Skip to main content

111









အပိုင်း (၁၁၁)

တာ့ယွင်ဝန်ထမ်းတွေကို သင်တန်းပေးဖို့ တာဝန်ယူရတဲ့ ဆရာမလီ ကတော့ တကယ်တော့ လူကျွင်း မိတ်ဆက်ပေးလိုက်တဲ့သူပါ။ သင်တန်းကာလက နှစ်ရက်ပဲ ကြာမြင့်ပြီး တည်းခိုခန်းမှာ ခဏပဲ နေထိုင်တာဖြစ်ပေမဲ့ သင်တန်းရဲ့ အကြောင်းအရာတွေက ဝန်ဆောင်မှုနဲ့ ပတ်သက်သော အသေးစိတ် အချက်အလက်တွေအပေါ် အာရုံစိုက်ရုံသာမက သူမက သင်တန်းချိန်ပြင်ပမှာလည်း လူတိုင်း၏ အလုပ်လုပ်ပုံကို အကဲခတ်နေတတ်ပါသေးရဲ့။

"တကယ်တော့ ဟိုတယ်စံနှုန်းတွေနဲ့သာ တိုင်းတာမယ်ဆိုရင် ရှင်တို့ ဝန်ထမ်းတွေ အားလုံးအပြင်၊ ရှင်ပါအပါအဝင်ပေါ့" သူမက ချန်ကျန့် ကို ကြည့်ပြီး ပြောသည်။

"ဒီသင်တန်းပြီးသွားရင်တောင် အရည်အချင်း ပြည့်မီဖို့ ခက်ပါလိမ့်မယ်။"

"အဲ့ဒီထဲမှာဘော့စ်ရော မပါဘူးလား" ချန်ကျန့် တော်တော်လေး အံ့သြသွားသည်။

ရှန်ယွီ က မသင့်တော်တဲ့စာရင်းထဲမှာ မပါဘူးလား သူက အဲ့ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေသင့်တာ မဟုတ်ဘူးလား ။

ဒါပေါ့လေ... နည်းပြလီရဲ့ အမြင်မှာတော့ အတန်းတက်ဖို့ အတင်းအကျပ် အခေါ်ခံရသည့် အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ လူမြင်ကွင်းမှာ သိပ်မပေါ်တတ်သော ယဉ်ကျေးပျူငှာတဲ့ဘော့စ်တစ်ယောက်ဟာ ဒီစာရင်းထဲမှာ ပါဝင်နေမှာ မဟုတ်ပါဘူး။

"တည်းခိုခန်းပိုင်ရှင် တစ်ယောက်အနေနဲ့ကတော့ သူက အရည်အချင်း ပြည့်မီလွန်းပါတယ်"

နည်းပြလီက ပြုံးလျက် ဆိုသည်။

"သူ့ရဲ့ အတွေးအခေါ်တွေနဲ့ နိုးကြားမှုတွေက 'ဒါက တည်းခိုခန်းလေးတစ်ခုပဲ' ဆိုတဲ့ ဘောင်ထဲမှာတင် ပိတ်မိမနေဘူး..."

ဒါကတော့ အမှန်ပင်။ တခြားသော တည်းခိုခန်းပိုင်ရှင်တွေနဲ့ နှိုင်းယှဉ်ရင် ရှန်ယွီက တည်းခိုခန်းပိုင်ရှင် တစ်ယောက်ထက်ကို ပို၏။ ချန်ကျန့် စိတ်ထဲမှာ အကြောင်းရင်းမရှိဘဲ ဂုဏ်ယူမိသွားသည်။

နည်းပြလီကို လိုက်ပို့ပြီးနောက် ချန်ကျန့် တာ့ယွင်သို့ ပြန်လာခဲ့သည်။ လူတိုင်း ကော်ဖီဆိုင်ထဲမှာ စုဝေးနေကြသည်။ သူ လျှောက်သွားရင်း

"ဒီနှစ်ရက် သင်တန်းကနေ ဘာတွေများ ရလိုက်ကြလဲ" ဟု ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဟာ... ကွာ" ဆန်းပင်း က သူ့ကို ကြည့်ရင်း

"သင်တန်းအပြီး အစီရင်ခံစာ ရေးရမယ်လို့ ဘယ်သူမှ ကြိုမပြောထားဘူးလေ" ဟု ဆိုသည်။

"ဘယ်သူက မင်းကို ရေးခိုင်းနေလို့လဲ။ ငါက မေးရုံမေးတာပါ။ နှစ်ရက်လုံး အတန်းတက်ခဲ့တာ ဘာမှ မသိလိုက်ဘူးလား"

ဆန်းပင်း ထရပ်လိုက်သည်။

"မင်္ဂလာပါ ခင်ဗျာ။ ဒါပေါ့... ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ ဝန်ဆောင်မှုပေးလိုစိတ်က အတော်လေး တိုးတက်လာတယ်လို့ ခံစားရတယ်။ သင်ယူခဲ့ရတဲ့ အသေးစိတ် အခြေအနေတွေကိုတော့ လိုအပ်မယ်ဆိုရင် ကျွန်တော် နောက်မှ စနစ်တကျ ပြန်လည်စုစည်းပြီး အစီရင်ခံ တင်ပြပါ့မယ်။"

"အမလေး... တော်လိုက်တာ"

ချန်အာဟူ က လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ကာ ဆန်းပင်းကို လက်ခုပ်တီးပေးလိုက်သည်။

"ဒါဆိုရင် မင်းဆီကို ငါလာခဲ့မယ်။ ငါဘာပြောရမလဲဆိုတာ မင်းပဲ သင်ပေးတော့။ ပြီးမှ ငါက ဧည့်သည်တွေကို သွားပြီး ပြန်ရှင်းပြတော့မယ်" ဟု ဆန်းပင်းက ဆိုသည်။

"ဘယ်လိုလဲ၊ အကြံကောင်းတယ် မဟုတ်လား!"

