Skip to main content

103





အပိုင်း (၂၀၃)

"စိတ်ကူးတစ်ခုလား" ချန်ကျန့်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ဘယ်လိုစိတ်ကူးမျိုးလဲ။ မိုးမလင်းသေးဘူး မင်း ဘာတွေ စိတ်ကူးပေါက်ပြန်ပြီလဲ"

"ဟေ့...ဒီမှာ... ဗီဒီယိုမှတ်တမ်းကြီး ပျက်ကုန်ပြီ"

"ဘာတွေလုပ်နေတာလဲ"

ချန်ကျန့်က ရှေ့ကိုဇွတ်တိုးချင်နေသည့် ဆယ့်ငါး ကို ပြန်ဆွဲလိုက်ပြီး ရှန်ယွီအနား တိုးသွားသည်။

"ကျွန်တော့်ကိုလည်း ပြဦးလေ"

ရှန်ယွီက ဖုန်းထဲက ဗီဒီယိုကိုဖွင့်ပြီး သူ့ကိုကမ်းပေးသည်။ ငါးမိနစ်ကျော်ကြာတဲ့ ဗီဒီယိုဖြစ်ပြီး ချန်ကျန့် ခွေးအိမ်ကနေ ဆယ့်ငါးကို သွားထုတ်တာကအစ၊ ကားပါကင်ကနေ ထွက်လာတာ၊ ဆယ့်ငါး လမ်းမှာ သုံးခါလောက် အပေါ့သွားတာတွေအထိ အကုန်ပါနေသည်။

ဒါပေမဲ့ တခြားအရာတွေကို ခဏဖယ်ထားရင်တောင်... မနက်ခင်း အလင်းဖျော့ဖျော့၊ တိတ်ဆိတ်သည့်ဥယျာဉ်၊ အလုပ်ရှုပ်နေသောခွေးလေး၊ ရံဖန်ရံခါကြားလေ့ရှိသည့် ငှက်သံတွေနဲ့ အဝေးဆီမှတောင်တန်းတွေကြားက မြူနှင်းတွေ... ဒီသာမန်ရှုခင်းတွေက ဗီဒီယိုထဲမှာတော့ တစ်မျိုးလေး အနုပညာဆန်နေသည်။

ဗီဒီယိုကြည့်ပြီးနောက် ချန်ကျန့် ရုတ်တရက် သဘောပေါက်သွားပြီး ရှန်ယွီကို ကြည့်လိုက်သည်။

"မင်း တည်းခိုခန်းအတွက် အကောင့်တစ်ခု ဖွင့်မလို့လား"

"မန်နေဂျာကတော့ အကြားအမြင်ရနေပြီပဲ။ မန်နေဂျာရဲ့ ရုပ်ရည်ကို တခြားသူတွေအတွက်ပဲ အလကား ကြော်ငြာပေးနေလို့ ဘယ်ဖြစ်မလဲ"

"ကျွန်တော်လား။ မဖြစ်နိုင်တာ"

"မင်းတစ်ယောက်တည်းမှ မဟုတ်တာ၊ တာ့ယွင် ရဲ့ နေ့စဉ်ဘဝပေါ့။ အားလုံး ပါဝင်လို့ရတာပဲ"

"ဪ။"

ချန်ကျန့် ဉာဏ်ရည်ပိုင်းအားဖြင့် နည်းနည်း ဝေဝါးနေတုန်းပင်။ မနက်စာ မစားရသေးလို့ သကြားဓာတ်နည်းနေတာလည်း ပါလိမ့်မည်။

"အသေးစိတ်တော့ မစဉ်းစားရသေးဘူး၊ စိတ်ကူးပဲ ရှိသေးတာ။ တာ့ယွင်တင်မကဘူး၊ ဟုန်ယဲ့မြို့လေးရဲ့ ရှုခင်းတွေနဲ့ ယဉ်ကျေးမှုတွေကိုပါ ထည့်ပြီး ပိုကြီးအောင် လုပ်လို့ရတယ်။ နှစ်သစ်ကူးပြီးရင် အစည်းအဝေးလုပ်ပြီး တိုင်ပင်ကြတာပေါ့။ ဒီအတိုင်း ထားလိုက်ရတာ နှမြောစရာကြီး"

"အင်း" ချန်ကျန့် ခေါင်းညိတ်လိုက်သည်။ ဆယ့်ငါးက ရှေ့ကို ဆွဲခေါ်နေတာကြောင့်

"ကျွန်တော်နဲ့ လမ်းလျှောက်လိုက်ဦးမလား" ဟု သာတုံ့ပြန်လိုက်သည်။

"လျှောက်ရမှာပေါ့" ရှန်ယွီက သူ့ဘေးကနေ ယှဉ်လျှောက်လာသည်။

"ဘယ်သူမှ မနိုးသေးဘူးလေ။ ငါ တစ်ယောက်တည်း ကျန်ခဲ့လို့ မင်းအဖေ နိုးလာပြီး မနက်စာ ပြင်နေရင် ငါက ထွက်ပြေးလို့မှ မရတာ"

