အပိုင်း (၁၀၅)
ချန်ကျန့်သည် မြို့သားလေး၏နောက်မှ ဓာတ်လှေကားဆီသို့ လိုက်သွားလေသည်။ "မန်နေဂျာချန်" ဟု လောင်ဝူက ဆိုသည်။ သူသည် လက်တစ်ဖက်က ဖုန်စုပ်စက်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ခါးထောက်လျက် လှေကားထိပ်မှနေ၍ ချန်ကျန့်ကို လှမ်းကြည့်နေ၏။
"မင်းနဲ့ စကားပြောစရာ ရှိတယ်"
ရှန်ယွီက ဓာတ်လှေကားခလုတ်ကို နှိပ်ရင်း လောင်ဝူကို တစ်ချက်လှမ်းကြည့်သည်။
"နေလယ်စာစားပြီးမှပေါ့" လောင်ဝူက ထပ်လောင်းပြောလိုက်၏။
ရှန်ယွီက ဓာတ်လှေကားထဲသို့ ဝင်သွားသည်။
"အင်း"
ချန်ကျန့် ပြောပြီးပြီးချင်း ဓာတ်လှေကားထဲသို့ လိုက်ဝင်ခဲ့သည်။
သူက အထပ်ခလုတ်ကို နှိပ်ရန် ပြင်လိုက်စဉ် ရှန်ယွီက ရုတ်တရက် တားလိုက်၏။
"ပထမထပ်မှာ သကြားမပါတဲ့ ကိုကာကိုလာရှိလား"
"ရှိတယ်" ချန်ကျန့်က တံခါးဖွင့်ခလုတ် ကို ဖိထားလိုက်ရင်း
"ကျွန်တော် သွားယူပေးရမလား"
ရှန်ယွီက ခေါင်းညိတ်ပြ၏။
"ဒီမှာ ခဏစောင့်နော်" ဟု ချန်ကျန့်က ဆိုကာ ဓာတ်လှေကားထဲမှ ပြန်ထွက်ခဲ့သည်။ လောင်ဝူကတော့ လက်တစ်ဖက်က ဖုန်စုပ်စက်ကိုကိုင်၊ တစ်ဖက်က ခါးထောက်လျက် ထိုနေရာတွင်ပင် ရှိနေဆဲ။
"မင်းက တံခါးစောင့်နတ်မင်းကြီးလား။ ဘာလို့ ခြံရှေ့တံခါးဝမှာ သွားမရပ်တာလဲ"
"ငါ ခဏနားနေတာကွ" ဟု လောင်ဝူက ပြန်ပြောသည်။
ဘားကောင်တာတွင် ကိုကာကိုလာ ကုန်နေသဖြင့် ချန်ကျန့်သည် ကော်ဖီဆိုင်ထဲရှိ ရေခဲသေတ္တာဆီသို့ သွားယူရသည်။ ဧည့်ကြိုကောင်တာကို ဖြတ်သွားချိန်တွင် ဘီစကစ်မုန့် အထုပ်ကလေး အချို့ကိုပါ သူ ဆွဲယူလာခဲ့၏။
သူ ဓာတ်လှေကားဆီ ပြန်ရောက်သည့်အခါ ဓာတ်လှေကားတံခါးမှာ ပိတ်သွားပြီဖြစ်ကာ တတိယထပ်သို့ တက်သွားလေပြီ။ ချန်ကျန့်သည် လောင်ဝူကို တစ်ချက်ကြည့်လိုက်ရာ လောင်ဝူက ခါးထောက်မြဲအတိုင်း ရှိနေဆဲပင်။
"တတိယထပ်က ဧည့်သည်က ခေါ်လိုက်တာလေ"
လောင်ဝူက ပြောရင်း တဝက်လောက်မှာတင် ရယ်ချလိုက်သည်။
"သူ (ရှန်ယွီ) က တံခါးဖွင့်ခလုတ်ကို ဖိထားရမှန်းတောင် မသိဘူး"
"ဧည့်သည်တွေကို ဓာတ်လှေကား ပေးမသုံးရတော့ဘူးလား"
ချန်ကျန့်က ဂဏန်းတွေကို ကြည့်လိုက်သည်။ ဓာတ်လှေကားက အောက်ကို ပြန်ဆင်းလာနေပြီ ဖြစ်သည်။ လောင်ဝူက လျှာတစ်ချက်သပ်လိုက်၏။
"ဝန်ဆောင်မှုပေးရမယ်ဆိုတဲ့ အသိစိတ်ကတော့ လုံးဝကို မရှိတာပဲ" ဟု ချန်ကျန့်က ဆိုသည်။
"နှစ်သစ်ကူးပြီးရင် သင်တန်းတွေ ရှိမှာလား။ စနစ်တကျ သင်တန်းပေးမယ်လို့ ဆန်းပင်း ပြောသံကြားလို့"
"အင်း" ချန်ကျန့်က ခေါင်းညိတ်ပြသည်။
"သင်တန်းကျတဲ့သူတွေကို အလုပ်ဖြုတ်မှာလား" လောင်ဝူက ထပ်မေးပြန်သည်။
ချန်ကျန့်က သူ့ကို လှည့်ကြည့်လိုက်ပြီး
"ဘယ်သူက ကျမှာလဲ။ မင်းတို့က သင်တန်းမတက်ရသေးခင်ကတည်းက အကောင်းဆုံး လုပ်နေကြတာပဲဥစ္စာ။ သင်တန်းတက်ပြီးရင်တော့ ပိုတောင် တော်သွားဦးမှာပေါ့"
လောင်ဝူက သူ့ကို လက်ညှိုးထိုးရင်း ဆို၏။
"မင်းကတော့စကားပြောတတ်လိုက်တာ။ တစ်ခါတလေကျတော့လည်း ခင်စရာသိပ်မကောင်းပေမဲ့ပေါ့"
