အပိုင်း (၁၀၆)
ထမင်းစားပြီးနောက် ချန်ကျန့်သည် ရှန်ယွီနှင့်အတူ ရုံးခန်းသို့ ပြန်လာခဲ့သည်။ ရေစိုဆံပင်ကြီးနှင့် ထမင်းစားခဲ့ရသဖြင့် အခန်းထဲမှာ အပူပေးစက်ရှိသော်လည်း ပထမထပ်က ဟင်းလင်းပြင်ကျယ်ကြီးဖြစ်နေ၍ ခေါင်းမှာနည်းနည်း အေးစိမ့်စိမ့် ဖြစ်နေဆဲပင်။
သို့သော် ရှန်ယွီက ဆံပင်အခြောက်ခံစက် ထုတ်ပေးသည့်အခါတွင်မူ ဆံပင်များက အတော်လေး ခြောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"မှုတ်ဦးမလား"
ချန်ကျန့်က မှန်ရှေ့မှာရပ်ပြီး ဆံပင်ကို ဟိုဟိုဒီဒီ ပွတ်သပ်ရင်း…
"မလိုတော့ပါဘူး။ခြောက်သွားပြီ။"
"ပုံသွင်းဖို့ နည်းနည်းလောက် မှုတ်လိုက်ပါဦး"
"မှုတ်လိုက်လည်း ဦးထုပ်ဆောင်းလိုက်ရင် ပုံပျက်သွားမှာပဲဥစ္စာ"
"မင်းက အမြဲတမ်း ဆံပင်မခြောက်ဘဲ ဦးထုပ်ဆောင်းတတ်တာလား"
ရှန်ယွီက ချန်ကျန့်၏ ဦးခေါင်းနောက်ဘက်ကို လက်ဖြင့်အသာအုပ်ကာ မှန်ဘက်သို့ တွန်းလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဦး။ ဒါက မင်းပုံမှန် ဦးထုပ်ချွတ်လိုက်ရင် ဖြစ်နေကျ ပုံစံလား။"
"မှုတ်မယ်၊ မှုတ်မယ်၊ မှုတ်ပါ့မယ်..."
ချန်ကျန့်က အခြောက်ခံစက်ကိုယူကာ ခေါင်းကို မှုတ်တော့သည်။ တော်သေးသည်မှာ သူ၏ဆံပင်က အရမ်းပျော့ပြောင်းလွန်းသည်မဟုတ်သဖြင့် ခဏလေးအတွင်းမှာပင် မူလပုံစံအတိုင်း ပြန်ဖြစ်သွား၏။
ရှန်ယွီက စားပွဲကိုမှီကာ ဖုန်းကို ငုံ့ကြည့်နေသည်။
"ဒါရိုက်တာလုဆီ အစီရင်ခံနေတာလား" ချန်ကျန့် လှမ်းမေးလိုက်၏။
ရှန်ယွီက ခေါင်းမော့ကြည့်ကာ ချန်ကျန့်မျက်နှာကို ကြည့်ပြီး တဟားဟား ရယ်တော့သည်။
"မဟုတ်ပါဘူး။"
"အဲ့ဒါက...ဒါက ပုံမှန်မေးတာနော်၊ မနာလိုဖြစ်ပြီး မေးတာမဟုတ်ဘူး!"
ချန်ကျန့်က ကြောင်သွားပြီးမှ သတိဝင်လာကာ ခပ်မြန်မြန်ပင် ရှင်းပြလိုက်သည်။
"ဪ...ဟုတ်လား"
"တကယ်ပြောတာ!" ချန်ကျန့် အသံကို နည်းနည်းမြှင့်လိုက်သည်။
"ငါလည်း တကယ်ပြောတာပါ၊ သူ့ဆီ အစီရင်ခံနေတာ မဟုတ်ပါဘူး။ မင်းတို့အတွက် သင်တန်းပေးမယ့်သူကို ဆက်သွယ်နေတာ။"
ချန်ကျန့်က ရှန်ယွီ့ဖုန်းနားသို့ ချက်ချင်း တိုးကပ်သွားသည်။
"သင်တန်း။ ဘာသင်တန်းလဲ။"
"တည်းခိုခန်း ဝန်ဆောင်မှုသင်တန်းလေ။ ဆရာက ဒီကြာသပတေးနဲ့ သောကြာနေ့မှာ လာလိမ့်မယ်။ မင်း ဝန်ထမ်းတွေကို အသုတ်နှစ်သုတ်ခွဲပြီး တက်ဖို့ စီစဉ်လိုက်ပါ။"
ချန်ကျန့်က ရှန်ယွီ့ကို ကြည့်လိုက်ပြီး
"ကျွန်တော်ကတော့ အချက်အလက်တွေ ရှာဖတ်ပြီးမှ သူတို့ကို ပြန်သင်ပေးမလို့ စဉ်းစားထားတာ။"
"အဲ့ဒါက အချိန်ကုန်ပြီး ထိရောက်မှု မရှိဘူး ။ မန်နေဂျာတစ်ယောက်အနေနဲ့ မင်းရဲ့ တာဝန်က သင်တန်းဆရာထက် ပိုအရေးကြီးတယ်။ မင်းက လေ့လာနေရဦးမယ်ဆိုရင် အချိန်တွေ ကုန်နေမှာပေါ့။"
"ကျွန်တော်တို့ လုပ်ငန်းက အချိန်မပေးနိုင်အောင် အလုပ်များနေတာမှ မဟုတ်တာ။ အဲ့တော့ ဒီသင်တန်းက ပိုက်ဆံပေးရမှာ မလား။"
"တစ်ယောက်ယောက်က အကြံပေးထားတာဆိုတော့ သင်တန်းကြေးကို လျှော့စျေးရပါတယ်"
"ဘယ်သူက အကြံပေးတာလဲ"
ရှန်ယွီက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
"လုကျွင်းလေ။"
"ဝိုး!"
