်တော့ ကျန်တဲ့အပေါ်ထပ်တွေကို ခွဲပေးမယ်။ လစာကိစ္စကတော့...”။
“ကျွန်မ လုပ်နိုင်ပါတယ်၊ ဘာပြဿနာမှ မရှိဘူး။ ဘော့စ်က သဘောကောင်းတာပဲ၊ တခြားလူတွေ ထပ်ငှားနေစရာ မလိုပါဘူး။ ကျွန်မ တစ်ခန်းကို နှစ်နာရီမပြည့်ခင် အပြီးသတ်နိုင်တယ်။ အခန်းပေါင်း သုံးဆယ့်နှစ်ခန်းလုံးကို သုံးရက်အတွင်း အပြီးလုပ်ပေးမယ်”။
“ဘော့စ်ရှန်ပါ”
ချန်ကျန့်က ကြားဖြတ်ပြောလိုက်သည်။ ကျောက်ဖန်းဖန်းက တမင်တကာ သဘောကောင်းတဲ့ဘော့စ်ဟု ခေါ်နေသလား သူ မဝေခွဲနိုင်တော့ပေ။
“သူ့မျိုးရိုးအမည်က ရှန် ပါ၊ ‘သဘောကောင်းတဲ့ဘော့စ်’ မဟုတ်ဘူး”။
ရှန်ယွီက ဘာမှဝင်မပြောပေ။
“သာမန် သန့်ရှင်းရေးလုပ်ခထက် နည်းနည်းလေး ပိုပေးရင် ရပါပြီ။ ပုံမှန်ထက် ပိုညစ်ပတ်နေလို့ပါ။ အရင်တုန်းကတော့ တစ်ခန်းကို ငါးဆယ် ရပါတယ်” ဟု ကျောက်ဖန်းဖန်းက ဆိုသည်။
ဤအလုပ်က အလွန်ပင်ပန်းလိမ့်မည်ဖြစ်ကြောင်း ချန်ကျန့်က သူမကို သတိပေးရန် ပြင်လိုက်သော်လည်း၊ သူမပြောခင်မှာပင် ရှန်ယွီက ဆုံးဖြတ်ချက် ချလိုက်လေပြီ။
“ကောင်းပြီလေ။ တစ်ခန်းကို တစ်ရာ့နှစ်ဆယ် ပေးမယ်။ လူသွားလမ်းတွေနဲ့ တည်းခိုခန်း မဟုတ်တဲ့ နေရာတွေအတွက်တော့ တစ်နေရာကို နှစ်ရာစီ ပေးမယ်”။
ကျောက်ဖန်းဖန်းက ခေါင်းညိတ်ပြသည်။
“အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ် ဘော့စ်ရှန်”။
“တတိယထပ်က အခန်းကိုရော...”
ရှန်ယွီက ကျောက်ဖန်းဖန်းကို ကြည့်ကာ မေးလိုက်သည်
“အပိုဆုကြေးပေးရင် မင်း လုပ်နိုင်မလား”။
“လုပ်နိုင်ပါတယ်”
ကျောက်ဖန်းဖန်းသည် စက္ကန့်ဝက်မျှပင် မဆိုင်းမတွဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ သဘောတူညီမှုရပြီးနောက် သူမသည် သိုလှောင်ခန်းထဲမှ သန့်ရှင်းရေးပစ္စည်းများကို အမြန်ယူကာ အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
“သူ အကုန်ပြီးအောင် လုပ်နိုင်ပါ့မလား”
ရှန်ယွီက သူမ ထွက်သွားသည်ကို ကြည့်ရင်း ချန်ကျန့်ဘက်သို့ လှည့်မေးသည်။
“ကျွန်တော်က ဘယ်လိုသိမှာလဲ”
ချန်ကျန့်က ပြန်ကြည့်လိုက်သည်။
“မင်းပဲ သိလိမ့်မယ်လို့ ကျွန်တော် ထင်ထားတာ။ မင်းတို့က အရင်က လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်လား”
ရှန်ယွီက မေးသည်။
“သူက သန့်ရှင်းရေးလုပ်တာ၊ ကျွန်တော်ကတော့ သိုလှောင်ခန်း၊ မီးဖိုချောင်နဲ့ အကြိုအပို့ကိစ္စတွေပဲ ကိုင်တာဆိုတော့ သူ့အလုပ်အကြောင်း ကျွန်တော် သိပ်မသိဘူး”
ချန်ကျန့်က တိုးတိုးလေး ဖြေလိုက်သည်။
“ဒါဆို အခု ဘာဆက်လုပ်မလဲ”
ရှန်ယွီကလည်း လေသံကို လျှော့ကာ မေးသည်။
“လျူဝူ ဘယ်မှာလဲ”
ချန်ကျန့်က မေးလိုက်၏။ ရှန်ယွီက တဟားဟား ရယ်လိုက်သည်။