"ကျွန်တော်ကတော့ မင်း ကျွန်တော့်အဖေရှေ့မှာ ဖိအားမရှိဘူး ထင်နေတာ"

ချန်ကျန့် ပြုံးလိုက်သည်။ ရှန်ယွီက ချန်ကျန့်ပုခုံးကို ဖက်လိုက်သည်။

"မရှိဘဲ နေမလား ငါက မျက်နှာမနီတတ်ရုံတင်ပါ"

ချန်ကျန့် နှစ်စက္ကန့်လောက် ငြိမ်သွားပြီးမှ

"ကျွန်တော် မျက်နှာနီသွားလို့လား။ ဟာ... မဟုတ်တာ၊ ကျွန်တော် တကယ်ပဲ မျက်နှာနီသွားတာလား"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ မင်းက တစ်ခါတလေမှ နီတာပါ။ ငါ့မိဘတွေ ရောက်လာတုန်းက မင်း မျက်နှာမနီပါဘူး။ မနီရုံတင်မကဘူး။ တော်တော်လေးကို တည်တည်ငြိမ်ငြိမ် ရှိနေတာ"

"တည်ငြိမ်နေတာ မဟုတ်ပါဘူးဗျာ။ ဥက္ကဋ္ဌလျူကတော့ ကျွန်တော် စိတ်လှုပ်ရှားနေတာကို ရိပ်မိမှာ သေချာတယ်။ မင်းတောင် သိသေးတာပဲ သူလို လူကြီးတစ်ယောက်က ဘယ်မသိဘဲ နေမလဲ"

"မြေခွေးအိုကြီးက မြေခွေးအိုကြီးပါပဲ၊ ငါ့ကို ပြောနေတာတောင် ဘာလို့ စကားလုံးတွေကို သတိထားနေရတာလဲ"

"မြေခွေးအိုကြီးဆိုတာ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ အကုန်သိနေတာမျိုး မဟုတ်လား"

ချန်ကျန့် ပြုံးလိုက်သည်။

"အမြဲတမ်းတော့ မဟုတ်ပါဘူးအဲ့တုန်းက သူ ငါ့ကို မရိပ်မိခဲ့ဘူးလေ"

"မင်းကမှ အသိမခံခဲ့တာပဲ" ချန်ကျန့်က ရှန်ယွီ့မျက်နှာကို လက်နဲ့ဖွဖွတို့ထိရင်း ပြောလိုက်သည်။

"ဆယ့်ငါးကို ခဏလွှတ်ပေးလိုက်လေ။ အခု ဒီမှာ ဘယ်သူမှမရှိဘူး။ ငါ လုကျွင်းအတွက် ဗီဒီယိုရိုက်ပေးရဦးမယ်"

"မင်းက အစီရင်ခံစာတောင် ပြန်ပို့ရသေးတာလား"

ချန်ကျန့်က ဆယ့်ငါးရဲ့ လည်ပတ်ကြိုးကို ဖြုတ်ပေးလိုက်ပြီး ခေါင်းကို ပုတ်ပေးလိုက်သည်။

"ကဲ... သွားပြေးချေတော့ ခြေလက်လေး ဆန့်လိုက်ဦး"

"လုကျွင်းက တစ်ယောက်တည်းနေတာလေ။ အလုပ်ကလွဲရင် သူ့မှာ ဒီခွေးတွေပဲ ရှိတာ။ သူတို့က သူ့အသက်ပဲ။ မနေ့က ငါ ခွေးသွားကြိုတော့ ဆယ့်ငါးရဲ့ နေ့စဉ်အလေ့အကျင့် ဇယားကိုတောင် သေချာပို့ပေးလိုက်သေးတယ်"

ဒါကတော့ သိသာလှသည်။ နှစ်ရက် သုံးရက်လောက်ပဲ လာအပ်တာကို ဆယ့်ငါးရဲ့ အထုပ်အပိုးထဲမှာ ခွေးစာတင်မကဘဲ မုန့်တွေ၊ ကစားစရာတွေနဲ့ ကိုက်ဖို့အတွက် နွားရိုးနှစ်ချောင်းတောင် ပါလာသေးသည်။ ချန်ကျန့်က မှိုလေးကိုတောင် အဲ့ဒီ အဆင့်မြင့်ခွေးစာတွေ ကျွေးကြည့်ချင်သေးပေမဲ့ မှိုလေးကတော့ လုံးဝ မစားခဲ့ပေ။

ဆယ့်ငါးကတော့ အရှိန်နဲ့ ပြေးထွက်သွားပြီး မီတာအနည်းငယ်အကွာ လမ်းဘေးမှာ အမှုကိစ္စရှင်းကာ ဝမ်းသာအားရ ပြန်ပြေးလာသည်။ မှိုလေးကလည်း ဘယ်အချိန်ကတည်းက လိုက်လာမှန်းမသိ၊ အနောက်ကနေ တဝုဝု နဲ့ လိုက်အော်နေ၏။ ဆယ့်ငါးက မှိုလေးရှေ့ရောက်တော့ ဖင်ကို မြှောက်၊ ခုန်ပေါက်ပြီး ကစားချင်ယောင်ပြကာ တောင်ပေါ်ဘက်ကို ပြန်ပြေးသွားပြန်သည်။ မှိုလေးကလည်း အနောက်ကနေ လိုက်ဟောင်ရင်း ပြေးသွားကြတာ တကယ့်ကို ပျော်စရာမြင်ကွင်းလေးပင်။