ရှန်ယွီက ချန်ကျန့်ကို စိုက်ကြည့်၏။
"ဘာကြည့်တာလဲ"
"မင်းရဲ့ သဝန်တိုစိတ်ကလေ ပုံမှန်ဆိုရင် ဘယ်လောက်ကြာတတ်လဲ။"
"မသိဘူးလေ။ ကျွန်တော်လည်း ဒါ ပထမဆုံးအကြိမ်ပဲဥစ္စာ။"
"ငါ မှတ်ထားပေးမယ်လေ" ရှန်ယွီက သူ၏ မှတ်စုအက်ပ်ကို ဖွင့်လိုက်သည်။
"ဥပမာ... ဒီမနက် ၉ နာရီကနေ ၁၁ နာရီအထိဆိုရင် မင်း ၂ နာရီကြာ မနာလိုဖြစ်ခဲ့တယ်။ အခု နေ့လယ် ၁ နာရီခွဲပြီဆိုတော့..."
"ဟား…အခုဟာက မနာလိုဖြစ်တာ မဟုတ်တော့ပါဘူး ။ ကျွန်တော် စိတ်ထဲမှာ ဘာမှမရှိတော့ဘူး။"
"ကောင်းပြီ ၁၀ မိနစ်အောက်ဆိုရင်တော့ စာရင်းထဲ မထည့်ဘူးပေါ့"
ချန်ကျန့် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ် သူ၏ခါးမှာ ချိတ်ထားသော ဝေါ်ကီတော်ကီဆီမှ အသံထွက်ပေါ်လာသည်။ ဟူဖန်၏ အသံဖြစ်သည်။
"မန်နေဂျာချန်၊ အားလုံး စုံနေပါပြီ။"
"နောက်ဆို ဒီပစ္စည်းကို ငါ့ရုံးခန်းထဲ ယူမလာရဘူး"
ရှန်ယွီက ဝေါ်ကီတော်ကီကို လက်ညှိုးထိုးပြရင်း ဆိုသည်။
"ဟုတ်ကဲ့ပါဗျာ"
ချန်ကျန့်က ရယ်လျက် ဝေါ်ကီတော်ကီမှနေ ပြန်ပြောလိုက်သည်။
"အခု လာခဲ့မယ်။"
"မန်နေဂျာကတော့ အလုပ်တွေ သိပ်ရှုပ်တာပဲ" ရှန်ယွီက ခနဲ့လိုက်၏။
"မင်းရော ဒီအစည်းအဝေး တက်မလား"
"ဝန်ထမ်းတွေ ပွင့်ပွင့်လင်းလင်း ပြောလို့ရအောင် ငါမပါတော့ဘူး။ မင်းပဲ အစည်းအဝေးပြီးရင် အကျဉ်းချုပ်ပြီး ပြန်ပြောပြပေါ့။"
"အင်း"
ချန်ကျန့်က ခေါင်းညိတ်လိုက်ပြီး ရုံးခန်းတံခါးဝသို့ နှစ်လှမ်းခန့် လှမ်းသွားကာမှ ရပ်လိုက်သည်။ နောက်သို့ ပြန်လှည့်လာကာ ရှန်ယွီကို ဖက်လိုက်ပြီး ပါးကို နမ်းလိုက်၏။ ထို့နောက် တံခါးဆီသို့ တစ်ဖန် ပြန်သွားပြန်သည်။ ပြီးတော့မှ ထပ်ရပ်လိုက်ပြန်သည်။
သူသည် ခဏမျှ တွေးတောပြီးနောက် နောက်သို့ တစ်ဖန်ပြန်လှည့်လာကာ ရှန်ယွီ၏ လည်ပင်းကြားထဲ မျက်နှာအပ်ပြီး နှစ်ချက်၊ သုံးချက်ခန့် အားရပါးရ ပွတ်သပ်လိုက်ပြန်သည်။ ထို့နောက်မှ တံခါးဆီသို့ တစ်ဖန် ပြန်လည်လျှောက်လှမ်းသွားတော့၏။ တကယ်တော့ သူ ခွဲခွာသွားဖို့ အတော်လေး ဝန်လေးနေမိခြင်း ဖြစ်သည်။
သို့သော် သူ နောက်တစ်ကြိမ် ထပ်ရပ်ဖို့ ပြင်လိုက်စဉ်မှာပင် ရှန်ယွီက အနောက်မှ လှမ်းပြောလိုက်သည်မှာ။
"ငါ တကယ် ထထိုးတော့မှာနော်!"
