အပိုင်း (၁၁၀)
သီအိုရီအရဆိုလျှင် ဒီနေ့သည် ချန်ကျန့် အတွက် အလုပ်ပိတ်ရက်ဖြစ်သော်လည်း မိုးမလင်းတလင်း ခုနစ်နာရီမထိုးခင်မှာပင် သူ ပုံမှန်အတိုင်း နိုးနေခဲ့သည်။
ကင်းလှည့်ပြီးမှ ပြန်ရောက်လာသည့် ချန်အာဟူ မှလွဲ၍ အဆောင်ထဲရှိ ဆန်းပင်းနှင့် လောင်စစ်တို့မှာ အိပ်ပျော်နေဆဲပင်။ လောင်ဝူကတော့ မနေ့က အိမ်ပြန်သွားပြီး ယခုထိ ပြန်မလာသေးပေ။
"မင်းက ဘာလို့ အဆောင်မှာပဲ အိပ်နေသေးတာလဲ။"
ခဏလောက် လှဲအိပ်ရန် ပြင်နေသော ချန်အာဟူက အကျီကိုချွတ်၊ ခေါင်းအုံးကို မှီလိုက်ရင်း ချန်ကျန့်ကို ကြည့်ကာ မေးလိုက်သည်။
"အဲ့ဒါဆို ငါက ဘယ်မှာသွားအိပ်ရမှာလဲ။"
ချန်ကျန့်သည် ဤမေးခွန်းကို တကယ်တမ်း မဖြေချင်သော်လည်း
"ငါ ဒီမှာနေတာကို မင်းက ငြိုငြင်နေတာလား။" ဟုတော့ ထပ်မေးလိုက်မိသည်။
"ရှန်ယွီ ရဲ့ အခန်းကို သွားလေ"
အကျီချိတ်မှ အင်္ကျီကို လှမ်းယူနေသော ချန်ကျန့်သည် ထိုစကားကို ကြားသောအခါ လက်မှာ လေထဲတွင်ပင် တန့်သွားတော့သည်။ ချန်အာဟူသည် ထိုနေ့ကတည်းက တောင့်တောင့်ကြီး ဖြစ်နေခြင်းမှ ပြေလျော့သွားပြီးနောက်တွင် အရိပ်အမြွက် ပြောနေခြင်းမျိုးကိုလည်း မလုပ်တော့ပေ။
"ငါက အလုပ်လုပ်နေတာလေ။ အဲ့ဒါက ရုံးခန်း၊ နေအိမ်မဟုတ်ဘူး။"
"ဒါပေမဲ့ ရှန်ယွီက အဲ့ဒီမှာ နေတာပဲလေ။ အဲ့ဒါ သူ့အိမ်ပဲဥစ္စာ"
"ငါ ဒီမှာနေတာကို မင်းက ပြဿနာရှိလို့လား။"
"မရှိပါဘူး ။ ငါက မင်းတို့တွေ..."
သူသည် အိပ်ပျော်နေဆဲဖြစ်သော ဆန်းပင်းနှင့် လောင်စစ်တို့ကို တစ်ချက်ကြည့်ကာ အသံကို နှိမ့်လိုက်ပြီး
"မင်းတို့က ချစ်သူတွေ ဖြစ်နေကြပြီ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် ကပ်နေဖို့ မလိုဘူးလား။" ဟု ဆိုလေသည်။
"သာမန် ချစ်သူတွေဆိုရင်လည်း အမြဲတမ်း အတူတူနေဖို့ မလိုပါဘူး မဟုတ်လား။"
ချန်ကျန့်ကလည်း အသံကို နှိမ့်ကာ ပြန်ပြောလိုက်သည်။
"အဲ့ဒါတော့ ဟုတ်ပါရဲ့။ အိမ်ထောင်ကျတဲ့သူတွေမှ အတူတူနေကြတာပဲ ။ မင်းတို့နှစ်ယောက်ကမှ လက်ထပ်ကြမှာမှ မဟုတ်တာ။"
ချန်ကျန့် သက်ပြင်းခပ်ဖွဖွချရင်း ဘာမှပြန်မပြောဘဲ ချန်အာဟူ၏ လည်ပင်းဘေးကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေမိသည်။
ဒီနေရာကိုသာ ပိုင်းချလိုက်ရရင်...
ကံကောင်းထောက်မစွာဖြင့် ချန်အာဟူမှာ အမေးအမြန်း အလွန်အကျွံထူသည့် လူစားမျိုး မဟုတ်ပေ။ ဒီနေ့ သင်တန်းဆရာ လာမည့်နေ့ဖြစ်သဖြင့် သူ သင်ခန်းစာများကို တက်တက်ကြွကြွ လေ့လာနိုင်ရန် အမြန်အိပ်စက်အနားယူဖို့သာ လိုတော့သည်။ ထို့ကြောင့် သူ စကားကို ဆက်မပြောတော့ပါ။
ချန်ကျန့် အဆောင်ထဲမှ ထွက်လာသောအခါ ရုံးခန်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရာ ရုံးခန်းတံခါးမှာ အနည်းငယ် ဟနေသည်ကို တွေ့လိုက်ရသည်။
ရှန်ယွီတစ်ယောက် မနေ့ညက တံခါးပိတ်ဖို့ မေ့သွားတာလား။ ဒါမှမဟုတ် နိုးနေပြီလားဆိုတာကို သူ သိချင်သွားသည်။ ထိုဘက်သို့ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းလိုက်စဉ်မှာပင် ဟနေသော တံခါးကြားမှ အရိပ်တစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။
စိတ်ထဲတွင် ရှန်ယွီဖြစ်မည်ဟု သိနေသော်လည်း ခန္ဓာကိုယ်ကတော့ အလိုအလျောက် လန့်သွားမိသည်။
"မန်နေဂျာကြီးရဲ့ သတ္တိကတော့ဗျာ" တံခါးမှာ လက်တစ်ဝါးစာခန့် ပွင့်သွားပြီး ရှန်ယွီ၏ ပြုံးနေသော မျက်နှာတစ်ခြမ်း ပေါ်လာသည်။
"ဒီလောက်နဲ့ဆို ညသန်းခေါင်ယံမှာ တစ်ယောက်တည်း ကင်းဘယ်လိုလှည့်မလဲ။"
"ညသန်းခေါင်ယံမှာ ဘယ်သူမှ တံခါးကြားကနေ ဟိုဘက်ဒီဘက် လှုပ်စိလှုပ်စိ လုပ်မနေဘူးလေ!"
