Skip to main content

108








အပိုင်း (၁၀၈)

ချန်အာဟူ၏ တည်ငြိမ်လှသည့် အတည်ပြုချက်ကြောင့် အခန်းထဲရှိ စကားဝိုင်းသည် ခဏတာမျှ တိတ်ဆိတ်သွားသည်။ လူတိုင်း ဘာပြန်ပြောရမှန်း မသိဘဲ စကားလုံးများ ပျောက်ရှနေပုံရ၏။သို့သော် လူစုံတက်စုံ ရှိနေကြ၍လားမသိ၊ ဆွန်းနာနာ၏ အခြေအနေမှာ အနည်းငယ် ပြန်လည်တည်ငြိမ်လာသည်။

သူမသည် ဆံနွယ်များကို သပ်တင်လိုက်ပြီး စားပွဲကို မှီကာ မိဘနှစ်ပါးကို ကြည့်၍ သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။

"သမီးကို ဖျောင်းဖျဖို့ လာကြတာဆိုရင်တော့ အပိုတွေ မလုပ်ကြပါနဲ့တော့။ သမီး အိမ်ပြန်မလာဘူး... သူ့အိမ်ကိုလည်း မပြန်ဘူး။ ဖေဖေတို့ မေမေတို့ အိမ်ကိုလည်း မပြန်ဘူး။ သမီး ဒီအိမ်ထောင်ရေးကို ပြတ်စဲမှ ဖြစ်မယ်။ နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး"

မိခင်ဖြစ်သူက အနားသို့ တိုးလာပြီး လက်ကို ဆုပ်ကိုင်ကာ

"နာနာရယ်...မေမေတို့က သမီးကို အတင်းအကျပ် တားဆီးချင်နေတာ မဟုတ်ပါဘူး။ မေမေ တကယ် နားမလည်နိုင်လို့ပါ။ အရင်တုန်းက သမီးတို့နှစ်ယောက် သိပ်ချစ်ခဲ့ကြတာပဲ မဟုတ်လား..."

"လူဆိုတာ ပြောင်းလဲတတ်တာပဲ မေမေ။ ဒါမှမဟုတ်လည်း မပြောင်းလဲတာ မဟုတ်ဘဲ အရင်က သေချာ ဖုံးကွယ်ထားခဲ့တာလည်း ဖြစ်နိုင်တာပဲ။ အတိတ်က အကြောင်းတွေကို အခုမှ ပြန်ပြောနေလို့လည်း ထူးမှာမဟုတ်တော့ဘူး။ အရင်က ဘယ်လောက် ကောင်းခဲ့သလဲဆိုတာကိုတော့ မြင်နိုင်ကြပြီး၊ အခု ဘယ်လောက်တောင် ဆိုးရွားနေပြီလဲဆိုတာကိုတော့ ဘာလို့ မမြင်နိုင်ကြတာလဲဟင်"

“လင်မယားကြားမှာ စကားပြောရုံနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာ ဘာရှိလို့လဲ”

ဖခင်ဖြစ်သူက မျက်မှောင်ကြုတ်ကာ ဆိုသည်။ သူ၏ လေယူလေသိမ်းမှာ မိခင်ဖြစ်သူထက် ပို၍ တင်းမာခက်ထန်နေ၏။

“ဒါကို ကွာရှင်းပြတ်စဲတဲ့အထိ ဖြေရှင်းဖို့ လိုလို့လား”

ဆွန်းနာနာက သူမဖခင်နှင့် အချေအတင် မဖြစ်ချင်တော့သဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။

“ဦးလေးဆွန်း...” ရှန်ယွီက ကြားဖြတ်၍ စကားဆိုလာသည်။

“ဦးလေးတို့ အိမ်ထောင်ရေးမှာတော့ ပြဿနာမှန်သမျှဟာ စကားပြောရုံနဲ့တင် ပြေလည်သွားပုံရတယ်နော်”

နာနာ့ ဖခင်က ရှန်ယွီကို ကြည့်လိုက်သည်။

“ဒါပေ့ါ ။ ငါနဲ့ သူမေမေနဲ့က ဒီနှစ်တွေတစ်လျှောက်လုံး ဒီလိုပဲ ဖြတ်သန်းလာခဲ့ကြတာ...”

“ခွင့်လွှတ်ပါ ဦးလေး... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဦးလေးနဲ့ အန်တီကြားမှာဆိုရင် ဦးလေးက ဘယ်တော့မှ အမှားမရှိတဲ့သူ ဖြစ်နေမှာပါ။ တကယ်လို့ ပြဿနာတွေ ရှိလာခဲ့ရင်လည်း အန်တီကပဲ အလျှော့ပေး လိုက်လျောခဲ့လို့ ပြေလည်သွားတာမျိုး မဟုတ်ဘူးလား”

ထိုစကားကြောင့် မိခင်မှာ အံ့အားသင့်သွားကာ ရှန်ယွီကို လှည့်ကြည့်မိသွားသည်။ ဖခင်မှာလည်း ဆွံ့အသွားပြီး အချိန်အတော်ကြာအောင် စကားပြန်မဆိုနိုင်ဘဲ တစ်စုံတစ်ရာကို ငြင်းချက်ထုတ်ရန် အသည်းအသန် စဉ်းစားနေပုံရ၏။

“ဆွန်းနာနာရဲ့ အိမ်ထောင်ရေးမှာလည်း ဒီအတိုင်း ရှေ့ဆက်ချင်တယ်ဆိုရင် နာနာ့ ဘက်ကပဲ အောက်ကျနောက်ကျခံ သည်းခံနေရမှာပါ။ ဟိုဘက်က မစ္စတာကျန်းရဲ့ ထိန်းချုပ်မှုကို ခံရမယ်။ သူခိုင်းတာ လုပ်ရမယ်။ ဆဲဆိုကြိမ်းမောင်းတာတွေကို ခံရမယ်...”

“မင့် စကားကို အရမ်း ရိုင်းရိုင်းစိုင်းစိုင်း မပြောနဲ့!”

