Skip to main content

102





အပိုင်း (၁၀၂)

ချန်ကျန့်သည် ရှန်ယွီ၏ ခေါင်းဘေးတွင် လက်တစ်ဖက်ကို ထောက်လျက် ထထိုင်လိုက်၏။ သူသည် အသက်ရှူပင် မမှန်သေးပေ။

ရှန်ယွီက ခေါင်းကို စောင်းလိုက်ပြီး ချန်ကျန့်၏ လက်ကောက်ဝတ်ကို နမ်းလိုက်သည်။

"ငါ့ ပေါ်က ဆင်းတော့။"

"နေဦး။"

ချန်ကျန့်သည် သူ၏ ဘောင်းဘီကို အမြန်ဆွဲတင်လိုက်ပြီး အနောက်ကို မှီလိုက်၏။ သူသည် ဘေးခုံဘက်သို့ အသာအယာ ကူးရန် ကြိုးစားလိုက်သော်လည်း သူ၏ တင်ပါးက ကားစတီယာရင်ကို သွားဖိမိသွားသည်။

မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် ကားဟွန်းသံက "တီ" ခနဲ မြည်ဟည်းသွားတော့၏။

"ဟာ... သွားပြီ။"

ချန်ကျန့် နှလုံးမှာ ဦးခေါင်းခွံထဲကနေ အပြင်ကို ခုန်ထွက်မတတ် လန့်သွားရသည်။ သူသည် ဘေးခုံဘက်သို့ ကမန်းကတန်း လူးလိမ့်ကာ ကူးသွားပြီးမှ ခုံပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေလိုက်တော့သည်။ သူ၏ မျက်နှာကိုတော့ တည်ငြိမ်နေသည့် အသွင်အပြင်သို့ အမြန်ဆုံး ပြောင်းလဲလိုက်ပြီးပြီ။

ရှန်ယွီကမူ မောင်းသူထိုင်ခုံမှာ တစ်ဝက်တစ်ပျက် လှဲလျောင်းနေဆဲ ဖြစ်ပြီး သူ့ကိုကြည့်ကာ အသံမထွက်ဘဲ ရယ်နေလေသည်။ ချန်ကျန့် သက်ပြင်းတစ်ချက် ချလိုက်၏။

"မင်း ကျွန်တော့်ကို လန့်အောင် လုပ်လွန်းလို့ မျက်စိထဲမှာ ဝေဝေဝါးဝါးတွေ ဖြစ်ကုန်ပြီ။ ဟိုးရှေ့က သစ်ပင်ကို လူများလားလို့တောင် ထင်မိတာ။"

"အခုကော ရှင်းရှင်းလင်းလင်း မြင်ရပြီလား။"

ရှန်ယွီက ထိုင်ခုံနောက်မှီကို ပြန်မတ်လိုက်သည်။

"အင်း။"

ချန်ကျန့်သည် ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီးမှ မနေနိုင်ဘဲ ရှေ့ကို ထပ်ကြည့်မိပြန်သည်။ သစ်ပင်တစ်ပင်မှန်း သေချာသွားမှ စိတ်အေးသွားတော့၏။

"မောင်းတော့မယ်နော်" ရှန်ယွီက ဆိုသည်။

"မောင်းပါတော့။ မင်းအဖေ အေးပြီး ခဲနေမှာ စိုးလို့။"

ချန်ကျန့်က ကားထဲက အမှိုက်အိတ်ကို ကျွမ်းကျင်စွာ ချည်နှောင်လိုက်ပြီး သူ၏ ခြေရင်းမှာ ချထားလိုက်သည်။

"စိတ်မပူပါနဲ့။ သူ တကယ်အေးလို့ မခံနိုင်ရင် ငါ့အမေဆီ ဖုန်းဆက်မှာပေါ့။"

ရှန်ယွီက ခါးပတ်ပတ်လိုက်ပြီး ကားလေး ရှေ့သို့ ဆက်လက် ထွက်ခွာခဲ့သည်။

"သူ ငါးတစ်ကောင်မှ မိဦးမှာ မဟုတ်ဘူး ထင်တယ်။ အကယ်၍ မိခဲ့ရင်တော့... တစ်ကောင်တည်းဆိုရင်တောင် သူ ပြန်မယ်လို့ အော်နေလောက်ပြီ မဟုတ်လား။"

ချန်ကျန့်က မေး၏။

"အင်း။ မင်းက ပရော်ဖက်ဆာရှန်ရဲ့ အကြောင်းကို တော်တော်လေး နားလည်နေပြီပဲ။"

"သူ့ကြည့်ရတာ တကယ့်ကို... ပညာတတ်ကြီးနဲ့ တူတယ်လေ။ ဒီလောက်အထိ ခေါင်းမာလိမ့်မယ်လို့ တော့ မထင်ထားခဲ့ဘူး။"

"ဒါက သူ့ရဲ့ အပြင်ပန်း အသွင်အပြင်ပဲလေ။ တကယ်တော့ ငါ့အဖေကလည်း တော်တော်လေး ဇွဲကြီးပြီး ကိုယ့်အယူအဆကိုယ် ခိုင်မာတဲ့သူပဲ။ ပညာတတ်တွေကတော့ သူတို့ရဲ့ ခံစားချက်ကို ဖော်ပြပုံချင်း မတူကြတာပေါ့။"

"ကျွန်တော်ကတော့ ပညာတတ်တွေနဲ့ အရင်က တစ်ခါမှ မထိတွေ့ဖူးဘူးလေ။ အခု ကျွန်တော်သိသမျှထဲမှာ ပညာအဆင့်အတန်း အမြင့်ဆုံးဆိုရင် နာနာနဲ့ လျူဝူပဲ ရှိတာ။ အော်... ယွဲ့လန်နဲ့ ယောင်ယီလည်း ပါတာပေါ့။"

"ယွဲ့လန်က နိုင်ငံခြားမှာတောင် ရက်အနည်းငယ်လောက် ကျောင်းသွားတက်ဖူးသေးတာ။ WeChat Moments ပေါ်က ထူးချွန်တဲ့ ကိုယ်စားလှယ်ကြီးလေ။"