ရှန်ယွီက ဗီဒီယိုကို လုကျွင်းဆီ ပို့လိုက်သည်။ ချန်ကျန့်က ဖုန်းစကရင်ကို လှမ်းကြည့်မိပြီး "ဝါး!" ခနဲ အံ့သြသွား၏။

"ဘာဖြစ်လို့ အဲ့လောက်တောင် အံ့သြနေတာလဲ"

"မင်းတို့နှစ်ယောက် တော်တော်လေး စကားတွေ ပြောဖြစ်ကြတာပဲနော်"

"ဟင်း...စကားပြောပုံက တစ်မျိုးပဲ"

"အလုပ်ကိစ္စတွေပဲလား" ချန်ကျန့်က မေးသည်။

"အလုပ်မဟုတ်လို့ ဘာရှိဦးမှာလဲ" ရှန်ယွီက ဖုန်းကို ကမ်းပေးလိုက်၏။

"မကြည့်တော့ပါဘူး" ချန်ကျန့်က မျက်နှာလွှဲလိုက်သည်။

"ဟေ့..."

ရှန်ယွီက ရယ်ရင်း သူ့ပုခုံးကို ဖက်ကာ မေးကို ဆွဲလှည့်လိုက်သည်။ ဖုန်းစကရင်ကို ပြရင်း

"ကြည့်စမ်းပါ။ မကြည့်ရင် မင်းမျက်လုံးကို ထုတ်ပြီး ဖုန်းပေါ် တင်ထားလိုက်မှာနော်"

ချန်ကျန့် လှမ်းကြည့်လိုက်တော့ တကယ်ပဲ အလုပ်ကိစ္စတွေချည်း ဖြစ်သည်။ ဒါပေမဲ့ ရှန်ယွီက တကယ်တော်ပါသည်။ စကားပြောပုံအရ သူက လုကျွင်းနဲ့ တော်တော်လေး ရင်းနှီးသွားပြီမှန်း သိသာလှ၏။

"သူလည်း အိပ်မပျော်တတ်ဘူးလား"

ချန်ကျန့်က မနက် ၁ နာရီကျော်မှာ ပို့ထားတဲ့ စာနှစ်စောင်ကို သတိထားမိသွားသည်။ ဟုန်ယဲ့မြို့ တောင်ဘက်က ရှေးဟောင်းကျောက်စာတိုင်တွေအကြောင်း ဆွေးနွေးထားခြင်း ဖြစ်၏။

"သူက အိပ်မပျော်တာ မဟုတ်ဘူး။ သူ့အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၂ နာရီအထိ ဖြစ်နေတာ။ အလုပ်ရူးသွပ်သူတွေက အဲ့လိုပဲ။ ငါ့အမေလည်း အရင်က အဲ့လိုပဲလေ"

"ကျွန်တော်သာ အဲ့လိုအချိန်မျိုးနဲ့ဆို နှစ်ရက် သုံးရက်ပဲ ခံမှာ ပြီးရင်တော့ ပြားသွားမှာပဲ"

"ကလေးတွေက အဲ့လိုပဲလေ။ မှိုလေးကို ကြည့်ဦး၊ တစ်နေ့ကို နာရီ ၂၀ လောက် အိပ်တာ"

ရှန်ယွီက ချန်ကျန့်ရဲ့ နားရွက်ဖျားလေးကို ခိုးနမ်းရင်း ပြောလိုက်သည်။

"ဒါကို ကျွန်တော် မှတ်ထားမယ်နော်" ချန်ကျန့်က ဖုန်းကို ညွှန်ပြရင်း ဆို၏။

"မှတ်ထားလေ၊ တာ့ယွင် ရဲ့ ချောမောတဲ့ မန်နေဂျာလေးကို ယှဉ်နိုင်ပါ့မလား"

သူတို့ ခွေးကျောင်းပြီး ပြန်လာတော့ မနက်စာစားချိန်နှင့် ကွက်တိ။ ဆန်ပင်းက နောက်ဖေးတံခါးမှာ ဆောင့်ကြောင့်ထိုင်ရင်း ပန်ကိတ်တစ်ခုကို ဝမ်းနည်းပန်းနည်း စားနေသည်။

"ဘာဖြစ်တာလဲ ။ မုန့်က အရမ်းခြောက်နေလို့လား"

“ဘော့စ်ရှန်... မင်းက လူကောင်းပါ၊ ဒါပေမဲ့ မင်းရဲ့ ပါးစပ်ကတော့..."