ဖခင်က အသံကို မြှင့်၍ ဟန့်လိုက်သည်။

“သူပြောတာ အမှန်တွေပဲ ပါးပါး”

“နာနာ... နင်ကတော့လေ!” မိခင်ဖြစ်သူက ဝင်ပြောသော နာနာ့လက်မောင်းကို ပုတ်လိုက်သည်။

“ကွာရှင်းတယ်ဆိုတာ အရေးတကြီး ကိစ္စမဟုတ်ပါဘူး။ ပြီးတော့ အိမ်ထောင်ရေးတစ်ခုကို တည်မြဲနေစေဖို့သက်သက်နဲ့ ဖြေရှင်းလို့မရတဲ့ ပဋိပက္ခတွေကို အတင်းအကျပ် ညှိနှိုင်းနေဖို့လည်း မလိုပါဘူး။ ပုံမှန်နေ့စဥ် ဘဝကိုတောင် ထိခိုက်လာပြီဆိုရင် အဲဒီအိမ်ထောင်ရေးရဲ့ တည်ရှိမှုက ဘာတန်ဖိုး ရှိတော့မှာလဲ။ အကျဉ်းစံနေရသလိုမျိုးလား...”

“ဒါတွေ လာပြီး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ ။ ရှောင်ကျန်းသာ မရှိခဲ့ရင် ငါ့သမီး အခုချိန်မှာ အသက်ရှင်နေပါဦးမလား”

“အဲဒီတုန်းက သူသာ သမီးကို မကယ်ခဲ့ရင် ကောင်းမှာပဲ။ သမီး သေပဲသေလိုက်ချင်တယ်။”

“နင် ဘာပြောလိုက်တယ်!”

သူမဖခင်မှာ ဒေါသထွက်သွားပြီး သူမရှိရာသို့ လက်ညှိုးငေါက်ငေါက်ထိုးကာ အနားသို့ တိုးလာသည်။

ထိုစဉ် ချန်ကျန့်နှင့် ချန်အာဟူတို့ နှစ်ယောက်စလုံးက ဘေးတစ်ဖက်တစ်ချက်စီမှ ရှေ့သို့ တစ်လှမ်းတိုးလိုက်ကြပြီး သူမဖခင်ကို ပိတ်ဆို့တားဆီးလိုက်ကြသည်။ ချန်ကျန့် အရင်ဝင်ပြောလိုက်သည်။

“ဦးလေး...ကျွန်တော်တို့ စကားကို ကောင်းကောင်းမွန်မွန်ပဲ ပြောကြရအောင်ပါ”

“ငါနဲ့ သူမေမေနဲ့ ကောင်းကောင်းပြောခဲ့တာ ဘယ်နှကြိမ်ရှိပြီလဲ။ အပိုတွေပဲ မဟုတ်လား”

ဖခင်က သက်ပြင်းချလိုက်သည်။

“ငါ့သမီးကို ငါက မချစ်ဘဲ နေမလား။ ဒါတွေအားလုံးက သူမ ဘဝကောင်းကောင်း နေနိုင်ဖို့အတွက် မဟုတ်လား”

“အဓိကအချက်က ကွာရှင်းမှသာ သူ့ ဘဝကောင်းကောင်း နေနိုင်မှာဗျ!”

ချန်အာဟူက ဆက်ပြီး အောင့်အည်းမထားနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

“ကွာရှင်းမှပဲ သူကောင်းကောင်းမွန်မွန် နေနိုင်မှာ! ဒီလောက်ရိုးရှင်းတဲ့ အမှန်တရားကိုတောင် နားမလည်နိုင်ဘဲနဲ့ ဦးလေးက နာနာ့ကို တကယ်ချစ်တယ်လို့ ပြောနိုင်သေးတာလား”

“ဒါ မင်းတို့လက်ချက်ပဲ!”

ဖခင်က သူတို့ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။

“ငါသိပြီ... ဒါ မင်းတို့တွေ မြှောက်ပေးလို့ ဖြစ်ရတာ!”

“ကျွန်မတို့သာ မရှိရင် ရှင့်သမီးဟာ ရှင့်ရဲ့ ဖျောင်းဖျမှုကို နားယောင်ပြီး ဟိုဘက်အိမ်ကို ပြန်သွားရမယ်၊ အရိုက်အနှက် ခံရမယ်၊ ဆဲဆိုကြိမ်းမောင်းတာ ခံရမယ်၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကိုပဲ ဆက်ပြီး ခံစားနေရမှာ! မိဘတွေဖြစ်ပြီးတော့ ကိုယ့်သားသမီးအကြောင်းကို တကယ်ရော စဉ်းစားပေးကြရဲ့လား!”

ဟူဖန့်ကလည်း ဝင်ပြောရင်းဒေါသထွက်လာသည်။ မိခင်ဖြစ်သူက ဆွန်းနာနာကို ကြည့်လိုက်သည်။

“သူ သမီးကို တကယ်ပဲ ရိုက်လို့လား။ သူ တကယ်ပဲ သမီးကို ဆဲလို့လား။ သူက အမြဲတမ်း သိမ်သိမ်မွေ့မွေ့ ရှိတာလေ...”

“ဒါတွေက သရုပ်ဆောင်နေတာပါ” ချန်ကျန့် ဝင်ပြောလိုက်သည်။

“သမီး အကြိမ်ကြိမ် ပြောပြီးပြီပဲ။ သူ့ကို မြင်ရတာကိုတင် သမီး ကြောက်နေပါပြီဆိုမှ!”