ချန်ကျန့်ကတော့ ဘာမှပြန်မပြောတော့ပေ။
လောင်ဝူ ပြောသွားသည့် "ခင်စရာ သိပ်မကောင်းဘူး" ဆိုသည့် စကားမှာ သူ အလုပ်သမားတွေ၏ လစာကို တင်းတင်းကျပ်ကျပ် ကိုင်ထားခြင်းကို ရည်ညွှန်းလေသလားဟု ချန်ကျန့် တွေးနေမိသည်။
ဓာတ်လှေကား ပထမထပ်သို့ ပြန်ရောက်လာသည်။ တံခါးပွင့်သွားသောအခါ ဧည့်သည်အချို့ ထွက်လာကြ၏။ ရှန်ယွီကတော့ ဓာတ်လှေကား၏ ထောင့်တစ်နေရာတွင် မှီရပ်နေဆဲပင်။
"ဘာလို့ သူတို့နဲ့အတူ အောက်ကို ပြန်ဆင်းလာတာလဲ"
ချန်ကျန့်က ဓာတ်လှေကားထဲသို့ ဝင်ကာ စတုတ္ထထပ်ခလုတ်ကို နှိပ်ရင်း မေးလိုက်သည်။
"မင်း ငါ့ကို ရှာမတွေ့မှာ စိုးလို့လေ"
"နောက်နေတာပဲ" ချန်ကျန့်က ကိုကာကိုလာပုလင်းကို ကမ်းပေးလိုက်ရင်း
"မင်း ကို ကျွန်တော်က ဘယ်လိုလုပ် ရှာမတွေ့ဘဲ နေမှာလဲ။ တာ့ယွင် ထဲမှာတင် မကဘူး၊ တစ်မြို့လုံးမှာတောင် မင်း ရှိမယ့်နေရာက ရုံးခန်း ဒါမှမဟုတ်ရင် အားကစားရုံပဲ ရှိတာကို။"
ရှန်ယွီ တစ်ချက်မျှ ငြိမ်သွားပြီးမှ ရယ်မောလိုက်တော့သည်။
"မင်းက တခြား ဘယ်သွားစရာ ရှိလို့လဲ"
"လုကျွင်းနဲ့အတူ ကွင်းဆင်းစစ်ဆေးရေး လိုက်သွားလို့ ရတာပဲလေ" ရှန်ယွီက ဆိုသည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ကျန့်၏ မျက်ခုံးများမှာ ချက်ချင်းပင် ပင့်တက်သွားပြီး သူ့ကို စိုက်ကြည့်မိတော့သည်။
"ဒီကိစ္စကြောင့်မှန်း ငါသိသားပဲ"
ရှန်ယွီက ချန်ကျန့်၏ မေးစေ့ကို လက်ဖြင့်ညှစ်ကာ အသာအယာ လှုပ်ရမ်းလိုက်ရင်း ပြောသည်။ ဓာတ်လှေကားတံခါး ပွင့်သွားသောအခါ သူ အပြင်သို့ လှမ်းထွက်လိုက်၏။
"ကလေးလေးကျနေတာပဲ။"
"မင်းဘာသာ ပြောတာနော်၊ ကျွန်တော်ပြောတာ မဟုတ်ဘူး"
ချန်ကျန့်က နောက်မှ လိုက်ထွက်လာသည်။ ရှန်ယွီသည် ရုံးခန်းထဲသို့ ဝင်သွားပြီး ဖန်ခွက်တစ်ခွက်ကို ယူကာ စားပွဲပေါ်တင်လိုက်၏။ ကိုကာကိုလာကို ငှဲ့ထည့်ပြီး တစ်ငုံသောက်လိုက်သည်။
"ဒီကိစ္စကြောင့် စိတ်ဆိုးနေတာလား"
ချန်ကျန့်က ဘာမှပြန်မပြောပေ။ သူသည် ရှန်ယွီ့အနားသို့ သွားကာ ကိုကာကိုလာပုလင်းကို ကောက်ယူ၍ တစ်ငုံသောက်လိုက်၏။
ဟုတ်ပါသည်။ ထိုကိစ္စကြောင့်ပင်။ သို့သော် သူ တကယ်ပဲ ဝန်မခံရဲပါ။ အဘယ်ကြောင့်ဆိုသော် ထိုခံစားချက်မှာ အကျိုးအကြောင်းမဲ့လွန်းပြီး လုံးဝ အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်သည်။
"မင်း စကားထဲ ဝင်ပြောလို့မရလို့ အားငယ်သွားတာလား"
ရှန်ယွီက သူ့ကို ကြည့်ကာ မေးသည်။
"အဲ့ဒါကြောင့်လား။"
"အဆင့်မြင့်တဲ့ စကားဝိုင်းတွေမှာ ကျွန်တော့်လိုလူက ဝင်ပြောလို့မရတာက ပုံမှန်ပါပဲ" ဟု ချန်ကျန့်က ခပ်အေးအေးပင် ပြန်ပြောလိုက်ပါတော့သည်။
ဝန်ခံရခက်သော်လည်း စကားစပေါ်လာသည့်အခါတွင်မူ ချန်ကျန့်တစ်ယောက် တစ်စက္ကန့်လေးတောင် ဆက်ပြီးအောင့်မထားနိုင်တော့ပါ။
ရှန်ယွီက ပြုံးလိုက်ပြီး
"ဒါက…သဝန်တိုတာလား”
"ဖြစ်နိုင်တာပဲ၊တကယ်လို့ ကျွန်တော်တို့နှစ်ယောက်တည်း သွားခဲ့မယ်ဆိုရင် မင်းအခုလောက် အားတက်သရော စကားပြောနိုင်မှာ မဟုတ်ဘူး..."