“ရပါတယ်၊ သူ တစ်ယောက်တည်း မလုပ်နိုင်ရင် တခြားလူတွေကို ခေါ်လာပြီး ဝေစုနည်းနည်းပေးခိုင်းမှာပေါ့။ သူကတော့ အများစုရမှာဆိုတော့ အဆင်ပြေသွားမှာပါ”။
“သူ ဒီမှာ အလုပ်အမြဲတမ်း ရချင်နေတာဖြစ်မယ်။ ဒီလို မြို့လေးမှာ အလုပ်အကိုင် အတည်တကျရဖို့က မလွယ်ဘူးလေ”
“မင်းကော ဘယ်လိုလဲ”
ရှန်ယွီက မေးလိုက်၏။
“ကျွန်တော်က ဘာဖြစ်လို့လဲ”
ချန်ကျန့်က သူ့ကို ပြန်ကြည့်သည်။
“မင်း ဒီကို မလာခင် ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ဘာတွေ လုပ်နေတာလဲ”
ချန်ကျန့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေပေးသည်။
“နှစ်လလောက် အလုပ်လက်မဲ့ ဖြစ်နေတာပါ။ ကြုံရင် ကြုံသလို ဝပ်ရှော့တစ်ခုမှာ ကူလုပ်ပေးရင်းနဲ့ပဲ ဝမ်းစာရှာနေတာ။ အဲ့ဒီမတိုင်ခင်ကတော့ မြို့ထဲက စားသောက်ဆိုင်တစ်ခုမှာ လုပ်တယ်”။
“စားဖို့အတွက်ကိုတောင် အနိုင်နိုင် ရှာနေရတာလား။ မင်းမှာ စုဆောင်းထားတာ ဘာမှမရှိဘူးလား” ဟု မေးသည်။
“မရှိဘူး” ချန်ကျန့်က ပြတ်ပြတ်သားသားပင် ဖြေလိုက်၏။
“ဆံပင်ကောက်ဖို့အတွက် အကုန်သုံးလိုက်တာလား”
ရှန်ယွီက နောက်ပြောင်လိုက်သည်။
“မင်းကတော့ ဘာတွေ တွေးနေတာလဲ မသိဘူး...” ချန်ကျန့်က ရယ်မောရင်း ဆံပင်ကို ခပ်ဖွဖွ သပ်လိုက်သည်။ “ဒီဆံပင်ကို ကျွန်တော့်ဘာသာ ကျွန်တော် ကောက်ထားတာပါ”
“ဒါဆို မင်းမိဘတွေကော”
ချန်ကျန့် ခေတ္တရပ်သွားပြီးမှ ရှန်ယွီ့ကို အကြာကြီး စိုက်ကြည့်ကာ မေးခွန်းပြန်ထုတ်လိုက်သည်။
“မင်း ဘာလို့ အဲ့ဒါတွေကို သိချင်နေရတာလဲ”
“ငါ ခန့်ထားတဲ့ ဝန်ထမ်းအကြောင်း ငါ နည်းနည်းတော့ သိထားသင့်တာပေါ့။ ငါ ဒီမြို့ကို ရောက်ကတည်းက ပုံမှန်လူဆိုလို့ သိပ်မတွေ့ရသေးဘူး။ သတိထားတာကတော့ အကောင်းဆုံးပဲလေ”
“ဒါဆို ခုနက ကျောက်ကျဲကိုကျတော့ ဘာလို့ မမေးတာလဲ”
“သူက စကားပြောတာ သိပ်မြန်တာကိုး။ သူ စကားစပြောလိုက်တာနဲ့ သေနတ်နဲ့ အပစ်ခံနေရသလိုပဲ။ ဘယ်မှာ ဝင်မေးဖို့ အခွင့်အရေး ရမှာလဲ။ ဒါနဲ့... သူ့အကြောင်းကို မင်းပဲ မိတ်ဆက်ပေးပါဦး”
“သူ့ယောင်္ကျားက မသန်စွမ်းဖြစ်နေပြီး သမီးလေးတစ်ယောက်လည်း ရှိတယ်။ သူ့ဘဝက တော်တော်လေး ရုန်းကန်နေရရှာတာပါ”
“အင်း...” ရှန်ယွီက ခေါင်းညိတ်သည်။ “ဒါဆို မင်းကော”
“အမေက ဆုံးသွားပြီ၊ အဖေကတော့ နယ်မှာ အလုပ်သွားလုပ်နေတယ်” ချန်ကျန့်က ရိုးရိုးရှင်းရှင်းပင် ဖြေလိုက်၏။
“အိမ်မှာ ကျန်ရစ်ခဲ့တဲ့ လူငယ်လေးပေါ့ ဟုတ်လား”
ရှန်ယွီက ကုလားထိုင်ပေါ် မှီထိုင်ရင်း သူ့ကို စိုက်ကြည့်ကာ ဘာမှ ထပ်မပြောတော့ပေ။
“ထပ်မေးစရာ ရှိသေးလား” ချန်ကျန့်က မတ်တပ်ရပ်လိုက်သည်။
“အိပ်ရာခင်းတွေ လျှော်ဖို့နဲ့ ဝင်းထဲက သန့်ရှင်းရေးအတွက် လူတွေ ဆက်သွယ်ဖို့ ရှိသေးတယ်...”