“ဒါပေမဲ့... အဲ့ဒါ သမီးက နေမကောင်းနေတာလေ...” မိခင်ဖြစ်သူက စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ဆိုသည်။

“အန်တီ...အန်တီနဲ့ ဦးလေးတို့ဆီမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရောဂါမျိုးရိုး ရှိဖူးသလား။ လွန်ခဲ့တဲ့ မျိုးဆက်တွေမှာရော အဲဒီလို ဖြစ်ဖူးတာ ရှိသလား”

ရှန်ယွီ စကားဝိုင်းထဲ ဝင်လာသည်။

“မရှိပါဘူး”

“ဒါဆိုရင်တော့ မျိုးရိုးဗီဇကြောင့် ဖြစ်တာကို ပယ်လို့ရပြီ ။ ဆွန်းနာနာမှာရော တစ်ခါမှ ရောဂါဝေဒနာ ခံစားခဲ့ရဖူးသလား။ ပြင်းထန်တဲ့ ရောဂါမျိုး၊ နာတာရှည် ရောဂါမျိုး ဒါမှမဟုတ် နာကျင်မှုတွေ အကြာကြီး ခံစားခဲ့ရတာမျိုး ရှိခဲ့ဖူးသလား”

“မရှိဘူး”

ဒီတစ်ခါ ဆွန်းနာနာက ဖြေသည်။ မိခင်ဖြစ်သူကလည်း ခေါင်းခါပြလေသည်။ရှန်ယွီက ဆွန်းနာနာကို ကြည့်ကာ မေးလိုက်သည်။

“စိတ်မရှိရင် ဒီဟာကိုလည်း ဖြေပေးပါအုံး ။ မစ္စတာကျန်းက မင်းကို ဘယ်လိုမျိုး ကယ်တင်ခဲ့တာလဲ”

“ကျွန်မ မြစ်ထဲ ကျသွားခဲ့တာပါ။ အဲ့တုန်းက သူက ကျွန်မကို ကယ်ခဲ့တာ”

“အဲဒီတုန်းက ဆောင်းရာသီလေ၊ ရေကန်ကြီးက ရေခဲနေတာ။ သူက ရေထဲကို မြုပ်သွားပြီ။ ရှောင်ကျန်းက သူ့လက်သီးတွေနဲ့ ရေခဲတွေကို ထုခွဲပြီး သမီးကို ဆွဲထုတ်ခဲ့တာ”

မိခင်ဖြစ်သူ၏ အသံမှာ ပြောရင်းနှင့် တုန်ယင်နေပြီး ထိုစဉ်က အဖြစ်အပျက်ကို အခုထိ ကြောက်လန့်နေဆဲဖြစ်ကြောင်း သိသာလှသည်။

“နည်းနည်းလေးသာ နောက်ကျသွားရင် သမီးလေး ရှိတော့မှာ မဟုတ်ဘူး”

ချန်ကျန့်ကတော့ အဲဒီတုန်းက နာနာက ဘာလို့ ရေခဲပြင်ပေါ် သွားရပ်နေရတာလဲဟု မေးချင်စိတ် ပြင်းပြနေသော်လည်း အချိန်အခါ မသင့်သေးဟု ယူဆသဖြင့် အောင့်အည်းထားလိုက်သည်။

သို့သော် ဟူဖန့်ကမူ ထိုသို့ မတွေးအားပေ။ သူမက လေသံတိုးတိုးဖြင့် ဝင်မေးလိုက်သည်။

“နင်က ရေခဲပြင်ပေါ်မှာ ဘာသွားလုပ်နေတာလဲ”

“ဓာတ်ပုံရိုက်မလို့ပါ” ဆွန်းနာနာကလည်း လေသံတိုးတိုးဖြင့်ပင် ပြန်ဖြေသည်။

ဟူဖန့်၏ မျက်မှောင်ကြုတ်ထားမှုမှာ ပြေလျော့သွားချိန်ပင် မရလိုက်ဘဲ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသဖြင့် မျက်နှာကို အမြန်တစ်ဖက်သို့ လွှဲလိုက်ရသည်။

“ဪ... အင်းပါ...”

“ဒါဆိုရင် မြစ်ထဲကျတာက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတာမျိုးလိုမျိုး စိတ်ခံစားချက် ပြဿနာတွေကြောင့် မဟုတ်ဘူးပေါ့”

ရှန်ယွီက သူပြောလက်စ စကားကို ဆက်လိုက်သည်။

“ဒါဆို နာနာ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ တစ်ခုတည်းသော အရင်းအမြစ်က အိမ်ထောင်ကျပြီးနောက်ပိုင်း ဘဝပဲ ဖြစ်ရမယ်...”

“မင်း ဘာကို ဆိုလိုတာလဲ။ ရှောင်ကျန်းက ငါ့သမီးကို ရူးအောင် လုပ်နေတယ်လို့ မင်းက သံသယဝင်နေတာလား”

“ကျွန်တော် သံသယဝင်နေတာ မဟုတ်ဘူး ။ ကျွန်တော် သေချာပေါက် အတည်ပြုရဲတယ်။ သူက ကျွန်တော့်သမီးကို ကယ်ခဲ့တဲ့သူ မဟုတ်ဘူးလေ။ ဒါကြောင့် သူ့အပေါ်မှာ သူရဲကောင်း ဆိုတဲ့ အမြင်နဲ့ ကျွန်တော် ဖုံးကွယ်ကြည့်မနေဘူး။ ကျွန်တော့်မှာ သူ့အပေါ် ဘက်မလိုက်တဲ့ ခွဲခြမ်းစိတ်ဖြာမှုပဲ ရှိတယ်။ တစ်ခဏမှာ သူက မင်းတို့ကို နူးညံ့တဲ့ စကားလုံးတွေနဲ့ နှစ်သိမ့်ပေးနေပေမဲ့၊ နောက်တစ်စက္ကန့်ကျတော့ လူသွားလမ်းထဲမှာ ကျွန်တော့်ကို ထိုးဖို့အထိ လုပ်နေတဲ့သူဗျ။ ဒီလိုလူစားမျိုးကို သာမန်လူတွေကတော့ လူမျက်နှာနဲ့ သားရဲစိတ်ရှိသူ ဒါမှမဟုတ် ပြုံးလျက်နဲ့ ဓားကြည့်သူ လို့ ခေါ်ကြတာပဲ...”

ရှန်ယွီ၏ စကားလုံးများမှာ အလွန်ပင် ပြတ်သားလှပြီး ပြောရင်းနှင့် ပို၍ပင် တည့်တိုးဆန်လာသည်။ နာနာ့ ဖခင်မှာ ထိုစကားကြောင့် အံ့အားသင့်လွန်းသဖြင့် စကားပင် ပြန်မပြောနိုင်တော့ပေ။

“တကယ်လို့ ဆွန်းနာနာက သူကယ်ခဲ့လို့ အသက်ရှင်နေရတာမို့ ဒီဒုက္ခတွေကို သည်းခံပြီး သူ့ကျေးဇူးကို ပြန်ဆပ်ရမယ်လို့ ဦးလေး ထင်နေတယ်ဆိုရင်...”