"မင်းရဲ့ 'အားတက်သရော' ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ"
ရှန်ယွီက မေးသည်။
"မင်းတို့နှစ်ယောက် စကားမပြတ်ဘူးလေ"
ချန်ကျန့်က စိုက်ကြည့်ရင်း ပြန်ဖြေ၏။
"သူက စီမံကိန်းကို ကွင်းဆင်းစစ်ဆေးဖို့ လာတာလေ။ အလုပ်ရူးတစ်ယောက်က လိုအပ်တဲ့ အချက်အလက်တွေကို အတိုဆုံးအချိန်အတွင်းမှာ ရအောင်ယူရတာပဲ။ ငါလုပ်ခဲ့တာက သူလိုအပ်တဲ့ အချက်အလက်တွေ မြန်မြန်ရအောင် ပူးပေါင်းကူညီပေးခဲ့တာပဲ ရှိတာပါ။"
ချန်ကျန့် နှုတ်ဆိတ်သွားသည်။ ဒါက ကျိုးကြောင်းဆီလျော်တဲ့ အမှန်တရားဆိုတာ သူသိပါ၏။ သို့သော် မနာလိုစိတ်ဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်မှုကို နားထောင်လေ့မရှိပေ။
"နောက်တစ်ခါ အဲ့ဒီလိုမျိုး ရှိလာရင်တော့" ရှန်ယွီက ဖန်ခွက်ကို ချလိုက်ပြီး ချန်ကျန့်ကို ဖက်ထားလိုက်သည်။
"မင်းပဲ သွားလိုက်တော့။"
"မင်း ဘယ်သူ့ကို စော်ကားနေတာလဲ။ မင်း တို့ ပြောနေတာတွေကိုတောင် ကျွန်တော် နားလည်တာ မဟုတ်ဘူး။"
ရှန်ယွီက ချန်ကျန့်၏ ပုခုံးပေါ် မေးတင်ကာ ရယ်မောတော့သည်။
"ဒါဆိုရင် နောက်တစ်ခါကျ ဆွန်းနာနာ ကိုပဲ လွှတ်လိုက်မယ်။ ဆွန်းနာနာက တက္ကသိုလ်မှာ ဒဿနိကဗေဒနဲ့ ကျောင်းပြီးထားတာလေ။ သူ့ကို လွှတ်ရင် ရလဒ်ပိုကောင်းနိုင်တယ်။"
"သူမက ဒဿနိကဗေဒနဲ့ ကျောင်းပြီးတာလား" ချန်ကျန့်မှာ အလွန်အံ့အားသင့်သွားရသည်။
"မင်းက ဘယ်လိုသိတာလဲ။"
"ဟိုတစ်နေ့က ဖဲကစားရင်း တာ့ယွင်မှာ ဘယ်သူက ပညာအရည်အချင်း အမြင့်ဆုံးလဲလို့ ပြောဖြစ်ကြတာလေ" ရှန်ယွီက ပြုံးလျက် ဆိုသည်။
ဒါဆိုရင်တော့ ဖြစ်နိုင်ခြေရှိသည်။ ဆွန်းနာနာက ချောမောလှပပြီး ယဉ်ကျေးသိမ်မွေ့သည်။ အင်္ဂလိပ်စာလည်း အတော်လေး ကျွမ်းကျင်ပုံရသည်။ သို့သော်လည်း...
"ကျွန်တော် သတိထားမိသွားပြီ" ချန်ကျန့်က မျက်မှောင်ကြုတ်လျက် ရှန်ယွီ၏ ခါးကို ပြန်လည်ဖက်တွယ်လိုက်သည်။
"အခု ကျွန်တော့်ရဲ့ ဒီလိုအပြုအမူက မင်းရဲ့ ပုံမှန်အလုပ်တွေကို ထိခိုက်စေသလို ဖြစ်နေလား။"
"အဲ့ဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ တကယ်လို့ မင်းသာ ရှန်းနန်မှာတုန်းက လုကျွင်းကို ထိုးလိုက်မယ်ဆိုရင်တော့ ထိခိုက်တာပေါ့။"
"ကျွန်တော် အဲ့ဒီလောက်အထိတော့ မလုပ်ပါဘူး။ တကယ်လို့ ကျွန်တော်သာ သူ့ကို ထိုးလိုက်ရင် မင်းရဲ့အလုပ်တင်မကဘူး၊ တစ်မြို့လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်သွားမှာပေါ့။"
"မင်းကတော့ အပြစ်သားကြီး ဖြစ်တော့မှာပဲ ချန်ကျန့်ရာ"
"အဲ့ဒါ ဘယ်သူ့ကြောင့်လဲ!" ချန်ကျန့်က ပြန်အော်သည်။
"ငါ့ကြောင့်ပါ" ရှန်ယွီကချက်ချင်း ဝန်ခံ၏။
"လုကျွင်းကြောင့် မဟုတ်ဘူးလား" ချန်ကျန့်က ထပ်မေးပြန်သည်။
ရှန်ယွီ တစ်ချက် ကြောင်သွားပြီးမှ
"မင်းကတော့ တကယ့်ကို အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ"
ချန်ကျန့်က ပြုံးလိုက်ပြီး ရှန်ယွီကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူ၏ မျက်နှာကို ရှန်ယွီ၏ လည်ပင်းကြားတွင် မြှုပ်နှံထားရင်း မျက်လုံးများကို မှိတ်ထားမိ၏။
ဘာမှမထူးခြားပါ။ စိတ်ကတော့ မကြည်လင်သေး။
ကျိုးကြောင်းဆင်ခြင်မှု အားလုံးကို သိပါလျက်နှင့် ဖြစ်ပေါ်နေသော မပျော်ရွှင်မှုမျိုး။ ကိုယ်က အဓိပ္ပာယ်မရှိဘဲ ဂျီကျနေမှန်း သိပါလျက်နှင့် ဖြစ်ပေါ်နေသော မပျော်ရွှင်မှုမျိုး။ ကိုယ်တိုင်က တကယ့်ကို ကလေးဆန်နေမှန်း ခံစားမိသည့်အတွက် ဖြစ်ပေါ်နေသော မပျော်ရွှင်မှုမျိုး။ ငါ တကယ်ပဲ ကလေးဆန်နေပါလားလို့ ပြန်တွေးမိတဲ့အခါ ဖြစ်ပေါ်လာတဲ့ မပျော်ရွှင်မှုမျိုး...
