Skip to main content

112








အပိုင်း (၁၁၂)

အထက်တန်းကျောင်းပြီးကတည်းက ချန်ကျန့် သည် ခရီးမထွက်ဖူးရုံသာမက မြို့ပြင်သို့ပင် တစ်ခါမှ မရောက်ဖူးခဲ့ပေ။ အထက်တန်းမတိုင်မီကဆိုလျှင် သူသည် ဤအရပ်မှ လုံးဝမခွာဖူးခဲ့။ အကြွေးတွေ အကုန်မဆပ်နိုင်သေးသရွေ့ ထိုကဲ့သို့သော ခရီးသွားခြင်းဟူသည့်အရာများမှာ သူနှင့် ဘာမှမသက်ဆိုင်ကြောင်း သူ ကောင်းကောင်းကြီး သိထားသည်။

ထိုအကြောင်းကို ပြောပြသည့်အခါတွင်လည်း နောင်တရခြင်း သို့မဟုတ် မျှော်လင့်တောင့်တခြင်းမျိုး မရှိခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ ရှန်ယွီ က သူ့ကို အလုပ်ကိစ္စဖြင့် ခရီးခေါ်သွားမည်ဟု ပြောသောအခါ…ရှန်ယွီကတကယ့်အလုပ်ကိစ္စခရီးစဉ်ဟုအထူးတလည် အလေးပေးပြောခဲ့သော်လည်း ချန်ကျန့်အတွက်မူ ခရီးတစ်ခုထွက်ရသလိုပင် ခံစားနေရသည်။

တကယ့် ခရီးစဉ်တစ်ခုပေါ့။

မိမိချစ်ရသူနှင့်အတူ ကားတစ်စီးမောင်းကာ ဝေးလံသောအရပ်၊ စိမ်းသက်သော နေရာတစ်ခုဆီသို့ ခရီးနှင်ရခြင်း။

စိမ်းသက်သော ရှုခင်းများ၊ စိမ်းသက်သော လူသားများနှင့် စိမ်းသက်သော ပတ်ဝန်းကျင်လေထု...။

ဒါဟာ တကယ့်ခရီးစဉ်ပါပဲ။

"ငါတို့ လိုက်ပို့ပေးရမလား"

ရှန်ယွီ က ရှေ့ကောင်တာမှာရှိနေသည့် ဆွန်းနာနာ ကို မေးလိုက်သည်။ သူမက ဒီနေ့ လုပ်ငန်းလိုင်စင်ကိစ္စတွေ လုပ်ဖို့ မြို့ထဲကို သွားရမှာဖြစ်သည်။

"ရှင်တို့ပဲ အဝေးပြေးလမ်းမကြီးအတိုင်း တန်းသွားလိုက်ကြပါ။ ကျွန်မက ကားမောင်းသွားရမှာမို့လို့" ဆွန်းနာနာက ဆိုသည်။

"တွေ့ဖို့ ချိန်းထားတဲ့ သူငယ်ချင်းလည်း ရှိသေးတယ်လေ။"

"စာရင်းကိုင်နဲ့ မိတ်ဆက်ပေးတဲ့သူလား" ရှန်ယွီက မေးသည်။

"ဟုတ်ကဲ့ ။ အဲ့ဒီလူက အဆင်ပြေတယ်ဆိုရင် နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေက မြန်မြန်ပြီးသွားမှာပါ။"

"အေးလေ... အဲ့ဒါဆိုလည်း ပြီးတာပဲ"

"မြို့ထဲဖြစ်ဖြစ်၊ မြို့ဟောင်းဘက်ဖြစ်ဖြစ် လိုက်မယ့်သူ ရှိသေးလား"

ချန်ကျန့် က ပေါ့ပေါ့ပါးပါးလေး လှမ်းမေးလိုက်သည်။ ပုံမှန်ဆိုလျှင် ချန်အာဟူ မြို့ဟောင်းဘက်ကို အခင်းအကျင်းတွေ သွားပို့တိုင်း အလုပ်နားတဲ့သူတွေ လိုက်သွားလေ့ရှိကြသည်။