ချန်ကျန့် ရယ်မောလိုက်ပြီး "တော်တော်ကောင်းတာပေါ့" ဟု ဆိုလိုက်သည်။

"ငါလည်း အထက်တန်း ဒုတိယနှစ်အထိ တက်ခဲ့တာပဲဥစ္စာ" ဟု ဆန်းပင်းက ဂုဏ်ယူစွာ ပြောသည်။

"ဥက္ကဋ္ဌဟဲရဲ့ လေ့လာရေးအဖွဲ့က နောက်နှစ်ရက်နေရင် ရောက်လာတော့မယ် ။ ဒါက ငါတို့ရဲ့ ပုံစံသစ်ကို ထုတ်ပြဖို့ အခွင့်အရေးကောင်းပဲ။"

"လူဦးရေ ဘယ်လောက်လဲဆိုတာ သူတို့ အတည်ပြုပြီးပြီလား မန်နေဂျာ"

ဟူဖန် က လက်နှစ်ဖက်ကို ပွတ်ရင်း စိတ်လှုပ်ရှားစွာ မေးသည်။

"မသေချာသေးဘူး။ ဒါပေမဲ့ ရှစ်ယောက်ကနေ ဆယ်ယောက်ဝန်းကျင်ပဲ။ ငါတို့ အခန်း ဆယ်ခန်းစာ ကြိုတင်ပြင်ဆင်ထားလိုက်မယ်။ အပြောင်းအလဲရှိရင်လည်း ပြန်ညှိတာပေါ့။ မနက်ဖြန်အထိ အတည်ပြုချက်မရသေးရင် ငါတို့ဘက်ကပဲ အရင်ဖုန်းဆက်မေးလိုက်မယ်။"

"အင်း" ဟူဖန်က ခေါင်းညိတ်သည်။

"ချန်ကျန့်..." လောင်ဝူ က သူ့ကို လှမ်းခေါ်သည်။

"အင်း" ချန်ကျန့်က ထူးလိုက်သည်။

"မင်းက အမြဲတမ်း ဒီလိုပဲ နေတော့မှာလား" ဟု လောင်ဝူက မေးသည်။

"ဘယ်လိုမျိုးလဲ" ချန်ကျန့်က ပြန်မေးသည်။

"ဒီအတိုင်းပဲ..." လောင်ဝူက သူ့ကို အထက်အောက် အကဲခတ်ကြည့်ရင်း စကားကို ဆက်မပြောဘဲ တုံ့ဆိုင်းနေသည်။

"ခေါင်းဆောင်ကြီးတစ်ယောက်လို ဟန်ကိုယ့်ဖို့နဲ့ ပုံဖမ်းနေတာကို ပြောတာပါ" လောင်စစ် က ပွင့်ပွင့်လင်းလင်းပင် အကျဉ်းချုပ်ပေးလိုက်သည်။

"ဒီအဘိုးကြီးကတော့ကွာ" ချန်ကျန့်က ရေရွတ်လိုက်သည်။ ထိုလူတစ်စုလုံး တဟားဟားနှင့် ရယ်မောလိုက်ကြသည်။

"အမြဲတမ်းတော့ မဟုတ်ပါဘူး" ချန်ကျန့်က ဆိုသည်။

"ဒါပေမဲ့ ပုံဖမ်းရမယ့်အချိန်ကျရင်တော့ ငါက ခေါင်းဆောင်တစ်ယောက်လို သေချာပေါက် ပုံဖမ်းမှာပဲ။ စိတ်ကူးထဲကနေ ကြိုတင်ပြင်ဆင်ထားကြ။"

"ဒါဆိုရင်တော့ ရပါတယ်" လောင်ဝူက ခေါင်းညိတ်သည်။

"အဲ့ဒါကမှ မင်းရဲ့ ပုံမှန်စတိုင်နဲ့ တူတာ။ တစ်ခုခုဆိုရင် မင်းမျက်နှာက တင်းသွားပြီး 'မန်နေဂျာကြီး' ရုပ်ဖမ်းတာလေ။"

"ဘယ်လိုအချိန်မျိုးကို 'တစ်ခုခုဖြစ်တဲ့အချိန်' လို့ သတ်မှတ်တာလဲ" ဟူဖန်က မေးသည်။

"ငါ့လစာကို သူဖြတ်ထားတဲ့ အချိန်မျိုးပေါ့" လောင်ဝူက ဆိုသည်။

"ခံရမှာပေါ့" ဟူဖန်က ရယ်လေသည်။

ချန်ကျန့်၏ ဖုန်းမှာ တုန်ခါသွားသည်။

[ရှန်ယွီ] မန်နေဂျာ အားလား။

[ချန်ယွီလော့ယန့်] ဟုတ်ကဲ့ ။ အားပါတယ်။

ချန်ကျန့် လှေကားဘက်ကို လျှောက်သွားနေစဉ်မှာပင် ရှန်ယွီ ဆီမှ စာဝင်လာသည်။

[ရှန်ယွီ] ငါ အောက်ဆင်းလာနေပြီ။

အိုးဟို... ဟုတ်ပါ့မလား ခြေထောက်ကောင်းနေချိန်ဖြစ်ဖြစ်၊ မကောင်းချိန်ဖြစ်ဖြစ် သွားလာလှုပ်ရှားမှု နယ်ပယ်က သိပ်မထူးခြားလှတဲ့ ရှန်ယွီက တစ်ခုခုအတွက် သူ့ကို အောက်ဆင်းရှာဖို့ အစပျိုးလာတာ ဒါပထမဆုံးပါပဲ။ ပြီးတော့ ခဏအကြာမှာတင် အောက်ကို တကယ်ရောက်လာခဲ့သည်။