ချန်ကျန့် ရယ်လိုက်မိသော်လည်း ဘာမှတော့ ပြန်မပြောဖြစ်ပေ။

"ဘာဖြစ်လို့လဲ။" ရှန်ယွီက ကားကို အရှိန်လျှော့လိုက်ပြီး သူ့ကို လှည့်ကြည့်လာသည်။

"လမ်းကိုပဲ ကြည့်မောင်းပါဗျာ" ချန်ကျန့်က ဆို၏။

"ဘာဖြစ်လို့လဲလို့။" ရှန်ယွီက လမ်းဘက်ကို ပြန်ကြည့်ရင်း ထပ်မေးသည်။

"နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ"

ချန်ကျန့်က ဆို၏။ ထို့နောက် သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ကာ အသံတိုးတိုးဖြင့် ဆက်ပြောသည်။

"မင်းသာ မရှိရင် ဒီလိုလူမျိုးတွေဟာ ကျွန်တော့်ဘဝထဲကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ လက်ရှိနဲ့ အနာဂတ် ဘဝဟာလည်း ကျွန်တော် တစ်ခါမှ မထိတွေ့နိုင်တဲ့ အရာတွေ ဖြစ်နေဦးမှာပဲ။"

"ဥက္ကဋ္ဌလျူက မင်းကို တစ်ခုခု ပြောလိုက်လို့လား"

"ဗျာ" ချန်ကျန့်က သူ့ကို အမြန်လှည့်ကြည့်လိုက်သည်။

"ဟင့်အင်း၊ ဘာမှ မပြောပါဘူး။"

"ဒါဆိုရင် ဘာလို့ အကြောင်းပြချက်မရှိဘဲ လျှောက်တွေးနေတာလဲ"

"ကျွန်တော်က လူအ မှ မဟုတ်တာ၊တစ်ခါတလေ စိတ်လှုပ်ရှားမိတာက သဘာဝပါပဲ။"

"ငါ ခွေးသွားကြိုနေတုန်း မင်းတို့နှစ်ယောက် ဘာတွေ ပြောဖြစ်ကြလဲ။" ရှန်ယွီက ထပ်မေးသည်။

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ဥက္ကဋ္ဌလျူက ကျွန်တော့်ကို ကျေးဇူးတောင် တင်သွားသေးတယ်"

"ဘာအတွက် ကျေးဇူးတင်တာလဲ။အကျဉ်းသားဟောင်း တစ်ယောက်ကို ပြန်လည်ထူထောင်

ပေးနေလို့လား။"

ချန်ကျန့် ရယ်မောလိုက်ရပြန်သည်။

"မင်းကတော့ တကယ်ပါပဲ။"

"သူက မင်းကို နာရီဝက်လောက်ကြာအောင် ကျေးဇူးတင်နေတာလား။ မဖြစ်နိုင်ပါဘူး။ သူ့မှာ အဲ့ဒီလောက် ပြောစရာ စကားလုံး မရှိပါဘူး။"

ချန်ကျန့် သက်ပြင်းချလိုက်ပြီး ခေတ္တမျှ ဝေခွဲမရ ဖြစ်နေကာမှ ထိုင်ခုံကို ပြန်မှီလိုက်သည်။

"သူက... ကျွန်တော် အားတဲ့အခါ ဖတ်ဖို့ စာအုပ်ကောင်းလေးတွေ ညွှန်းပေးမယ်လို့ပဲ ပြောတာပါ။"

"ဘာစာအုပ်တွေလဲ၊ မင်းက သူ့ရှေ့မှာ နှိမ့်ချပြီးတော့ စီမံခန့်ခွဲမှုပိုင်းမှာ သင်ယူစရာတွေ အများကြီး လိုပါသေးတယ်လို့ ပြောလိုက်တာ မဟုတ်လား။"

"ဟာဗျာ..." ချန်ကျန့် တအံ့တသြလှည့်ကြည့်လိုက်မိသည်။

"မင်းကတော့ ကျွန်တော့်အကြောင်းကို တကယ်နှံ့စပ်တာပဲ။"

"မင်းကလည်း... နောက်တစ်ခါ သူနဲ့ အဲ့ဒီအကြောင်းပြောဖြစ်ရင် 'ရှန်ယွီတစ်ယောက်တည်းသာဆိုရင် ဒီတည်းခိုခန်းက ဒေဝါလီခံနေတာကြာပြီ' လို့သာ ပြောလိုက်စမ်းပါ"

ရှန်ယွီက စတီယာရင်ကို လက်ချောင်းလေးနဲ့ တောက်ရင်း ဆိုသည်။

"မင်းက မွေးရာပါ စီမံခန့်ခွဲမှုပါရမီပါတဲ့သူလို့သာ ပြောလိုက်။ ဒါဆို သူ မင်းကို စာအုပ်တွေ ဖတ်ခိုင်းတော့မှာ မဟုတ်ဘူး။"

"ဒါဆိုရင်တော့ သူ ကျွန်တော့်ကို ဆရာဝန်နဲ့ပဲ ပြခိုင်းတော့မှာပေါ့"

ရှန်ယွီ ဗိုက်နှိပ်၍ ရယ်မောတော့သည်။

"ဒါပေမဲ့ သူပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်။ ဟုတ်တယ်မဟုတ်လား။ ကျွန်တော်က တကယ်ကို... အထက်တန်းအဆင့်နဲ့ မန်နေဂျာလုပ်နေရတာက နည်းနည်းတော့..."