"မလိုက်တော့ဘူး"

ဒီတစ်ခါမှာတော့ လူတိုင်းက ပြိုင်တူပင် အော်ပြောလိုက်ကြသည်။

ချန်ကျန့်မှာ ထိုခဏချင်းမှာပင် မျက်နှာတစ်ခုလုံး ရဲတက်သွားသလို ခံစားလိုက်ရသည်။ သူသည် အိတ်ကို ကျောဘက်သို့ အမြန်ပစ်လွယ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့တော့သည်။ ရှန်ယွီကတော့ အလောတကြီး မရှိလှပေ။ သူသည် ဟူဖန် ကို လေ့လာရေးအဖွဲ့အတွက် ပြင်ဆင်ရမည့်ကိစ္စများကိုပင် အသေးစိတ်မှာကြားနေသေးသည်။

သူ တမင်လုပ်နေတာပဲ!

ပုံမှန်ဆိုလျှင် တည်းခိုခန်းကိစ္စတွေကို သူ ဒီလောက်အထိ ဂရုတစိုက် မရှိတတ်ဘဲ ပြဿနာတစ်ခုခုတွေ့ရင်တောင် အရင်ဆုံး ပြေးတတ်သူဖြစ်သည်။ အခုမှလာပြီး ညွှန်ကြားချက်တွေ ပေးနေလေသည်။ ချန်ကျန့်က သူ့အိတ်ကို ကားနောက်ဖုံးထဲ တန်းပစ်ထည့်လိုက်ပြီး ရှေ့ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ရှန်ယွီ အပြင်ထွက်လာတော့ သူလည်းပဲ ရှေ့ခရီးသည်ဘက်က တံခါးကိုပဲ တန်းဖွင့်လိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သား ခဏကြာအောင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိကြသည်။ ချန်ကျန့်က နေရာကမရွေ့သဖြင့် ရှန်ယွီက

"ဒါ ဘာသဘောလဲ" ဟု မေးလိုက်သည်။

"ခင်ဗျားမောင်းလေ!ဒါက အဝေးပြေးလမ်းမကြီးနော်ဘော့စ်။ ကျွန်တော် လိုင်စင်ရတာ ဘယ်လောက်ရှိသေးလို့လဲ အဝေးပြေးလမ်းပေါ် ကျွန်တော် မောင်းလို့ရပါ့မလား"

"မင်းက သင်ယူမှုပိုင်းမှာ အားနည်းနေတုန်းပဲ။ ကျောင်းတုန်းကလည်း စာသိပ်မတော်ခဲ့ဘူး မဟုတ်လား"

ရှန်ယွီက ကားခေါင်မိုးကို မှီရင်း သူ့ကို ငုံ့ကြည့်ကာ ပြောသည်။

"အစမ်းကာလ အတွင်းမှာ အဝေးပြေးလမ်းပေါ် မောင်းမယ်ဆိုရင် သက်ဆိုင်ရာ လိုင်စင်သက်တမ်း သုံးနှစ်နဲ့အထက် ရှိတဲ့သူတစ်ယောက် ဘေးကနေ လိုက်ပါပေးဖို့ လိုတယ်လေ။ အဲ့ဒီလူက ငါပေါ့။"

ချန်ကျန့်က သူ့ကို ကြည့်လိုက်ပြီး

"ခင်ဗျားကတော့ ကျွန်တော့်ကို တကယ့်ကို ယုံကြည်တာပဲ။ ဟိုတစ်နေ့ကပဲ ကျွန်တော် ကားကို သေချာတောင် မရပ်နိုင်လို့ ရဲစခန်းမှာ အဲ့ဒီကျန်းဆိုတဲ့လူ ထွက်လို့မရအောင် ငါးမိနစ်လောက် ပိတ်ထားမိသေးတယ်"

"မင်း ဘာတွေတွေးနေတာလဲ အဝေးပြေးလမ်းပေါ်မှာ ကားရပ်လို့မှ မရတာ"