ထူးထူးဆန်းဆန်းပဲ...အမြဲစီးလေ့ရှိသည့် Sneakers တွေ စီးမထားဘဲ လည်ရှည် အပြေးဖိနပ်တစ်စုံ ပြောင်းစီးထားသည်။ လက်ထဲမှာလည်း အနွေးထည်အထူကြီးတစ်ထည်ကို ကိုင်ထားပြီး ဦးထုပ်လည်း ဆောင်းထားသေးသည်။

"အပြင်သွားမလို့လား" ချန်ကျန့်က မေးလိုက်သည်။

"မန်နေဂျာကြီးကတော့ တကယ် မျက်စိလျင်တာပဲ" ဟု ရှန်ယွီက ဆိုသည်။

“ဒါကတော့ မျက်စိမမြင်တဲ့သူတောင် မြင်နိုင်ပါတယ်ဗျာ" ချန်ကျန့်က ပြန်ပြောလိုက်သည်။

"တောင်တက်မလို့လား"

"အင်း…ဒါကတော့ မျက်စိမမြင်တဲ့သူတောင် မြင်နိုင်တာပဲလေ"

ရှန်ယွီက ချန်ကျန့်ကို ပြုံးကြည့်ရင်းမှ ပြန်ပြောသည်။

"ဘယ်ကိုသွားကြမှာလဲ" ချန်ကျန့်လည်း ရယ်မောရင်း ပြန်မေးလိုက်သည်။

"ခန့်မှန်းကြည့်လေ"

"ရွာဟောင်းကနေ ဆန်းနန် အထိ လမ်းလျှောက်သွားမလို့လား"

"ဘယ်လိုလုပ် ခန့်မှန်းမိသွားတာလဲ။ ဒါကတော့ တကယ့်ကို 'မျက်စိလျင်တယ်' လို့ အခေါ်ခံရဖို့ ထိုက်တန်သွားပြီ"

ရှန်ယွီက အနွေးထည်ဝတ်ရင်း ခေါင်းလေးစောင်းကာ ပြောလိုက်သည်။

"ကဲ... သွားကြစို့။"

ချန်ကျန့်သည် ဟူဖန်ကို သူခဏအပြင်သွားဦးမည်ဟု လှမ်းပြောလိုက်ပြီးနောက် သူ၏အနွေးထည်ကို ဆွဲယူကာ ရှန်ယွီနောက်မှ တံခါးပြင်ပသို့ လိုက်ထွက်ခဲ့သည်။

"ဟိုတစ်နေ့က ခံတပ်မှာ မင်းပြောခဲ့ဖူးတယ်လေ။ တကယ်လို့ ရှေးဟောင်းလူနေအိမ်တွေကို ဖော်ဆောင်မယ်ဆိုရင် ဒီဘက်က ရွာဟောင်းနဲ့ ဆက်သွယ်လို့ရတယ်ဆိုတာလေ။ အခုက ဒီကနေသွားရင် ဘယ်လောက်ကြာမလဲဆိုတာ စမ်းကြည့်မလို့လား"

"အင်း" ရှန်ယွီက ပြုံးလိုက်သည်။

"ခံတပ်က နည်းနည်းသေးတယ်။ သီးခြားဆွဲဆောင်မှုတစ်ခုအနေနဲ့ ဖော်ဆောင်ဖို့က မလုံလောက်ဘူး။ တကယ်လို့ ဒီနယ်မြေတစ်ခုလုံးကို ချိတ်ဆက်ပြီး 'ဇာတိမြေ' ဆိုတဲ့ အပြင်အဆင်မျိုးနဲ့ နောက်ဆက်တွဲ ဝန်ဆောင်မှုတွေပါ ထည့်လိုက်ရင် ပိုပြီးတော့ အများကြီး ကောင်းသွားလိမ့်မယ်။"

"ဒါဆို ရွာသားတွေနဲ့ရော စကားပြောဖို့ လိုမလား" ချန်ကျန့်က မေးလိုက်သည်။

"အင်း၊ သူတို့ဆီက ငှားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လုပ်ငန်းမှာ အကျိုးတူပူးပေါင်းတာပဲဖြစ်ဖြစ် ပုံစံတစ်ခုခုပေါ့။ အချိန်တန်ရင် ဘယ်လိုညှိနှိုင်းရမလဲဆိုတာ ကြည့်ရမှာပဲ" ရှန်ယွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"အဲ့ဒီအချိန်ကျရင် မင်းရဲ့ အိမ်ဟောင်းလေးကိုပါ တစ်ခါတည်း ပြန်ယူလိုက်တာပေါ့။"

ချန်ကျန့်မှာ မှင်တက်သွားပြီး ရှန်ယွီကို ဘာမှမပြောဘဲ စိုက်ကြည့်နေမိသည်။

"ဘာဖြစ်လို့လဲ" ရှန်ယွီက မေးသည်။

"အဲ့ဒီအိမ်က ရွာထဲက တခြားအသုံးပြုလို့ရတဲ့ အိမ်ဟောင်းတွေနဲ့ တစ်ဆက်တည်း မဟုတ်ဘူးလေ။ အဲ့ဒါကို သုံးလို့မှ မရတာ..."