"မင်း ဘယ်သူ့ကို စော်ကားနေတာလဲ" ရှန်ယွီက ဖြတ်ပြောလိုက်သည်။

ချန်ကျန့် ခဏမျှ ဆွံ့အသွားပြီးမှ ပြုံးလျက် ဆို၏။

"မင်းက ကျွန်တော်နဲ့ မတူဘူးလေ။ မင်းမှာ အမြော်အမြင်ရှိတယ်။ ဦးနှောက်ရှိတယ်။ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ချင်းက လုံးဝကို ကွာခြားတာ။"

"နောက်ဆုံးတော့ ငါတို့နှစ်ယောက်လုံး ဒီတည်းခိုခန်းထဲမှာပဲ မဟုတ်ဘူးလား ပြီးတော့ ငါက ဝန်ထမ်းတွေဆီကနေ နေ့တိုင်း အလုပ်ထုတ်ခံနေရတာလေ။"

ချန်ကျန့် ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။

"ဒါက ကိစ္စကြီးမဟုတ်ပါဘူး။ တကယ်လို့ ဥက္ကဋ္ဌလျူက စာအုပ်တွေ ညွှန်းပေးရင်လည်း ဖတ်နိုင်ရင် ဖတ်လိုက်ပေါ့။ ကိုယ့်မှာ လိုအပ်ချက်ရှိတယ်လို့ ခံစားရရင် ဖြည့်ဆည်းလိုက်ရုံပဲ။ အမြော်အမြင်မရှိ၊ ဦးနှောက်မပါ၊ ကြီးပြင်းလာပုံကလည်း သိပ်မကောင်းလှတဲ့ မန်နေဂျာတစ်ယောက်တောင် တည်းခိုခန်းကို ဒီအခြေအနေအထိ စီမံနိုင်ခဲ့တာပဲ မဟုတ်လား။ အဲ့ဒီထက် နည်းနည်းလေး ပိုကောင်းအောင် လုပ်ဖို့က ဘယ်လောက်ခက်မှာမို့လို့လဲ။"

ချန်ကျန့် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွား၏။

"မင်း ကျွန်တော့်ကို ပြောနေတာလား။"

"ငါက မင်းပြောတဲ့စကားတွေကိုပဲ ပြန်ပြောပြတာလေ တခြားသူ့ပါးစပ်ကနေ အဲ့ဒီစကားတွေ ပြန်ကြားရတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်မသွားဘူးလား။"

ချန်ကျန့် ကျွတ်တစ်ချက် စုပ်လိုက်မိသည်။ တကယ်လည်း စိတ်ထဲမှာ မခံချင်စိတ်လေး ဖြစ်သွားမိသည်မှာ အမှန်ပင်။

"ဒါက ဘာကိုပြလဲဆိုတော့ မင်းကိုယ်တိုင်ကလည်း အဲ့ဒီအချက်တွေကြောင့် ကန့်သတ်ခံထားရတာကို တကယ်တမ်း လက်မခံနိုင်ဘူးဆိုတာပဲ ။ မင်းမှာ အရည်အချင်းရှိရင် ရှိတာပဲ။ တိုးတက်ချင်ရင်လည်း တိုးတက်အောင် လုပ်လိုက်ရုံပဲ။"

"ဟုတ်ကဲ့ပါ"

"လိမ္မာတယ်” ရှန်ယွီက ဆို၏။

"ဒါနဲ့ အလေးအနက်မေးတာနော်" ချန်ကျန့် ခဏစဉ်းစားပြီးမှ…

"မင်းအမြင်အရပေါ့... ဥက္ကဋ္ဌလျူ ကျွန်တော့်အပေါ်ထားတဲ့ အမြင်က ဘယ်လိုရှိမလဲ။"

"နေဦး... နောက်မှ ငါမေးကြည့်ပေးမယ်" ရှန်ယွီက ပြုံးလျက် ဆိုသည်။

"အရင်က မမေးဖူးဘူးလား"

"ဟင့်အင်း၊ငါချစ်တဲ့သူအတွက် တခြားသူတွေရဲ့ အမြင်ကို ငါသိဖို့ သိပ်မလိုဘူးလေ။"

ချန်ကျန့် စကားမပြောနိုင်တော့ပေ။ ခေတ္တအကြာမှ

"မမေးတာပဲ ပိုကောင်းမယ် ထင်တယ်။"

"တကယ်လား" ရှန်ယွီက မေး၏။

"မင်းက ကောင်းတယ်လို့ ထင်ရင် အဲ့ဒါက အရေးကြီးဆုံးပဲ မဟုတ်လား"

"အင်း။"

ရှန်ယွီက လက်လှမ်းပြီး သူ့မေးကို အသာအယာ ဆွဲလိုက်၏။

ပညာတတ်ကြီး ပရော်ဖက်ဆာရှန် သို့မဟုတ် ငါးစာကျွေးသည့် ဆရာကြီးမှာမူ မြစ်ကမ်းနားက ကျောက်တုံးပေါ်တွင် တစ်ကိုယ်တည်း ထိုင်လျက်၊ ကိုယ်ကို ကွေးထားပြီး ရေပြင်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ ရေပေါ်တွင် အနီရောင်နှင့် အစိမ်းရောင် အစက်ကလေးနှစ်စက် မီးလင်းနေသည့် ငါးမျှားတံ ပြော့သီးလေးနှစ်ခုက ပေါ်နေ၏။

ပရော်ဖက်ဆာရှန်က တကယ်ကို အပိုင်ပြင်ဆင်လာခြင်း ဖြစ်သည်။ မှောင်တဲ့အထိ ငါးမျှားဖြစ်လိမ့်မည်ဟု သူတွက်ထားပုံရပြီး မီးလင်းပြော့သီးတွေသာမက နောက်ထပ် ငါးမျှားတံတစ်ချောင်းကိုပါ ထပ်ချထားသေးသည်။

ခြေသံကြားသောအခါ သူက ခေါင်းလှည့်ကြည့်လာပြီး လက်ထဲက ငွေရောင်ပစ္စည်းလေးတစ်ခုဖြင့် သူတို့ကို လှမ်းထိုးလိုက်ရာ... ချန်ကျန့်၏ မျက်စိထဲတွင် စူးရှသော အလင်းဖြူကြီးကို မြင်လိုက်ရတော့သည်။

အမယ်လေး မိုးနတ်မင်းသက်ဆင်း ရောက်လာသလား။

သူ့ပတ်ဝန်းကျင်က အရာအားလုံးဟာ အရောင်အသွေးတွေတင်မကဘဲ ပုံသဏ္ဌာန်တွေပါ ပျောက်ကွယ်ကုန်သည်။ အရာခပ်သိမ်းဟာ ထိုစူးရှလှသော အလင်းတန်းကြီးထဲမှာ အဖြူရောင်အကွက်ကြီးတစ်ခုအဖြစ် ရောထွေးသွားတော့၏။

သူ ဘာကိုမှ မမြင်ရတော့ပေ။

"အို... ဒုက္ခပါပဲ!"