ရှန်ယွီ က သူ့အိတ်ကို ချန်ကျန့် ဆီ လှမ်းပစ်ပေးရင်း ကားရှေ့မှ ပတ်လျှောက်သွားသည်။

"ကဲပါ... ထားလိုက်ပါတော့ ငါပဲ မောင်းပါ့မယ်။ အိတ်ကို သေချာလေး သိမ်းပေးထားဦးနော် လက်ထောက်လေး။"

ချန်ကျန့် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရှန်ယွီ၏ အိတ်ကို ကားနောက်ဖုံးထဲ ထည့်ပေးလိုက်သည်။ ကားနောက်ဖုံး တံခါးကို ပိတ်လိုက်သည့်အချိန်တွင် ရှန်ယွီက ရှေ့ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

"ကျွန်တော့်ကို အကွက်တွေ လာရွှေ့နေတာလား"

ချန်ကျန့်က ရှေ့ခရီးသည်ဘက်က တံခါးဆီ လျှောက်သွားလိုက်သည်။ ရှန်ယွီက တံခါးကို ပိတ်လိုက်ပြီး သူ့ကို လှည့်တောင်မကြည့်တော့ပေ။

"သောက်ကျိုးနည်းဗျာ"

ချန်ကျန့်မှာ တကယ်ကို စကားမဲ့သွားရသည်။ သူက ထပ်ပြီး ငြင်းဆန်ဖို့ ကြိုးစားချင်သေးသော်လည်း၊ လောင်စစ် က တံမြက်စည်းအကြီးကြီး တစ်ချောင်းကို ကိုင်ကာ နောက်ဖေးခြံထဲမှ ထွက်လာပြီး သူ့ကို စိုက်ကြည့်နေသဖြင့် လက်လျှော့လိုက်ရတော့သည်။

"အားလပ်ရက် ခရီးထွက်ကြမလို့လား" လောင်စစ်က မေးသည်။

"အလုပ်ကိစ္စနဲ့ သွားတာပါ ။ ဘာ အားလပ်ရက်လဲ။" ချန်ကျန့် ဘုတော တောမိသည်။

"ဟန်ဆောင်နေလိုက်တာ"

လောင်စစ်က ပြောပြောဆိုဆိုနှင့် တံမြက်စည်းကြီးကို ကိုင်ကာ ထွက်သွားသည်။

"ကဲ... ဟုတ်ပါပြီ" ချန်ကျန့် ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်ပြီး ထိုင်ခုံခါးပတ် ပတ်လိုက်သည်။

"ကျွန်တော် မောင်းမယ်၊ မောင်းမယ်။ အဝေးပြေးလမ်းပေါ် မောင်းတာ ဘာခက်လို့လဲ..."

"ငါ မင်းဘေးမှာပဲ ရှိနေတာပဲ"

ရှန်ယွီက ထိုင်ခုံနောက်မှီကို အနည်းငယ် နှိမ့်ချလိုက်ပြီး သက်သောင့်သက်သာ မှီထိုင်လိုက်သည်။

"တစ်ခုခုဆိုရင် ငါ ကြည့်ပေးမှာပေါ့။ မင်း ဘာကို ကြောက်နေတာလဲ"

"ဖြောင့်ဖြောင့်ထိုင်ပါဦး" ချန်ကျန့် ကားစက်နှိုးလိုက်သည်။

"အဲ့ဒီပုံစံနဲ့ဆိုရင် မြို့ဟောင်းကိုတောင် မရောက်သေးဘူး မင်း အိပ်ပျော်သွားမှာကို ကျွန်တော် ကြောက်တယ်ဗျ။"

"ဟား ဟား"

ရှန်ယွီ ရယ်မောလိုက်ပြီး ထိုင်ခုံနောက်မှီကို မူလအနေအထားအတိုင်း ပြန်ပြင်လိုက်သည်။ လမ်းညွှန်စနစ်ကတော့ သတ်မှတ်ပြီးသား ဖြစ်သည်။ ချန်ကျန့်သည် လမ်းညွှန်ချက်အတိုင်း ကားကို ခြံထဲက မောင်းထွက်လာပြီး ဟုန်ယဲ့ မြို့၏ လမ်းမကြီးပေါ်သို့ တက်ကာ တည့်တည့်မောင်းလာခဲ့သည်။ ထို့နောက် ရှေ့က လမ်းခွဲတွင် ညာဘက်သို့ ကပ်မောင်းလာခဲ့ပြီး...