ချန်ကျန့်က ရယ်မောရင်း ရှေ့သို့ အရှိန်ဖြင့် ပြေးထွက်ကာ တံခါးကို ဖွင့်ပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။
ဤလူစုအတွက်တော့ အစည်းအဝေးဆိုသည်မှာ လက်ဖက်ရည်ဝိုင်းနှင့် အတော်လေး ဆင်တူလှသည်။ ချန်ကျန့် ကော်ဖီဆိုင်ထဲသို့ လှမ်းဝင်လိုက်သည့်အခါ သူတို့အားလုံးမှာ စားပွဲနှစ်လုံးကို ဝိုင်းဖွဲ့ထိုင်နေကြပြီး စားပွဲပေါ်တွင် ကော်ဖီနှင့် မုန့်များလည်း အဆင်သင့် ရှိနေပြီဖြစ်သည်။
"အစည်းအဝေး စမယ်"
ချန်ကျန့်က သူ့အတွက် ချန်ထားသော ထိုင်ခုံတွင် ထိုင်လိုက်ပြီး မှတ်စုစာအုပ်လေးကို ဖွင့်လိုက်သည်။
"ဒီနေ့ အစည်းအဝေး ခေါ်ရတဲ့ အဓိက အကြောင်းရင်းကတော့ အခု မြို့လေးက စပြီး တိုးတက်လာပြီ။ နောက်ဆို ဧည့်သည်တွေ ပိုများလာတော့မယ်။ တည်းခိုခန်းတွေလည်း အများကြီး ထပ်ဖွင့်လာမှာ သေချာတယ်။ အဲ့ဒီတော့ ငါတို့ရဲ့ တည်းခိုခန်းကို အခုကတည်းက စနစ်တကျနဲ့ ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်ဆန် စီမံခန့်ခွဲသွားဖို့ လိုအပ်လာပြီ.."
"တကယ်တော့ ငါတို့ရဲ့ ဝန်ဆောင်မှုက တခြား တည်းခိုခန်းတွေထက် အများကြီး သာပါတယ်" ဆန်းပင်းက ဝင်ပြောသည်။
"အညံ့ဆုံးတွေနဲ့ သွားမနှိုင်းပါနဲ့၊ တာ့ယွင် ကို အခုထက် ပိုကောင်းအောင် လုပ်ချင်တာပါ။ အဲ့ဒါကြောင့် ဒီနေ့မှာ အားလုံးကို အရင်ဆုံး မေးချင်တာက အလုပ်လုပ်ရင်းနဲ့ ဘာတွေက မပြည့်စုံဘူးလို့ ထင်လဲ၊ စီမံခန့်ခွဲမှုပိုင်းလား၊ ဝန်ဆောင်မှုလား၊ ဒါမှမဟုတ် အသုံးအဆောင် ပစ္စည်းတွေလား။ စိတ်ထဲရှိတာ အကုန်ပြောလို့ရတယ်။"
"အဲ့ဒါတွေကို အကုန် ပြောင်းလဲပစ်ရမှာလား" ချန်အာဟူက မေးသည်။
"ပြောင်းလို့ရတာတွေကို အရင်ပြောင်းမယ်။ ပြောင်းလို့မရသေးတာတွေကိုတော့ နောက်မှ ထပ်ဆွေးနွေးတာပေါ့။ ဒီ ကြာသပတေးနဲ့ သောကြာနေ့မှာတော့ ငါတို့ကို လာသင်ပေးမယ့် ပရော်ဖက်ရှင်နယ် ဆရာတစ်ယောက် ရောက်လာလိမ့်မယ်..."
"အဲ့လို ပြောရင်ကျ အချင်းချင်း အဆင်မပြေဖြစ်သွားမှာလား"
လောင်ဝူက စိုးရိမ်တကြီး မေးသည်။
"ဥပမာဗျာ... ဧည့်ကြိုကောင်တာက ဘယ်နေရာမှာ အားနည်းနေတယ်လို့ ကျွန်တော်က ပြောလိုက်ရင် ဖန်ဖန်နဲ့ နာနာ တို့က ကျွန်တော့်ကို စိတ်ဆိုးကြမှာလား။"
"စမ်းကြည့်လေ" ဟူဖန် က စိန်ခေါ်လိုက်သည်။
"ဒါက ပိုကောင်းလာအောင် အကြံပြုတာပဲလေ အပြစ်ပေးဖို့ မဟုတ်ဘူး။ မင်းက မဟုတ်ကဟုတ်ကတွေ လျှောက်ပြောရင်တော့ သူတို့ စိတ်ဆိုးတာ မဆန်းဘူးပေါ့။ တကယ်လို့ မင်းပြောတာ မှန်တယ်ဆိုရင်တော့ သူတို့က..."