ပရော်ဖက်ဆာရှန်က ထိတ်လန့်တကြား အာမေဍိတ်သံပြုလိုက်ပြီးနောက် ထိုစူးရှသောအလင်းတန်းကြီး ကွယ်ပျောက်သွားသည်။ ချန်ကျန့်သည် ရပ်မြဲအတိုင်း ရပ်နေမိ၏။ ငါးစက္ကန့်ခန့် ကြာပြီးမှသာ လန့်ဖျန့်ပြီး ထွက်ပြေးသွားကြသည့်နှယ် ဖြစ်နေသော ပတ်ဝန်းကျင်ရှုခင်းများက သူ၏ အမြင်အာရုံထဲသို့ တဖြည်းဖြည်းချင်း ပြန်လည်ဝင်ရောက်လာသည်။

"ပါး ! ဒါကြီးကို ဘယ်ကရတာလဲ" ရှန်ယွီလည်း တုန်လှုပ်သွားပုံရ၏။

"ဆောရီး ဆောရီး" ပရော်ဖက်ဆာရှန်က ဆိုသည်။

"အဖေ ဒါကို ဝယ်ထားတာကြာပြီ။ တစ်ခါမှ မသုံးရသေးဘူးလေ။ အာနိသင်က ဒီလောက်အထိ ပြင်းမယ်လို့ မထင်ထားခဲ့မိဘူး"

"ပစ္စည်းရောက်တုန်းက စမ်းမကြည့်ဘူးလား" ရှန်ယွီက အနားသို့ လျှောက်သွားရင်း မေး၏။

"မစမ်းဖြစ်ပါဘူး၊ အိတ်ထဲပဲ တန်းထည့်လိုက်တာ။ နည်းနည်းလေး ပိုလင်းတဲ့ လက်နှိပ်ဓာတ်မီးလို့ပဲ ထင်ခဲ့တာလေ" ပရော်ဖက်ဆာရှန်က ပြုံးလျက်

"မင်းတို့ကို လန့်သွားစေပြီလား"

"ရပါတယ်ဗျာ၊ ကျွန်တော်တော့ နတ်ပြည်ကို တက်လှမ်းဖို့အတွက် ကောင်းကင်ဘုံရဲ့ စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်လိုက်ရသလိုပဲ ခံစားလိုက်ရတယ်"

ပရော်ဖက်ဆာရှန်က နှစ်ခါမျှ အော်ဟစ်ရယ်မောလိုက်သည်။

"ငါးတွေတော့ လန့်ပြေးကုန်ပြီလား မသိဘူး"

ရှန်ယွီက ဆောင့်ကြောင့်ထိုင်ကာ မြစ်ကမ်းနားက ငါးခြင်းတောင်းကို မကြည့်လိုက်သည်။

"ခြင်းတောင်းက အလွတ်ကြီးပါ" ပရော်ဖက်ဆာရှန်က ဆို၏။

"ငါးတစ်ကောင်မှ မလာဘူးလား" ရှန်ယွီက မေးသည်။

"မလာဘူး" ပရော်ဖက်ဆာရှန်က ဆို၏။ သူက ခေါင်းမာတတ်သော်လည်း ရိုးသားသူ ဖြစ်သည်။

"ဒါဆိုရင်..."

ချန်ကျန့်က ခဏစဉ်းစားပြီးမှ…

"မနက်ဖြန်ကျရင် ကျွန်တော် ရှောင်သိုအာရဲ့အဖိုးဆီမှာ ငါးစာ သွားတောင်းပေးမယ်လေ။ ဒီကငါးတွေက အဘိုးရဲ့ ငါးစာနဲ့ ယဉ်နေလို့လည်း ဖြစ်နိုင်တာပဲ"

"ဟုတ်သားပဲ! အဲ့ဒါ အကြံကောင်းပဲ" ပရော်ဖက်ဆာရှန်က ချက်ချင်း သဘောတူလိုက်၏။

"ဒါဆို အခု ပြန်ကြမလား" ရှန်ယွီက မေးသည်။

"ပြန်ကြတာပေါ့" ပရော်ဖက်ဆာရှန်က သက်ပြင်းချရင်း ဆို၏။

"မနက်ဖြန် ချန်ကျန့်လေး ငါးစာသွားယူပေးရင် အဖေ ဒီကို ပြန်လာပြီး ဆက်ဖမ်းမယ်"

ချန်ကျန့်သည် ပရော်ဖက်ဆာရှန်၏ ပစ္စည်းပစ္စယများကို ကားပေါ်သို့ ကူသယ်ပေးလိုက်သည်။

ပရော်ဖက်ဆာရှန်က ရှေ့ခန်း ဘက်သို့ ဦးတည်သွားသည်ကို မြင်သောအခါ ချန်ကျန့်သည် ထိုခုံပေါ်က အမှိုက်အိတ်ကို သတိရသွားပြီး အမြန်ပြေးဖယ်ရန် ပြင်လိုက်သော်လည်း... ပရော်ဖက်ဆာရှန်က စိတ်ပြောင်းကာ နောက်ခန်းတံခါးကို ဖွင့်၍ ဝင်ထိုင်လိုက်သည်။

ချန်ကျန့် သက်ပြင်းအသာချနိုင်တော့၏။

"ဟိုမှာ ဖဲကစားနေကြတုန်းလား" ပရော်ဖက်ဆာရှန်က မေးသည်။

"ဟုတ်တယ်၊ ပါးရော ပြန်ရောက်ရင် ဝင်ကစားဦးမလား"

"ကစားရမှာပေါ့၊ မင်းရဲ့ ဒေါ်လေးကော ကစားနေလား"