ထိုအချိန်ကျမှ ဤလမ်းပိုင်းကို သူ သိနေပြီးသားဖြစ်ကြောင်းနှင့် လမ်းညွှန်သံကို နားထောင်နေစရာ မလိုကြောင်း သတိရသွားသည်။ မြို့ဟောင်းအထိ သွားသည့်လမ်းကို သူ ကျွမ်းကျင်သော်လည်း အဝေးပြေးလမ်း ဝင်ပေါက်က ဘယ်မှာလဲဆိုသည်ကိုတော့ မသိပေ။ အဝေးပြေးလမ်း ဝင်ပေါက်အကွေ့ထဲသို့ ရောက်သွားပြီး ရှေ့တွင် တိုးဂိတ်ကို မြင်လိုက်ရသောအခါ ချန်ကျန့် ရုတ်တရက် သတိရသွားသည်။

"ဘယ်လိုလုပ်ရမလဲ ကတ်တစ်ခုခု ယူရမှာလား"

"ETC (အလိုအလျောက် ငွေပေးချေစနစ်) ရှိတယ်။ ETC လို့ ရေးထားတဲ့ ဘယ်လမ်းမဆို တန်းမောင်းဝင်သွားလိုက်ရုံပဲ။"

“အင်း။"

ချန်ကျန့်သည် ရှေ့မှ ကားလမ်းကြောင်းများကို တစ်ခုပြီးတစ်ခု သေချာစိုက်ကြည့်နေမိသည်။ သူ စိတ်လှုပ်ရှားနေ၍လား သို့မဟုတ် မျက်စိမှောက်နေ၍လားမသိ၊ အစွန်ဆုံးလမ်းကြောင်းတစ်ခုကလွဲလို့ ကျန်တဲ့လမ်းကြောင်းတွေအားလုံးက ETC လမ်းကြောင်းတွေဖြစ်နေမှန်း သိလိုက်ဖို့ စက္ကန့်အနည်းငယ် ကြာသွားသည်။ သူ မနေနိုင်ဘဲ

"ဟာ... အကုန်လုံးက ETC တွေချည်းပဲပဲ" ဟု ရေရွတ်လိုက်မိသည်။

"ဟုတ်တယ်လေ"

ရှန်ယွီက ဘေးမှ မုန့်ထုပ်လေးတစ်ထုပ်ကို ယူ၊ အိတ်ကိုဖောက်ပြီး ပါးစပ်ထဲ ထည့်လိုက်ရင်း ပြောသည်။

"ကျွန်တော် မုန့်တွေဝယ်လာဖို့ မေ့သွားတယ်" ဟု ချန်ကျန့်က ဆိုသည်။

"ရပါတယ်" ရှန်ယွီက လမ်းညွှန်မြေပုံကို တစ်ချက်ကြည့်လိုက်ပြီး

"နောက်ထပ် ကီလိုမီတာ နှစ်ဆယ်လောက်ဆိုရင် နားနေစခန်းတစ်ခုရှိတယ်။ အဲ့ဒီကျရင် မင်းစားချင်တာ အကုန်ဝယ်လို့ရတယ်"

ချန်ကျန့်သည် ထိုစကားကို နားထောင်ရင်း စိတ်ကူးယဉ်ကြည့်လိုက်ရာ ခရီးသွားရခြင်း၏ အရသာကို ချက်ချင်းပင် ခံစားလိုက်ရသည်။ ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်ရင်း ဗိုက်ဆာလာတဲ့အခါ၊ ရေငတ်လာတဲ့အခါ ဒါမှမဟုတ် ပင်ပန်းလာတဲ့အခါမျိုးမှာ စိမ်းသက်တဲ့နေရာတစ်ခုမှာ ခေတ္တရပ်နားပြီး နှစ်ယောက်သား အတူတူ စားသောက် အနားယူကြမည်...။