ရှန်ယွီက ပြောရင်း စူးနေအောင် စိုက်ကြည့်ပြီး…

“ဦး ကိုယ်တိုင်ပဲ သွားပြီး အဲဒီကျေးဇူးကို ဆပ်လိုက်ပါလား။ ဦးလေးက ကိုယ့်သမီးကို ချစ်တယ်ဆိုတာ မဟုတ်ဘူးလား” ဟု ပြောချလိုက်တော့သည် ။

“မင်း... မင်း!”

နာနာ့ဖခင်မှာ ဒေါသအလိပ်လိပ် တက်လာပြီး ရှန်ယွီ၏ မျက်နှာကို လက်ရွယ်ကာ လွှဲရိုက်လိုက်တော့သည်။ ရှန်ယွီကမူ တုပ်တုပ်မျှမလှုပ်ဘဲ ရပ်နေဆဲ။ အကဲခတ်နေသည့် ချန်ကျန့်က ချက်ချင်းပြေးသွားပြီး လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ နောက်သို့ ဆွဲဖယ်လိုက်သည်။

သူသိတာပေါ့... ရှန်ယွီသာ ရှိနေရင်၊ သူ့ပါးစပ်ကို ပိတ်ထားလို့မရရင်တောင် သူပြောသမျှကို ခံရမည့်သူ လက်ပါမလာအောင်တော့ စောင့်ကြည့်နေရမည် မဟုတ်လား။

“ငါ့ကို မဆွဲနဲ့!”

နာနာ့ဖခင်က ချန်ကျန့်ကို စိုက်ကြည့်ရင်း လက်ကို ရုန်းဖယ်ရန် ကြိုးစားသည်။

ဦးလေးရယ်... ကျွန်တော်က ရှန်ယွီကို ကာကွယ်ပေးချင်လို့ ဆွဲထားတယ် ထင်နေတာလား။ ကျွန်တော် ဆွဲထားတာက နာနာကို အားနာလို့ပါ... သူမမျက်စိရှေ့တင် အဖေက ကျွန်တော်တို့ ဘော့စ်ရဲ့ အရိုက်ကို ခံရမှာစိုးလို့ဗျ!

ချန်ကျန့်ကတော့ လက်ကို လုံးဝမလွှတ်ပေးခဲ့။ ဖခင်ကလည်း အသည်းအသန် ရုန်းကန်နေတော့သည်။ ချန်ကျန့်၏ လက်မောင်းမှာလည်း လိုက်ပါလှုပ်ရှားနေရ၏။ နောက်ခံတေးဂီတလေးသာ ပါလာရင်တော့ ဒီမြင်ကွင်းက... တကယ့်ကို ဟာသတစ်ခုလိုပါပဲ။

တကယ်လို့သာ ဒါက ဇာတ်လမ်းတိုလေး တစ်ခုဆိုရင်တော့...

“ကျွန်မ ကွာရှင်းချင်တယ်!”

ဆွန်းနာနာက ရုတ်တရက် အော်ဟစ်လိုက်သဖြင့် အခန်းထဲရှိ ရှုပ်ထွေးနေသမျှ မြင်ကွင်းတို့မှာ ချက်ချင်း ရပ်တန့်သွားသည်။

“ကျွန်မ ကွာရှင်းချင်တယ်! ကွာရှင်းချင်တယ်! ကွာရှင်းမယ်! ကွာရှင်းမယ်! ကွာရှင်းမယ်ဆို!” ဆွန်းနာနာက စားပွဲကို ထုရိုက်ရင်း အော်ဟစ်နေတော့သည်။

“ဖေဖေတို့ နားလည်လား! သမီး ကွာရှင်းချင်တယ်! ကွာရှင်းမယ်! သမီး ကွာရှင်းချင်တယ်လို့!”

သူမ၏ မိဘနှစ်ပါးစလုံးမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြ၏။

“နားလည်ကြပြီလား” ဆွန်းနာနာကလည်း သူတို့ကို ပြန်စိုက်ကြည့်သည်။

မိခင်ဖြစ်သူက ခေါင်းညိတ်ပြလိုက်မိ၏။

“ရူးနေပြီ... တကယ့်ကို ရူးနေပြီ...” ဖခင်ဖြစ်သူက တိုးတိုးလေး ရေရွတ်သည်။

“ပြန်ကြတော့ ။ ပါးတို့မှာ သမီးတစ်ယောက် မရှိဘူးလို့ဘဲ သဘောထားလိုက်ကြတော့။ တကယ်လို့ သူ့ကို မခွဲနိုင်ဘူးဆိုရင်လည်း သွားပြီး မွေးစားသားအဖြစ်ပဲ တော်လိုက်ကြပါတော့”

ဖခင်ဖြစ်သူမှာ ဘာစကားမှ ပြန်မပြောဘဲ အောင့်အည်းနေပြီးနောက် အခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ အဆောင်ထဲမှ ထွက်သွားတော့သည်။ ချန်ကျန့်က ချန်အာဟူကို တစ်ချက်ကြည့်ပြီး ခေါင်းဆတ်ပြလိုက်သည်။ ချန်အာဟူကလည်း ချက်ချင်းပင် အဓိပ္ပာယ်ကို နားလည်လိုက်ပြီး နောက်ကနေ လိုက်ထွက်သွားလေသည်။

“နာနာရယ်... စိတ်မဆိုးပါနဲ့ဦး”

