အပိုင်း (၁၀၉)
ချန်အာဟူ၏ တုန်လှုပ်မှုမှာ အတော်ကြာသည်အထိ မပြယ်သေးပေ။ သူ ကားဆီသို့ လျှောက်သွားသောအခါ ခြေလက်များမှာ တောင့်တင်းနေပြီး သဘာဝကျအောင် အတင်းအားတင်း လုပ်ယူနေရသည်။
"မင်းတို့ သုံးယောက်က ဆိုင်ကယ်တွေနဲ့ပဲ ပြန်လိုက်ကြမလား"
ချန်ကျန့် က စကားလမ်းကြောင်းလွှဲကာ ဆန်းပင်း ကို မေးလိုက်သည်။
"မင်းက မာစီဒီး ကားကြီးနဲ့တောင် လာတာပဲလေ! ငါတို့က ဘာလို့ ဆိုင်ကယ်စီးရမှာလဲ! ဒီလိုကားမျိုး တစ်ခါမှ မစီးဖူးသေးဘူး!"
လောင်စစ်က ဝင်ပြောသည်။
"မင်းတို့ ဆိုင်ကယ်တွေကို ဒီအတိုင်း ပစ်ထားခဲ့တော့မလို့လား"
"ချန်ကျန့် မင်းကလည်း အ တာပဲလား။ အားတဲ့အချိန်ကျမှ လမ်းလျှောက်လာပြီး ပြန်ယူလိုက်ရုံပေါ့ ။ ရဲစခန်းရှေ့မှာ ရပ်ထားတာပဲ။ ဘယ်သူမှ ခိုးသွားမှာ မဟုတ်ပါဘူး။"
"ဒါဆိုလည်း ပြီးရော။ တက်ကြလေ။"
ခြေလက်များ တောင့်တင်းနေဆဲဖြစ်သော ချန်အာဟူမှာ ရှေ့ခန်းတွင် ဝင်ထိုင်သည်။ ဆန်းပင်းနှင့် ကျန်နှစ်ယောက်မှာ နောက်ခန်းတွင် ထိုင်ကြသည်။ ချန်ကျန့်သည် ချန်အာဟူ၏ ခန္ဓာကိုယ် ပြန်လည်ပြေလျော့လာစေရန် မျှော်လင့်ချက်ဖြင့် ကားအတွင်းရှိheater ကို အမြင့်ဆုံးအဆင့်အထိ တင်ပေးလိုက်သည်။
“မင်းတို့ ခုနက ဟိုကျန်းဆိုတဲ့လူနဲ့ ဘာပြဿနာဖြစ်သေးလဲ"
"ဘာမှမဖြစ်ပါဘူး။ သူက ငါတို့ကို စိုက်ကြည့်နေတာ ကြည့်ပဲကြည့်နေတာ။ ဒါပေမဲ့ ငါတို့က သူ့ကို ပြန်ကြည့်လိုက်ရင် ချက်ချင်း မျက်နှာလွှဲသွားပြီး ဘာမှဂရုမစိုက်သလို ဟန်ဆောင်နေတာ။ တော်တော် ဟန်ဆောင်ကောင်းတဲ့ကောင်ပဲ။ နာနာက အစကတည်းက သူ့မှာ ဘာကိုမြင်ပြီး ကြိုက်ခဲ့တာလဲ မသိပါဘူး။"
"သူက နာနာရဲ့ အသက်ကို ကယ်ခဲ့ဖူးတာလေ" ဟု ချန်အာဟူက ဆိုသည်။
"ဟေ... ဟုတ်လား"
လောင်ဝူသည် ရှေ့ခန်းထိုင်ခုံနောက်ကျောမှတစ်ဆင့် ချက်ချင်း ကိုယ်ကိုကိုင်းကာ မေးတော့သည်။
"သူက ဘယ်လိုကယ်တာလဲ။ ဘာဖြစ်ခဲ့လို့လဲ။"
"နာနာက ရေခဲပြင်ပေါ်မှာ ဓာတ်ပုံရိုက်နေရင်း ရေခဲပြင်ကွဲပြီး မြစ်ထဲကျသွားတာ ။ အဲ့ဒီကျန်းဆိုတဲ့လူက သူ့ကို ကယ်ခဲ့တာ။ နာနာအမေ ပြောပြပုံအရဆိုရင် သူက တကယ့်ကို အသက်နဲ့ရင်းပြီး ကယ်ခဲ့တာတဲ့ လက်သီးတွေနဲ့ ရေခဲတွေကို ထိုးခွဲပြီးတော့လေ... အဲ့ဒီနောက်ပိုင်းမှ သူတို့ ညားသွားကြတာထင်တယ်။ လူတစ်ယောက်ရဲ့ အကောင်းအဆိုးကို ဒီလိုကိစ္စမျိုးနဲ့တော့ တိုင်းတာလို့ မရဘူးပေါ့ကွာ..."