ချန်ကျန့်က ဟူဖန်နှင့် ဆွန်းနာနာကို တစ်ချက်လှမ်းကြည့်လိုက်၏။
"ကျွန်မတို့ကတော့ စိတ်ကို အတတ်နိုင်ဆုံး ပွင့်ပွင့်လင်းလင်းထားပြီး နားထောင်မှာပါ"
ဆွန်းနာနာက ဆံပင်လေးကို သပ်ရင်း ဆိုသည်။
"ကဲ... ဘယ်သူ အရင်စမလဲ"
ချန်ကျန့်က မေးလိုက်တော့ အားလုံးက တိတ်ဆိတ်သွားပြီး သူ့ကိုသာ ဝိုင်းကြည့်နေကြသည်။
"ဒါဆို ကျွန်တော်ပဲ အရင်စမယ်" ချန်ကျန့်က ဆို၏။
"အဓိကက ဘယ်လိုအရာမျိုးကို အားနည်းချက်လို့ ခေါ်လဲဆိုတာ ကျွန်တော်တို့ သေချာမသိလို့ပါ"
လောင်စစ်က ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
"မင်းကိုယ်တိုင်က အားနည်းချက်ပဲလေ"
ဆန်းပင်းက နောက်လိုက်၏။ လောင်စစ်က ပေစောင်းစောင်းပြန်ကြည့်သည်။
ချန်အာဟူက ဝင်ပြောသည်။
"တကယ်တမ်း ပြောရရင်တော့၊တို့အားလုံးမှာ အားနည်းချက်တွေ ရှိနေကြတာပါပဲ။"
"အပိုတွေ မပြောကြနဲ့တော့" ချန်ကျန့်က ဖြတ်ပြောလိုက်၏။
"ကျွန်တော် တစ်ခု အရင်စမယ်။ သန့်ရှင်းရေးပိုင်းနဲ့ ပတ်သက်ရင် ဘယ်သူပဲမြင်မြင် ကိုယ့်အလုပ်မဟုတ်ဘူးလို့ သဘောမထားဘဲ ဝိုင်းလုပ်ပေးစေချင်တယ်။ ဥပမာကားပါကင်မှာ ဧည့်သည်အချို့က အမှိုက်တွေကို ကားဘေးမှာပဲ ပစ်ထားခဲ့တတ်တယ်။ အဲ့ဒါကို သန့်ရှင်းရေးဝန်ထမ်း မြင်မှသိမ်းဖို့ စောင့်မနေနဲ့။ ဘယ်သူပဲဖြစ်ဖြစ် အနားက ဖြတ်သွားလို့ မြင်ရင် ချက်ချင်းသိမ်းလိုက်ပါ။ မဟုတ်ရင် နောက်ဧည့်သည်တစ်ယောက် ကားလာရပ်တဲ့အခါ ကြည့်လို့ အရမ်းရုပ်ဆိုးတယ်။"
"အင်း..." ဆွန်းနာနာက ခေါင်းညိတ်ထောက်ခံသည်။
"ဒါက တကယ်မှန်တယ်။ တစ်ခါတလေ ကော်ဖီဆိုင်က ဧည့်သည်တွေ ထသွားတဲ့အခါ ကျွန်မ ဧည့်ကြိုမှာ အလုပ်ရှုပ်နေရင် ချက်ချင်း မသိမ်းနိုင်ဘူး ဖြစ်တတ်တယ်။ အဲ့ဒီအချိန်မှာ တခြားတစ်ယောက်ယောက်က မြင်လို့ ပန်းကန်တွေကို စင်ပေါ် တင်ပေးလိုက်မယ်ဆိုရင်တော့ တကယ့်ကို အဆင်ပြေမှာပဲ။"
ချန်ကျန့်က ဒါကို မှတ်စုထဲ ရေးမှတ်လိုက်သည်။
ဟူဖန်လည်း ဝင်ပြောသည်။
"ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို သူတို့မမေးခင်ကတည်းက ကြိုတင်သတိပြုပြီး ကူညီပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်တယ်။ ဥပမာ ဟိုတစ်နေ့က ဧည့်သည်တစ်ယောက် ထမင်းစားခန်းထဲမှာ တစ်ခုခုကို အကြာကြီး လိုက်ရှာနေတယ်။ ကျွန်မ သွားမေးကြည့်မှ သူ ဆံပင်ကလစ် ပျောက်လို့ ရှာနေတာမှန်း သိရတယ်။ အဲ့ဒီအချိန်မှာ လောင်ဝူက ထမင်းစားခန်းအဝမှာ ရပ်ပြီး ကြည့်ပဲကြည့်နေတယ်။ ကူညီပေးဖို့ တစ်ခွန်းမှ မပြောဘူး။"
"ဒါကတော့ ဖန်ဖန်က ဦးသူ ယူသွားတာပဲလေ" လောင်ဝူက ပြန်ချေပသည်။
"ဒါက ကိစ္စအကြီးကြီး မဟုတ်ပေမဲ့ ဧည့်သည်ရဲ့ ခံစားချက်ကတော့ အများကြီး ပိုကောင်းသွားနိုင်တယ်"
ဆန်းပင်းက မှတ်ချက်ပေးလိုက်သည်။ လောင်ဝူက မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
အချစ်အတွက်ကြောင့် ညီအစ်ကိုတွေ ရန်သူဖြစ်ကုန်ကြပြီ။ဒါကို ဗီဒီယိုအတို ရိုက်လို့ရမလား... ဘာတွေလျှောက်တွေးနေတာလဲ!
"တကယ်တော့ ဒီလို အသေးစိတ်အချက်အလက်တွေကို ငါတို့ ဂရုစိုက်သင့်တာ မှန်တယ်"
ချန်ကျန့်က လွင့်နေသော သူ့အတွေးများကို ပြန်စုစည်းရင်း ပြောလိုက်သည်။
"အဲ့ဒီအချိန်တုန်းက မင်း ဘာလုပ်နေလို့လဲ" ချန်အာဟူက လောင်ဝူကို လှမ်းမေးသည်။
"ဧည့်သည် ပစ္စည်းရှာနေတာကို ရပ်ကြည့်နေတာလေ" လောင်ဝူက ပြန်ဖြေ၏။
ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ပေ။
"တကယ်တော့ ငါတို့အားလုံးက အားနည်းချက် အကြီးကြီးတွေပဲဟ"
ချန်အာဟူက စိတ်ပါလက်ပါ ရေရွတ်သည်။
"ဒါတွေက ဝန်ဆောင်မှုပေးချင်တဲ့ အသိစိတ်နဲ့ ဆိုင်တာပါ။ ငါတို့အားလုံးက အတွေ့အကြုံလည်း မရှိဘူး။ သင်တန်းလည်း မတက်ဖူးကြဘူးလေ။ အားနည်းချက် ရှိတာကတော့ သဘာဝပါပဲ။ ဒါကြောင့်လည်း ဒီအစည်းအဝေးကို လုပ်ရတာပေါ့။"
ဆွန်းနာနာက ဆိုသည်။
"မှန်တယ်!" ဟူဖန်က လက်ခုပ်တီး၍ ထောက်ခံသည်။
ထိုသို့နှင့် အားလုံး၏ စိတ်ကူးများ ပွင့်ထွက်လာပြီး အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ၊ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ အကြံပြုချက် အမျိုးမျိုး ထွက်ပေါ်လာတော့သည်။
အစပိုင်းတွင် ဝန်ဆောင်မှုပိုင်းနှင့် ပတ်သက်၍ ဘယ်လိုအခြေအနေမျိုးမှာ ဧည့်သည်ရဲ့ အထုပ်အပိုးတွေကို ဝိုင်းကူသယ်ပေးရမလဲ။ အခန်းထဲအထိ ဝန်ဆောင်မှုပေးဖို့ တောင်းဆိုလာရင် ဘယ်လိုသဘောတူရမလဲ။ အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေကိုကျတော့ ရန်မဖြစ်ဘဲ ဘယ်လိုငြင်းရမလဲ... စသည်ဖြင့် ဆွေးနွေးကြ၏။
"ဒီအချက်မှာတော့ ဘော့စ်ရှန်က တကယ့်ကို စံပြဥပမာဆိုးပဲ..."