"ပြန်ယူမယ်လို့ပဲ ပြောတာလေ၊ အဲ့ဒါကို သုံးရမယ်လို့ ငါမပြောပါဘူး" ဟု ရှန်ယွီက ဆိုသည်။

"ဒါဆို ဒါက... ကိုယ်ကျိုးရှာရာ မရောက်ဘူးလား" ချန်ကျန့်က မေးလိုက်သည်။

"ငါတို့က နှလုံးသားမရှိတဲ့ အရင်းရှင်တွေပဲလေ။ စီမံကိန်းတွေ ဖော်ဆောင်တယ်ဆိုတာ ကိုယ်ကျိုးရှာဖို့ မဟုတ်လို့လား"

ချန်ကျန့်က ပြုံးလိုက်ပြီး လမ်းဘေးက သစ်ပင်တွေကို ကြည့်ရန် မျက်နှာလွှဲလိုက်သည်။ ရှန်ယွီက သူ့ပုခုံးကို ဖက်လိုက်ပြီး လက်ချောင်းထိပ်လေးများဖြင့် ချန်ကျန့်၏ မျက်လုံးထောင့်လေးကို အသာအယာ လှမ်းတို့လိုက်သည်။

"ကျွန်တော် ငိုမနေပါဘူး"

ချန်ကျန့်က လှည့်ကြည့်ရင်း ပြောလိုက်သည်။ ရှန်ယွီက ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေတော့သည်။

တည်းခိုခန်းမှ ရွာဟောင်းသို့ သွားသောလမ်းမှာ အတော်လေးနီးပြီး လမ်းလျှောက်ရသည်မှာလည်း အဆင်ပြေလှသည်။ လမ်းဘေးဝဲယာ ရှုခင်းများမှာတော့ သာမန်ကာလျှံကာသာဖြစ်ပြီး အဝေးက တောင်တန်းသစ်တောများကိုသာ မြင်ရသည်။

သို့သော် ရွာဟောင်းမှသည် ခံတပ်သို့ တောင်စောင်းအတိုင်း သွားသည့် လမ်းကလေးမှာမူ အတော်လေး လှပသည်။ ရှေးဟောင်း ကျောက်တံတားလေး နှစ်စင်းကိုပင် ဖြတ်သန်းသွားရသေးသည်။

"ဒီနေရာမှာ Outdoor activities တွေ လုပ်လို့ရတယ်"

ရှန်ယွီက လမ်းလျှောက်ရင်း ဘေးဝဲယာကို ကြည့်ကာ ပြောသည်။ ဤနေရာတစ်ဝိုက်တွင် တောင်ကုန်းပြေပြေများလည်း ပိုများသည်။

"ကျောက်တောင်တက်တာတို့၊ Off-road မောင်းတာတို့ အကုန်လုပ်လို့ရတယ်။"

"မင်း အရင်က ခဏခဏ လုပ်နေကျ အရာတွေပေါ့"

"မင်းက ငါ အော့ဖ်ရုတ် ဆော့တဲ့အချိန်အထိရောက်အောင် ငါ့ရဲ့ Moments တွေကို အကုန် လှန်ကြည့်ထားတာလား"

ချန်ကျန့်က ပြုံးလျက်…

"လွန်ခဲ့တဲ့ အချိန်ကတည်းက အစအဆုံး အကုန်ကြည့်ထားပြီးသားပါ။ ခင်ဗျား တင်ထားတာက အများကြီးရှိတာမှ မဟုတ်ဘဲ"

"အရင်ကတော့ အများကြီး တင်ဖြစ်ပါတယ်။ ဒါပေမဲ့ တော်တော်များများကို ပြန်ဖျက်လိုက်လို့ပါ"

"ဘာလို့လဲ"

"စိတ်မကြည်တဲ့အချိန်ကျရင် ဖျက်ပစ်လိုက်တာပဲ။ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရလို့လေ။ ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့အရာတွေကို တင်ထားမိလဲ ဆိုပြီးတော့..."

ချန်ကျန့်က လက်ကိုလှမ်းပြီး ရှန်ယွီကို သူ့အနားသို့ ဆွဲဖက်လိုက်သည်။

"အခုရော ဘယ်လိုလဲ"

"ငါက မင်းကို မေးရမှာလေ။ မင်းပဲ နေ့တိုင်း ဝင်ကြည့်နေတာ မဟုတ်ဘူးလား"

"နေ့တိုင်းတော့ မကြည့်ပါဘူး။ နေ့တိုင်း ကောမန့်အရေအတွက် လိုက်ရေနေတဲ့ ခင်ဗျားလိုတော့ မဟုတ်ဘူးပေါ့။"

"မင်း သတိပေးလိုက်မှပဲ"

ရှန်ယွီက ပြောပြောဆိုဆို ဖုန်းကိုထုတ်ပြီး သူ Favorite ထဲ သိမ်းထားသည့် 'ချောမောသော မန်နေဂျာ' ပို့စ်ကို အမြန်ဖွင့်ကြည့်လိုက်သည်။

"ကောမန့်တွေ တစ်ရာကျော်တောင် ထပ်တိုးလာပြီဟ..."

"ကျွန်တော် တောင်းပန်ပါတယ်" ချန်ကျန့်မှာ တကယ်ကို စကားမဲ့သွားရသည်။

"အဲ့ဒီ Favorite ကို ဖျက်လိုက်ပြီး နောက်ထပ် မကြည့်ပါနဲ့တော့ဗျာ။"

"မရပါဘူး။ နောင်တစ်ချိန် မင်း ဘဝကူးကောင်းသွားတဲ့ အခါကျရင် မင်းရဲ့ အုတ်ဂူပေါ်မှာ စခရင် တစ်ခု တပ်ထားပြီး အဲ့ဒီပို့စ်ကို ပတ်ချာလည် ပြနေအောင် လုပ်မှာ။ ဆိုလာစနစ်နဲ့ပေါ့။"

"ကျွန်တော်က အသက်ကိုးဆယ်မှာ ဘဝကူးကောင်းသွားတယ်ပဲ ထားပါတော့" ချန်ကျန့်က ဆိုသည်။

"အသက် ကိုးဆယ့်ခြောက်နှစ်ရှိပြီဖြစ်တဲ့ ခင်ဗျားကြီးက ဒီလိုမျိုး လိုက်လုပ်နေတာကို မရှက်ဘူးလား"

"ငါက အသက်ကိုးဆယ့်ခြောက်လေ။ မကျေမနပ်ဖြစ်ရတာကလွဲရင် ငါ ဘာကို ရှက်နေရမှာလဲ ။ ငါ အသက် နှစ်ဆယ့်ခြောက်တုန်းကတောင် ရှက်ရကောင်းမှန်း မသိခဲ့တာ..."