ဆန်ပင်းက မုန့်ကို အားရပါးရ ကိုက်လိုက်ရင်း ပြောသည်။ ရှန်ယွီက ပြုံးပြီး အိမ်ထဲဝင်သွားရင်း ချန်ကျန့်နာနာ ကပ်ပြောလိုက်သည်။

"သူ့ကို မေးကြည့်ဦး။ လျူဝူကြောင့်ဆိုရင်တော့ အောင့်ထားဖို့ ပြောလိုက်။ လျူဝူက နှစ်ရက်နေရင် ပြန်တော့မှာ"

ချန်ကျန့်ကလည်း အသံတိုးတိုးဖြင့် ပြန်ဖြေ၏။

"အဲ့လောက်ကြီးလည်း မဟုတ်လောက်ပါဘူး"

ချန်ကျန့်က မနက်စာနဲ့ နွားနို့ဘူးကို ယူပြီး ဆန်ပင်းဘေးမှာ သွားထိုင်လိုက်သည်။

"ရော့... နွားနို့သောက်ဦး"

"ချန်ကျန့်" ဆန်ပင်းက နွားနို့ကို တစ်ငုံ သောက်လိုက်ပြီး "ငါ့ကို ပြောပါဦး"

"အင်း... ပြောလေ" ချန်ကျန့်က မုန့်ကို ကိုက်ရင်း စကားထောက်ပေးလိုက်၏။

"ငါတို့လို မြို့ငယ်လေးက လူတွေအတွက်က ဘဝက ဒီလောက်ပဲလားကွာ။ဘာမှလည်း မသိ၊ ဘာမှလည်း မတတ်၊ ရည်မှန်းချက်လည်း မရှိဘူး။ နောက်နှစ်အနည်းငယ်ကြာရင် အိမ်ထောင်ပြု၊ ကလေးမွေး၊ ဒါနဲ့ပဲ ဘဝက ပြီးဆုံးသွားတာလား"

"ကလေးမွေးတာက... ဘဝရဲ့ အဆုံးသတ်လား။ ကလေးကိုရော ပြုစုပျိုးထောင်ဦးမှာ မဟုတ်ဘူးလား"

ဆန်ပင်းက သူ့ကို မျက်စောင်းထိုးကြည့်သည်။

"ပြုစုသည်ဖြစ်စေ မပြုစုသည်ဖြစ်စေ အတူတူပါပဲ။ ငါ့အဖေ၊ ငါ့အဖိုး၊ ငါ့အဖွားတွေကို ကြည့်ပြီး ငါ့အနာဂတ်ကို ငါ မြင်နေရပြီ"

"ဘာလို့ ရုတ်တရက်ကြီး ဒါတွေ တွေးနေရတာလဲ"

"မနေ့က လျူဝူနဲ့ စကားပြောဖြစ်လို့လေ။ အစကတော့ သူက အရူးတစ်ယောက်လိုပဲ ထင်တာ။ ဒါပေမဲ့ စကားပြောကြည့်တော့မှ သူတို့ရဲ့ အမြင်တွေ၊ ပြောဆိုပုံတွေက ငါတို့နဲ့ လုံးဝကွာတာ။ ငါ ဘယ်တော့မှ လိုက်နိုင်မှာ မဟုတ်ဘူး။ ဟူဖန်နဲ့ ပတ်သက်ရင်တောင် သူ လာရပ်လိုက်တာနဲ့ ငါက ရှုံးနေပြီ"

"မဟုတ်ပါဘူး။ သူလည်း ရှုံးတာပဲ။ မင်းတို့ နှစ်ယောက်လုံး ရှုံးတာ ဘာမှမထူးဘူး"

ဆန်ပင်းက သူ့ကို ကြည့်လိုက်၏။

"မင်းက လူကို တကယ်နှစ်သိမ့်တတ်ရဲ့လား"

"ငါ တစ်ခုမေးမယ်" ချန်ကျန့် ခေတ္တစဉ်းစားပြီးမှ…

"ရှန်ယွီကို မင်း ဘယ်လိုမြင်လဲ"

"သူကတော့ တကယ့်လူတော်ပဲလေ။ ရုပ်ရော၊ စရိုက်ရော၊ အစွမ်းအစရော ပြည့်စုံတာ"

"သူက အခု ဒီမှာ ရှိနေတာပဲ မဟုတ်လား။ ရှေ့လျှောက် ဒီမြို့က ပိုတိုးတက်လာတော့မှာ။ တာ့ယွင် တည်းခိုခန်းကလည်း ပိုပြီး စနစ်ကျလာလိမ့်မယ်။ ဒါက မင်းအတွက် အခွင့်အရေးပဲ။ ဒီမှာ အတွေ့အကြုံယူပြီးရင် အပြင်မှာ အလုပ်ကောင်းကောင်း ရှာလို့ရတာပဲ"

"ဒီမှာ အကုန်တတ်အောင် သင်ပြီးမှ ထွက်ပြေးရမှာလား"