လောင်ဝူက ဓာတ်လှေကားဘက်ကို လှမ်းကြည့်ရင်း ဆိုသည်။
"အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေကို ထားလိုက်ပါဦး။ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုမျိုးကိုတောင် သူက ပြတ်ပြတ်သားသားကြီး ငြင်းပစ်တတ်တာ။"
"ဟေး" ဟူဖန်က ရယ်မောရင်း ချန်ကျန့်ကို လှမ်းကြည့်သည်။
"ဒါတွေကို အစည်းအဝေး မှတ်တမ်းထဲ ထည့်ရေးမှာလား။"
"အင်း၊ ဘော့စ်ရှန်က အဲ့ဒီမှတ်တမ်းကို ကြည့်ချင်တယ်လို့ ပြောထားတယ်"
ချန်ကျန့်က ခေါင်းညိတ်ရင်း ဆက်ရေးနေသည်။
"ငါ အဲ့ဒီစကားကို ပြန်ရုပ်သိမ်းတယ်" လောင်ဝူက ချက်ချင်းပင် ဆို၏။
"နောက်ကျသွားပြီ" ချန်ကျန့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ လောင်ဝူက ထိုင်ခုံမှာ မှီချလိုက်ရင်း….
"ငါတော့ သွားပြီ။ ချန်ကျန့်… မင်း ငါ့အပေါ် ရန်ငြိုးရှိနေတာလား။"
"နေစမ်းပါဦး" ချန်အာဟူက ကြားဖြတ်ပြောသည်။
"မင်း ဒီမှာ အလုပ်လုပ်တာ ကြာလှပြီ အခုထိ မသိသေးဘူးလား။ ဒါမျိုးက သူ့မျက်နှာကို ကြည့်ပြီး တိုက်ရိုက်ပြောရင်တောင် ရတာပဲ။ အလုပ်အတွက် အကြံပေးတာကို ဘာကြောက်နေတာလဲ။"
"ဒါက ဘော့စ်ကိုယ်တိုင် တိုးတက်အောင် လုပ်ရမယ့် အချက်ဖြစ်နေတာကိုး" ချန်ကျန့်က ဆိုသည်။
"တကယ်လို့ ဒါကို သူ့ကို သွားပြောလိုက်ရင်" လောင်စစ်က ခဏစဉ်းစားပြီး
"သူ အောက်ထပ်ကို လုံးဝ ဆင်းမလာတော့ဘဲ နေမလားမသိဘူး။"
ကြည့်ရသည်မှာ လူတိုင်းက ဘော့စ်၏ စရိုက်ကို အတိုင်းအတာတစ်ခုအထိ နားလည်နေကြပုံရသည်။
နောက်ပိုင်းတွင် ဝန်ထမ်းပိုင်း ပြဿနာများအပြင် အဆောက်အအုံနှင့် အသုံးအဆောင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကိုပါ တင်ပြလာကြသည်။
ခြံဝင်းအဝင်ဝက အုတ်နီခဲလေးတွေ ကြေမွနေပြီဖြစ်၍ ပိုခိုင်ခံ့သော ပစ္စည်းနှင့် လဲသင့်ကြောင်း၊ မီးဖိုချောင်နှင့် ထမင်းစားခန်းမှာ အမှိုက်ပုံး မလုံလောက်ကြောင်း၊ ဧည့်သည်များသည့်အခါ ဥယျာဉ်ထဲမှာ အပန်းဖြေထိုင်ခုံတွေ မလုံလောက်ကြောင်း... စသည်ဖြင့် အကြံပြုကြပါတော့သည်။
ချန်ကျန့်သည် အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ ကိစ္စကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ အားလုံးကို တစ်ခုချင်းစီ သေချာမှတ်သားထားလိုက်သည်။ တစ်ယောက်ယောက်က ထုတ်ပြောလာသရွေ့ ဒါဟာ တိုးတက်ပြောင်းလဲဖို့ အလားအလာရှိတဲ့ အချက်တွေချည်းပင်။
အားလုံးက တက်ကြွစွာ ဆွေးနွေးနေကြစဉ် နာနာ၏ ဖုန်းမြည်လာသည်။ သူမသည် ဖုန်းကို ထုတ်ကြည့်ပြီးနောက် အသံပိတ်ကာ အိတ်ထဲသို့ ပြန်ထည့်လိုက်၏။
"ကိုင်လိုက်ပါ၊ ရပါတယ်"
"မကိုင်တော့ဘူး"
နာနာ၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်။