"ဪ... အဲ့လိုလား" လောင်ဝူက စဉ်းစားခန်းဝင်သွားသည့်ပုံစံဖြင့် နားထောင်နေသည်။
"ဘာမှ လျှောက်မတွေးနဲ့ဦး" ဆန်းပင်းက လောင်ဝူကို သတိပေးလိုက်သည်။
"ဒါမျိုးကို ကံကြမ္မာလို့ ခေါ်တာ။ သာမန်လူတွေမှာ အမြဲမဖြစ်တတ်ဘူး။"
"ဒါဆိုရင်..." လောင်ဝူက စဉ်းစားနေတုန်းပင် ရှိသေးသည်။
"ဒါဆိုရင်တွေ ဘာတွေ လုပ်မနေနဲ့။ မင်းက ကောင်မလေးတစ်ယောက်ကို လိုက်ဖို့အတွက် ဒီလိုအခြေအနေမျိုးကို တမင်ဖန်တီးဖို့ ကြံစည်နေရင်တော့ အဲ့ဒါ လူသတ်မှုပဲ"
ချန်ကျန့်က လှမ်းပြောလိုက်လေသည်။
"ငါ အဲ့လို မတွေးပါဘူးကွ!" လောင်ဝူ က ပြန်အော်ပြောလိုက်သည်။
"သတိပေးရုံတင်ပါ။”
မင်း ငါ့ကိုပဲ တကောက်ကောက် လိုက်ပိတ်ပင်နေတာပဲ"
လောင်ဝူက ချန်ကျန့်ကို မကျေမနပ်ဖြင့် ထိုင်ခုံနောက်ကျောသို့ ပြန်မှီလိုက်ရင်း ပြောသည်။
"ငါက မင်းအတွက် စိုးရိမ်လို့ပါ" ချန်ကျန့်က နောက်ကြည့်မှန်မှတစ်ဆင့် သူ့ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
"နာနာရဲ့ အမေ မျက်လုံးတွေ နီနေတာ ငါတွေ့တယ်"
"အဆူခံလိုက်ရလို့လား ။ ဘယ်သူက ဆူမှာလဲ" လောင်ဝူက မေးသည်။
"ရှန်ယွီ ပေါ့ကွ! တခြား ဘယ်သူရှိဦးမှာလဲ! တာ့ယွင် မှာ ဘယ်သူက နာနာရဲ့ မိဘတွေကို ဆူရဲမှာလဲ။ ရှန်ယွီ တစ်ယောက်ပဲ ရှိတာ။ လူကျွင်းကသာ သူနဲ့ သွားမရှုပ်မိလိုက်လို့ ကံကောင်းသွားတာ။ မဟုတ်ရင်တော့ သူက မြို့တော်ခေါင်းဆောင် ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ရှန်ယွီက ဂရုစိုက်နေမှာ မဟုတ်ဘူး။"
လောင်စစ်က အားပါးတရကို ပြောနေတော့၏။
"တကယ်တော့ ဆူတာမျိုးတော့ မဟုတ်ပါဘူး။ ရှန်ယွီက တော်တော်လေး အောင့်အီးသည်းခံခဲ့ရတယ်လို့ ငါထင်တယ်" ချန်အာဟူက ဝင်ပြောသည်။
"အဓိကကတော့ နာနာရဲ့ မိဘတွေက တော်တော် ဒေါသထွက်ဖို့ကောင်းတာကိုး၊ အထူးသဖြင့် အဖေပေါ့! ငါတောင် သူ့ကို ထိုးပစ်ချင်စိတ် ပေါက်သွားတယ်။"
"ဒါနဲ့ အခု အခြေအနေက ဘယ်လိုလဲ။ ပြေလည်သွားပြီလား။" ဆန်းပင်းက မေးသည်။
"ပြေလည်သွားတယ်လို့ပဲ ထင်တာပဲ" ချန်အာဟူက ချန်ကျန့်ကို လှမ်းကြည့်ရင်း
"ရှန်ယွီရဲ့ အစီအစဉ်အရဆိုရင်တော့ ကွာရှင်းမှုသာ မဖြစ်မြောက်ခဲ့ရင် ဟိုကျန်းဆိုတဲ့ကောင် အလုပ်ပြုတ်သွားလိမ့်မယ်။ အဲ့ဒီလိုလူမျိုးကတော့ အခုလောက်ဆို လိမ္မာသွားလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကွာရှင်းလိုက်ရင်လည်း သူက အကျိုးအမြတ် အများကြီး ရဦးမှာကိုး"
"အင်း။ သူ တကယ်လာ မလာဆိုတာပဲ စောင့်ကြည့်ရတော့မှာပေါ့။ “
“တကယ်လို့ သူ မလာရင်တော့ ငါတို့ သွားဖမ်းခေါ်မယ်။ ခုနကတည်းက ငါ သူ့ကို ဖမ်းချင်နေတာ! ဆန်းပင်းက မလွှတ်လို့!"
လောင်စစ်က ပြောရင်း စိတ်ဓာတ်တက်ကြွနေ၏။
"ရဲစခန်းရှေ့မှာ လူသွားထိုးဖို့ မင်းက ဘာတွေတွေးနေတာလဲ ။ ငါတို့ အဲ့ဒီမှာ ရပ်လိုက်တာနဲ့ နံရံပေါ်က စောင့်ကြည့်ကင်မရာ က ငါတို့ဘက်ကို လှည့်လာတာ မင်းမမြင်ဘူးလား!"
ဆန်းပင်းပြန်အော်သည်။
တာ့ယွင်ကို ပြန်ရောက်တော့ ရှေ့ကောင်တာမှာ ထိုင်နေသည့် ရှန်ယွီကလွဲလို့ ပထမထပ်မှာ ဘယ်သူမှ မရှိကြတော့ဘူး။
"အားလုံး ဘယ်ရောက်ကုန်ကြတာလဲ"
ရှေ့ကောင်တာဆီ လျှောက်သွားရင်း ချန်ကျန့်က မေးလိုက်သည်။
"ကျောက်ဖန်းဖန်းက ဈေးဝယ်ထွက်သွားတယ်။ အစ်မကြီးဟွမ်က ဒုတိယထပ်မှာ သန့်ရှင်းရေးလုပ်နေတယ်။ ဟူဖန်နဲ့ ဆွန်းနာနာတို့ကတော့ အဆောင်မှာပဲ ရှိနေတုန်းထင်တယ်"
ရှန်ယွီက ဆိုရင်း ဖုန်းလက်ခံမှတ်တမ်းကို ချန်ကျန့်ရှေ့ တိုးပေးလိုက်သည်။
"ငါ ဖုန်းနှစ်ကောလ် လက်ခံထားတယ်။ မန်နေဂျာကြီး၊ တစ်ချက်လောက် ကြည့်ပေးပါဦး။"
မေးခွန်း - ကုမ္ပဏီအဖွဲ့လိုက် ပျော်ပွဲရွှင်ပွဲဂိမ်းတွေဆော့ဖို့ လက်ခံပါသလား။ လူ ၁၅ ယောက်လောက်ပါ။ အခန်းခနဲ့ အစည်းအဝေးခန်း ငှားရမ်းခတွေ သိချင်ပါတယ်။
အဖြေ - လက်ခံပါတယ်။ အခန်းခတော့ သေချာမသိဘူး။ အစည်းအဝေးခန်းခလည်း သေချာမသိဘူး။
မေးခွန်း - ဧည့်ကြိုကောင်တာက ဘာမှမသိဘူးလား။
အဖြေ - လိုအပ်ချက်ပေါ် မူတည်ပါတယ်။ အသေးစိတ်ကို မန်နေဂျာနဲ့ ဆက်သွယ်ပါ။ (မန်နေဂျာရဲ့ ဖုန်းနံပါတ် ပေးလိုက်သည်။)
နောက်ထပ် ဖုန်းတစ်ကောလ်ကတော့ ဘာမှမသိတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အခုချိန် ခရီးသွားတွေ အများကြီးရှိလားလို့ လာမေးတာဖြစ်ပြီး၊ သိပ်မရှိပါဘူးလို့ပဲ ပြန်ဖြေထားပါတယ်။
ချန်ကျန့်က ရှန်ယွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဘယ်လိုလဲ"
"အခု ကျွန်တော့်ကို ချီးကျူးခိုင်းနေတာလား"
ချန်ကျန့်က ပြန်မေးလိုက်သည်။
"ဘော့စ် ရဲ့ တက်ကြွမှုကို လာပြီး စိတ်မပျက်စေနဲ့လေ"
"ကျွန်တော်..."