"သူကိုယ်တိုင်က စခေါ်တာလေ" ရှန်ယွီက ဆိုသည်။

"ဒါဆိုရင်တော့ ငါတို့ ကစားပေးရမှာပေါ့။ သူက 'လာဘ်ပေးနတ်သမီး' လေ" ဟု ပရော်ဖက်ဆာရှန်က ဆို၏။

"သူက အမြဲ ရှုံးတာလား" ချန်ကျန့်က မေးမိသည်။

"ဟုတ်တယ်" ပရော်ဖက်ဆာရှန်က ရယ်ရင်း ဆို၏။

"ဒါပေမဲ့ သူက အမြဲ ကစားချင်နေတာ။ သူ့ခင်ပွန်းကတော့ အဆင်ပြေပါတယ်။ တစ်ယောက်က ပေး၊ တစ်ယောက်က ပြန်ယူနဲ့ အသုံးစရိတ်နဲ့ ဝင်ငွေကို မျှအောင် ထိန်းထားနိုင်တယ်လေ"

တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ကော်ဖီဆိုင်ထဲတွင် စုံတွဲငယ်တစ်တွဲ စကားပြောနေကြပြီး ထမင်းစားခန်းထဲတွင်လည်း ဧည့်သည်မိသားစု နှစ်စုက တီဗွီကြည့်နေကြသည်။ ဆွန်နာနာက ဧည့်ကြိုကောင်တာမှာ ရှိနေပြီး ကျန်တဲ့သူတွေကတော့ အစည်းအဝေးခန်းထဲမှာ ဖဲသွားကစားနေကြ၏။

"နာနာ သွားကစားမလား၊ ဒီမှာ ကျွန်တော် စောင့်ပေးမယ်လေ" ချန်ကျန့်က မေးလိုက်သည်။

"ဟုတ်ကဲ့... ဦးလေးချန်က ခုနကတင် 'ဆယ့်ငါး' ကို လမ်းလျှောက်ခေါ်သွားတာ။ အခုတော့ မှိုလေးရဲ့ အိမ်ထဲမှာ နှစ်ကောင်သား တိုးဝှေ့ပြီး အိပ်နေကြပြီ။ တစ်ခုခု လိုအပ်ရင်တော့ လှမ်းခေါ်လိုက်နော်" ဆွန်နာနာက ဆိုပြီးမှ အသံကို နှိမ့်ကာ

"ကျွန်မကတော့ ဆန်ပင်းနဲ့ လျူဝူတို့ရဲ့ တိုက်ပွဲကို သွားကြည့်ဦးမယ်"

"ဖဲကစားတာလား" ချန်ကျန့်က ပြုံးလျက်

"ဒါဆိုရင်တော့ လျူဝူတစ်ယောက် ဆန်ပင်းကို နိုင်မှာ မဟုတ်ဘူး။ ဆန်ပင်းက ဖဲကစားတာ တော်တော်ဝါသနာပါတယ်"

"လူဆိုတာ အရာရာတိုင်းမှာတော့ အရှုံးမပေးနိုင်ဘူးမဟုတ်လား"

ဆွန်နာနာက ပြုံးရင်း သူမ၏ ဆံပင်ကို ခါယမ်းကာ အစည်းအဝေးခန်းဘက်သို့ ပြေးထွက်သွားတော့သည်။

ပရော်ဖက်ဆာရှန်သည်လည်း သူ၏ စိုစွတ်နေသော ငါးဖမ်းကိရိယာများကို နောက်ဖေးဝင်းထဲတွင် အခြောက်လှန်းပြီးနောက် လက်ကို ပွတ်သပ်ကာ အစည်းအဝေးခန်းဘက်သို့ လိုက်သွားပြန်သည်။ ငါးတော့ မမိခဲ့သော်လည်း ဖဲဝိုင်းမှာတော့ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည်ဟု မျှော်လင့်ပုံရ၏။

ချန်ကျန့်သည် မှတ်တမ်းစာအုပ်ကို ဖွင့်ကာ ထိုနေ့၏ ဖုန်းမှတ်တမ်းများနှင့် အလုပ်ကိစ္စများကို စစ်ဆေးနေလိုက်သည်။ ရှန်ယွီကတော့ ဧည့်ကြိုကောင်တာအနောက်က နောက်မှီကုလားထိုင်ပေါ်မှာ အသာအယာ မှီလျက်၊ လက်တစ်ဖက်ကို ခေါင်းခုကာ သူ့ကို စိုက်ကြည့်နေပါတော့သည်။

"မင်းကော မကစားဘူးလား၊ ဖဲဝိဇ္ဇာကြီးရဲ့။"

"တစ်ခုခုဖြစ်လာရင် ဘယ်သူကူမှာလဲ၊ငါက ပိုင်ရှင်ပဲလေ၊ တာဝန်ရှိတာပေါ့။"

"ဘေးမှာရပ်ပြီး 'မင်္ဂလာပါ၊ အားနာပါတယ်၊ ကျွန်တော်လည်း မသိဘူးဗျ' လို့ပဲ ပြောနေမှာ မဟုတ်လား"

ချန်ကျန့်က ပြုံးစစဖြင့် ဆိုသည်။

"အနည်းဆုံးတော့ ရေဘူးလေးဘာလေး ပို့ပေးလို့ရတာပဲ"

"အခုချိန်ဆိုရင်တော့ ထွေထွေထူးထူး ရှိမှာမဟုတ်တော့ပါဘူး။ ဖြစ်နိုင်တာကတော့..."