မိခင်ဖြစ်သူက သတိပြန်ဝင်လာပြီးနောက် လေသံအေးအေးဖြင့် ဆိုသည်။

“ပါးပါးက သမီးကို ကွာမရှင်းစေချင်တာက အကြောင်းရှိပါတယ်။ တစ်ချက်က ရှောင်ကျန်းက သမီးကို ကယ်ခဲ့ဖူးတာရယ် နောက်တစ်ချက်က ဒီနှစ်တွေတစ်လျှောက် သူက မားမားတို့ မိသားစုကို အများကြီး ကူညီပေးခဲ့လို့ပါ။ နောက်ပြီး... ရှောင်ကျန်းက ပါးပါးကို အမြဲတမ်း တောင်းပန်နေတာလေ... ဒါကြောင့် သူက သမီးတို့ အိမ်ထောင်ရေးကို ပြန်အဆင်ပြေစေချင်တာပါ”

ဆွန်းနာနာကတော့ ဘာသံမှ ထပ်မထွက်တော့သလို မိခင်ဖြစ်သူကိုလည်း လှည့်မကြည့်တော့ပေ။

“မားမား သိပါတယ်... သမီးလည်း တော်တော်လေး ပင်ပန်းဆင်းရဲခဲ့ရမှာပေါ့...”

မိခင်ဖြစ်သူ၏ အသံမှာ ရှိုက်သံစွက်နေ၏။

“မားမား လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တကယ်တော့ သမီး ကြီးပြင်းလာတဲ့ တစ်လျှောက်လုံးမှာ မားမားတို့က သမီးကို ဆင်းရဲဒုက္ခ မပေးခဲ့ကြပါဘူး။ ဒါကြောင့် အခု အသက်သုံးဆယ် နားနီးမှတော့ ဆင်းရဲဒုက္ခတွေကို မခံစားချင်တော့ဘူး”

မိခင်ဖြစ်သူမှာ ဘာစကားမှ ထပ်မပြောတော့ပေ။

“အန်တီ... ဆွန်းနာနာ ဒီမှာ တကယ် ပျော်နေပါတယ်။ စိတ်မပူပါနဲ့ ။ ကွာရှင်းတာကတော့ သေချာပေါက် ဖြစ်လာမှာပါ။ ပြီးတော့ မစ္စတာကျန်းကိုလည်း တစ်ချက်လောက် ပြောပေးပါဦး၊ လူကြီးလူကောင်း ပီပီသသနဲ့ သိက္ခာရှိရှိ ဖြေရှင်းပါလို့။ မဟုတ်လို့ ဒီကိစ္စက ဒီထက်ပိုပြီး ကြာနေမယ်ဆိုရင် သူပဲ နာမည်ပျက်မှာပါ။ နာနာကတော့ ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူး”

မိခင်ဖြစ်သူက ပြောပြနေသော ရှန်ယွီကို ကြည့်ကာ သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။

“ချိန်းထားတဲ့ အချိန်ကျရင် မြို့ပြရေးရာရုံးကို တိုက်ရိုက်လာခဲ့ဖို့ သူ့ကို ပြောပေးပါ။ တကယ်လို့ သူ ဒီကို နောက်တစ်ခါ ထပ်လာရဲသေးတယ်ဆိုရင်တော့ ကျွန်တော်တို့ ရဲကို တိုက်ရိုက်တိုင်မှာပါ။ ပြီးတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး ကာကွယ်စောင့်ရှောက်ခွင့် အမိန့် လျှောက်ထားပါ့မယ်။ အဲဒီလျှောက်လွှာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ...နာနာဘေးကင်းလုံခြုံဖို့အတွက် သူ့ရဲ့ လုပ်ငန်းခွင်ကိုပါ အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ခိုင်းပါ့မယ်”

သူမ၏အမေသည် ဘာစကားမှ ဆက်မပြောဘဲ ဆွန်းနာနာ ကိုသာ ထပ်မံကြည့်ရှုနေပြန်သည်။

"ဦးလေးနဲ့ အန်တီကို လိုက်ပို့ပေးလိုက်ပါ"

"အန်တီ... သွားကြစို့လေ"

ရှန်ယွီ့ အမိန့်အရ ချန်ကျန့် က နာနာ့အမေ၏ ဘေးနားသို့ လျှောက်လာရင်း

"ကျွန်တော် လိုက်ပို့ပေးပါမယ်" ဟု ယဥ်ယဥ်ကျေးကျေးပဲ ပြောလိုက်သည်။

"အေးပါ"

"အာဟူ …ဦးလေး ဘယ်မှာလဲ"

ချန်ကျန့်က ဝေါကီတော်ကီ ထဲမှတစ်ဆင့် မေးလိုက်သည်။

"ခြံဝင်းထဲမှာ။ ငါ သူနဲ့အတူရှိနေတယ်"

"ကောင်းပြီ ဒါဆို အန်တီနဲ့ ကျွန်တော် အခု ဆင်းလာပြီ။ သူတို့ကို ပြန်ပို့ပေးလိုက်မယ်။"

နာနာ့ အမေသည် ဘာစကားမှမပြောဘဲ ချန်ကျန့်နောက်မှ လိုက်၍ ဓာတ်လှေကားထဲသို့ ဝင်ခဲ့သည်။ ဓာတ်လှေကား နှစ်ထပ်ခန့် ဆင်းပြီးနောက်တွင် အမေက ချန်ကျန့်ကို ကြည့်ကာ

"နာနာက ဒီမှာ ဘာလုပ်တာလဲ"

"သူက ကျွန်တော်တို့ဆီမှာ အိမ်တွင်းစီမံခန့်ခွဲရေး မန်နေဂျာ ပါ ။ မြို့က ခေါင်းဆောင်တွေ လာတဲ့အခါမှာလည်း သူကပဲ ဧည့်ခံကျွေးမွေးရေးကို တာဝန်ယူရတာပါ။"

"ဪ…နာနာ အလုပ်မလုပ်တာတောင် နှစ်အတော်ကြာပြီ..."