သူသည် ခေါင်းကို လှည့်လိုက်ပြီး ရှန်ယွီ၏ လည်ပင်းကို ကိုက်လိုက်သည်။
"ဖြည်းဖြည်း!" ရှန်ယွီ အော်ဟစ်တော့သည်။
ချန်ကျန့်က ဘာမှပြန်မပြောဘဲ "ဟွန်း" ဟုသာ အသံပြုလိုက်၏။ သူ၏ ပါးစပ်ကို လည်ပင်းမှာတင် ကပ်ထားဆဲ။ အားပြင်းပြင်းလည်း မကိုက်၊ လွှတ်လည်း မလွှတ်ဘဲ ထိုအတိုင်း ငြိမ်နေသည်။
"မျက်နှာသွားသစ်ဦးမယ်"
ရှန်ယွီက ချန်ကျန့်၏ ကျောကို ပုတ်ရင်း ဆိုသည်။
"ခုနက ရွာထဲမှာ ဖုန်တွေ အလိမ်းလိမ်းနဲ့။ မင်း မမြည်းကြည့်မိဘူးလား"
"အခု ကျွန်တော့်ပါးစပ်ထဲမှာ သဝန်တိုတဲ့ အရသာတွေပဲ ပြည့်နေတာ"
ပြောပြီးမှ ချန်ကျန့် လွှတ်ပေးလိုက်၏။
"ဒါ မင်းဘဝမှာ ပထမဆုံးအကြိမ် သဝန်တိုဖူးတာလား"
ရှန်ယွီက ချန်ကျန့်၏ နှာခေါင်းကို အသာအယာ တောက်လိုက်ပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲ ဝင်သွားသည်။
"အင်း" ချန်ကျန့်က ရှန်ယွီ၏ ကျောပြင်ကို ကြည့်ရင်း
"အဲ့ဒါကြောင့် မင်း အရင်က သဝန်တိုပြနေတာတွေ အားလုံးက အတုတွေမှန်း ကျွန်တော် အခုမှ သိတော့တယ်။"
"မြင်ကွင်းအသစ်ပဲ..." ရှန်ယွီက မျက်နှာတွင် ရေများ စိုရွှဲလျက် လှည့်ကြည့်သည်။
"သဝန်တိုရုံနဲ့ မင်းရဲ့ အတွေးအခေါ်တွေက ဒီလောက်တောင် ပေါက်မြောက်သွားတာလား"
ချန်ကျန့်က စုတ်တစ်ချက်သပ်လိုက်၏။ ရှန်ယွီသည် မေးစေ့မှ ရေများကို သုတ်လိုက်ပြီး အိပ်ခန်းထဲသို့ ဝင်ကာ ဗီရိုကို ဖွင့်လိုက်သည်။ အပေါ်ဝတ် အင်္ကျီတစ်ထည်ကို ထုတ်ယူရင်း ဝတ်ထားသည့် အင်္ကျီကို ချွတ်လိုက်သည်။
"ဘာလုပ်မလို့လဲ" ချန်ကျန့်က လှမ်းကြည့်ကာ မေးသည်။
"အင်္ကျီလဲမလို့လေ၊ဖုန်တွေ ပေနေပြီ"
သိပ်ကို အသန့်ကြိုက်တာပဲ" ချန်ကျန့်က ဆိုသည်။
"မတတ်နိုင်ဘူးလေ။ ငါတို့ မြို့သားတွေက..."
စကားပင် မဆုံးသေးမီမှာပင် ချန်ကျန့်သည် အိပ်ခန်းတံခါးဝမှနေ၍ လေပြင်းတစ်ဝိုက်ကဲ့သို့ ပြေးဝင်လာကာ ရှန်ယွီ၏ခါးကို ဖက်လျက် အရှိန်ဖြင့် ကုတင်ပေါ်သို့ လှဲချလိုက်တော့သည်။
"ဟာ... သွားပြီ" ရှန်ယွီမှာ မမျှော်လင့်ဘဲ အဖိခံလိုက်ရသဖြင့် ကြောင်အမ်းသွားရသည်။
"ငါတို့ နပန်း ကစားနေတာလား"
"အင်း"
ချန်ကျန့်က အင်း လိုက်သော်လည်း ဘာကို ပြန်အင်းလိုက်မှန်း သူကိုယ်တိုင်ပင် မသိပေ။ မည်သို့ပင်ဆိုစေ နောက်တစ်စက္ကန့်တွင် သူသည် မွေ့ရာကို အားပြုကာ ပြန်ထပြီး ဝတ်ထားသောအင်္ကျီကို ခပ်မြန်မြန်ပင် ချွတ်ပစ်လိုက်ပြီးနောက် ရှန်ယွီ့ထံသို့ တစ်ဖန် ပြန်လည်အုပ်မိုးလိုက်ပြန်သည်။
ဤကဲ့သို့ တုံ့ဆိုင်းမှုမရှိဘဲ သွက်လက်လွန်းလှသည့် လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် ချန်ကျန့်သည် လက်ရုံးရည် အတော်အတန်ရှိသော သူတစ်ဦးဖြစ်ကြောင်း သိသာလှ၏။ ချန်ကျန့်၏ ပူနွေးလှသော ထွက်သက်ဝင်သက်များသည် ရှန်ယွီ၏ နားရွက်၊ နှုတ်ခမ်း၊ လည်ပင်းနှင့် ရင်ဘတ်တို့ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။ ထိုအတွေ့အထိများထဲတွင် အသာအယာ ကိုက်ခဲလိုက်သည့် နာကျင်မှုလေးများလည်း ရောယှက်နေခဲ့သည်။
ရှန်ယွီ၏ လက်ဖဝါးက ချန်ကျန့်၏ ကျောပြင်ကို ဖိကပ်ထားရင်း အောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားကာ လက်ချောင်းထိပ်လေးများက အရေပြားပေါ်တွင် လိုက်လံပွတ်သပ်နေမိသည်။ သူ၏လက်က ခါးကိုကျော်လွန်သွားချိန်တွင်မူ ချန်ကျန့်က ရှန်ယွီ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ဘေးသို့ ဖိကပ်ထားလိုက်၏။ ထို့နောက် ချန်ကျန့်က ထထိုင်လိုက်ပြီး ကုတင်ဘေးရှိ စားပွဲတင်အံဆွဲဘက်သို့ ကိုယ်ကိုကိုင်းလိုက်သည်။