သူ စကားပြောနေတုန်းမှာပင် အပြင်ဘက်မှ ကားတစ်စီး မောင်းဝင်လာပြီး ခြံရှေ့တည့်တည့်မှာ ရပ်လိုက်သည်။

"ခြံဝမှာ ကားရပ်လို့မရဘူးလေ၊ ကျွန်တော် သွားလမ်းညွှန်ပေးလိုက်ဦးမယ်"

ချန်ကျန့်က အပြင်ဘက်သို့ ထွက်သွားရင်း ပြောလိုက်သည်။

"မင်း ဒီမှာပဲ ကြည့်ထားလိုက်။"

"အင်း"

"မင်္ဂလာပါဗျ"

ချန်ကျန့်က ကားနားသို့ လျှောက်သွားရင်း နှုတ်ဆက်လိုက်၏။ ကားမှန်ကျလာပြီး မောင်းသူမှာ လူငယ်တစ်ဦးဖြစ်ကာ ဘေးတွင် မိန်းကလေးတစ်ဦး ထိုင်နေသည်။ အနောက်ခန်းမှာလည်း နောက်ထပ် နှစ်ယောက် ပါပုံရ၏။

"ကျွန်တော်တို့ ဒီမှာ တည်းမလို့ဗျ။ ကားကို ဘယ်မှာ ထိုးရမလဲ"

"အထဲကို နည်းနည်းလေး ထပ်မောင်းပေးပါဦး။ အထဲမှာ နေရာတွေ ရှိပါသေးတယ်"

ချန်ကျန့်က လမ်းပြရန် လှည့်ထွက်လိုက်သည်။

"နေပါဦး၊ ဒီနေရာက တာ့ယွင် လားဟင်" ဘေးတွင် ထိုင်နေသော မိန်းကလေးက ကိုယ်ကို ကိုင်းကာ လှမ်းမေး၏။

"ဟုတ်ပါတယ်ဗျ" ချန်ကျန့်က ပြန်ဖြေလိုက်သည်။

ကားကို နေရာလွတ်တစ်ခုတွင် အဆင်ပြေအောင် ရပ်ခိုင်းပြီးနောက် ချန်ကျန့် အထဲသို့ ပြန်ဝင်လာခဲ့သည်။

"ဒီအချိန်ကြီးမှ ရောက်လာတဲ့သူ ရှိသေးတာလား" ရှန်ယွီက မေး၏။

"တစ်နေကုန် ကားမောင်းလာပြီး လမ်းမှာ ဝင်လည်လာကြတာ ဖြစ်မှာပါ။ အဲ့ဒီလို ဧည့်သည်တွေ တော်တော်များများ ရှိတယ်"

"ဪ" ရှန်ယွီက ခေါင်းညိတ်ပြ၏။

"ဒါနဲ့... နှစ်သစ်ကူးပြီးရင် မင်း ဧည့်ကြိုကောင်တာမှာ တစ်ပတ်လောက် အလုပ်သင် ဆင်းကြည့်ပါလား။ အခြေအနေလေးတွေ သိရအောင်လို့လေ" ချန်ကျန့်က အကြံပေးလိုက်သည်။

"မလုပ်ပါဘူး"

ရှန်ယွီက ပြတ်ပြတ်သားသားပင် ငြင်းလိုက်၏။ ကားပေါ်က လူငယ်လေးယောက် ဧည့်ခန်းထဲသို့ လမ်းလျှောက်ဝင်လာသောအခါ ချန်ကျန့် အနည်းငယ် အံ့အားသင့်သွားသည်။

သူတို့အားလုံး ကျောပိုးအိတ်ကိုယ်စီဖြင့် ခရီးသွားပုံစံ ပေါက်နေသော်လည်း သာမန် ခရီးသွားများနှင့်တော့ မတူပေ။ အနောက်မှ ပါလာသော အမျိုးသားနှင့် အမျိုးသမီးတစ်ဦးက Sports Camera တစ်လုံးနှင့် Stabilizer တပ်ထားသော ဖုန်းတစ်လုံးကို ကိုင်ထားပြီး ရှေ့မှ မိန်းကလေးကို အာရုံစိုက်ကာ ရိုက်ကူးနေကြသည်။

"ရောက်ပါပြီ" ရှေ့မှ မိန်းကလေးက ဝင်လာရင်း ကင်မရာဘက်သို့ လှည့်ပြောလိုက်၏။ "အထဲကလည်း တကယ်လှတာပဲ၊ နေလို့ အရမ်းကောင်းမယ့် ပုံပဲနော်..."

သူတို့ကတော့ Travel Blogger တွေ ဖြစ်ဖို့ များပါသည်။

ရှန်ယွီ မတ်တတ်ရပ်လိုက်၏။ ချန်ကျန့် ဘာမှမပြောရသေးခင်မှာပင် သူက ဓာတ်လှေကားရှိရာသို့ လျှောက်သွားတော့သည်။

"ငါ အစည်းအဝေးခန်းထဲ ခဏသွားကစားလိုက်ဦးမယ်။"

ချန်ကျန့် ကျွတ်တစ်ချက် စုပ်လိုက်မိသော်လည်း ဘာမှတော့ မပြောဖြစ်ပေ။

မီးပုံပွဲတော်ပြီးကတည်းက ဧည့်သည်တွေ တဖြည်းဖြည်း ပိုများလာပြီး ဖုန်းနဲ့ ဗီဒီယိုရိုက်နေတဲ့သူတွေကို မြင်ရတာ ချန်ကျန့်အတွက်တော့ အထူးအဆန်း မဟုတ်တော့ပါ။ သို့သော် သီးသန့် ရိုက်ကူးရေးအဖွဲ့နှင့် လာသူကို မြင်ရသည်မှာ ယခုမှ ပထမဆုံး ဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်ကလည်း တာ့ယွင် ကို ဆုတောင်းပေးသည့် ဖုန်းခေါ်ဆိုမှုများ ရရှိနေခဲ့သည်။ နှစ်သစ်ကူးပြီးလျှင်တော့ ဧည့်သည်အသစ်တွေ စုံနေအောင် လာကြတော့မည် ဖြစ်၏။

"မင်္ဂလာပါဗျ" ချန်ကျန့်က သူတို့ကို နှုတ်ဆက်လိုက်သည်။

"ဘိုကင် တင်ထားတာ ရှိပါသလား။"

"မရှိပါဘူး" ထိုမိန်းကလေးက ကောင်တာကို လက်မှီရင်း ဆို၏။

"အခန်း နှစ်ခန်း ကျန်ပါသေးသလားဟင်။"

Sports Camera ရော ဖုန်းရောက ဘေးတစ်ဖက်စီကနေ ရိုက်ကူးနေကြသည်။ အနောက်မှ ကျန်ရစ်သော မိန်းကလေးတစ်ဦးကလည်း အလင်းကာတစ်ခုကို ကိုင်ထားရာ သူမက လက်ထောက်ဖြစ်ပုံရ၏။