"မင်းပဲ ဒီမှာ မနေချင်ဘူး ဆို…မင်းသာ တကယ်တော်လာရင် ဘာလို့ ထွက်မသွားချင်တော့မှာလဲ"

ချန်ကျန့်ရဲ့ စကားတွေကြောင့် ဆန်ပင်း တွေဝေသွားသည်။ ချန်ကျန့်ကတော့ ပြုံးရင်း မတ်တတ်ရပ်လိုက်၏။

"ကြိုးစားစမ်းပါ ချန်ကျားလီရာ"

သူပြောတဲ့ စကားတွေက ရှန်ယွီ့ဆီကနေ ကြားဖူးနားဝ ရှိတာတွေပါ။ ဒါပေမဲ့ ဒါကို ကိုယ်တိုင် ပြန်ပြောဖြစ်တော့မှ သူ့စိတ်ထဲမှာ ပိုပြီး ရှင်းလင်းသွားသလို ခံစားရသည်။

ချန်ကျန့်သည် ထမင်းစားခန်းဘက်သို့ သွားမည်အပြုတွင် မနေ့က လူငယ်လေးယောက်မှာ ကင်မရာပစ္စည်းများဖြင့် အောက်ထပ်သို့ ဆင်းလာကြသည်။ ယခုတစ်ကြိမ်တွင် မိန်းကလေးနှစ်ဦးက ရိုက်ကူးရေးလုပ်နေပြီး မနေ့က စာရင်းသွင်းခဲ့သည့် မိန်းကလေးနှင့် လူငယ်လေးမှာ ရှေ့မှ လမ်းလျှောက်လာကြသည်။

လှေကားပေါ်မှ ဆင်းလာသည့် မြင်ကွင်းကို သူတို့ သုံးကြိမ်တိုင်တိုင် ပြန်ရိုက်နေကြသဖြင့် ချန်ကျန့်မှာ သူတို့ အလုပ်ပြီးသည်အထိ ဘေးမှ ငြိမ်၍ စောင့်နေလိုက်ရ၏။

"မန်နေဂျာ"

ထိုမိန်းကလေးက ချန်ကျန့်ကို နှုတ်ဆက်သည်။

"မင်္ဂလာနံနက်ခင်းပါ"

"မန်နေဂျာ... ကျွန်မတို့ အခု ရေတံခွန်ဘက်ကို တောင်တက်မယ်ဆိုရင် ဘယ်လောက်ကြာမလဲဟင်"

"တက်မယ့် လမ်းကြောင်းပေါ် မူတည်ပါတယ်ဗျ"

"ရှိသမျှ လမ်းကြောင်းတွေအကုန် ပြောပြပေးလို့ ရမလား"

ချန်ကျန့်သည် ဧည့်ကြိုကောင်တာသို့ သွားကာ စာရွက်တစ်ရွက်ပေါ်တွင် လမ်းကြောင်းပြမြေပုံအကြမ်းတစ်ခုကို ဆွဲပေးလိုက်သည်။ တောင်ပေါ်တက်သည့် လမ်းနှစ်ကြောင်းနှင့် လမ်းတစ်လျှောက်ရှိ လည်ပတ်စရာနေရာများကို သေချာမှတ်သားပေး၏။ သူ၏ ပန်းချီလက်ရာက ကြည့်မကောင်းလှသလို လက်ရေးကလည်း မလှပသော်လည်း အချက်အလက်များကမူ အလွန်ပင် စုံလင်လှသည်။

"ဒါက စူပါမားကတ်မှာ ဝယ်လာတဲ့ မြေပုံထက်တောင် ပိုစုံသေးတယ်"

"အဲ့ဒီ ခရီးသွားမြေပုံက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဟာလေ။ အခု နောက်ထပ် တိုးချဲ့ထားတာတွေ ရှိနေပြီ။ ဒါကိုပဲ လမ်းညွှန်အဖြစ် သုံးကြည့်ပါ"

"ကျေးဇူးတင်ပါတယ်ရှင်"

"ရပါတယ်ဗျ"

ထိုအချိန်တွင် မိန်းကလေးက ကင်မရာဘက်ကို ရုတ်တရက် လက်ညှိုးထိုးပြရင်း

"မန်နေဂျာ... ကင်မရာကို ကြည့်ပြီး တစ်ချက်လောက် ပြုံးပြပေးလို့ ရမလားဟင်"

"ဗျာ" ချန်ကျန့် အံ့အားသင့်သွားရသည်။

ငါ ပြုံးမနေဘူးလား။ ငါက တစ်ချိန်လုံး မျက်နှာသေကြီးနဲ့ ဧည့်ခံနေမိတာလား။

"ဆောရီးနော်"

ချန်ကျန့် ကင်မရာကိုကြည့်ပြီး ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင်။"