"အခုလား" ရှန်ယွီအံ့သြတကြီး မေးသည်။
"ဘာဖြစ်လို့လဲ"
ချန်ကျန့်က အံဆွဲကို ဆွဲဖွင့်ကာ အထဲမှ ပစ္စည်းအချို့ကို ထုတ်ယူ၍ ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။
"ပြက္ခဒိန်ကြည့်ပြီး ရက်ကောင်းရက်မြတ် ရွေးနေရဦးမှာလား"
ရှန်ယွီက ဘာမှမပြောတော့ဘဲ ရယ်မောလိုက်မိသည်။ ချန်ကျန့်က ရှန်ယွီ၏ ခြေကျင်းဝတ်ကို ဆွဲယူကာ သူ့ထံသို့ ဆွဲကပ်လိုက်ပြီးနောက် ဝတ်ထားသည့် ဘောင်းဘီကို ဆွဲချွတ်ပစ်လိုက်၏။ ရန်ငြိုးတစ်ခုခု ရှိနေသည့်အလားပင်။ တကယ်လို့သာ ဤဘောင်းဘီက ထူထဲသော သိုးမွှေးသား မဟုတ်ခဲ့ပါက ထိုအရှိန်နှင့်တင် ပြဲထွက်သွားနိုင်လောက်သည်။
ချန်ကျန့်က တစ်ဖန် ပြန်လည်အုပ်မိုးလာသည့်အခါတွင်မူ သူတို့နှစ်ဦးကြား၌ မည်သည့်အတားအဆီးမျှ မရှိတော့ချေ။ အသားချင်း ထိတွေ့ပွတ်တိုက်မှု တိုင်းက တစ်ပြိုင်နက်တည်း တုန်ခိုက်သွားစေသည့် ခံစားချက်ကို ဆောင်ကြဉ်းပေးနေသည်။ ချန်ကျန့်၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်မှု မရှိသော်လည်း ဗီဇစိတ်အတိုင်း ပြင်းပြလျက် အာရုံခံစားမှု အားလုံးကို တစ်ခုချင်းစီ ရိုက်ခတ်နေသကဲ့သို့…ရံဖန်ရံခါ ခံစားရသော နာကျင်မှု အနည်းငယ်ကပင် ပြင်းထန်သော လှုံ့ဆော်မှုအဖြစ် ရောပါလာခဲ့သည်။
ဝေဝါးလှပသော အလင်းတန်းများက သူတို့နှစ်ဦးကို ဝန်းရံထားသကဲ့သို့ ရှိပြီး၊ ထိုရုန်းရင်းဆန်ခတ်မှုများကြားတွင် ရှန်ယွီသည် ခပ်မြန်မြန်ပင် နစ်မြုပ်သွားတော့သည်...။
အခန်းတွင်းရှိ အလင်းရောင်များ ပုံမှန်အတိုင်း ပြန်ဖြစ်လာသောအခါ ရှန်ယွီသည် မျက်နှာကျက်ရှိ မီးဆိုင်းကို ငေးကြည့်နေမိသည်။ လိုက်ကာစများကြားမှ တိုးဝင်လာသော နေရောင်ခြည်က ယပ်တောင်ပုံသဏ္ဍာန် အလင်းဝိုင်းလေးတစ်ခုကို ဖြစ်ပေါ်စေ၏။
ချန်ကျန့် ထထိုင်လိုက်သည့်အခါ သူ၏တစ်ကိုယ်လုံးမှာ ထိုအလင်းဝိုင်းထဲသို့ ရောက်ရှိသွားသည်။ နှာခေါင်းထိပ်မှ ချွေးစက်လေးများသည် မမှန်သေးသော အသက်ရှူသံများနှင့်အတူ တဖျတ်ဖျတ် တောက်ပနေပြီး မျက်နှာပေါ်ရှိ မွှေးညှင်းနုလေးများမှာ ရွှေရောင်သန်းနေသကဲ့သို့။ ရှန်ယွီက လက်ကိုမြှောက်ကာ ချန်ကျန့်၏ နှုတ်ခမ်းကို အသာအယာ ထိတွေ့လိုက်၏။ ထို့နောက် မျက်လုံးများကို မှိတ်ထားရင်း သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်သည်။
ချန်ကျန့်က ငုံ့ကြည့်ကာ
"ရှန်ယွီ။"
"အင်း" ရှန်ယွီ ပြန်ထူးပေးသည်။
"ဘာမှမဟုတ်ပါဘူး၊ မင်း နာမည်ကို ခေါ်ချင်လို့။"
"ဘယ်နှစ်နာရီ ရှိပြီလဲ" ရှန်ယွီ မေးသည်။
"၁၂ နာရီ ကျော်ပြီ"
"မြန်မြန်သွားပြီး ရေချိုးတော့…နေ့လယ်စာ စားချိန်မှာ ဘော့စ် ပျောက်နေတာက ပုံမှန်ဖြစ်ပေမဲ့ မန်နေဂျာပါ ပျောက်နေတာကတော့ ထူးဆန်းနေလိမ့်မယ်။"
"အတူတူ ရေချိုးရအောင်"
"ငါ အခုလောလောဆယ် မလှုပ်ချင်သေးဘူး"
"ငါ မင်းကို နာအောင် လုပ်မိသွားလို့လား"
ချန်ကျန့်၏ လေသံမှာ စိုးရိမ်စိတ်များ အပြည့်။
"မဟုတ်ပါဘူး" ရှန်ယွီက မျက်လုံးဖွင့်ပြီး သူ့ကို ကြည့်လိုက်သည်။
"အားပြန်ဖြည့်နေတာပါ"
"နာနေလို့လား" ချန်ကျန့်က ထပ်မေးပြန်သည်။
"တောက်... တကယ်ပဲ" ရှန်ယွီက မျက်နှာလွှဲသွား၏။