ချန်ကျန့် စကားပြောမည့်ဆဲဆဲမှာပင် သူ၏ဖုန်း မြည်လာသည်။ နယ်ဝေးမှ စိမ်းနေသော ဖုန်းနံပါတ်တစ်ခုဖြစ်ပြီး ရှန်ယွီ ပေးလိုက်သည့် နံပါတ်ဖြစ်ဟန်တူသည်။ သူ ဖုန်းကို ကိုင်လိုက်ပြီး "ဟယ်လို" ဟု နှုတ်ဆက်လိုက်သည်။ ရှန်ယွီကတော့ ထိုင်နေရာမှ ထကာ အကြောဆန့်ပြီး ဓာတ်လှေကားဘက်သို့ လှည့်လျှောက်သွားတော့သည်။
ဖုန်းပြောပြီးသွားသောအခါ ဆန်းပင်းနှင့် အခြားလူများ ပျောက်ကွယ်သွားသည်ကို ချန်ကျန့် တွေ့လိုက်ရသည်။ ရှေ့ကောင်တာတွင် ချန်အာဟူတစ်ယောက်သာ ထိုင်ကျန်ရစ်ခဲ့သည်။
"အားလုံး ဘယ်ရောက်ကုန်ကြတာလဲ"
"သူတို့ နာနာကို သွားကြည့်ကြတယ်" ချန်အာဟူက သူ့ကို ကြည့်ရင်း ပြောသည်။
"ချန်ကျန့်..."
"အင်း" ချန်ကျန့်က ထူးလိုက်သည်။
"ငါ ဆန်းပင်းတို့ဆီမှာ ဘယ်လိုရှင်းပြရမလဲ"
ချန်အာဟူက မျက်မှောင်ကြုတ်ရင်း အတော်လေး စိုးရိမ်ပူပန်နေပုံရသည်။
"ငါ စဉ်းစားနေတာကတော့... အရင်ဆုံး သူတို့ရဲ့ သဘောထားကို စမ်းကြည့်မယ်။ ပြီးမှ အဲ့ဒီအကြောင်းအရာကို အရိပ်အမြွက်လေး စပြောမယ်။ အဲ့ဒီနောက်မှ..."
"အာဟူ အာဟူ" ချန်ကျန့်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး ရိုးရိုးသားသားပင် ဆိုလိုက်သည်။
"တိုက်ရိုက်ပဲ ပြောလိုက်ပါ။ မင်းပြောဖို့ ခက်နေတယ်ဆိုရင်လည်း ငါကိုယ်တိုင်ပဲ သွားပြောလိုက်ပါ့မယ်။"
"မဖြစ်ဘူး။ မဖြစ်ဘူး။ အဲ့ဒါဆိုရင် ရုတ်တရက်ကြီး ဖြစ်သွားလိမ့်မယ်"
ချန်အာဟူက လက်ကာပြရင်း ငြင်းသည်။
"ငါ့လူတွေအချင်းချင်း ငါပဲပြောပြတာက ပိုပြီး သဘာဝကျပါတယ်ဟ။"
"ဒါဆိုလည်း မင်းသဘောအတိုင်းသာ လုပ်ပါတော့"
ချန်ကျန့်က အားကိုးရာမဲ့သလို လေသံဖြင့် ဆိုသည်။
"ဒါဆို ငါ အဆင့်ဆင့် စီစဉ်ထားတဲ့အတိုင်းပဲ ပြောလိုက်မယ်နော်"
ချန်အာဟူက သူ့ကို သေချာအောင် ထပ်ကြည့်သည်။
"အင်း" ချန်ကျန့်က ခေါင်းညိတ်ပြသည်။
"ငါ တကယ်ပြောတော့မှာနော်" ချန်အာဟူက နောက်ဆုံးအကြိမ် ထပ်မံအတည်ပြုသည်။
"အေးဆို”
"ဒါဆိုရင် သူတို့ အပေါ်က ဆင်းလာတဲ့အခါကျရင် ငါ ပြောပြလိုက်တော့မယ်"
ချန်အာဟူကသူကိုယ်တိုင်ပဲ ဝန်ခံရတော့မည့်အလား ပြတ်သားသော ဆုံးဖြတ်ချက်ချလိုက်သည့်ဟန်ဖြင့်
"ငါ တကယ်ကြီး ပြောလိုက်တော့မှာနော်" ဟု ထပ်ဆိုသည်။
"ငါ တောင်းပန်ပါတယ်။ ပြောသာပြောလိုက်ပါတော့။ မင်း အပြင်မှာ အသံချဲ့စက်ကြီးနဲ့ လိုက်အော်မပြောသရွေ့တော့ ငါတို့လူတွေကို မင်းကြိုက်သလိုသာ ပြောပါတော့ကွာ။"
"အေးပါ" ချန်အာဟူက ခေါင်းညိတ်သည်။
"ဒီမှာ ခဏလောက် ကြည့်ပေးထားဦး။ ငါ အပေါ်တက်ပြီး သွားကြည့်လိုက်ဦးမယ်။"
"အင်း"
ချန်အာဟူက ကောင်တာပေါ်ရှိ မှတ်တမ်းစာအုပ်နှင့် မှတ်စုစာအုပ်ကို သေသေသပ်သပ် စီလိုက်ပြီး ဝင်ထိုင်လိုက်သည်။ ချန်ကျန့်ကတော့ ဓာတ်လှေကားကို မစီးတော့ပေ။ စောင့်ရမှာ ပျင်းသည့်အတွက် လှေကားမှတစ်ဆင့် စတုတ္ထထပ်သို့ ပြေးတက်သွားတော့သည်။
သူ လူသွားလမ်းဘက်သို့ ချိုးကွေ့ဝင်လိုက်သည်နှင့် ဆန်းပင်းက ခြေသံကိုကြားပြီး အဆောင်ထဲမှ ခေါင်းပြူထွက်လာသည်။