ထိုမိန်းကလေးက ပြုံးလျက် သူ့ကို လက်ပြနှုတ်ဆက်ကာ စာရွက်ကို သိမ်းဆည်းပြီး အဖွဲ့လိုက် အပြင်သို့ ထွက်သွားကြသည်။ သူတို့ ခြံဝင်းတံခါးကနေ ထွက်သွားသည့် ပုံစံကိုလည်း အကြိမ်ကြိမ် ပြန်ရိုက်နေကြသည်။ နောက်ပိုင်း ဗီဒီယိုတည်းဖြတ်တဲ့အခါ တံခါးဝကနေ လမ်းပေါ်ကို တန်းရောက်သွားတဲ့ပုံစံမျိုး Jump cut လုပ်ဖို့ ဖြစ်ဟန်တူသည်။ ဗီဒီယိုတစ်ခု ရိုက်ရတာ ဒီလောက်တောင် အလုပ်ရှုပ်သလားဟု ချန်ကျန့် တွေးမိသည်။

"ရှင့်မျက်နှာကို တာ့ယွင် ရဲ့ ဆိုင်းဘုတ်ပေါ်မှာတင် ပုံနှိပ်ထားသင့်တယ်"

ဆွန်နာနာက ကောင်တာကို မှီရင်း အနားရောက်လာကာ ပြောသည်။

"ခုနက ငါပြုံးမပြမိဘူးလား"

"နောက်မှ ပြုံးတာလေ"

"အဲ့ဒီမတိုင်ခင်ကကော။"

"အဲ့ဒါကတော့ မင်းရဲ့ ပုံမှန်မျက်နှာပေါ့" နာနာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး…

"မင်းကိုယ်မင်း အမြဲတမ်း ပြုံးဖြီးနေတဲ့ ကောင်လေးလို့ ထင်နေတာလား။"

"ငါက အဲ့ဒီလောက်ထိတော့ မဟုတ်ပါဘူး"

ဆွန်နာနာကတော့ တဟားဟား ရယ်တော့သည်။

ချန်ကျန့် မနက်စာစားပြီးနောက် ကော်ဖီဆိုင်ခန်းထဲမှာ ထိုင်ကာ ဖုန်းထဲက မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်။ ပြီးနောက် 'မြို့ငယ်လေးရဲ့ ခရီးသွားမြေပုံကို အသစ်ပြင်ဆင်ရန် လိုအပ်သည်' ဟု မှတ်ချက်တစ်ခု ရေးလိုက်၏။

ဒီအချက်တွေက အသုံးဝင်မဝင် သူ မသေချာသော်လည်း သူ့မှတ်စုထဲမှာ တာ့ယွင် အတွက်ရော၊ မြို့လေးအတွက်ပါ လိုအပ်ချက်တွေကို တစ်ခုချင်းစီ မှတ်ထားမိသည်။ လည်ပတ်စရာနေရာတွေမှာ ဆိုင်းဘုတ် အပြည့်အစုံ မရှိတာမျိုးတွေအထိပေါ့။

သူ ထိုမှတ်စုလေးတွေကို ရှန်ယွီဆီ ပို့လိုက်သည်။

ချန်ယွီလော့ယန် : ဒါတွေက အသုံးဝင်မလားတော့ မသိဘူး။

ရှန်ယွီ : အသုံးဝင်တယ်။မင်း စာအုပ်တွေ ဖတ်စရာ မလိုတော့ဘူးလို့ ဥက္ကဋ္ဌလျူကို ငါ သွားပြောလိုက်တော့မယ်။

ချန်ယွီလော့ယန် : ။ မင်း ကတော့ ကျွန်တော့်ကို သေတွင်းထဲ ပို့နေတာပဲ။

ရှန်ယွီက ဥက္ကဋ္ဌလျူတို့အဖွဲ့နဲ့အတူ အောက်ထပ်ကို ဆင်းလာသည်။ ဥက္ကဋ္ဌလျူနဲ့ သူမ၏ ယောင်းမဖြစ်သူတို့က တက်ကြွစွာ စကားပြောနေကြပြီး ရှန်ယွီကတော့ သူ့ဝမ်းကွဲညီလေးကို ပုခုံးဖက်ကာ အနောက်ဆုံးက လိုက်လာ၏။ ဥက္ကဋ္ဌလျူကို သွားပြီး ကြွားလုံးထုတ်ဖို့ အခွင့်အရေး မရသေးပုံပင်။

"ငါ သူတို့နဲ့အတူ သွားလည်လိုက်ဦးမယ်။ အရင်ဆုံး ပါးကို ငါးမျှားဖို့ ပို့ပေးမယ်။ ပြီးမှ ဖောင်စီးတဲ့ဘက်ကနေ တောင်ပေါ်တက်ကြမှာ။"

"ပရော်ဖက်ဆာရှန်က ငါးသွားမျှားဦးမလို့လား။ သူ့မှာ ငါးစာတောင် မရှိသေးဘူးလေ။"