"တခြားကိစ္စတွေကျတော့ ဒီလောက် တဲ့တိုးမမေးဘဲနဲ့ အခုကျမှ ဘာဖြစ်နေတာလဲ"
"ဒါဆို ဘယ်လိုမေးရမှာလဲ" ချန်ကျန့်က ပြန်မေးသည်။
"မင်း အခုနက အားကုန်သုံးလိုက်လို့ ဦးနှောက်ပါ ထွက်သွားတာလား။ ငါက စိတ်ကို ပြန်အေးအောင် လုပ်နေတာပါဆို"
"ရှန်ယွီ" ချန်ကျန့် တစ်ချက် ကြောင်သွားပြီးမှ မရယ်ဘဲ မနေနိုင်တော့ပေ။
"အခု မင်းပြောတာကမှ တကယ့်ကို တဲ့တိုးကြီး မဟုတ်ဘူးလား"
"မင်းပဲ အတင်းမေးနေတာလေ" ရှန်ယွီက သက်ပြင်းချလိုက်သည်။
ချန်ကျန့်သည် ရှန်ယွီနှင့်အတူ ရေချိုးရသည့် ခံစားချက်ကို အလွန်နှစ်သက်သည်။ ရေနွေးငွေ့များ ဖုံးလွှမ်းနေသည့် သေးငယ်သော နေရာလေးထဲတွင် ရှန်ယွီကို ဖက်ထားရသည်မှာ ပေါင်းအိုးထဲ၌ အတူတူ ပူးကပ်နေသည့် မုန့်နှစ်လုံးကဲ့သို့ပင်။ တကယ့်ကို အေးချမ်းသည့် ခံစားချက်မျိုး ဖြစ်၏။
သို့သော် ယနေ့ ရေချိုးချိန်မှာ ကြာရှည်မခံခဲ့ပါ။ စင်ပေါ်ရှိ ဝေါ်ကီတော်ကီထံမှ တစီစီ အသံများ ထွက်ပေါ်လာပြီးနောက် ကျောက်ဖန်းဖန်း၏ အသံကြီးက ဟိန်းထွက်လာသည်။
"ထမင်းစားရအောင်!"
ကျောက်ဖန်းဖန်းသည် အမြဲတမ်း အသံကျယ်ကျယ် ပြောတတ်သူဖြစ်ရာ ရေချိုးခန်းထဲတွင် သူမ၏ အော်သံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။
"မင်းကို သတ်ပစ်မယ် ချန်ကျန့်!"
ရှန်ယွီမှာ လန့်လွန်းသဖြင့် ကိုယ်က အလိုလိုမတ်လိုက်မိသည်။
"မင်း ရူးနေလား။ ဘာလို့ ဒီဟာကြီးကို ရေချိုးခန်းထဲအထိ ယူလာတာလဲ"
"ကျွန်တော် အသံလျှော့ထားသားပဲ...ကျောက်ကျဲရဲ့ အသံကလည်း သိတဲ့အတိုင်းပဲလေ"
ချန်ကျန့်ကလည်း လန့်သွားသဖြင့် ဝေါ်ကီတော်ကီကို အမြန်လှမ်းယူလိုက်သည်။
"ရေချိုးလို့ မပြီးခင် သူတို့ ထမင်းစားဖို့ လာခေါ်မှာ စိုးလို့ ယူလာတာပါ..."
သူသည် စကားပြောခလုတ်ကို နှိပ်လိုက်ပြီး "လာပြီ" ဟု ပြန်ဖြေလိုက်သည်။
"လာပြီ!"
ဟူဖန်၏ ရွှင်မြူးသော အသံကလည်း ထပ်ချပ်မတ်မတ် ထွက်ပေါ်လာသည်။
ချန်ကျန့် အောက်ထပ်သို့ ဆင်းလာချိန်တွင် ဆံပင်များမှာ လုံးဝပင် မခြောက်သေးပေ။ ဆံပင်အဖျားလေးများကိုသာ အကြမ်းဖျင်း ခြောက်အောင်မှုတ်ပြီး ဦးထုပ်ဆောင်းလာခဲ့ခြင်း ဖြစ်သည်။ ဘော့စ်ကမူ အိပ်ခန်းထဲတွင် အေးအေးလူလူပင် ပြင်ဆင်နေဆဲ။
***
"ရှောင်သိုအာလေး"
ဆွန်းနာနာက နို့တစ်ပုလင်းနှင့် ဖျော်ရည်တစ်ပုလင်းကို မြှောက်ပြလိုက်သည်။
"ဘယ်ဟာ သောက်ချင်လဲ"
ရှောင်သိုအာက စားပွဲမှာ ထိုင်ရင်း လက်ထဲက ပုလင်းနှစ်လုံးကို ကြည့်ကာ အကြာကြီး စဉ်းစားနေသည်။ ပြီးမှ တိုးတိုးလေး ပြော၏။
"နှစ်ခုလုံး သောက်ချင်တယ်"
"အလိုလေး...ဒါဆို နှစ်ခုလုံး သောက်တာပေါ့"
"ဒါပေမဲ့ သမီး အကုန်မသောက်နိုင်ဘူး"
"ဒါဆို အစ်မနဲ့ ခွဲသောက်ကြမယ်လေ၊ တစ်ဝက်စီပေါ့" ဟု ဆွန်းနာနာက ပြော၏။
"ဟုတ်ကဲ့"
"ဘော့စ်ရှန်အတွက် ထမင်းကို သီးသန့်ပဲ ဖယ်ထားပေးရမလား"
ကျောက်ဖန်းဖန်းက ချန်ကျန့်ကို လှမ်းမေးသည်။
"မလိုတော့ဘူး။ သူ ခဏနေရင် ဆင်းလာခဲ့လိမ့်မယ်။ အခုကတော့ သူ... ဖုန်းပြောနေလို့။"
နှစ်သစ်ကူးကာလမှာ ရှန်ယွီက လူစုံတုန်း ပျော်ပျော်ပါးပါးဖြစ်အောင် အောက်ထပ်ဆင်းပြီး အတူတူ ထမင်းစားလေ့ရှိသည်။
"မေးဖို့မေ့နေတာ" ချန်ကျန့်က ဟင်းပန်းကန်ကို စားပွဲပေါ်တင်ရင်း
"ဟယ်လျန့်ကော နောက်ပိုင်း ဘာဖြစ်သွားလဲ။ ဒီနေ့ ဒါရိုက်တာလုက သူ့ကို ဘာမျက်နှာမှမပေးဘဲ ပြောလွှတ်လိုက်တာ။ သူ တော်တော်လေး အရှက်ရသွားတယ် ထင်တယ်"