"ချန်ကျန့်။"
"အင်း။" ချန်ကျန့်က ခေါင်းလှည့်ပြီး ထူးလိုက်သည်။
"မင်း တကယ် လန်းတယ်ကွာ"
ဆန်းပင်းက လက်မထောင်ပြပြီး အထဲသို့ ပြန်ဝင်သွားသည်။
သူတို့အားလုံး သိသွားကြပြီဖြစ်ဟန်တူသည်။ အောက်ထပ်တွင် "သူ့လူတွေ" ကို ဘယ်လိုရှင်းပြရမလဲဆိုပြီး အစီအစဉ်တွေ အားတက်သရော ဆွဲနေရှာသည့် ချန်အာဟူအတွက် ချန်ကျန့် စိတ်မကောင်းဖြစ်မိသွားသည်။ သူခမျာ အချိန်အတော်ကြာအောင် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ခဲ့သမျှ အလကား ဖြစ်သွားရရှာပြီ။ ကာယကံရှင်တွေထက်တောင် သူက ပိုပြီး ရင်ခုန်ပူပန်ပေးနေခဲ့တာ။
အခြားကာယကံရှင်ဖြစ်သူကတော့ အတော်လေးကို စိတ်အေးလက်အေး ရှိလှသည်။ ယခုအချိန်တွင် သူသည် မှန်အိမ်ရှေ့မှာ ရပ်ပြီး အာ့ကော ပိုးကောင်စားနေသည်ကို အရသာခံကြည့်နေသည်။
"သူတို့ကို သွားပို့တော့ တခြားပြဿနာတွေ ဘာတွေ ထပ်ဖြစ်သေးလား"
"မရှိပါဘူး။ ဒါပေမဲ့ ဟိုကျန်းဆိုတဲ့လူက သူ့ကားကို ရဲစခန်းဝင်ပေါက်မှာတောင် သွားရပ်ထားသေးတယ်... သူက တော်တော် သူရဲဘောကြောင်တဲ့ကောင်ပဲ။ တစ်ခုခုဆို ကြောက်နေတုန်းပဲ။"
"ဆွန်းနာနာကတော့ နောက်လ ၃ရက်နေ့ကို ချိန်းလိုက်ပြီ။ အဲ့ဒီအချိန်ကျရင် သူနဲ့အတူ ဘယ်သူတွေကို လိုက်ပို့ပေးလို့ရမလဲဆိုတာ ကြည့်ထားလိုက်ဦး။"
"အင်း"
ချန်ကျန့်က သူ့ဘေးနားရှိ ဗီရိုကို မှီကာ ရှန်ယွီကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
ခုနလေးတင်က လူတွေအများကြီးနှင့် ဟိုပြေးဒီပြေး ရှုပ်ယှက်ခတ်နေခဲ့သည်။ ချန်အာဟူက ထိုအကြောင်းကို လာပြောစဉ်ကလည်း သူ သိပ်ပြီး ခံစားချက်မရှိခဲ့ပေ။ အခုလို အရာအားလုံး တိတ်ဆိတ်သွားပြီး ရှန်ယွီနှင့် မျက်နှာချင်းဆိုင်လိုက်ရချိန်မှသာ သူတို့နှစ်ယောက်ကြားက အခြေအနေမှန်ကို ရုတ်တရက်ကြီး လက်တွေ့ဆန်စွာ ခံစားလိုက်ရတော့သည်။
"Sh**t"
သူက ချန်အာဟူလိုပင် အံ့အားသင့်တုန်လှုပ်သော အာမေဍိတ်သံကို ထုတ်ဖော်လိုက်မိသည်။
"ဘာဖြစ်လို့လဲ" ရှန်ယွီ က ပြုံးလျက် မေးသည်။
"မင်းတကယ်ကြီး အဲ့လို ပုံစံနဲ့ ထုတ်ပြောလိုက်တာလား”
“မဟုတ်လို့ ဘယ်လိုပြောရမှာလဲ။ ဟိုကျန်းဆိုတဲ့ကောင်ဘက်ကိုတော့ ဂရုမစိုက်လို့ ရပေမဲ့၊ ဆွန်းနာနာရဲ့ မိဘတွေကိုတော့ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ထားရမယ်လေ။ ပြီးတော့ ငါက စကားတွေ အများကြီး ပြောပြီး အမောမခံချင်ဘူး။"
"အင်းပါ" ဟု ချန်ကျန့်က ပြန်ပြောသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သူက တဟားဟားနှင့် ရယ်မောလိုက်တော့သည်။
"မင်း အဆိပ်မိသွားတာလား။"
ရှန်ယွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"မဟုတ်ပါဘူး" ချန်ကျန့်က ခဏလောက်စဉ်းစားပြီး ထပ်ပြုံးလိုက်ပြန်သည်။
"ဒါက... ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီနေ့က တကယ့်ကို ရင်ခုန်စရာတွေချည်းပဲ..."