ပြောရင်း ချန်ကျန့် အနားသို့ လျှောက်သွားလိုက်သည်။
"ဒီနေ့ အလုပ်နားတယ် မဟုတ်လား။ဘာလို့ ဒီလောက် စောစောနိုးနေတာလဲ။"
"အလုပ်မရှိတာပဲ ရှိတာပါ၊ အိပ်လို့မှ မရတော့တာ"
ချန်ကျန့်က ရုံးခန်းထဲသို့ ဝင်ရင်း ပြောလိုက်သည်။ သူသည် အဆောင်ဘက်ကို တစ်ချက်ပြန်ကြည့်ပြီးနောက် ရှန်ယွီ၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်သည်။
"ဒီနေ့ သင်တန်းပေးမယ့်သူတွေ လာမယ် မဟုတ်လား။ အဲ့ဒါအတွက် ပြင်ဆင်နေတာပါ။"
"ဘာတွေ ပြင်ဆင်စရာ လိုလို့လဲ။ ပြင်ဆင်ရမှာက သင်တန်းဆရာလေ။"
"မင်းလည်း ဒီနေ့ သင်တန်းတက်ရမှာပဲ။နှစ်ရက်လုံး သင်တန်းတက်မှ ဖြစ်မယ်။"
"ဟင်။"
ရှန်ယွီက သူ့ကို ကြည့်လိုက်သည်။
"မင်းက ဒီလုပ်ငန်းအကြောင်းကို အရမ်းစိမ်းလွန်းတယ်။ ဒီမှာ တစ်ပတ်ပဲ လာနေတဲ့ လျိုဝူ တောင် မင်းထက် ပိုသိသေးတယ်။ သူက အနည်းဆုံးတော့ အခန်းအမျိုးအစားတွေနဲ့ ဈေးနှုန်းတွေကို သိတယ်..."
ရှန်ယွီက ရယ်မောရင်း အကြောဆန့်လိုက်သည်။
"ဒါဆိုလည်း ငါ့ကို ခဏခဏ အစားဝင်မထိုင်ခိုင်းနဲ့လေ။"
"ခဏနေရင် အောက်ဆင်းပြီး မနက်စာစားမှာလား။ဒါမှမဟုတ် ကျွန်တော်ပဲ အပေါ်ကို ယူလာပေးရမလား။"
"မင်းပဲ ယူလာပေးလိုက်ပါ။ ပြီးတော့ ဆွန်းနာနာ ကိုလည်း ခေါ်ခဲ့ဦး။ ငါတို့ သုံးယောက် စကားပြောရအောင်။"
"ဘာအကြောင်း ပြောမလို့လဲ။" ချန်ကျန့်က ချက်ချင်းပင် မေးလိုက်သည်။
"နောက်လကျရင် ကုမ္ပဏီတစ်ခု ထောင်ဖို့ ငါစီစဉ်နေတယ်။ ဒီမြို့လေးရဲ့ ခရီးသွားလုပ်ငန်း စီမံကိန်းတွေကို ပေါင်းစည်းပြီး ဖွံ့ဖြိုးအောင် လုပ်ဖို့ပေါ့။ အထက်လူကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း ပိုပြီး အဆင်ပြေတာပေါ့။"
"ဥက္ကဋ္ဌလျို နဲ့ ပူးပေါင်းမှာလား။"
"အင်း ။ အစကတော့ မပူးပေါင်းချင်ဘူး၊ ဒါပေမဲ့ ပိုက်ဆံနဲ့တော့ ပူးပေါင်းချင်တယ်လေ..."
"နာနာ့ကို ခေါ်ခိုင်းတာက သူမကို အဲ့ဒီကုမ္ပဏီမှာ ပါဝင်ခိုင်းမလို့လား။" ချန်ကျန့် ခဏစဉ်းစားပြီး မေးလိုက်သည်။
ရှန်ယွီက ခေါင်းညိတ်ပြသည်။
"အစောပိုင်းကာလမှာ လိုက်လုပ်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ နာနာကတော့ သင့်တော်မယ်ထင်တယ်။ နောက်မှ တဖြည်းဖြည်း တခြားလူတွေ ထပ်ရှာတာပေါ့... မင်းကျတော့..." ရှန်ယွီက စကားပြောရင်း သူ့ကို ကြည့်လိုက်သည်။
ချန်ကျန့် လန့်သွားသည်။
"ကျွန်တော့်ကိုပါ သွားခိုင်းမလို့လား။ ကျွန်တော်တော့ သေချာပေါက် မလုပ်နိုင်ဘူးနော်။ ဘာမှလည်း နားမလည်ဘူး။ ဒါက သင်ချင်ရုံနဲ့ တတ်နိုင်တဲ့အရာမျိုးမှ မဟုတ်တာ..."