“အပြင်ဘက်က နံရံတွေကို ပြင်ဖို့ လူအချို့ကိုလည်း ရှာထားလိုက်ဦး။ ‘ကျန့်ရှီး’ (Zhenxi) ဆိုင်းဘုတ်ကို ဖြုတ်ပြီး အသစ်တစ်ခု လုပ်ခိုင်းရမယ်”
“ဆိုင်းဘုတ်ပါ လဲရမှာလား”
ချန်ကျန့် အံ့ဩသွားသည်။
“အေး... အဲ့ဒီအမည်က ကံမကောင်းလို့”
“ဘာအမည်ကို ပြောင်းမှာလဲ”
ချန်ကျန့်က အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
“လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ဦး။ မဆုံးဖြတ်ရသေးဘူး”
ရှန်ယွီသည် ဖြည်းဖြည်းချင်း ထကာ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အပြင်ကို လှမ်းကြည့်သည်။
“အခုလောလောဆယ် ဝန်ထမ်းတွေ အများကြီး မလိုသေးဘူး။စီးပွားရေးကလည်း ဘာမှ ရှိတာ မဟုတ်ဘူး”
စီးပွားရေးမဖြစ်ထွန်းမှန်း သိလျက်နှင့် ယွမ်နှစ်သောင်းကို ရှေ့တင် အကုန်အကျခံနေခြင်း ဖြစ်သည်။
ချန်ကျန့်က သူ့ကို စိုက်ကြည့်ရင်း
“ဘော့စ်ရှန်... ကျွန်တော့်မှာ မေးစရာ တစ်ခုရှိတယ်” ဟု ဆိုလိုက်သည်။
“ဟင်။”
ရှန်ယွီက ကိုယ်ကိုလှည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “မင်းက ကြည့်ရတာ ပုံမှန်လူတစ်ယောက်ပါပဲ။ဘာပြဿနာ ရှိလို့လဲ” ဟု ဆို၏။
“ကျွန်တော်တို့ ခုမှ သိကြတာဆိုပေမဲ့ … အလုပ်အတူတူ လုပ်ကြမှာဆိုတော့…”
“မင်းပဲ အလုပ်လုပ်မှာပါ”
ရှန်ယွီက ချန်ကျန့် စကားကို ပြင်ပေးလိုက်သည်။
“ဟုတ်ကဲ့... ကျွန်တော် ဒီမှာ အလုပ်လုပ်မှာဆိုတော့… ရှေ့လျှောက် ကျွန်တော်စိတ်အေးလက်အေးနဲ့ အလုပ်လုပ်ချင်ပါတယ်။ ဒါကို ဘော့စ် လည်း သဘောတူမယ် မဟုတ်လား”
“ရုတ်တရက်ကြီး ယဉ်ကျေးပြနေပါလား။ မင်း…ဘာလို့ ငါ ဒီကို ရောက်လာတာလဲလို့ မေးချင်နေတာ မဟုတ်လား”
အမှန်တကယ်ပင် ချန်ကျန့် မေးချင်နေသော မေးခွန်း ဖြစ်သည်။ သို့သော် ရှန်ယွီက တိုက်ရိုက် ခန့်မှန်းလိုက်သဖြင့် သူ တွန့်ဆုတ်သွားမိ၏။ ယခုအချိန်တွင် ထိုမေးခွန်းက အနည်းငယ် စောလွန်းနေသလို ခံစားရသည်။
“ဒဏ်ရာ ပြန်ကောင်းလာဖို့အတွက် နားခိုစရာ နေရာတစ်ခု လိုနေလို့ပါ” ဟု ရှန်ယွီက ဆိုသည်။
“အော်...” ချန်ကျန့်က လက်လျှော့ကာ ပြန်လှည့်ထွက်ရန် ပြင်လိုက်သည်။ ထိုအဖြေမှာ မမေးခဲ့သလိုပင် ဘာမှ အသုံးမဝင်လှပေ။
“မင်းတို့ ဘော့စ်ချန်းက ငါ့ကို ပိုက်ဆံပေးစရာ ရှိတယ်။ အဲ့ဒီအကြွေးတွေအတွက် ဒီရှုံးနေတဲ့ လုပ်ငန်းကို ငါ့ကို လွှဲပေးခဲ့တာ”
“သူလိမ်တာကို မင်းက တကယ်ကြီး ခံလိုက်တာလား”
ချန်ကျန့်က အံ့အားသင့်စွာဖြင့် ရှန်ယွီ ပြန်လှည့်ကြည့်လိုက်မိလေတော့သည်။
“ဘာလဲ... ငါက တစ်ခါတလေလောက် လူအ တစ်ယောက်အဖြစ် နေကြည့်လို့ မရဘူးလား”
______________________________________________________________________
Comments
Post a Comment