ဒါကတော့လည်း အမှန်ပင်။ ခံတပ်မှာ သူတို့ နောက်ဆုံးတစ်ခေါက် လာခဲ့စဉ်ကနှင့် သိပ်မထူးခြားလှပေ။ ဝင်ပေါက်တွင် နေပူစာလှုံနေသော အဘွားအိုမှာပင် နေရာမှ မရွေ့သေးသည့်အလား ထင်ရသည်။

"ဒီဘက်က ရှုခင်းတွေက တော်တော်လေး လှတာပဲ။ ဟိုဘက်ကနေ ကားမောင်းလာတာထက်စာရင် ပိုပြီး သက်သောင့်သက်သာရှိတယ်"

ရှန်ယွီ က လမ်းလျှောက်ရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ ပြောသည်။

"ဒီနေရာလေးကို လျှောက်လမ်း လေး လုပ်လို့ရတယ်..."

ချန်ကျန့် ၏ ဖုန်းမှာ တုန်ခါသွားသဖြင့် သူ ထုတ်ကြည့်လိုက်သည်။ သူ၏ အလယ်တန်းကျောင်းတုန်းက အတန်းဖော် တစ်ယောက်ဖြစ်ပြီး၊ ဖရန့် အဖြစ် အပ်ထားသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း စကားအနည်းငယ်သာ ပြောဖူးသည့် သူငယ်ချင်းမျိုး ဖြစ်သည်။

"ခွဲခွာရမှာ ကြောက်တဲ့ရောဂါရှိတဲ့ မင်းရဲ့ တည်းခိုခန်းက လူတွေ ပြဿနာတက်ပြန်ပြီလား"

"အလယ်တန်းတုန်းက အတန်းဖော်ပါ" ချန်ကျန့်က စာပြန်ရင်း ပြောလိုက်သည်။

"သူက အားလပ်ရက်မို့ ရွာဟောင်းဘက်ကို ပြန်လာတာ ဖြစ်မယ်။ ခုနက ကျွန်တော် တို့ကို မြင်သွားလို့ စီမံကိန်းကွင်းဆင်းတာလား လို့ လှမ်းမေးနေတာ။"

"မင်းအတန်းဖော်က အနံ့ခံ တော်တော်ကောင်းတာပဲ။ သူ့မိသားစုက စီးပွားရေး လုပ်တာလား"

"သူ့မိသားစုက မြို့ထဲမှာ စားသောက်ဆိုင် ဖွင့်ထားတာ။ ကျွန်တော် အရင်က သူ့မိသားစုဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးတယ်။"

ရှန်ယွီက သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေပြီးမှ ရုတ်တရက် လက်ကိုလှမ်းကာ ချန်ကျန့်၏ မျက်နှာကို ထိလိုက်သည်။ ချန်ကျန့် လန့်သွားပြီး နေပူစာလှုံနေသော အဘွားအိုကို အမြန်လှမ်းကြည့်လိုက်သည်။ အဘွားအိုမှာ သူတို့ကို ကြင်နာသော မျက်နှာထားဖြင့် ကြည့်နေသော်လည်း အိပ်ပျော်နေသလား၊ ငေးနေသလားတော့ မဝေခွဲနိုင်ပေ။ သူမ၏ မျက်နှာအမူအရာမှာလည်း လုံးဝ ပြောင်းလဲမသွားပါ။

"ဘာဖြစ်လို့လဲ" ချန်ကျန့်က ရှန်ယွီကို ကြည့်ကာ မေးသည်။

"အတန်းဖော်ရဲ့ မိသားစုဆိုင်မှာ အလုပ်လုပ်ရတာ ဘယ်လို ခံစားချက်မျိုးလဲ"

"သူ ဆိုင်မှာ မရှိရင်တော့ အဆင်ပြေပါတယ်။ သူရှိရင်တော့ နည်းနည်းတော့ နေရခက်တာပေါ့။ အဲ့ဒီမှာ အကြာကြီး မလုပ်ဖြစ်ပါဘူး။ သူ့အဖေက အရမ်း ကပ်စေးနှဲတာလေ။ ကပ်စေးလည်းနှဲတယ်၊ နှလုံးသားလည်း မရှိဘူး။ မြည်းတစ်ကောင်တောင် သူ့ဆိုင်မှာ သုံးလထက် ပိုမခံနိုင်ဘူး။"

ရှန်ယွီက ရယ်မောရင်း

"စီမံကိန်းကွင်းဆင်းတာလားလို့ မေးတာကို မင်းက ဘယ်လိုပြန်ဖြေလိုက်လဲ"

"တိုက်ရိုက်တော့ မဖြေလိုက်ဘူး။ သူဌေးနောက်လိုက်ပြီး တစ်ချက်ကြည့်ပေးတာလို့ပဲ ပြောလိုက်တယ်။"

ရှန်ယွီက တောက်တစ်ချက်ခေါက်ရင်း

"လူကို ဝေခွဲမရအောင် လုပ်ရာမှာတော့ တော်သားပဲ" ဟု ဆိုသည်။

“ကျွန်တော့်အဖြေက တော်တော်လေးကို ဟန်ပါလွန်းသွားတယ်"

ချန်ကျန့်က သူပို့လိုက်သော စာကို ပြန်ကြည့်ရင်း နောင်တရသလိုမျိုး ရေရွတ်လိုက်သည်။

"ကျွန်တော် အရင်က ဒီလိုလူမျိုး မဟုတ်ပါဘူး။"

ရှန်ယွီက ဘေးက ကျောက်တိုင်ကို မှီလိုက်ရင်း အကြာကြီး ရယ်နေတော့သည်။

"ဒါဆို အရင်က မင်းက ဘယ်လိုလူမျိုးလဲ"

"မသိဘူးလေ။ အရင်က တစ်ယောက်ယောက်က ကျွန်တော့်ကို ဒီလိုမျိုး မေးတာမျိုးမှ မရှိခဲ့တာ"

ချန်ကျန့် ခဏစဉ်းစားပြီးမှ "ဒါပေမဲ့..."