"မလောနဲ့ဦး၊ မလောနဲ့ဦး..."
ရှန်ယွီက ပြုံးရင်း သူ့မေးစေ့ကို လှမ်းဆွဲလိုက်သည်။
"လောလောဆယ်တော့ မင်း မသွားရသေးပါဘူး။ မင်းသွားလိုက်ရင် တည်းခိုခန်းကို ဘယ်သူစီမံခန့်ခွဲမှာလဲ။ အခုချိန်မှာ ဒီတည်းခိုခန်းကပဲ ပိုက်ဆံသေချာပေါက် ရမယ့် တစ်ခုတည်းသော စီမံကိန်းလေ။"
"အင်းပါ" ချန်ကျန့် သက်ပြင်းချနိုင်တော့သည်။
"နောင်ကျရင် တခြားနေရာတွေမှာလည်း ထပ်ဖွင့်ဦးမှာ" ဟု ရှန်ယွီက ဆိုသည်။
"ဘယ်တော့လဲ။"
ချန်ကျန့်က ချက်ချင်းပင် ပြန်လည်စိုးရိမ်သွားပြန်သည်။
"ဥက္ကဋ္ဌလျိုကလည်း ကျွန်တော့်ကို ဖတ်ဖို့စာအုပ်တွေ မညွှန်းရသေးဘူး... မင်းပဲ အရင်ဆုံး ညွှန်းပေးပါဦးလား..."
"ဟေ့ကောင်လေး အဲ့ဒါက နောက်တစ်ဆင့်မှပါ။ မနက်ဖြန် ရာထူးတက်ရမှာမှ မဟုတ်တာ"
ရှန်ယွီက ချန်ကျန့် ပုခုံးကို ဖက်ပြီး ကျောကို ပုတ်ပေးလိုက်သည်။
"ဘော့စ်က အစီအစဉ်အကြီးကြီးတွေ ချပြတာကို မင်း မနေတတ်မထိုင်တတ် ဖြစ်နေတာလား။"
"ဘယ်ဘော့စ်ကမှ ကျွန်တော့်ကို ဒီလောက်ကြီးတဲ့ အစီအစဉ်မျိုး ချမပြဖူးဘူး။ သူတို့က တစ်ပတ်မှာ နှစ်ရက်နားရမယ် ဆိုတာလောက်ပဲ ပြောကြတာ။ အဲ့ဒါကိုတော့ အစီအစဉ်အကြီးကြီးလို့ ခေါ်လို့မရဘူးလေ။"
ရှန်ယွီကတော့ တဟားဟား ရယ်တော့သည်။
ကျောက်ဖန်းဖန်းက မနက်စာ ပြင်ဆင်ပြီးသွားပြီဖြစ်သည်။ ချန်ကျန့် တော်တော်ကြိုက်ပြီး တော်တော်လေးလုပ်ပေးခဲသည့် အငန်အရသာ မုန့်ပြားလေး ဖြစ်သည်။ သူ နှစ်ချပ်ယူပြီး မီးဖိုချောင်တံခါးဝမှာတင် ရပ်စားလိုက်ကာ ရှေ့ကောင်တာဆီသို့ ထွက်လာခဲ့သည်။
ဟူဖန် မှာ အိပ်ရာနိုးကာစဖြစ်ပြီး ရှေ့ကောင်တာက ထိုင်ခုံမှာထိုင်ရင်း ငေးငိုင်နေသည်။ ချန်ကျန့်က သူမနှင့် ထိုင်ခုံကို ဘေးသို့ အသာတွန်းဖယ်လိုက်ပြီး "Printer ခဏသုံးချင်လို့" ဟု ပြောလိုက်သည်။
"သင်တန်းဆရာ ဘယ်အချိန်ရောက်မှာလဲ။" ဟူဖန်က မေးသည်။
"ဆယ်နာရီ" ချန်ကျန့်က ကွန်ပျူတာမောက်စ်ကို နှိပ်ရင်း ဖြေလိုက်သည်။
"အခန်းတွေရော ကြိုတင်စာရင်းသွင်း ပြီးပြီလား။"
"အင်း ဒီသင်တန်းကလေ စာမေးပွဲဖြေစရာ မလိုပါဘူးနော်။"
"မလိုပါဘူး" ချန်ကျန့်က သူမကို တစ်ချက်ကြည့်ကာ
"ရှိရင်တောင် ငါတို့ဘာသာ ငါတို့ စစ်ဆေးတာပဲလေ။ ငါတို့ဘာသာ ငါတို့ကျအောင် လုပ်ပါ့မလား။"
ဟူဖန်က ရယ်တော့သည်။
"အဓိကကတော့ အတန်းတက်ရမယ် ဆိုတဲ့ အသံကြားတာနဲ့တင် ခေါင်းကိုက်လာလို့။ ကျောင်းတုန်းကဆို ဆရာစကားပြောတာနဲ့တင် အိပ်ချင်လာပြီး ကျောင်းဆင်းခေါင်းလောင်းသံ ကြားမှ ချက်ချင်းနိုးလာတာ။ စာမေးပွဲဆိုတာလည်း တစ်ခါမှ ကောင်းကောင်းမအောင်ဖူးဘူး။"
"ခဏနေရင်တော့ အိပ်မပျော်စေနဲ့ဦး" ချန်ကျန့်က သတိပေးသည်။
"အတန်းထဲမှာ လူက နည်းနည်းလေးရယ်။ မင်းအိပ်ပျော်သွားရင် သိသာလွန်းနေလိမ့်မယ်။"