ချန်ကျန့်လည်း ဆက်မပြောတော့ပါ။ သူမ၏ တုံ့ပြန်ပုံအရဆိုလျှင် မကြာခင် ကွာရှင်းတော့မည့် သူမ၏ ခင်ပွန်းဟောင်းဖြစ်သူ ဖုန်းဆက်ခြင်းဖြစ်နိုင်၏။ နှစ်သစ်ကူးမတိုင်ခင်ကလည်း တစ်ခါဆက်ဖူးပြီး ထိုစဉ်ကလည်း နာနာက မကိုင်ခဲ့ပေ။
"အဲ့ဒီ ကျန်း ဆိုတဲ့ မင်းရဲ့ ယောကျ်ားဟောင်းလား"
ချန်အာဟူက ဘာမှထောက်မနေဘဲ တဲ့တိုးကြီး မေးချလိုက်သည်။
"အင်း"
"နှစ်သစ်ကူးပြီးရင် ကွာရှင်းမယ့်ကိစ္စလား" ဆန်းပင်းက မေးသည်။
"သူက သဘောမတူဘူးလေ။ တရားရုံးမှာပဲ တွေ့မယ်လို့ ပြောထားပြီးပြီ။ သူနဲ့ စကားပြောစရာ ဘာမှမရှိတော့ဘူး။"
"ဒီလူက တကယ် စိတ်ပျက်ဖို့ကောင်းတာပဲ"
ဟူဖန်က သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ရင်း ဆိုသည်။
"နင်တို့ မသိလို့ အဲ့ဒီ ကျန်း ဆိုတဲ့လူက ပိုပြီး ရူးကြောင်ကြောင် ဖြစ်လာတာ။ နာနာ့မှာ စိတ်ရောဂါ ရှိတယ်လို့တောင် လျှောက်ပြောနေတာ။ ငါ့ကြည့်ရတာတော့ သူကိုယ်တိုင်က နောက်ဆုံးအဆင့် ရူးနေတာ။ ဒါတွေ မြင်ရတော့ ငါတောင် အိမ်ထောင်ပြုဖို့ ကြောက်လာပြီ။"
"ရှောင်လို့ရရင် မပြုနဲ့၊ အိမ်ထောင်ပြုတာက ဘာမှ အဓိပ္ပာယ်မရှိဘူး ။ ယောကျ်ားတွေရဲ့ အခြေခံ ဗီဇကိုက မကောင်းတာ။"
"ယောကျ်ားတွေရဲ့ အခြေခံဗီဇဆိုတာ ဘာကို ပြောတာလဲ" လောင်ဝူက မေး၏။
"ငါတို့ကို ပြောတာပေါ့" ချန်ကျန့်က ဝင်ပြောလိုက်သည်။
"နာနာ... အဲ့ဒါကတော့..."
လောင်ဝူက ထိုင်နေသည့် ယောကျ်ားသားများကို ကြည့်ကာ ခေတ္တတွေဝေသွားပြီးမှ
"အနည်းဆုံးတော့ ချန်ကျန့်နဲ့ ရှန်ယွီတို့က တော်တော်လေး ကောင်းကြပါတယ်ဟ။"
"ကျေးဇူးပဲ" ချန်ကျန့် ချက်ချင်း တုံ့ပြန်လိုက်၏။
နာနာ ရယ်မောလိုက်တော့သည်။
"အို... နင်တို့ကလည်း တကယ်ပါပဲ။"
ထိုအချိန်မှာပင် သူမအိတ်ထဲမှ ဖုန်းက နှစ်ချက်ခါသွားသည်။ စာတစ်စောင် ဝင်လာခြင်းဖြစ်၏။ နာနာသည် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ထုတ်ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ စိတ်မရှည်သည့် ပုံစံမဟုတ်တော့ဘဲ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာ၏။
"ဘာဖြစ်လို့လဲ"
ချန်ကျန့်က ချက်ချင်း မေးလိုက်သည်။
"သူ ဒီမြို့လေးကို ရောက်နေပြီ ထင်တယ်"
နာနာက သူမ၏ ဖုန်းမျက်နှာပြင်ကို သူတို့ဘက်သို့ လှည့်ပြလိုက်သည်။
ဖုန်းထဲတွင် ဟုန်ယဲ့မြို့ လမ်းညွှန်ဆိုင်းဘုတ် ဓာတ်ပုံတစ်ပုံ ရှိနေသည်။ ဤဆိုင်းဘုတ်မှာ တန်ရွေ၏ ကားပြင်ဆိုင်ရှေ့တွင် ရှိခြင်းဖြစ်သည်။ ဒီလူက တကယ်ပဲ သူမနောက်ကို လိုက်ရှာလာတာလား။
"တောက်!" ချန်အာဟူက စားပွဲကို အားဖြင့် ရိုက်ကာ ထရပ်လိုက်သည်။
"ဒီစာက ဘယ်အချိန်က ပို့တာလဲ။ သူ ရောက်နေပြီလား။"
"အခုလေးတင်ပဲ"
"ငါ ခြံရှေ့သွားကြည့်လိုက်ဦးမယ်" ချန်အာဟူက လှည့်ထွက်သွားသည်။
ဆန်းပင်းနှင့် တခြားသူများလည်း ချက်ချင်းပင် လိုက်သွားကြသည်။ ထိုင်ခုံကိုတောင် မရွှေ့တော့ဘဲ ခုံနောက်ကျောပေါ်မှ ကျော်ခွကာ ထွက်သွားကြ၏။