"ဟင်" ရှန်ယွီ က ခေါင်းလေးစောင်းကာ ပြန်မေးသည်။

"ခံစားချက်က တကယ်ကောင်းတယ်ဘော့စ်ရှန်"

"ကလေးစုတ်လေး" ရှန်ယွီက ရယ်မောလိုက်သည်။

"သူက ကျွန်တော့်ကို အပြင်မှာ ထမင်းအတူစားဖို့ ခေါ်နေတယ်"

ချန်ကျန့်က သူ့ဖုန်းထဲက စာကိုကြည့်ရင်း ပြောသည်။

"သူတို့အားလုံးက သတင်းအစအနလေးများ ရမလားလို့ စုံစမ်းချင်ကြတာ"

"အရင်က မြို့ထဲမှာ အစည်းအဝေးတုန်းကတွေ့ခဲ့တဲ့ ရွှီကျဲတို့၊ဘော့စ်ရန်တို့တောင် ငါ့ကို လာရှာကြသေးတာပဲ။ ဟယ်လျန် တို့တစ်သိုက်ဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ဘူး။"

"လူကျွင်း နဲ့ တိုက်ရိုက် အဆက်အသွယ်ရှိတာက ခင်ဗျားတစ်ယောက်တည်းပဲ မဟုတ်လား"

ချန်ကျန့်က မေးလိုက်သည်။

"အင်း" ရှန်ယွီက ပြုံးလိုက်ရင်း

"ဒါကြောင့်လည်း ငါက ကုမ္ပဏီတစ်ခု ထောင်ချင်တာပေါ့" ဟု ဆိုသည်။

အခုအချိန်မှ သဝန်တိုနေဖို့တောင် နည်းနည်း ရှက်ဖို့ကောင်းနေပြီ။

သူတို့နှစ်ယောက်သည် အဘွားအိုနှင့် မီတာနှစ်ဆယ်ခန့်အကွာတွင် ရပ်ပြီး အကြာကြီး စကားပြောနေခဲ့ကြရာ နောက်ဆုံးတွင် အဘွားအိုပင် နိုးလာပြီး သူတို့ကို လက်လှမ်းပြတော့သည်။

"ဘာလုပ်နေကြတာလဲ" ဟု အဘွားအိုက မေးသည်။

"ကျွန်တော်တို့က ကမ္ဘာလှည့်ခရီးသည်တွေပါ" ဟု ရှန်ယွီက ဆိုကာ အနားသို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။

"ဒီမှာ ဘာကြည့်စရာ ရှိလို့လဲ" အဘွားအိုမှာ နားမလည်နိုင်အောင် ဖြစ်နေသည်။

"ဒီ ရှေးဟောင်းပစ္စည်းတွေပေါ့။ အားလုံးက အရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်။"

"မြို့ပေါ်က လာကြတာ မဟုတ်လား" အဘွားအိုက မေးသည်။

"ဟုတ်ကဲ့" ရှန်ယွီက ခေါင်းညိတ်ပြသည်။

"ငါ သိသားပဲ။ ဒီတစ်ဝိုက်က လူငယ်တွေကတော့ ဒါတွေကို ဂရုမစိုက်ကြပါဘူး။ ဆင်းရဲလွန်းတာကိုး။ ငါတို့လို အိုကြီးအိုမတွေပဲ ဒီ ရှေးဟောင်းအိုကြီးအိုမတွေကို စောင့်ရှောက်ဖို့ ကျန်ခဲ့တော့တာပေါ့။"

"သူတို့ ပြန်လာကြမှာပါ"

"ပြန်လာစရာလားဟယ်" အဘွားအိုက ဆိုသည်။

"မြည်းတွေတောင် ပြန်လာဦးမှာပဲကို"

ရှန်ယွီက ပြန်ပြောလိုက်သည်။ အဘွားအိုက သူ့ကို မျက်နှာသေဖြင့် အကြာကြီး စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင်တော့ တဟားဟား ရယ်မောလိုက်တော့သည်။

"ဒီကလေးကတော့ကွာ။"

ထွက်ခွာသွားချိန်မှ တာ့ယွင် သို့ ပြန်ရောက်ချိန်အထိ စုစုပေါင်း နှစ်နာရီကျော် ကြာမြင့်ခဲ့သည်။ လမ်းပေါ်တွင် အချိန်အများကြီး မကုန်ခဲ့ပေ။ ရွာနှစ်ရွာကြားတွင် လျှောက်သွားမည်ဆိုလျှင် တစ်နေ့ဝက်မှ တစ်နေ့အပြည့်အထိ အချိန်ပေးနိုင်သည်။ တကယ်လို့ ရွာဟောင်းမှာပဲ တည်းခိုမည်ဆိုလျှင် ရှန်ယွီ ပြောခဲ့သည့် လှုပ်ရှားမှုများကို နောက်တစ်နေ့တွင် ဆက်လုပ်နိုင်သည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း ဤအရာအားလုံးမှာ အမှန်တကယ်တော့ ရှန်ယွီ၏ ကုမ္ပဏီအတွက် နောက်ထပ်ခြေလှမ်းများသာ ဖြစ်သည်။ သို့သော် ချန်ကျန့်သည် ထိုအကြောင်းများကို အတူတူ တွေးတောမိသောအခါ စိုးရိမ်စိတ်နှင့်အတူ စိတ်လှုပ်ရှားမှုတို့ ရောပြွမ်း၍ ခံစားလိုက်ရသည်။ ရှေ့တွင် ဘာလမ်းရှိမှန်း မသိသော်လည်း ရှေ့သို့ အားကုန်ပြေးချင်နေသည့် ထိန်းမနိုင်သိမ်းမရသော ခံစားချက်မျိုး ဖြစ်သည်။

ခြံဝင်းတံခါးထဲသို့ လှမ်းဝင်လိုက်စဉ် ချန်ကျန့်၏ ရှေ့တည့်တည့်တွင် ဟူဖန် က ဖုန်းကို ကိုင်ကာ သူ့ကို ဗီဒီယိုရိုက်နေသည်ကို တွေ့လိုက်ရသည်။

"ဘာလုပ်နေတာလဲ"

"ရိုက်ချက်အသစ်လေး စမ်းကြည့်တာပါ။ နာနာက ပြောတယ်။ မန်နေဂျာ အထဲကို ဘာအမူအရာမှ မရှိဘဲ လျှောက်ဝင်လာရင် တကယ့်ကို မိုက်ပြီး လန်းနေမှာတဲ့။ အခုကြည့်ရတာ တကယ်ပဲ..."