အမေက ခေါင်းညိတ်ရင်း ခပ်တိုးတိုးရေရွက်သည်။ ချန်ကျန့်ကတော့ ဘာမှ ပြန်မပြောခဲ့ပါ။

သူမဖခင်သည် အစက ချန်ကျန့်နှင့် ချန်အာဟူတို့၏ လိုက်ပို့ပေးမည့်ကမ်းလှမ်းချက်ကို ငြင်းဆန်ချင်ခဲ့သည်။ ဆိုင်ကယ်စီးစဉ်က ဦးထုပ်မပါသဖြင့် အေးစိမ့်သောလေကြောင့် ခေါင်းကိုက်နေ၍ ဖြစ်ဟန်တူသည်။ ချန်ကျန့်က ရှန်ယွီ၏ မာစီဒီး ကားကြီးတံခါးကို ဖွင့်ပေးလိုက်သောအခါတွင်လည်း ဖခင်က စိုက်ကြည့်နေပြီး ကားထဲဝင်မည့်ပုံ မပေါ်ပေ။

သို့သော် သူမအမေက ခေါင်းငုံ့ကာ ဖခင်ဖြစ်သူကို ကျော်တက်၍ ကားထဲသို့ ဝင်ထိုင်လိုက်သည်။ ချန်ကျန့်နှင့် ချန်အာဟူတို့ပါ ကားပေါ်တက်ပြီးမှသာ ဖခင်ဖြစ်သူက မလိုလားအပ်ပေမဲ့ ဝင်ထိုင်လိုက်တော့သည်။

"မင်း ကားတစ်ခါမှ မစီးဖူးဘူးလား!"

သူက အသံတိုးတိုးဖြင့် နာနာ့ အမေဖြစ်သူကိုပြောသေး၏။ အမေကတော့ ဆိတ်ဆိတ်သာ နေနေပါတော့သည်။ ရှေ့ခင်ပွန်းဟောင်း ကျန်း ၏ ကားမှာ ယခင်ရပ်ထားသည့် နေရာတွင် မရှိတော့ဘဲ မြို့ငယ်လေးထဲသို့ ချိုးကွေ့ဝင်သွားကာ ရဲစခန်းဘေးတွင် ရပ်ထားလေသည်။ သူ အရိုက်ခံရမည်ကို ကြောက်သောကြောင့်လားတော့ မသိ။

ဘာပဲဖြစ်ဖြစ်၊ လောင်စစ် သည် ကြည့်လိုက်ရုံနှင့်ပင် ခေါင်းမာပြီး တုံးအအနိုင်သူဖြစ်ကြောင်း သိသာနေသည်။ အခွင့်အရေးသာရပါက အတင်းခုန်အုပ်ပြီး လက်သီးနှင့် ထိုးကြိတ်မည့် လူမိုက်စားမျိုးပင်။

ချန်ကျန့် သည် ကျန်း၏ အဖြူရောင်ကားဘေးတွင် ကားကို ထိုးရပ်လိုက်သည်။

"မစ္စတာကျန်း"

ချန်ကျန့်သည် ကားပေါ်မှဆင်းကာ ကျန်းရှိရာသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"ဦးလေးနဲ့ အန်တီတို့က မင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါ့မလားလို့ ကျွန်တော် စိုးရိမ်မိလို့ ထပ်ပြောပြတာပါ။ ချိန်းထားတဲ့အချိန်ကျရင် အရပ်ဘက်ရေးရာဌာန ကို သွားလိုက်ပါ။ အဲ့ဒီကြားထဲမှာ နာနာကျဲကို ထပ်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး အမိန့်ထုတ်ပြန်ပေးဖို့ လျှောက်ထားရုံတင်မကဘဲ မင်းရဲ့ လုပ်ငန်းခွင်ကိုပါ ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုရလိမ့်မယ်။"

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား" ကျန်းက သူ့ကို စိုက်ကြည့်ရင်း မေးသည်။

"ဒါက သတိပေးတာပါ။ ကျွန်တော်တို့က ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်နေကြတာပဲ။ ဘယ်သူ့ကို ခြိမ်းခြောက်လို့ ရမှာလဲ။ အလုပ်အကိုင်ရှိတာ အထူးသဖြင့် အစိုးရဌာနတစ်ခုမှာ အလုပ်လုပ်ရတာဟာ ကောင်းတဲ့အချက်တစ်ခုပေါ့။"

ကျန်းသည် ဘာမှ ဆက်မပြောတော့ဘဲ နောက်သို့ တစ်လှမ်းဆုတ်ကာ သူ့ကို လက်ညှိုးထိုးသည်။ ချန်ကျန့်က သူ၏လက်ညှိုးကို ကြည့်လိုက်သောအခါ ကျန်းက လက်ကို အမြန်ပြန်ချလိုက်ပြီး

"အေးပါကွာ၊ မင်းတို့က လူစွမ်းကောင်းတွေပဲ" ဟု ပြောပြန်သည်။

"အဲ့လိုတော့ မပြောပါနဲ့။ မင်းလောက်တော့ မစွမ်းပါဘူး။"

ရှန်ယွီ သည် အဆောင်ထဲမှ ထွက်လာခဲ့သည်။ အစက ရုံးခန်းသို့ သွားရန် ရည်ရွယ်ထားသော်လည်း တစ်ချက်ပြန်စဉ်းစားပြီးနောက် ပထမထပ်သို့ ပြန်ဆင်းလာခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဧည့်သည် သိပ်မရှိသော်လည်း ရှေ့ကောင်တာမှ ဖုန်းမှာတော့ မြည်နေဆဲပင်။ ဝန်ထမ်းအားလုံး အလုပ်တာဝန်များ ပျက်ကွက်နေချိန်တွင် ဘာမှမသိနားမလည်သည့်ဘော့စ်ဖြစ်သူ သူကပဲ လောလောဆယ် ဝင်ရောက် ကိုင်တွယ်ပေးနေရတော့သည်။

ကျောက်ဖန်းဖန်းသည် မီးဖိုချောင်အပြင်ဘက်ရှိ ဘားကောင်တာဘေးတွင် ရပ်နေဆဲပင်။ ချန်ကျန့်တို့ လူစုခေါ်လာကတည်းက သူမ ထိုနေရာမှာ ရပ်နေခဲ့ခြင်းဖြစ်သည်။ သူမဘေးတွင် သစ်သီးလှီးဓားတစ်လက်နှင့် သစ်သီးအချို့ ရှိနေသော်လည်း ယခုအချိန်အထိ တစ်လုံးမှ မလှီးရသေးပေ။