"ဟိုး! ဟား!" ဟူဖန်က သူမကိုယ်သူမ နိုးကြားအောင် အသံအကျယ်ကြီး နှစ်ချက်အော်လိုက်သည်။
"နိုးကြားဖို့က စောလွန်းသေးတယ်။ နောက်ထပ် နှစ်နာရီကျော်လောက် လိုသေးတယ်"
ချန်ကျန့်က ရယ်ရင်း ပရင်တာမှထွက်လာသည့် စာရွက်ကို ယူလိုက်သည်။
"မရရင်လည်း အတန်းထဲမှာ အိပ်မပျော်အောင် စကားလေး ဘာလေး တိုးတိုးလေး ပြောနေပေါ့။"
ချန်ကျန့်သည် ရှန်ယွီ အတွက် မနက်စာကို စတုတ္ထထပ်သို့ သယ်လာခဲ့သည်။ ဘော့စ်ရုံးခန်းဆီသို့ အစားအသောက်တွေ ပို့ပေးတတ်သည်မှာ အားလုံးသိပြီးသား ကိစ္စဖြစ်သော်လည်း ဓာတ်လှေကားထဲမှ ထွက်လာစဉ် အောက်ဆင်းတော့မည့် ဆန်းပင်းနှင့် လောင်စစ်တို့ကို တိုးမိသောအခါ သူ အနည်းငယ်တော့ စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားမိသည်။ ထိုနေ့က သူပြောလိုက်သည့် စကားမှာ ယခုထိ အရှိန်မပြယ်သေးမှန်း သူ မသိခဲ့ပေ။
"ရုံးခန်းသွားမလို့လား။" ဆန်းပင်းက သမ်းဝေရင်း မေးသည်။
"အင်း" ချန်ကျန့်က ခပ်တိုတိုပင် ပြန်ဖြေလိုက်သည်။
"သူ အောက်ဆင်းစားတာ သုံးရက်ပဲ ခံတယ်နော်" ဟု လောင်စစ်က ဆိုသည်။
"သုံးရက်ထက် ပိုပါတယ်။ တစ်ပတ်လောက်ရှိပြီ။ သူ တောင့်ခံနိုင်တဲ့ အတိုင်းအတာကို ကျော်သွားပြီထင်တယ်။"
ဆန်းပင်းက ပြန်ပြင်ပေးသည်။ ချန်ကျန့် ရုံးခန်းဘက်သို့ လျှောက်သွားရင်း ထပ်ပြီး ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
"ဒါက ဘာလဲ။"
ရှန်ယွီက ချန်ကျန့် စားပွဲပေါ်တင်လိုက်သည့် စာရွက်ကို ကြည့်ကာ မေးသည်။
"တာ့ယွင် ရဲ့ အခန်းအမျိုးအစားတွေ၊ အခန်းထဲမှာပါတဲ့ အသုံးအဆောင်တွေ၊ ဘယ်အခန်းက ဘယ်အထပ်မှာ ရှိတာလဲဆိုတာတွေလေ ။ အခန်းခတွေ၊ ထမင်းစားချိန်၊ ကားပါကင်၊ အိမ်မွေးတိရစ္ဆာန် ကိစ္စတွေနဲ့ ကျွန်တော်တို့ ဘယ်လို ဖျော်ဖြေရေး ဝန်ဆောင်မှုတွေ ပေးနိုင်လဲဆိုတာတွေ အကုန်လုံး ဒီထဲမှာပါတယ်။"
"ဒီလောက်တောင် များတာလား။" ရှန်ယွီက စာရွက်ကို ဘေးသို့ တွန်းဖယ်လိုက်သည်။
"မများပါဘူး။ ပြောရရင်သာ များသလို ထင်ရတာ"
ချန်ကျန့်က စာရွက်ကို ရှန်ယွီရှေ့သို့ ပြန်တိုးပေးလိုက်သည်။
"တကယ်တော့ ဒီစာရွက်တစ်မျက်နှာတည်းပဲလေ။"
"စာလုံးအရွယ်အစားကို သေးသေးလေး ရိုက်ထားလို့ တစ်မျက်နှာတည်း ဖြစ်နေတာပါ"
"စာလုံးက ပုံမှန်အရွယ်အစားပါပဲ။ မင်းက အသက် ၂၇ တောင် မပြည့်သေးဘူးလေ။ ဘာလို့ မျက်မှန် တပ်ရမယ့်သူလို ဖြစ်နေတာလဲ။"
ချန်ကျန့်က ပြန်ချေပသည်။
"ဟေ့!" ရှန်ယွီက ထိုင်ခုံနောက်ကို မှီချလိုက်ပြီး အော်ပြောလိုက်တော့သည်။
"ခဏနေရင် မင်းလည်း သင်တန်းသွားတက်သင့်တယ်။ သင်တန်းဆရာက ဒီနေ့သင်မယ့် အကြောင်းအရာတွေကို ကျွန်တော့်ဆီ ပို့ထားပြီးပြီ။ ဒီနေ့ ခေါင်းစဉ်က 'ရှေ့ကောင်တာမှာ ဖုန်းဘယ်လိုဖြေမလဲ' တဲ့..."