"ဒါလေးလုပ်ဖို့အတွက်များ လမ်းမှာတင် ကျွန်တော် ဘယ်တော့ပြန်ရောက်မလဲဆိုပြီး စာတွေတရစပ် ပို့နေတာလား" ချန်ကျန့် မှာ မှင်တက်သွားသည်။

"ဟုတ်တယ်" ဆန်းပင်း က ဝင်ပြောသည်။

"တကယ်လည်း လန်းတယ်ဗျ။ လောင်ဝူ ရှစ်ခေါက်လောက် စမ်းရိုက်တာတောင် မင်းလို ပုံစံမျိုး မထွက်လာဘူး။"

"ဘာပဲလုပ်လုပ် လုံခြုံရေးဝန်ထမ်းနဲ့ တူနေတဲ့လူကများ ငါ့ကို လာနောက်နေသေးတယ်!" လောင်ဝူက ပြန်ပက်လိုက်သည်။

"ဒါတွေ ဘာလို့ ရိုက်နေတာလဲ" ချန်ကျန့်က မေးသည်။

"ဗီဒီယိုအတွက် အချက်အလက်စုထားတာပါ။ အားတဲ့အချိန်လေးတွေမှာ ရိုက်ကွင်းလေးတချို့ ရိုက်ထားပြီး နာနာနဲ့ ကျွန်မ အလုပ်မရှိတဲ့အခါ တည်းဖြတ် ကြည့်မလို့"

ဟူဖန်က ပြောရင်း အိမ်ထဲသို့ အမြန်ဝင်သွားသော ရှန်ယွီ ကို လှမ်းအော်လိုက်သည်။

"ဘော့စ်ရှန်၊ မပြေးပါနဲ့ဦး။"

"ဟင်" ရှန်ယွီမှာ မနေသာတော့ဘဲ ရပ်လိုက်ရသည်။

"ငါပါ ပါရဦးမှာလား"

"ဟုတ်ကဲ့" ဟူဖန်က ဖုန်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဘေ့စ်ဘောရိုက်တံ ရိုက်သကဲ့သို့ ရှေ့သို့ လွှဲပြလိုက်ရင်း

"သူဌေးကို ဒါလေး လုပ်စေချင်တာ" ဟု ဆိုသည်။

"ဒါကို တည်းဖြတ်လိုက်ရင် ဘယ်လိုမျိုး ထွက်လာမှာမလို့လဲ"

"ဒါတကယ့်ကို လန်းတဲ့ အကူးအပြောင်း transition တစ်ခု ဖြစ်သွားမှာပါ။ တစ်ချက်လွှဲလိုက်မယ်၊ ပြီးတာနဲ့ စာသားလေးတွေ ပေါ်လာမယ်..."

"တာ့ယွင် ကျန်းဟူ !"

ဆန်းပင်းနှင့် လောင်ဝူတို့က ဘေးမှနေ၍ ပြိုင်တူ အော်လိုက်ကြသည်။

"စာသားတွေ ပေါ်လာတဲ့အခါ အသံနောက်ခံတော့ မပါဘူး မဟုတ်လား"

ရှန်ယွီက သူတို့ကို တစ်ချက် ကြည့်လိုက်သည်။

"မပါပါဘူး" လောင်ဝူက ရိုးရိုးသားသား ပြန်ဖြေသည်။

ရှန်ယွီနှင့် စတွေ့စဉ်ကဆိုလျှင် သူသည် ဤမျှ စိတ်ရှည်တတ်ပြီး ဆိုင်ကဝန်ထမ်းများနှင့် ဤကဲ့သို့ ကလေးကလား လိုက်ကစားလိမ့်မည်ဟု ချန်ကျန့် တစ်ခါမှ မတွေးဖူးခဲ့ပေ။ ချန်ကျန့်သည် ဘေးရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်ကာ ကြည့်နေမိသည်။ ရှန်ယွီသည် နှာခေါင်းစည်း အမည်းရောင်ကို တပ်၊ အနက်ရောင် အားကစား အနွေးထည်ရှည်ကို ဝတ်ကာ ဘေ့စ်ဘောရိုက်တံ တစ်ချောင်းကို ကိုင်လျက် ပူးပေါင်းဆောင်ရွက်ပေးနေသည်။

"တောက်..."