"မင်း ရလာတဲ့အခါ သူ့ဆီ သွားပို့ပေးလိုက်လေ" ရှန်ယွီက ပြုံးလျက် ဆိုသည်။

"ကျွန်တော်ကော လိုက်ခဲ့ရဦးမလား" ချန်ကျန့်က မေး၏။

"အင်း... ငါတို့ မွန်းတည့်ရင် ပြန်လာမှာပါ။ သူတို့က သိပ်ပြီး သွက်သွက်လက်လက် မရှိတော့ ဝေးဝေးလံလံ လမ်းမလျှောက်နိုင်ဘူး၊ ပြီးရင် လျန်ယဲ့ မှာ မနက်စာ သွားစားကြဦးမှာ။"

"ဘော့်စ်ရှန် ဒီနေ့တော့ တော်တော် အလုပ်ရှုပ်နေတာပဲ"

"ဒါဆိုရင်တော့ ငါ နေ့လယ်စာ သွားမစားတော့ဘူး။မင်းပဲ တာ့ယွင် ကို ကိုယ်စားပြုပြီး..."

"ဒါက ဘော့စ်တစ်ယောက်ရဲ့ တာဝန်ပဲလေ"

ချန်ကျန့်က စကားကို ဖြတ်ပြောလိုက်သည်။

"ငါ့ကို လွမ်းနေမှာလား"

ရှန်ယွီက ရုတ်တရက် ချန်ကျန့်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်မေးသည်။

ဥက္ကဋ္ဌလျူတို့အဖွဲ့က သူတို့နှင့် မျက်နှာချင်းဆိုင်မှာတင် ရှိနေခြင်းဖြစ်သည်။ ရှန်ယွီ၏ အပြုအမူကြောင့် ချန်ကျန့်မှာ ရုတ်တရက် လက်ပါချင်စိတ် ပေါက်သွားသော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ရသည်။

ဘာပဲပြောပြော ရှန်ယွီကတော့ သရုပ်ဆောင်ကောင်းသူပီပီ ယခုကဲ့သို့ နားနားကပ်ပြောနေသည်မှာ ဘော့စ်တစ်ယောက်က သူ့မန်နေဂျာကို အလုပ်ကိစ္စတွေ အသံနှိမ့်ပြီး မှာကြားနေသည့်ပုံစံနှင့် တကယ့်ကို တူလှသည်။ ပြောနေသည့် အကြောင်းအရာကသာ အလုပ်နှင့် လားလားမှ မဆိုင်ပေမဲ့လို့ပေ့ါ။

"လွမ်းမှာပေါ့"

ချန်ကျန့်ကလည်း တည်ငြိမ်သောမျက်နှာထားဖြင့် ခေါင်းကို အလေးအနက် ညိတ်ပြလိုက်သည်။ ဘော့စ်ဆီက အလုပ်ညွှန်ကြားချက်ကို သေချာနာယူနေသည့် မန်နေဂျာတစ်ယောက်၏ ပုံစံ အပြည့်။

"ငါ တံခါးဝကနေ ထွက်သွားတာနဲ့ မင်းကို စလွမ်းနေတော့မှာ"

ရှန်ယွီက ကိုယ်ကို အနည်းငယ် ပြန်မတ်လိုက်ရင်း ဆို၏။

"ကျွန်တော်ကတော့ မင်းကို စလွမ်းဖို့အတွက် အချိန်နည်းနည်းလောက် အရင်ယူပြီး စိတ်ပြန်စုစည်းရဦးမယ် ထင်တယ်"

ချန်ကျန့်က ပြောပြီး ပြန်ကြည့်လိုက်သည်။ ရှန်ယွီက ပြုံးလျက် ကိုယ်ကိုမတ်လိုက်ပြီး ကော်ဖီဆိုင်ခန်းထဲမှ လှည့်ထွက်သွားတော့သည်။ ချန်ကျန့်ကတော့ အနောက်ကနေ လိုက်ပါပို့ဆောင်ပေးရင်း ခြံထဲကနေ ကားနှစ်စီး မောင်းထွက်သွားသည်အထိ တံခါးဝမှာ ရပ်ကြည့်နေမိသည်။

မနေ့ညက သူ ညဂျူတီကျခဲ့သဖြင့် ဒီနေ့မနက်ပိုင်းမှာတော့ အနားယူရမည်ဖြစ်သည်။ ဆိုင်ထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီး သူ့အဖေနှင့် ခေတ္တစကားပြောပြီးနောက် ဆိုင်ကယ်ကို စီးကာ ရွာဘက်သို့ ပြန်လာခဲ့သည်။ သူသည် ရှောင်သိုအာ၏ အဘိုးဆီသို့ သွားကာ အမြဲသုံးနေကျ ငါးစာအချို့ကို သွားယူပေးရမည်လေ။

တကယ်တော့ အဲ့ဒီငါးစာဆိုတာက အရက်ထဲစိမ်ထားတဲ့ ပြောင်းဖူးစေ့တွေကို အမှုန့်တစ်မျိုးနဲ့ ရောနယ်ထားတာပါ။ အနံ့ကတော့ သိပ်မကောင်းလှပေမဲ့ ငါးစာကျွေးတဲ့ဆရာကြီး ပရော်ဖက်ဆာရှန်အတွက်တော့ ဒါဟာ နတ်ဘုရားပေးတဲ့လက်ဆောင်မွန်တစ်ခုပမာ။