"ငါ ခဏနေရင် အပြင်သွားစရာရှိတယ်"
"ဘယ်သွားမလို့လဲ။" ချန်ကျန့်က သူ့ကို စိုက်ကြည့်ရင်း
"ကျွန်တော်မပါဘဲနဲ့တော့ မင်း ရွာဟောင်းဘက်ပဲ သွားတတ်တာပါ။ ရွာသစ်ဘက်တောင် လမ်းရှာတွေ့ပါ့မလား မသိဘူး။ ဘယ်ကို သွားမှာလဲ။"
"ဒီအဘိုးကြီးကတော့ကွာ" ရှန်ယွီက ရယ်မောလိုက်သည်။
"မင်း ကွန်ပျူတာထဲမှာ သတင်းတွေ၊ အချက်အလက်တွေ အများကြီး မှတ်မိနေတာပဲ ။ တစ်နေရာရာမှာ ကြားဖူးခဲ့တဲ့ ကျောက်တိုင်ခြေခြေရင်း အကြောင်းကိုတောင် အသေးစိတ် မှတ်မိနေသေးတာပဲလေ... "
"ဘာလဲ။"
"မင်းက လူကျွင်း နဲ့ စကားပြောချင်လို့သာ အဲ့ဒီအချက်အလက်တွေကို အတင်းမှတ်ထားတာ မဟုတ်လား။" ချန်ကျန့်က မေးလိုက်သည်။
ရှန်ယွီမှာ တကယ့်ကို အံ့အားသင့်သွားပုံရသည်။ ချန်ကျန့်ကလည်း သူ့ကို ပြန်ကြည့်သည်။
"ကြည့်မယ်၊ ကြည့်မယ်... ပေးစမ်း အဲ့ဒီစာရွက်" ရှန်ယွီက စာရွက်ကို လှမ်းယူလိုက်သည်။
"မနက်စာ အရင်စားပါဦး"
တကယ်တော့ ရှန်ယွီ၏ မှတ်ဉာဏ်နှင့်ဆိုလျှင် ထိုစာရွက်ကို ဟိုဘက်ဒီဘက် တွန်းနေစဉ်မှာတင် တစ်ချက်နှစ်ချက် ကြည့်ရုံနှင့် အတော်များများ မှတ်မိသွားလောက်ပြီဖြစ်ကြောင်း ချန်ကျန့် သေချာပေါက် သိနေသည်။ မနက်စာစားရင်း နောက်ထပ် တစ်ချက်နှစ်ချက် ထပ်ကြည့်လိုက်လျှင်တော့ အကုန်လုံးကို မှတ်မိသွားပေလိမ့်မည်။
ဒါမျိုးကို သူ့ရှေ့ လာချပေးမည့်သူ ယခင်က တစ်ယောက်မှ မရှိခဲ့ဖူးခြင်းသာ ဖြစ်သည်။ ဘော့စ်ဆိုသည်မှာ ရှေ့ကောင်တာမှာ ပေါ်မလာရဘူးဆိုသည်မှာ အားလုံးကြားတွင် အသံတိတ်သဘောတူညီချက်တစ်ခုလို ဖြစ်နေခဲ့သည်။ သို့သော် ယခုမူ ဘော့စ်သည် ရှေ့ကောင်တာမှာ နှစ်ကြိမ်တိုင်တိုင် ပေါ်လာခဲ့ရုံသာမက ဖုန်းလက်ခံဖြေကြားရာတွင်လည်း အမှားအယွင်းများစွာ လုပ်ခဲ့ပြီးပြီ။
မြို့ငယ်လေး၏ တိုးတက်မှုနှင့်အတူ ရှေ့သို့တက်လှမ်းရန် ကြိုးစားနေသည့် တည်းခိုခန်းတစ်ခုအတွက် ဘော့စ်၏ ဤကဲ့သို့ အသိသာဆုံးသော အားနည်းချက်ကို ပြင်ဆင်ရန် လိုအပ်နေပြီ။ ဒါမှမဟုတ် 'အားမကိုးရတဲ့ ဘော့စ်ကြီး' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇာတ်လမ်းတိုလေး ရိုက်ရင်လည်း ကောင်းမလား...
ရုံးခန်းတံခါးကို နှစ်ချက်ခေါက်သံ ကြားလိုက်ရပြီးနောက် ဆွန်းနာနာ သည် ကော်ဖီတစ်ခွက်ကို ကိုင်ကာ ဝင်လာခဲ့သည်။
"ကျွန်မကို ရှာနေတာလား။"
"ထိုင်ပါဦး" ရှန်ယွီက ဖိတ်ခေါ်လိုက်သည်။
"မင်းတို့နှစ်ယောက်ကို ပြောစရာ ရှိလို့ပါ။"
"ရှင်တို့ နှစ်ယောက်အတွက်တော့ ကော်ဖီ မပါလာဘူးနော်"
ဆွန်းနာနာက ဆိုဖာပေါ်မှာ ထိုင်ရင်း ကော်ဖီကို တစ်ငုံ သောက်လိုက်သည်။
"ဧည့်သည်တချို့က ကော်ဖီမှာနေကြလို့ ဖန်းဖန်းက ဖျော်ပေးနေတာ။ စက်က မအားဘူး ဖြစ်နေတယ်။"
"ငါကတော့ ပဲနို့သောက်ပြီးပြီ" ရှန်ယွီက ပြုံးလျက် ဆိုသည်။
ဆွန်းနာနာသည် ဆိုဖာပေါ်တွင် အလိုက်သင့်လေး မှီထိုင်ရင်း ရှန်ယွီက ကုမ္ပဏီကိစ္စကို အကျဉ်းချုပ် ရှင်းပြနေသည်ကို နားထောင်နေသည်။ သူမ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်
ဘော့စ်ရှန် ဟု ခေါ်လိုက်သည်။
"အင်း။" ရှန်ယွီက သူမကို ကြည့်သည်။