လေထုက ချက်ချင်း တင်းမာသွားသည်။
"သူ ဒီနေရာကို ရှာတွေ့ဦးမှာ မဟုတ်သေးဘူး။ လမ်းမှာပဲ ရှိဦးမှာ"
နာနာက ထရပ်လိုက်ပြီး တစ်ပတ်လည်ကာ တစ်ခုခုကို ရှာနေသည်။
"ငါ သွားရမယ် သူ့ကို ဒီအထိ ပေးမလာနိုင်ဘူး။ လမ်းမှာတင် သူ့ကို တားရမယ်။"
"ဘာရှာနေတာလဲ" ဟူဖန်က မေး၏။
"ငါလည်း မသိတော့ဘူး" နာနာက ထိုင်ခုံကို ဆွဲရင်း ယောင်နနဖြင့် တစ်ပတ်ပြန်လည်နေသည်။
"ရှန်ယွီရဲ့ ဘေ့စ်ဘောရိုက်တံက ပုံမှန်ဆို ပထမထပ်မှာ ရှိတာမဟုတ်လား။"
"သူ သူ့ရုံးခန်းထဲ ယူသွားတာ ကြာပြီ"
ချန်ကျန့်က သူမ၏ လက်မောင်ကို ဆုပ်ကိုင်ထားရင်း ဆိုသည်။
"နာနာ... စိတ်အေးအေးထားပါ။ ငါတို့အားလုံး ဒီမှာ ရှိနေတာပဲ။ သူ နင်ကို ဘာမှ လုပ်လို့မရပါဘူး။"
"မီးဖိုချောင်ထဲမှာ ဟင်းချက်ဓားတွေ ရှိတယ်လေ" ဟု ဖန်ဖန်က ရုတ်တရက် လှမ်းပြောလိုက်သည်။
"ကျဲရေ…" ချန်ကျန့်က သူမကို အံ့အားသင့်စွာ ကြည့်လိုက်၏။
"ဟဲ့... အဲ့လိုတွေ မပြောစမ်းနဲ့"
ဟွမ်ကျဲက ဖန်ဖန်ကို ခပ်မြန်မြန်ပင် ပုတ်ကာ တားလိုက်ပါတော့သည်။
ပုံမှန်ဆိုလျှင် နာနာသည် အလွန်ပင် တည်ငြိမ်ပြီး စိတ်ဝေဒနာရှိသည့် အရိပ်အယောင် လုံးဝမရှိသူ ဖြစ်သည်။ သို့သော် ယခုသူမ၏ အခြေအနေမှာ ဟိုတစ်ခေါက် စားသောက်ဆိုင်တွင် သူမ၏ ခင်ပွန်းဟောင်းနှင့် တွေ့စဉ်ကအတိုင်းပင် အနည်းငယ် ယောင်နနနှင့် ဝေဝေဝါးဝါး ဖြစ်နေသည်။ ဤအချက်များကို ပြန်ဆက်စပ်ကြည့်မှ နာနာ၏ စိတ်အခြေအနေသည် လုံးဝပုံမှန်ဟု ဆို၍မရကြောင်း ချန်ကျန့် သတိထားမိလိုက်သည်။
ဒီလူသည် သူမ၏ စိတ်ကျန်းမာရေးကို ချောက်ထဲသို့ တွန်းချလိုက်သည့် ခလုတ်တစ်ခုနှင့် တူနေသည်။
"ဟူဖန် သူ့ကို အဆောင်ကို ပြန်ခေါ်သွားလိုက်"
"ကောင်းပြီ"
ဟူဖန်က နာနာကို ဖက်လိုက်ရင်း
"လာပါ၊ အဆောင်ကို ပြန်ရအောင်။"
"မသွားဘူး"
နာနာက ချန်ကျန့်ကို လှည့်ကြည့်သည်။ သူမ၏ မျက်ဝန်းများက ခုနကထက် ပို၍ ကြည်လင်လာ၏။
"ဒီတစ်ခါ ကျွန်မ ကွာရှင်းဖို့ ဆုံးဖြတ်ထားတာကို သူသိတယ်။ သူက တကယ့်ကို ရူးနေတာ။ သူ ဒီကို လာတာ ပြဿနာရှာဖို့ပဲ။"
"ငါတို့က ပြဿနာကို ကြောက်လို့လား"
ချန်ကျန့်က တံခါးဆီသို့ လျှောက်သွားရင်း ဆိုသည်။
"ပြဿနာတွေထဲမှာ သူက ဘယ်အဆင့်ရှိလို့လဲ။"
စတုတ္ထထပ်မှာ ပြဿနာရှာတဲ့စက်ရော၊ ပြဿနာကို အမှုန့်ခြေပစ်တဲ့စက်ရော နှစ်မျိုးစလုံးပါတဲ့ လူတစ်ယောက် ရှိနေတာပဲ။ ဘာကို ကြောက်နေရမှာလဲ။
"သူ ရောက်မလာသေးဘူး"
ချန်အာဟူနှင့် တခြားသူများ အပြင်မှ ပြန်ဝင်လာကြသည်။
"ဘယ်လိုလုပ်ကြမလဲ။"
"သွားပိတ်ရအောင်။ ဒီအထိ အရောက်မခံနဲ့။"
ချန်ကျန့် ဆုံးဖြတ်လိုက်သည်။
ဒီရက်ပိုင်း လူဝင်လူထွက် အနည်းငယ် အေးနေသော်လည်း အခန်း ၇ ခန်း၊ ၈ ခန်းခန့်ကတော့ လူရှိနေဆဲပင်။ ဒီလူသာ ဒီမှာ လာပြီး ရုန်းရင်းဆန်ခတ် လုပ်သွားလျှင် တကယ့်ကို မကောင်းချေ။ အခုက စဖွင့်ခါစ အခြေအနေမျိုး မဟုတ်တော့။