"ခဏလေးနော်၊ ကျွန်တော် စစ်ပေးပါ့မယ်။ ဘယ်နှစ်ရက်လောက် တည်းဖို့ စိတ်ကူးထားလဲဗျ"

ချန်ကျန့်က ကွန်ပျူတာကို အမြန်စစ်ဆေးလိုက်သည်။

"ကုတင်နှစ်လုံးပါတဲ့ အခန်းရော၊ ကုတင်ကြီးတစ်လုံးတည်းပါတဲ့ အခန်းရော ရှိပါတယ်။ ဒါပေမဲ့ ကုတင်ကြီးခန်းတွေကပဲ မြစ်မြင်ကွင်းမြင်ရတာပါ။ ကုတင်နှစ်လုံးခန်းကတော့ တောင်တန်းမြင်ကွင်း ပဲ ရပါမယ်။"

"လောလောဆယ် နှစ်ရက်ပဲ ယူမယ်လေ၊ကုတင်ကြီးတစ်ခန်းနဲ့ ကုတင်နှစ်လုံးတစ်ခန်းပေါ့။"

"ဟုတ်ကဲ့ပါ၊ မှတ်ပုံတင်လေးတွေ ပေးပါဦးဗျ၊ မြစ်မြင်ကွင်းဘက်ကို ပြောင်းချင်တယ်ဆိုရင်တော့ မနက်ဖြန် နေ့လယ်ကျရင် အခန်းတစ်ခန်း အားဖို့ ရှိပါတယ်။"

"အရမ်းကောင်းတာပဲ။ အားသွားရင် ကျွန်မတို့အတွက် ကြိုဖယ်ပေးထားပါဦးနော်"

ထိုမိန်းကလေးက မှတ်ပုံတင်နှစ်ခုကို ကမ်းပေးလိုက်သည်။

"ဒါနဲ့... ညီလေးက မန်နေဂျာလားဟင်။"

ချန်ကျန့်က သူမကို တစ်ချက်ကြည့်လိုက်၏။

"ဟုတ်ပါတယ်ဗျ။"

"ဪ" မိန်းကလေးက ပြုံးပြသည်။

ဤလူစုမှာ တော်တော်လေး ယဉ်ကျေးပုံရသည်။ အခန်းစာရင်းသွင်းပြီးနောက် သူတို့ အခန်းထဲသို့သာ ဝင်သွားကြပြီး ပြန်ထွက်မလာတော့ပေ။

ချန်ကျန့်က ရှန်ယွီကို ပြန်လာလို့ရပြီဟု ဖုန်းဆက်မည်အပြု၊ ရှန်ယွီက စင်္ကြံလမ်းအတိုင်း လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

"အချိန်ကိုက်ပဲနော်" ချန်ကျန့်က ဆို၏။

"ငါ့ဖုန်းကနေ CCTV ကြည့်လို့ရတာပဲကို"

"မင်းက အဲ့ကနေပါ စောင့်ကြည့်နေတာလား"

ချန်ကျန့်က ရှန်ယွီကို ကြည့်လိုက်၏။

"ဒီလူတွေက နည်းနည်း ထူးဆန်းလို့…သူတို့ ဘာလုပ်မလဲဆိုတာ ငါ စောင့်ကြည့်နေတာ။"

"Travel Blogger တွေ ဖြစ်မှာပါဗျာ ။ စုံတွဲတစ်တွဲရယ်၊ နောက်ထပ် မိန်းကလေး နှစ်ယောက်ရယ်။ သူတို့ အိတ်တွေနဲ့ ဖိနပ်တွေကို ကြည့်ရတာ ပရော်ဖက်ရှင်နယ် ခရီးသွားတွေနဲ့ တူတယ်။"

"ဒါဆို ဘာလို့ မန်နေဂျာအကြောင်း မေးနေရတာလဲ"

"အဲ့ဒါကတော့... ပုံမှန်ပါပဲဗျာ" ချန်ကျန့်က ဆိုလိုက်၏။

"အင်းလေ၊ ချောမောတဲ့ မန်နေဂျာလေး ဆိုတဲ့ ဓာတ်ပုံအောက်မှာ Comment တွေက နှစ်ထောင်နီးပါး ရှိနေပြီဆိုတော့လည်း..."

ချန်ကျန့် ရှန်ယွီ့ကို ကြည့်လိုက်မိ၏။

"ငါ ခုနကတင် စစ်ကြည့်ထားတာ" ရှန်ယွီက ပြုံးစစဖြင့် ဆို၏။

"တည်းခိုခန်းအကြောင်းကျတော့ ဘာမှမသိဘဲနဲ့ ဒီလိုကိစ္စတွေကျတော့ မင်းက အမြဲတမ်း ပထမဆုံး သိနေတာပဲနော်"

"အတင်းအဖျင်းသတင်းက စီးပွားရေးထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာကိုး"

အစည်းအဝေးခန်းထဲက ဖဲဝိုင်းမှာ ညဉ့်နက် ၂ နာရီနီးပါးအထိ မပြီးဆုံးခဲ့ပေ။ အားလုံးက ပျော်နေကြသည်။ တည်းခိုသူတွေကို မနှောင့်ယှက်မိစေရန် စကားအကြာကြီး မပြောကြတော့ဘဲ အခန်းအသီးသီးသို့ ပြန်သွားကြတော့၏။ လျူဝူကတော့ ဟူဖန်ကို သူမ၏ အခန်းတံခါးဝအထိ လိုက်ပို့ပေးနေပြီး မခွဲနိုင်မခွာနိုင် ဖြစ်နေသည်။

ဆန်ပင်းကတော့ သူတို့ဘေးကနေ ဟိတ်ဟန်အပြည့်ဖြင့် ဖြတ်လျှောက်သွားပြီး အိပ်ဆောင်ထဲ ဝင်သွား၏။ သူကတော့ ဒီညရဲ့ အကြီးကျယ်ဆုံး အနိုင်ရရှိသူ မဟုတ်ပါလား။ လျူဝူရဲ့ အိပ်ရာဝင်စကားတွေကို ရှောင်ရှားရန်အတွက် ရှန်ယွီသည် ဧည့်ကြိုကောင်တာရှိ ကုလားထိုင်ပေါ်မှာ မနက် ၃ နာရီအထိ ထိုင်နေခဲ့သည်။ ၃ နာရီ ၅ မိနစ်တွင် လျူဝူက ဖုန်းဆက်လာ၏။