"တကယ်တော့ ဥက္ကဋ္ဌလျိုရဲ့ ကုမ္ပဏီက လူတွေကိုပဲ လွှဲပြောင်းခန့်အပ်လိုက်တာက ပိုပြီး သင့်တော်တာ မဟုတ်ဘူးလား။ ဘာလို့ ကျွန်မကိုမှ ဒါကို လုပ်ခိုင်းရတာလဲ။"
"သူက ဥက္ကဋ္ဌလျိုရဲ့ ပိုက်ဆံကိုပဲ လိုချင်တာလေ" ချန်ကျန့်က ဝင်ပြောလိုက်သည်။ သို့သော် ဆွန်းနာနာ၏ မေးခွန်းမှာလည်း တကယ်ပင် ကျိုးကြောင်းဆီလျော်လှသည်။
ဆွန်းနာနာကတော့ ရယ်မောလိုက်တော့သည်။
"သူ့ ကုမ္ပဏီကလူတွေနဲ့ ငါက ရင်းနှီးအောင် ထပ်လုပ်ရဦးမှာလေ။ ပြီးတော့ ငါက ဘယ်လိုလူလဲဆိုတာ မင်းလည်း သိသားပဲ။ ငါ့အကြောင်း သိပြီးသားလူတွေနဲ့ပဲ အလုပ်လုပ်ရတာက ပိုပြီး အဆင်ပြေတယ်။"
"အင်း၊ ဟုတ်ကဲ့" ဆွန်းနာနာက ခေါင်းညိတ်ပြသည်။
"အစောပိုင်း ကာလမှာတော့ ဆက်သွယ်ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရမယ့် အလုပ်တွေ အများကြီး ရှိလိမ့်မယ်။ မင်းကတော့ ဒါကို လုပ်နိုင်စွမ်းရှိတယ်လို့ ငါကိုယ်တိုင် ယုံကြည်တယ်။ မသိတာရှိရင် ငါ့ကို မေးလို့ရတယ်။ ဥက္ကဋ္ဌလျိုရဲ့ လက်ထောက်ကလည်း ခဏလောက် လာကူပေးလိမ့်မယ်။ ပိုပြီး ကျွမ်းကျင်မှု လိုအပ်တဲ့ အပိုင်းတွေကိုတော့ သူက ကူညီပေးလိမ့်မယ်။"
"အင်း"
ဆွန်းနာနာ တိတ်ဆိတ်သွားသည်။
"ဒါပေါ့ ။ မင်း တကယ်လို့ မလုပ်ချင်ဘူးဆိုရင်လည်း ရပါတယ်။ အခု မင်းလုပ်နေတဲ့ အလုပ်အပေါ် ဘာမှ သက်ရောက်မှုရှိမှာ မဟုတ်ဘူး။"
"တကယ်တော့ ကျွန်မ တော်တော်လေးကို..."
ဆွန်းနာနာက သူ့ကို ကြည့်လိုက်သည်။
"ကြိုးစားကြည့်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ စိုးရိမ်တာလေးတွေလည်း ရှိတယ်လေ။"
"ဘာကိုလဲ" ရှန်ယွီက ခေါင်းလေးစောင်းကာ မေးလိုက်သည်။
"ကျွန်မရဲ့ စိတ်အခြေအနေကြောင့်ပါ။ ဖိအားတွေ အများကြီး ကြုံလာရတဲ့အခါ တစ်ခါတလေ စိတ်က မတည်မငြိမ် ဖြစ်တတ်တယ်လေ"
ဆွန်းနာနာက ဆံနွယ်တွေကို သပ်တင်ရင်း လက်ထဲမှ ကော်ဖီခွက်ကို အသာအယာ လှည့်နေမိသည်။
"တကယ်လို့များ..."
"ဒါကြောင့်မို့လို့လည်း ရှောင်ယဲ့ ကို လာကူပေးဖို့ ငါပြောထားတာပေါ့။ မင်း ဖိအားတွေ အရမ်းများလာတယ်လို့ ခံစားရရင် အနားယူလို့ရပါတယ်။"
ရှန်ယွီက ခေတ္တရပ်ပြီးမှ…
"အဲ့ဒီဝေဒနာက မင်းကို ထာဝရ ချည်နှောင်ထားခွင့် မပေးလိုက်ပါနဲ့" ဟု ထပ်ပြောလိုက်သည်။
ဆွန်းနာနာ ကော်ဖီခွက်ကို ချလိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင်။"
"ဒါဆို သဘောတူတယ်ပေါ့။" ရှန်ယွီက မေးသည်။
"ဟုတ်ကဲ့။ ကျွန်မ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။"
"မင်းရဲ့ ထိန်းသိမ်းရေးမန်နေဂျာကတော့ အစွမ်းကုန် ကြိုးစားတော့မယ်တဲ့"
ရှန်ယွီက ချန်ကျန့်ကို လှည့်ကြည့်သည်။
"လူသစ်တစ်ယောက် ထပ်ငှားဖို့ စဉ်းစားကြမလား။"
"လောလောဆယ်တော့ မငှားသေးပါဘူး" ချန်ကျန့် ခဏစဉ်းစားပြီးမှ ဆိုသည်။
"လောင်စစ်နဲ့ လောင်ဝူတို့က အရင်က အလှည့်ကျ ဆင်းရတာလေ။ အခုဆို သူတို့ တစ်နေကုန် ဒီမှာရှိနေနိုင်ပြီ။ သူတို့ထဲက တစ်ယောက်ကို Housekeeping ဘက်ကို လွှတ်လိုက်ရင် လူအင်အားက လောက်ငသွားမှာပါ။ သူတို့လည်း အခုချိန်မှာ ဒီကနေ ထွက်သွားမယ့် ပုံစံမျိုး မရှိကြတော့ဘူးဆိုတော့..."