"လိမ္မော်သီးတစ်လုံးလောက် လှီးပေးပါဦး ကျောက်ကျဲ"

ရှန်ယွီက ကောင်တာဆီသို့ လျှောက်လာပြီး ခေါက်၍ ပြောလိုက်သည်။

"ဪ... ဘော့စ်ရှန်"

ကျောက်ဖန်းဖန်းသည် အသိစိတ် ပြန်ဝင်လာဟန်တူသည်။ပြန်ထူးရင်း လိမ္မော်သီးတစ်လုံးကို ကျွမ်းကျင်စွာ ကောက်ယူကာ ခေါင်းငုံ့၍ လှီးနေတော့သည်။

"အခု အားလုံး အဆင်ပြေသွားပါပြီ။ သူတို့ကို ပြန်ပို့ပေးလိုက်ပြီ။ ဟို ကျန်း ဆိုတဲ့လူလည်း ဒီကို ထပ်လာတော့မှာ မဟုတ်ဘူး။"

"အင်း..."

ကျောက်ဖန်းဖန်းက အားတင်း၍ ပြုံးပြရင်း လှီးထားသော လိမ္မော်သီးပန်းကန်လေးကို ရှန်ယွီရှေ့သို့ တိုးပေးလိုက်သည်။

"ဒါဆိုရင်..."

"ကွာရှင်းတာကတော့ သေချာပေါက် ဖြစ်မှာပါ။ အချိန်တန်ရင် ကျွန်တော်တို့ကိုယ်တိုင် နာနာကို အရပ်ဘက်ရေးရာဌာနအထိ လိုက်ပို့ပေးမှာပါ။"

"တော်သေးတာပေါ့"

ကျောက်ဖန်းဖန်းသည် ခေါင်းငုံ့ကာ နောက်ထပ် လိမ္မော်သီးတစ်လုံးကို ကောက်ကိုင်လိုက်သော်လည်း ဆက်မလှီးဖြစ်ပေ။

ရှန်ယွီက သူမလက်ထဲက ဓားကို ကြည့်ကာ မေးလိုက်သည်။

"ဘာလဲ... တကယ်လို့ ဒီနေ့ ဟိုကျန်းဆိုတဲ့လူက လာပြဿနာရှာရင်...ကျဲကဓားသုံးဖို့ ကြံစည်ထားတာလား"

ကျောက်ဖန်းဖန်းသည် အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ ရှန်ယွီက လိမ္မော်သီးနှစ်စိတ်ခန့် စားပြီးနောက် သူမလက်ထဲမှ ဓားကို ညင်သာစွာ ယူကာ ဘေးသို့ ချထားပေးလိုက်သည်။

"အဲ့ဒီတုန်းက ကျွန်မမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး"

ကျောက်ဖန်းဖန်းက အသံတိုးတိုးဖြင့် ပြောသည်။

"တကယ်ကို မရှိခဲ့တာပါ။"

"ကျဲ ယောက်ျားကို မသန်မစွမ်းဖြစ်အောင် လုပ်ခဲ့တာ ကျဲကိုယ်တိုင်လား" ဟု ရှန်ယွီကတဲ့တိုးပင် မေးလိုက်သည်။

ကျောက်ဖန်းဖန်းက သူ့ကို ရုတ်တရက် မော့ကြည့်လာသည်။ ရှန်ယွီကလည်း သူမကို ပြန်စိုက်ကြည့်နေသည်။

"အဲ့ဒီတုန်းကသာ ကျွန်မ တာ့ယွင် မှာ အလုပ်လုပ်နေခဲ့ရင် ကောင်းမှာပဲ"

ကျောက်ဖန်းဖန်းက ခပ်တိုးတိုး သက်ပြင်းချသည်။

"ကျွန်မ ကွာရှင်းလို့မရဘူး။ သူက ကွာရှင်းရင် ကျွန်မနဲ့ ကျွန်မသမီးကို သတ်ပစ်မယ်လို့ ပြောခဲ့တာ။"

ရှန်ယွီ ဘာမှပြန်မပြောဘဲ လိမ္မော်သီး နောက်တစ်စိတ်ကို စားလိုက်ပြီးမှ

"အခုရော ဘယ်လိုလဲ။ သူ လိမ္မာနေပြီလား။" ဟု မေးသည်။

စကားပြောချိန်တွင် ကျောက်ဖန်းဖန်းက ရုတ်တရက် ပြုံးသွားသည်။

"အခုတော့ အတော်လေး ကောင်းပါတယ်။ အိမ်မှာ အလုပ်အချို့ လက်ခံလုပ်ရင် သူက ကူညီပေးတယ်။ ကလေးတွေ ထမင်းကျွေးဖို့လည်း သူပဲ လုပ်ပေးတာလေ။"

ရှန်ယွီက သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။

ကျောက်ဖန်းဖန်းနှင့် ဆွန်းနာနာ တို့သည် အခြေအနေချင်း လုံးဝကွဲပြားသူများ ဖြစ်ကြသည်။ ကျောက်ဖန်းဖန်းအတွက်မူ သူမကိုယ်တိုင် မသန်မစွမ်းဖြစ်အောင် လုပ်ခဲ့သော ထိုအမျိုးသားနှင့် ကွာမရှင်းဘဲ ခက်ခဲစွာပင် ဆက်လက်ပေါင်းသင်းနေထိုင်ရန် ရွေးချယ်ခဲ့သည်။ ထိုအမျိုးသားက ဘာတွေးနေသည်ကို မသိနိုင်သော်လည်း ကျောက်ဖန်းဖန်းအတွက်မူ အနည်းဆုံးတော့ ယခင်ကထက် အခြေအနေ ပိုကောင်းလာခဲ့သည်။ ၎င်းသည် ဖော်ပြမတတ်အောင် ငြိမ်းချမ်းလှသလို တစ်ဖက်ကလည်း ရက်စက်လွန်းလှသည်။