"မနာလိုဖြစ်နေတုန်းပဲလား" ရှန်ယွီက မေးသည်။
"အဲ့ဒါက တခြားစီပါ"
ရှန်ယွီက သူ့ကို လှည့်ကြည့်သည်။
"ဪ... နေဦးလေ"
ချန်ကျန့်က ထပ်ပြီး မရယ်ဘဲမနေနိုင်တော့ပေ။ သူသည် ရှန်ယွီအနားသို့ သွားကာ ဖက်လိုက်ပြီး ရှန်ယွီ၏ လည်ပင်းကို အားပါပါဖြင့် နမ်းလိုက်တော့သည်။
အလုပ်ချိန်အတွင်း ချစ်တင်းနှောခြင်း မပြုရ။ ယခင်ကဆိုလျှင် ရုံးခန်းထဲမှာ ခေတ္တမျှ ကြာအောင်နေမိသည့်တိုင် အလုပ်ကိစ္စတင်ပြသည်ဟု အကြောင်းပြချက်ပေး၍ ရသဖြင့် လူမိမည်ကို သိပ်မစိုးရိမ်ခဲ့ရပေ။ သို့သော် ယခုမူ သူတို့တကယ်ပင် အလုပ်ကိစ္စ ပြောနေကြသည်ဆိုဦးတော့၊ ဝက်ခြံအဖွဲ့ကတော့ သူတို့နှစ်ယောက် အထဲမှာ တစ်ခုခုလုပ်နေကြသည်ဟုသာ ထင်ကြပေလိမ့်မည်။ အထူးသဖြင့် ဤကိစ္စမှာ လူသိရှင်ကြား ဖြစ်သွားပြီးခါစ မဟုတ်ပါလား။
ထို့ကြောင့် ချန်ကျန့်သည် ရုံးခန်းထဲတွင် အကြာကြီး မနေခဲ့ပေ။ ရုံးခန်းထဲမှ ထွက်လာသောအခါတွင်လည်း "အလုပ်လုပ်နေပါတယ်" ဆိုသည့် အရှိန်အဝါမျိုး အတင်းဖန်တီးထားရသေးသည်။ သူသည် အဆောင်ဘက်သို့ အရင်သွားကြည့်ရာ ဆန်းပင်းနှင့် အခြားလူများမှာ အောက်ထပ်သို့ ဆင်းသွားကြပြီဖြစ်သည်။ ဟူဖန် နှင့် ဆွန်းနာနာ တို့မှာမူ ဧည့်ခန်းလေးထဲတွင် မိတ်ကပ်ပြင်နေကြသည်။
သူဝင်လာသည်ကို မြင်သောအခါ ဟူဖန်က ပြုံး၍
"ဘာများ မေးချင်လို့လဲမန်နေဂျာ” ဟု ဆိုသည်။
"ဘာမှ မဟုတ်ပါဘူး" ချန်ကျန့်က ပြုံးလျက် ပြန်ဖြေသည်။
"ကျွန်မတို့ သူတို့ကို ပြောပြလိုက်ပြီ။ သူတို့ သိပ်ပြီး ထူးထူးခြားခြား တုံ့ပြန်တာမျိုး မရှိပါဘူး။"
"လောင်ဝူ ဆိုရင် နားတောင် လည်ရဲ့လားမသိဘူး" ဟု ဆွန်းနာနာက ဝင်ပြောသည်။
"သူက အဲ့ဒီလောက်ထိတော့ မတုံးပါဘူး။ ခဏတော့ မှင်တက်သွားတာပေ့ါ။ ချန်အာဟူကို ကြည့်ပါဦး၊ ခုနက သူ ဘာမှမဖြစ်သလိုပဲ။ မသိတဲ့လူဆိုရင် သူ ကြိုသိနေတာလို့တောင် ထင်ရတယ်။"
"ကျဲရော အဆင်ပြေရဲ့လား" ချန်ကျန့်က ဆွန်းနာနာကို လှမ်းမေးလိုက်သည်။
"စိတ်ထဲမှာ တော်တော်လေး ပေါ့ပါးသွားပြီ"
ဆွန်းနာနာက ပြောရင်း သူမ၏ လက်သန်းလေးဖြင့် ဆံနွယ်များကို နားနောက်သို့ သပ်တင်လိုက်သည်။
"တိုက်ပွဲတစ်ခုကို အောင်နိုင်လိုက်ရသလို ခံစားနေရတယ်လေ။"
"အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့"
ချန်ကျန့်က တံခါးဘောင်ကို မှီရပ်ရင်း ဆိုသည်။ အခုမှပဲ သူ မေးခွင့်ရတော့သည်။
"ဟိုတစ်ခါ မင်း မြစ်ထဲကျသွားတဲ့ ကိစ္စကလေ..."
"မင်းကလည်း သူတို့တွေလိုပါပဲလား" ဆွန်းနာနာက ရယ်တော့သည်။
"အားလုံးက ဒါကိုပဲ လာမေးနေကြတယ်!"
"ဒါက လူတိုင်းက အတင်းအဖျင်း စိတ်ဝင်စားကြတယ်ဆိုတာကို ပြတာပေါ့ ဒါမှမဟုတ်ရင်တောင်..."