"မင်းက အဲ့ဒီလောက်တောင် ကပ်စေးနှဲတာလား။" ရှန်ယွီက မေးလိုက်လေသည်။
"နည်းနည်းလောက်တော့ စိစစ်ကြရအောင်လေ ဘော့စ်။ တည်းခိုခန်းက အခုမှ ပိုက်ဆံလေး နည်းနည်း စဝင်နေတာပါ။ နောက်ကျရင် မင်းရဲ့ ကုမ္ပဏီက တာ့ယွင်ဆီကနေ ပိုက်ဆံတွေ လာယူသုံးနေမှာကို ကျွန်တော် စိုးရိမ်တယ်။ ပြီးတော့ ကုမ္ပဏီဘက်မှာ အလုပ်သိပ်မရှိတဲ့အချိန်ဆိုရင် နာနာက ဒီမှာ ကူညီပေးလို့ရသေးတာပဲ မဟုတ်လား။"
ရှန်ယွီက တောက်တစ်ချက်ခေါက်ရင်း ရယ်မောလိုက်သည်။
"မန်နေဂျာချန်ကတော့ ငါ့ထက်တောင် ပိုပြီး ရက်စက်နေပါလား။"
ချန်ကျန့်က ဆွန်းနာနာကို အနည်းငယ် အားနာသလို ကြည့်လိုက်သည်။
"ကျွန်မကတော့ စိတ်လိုလက်ရပါပဲ" ဆွန်းနာနာက ကော်ဖီကို သောက်ရင်း ပြောသည်။
"ဒီနေရာက အခုတော့ ကျွန်မရဲ့ အိမ်ဖြစ်နေပြီလေ။ ဖန်းဖန်းကလည်း ကျွန်မ ညီမလေးလိုပဲ။ ကျွန်မလည်း ဒီကနေ မထွက်သွားချင်ပါဘူး။"
"လူတွေ ဘယ်ရောက်ကုန်ကြပြီလဲ!"
ချန်ကျန့်၏ ခါးချိတ် ဝေါကီတော်ကီထံမှ ဟူဖန်၏ အသံထွက်လာသည်။
"သင်တန်းဆရာမက ဖုန်းဆက်လာတယ်။ နောက်နာရီဝက်လောက်ဆို ရောက်တော့မယ်တဲ့!"
"မင်းညီမရဲ့ အသံကတော့လေ" ရှန်ယွီက ဆိုသည်။
"နောင်တစ်ချိန်မှာ ကုမ္ပဏီက ဖျော်ဖြေရေး ပရောဂျက်တွေ ဘာတွေ လုပ်ဖြစ်ရင် သူမကို စင်ပေါ်တင်လိုက်ရုံပဲ။ မိုက်ကရိုဖုန်းဖိုးတောင် သက်သာသွားဦးမယ်။"
စကားအဆုံးတွင် သူက ချန်ကျန့်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ ချန်ကျန့်သည် သူ့ရုံးခန်းထဲမှာ ဤပစ္စည်းကို မသုံးရဟု ဘော့စ်ပြောထားဖူးသည်ကို မေ့သွားကာ ဝေါကီတော်ကီကို အမြန်ဖြုတ်ယူလိုက်သည်။
"နာနာနဲ့ ကျွန်တော် ရုံးခန်းထဲမှာ ရှိနေတယ်။ ခဏနေရင် ဆင်းလာခဲ့မယ်။"
နောက်ထပ် စကားအနည်းငယ် ထပ်ပြောပြီးနောက် ဆွန်းနာနာ အောက်ထပ်သို့ အရင်ဆင်းသွားသည်။ ချန်ကျန့်ကတော့ ဆိုဖာပေါ်တွင် မလှုပ်မယှက် ထိုင်နေဆဲပင်။
"မင်း မသွားသေးဘူးလား။" ရှန်ယွီက စားပွဲပေါ်က စာရွက်ကို ပြန်ကြည့်ရင်း မေးသည်။
ချန်ကျန့် ဘာမှမပြောဘဲ ဆိုဖာပေါ်တွင် အနည်းငယ် လျှောချကာ မှီထိုင်နေလိုက်သည်။
"ဘာဖြစ်လို့လဲ။"
ရှန်ယွီက ထရပ်ကာ ရုံးခန်းတံခါးကို သွားပိတ်လိုက်သည်။ ထို့နောက် ချန်ကျန့်အနားသို့ လျှောက်လာပြီး ဆိုဖာနောက်မှီကို လက်ဖြင့်ထောက်ကာ ငုံ့ကြည့်လိုက်သည်။
"နောက်ကျရင် ကုမ္ပဏီသာ ထောင်လိုက်ရင်"
ချန်ကျန့်က ခေါင်းမော့ကြည့်ရင်း သူ၏နဖူးကို ရှန်ယွီ၏ လက်ကောက်ဝတ်နှင့် ဖိကပ်ထားလိုက်သည်။
"မင်းက မြို့ထဲမှာပဲဖြစ်ဖြစ်၊ တခြားနေရာတွေမှာပဲဖြစ်ဖြစ် အမြဲတမ်း ဟိုပြေးဒီပြေး လုပ်နေရတော့မှာလား..."