"ဒီငါးစာရဲ့အနံ့ကိုကြည့်ရုံနဲ့တင် ဒါဟာ ပညာရှင်တစ်ယောက် နယ်ထားတာဆိုတာ သိသာတယ် ။ ဒီနေ့တော့ ငါးတစ်ကောင်တော့ အပိုင်ရတော့မှာပဲ။"

"ဟုတ်ကဲ့ပါ" ချန်ကျန့်က ခေါင်းညိတ်ရင်း…

"တကယ်လို့ ငါးမိပြီဆိုရင်တော့ မနက်ဖြန်ကျ တောင်ပေါ်မှာ သွားလည်လို့ရပြီပေါ့။"

"ငါးမိသွားရင်တောင် ငါဆက်ပြီး မျှားနေဦးမှာပါ။ ဒီပတ်ဝန်းကျင်နဲ့ အနေအထားကို ငါတော်တော်လေး သဘောကျတယ်။ ဒီလိုမြစ်မျိုး၊ ဒီလိုရှုခင်းမျိုးကို တွေ့ရဖို့က ခဲယဉ်းတယ်လေ။"

ပရော်ဖက်ဆာရှန်ကတော့ သူပြောတဲ့အတိုင်းပါပဲ။ ငါးတစ်ကောင်မှ မမိခဲ့သော်လည်း မြစ်ကွေ့လေးမှာ သုံးရက်တိုင်တိုင် ဇွဲကောင်းကောင်းနဲ့ ထိုင်မျှားနေခဲ့သည်။ ဒီငါးဖမ်းခရီးစဉ်မှာ တစ်ခုတည်းသော အကျိုးအမြတ်ရသူကတော့ ရှောင်သိုအာရဲ့အဘိုးပါပဲ။ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က သူ့ငါးတွေကို သုံးရက်တိုင်တိုင် အလကားအစာကျွေးပေးခဲ့သည်လေ။

အဲ့ဒီသုံးရက်အတွင်းမှာပဲ ဥက္ကဋ္ဌလျူတို့အဖွဲ့ကတော့ အပြင်မှာပဲ အမြဲသွားလည်နေခဲ့ကြသည်။ လျူဝူတို့မိသားစုကတော့ တက်ကြွလန်းဆန်းသည့် သုံးယောက်အဖွဲ့မိသားစုလေးပေါ့။ ဥက္ကဋ္ဌလျူကတော့ ချန်ကျန့်မျက်လုံးထဲမှာ အမြဲတမ်း 'စစ်ဆေးရေး' လာဆင်းနေသလိုပါပဲ။ သူပြန်လာတိုင်း ရှန်ယွီနဲ့ အချိန်အတော်ကြာအောင် စကားပြောလေ့ရှိသည်။

ဒါပေမဲ့ ဒါဟာ စစ်ဆေးရေးသက်သက်တော့ မဟုတ်တာ သေချာပါသည်။ ဘာပဲပြောပြော ဥက္ကဋ္ဌလျူဟာ သူ့သားနဲ့အတူ ခရီးထွက်ဖို့ ဘေးချင်းယှဉ်ထိုင်ပြီး စကားစမြည်ပြောဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည် မဟုတ်လား။

သူတို့ပြန်သွားမယ့်နေ့မှာတောင် ကားပေါ်မတက်ခင်အထိ ရှန်ယွီနဲ့ အကြာကြီး စကားရပ်ပြောနေခဲ့သေးသည်။ ဒါဟာ ချန်ကျန့်အတွက်တော့ တစ်ခါမှမကြုံဖူးတဲ့၊ အလုပ်တွေရှုပ်ပြီး ပြည့်စုံလွန်းတဲ့ နှစ်သစ်ကူးကာလတစ်ခု ဖြစ်ခဲ့ပါသည်။ အချိန်ကာလက နည်းနည်းလေး တိုတောင်းခဲ့ပေမဲ့ပေါ့။

ဥက္ကဋ္ဌလျူတို့အဖွဲ့ ပြန်သွားပြီးတာနဲ့ ချန်ကျန့်ရဲ့အဖေလည်း မြို့ပေါ်ကို ပြန်သွားခဲ့သည်။ အစ်မကျောက်နဲ့ အစ်မဟွမ်တို့လည်း ပြန်ရောက်လာကြပြီး နှစ်သစ်ကူးအတွက် လာကြသည့် ဧည့်သည်တွေလည်း တဖြည်းဖြည်းနဲ့ နည်းပါးသွားကြပြီ။ မြို့ငယ်လေးဟာ ပွဲလမ်းသဘင်ပြီးစအချိန်မှာသာ ခံစားရတတ်သည့် တိတ်ဆိတ်ငြိမ်သက်မှု၊ အနည်းငယ်သော အထီးကျန်မှုတွေနဲ့အတူ နှစ်သစ်ကူးကာလကို နှုတ်ဆက်လိုက်ပါတော့သည်။

_____________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...