ဒါကို ဇာတ်လမ်းတိုလေးတောင် ရိုက်လို့ရတယ် ဟု ချန်ကျန့်တွေးလိုက်မိသည်။ သို့သော် ဆွန်းနာနာက သူ့ကို ထထိုးမည်ကို စိုးရိမ်သဖြင့် စကားကို အချိန်မီ ရပ်လိုက်ရသည်။
"အဲ့ဒါက အရင်တုန်းကလေ၊ ကျွန်မ ကျောင်းပြီးကာစပေါ့" ဆွန်းနာနာက သက်ပြင်းချသည်။
"ရေခဲနေတဲ့ မြစ်ကို ဓာတ်ပုံသွားရိုက်တာ။ ပုံကောင်းကောင်းရဖို့ဆိုရင် မြစ်အလယ်လောက်အထိ သွားရတာလေ။ ကျွန်မ လျှောက်သွားတဲ့နေရာက ရေခဲက သိပ်မခဲသေးတော့ ကျွံကျသွားတာ။"
"အဲ့ဒီတုန်းက မင်းတို့နှစ်ယောက်က မသိကြသေးဘူး မဟုတ်လား" ချန်ကျန့်က မေးသည်။
"အင်း၊ သူလည်း အဲ့ဒီမှာ ဓာတ်ပုံလာရိုက်နေတာ" ဆွန်းနာနာက သက်ပြင်း ထပ်ချပြန်သည်။
"သူ ကျွန်မကို ကယ်ခဲ့တဲ့ ကိစ္စကတော့... အဲ့ဒီတုန်းက သူက တကယ့်ကို လူကောင်းတစ်ယောက်လို့ ထင်ရတာ။ ကျွန်မကို အပေါ်ရောက်အောင် တွန်းတင်ပေးပြီးတော့ တခြားလူတွေသာ လာမကူရင် သူကိုယ်တိုင်တောင် ပြန်တက်နိုင်ပါ့မလား မသိဘူး... အဲ့ဒီအချိန်တုန်းကတော့ ကျွန်မ သူ့ကို သူရဲကောင်းတစ်ယောက်လို တကယ်ကို အထင်ကြီးခဲ့မိတာ။"
"အခုလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မသိနိုင်ခဲ့ဘူးလေ" ဟု ချန်ကျန့်က နှစ်သိမ့်လိုက်သည်။
"ကျွန်မတို့ ခုနကပဲ ပြောနေကြတာ" ဟု ဟူဖန်က ဝင်ပြောသည်။
"ဒီအကြောင်းအရာက ဇာတ်လမ်းတိုတွေအတွက် ကုန်ကြမ်းကောင်း တစ်ခုပဲနော်။"
မင်းကတော့ ပြောပြီ... ဟု ချန်ကျန့် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ချန်ကျန့်က ဆွန်းနာနာကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဇာတ်လမ်းကို နည်းနည်းလေး ပြောင်းလို့ရတာပဲ အရင်ဆုံး ကုန်ကြမ်းတွေ စုထားမယ်လေ ။ ဇာတ်ညွှန်းကို ကျွန်မ ရေးပေးမယ်။"
ဆွန်းနာနာက အားတတ်သရောဝင်ပြောသည်။
"မင်းတို့ကလည်း..." ချန်ကျန့်က ဝေခွဲမရဖြစ်နေဟန်ဖြင့်
"တကယ်ကြီး ရိုက်ကြမလို့လား" ဟု မေးလိုက်သည်။
"ဟုတ်တယ်လေ၊ ရာသီကုန်လို့ လူနည်းသွားတဲ့အချိန်ကျရင် ရိုက်ဖို့ အချိန်ရပြီ"
ဟူဖန်က လက်ခုပ်တီးရင်း ပြောသည်။
"တော်တော်ပျော်ဖို့ကောင်းမှာ။ တာ့ယွင် ရဲ့ 'ကျန်းဟူ' ပေါ့။ ငါတို့အားလုံးက အရည်အချင်းတွေကို ဝှက်ထားတဲ့ သိုင်းဆရာကြီးတွေပေါ့။ ဒီက ရှုခင်းတွေကလည်း ရိုက်ကွင်းအတွက် သင့်တော်တယ်လေ။"
"နန်းတွင်းသိုင်းကား လား" ချန်ကျန့်က မေးသည်။
"အဲ့ဒါလည်း မဖြစ်နိုင်တာမှ မဟုတ်တာ။ ငါတို့ဆီမှာ အခင်းဟောင်းတွေ၊ စောင်စွပ်ဟောင်းတွေ အများကြီး ရှိတာပဲ။ သိုလှောင်ရုံထဲမှာ အပုံလိုက်ပဲ။ အဲ့ဒါတွေကိုပဲ ကိုယ်မှာ ပတ်ထားလိုက်ရင်..."
"ဒါဆိုရင် ဘယ်လိုပုံစံကြီး ထွက်လာမှာလဲ" ချန်ကျန့် မှင်တက်သွားသည်။
"တာ့ယွင်ရဲ့ သိုင်းလောကဆီကို ခေတ်ကျော်သွားတာပေါ့။ အိပ်ရာခင်း ဝတ်စုံတွေက ခဏလေးပဲ ပါမှာပါ။ မပူပါနဲ့။"
ဟူဖန်က သူ့ဇာတ်လမ်းနဲ့သူတော့ ဟုတ်သယောင်ယောင်။
ဘော့စ်ဖြစ်သူကလည်း ပုံမှန်အားဖြင့် သူတို့ကို ဖိအားသိပ်မပေးသောကြောင့်လားမသိ။ ဤလူတစ်စုမှာ အမြဲတမ်း တက်ကြွလွန်းနေကြသည်။ ညစာမစားမီ အချိန်မှာ ဘာမှလုပ်စရာမရှိသဖြင့် ဆွန်းနာနာကိစ္စကို ပြောပြီးနောက် ဇာတ်လမ်းတိုအကြောင်းကို ဆက်ပြောဖြစ်ကြသည်။ တစ်ယောက်တစ်ပေါက်နှင့် စကားဝိုင်းမှာ စည်ကားနေပြီး ဆန်းပင်းဆိုလျှင် ထိုနေရာမှာတင် လူရွေးပွဲ ဝင်သလိုမျိုး သရုပ်ပင် စပြနေတော့သည်။
အပေါ်ထပ်မှ ဆင်းလာသော ဧည့်သည်တစ်ဦးက ထိုကိစ္စကို မြင်သောအခါ အသိအမှတ်ပင် ပြုလိုက်သေးသည်။
"သရုပ်ဆောင်တာ တော်တော်ကောင်းတာပဲဗျ" ဟု အမျိုးသားတစ်ဦးက လက်ခုပ်တီးရင်း ဆိုသည်။
"လုံခြုံရေးဝန်ထမ်း နေရာက သရုပ်ဆောင်နေတာလား"
"ကျွန်တော်က သိုင်းသူရဲကောင်းကြီးဗျ" ဟု ဆန်းပင်း က ပြောလိုက်သည်။
ထိုအမျိုးသားက ခေါင်းညိတ်ရင်း
"လုံခြုံရေးဝန်ထမ်းအဖြစ် ပြန်လည်မွေးဖွားလာတဲ့ သူရဲကောင်းကြီးပေါ့"
"ဟုတ်ကဲ့"
ဆန်းပင်းက အားမလိုအားမရဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။
"တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ" ထိုအမျိုးသားက ရယ်မောရင်း အပြင်သို့ ထွက်သွားသည်။
"မင်းတို့ တည်းခိုခန်းက ပတ်ဝန်းကျင်လေးက တကယ်ကို ပျော်စရာကောင်းတာပဲဗျာ။"
"ငါက လုံခြုံရေးဝန်ထမ်းနဲ့ တကယ်တူလို့လား"
ထိုလူထွက်သွားပြီးနောက် ဆန်းပင်းက မေးသည်။
"မင်းရဲ့ ဝတ်စုံက အဆင့်မမီလို့ ဖြစ်မှာပါ" ဟု လောင်ဝူက ခွဲခြမ်းစိတ်ဖြာပြသည်။
"ဟုတ်တယ်!" လောင်စစ် က သူ့ပေါင်သူ ပုတ်ရင်း
"နာနာ ရဲ့ ပုခုံးခြုံစောင်ကိုသာ ပတ်လိုက်ရင် ဘယ်လိုနေမလဲ"
"သွားစမ်းပါ" ဆန်းပင်းက ဆိုသည်။ ဆွန်းနာနာကလည်း သူမ၏ ပုခုံးခြုံစောင်ကို ကိုယ်မှာ ပိုမိုတင်းကျပ်စွာ ပတ်လိုက်ရင်း
"ဒီစောင်က ကက်ရှ်မီးယား စစ်စစ်ဟ၊ တန်ဖိုးကြီးတယ်" ဟု ဆိုသည်။
"ရပါတယ်။ ဝတ်စုံတွေသာ လဲလိုက်ရင် ရှင်က သေချာပေါက် သိုင်းသူရဲကောင်းကြီး ဖြစ်သွားမှာပါ"
ဟူဖန် က ဆိုသည်။ ချန်ကျန့် ပြုံးလျက် ကော်ဖီဆိုင်လေးထဲတွင် ဝင်ထိုင်လိုက်သည်။ ချန်အာဟူ မှာမူ ယခုအချိန်အထိ ထိုနေရာတွင် ထိုင်နေခဲ့ခြင်းဖြစ်ပြီး တာ့ယွင်၏ "ကျန်းဟူ" သိုင်းလောက နောက်ကွယ်မှ အဓိပ္ပာယ်မရှိသော စကားဝိုင်းထဲတွင် ဝင်မပါခဲ့ပေ။
"ဟာ... ကွာ" ချန်ကျန့် ဘာမှမမေးရသေးခင်မှာပင် ချန်အာဟူက စပြောလိုက်သည်။
"ဘာဖြစ်ပြန်တာလဲ။" ချန်ကျန့်က သူ့ကို တစ်ချက်ကြည့်ကာ
"ဒီနေရာကို မင်းပဲ အပိုင်စီးထားတာလား"
"ငါ ဘာမှမပြောရသေးခင် ဆန်းပင်းတို့က အကုန်သိနေကြပြီ"
ချန်အာဟူက တောက်တစ်ချက်ခေါက်ရင်း
"ဖန်းဖန်းနဲ့ နာနာက သူတို့ကို အကုန်ပြောပြလိုက်ပြီလေ" ဟု ဆိုသည်။
"ဒါက သဘာဝကျပါတယ်" ချန်ကျန့်က ပြုံးလျက်သာ ပြန်ပြောလိုက်၏။
"ငါကတော့ စိတ်ထဲမှာ အောင့်ထားလိုက်ရတာ"
ချန်အာဟူမှာ အနည်းငယ် စိတ်ပျက်နေသော်လည်း ချန်ကျန့်အနားသို့ အမြန်တိုးကပ်လာကာ
"ဒါပေမဲ့ ငါ သူတို့ကို အကဲခတ်ကြည့်ပြီးပြီ။ ဘယ်သူမှ ထူးထူးခြားခြား တုံ့ပြန်တာမျိုး မရှိဘူး။ စိတ်မပူနဲ့" ဟု ဆိုသည်။
"ငါ မပူပါဘူး"
ချန်အာဟူက သူ့ကို ကြည့်လိုက်သည်။ ချန်ကျန့်ကလည်း သူ့ကို ပြန်ကြည့်သည်။
"ဟုတ်တာပေါ့" ချန်အာဟူက ခေါင်းညိတ်လျက်
"ငါတစ်ယောက်တည်းပဲ တုံ့ပြန်မှု အကြီးမားဆုံး ဖြစ်နေတာပါ" ဟု ဝန်ခံလိုက်တော့သည်။
ချန်ကျန့်က ဘာမှပြန်မပြောဘဲ ပြုံးလျက် မျက်နှာလွှဲလိုက်ပြီးနောက် ချန်အာဟူ၏ ပုခုံးကို လှမ်းပုတ်ကာ "ကျေးဇူးပဲကွာ" ဟု ဆိုလိုက်သည်။
ညစာပြင်ဆင်ရမည့် အချိန်ရောက်သောအခါ အားလုံးမှာ ကိုယ့်အလုပ်ကိုယ်လုပ်ရန် လူစုကွဲသွားကြသည်။ ချန်ကျန့်သည် ဟင်းပွဲများ ဝိုင်းသယ်ပေးရန် မီးဖိုချောင်သို့ အသွားတွင် လောင်ဝူက သူ့ကို လာရှာသည်။
"ချန်ကျန့်"
ယနေ့ နေ့လယ်စာစားပြီးနောက် လောင်ဝူက သူ့ကို ပြောစရာရှိသည်ဟု ဆိုထားသည်ကို ချန်ကျန့် သတိရသွားသည်။ တစ်နေကုန် အလုပ်ရှုပ်နေသဖြင့် သူ မေ့သွားခဲ့ခြင်းဖြစ်သည်။
"ဘာကိစ္စလဲ"
"လာဦး" လောင်ဝူ က ခေါင်းငုံ့လျက် နောက်ဖေးဘက်သို့ လျှောက်သွားရင်း ပြောသည်။
"စကားလေး နှစ်ခွန်းလောက်ပဲ။"
ချန်ကျန့်လည်း သူ့နောက်မှ လိုက်သွားခဲ့သည်။
"ငါ့လစာလေ"
အပြင်ရောက်လို့ လူခြေတိတ်ရာသို့ ရောက်သောအခါ လောင်ဝူက အသံတိုးတိုးဖြင့် မေးသည်။
"မင်း တကယ်ပဲ ငါ့ကို မပေးတော့ဘူးလား"
"ဒီလအတွက် မပေးဘူးလို့ ငါပြောထားတယ်လေ။ မင်း ပိုက်ဆံလိုနေလို့လား"
"အင်း" လောင်ဝူက ပြန်ဖြေသည်။
"ဘယ်လောက်လဲ"
"ငါးရာ ဆေးလိပ်ဝယ်မလို့။"
"ဆေးလိပ်ဝယ်ဖို့ ငါးရာတောင် လိုလို့လား"
"မင်းဆီ ခဏခဏ လာမတောင်းချင်လို့ပေါ့ကွာ။
“ရပါတယ်၊ တစ်ထုပ်ချင်းစီ လာတောင်းလည်း ရတာပဲကို"
လောင်ဝူ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။
"လောင်ဝူ" ချန်ကျန့်ကလည်း အသံကို နှိမ့်လိုက်ပြီး
"ငါက သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းကို ကူညီချင်လို့ လုပ်တာပါ။ ဒါက နည်းနည်းတော့... ဖြစ်နိုင်ပေမဲ့..."