"သူ့မျက်နှာက အထူကြီးပါကွာ" ချန်အာဟူက ဆိုသည်။
"မင်းတို့ကား ထွက်သွားတာနဲ့ သူ ချက်ချင်း အထဲဝင်လာတာပဲ"
"ဟင်”
"စကားလာပြောတာလေ"
ဆွန်းနာနာက ရှောင်သိုအာလေးအတွက် ဖျော်ရည်ငှဲ့ပေးရင်း ဝင်ပြောသည်။
"အခြေအနေ ဘယ်လိုရှိလဲဆိုတာ စုံစမ်းချင်တာနေမှာပေါ့။ အဓိကကတော့ ဒါရိုက်တာလု ဘာလို့လာမှန်း ငါတို့လည်း မသိတော့ သူ့ကို ပေးစရာ သတင်းအချက်အလက် ဘာမှမရှိဘူး ဖြစ်သွားတာ"
“ကျွန်မကိုလည်း ဖျော်ရည်နည်းနည်းပေးဦး"
ဟူဖန်က သူမဖန်ခွက်ကို ထိုးပေးလိုက်သည်။ ဆွန်းနာနာက သူမကိုပါ ငှဲ့ပေးလိုက်၏။
ချန်အာဟူက စုတ်တစ်ချက်သတ်ရင်း ဝင်ပြောသည်။
"ဒီနေ့ ရှန်ယွီက သူ့ကို အဲ့ဒီလောက် လမ်းဖွင့်ပေးစရာ မလိုပါဘူး။ သူ့ကို မျက်နှာပေးပေမဲ့ သူက အဲ့ဒီမျက်နှာကို မယူဘဲ မြေကြီးပေါ် ပစ်ချထားခဲ့တာ"
"အဲ့ဒါက ငါ့ဖိနပ်အောက်ခြေမှာ ကပ်နေတယ်" ဆန်းပင်းက ရုတ်တရက် ဆို၏။
"ဘာကြီးလဲ"
လောင်စစ်က မေးသည်။ သူက ညနေပိုင်းဂျူတီဖြစ်၍ ဆိုင်သို့ အခုမှ ရောက်လာခြင်း ဖြစ်သည်။
"မျက်နှာလေ" လောင်ဝူက ဝင်ပြောပေးသည်။
"ဘယ်သူ့မျက်နှာလဲ" လောင်စစ်က နားမလည်စွာ ထပ်မေးပြန်၏။
"ဟယ်လျန့်ရဲ့ မျက်နှာပေါ့!" ဆန်းပင်းက စိတ်မရှည်သလို ပြန်ဖြေသည်။
"ဟမ် ဘာလဲ... ရန်ပွဲတွေ ဘာတွေ ဖြစ်ကုန်တာလား"
လောင်စစ်က ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ ဆန်းပင်းက စကားအသုံးအနှုန်း မတတ်သူကို ကြည့်ပြီး ဆွံ့အသွားရသည်။
"ရန်ပွဲက ဘယ်ကဖြစ်မှာလဲ၊ ဟယ်လျန့်လေကွာ... ဘယ်သူက သူ့ကို သွားထိုးမှာလဲ"
"ဒါဆို မင်းက ဘာလို့ သူ့မျက်နှာကို နင်းမိတာလဲ" လောင်စစ်က ပြန်မေးသည်။
သူတို့ စကားပြောနေသည်ကို ခေါင်းလေးစောင်းကာ သေသေချာချာ နားထောင်နေသည့် ရှောင်သိုအာလေးမှာ ရုတ်တရက် တဟားဟား ရယ်မောတော့သည်။ ၎င်းကို မြင်သည့်အခါ လူစုကြီးမှာ အောင့်ထား၍ မရတော့ဘဲ အားလုံး ဝိုင်းရယ်မိကြပါတော့သည်။
"စားကြ၊ စားကြ" ချန်အာဟူက သူ့ထမင်းပန်းကန်ကို မကာ အားပေးလိုက်သည်။
"စားကြစို့။"
"ဒီနေ့ နေ့လယ်ကျရင် ကော်ဖီဆိုင်မှာ ခဏလောက် အစည်းအဝေးလုပ်မယ် ။ ဝန်ဆောင်မှုပိုင်းဖြစ်ဖြစ်၊ အဆောက်အအုံ ပိုင်းဖြစ်ဖြစ် တည်းခိုခန်းမှာ ဘာတွေတိုးတက်အောင် လုပ်သင့်လဲဆိုတာ အားလုံး အကြံပေးကြပါ။ စိတ်ထဲရှိတာ အကုန်ပြောလို့ရတယ်။"
"အခုပဲ ပြောလိုက်ရမလား" လောင်ဝူက မေးသည်။
"မရဘူး" ချန်ကျန့်က ပြတ်ပြတ်သားသားပင် ငြင်းလိုက်၏။
"အေးပါဗျာ" လောင်ဝူက သက်ပြင်းချလိုက်သည်။
"ဘော့စ်ရှန်က အကောင့်တစ်ခု ဖွင့်မယ်လို့ ပြောတယ်။ အဲ့ဒါ တကယ်လား။"
ဆန်းပင်းက မေးသည်။
"ဟုတ်တယ် မင်းတို့မှာ ဘာစိတ်ကူးတွေရှိလဲဆိုတာ ဒီနေ့နေ့လယ် အစည်းအဝေးမှာ တင်ပြလို့ရတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတာ အားလုံးဝိုင်းစဉ်းစားကြတာပေါ့။"
"ဘာအကောင့်လဲ။ ဗီဒီယိုအတိုတွေ ရိုက်မှာလား" လောင်ဝူက စပ်စုသည်။
"တည်းခိုခန်းက ဘာ ဗီဒီယိုအတိုတွေ ရိုက်မှာလဲကွ" ချန်အာဟူက ဝင်ဟန့်သည်။
"အဲ့ဒီကားတွေကို လျှော့ကြည့်စမ်းပါ။"
"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး" ရှန်ယွီ၏အသံက လှေကားထပ်မှ ထွက်ပေါ်လာသည်။
"အကုန်လုံးကို စမ်းကြည့်လို့ရတာပဲ။"
"မဖြစ်နိုင်တာ!"