ချန်အာဟူ က ဘေးမှာ ဆောင့်ကြောင့်ထိုင်ရင်း ရေရွတ်လိုက်သည်။

"ဒါက ရုပ်ချောတာ တစ်ခုတည်းနဲ့ မဆိုင်ဘူးဗျ။ သူ့မျက်နှာကို အကုန်အုပ်ထားတာတောင် ရပ်နေတဲ့ပုံစံကြည့်ရုံနဲ့တင် ဆန်းပင်း မဟုတ်မှန်း တန်းသိသာတယ်လေ။"

"မင်းက ဆန်းပင်းကို တိုက်ရိုက်ပဲ စော်ကားလိုက်ပါတော့လား" ချန်ကျန့်က ဆိုသည်။

"မင်းပြောပုံအရဆိုရင် ခဏလောက်တော့ ငါတောင် ဝေခွဲမရဖြစ်သွားတယ်၊ ရှန်ယွီကို နှိမ်တာလား ဆန်းပင်းကို နှိမ်တာလားဆိုတာ။"

ချန်အာဟူက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

"ကဲ... စမယ်" ဟူဖန်က ခြေလှမ်းကျဲကျဲဖြင့် အနေအထားယူကာ ဖုန်းကို မြှောက်လိုက်သည်။

"စတော့!" ရှန်ယွီ၏ လက်ထဲက ဘေ့စ်ဘောရိုက်တံသည် ဟူဖန်၏ ဖုန်းမှန်ဘီလူးဆီသို့ ဝေ့ခနဲ ဝှေ့ယမ်းလာသည်။ ရိုက်တံက လေထဲတွင် လည်ထွက်သွားပြီး ဖုန်းနှင့် ဟူဖန်ကိုပါ ရိုက်ထုတ်ပစ်တော့မည့်အလား ထင်ရသော်လည်း၊ နောက်ဆုံးတွင် ရှန်ယွီ၏ လက်ထဲသို့ပင် ပြန်လည် လည်ဝင်သွားသည်။

"ဝိုး!" ဟူဖန် အော်လိုက်ကာ ချန်ကျန့်ဘေးသို့ ပြေးလာပြီး ထိုင်လိုက်သည်။

"တစ်ခါတည်းနဲ့ အောင်မြင်တယ်! ဒီ effect ကတော့ ရှယ်ပဲ!"

အားလုံး စုပြုံလာကြပြီး ဖုန်းစခရင်ကို ဝိုင်းကြည့်ကြသည်။ ဗီဒီယိုမှာ မပြုပြင်ရသေးဘဲ အကြမ်းပဲ ရှိရုံမက ဟူဖန်၏ လက်ကလည်း အနည်းငယ် တုန်နေသော်လည်း...

ဗီဒီယိုထဲတွင် မျက်နှာဖုံးစွပ်ထားသော ရှန်ယွီက ရိုက်တံကို လွှဲလိုက်ရာ လည်ထွက်နေသော ရိုက်တံက ကင်မရာဆီသို့ တည့်တည့်ကြီး ရောက်လာသည့် အချိန်တွင် အားလုံးက ပြိုင်တူ

"ဟား... ရှယ်ပဲ!" ဟု အော်လိုက်ကြသည်။

ချန်ကျန့်က ရှန်ယွီကို လှမ်းကြည့်လိုက်သောအခါ လူရော ဘေ့စ်ဘောရိုက်တံရော အထဲသို့ ဝင်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"အဲ့ဒါ သုံးလို့ရလား" ချန်ကျန့်က ဟူဖန်ကို မေးသည်။

"ရတာမှ အကောင်းကြီးပေါ့။ ခဏနေရင် ကျွန်မ ပြန်ပြင်လိုက်မယ်၊ သီချင်းလေးပါ ထည့်လိုက်ရင် ဘယ်လိုနေမလဲ ကြည့်ရတာပေါ့။"

"ကျွန်တော်တို့လည်း တစ်ယောက်တစ်ချက်စီ အဲ့လိုရိုက်လို့ရမလား..." ဆန်းပင်းက မေးသည်။

"ဒီလောက်ကြီး မလန်းရင်တောင်မှ အနည်းဆုံးတော့...ဇာတ်ကောင် မိတ်ဆက် အနေနဲ့ပေါ့၊ အဲ့ဒါ လုပ်ပေးလို့ ရပါတယ်"

ချန်ကျန့် အိမ်ထဲသို့ ဝင်လာခဲ့သည်။ ရှန်ယွီက ဓာတ်လှေကားရှေ့တွင် ရပ်ကာ ဖုန်းပြောနေပြီး ချန်ကျန့် ဝင်လာသည်ကို မြင်သောအခါ လက်လှမ်းပြလိုက်သည်။

"ဟင်" ချန်ကျန့် သူ့အနားသို့ လျှောက်သွားလိုက်သည်။

"မနက်ဖြန်လား" ရှန်ယွီက မေးနေသည်။

"ကျွန်တော့်မှာ မနက်ဖြန်နဲ့ သဘက်ခါပဲ အားမယ်။ အဲ့ဒီထက် နောက်ကျရင်တော့ လေ့လာရေးအဖွဲ့ ရောက်လာတော့မှာ။ အဲ့ဒီအချိန်ကျရင်တော့ ကျွန်တော် ဒီမှာ မရှိလို့ မဖြစ်ဘူး..."

ချန်ကျန့်က နားထောင်ရန် အနားသို့ အနည်းငယ် တိုးကပ်လိုက်ရာ ဖုန်းထဲမှ ဥက္ကဋ္ဌလျို၏

"အဲ့ဒါဆိုလည်း ရပါတယ်" ဟူသော အသံကို ကြားလိုက်ရသည်။

"အင်း၊ ဒါဆို ဒါပဲလေ" ရှန်ယွီက ဖုန်းချလိုက်သည်။

"ဥက္ကဋ္ဌလျိုလား" ချန်ကျန့်က မေးသည်။

"ခင်ဗျားတို့ နှစ်ယောက်က စကားပြောပြီးရင် နှုတ်ဆက်ပါတယ် တောင် မပြောကြဘူးလား"

"အလုပ်ကိုပဲ ဇောက်ချလုပ်တဲ့သူတွေက ဖုန်းထဲမှာ 'အေးပါ၊ အင်းပါ၊ ဟုတ်ပါပြီ၊ ကောင်းပါပြီ' နဲ့ အချိန်ဖြုန်းမနေကြဘူးလေ။ မနက်ဖြန်ကျရင် ငါတို့ တကယ့် အလုပ်ကိစ္စနဲ့ ခရီးထွက်ကြမယ်။"

_________________________________________________________________


NEXT









Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...