"တစ်ရာပဲ ပေးတော့" လောင်ဝူက စိတ်မဆိုးပါဘူး။ သူ့ရဲ့ တောင်းဆိုမှုကိုပဲ လျှော့ချလိုက်သည်။
"ငါ လွှဲပေးလိုက်မယ်" ချန်ကျန့်က ဖုန်းကို ထုတ်လိုက်ရင်း ပြောသည်။
"နောက်လ လစာပေးတဲ့အခါကျရင် အဲ့ဒီထဲကပဲ နုတ်လိုက်တော့
"အေးပါ"
ချန်ကျန့်က လောင်ဝူထံသို့ ငွေတစ်ရာတန် အနီရောင်စာအိတ် တစ်ခု ပေးပို့လိုက်သည်။
"ချန်ကျန့်" လောင်ဝူက သူ့ကို စိုက်ကြည့်ရင်း
"ငါ့ကို ပြောပြပါဦး၊ အချစ်ဆိုတာ တကယ်တော့ ဘယ်လိုမျိုးလဲ"
ချန်ကျန့်က လောင်ဝူကို တစ်ချက်ကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ" ဟု ပြန်မေးလိုက်သည်။
"မေးကြည့်တာပါ။ ငါ့မှာ မေးစရာလူလည်း မရှိလို့။ ဘာပဲဖြစ်ဖြစ် မင်းလည်း... မင်းလည်း အချစ်ရေးတစ်ခုမှာ ရှိနေတာပဲလေ။ ပုံစံချင်း မတူတာပဲ ရှိတာ။"
"ဒါက ပြောဖို့ ခက်တယ်ကွာ"
"သူငယ်ချင်းလို့ သတ်မှတ်ထားပြီးတော့ ငါ့ကို ဒီလိုပဲ ဆက်ဆံမှာလား"
လောင်ဝူက သူ့ကို မျက်ထောင့်နီဖြင့် ကြည့်သည်။
"တကယ် ပြောရခက်လို့ပါ ။ ဒါက ခံစားချက်သက်သက်ပဲလေ။"
လောင်ဝူသည် အားပါပါ အသက်ရှူသွင်းလိုက်ပြီး သက်ပြင်းအရှည်ကြီး ချရန် ပြင်လိုက်ဟန်တူသည်။ သို့သော် အသက်ရှူသွင်းလိုက်သည့် ခဏမှာပင် လေပြင်းတစ်ချက် တိုက်ခတ်သွားသဖြင့် သူ တော်တော်နှင့် မရပ်နိုင်အောင် တဟွတ်ဟွတ် ချောင်းဆိုးနေတော့သည်။
"ဟာ... ကွာ! ဘုရားသခင်က ဘာလို့ ငါ့ကိုဆို အမြဲတမ်း ဒီလိုပဲ လုပ်နေရတာလဲ!"
ချန်ကျန့်သည် မရယ်ဘဲမနေနိုင်တော့ဘဲ အသံထွက်အောင်ပင် ရယ်မိသွားတော့သည်။
"ကျောက်ကျဲ... လိမ္မော်သီးတွေ ကျန်သေးလား"
မီးဖိုချောင်ထဲမှ ရှန်ယွီ ၏ အသံထွက်လာသည်။ ဘော့စ်က တကယ်ပဲ အောက်ဆင်းပြီး ကိုယ်တိုင်လာစားတာလား။
ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်စဉ်မှာပင် သူ၏နှလုံးခုန်သံမှာ အကြောင်းရင်းမရှိဘဲ နှစ်စက္ကန့်ခန့် မြန်သွားခဲ့သည်။ နှစ်စက္ကန့်မျှသာ... ပြီးနောက် ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သို့သော် အိမ်ထဲသို့ ပြန်ဝင်ရန် လှည့်ထွက်လိုက်သော သူ၏ခြေလှမ်းများမှာတော့ အတော်လေးကို ပေါ့ပါးနေခဲ့သည်။
ဒါဟာ အဲ့ဒီခံစားချက်ပဲ ဖြစ်မယ်ထင်တယ် ဟု သူ တွေးလိုက်မိသည်။
ဒါပေမဲ့ ဒီခံစားချက်ကို လောင်ဝူ နားလည်အောင် ရှင်းပြဖို့ကတော့ သူ တကယ်ကို မတတ်နိုင်ပါဘူး။
___________________________________________________________________
Comments
Post a Comment