ချန်ကျန့်က ချက်ချင်း ကန့်ကွက်လိုက်သည်။ တကယ်လို့သာ အဲ့ဒီလိုမျိုးတွေ ရိုက်ဖြစ်မယ်ဆိုရင် ရှန်ယွီကတော့ ရူးရူးပေါက်ပေါက်တွေလုပ်ပြီး သူ့ကို မင်းသားလုပ်ခိုင်းမှာ သေချာနေသည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်၏။ ရှန်ယွီကတော့ ပြုံးစစဖြင့် လျှောက်လာသည်။ ချန်ကျန့်ကတော့ ဤအချက်မှာ ရှန်ယွီက သူ့ကို လက်စားပြန်ချေနေခြင်း ဖြစ်နိုင်သည်ဟုပင် ထင်နေမိသည်။
"အဲ့လိုလည်း မပြောပါနဲ့… ရိုက်ဖို့က မလွယ်ဘူးနော်။" ဟူဖန်က ဝင်ပြောသည်။
"တချို့ ဇာတ်ညွှန်းတွေဆို တကယ့်ကို ကောင်းတာ။ ကြည့်ရင်းနဲ့ ဒေါသထွက်ပေမဲ့ ရပ်လို့မှမရတာ။"
"တကယ်လို့ ရိုက်မယ်ဆိုရင်တော့" ဆန်းပင်းက ခဏစဉ်းစားပြီး
"ငါ တစ်ချက် စမ်းကြည့်လို့ရတယ်။"
"ငါလည်း ပါမယ်လေ" လောင်ဝူကလည်း အားကျမခံ ဆို၏။
"ငါတို့က တာ့ယွင်အကြောင်း ရိုက်မှာလေ" ချန်အာဟူက ဖြတ်ပြောသည်။
"မင်းတို့ရဲ့ ဂိုဏ်းပေါင်းစုံ ရာဇဝင်တွေကို ရိုက်မှာမဟုတ်ဘူး။"
မင်းတို့ရဲ့ ဝက်ခြံပါတီ မှာလည်း လောက ရာဇဝင် တွေ ရှိလို့လား။
ချန်ကျန့်က သူ့ကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
"ဒါဆိုရင်လည်း တာ့ယွင်ရဲ့ ရာဇဝင်တွေကို ရိုက်တာပေါ့။ အညှိုးအတေးတွေ၊ ဇာတ်လမ်းခွဲတွေ အများကြီးနဲ့ပေါ့။ နောက်ဆုံးမှာတော့ အဓိက ဗီလိန်ကြီး က ရှန်ယွီပေါ့။"
ဆန်းပင်း စကားက တကယ်ရယ်ရသည်။
"သွားစမ်းပါ" ရှန်ယွီက ရယ်ကျဲကျဲဖြင့် မောင်းထုတ်လိုက်သည်။
ချန်ကျန့်သည် ရှန်ယွီက သူ့ဘေးနားတွင် ဝင်ထိုင်သည်ကို စောင့်ကြည့်နေမိသည်။
"ဟင်။" ရှန်ယွီကလည်း သူ့ကို ပြန်ကြည့်၏။
"ဘယ်လို... နေသေးလဲ" ချန်ကျန့်က အသံကို အတော်လေး နှိမ့်ကာ မေးလိုက်သည်။
"မင်းက ငါ့ထက်တောင် အရင် သိခဲ့တာ မဟုတ်ဘူးလား" ရှန်ယွီကလည်း တိုးတိုးလေး ပြန်ဖြေသည်။
"တောက်... တကယ်ပဲ"
ချန်ကျန့် တစ်ချက် ကြောင်သွားပြီးမှ မရယ်ဘဲ မနေနိုင်တော့ပေ။ သို့သော် သူသည် ရှန်ယွီ့ကို ဆက်ပြီး ကြည့်နေမိဆဲပင်။ ပြောမပြတတ်သော ခံစားချက်တစ်ခု ရှိနေသည်။ အခု ရှန်ယွီ့ကို ကြည့်ရသည်မှာ အရင်ကထက် ပိုပြီး ထူးထူးခြားခြား ရင်းနှီးနွေးထွေးနေသလို ခံစားရ၏။
သူ့စိတ်ထဲမှာ မနာလို သဝန်တိုစိတ်ဆိုသည်မှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
__________________________________________________________________
TN // နောက်များ သဝန်တိုမဲ့ ကိစ္စတွေ ရှောင်ရှားပါလေ… ဒီလိုကျတော့လည်း ငါတို့ အားလုံး တိတ်တိတ်လေး နေကြရအောင်ပေ့ါ။ ရှန်ယွီ အတွက် သုံးစက္ကန့်လောက် ငြိမ်သက်ပေးပါ။
NEXT
မြေခွေးအိုကြီးက ချစ်တတ်လွန်းပါတယ်ကွာ။
ReplyDeleteမုန်လာထုပ်လေးကဝက်ကိုပြန်စားပြီ 🤭
ReplyDelete