"သွားစို့"
ချန်အာဟူက ဦးဆောင်သည်။ သူတို့တစ်စုသည် ဆိုင်ကယ်များကိုယ်စီ တက်စီးလိုက်ကြပြီး အင်ဂျင်သံများ ဟိန်းထွက်လျက် ခြံဝင်းတံခါးမှ မောင်းထွက်သွားကြတော့သည်။
လမ်းမပေါ်သို့ ရောက်သည်နှင့် ဆန်းပင်း၊ လောင်စစ်နှင့် လောင်ဝူတို့က ရှေ့ဆုံးမှ တန်းစီလိုက်ကြပြီး၊ ချန်ကျန့်နှင့် ချန်အာဟူတို့က နောက်မှ လိုက်ကြကာ ၃-၂ ပုံစံဖြင့် မြို့အဝင်သို့ ဦးတည်သွားကြသည်။ တကယ်လို့ ချန်ကျန့်သာ မပါလျှင် သူတို့၏ ပုံစံမှာ ၃-၁ သို့မဟုတ် ၂-၂ ဖြစ်နေပေလိမ့်မည်။ ဝက်ခြံပါတီ၏ အနှစ်သာရမရှိသော လူမိုက်ဆန်ဆန် ပြသမှုများတွင် သူတို့၏ နားလည်မှုမှာ အံ့မခန်းပင်။
***
ရှန်ယွီသည် လက်တစ်ဖက်တွင် ပိုးကောင်ဘူးကို ကိုင်လျက်၊ ကျန်လက်တစ်ဖက်က ဇာဂနာဖြင့် အစာကျွေးရန် ပြင်ရင်း ပြတင်းပေါက်မှနေ၍ ထွက်သွားသော ဆိုင်ကယ် ၅ စီးကို ကြည့်နေမိသည်။
သူသည် စုတ်တစ်ချက်သတ်လိုက်၏။ တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။
ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတာကို မန်နေဂျာက သူ့ကိုမခေါ်ဘဲ တစ်ယောက်တည်း သွားကစားတယ်ပေါ့။ သူသည် အာ့ကော ကို ဆက်ပြီး အစာကျွေးရန် ပြင်စဉ် ရုံးခန်းတံခါးကို "ဒေါက် ဒေါက် ဒေါက်" ဟု ခေါက်သံ ကြားလိုက်ရသည်။ ဒါကတော့ ဟူဖန်မှန်း သိသာလှ၏။
"ဝင်ခဲ့"
အစာဘူးကို အောက်ချလိုက်သည်။ ဟူဖန်က ခေါင်းလေးပြူကာ ဝင်လာသည်။
"ဘော့စ်ရှန်၊သတင်းပို့စရာ ရှိလို့ပါ။"
"အင်း"
"နာနာ့ ယောကျ်ားဟောင်း ရောက်လာတယ် ထင်တယ်၊ယောက်ျားလေးတွေက သူ့ကို သွားပိတ်ကြပြီ။ ဆိုင်မှာ ပြဿနာလာရှာမှာ စိုးလို့ လမ်းမှာတင် တားမလို့တဲ့။"
"အင်း"
ဟူဖန်က တံခါးဝမှာတင် ရပ်ပြီး သူ့ကို ကြည့်နေဆဲ။
"ဘာဖြစ်လို့လဲ။ ယောကျ်ားဟောင်း တစ်ယောက်တည်းပဲဥစ္စာ။ တကယ်လို့ သူက ပြဿနာရှာရင်တောင် ဟို ၅ ယောက်က သူ့ကို အမှုန့်ခြေပစ်နိုင်ပါတယ်။ ငါပါ လိုက်သွားစရာ မလိုပါဘူး မဟုတ်လား။"
"မဟုတ်ဘူး၊ မဟုတ်ဘူး" ဟူဖန်က လက်ကို အမြန်ယမ်းပြသည်။
"ဒါက မမျှော်လင့်ဘဲ ဖြစ်လာတဲ့ ကိစ္စမို့လို့... ဘော့စ် စိတ်မဆိုးဖို့ မျှော်လင့်တာပါ။"
"ငါ့အကျင့်က အဲ့ဒီလောက်တောင် ဆိုးလို့လား။ ရပါတယ်။ သွား... နာနာ့အနားမှာ သွားနေပေးလိုက်ဦး။"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဘော့စ်"
ဟူဖန်က ဆိုကာ ထွက်သွားတော့သည်။ ရှန်ယွီသည် အာ့ကောကို ဆက်၍ အစာကျွေးနေလိုက်သည်။
နာနာ့ကိစ္စက ကိစ္စအကြီးကြီးတော့ မဟုတ်ပါ။ ကိုင်တွယ်ရတာ စိတ်ပျက်ဖို့ ကောင်းရုံသာ ရှိသည်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ရော၊ သွေးစုပ်တဲ့ အရင်းရှင်ဘော့စ်တစ်ယောက်အနေနဲ့ရော သူကတော့ နာနာ့ကို သေချာပေါက် ကူညီပေးမှာ ဖြစ်သည်။
NEXT
Comments
Post a Comment