***

တစ်ဖက်တွင်မူ... ချန်ကျန့်သည် ကားရပ်လိုက်စဉ်က ရှေ့ခင်ပွန်းဟောင်း ကျန်း၏ကား မည်သို့ထွက်ခွာမည်ကို ထည့်မစဉ်းစားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူက ကားမောင်းသင်ကာစ လူသစ်တစ်ယောက်ဖြစ်ပြီး အဖြူရောင်ကား၏ အရှေ့တည့်တည့်တွင် ပိတ်ရပ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကျန်းသည် မာနကြောင့်လား သို့မဟုတ် အခြားအကြောင်းကြောင့်လားမသိ ကားကို ရှေ့တိုးနောက်ဆုတ် ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ကြိုးစားသော်လည်း အပြင်သို့ ထွက်မရသေးပေ။ သူကလည်း သူတို့ကို ကားဖယ်ပေးရန် အပြတ်အသတ် မတောင်းဆိုခဲ့ပေ။

နောက်ဆုံးတွင် ရဲစခန်းမှ ရဲအရာရှိပင် ထွက်လာပြီး "မင်း ဘာလုပ်နေတာလဲ" ဟု လှမ်းမေးလိုက်ရတော့သည်။

"ကျွန်တော် မတော်တဆ လမ်းပိတ်ရပ်မိသွားတာ ထင်တယ်"

"ဒါ တာ့ယွင် ရဲ့ ကားမဟုတ်ဘူးလား ။ အဲ့ဒါကို နည်းနည်းလောက် ရွှေ့ပေးလို့မရဘူးလား"

"သူက ကျွန်တော့်ကို ဖယ်ခိုင်းမှ ဖယ်မခိုင်းတာ"

"သူက သူ့ရဲ့ ကားမောင်းတဲ့ ကျွမ်းကျင်မှုကို လေ့ကျင့်နေတာပါ" ဟု ဆန်းပင်း က ဝင်ပြောသည်။

"ရဲစခန်းရှေ့မှာ ဘာကျွမ်းကျင်မှုတွေ လာလေ့ကျင့်နေတာလဲ!"

ရဲအရာရှိက အနည်းငယ် စိတ်တိုသွားကာ

"မင်းတို့တွေ ပြဿနာရှာနေကြတာလား" ဟု မေးလာတော့သည်။

"ချန်ကျန့်လည်း ဒီမှာရှိနေတာပဲ ။ ကျွန်တော်တို့ လေးယောက်တည်း မဟုတ်ပါဘူး။"

"ကျွန်တော်တို့ လေးယောက်တည်း ဆိုရင်တောင်မှ ပြဿနာရှာမှာ မဟုတ်ပါဘူး! စကားပြောတတ်အောင် ပြောစမ်းပါ!"

ချန်အာဟူက ဘုမသိဘမသိ ဝင်ပြောသော လောင်ဝူကို ကောတော့၏။ နောက်ဆုံးတွင် ရှေ့ခင်ပွန်းဟောင်း ကျန်းသည် ကားကို အပြင်သို့ ထုတ်နိုင်သွားပြီး လီဗာကို အတင်းနင်းကာ လမ်းဆုံဘက်သို့ အရှိန်ပြင်းစွာ မောင်းထွက်သွားတော့သည်။ လမ်းအဆုံးတွင် ဖုန်လုံးကြီးများသာ ကျန်ရစ်ခဲ့လေသည်။

"သွားကြစို့" ချန်ကျန့်က ပြောရင်း ကားပေါ်တက်ရန် လှည့်လိုက်သည်။

"နေဦး" ချန်အာဟူက ချန်ကျန့်ကို ဆွဲလိုက်ရင်း "ငါ မင်းကို အရင်မေးစရာ ရှိသေးတယ်" ဟု ဆိုသည်။

ချန်ကျန့် ဘာမှပြန်မပြောပေ။ ချန်အာဟူ ဘာမေးချင်သည်ကို သူ ကောင်းကောင်းသိသည်။ အကယ်၍ ဒါကို သူ ရှင်းရှင်းလင်းလင်း မပြောထားပါက ဆန်းပင်းနှင့် အခြားလူများက ကားပေါ်တွင် ဘာဖြစ်ခဲ့သလဲဟု မေးလာလျှင် တည်ငြိမ်လှသော ချန်အာဟူပင်လျှင် ဘာပြန်ပြောရမှန်း သိမည်မဟုတ်ပေ။

"ခုနကလေ..." ချန်အာဟူက သူ့ကို ဘေးသို့ ဆွဲထုတ်သွားပြီး အသံကို နှိမ့်ကာ

"မင်းတို့ တကယ်ပြောနေတာလား ဒါမှမဟုတ် ဟိုလူကြီးနှစ်ယောက်ကို ဟန်ဆောင်ပြနေတာလား"

"တကယ်ပါ"

ချန်ကျန့် အဖြေကြောင့် ချန်အာဟူ တစ်ဦးတည်း မှင်တက်သွားသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှ အဆဲစကားလုံးကို ရေရွတ်တော့၏။

"သွားကြစို့"

သူသည် အခြားသူများ၏ သဘောထားကို ဂရုမစိုက်သော်လည်း ချန်အာဟူနှင့် နှစ်ယောက်တည်း မျက်နှာချင်းဆိုင်ပြီး ဤအကြောင်းကို ပြောရသည်မှာ အနည်းငယ်တော့ အနေရခက်လှသည်။

"ငါ ဒါကို မင်းအတွက် လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းပေးထားပါ့မယ်"

ချန်အာဟူက ချန်ကျန့် ပုခုံးကို ပုတ်ရင်း တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

"မလိုပါဘူး"

ချန်အာဟူ တစ်ယောက် နောက်တစ်ကြိမ် ထပ်မံမှင်သက်သွားပြန်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သူက နောက်တစ်ခါ ထပ်၍ ဆဲပါတော့သည် ။
_____________________________________________________________________

Comments

  1. တအားသဘောကျပဲ။ကြုံကြိုက်တုန်း ဖွင့်ချလိုက်တာ။တအားဂေါ်သော အတွဲ

    ReplyDelete
  2. ဘယ်တုန်းထဲက ဖွင့်ချချင်နေတာလဲ သူတို့က

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...