"ငါ တစ်ခုခုတော့ လုပ်ချင်တာ အမှန်ပဲ" ရှန်ယွီက သူ့ကို စိုက်ကြည့်ရင်း ဆိုသည်။
"ဒါပေမဲ့ အဲ့ဒီလောက်ကြီးထိတော့ မဟုတ်ပါဘူး။"
"ဟင်။" ချန်ကျန့်က သူ့ကို မကြည့်ဘဲ ရှန်ယွီ၏ လက်ကောက်ဝတ်ကိုသာ ဖိထားဆဲပင်။
"တကယ်တော့ ဒီအစောပိုင်း အလုပ်တွေကို ငါကိုယ်တိုင် လုပ်လို့ရတာပဲ။ ဆွန်းနာနာကို ခိုင်းတာက ပိုတောင် အလုပ်ရှုပ်သေးတယ်။ငါ ဘာလို့ အဲ့လိုလုပ်တယ် ထင်လဲ။"
"ကျွန်တော့်ကို မခွဲနိုင်လို့လား။" ချန်ကျန့်က ခေါင်းလှည့်ကြည့်လိုက်သည်။
"ငါက ဟိုဟိုဒီဒီ သွားရမှာ ပျင်းလို့ပါ" ရှန်ယွီက ဆိုသည်။
"သောက်ကျိုးနည်းဗျာ" ချန်ကျန့်က ရေရွတ်လိုက်သည်။
"ငါက တကယ်တော့ ဒီမှာပဲ နေချင်တာ။ တစ်မြို့လုံးမှာဆိုရင် မင်း ငါ့ကို ဒီရုံးခန်းထဲမှာ ဒါမှမဟုတ် အားကစားခန်းမထဲမှာပဲ တွေ့နိုင်မှာပါ။”
အဲ့ဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား။" ချန်ကျန့်က မေးသည်။
"မင်းက အရင်ဆုံး စိတ်မလှုပ်ရှားသင့်ဘူးလား။"
ရှန်ယွီက ချန်ကျန့်၏ နှာခေါင်းကို တစ်ချက် တွတ်လိုက်သည်။
"စိတ်ထဲမှာတော့ လှုပ်ရှားနေပါပြီ။ အဲ့ဒါကို အသံထွက်ပြီး ပြောနေရဦးမှာလား။ အဲ့ဒါဆိုရင် လူအပုံပေါက်နေမှာပေါ့။"
ရှန်ယွီက ဘာမှမပြောဘဲ ပြုံးနေသည်။
"ဒါက မင်းရဲ့ အလုပ်အကိုင်အပေါ် သက်ရောက်မှု ရှိမလား။" ချန်ကျန့်က ဆက်မေးသည်။
"ဒီတည်းခိုခန်းကပဲ အလုပ်အကိုင်တစ်ခု ဖြစ်နေပြီလေ။ ငါက ဒီထက်ပိုကြီးတဲ့ အလုပ်အကိုင်မျိုး ဘယ်လောက်တောင် လိုဦးမှာလဲ။"
"ဒါဆို မင်းက... ဘာလို့..." ချန်ကျန့် မျက်မှောင်ကြုတ်သွားသည်။
"ဥက္ကဋ္ဌလျိုက အစဖော်လိုက်လို့ပါ။ ပြီးတော့ ငါကလည်း..."
ရှန်ယွီက ဆိုဖာပေါ်တွင် ဝင်ထိုင်ကာ ချန်ကျန့်၏ ပေါင်ပေါ်သို့ ခေါင်းအုံးပြီး မှီအိပ်လိုက်သည်။
"ဘယ်လိုပြောရမလဲ၊ တချို့အရာတွေက ဒီလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ငါ့စိတ်ထဲမှာ အဲ့ဒီလိုမျိုး အတွေးက ရှိနေတုန်းပဲလေ..."
"မင်းက မားမားကို စိတ်မပျက်စေချင်တာလေ။ ဒီအရာတွေကို မင်း လုပ်နိုင်တယ်ဆိုတာကို သက်သေပြချင်နေတာ။"
"အင်း…ငါ့မှာ ပြင်းပြင်းထန်ထန် စွဲလမ်းနေတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီအတွေးကို ဖျောက်ဖို့ကလည်း မလွယ်ဘူးလေ။ ဒီလို တွေးလာခဲ့တာ နှစ်တွေ အများကြီး ရှိပြီပဲ။ ငါပြောင်းလဲသွားပြီလို့ ပါးစပ်က ပြောလိုက်ရုံနဲ့ တကယ်ကြီး ပြောင်းလဲသွားဖို့ဆိုတာ ခက်တယ်လေ။"
ရှန်ယွီက နူးညံ့စွာပြုံးပြသည်။ ချန်ကျန့်က ဘာမှမပြောဘဲ ရှန်ယွီ၏ မျက်နှာကို လက်ချောင်းလေးများဖြင့် အသာအယာ ပွတ်သပ်ပေးနေမိသည်။
"ဒါက တကယ့် အခွင့်အရေးကောင်းတစ်ခုပါပဲ။ ငါသာ ဒါကို ကောင်းကောင်း လုပ်နိုင်ခဲ့ရင် နောင်ကျရင် ကုမ္ပဏီကို ဥက္ကဋ္ဌလျိုနဲ့ ဆွန်းနာနာဆီ အပ်ခဲ့လို့ရပြီ။ တည်းခိုခန်းကိုတော့ မင်းဆီ အပ်မယ်။ အဲ့ဒီကျရင် ငါက ဒီအတိုင်း လှဲနေပြီး ပိုက်ဆံပဲ ထိုင်ရေတော့မယ်..."
___________________________________________________________________
မြေခွေးအိုကြီးကတော့...😏
ReplyDeleteနင်ဉာဏ်ကောင်းလွန်းတယ်
ReplyDelete