"ငါ့ရဲ့ ချစ်လှစွာသော ဝမ်းကွဲအကိုကြီး... အခုထိ မအိပ်သေးဘူးလား။"

"မင်းကတော့ တကယ်ပဲ၊ ဘာလို့ အခုထိ မအိပ်သေးတာလဲ"

ရှန်ယွီကတော့ စိတ်ကုန်သလို ပြောလိုက်သည်။

"ခဏလောက် စကားပြောရအောင်လေဒီနေ့ တစ်နေကုန် အစ်ကိုနဲ့ စကားမပြောရသေးဘူး။"

"အေးပါ၊ သိပြီ"

ရှန်ယွီက ဖုန်းချလိုက်ပြီး ချန်ကျန့်ကို လှည့်ကြည့်လိုက်သည်။

"နွားနို့ ရှိလား။"

"ရှိတယ်လေ။ မင်း သောက်မလို့လား။"

"နွားနို့ကို နွှေးပြီးတော့ လျူဝူအတွက် အထဲမှာ အိပ်ဆေးတစ်လုံး ထည့်ပေးလိုက်မလို့"

ချန်ကျန့် ရယ်လိုက်မိတော့၏။

“တကယ်ပါပဲ..."

နောက်ဆုံးတော့ နွားနို့လည်း မရှိ၊ အိပ်ဆေးလည်း မပါဘဲ ရှန်ယွီတစ်ယောက် ခြေလှမ်းတွေ လေးလံစွာဖြင့် အပေါ်ထပ်သို့ တက်သွားတော့သည်။

ချန်ကျန့်ကတော့ ထကာ ထုံးစံအတိုင်း ဝင်းကို တစ်ပတ်ပတ်ကြည့်လိုက်သည်။ ပြီးနောက် ဧည့်ကြိုကောင်တာသို့ ပြန်လာကာ ကုလားထိုင်ပေါ်မှာ လှဲလျောင်းပြီး စောင်လေးတစ်ထည် ခြုံလိုက်၏။ ရှန်ယွီနဲ့ လျူဝူတို့ ဘယ်လောက်ကြာကြာ စကားပြောဖြစ်ကြမလဲ။ ဘယ်အချိန်မှာ အိပ်ပျော်သွားကြမလဲဆိုတာ သူ မသိပေ။ သူကိုယ်တိုင်ကတော့ လှဲလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတော့သည်။

မနက် ၆ နာရီကျော်လောက်မှာ မှိုလေးက သူ့ဘာသာ အပြင်သွားပြီး ပြန်လာသည်။ ကြိုးနဲ့ချည်ထားသည့် ဆယ့်ငါး ကတော့ အပြင်ထွက်ချင်ဇောနဲ့ အော်ဟစ်နေသဖြင့် ချန်ကျန့် နိုးလာခဲ့၏။ သူ သန်းဝေရင်း နောက်ဖေးဝင်းထဲသို့ ပြေးသွားကာ ခွေးစာထည့်ပေးပြီး ဆယ့်ငါးကို အပြင်သို့ ခေါ်ထုတ်ခဲ့သည်။

"သွားကြစို့၊မင်းကို အပေါ့အပါး သွားခိုင်းရအောင်။"

မနက်စောစော လေထုထဲမှာ တောင်တန်းတွေနဲ့ မြေကြီး၏ လတ်ဆတ်သော အနံ့အသက်တွေ ပြန့်လွင့်လျက်။ အေးမြမြဆောင်‌းလေတို့ နှာခေါင်းထဲကို တိုးဝင်လာတဲ့အခါ တကယ်ကို လန်းဆန်းသွားစေ၏။ နောက်ဖေးတံခါးကနေ ထွက်လာတဲ့အချိန်မှာတော့ ချန်ကျန့်တစ်ယောက် လုံးဝကို နိုးကြားသွားပြီ။

သူက ဆယ့်ငါးကို တောင်ပေါ်ဘက်သို့ ခေါ်သွားခဲ့၏။ ဆယ့်ငါးကတော့ ခေါင်းငုံ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဟိုနားဒီနား အနံ့ခံနေပြီး ခြေလှမ်းဆယ်လှမ်းအတွင်းမှာတင် သုံးကြိမ်လောက် အပေါ့သွားနေတော့သည်။

"မင်းကတော့ တကယ်ပဲ..." ချန်ကျန့်က ရယ်လျက် ဆိုလိုက်သည်။

ထိုအချိန်တွင် သူ့အနောက်ကနေ ခြေသံအချို့ ကြားလိုက်ရ၏။ မနက်စောစော တောင်ပေါ်တက်မည့် ဧည့်သည်များလားဟု မသေချာသဖြင့် ချန်ကျန့်က ခွေးကို ဘေးသို့ဆွဲကာ အနောက်ကို လှည့်ကြည့်လိုက်သည်။

ရှန်ယွီက ဖုန်းတစ်လုံးကို ကိုင်ရင်း သူ့အနောက်ကနေ လိုက်လာခြင်း ဖြစ်၏။

"မင်းကလည်း...လန့်လိုက်တာ"

"ငါ ဗီဒီယိုရိုက်နေတာ၊ စကားပြော သတိထားဦး။"

"ဘာလို့ ဗီဒီယိုရိုက်နေတာလဲ"

"ငါ စိတ်ကူးတစ်ခု ရထားလို့"

ရှန်ယွီက သူ့ကိုကြည့်ပြီး ပြုံးလျက် ဆိုလိုက်ပါတော့သည်။

____________________________________________________________________

Comments

  1. အလှလေးချန်ရဲ့ အလှတရားနဲ့ သူ စီးပွားရှာတော့မယ် အရှင်းရှင်ဘဲကြီး

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...