ကားက အဝေးပြေးလမ်းမကြီးပေါ် ရောက်သွားပြီ။ လမ်းပေါ်တက်တက်ချင်းမှာတင် Y ပုံစံ လမ်းခွဲတစ်ခုကို တွေ့လိုက်ရသည်။ ချန်ကျန့်က လမ်းညွှန်မြေပုံကို လှမ်းကြည့်လိုက်သော်လည်း သေချာမမြင်ရသေးခင်မှာပင် ရှန်ယွီက ဘေးမှနေ၍ "ဘယ်ဘက်ကပ်မောင်း" ဟု ပြောလိုက်သည်။

ချန်ကျန့်လည်း ဘယ်ဘက်လမ်းထဲသို့ မောင်းဝင်လိုက်သည်။ ရှန်ယွီ၏ အချိန်ကိုက် လမ်းညွှန်မှုကြောင့် သူ ချက်ချင်းပင် စိတ်အေးသွားရသည်။

"ယုံကြည်မှုရှိရှိသာ မောင်းစမ်းပါ ။ ရှေ့မှာ အကုန်လမ်းဖြောင့်တွေချည်းပဲ။"

"အင်း"

"လီဗာကို နည်းနည်း ထပ်နင်းလိုက်ဦး။ အခု မင်းမောင်းနေတာ အမြန်နှုန်း ၆၀ ပဲ ရှိသေးတယ်။"

"ဒါတောင် တော်တော်မြန်နေပြီလေ" ချန်ကျန့်က လီဗာကို နင်းလိုက်သည်။

ကားအရှိန်က ဝုန်းခနဲ တက်သွားရာ သူ အနည်းငယ် ထိတ်လန့်သွားမိသည်။

"စတီယာရင်ကိုသာ ငြိမ်ငြိမ်လေး ကိုင်ထား ။ အခု အရှိန် ဘယ်လောက်ရှိပြီလဲ"

"မင်း မမြင်ရဘူးလား" ရှန်ယွီက ပြန်မေးသည်။

"ဒိုင်ခွက် ပေါ်မှာ ပါတယ်လေ။"

"ကြည့်ဖို့ မရဲဘူးဗျ။ ရှေ့က လမ်းကိုပဲ အကြည့်မလွှဲဘဲ ကြည့်နေရတာ"

"တစ်ရာတောင် မပြည့်သေးပါဘူးကွာ"

ရှန်ယွီက တဟားဟား ရယ်လိုက်သည်။

"အရှိန် တစ်ရာလောက်အထိ အရင်ရောက်အောင် မောင်းကြည့်ရအောင်။ ဒီ အစွန်ဆုံး ညာဘက်လမ်းကြောင်းထဲမှာပဲ ဆက်မောင်းနေလိုက်။"

"လီဗာကို ထပ်နင်းရဦးမှာလား" ချန်ကျန့်က မေးလိုက်လေသည်။

"ဆက်လုပ်စမ်းပါ အစ်ကိုကြီးချန်ကျန့်ရာ"

ချန်ကျန့်သည် ခါးကို မတ်မတ်ဆန့်ထိုင်ပြီး စတီယာရင်ကို အားကုန်ဆုပ်ကိုင်ထားရာ လက်ချောင်းလေးများပင် နာကျင်လာတော့သည်။

ဒီခရီးစဉ်ကတော့လေ... ဒီလိုအခြေအနေကြီးနဲ့ဆိုရင် တကယ့်ကို အားမလိုအားမရ ဖြစ်စရာကြီးပဲ!

"ရှေ့မှာ အကွေ့ရှိတယ်။ အရှိန်လေး နည်းနည်း လျှော့လိုက်ဦး။"

"အင်း ကျွန်တော် တို့ မောင်းလာတာ ဘယ်လောက်ရှိပြီလဲ။ ခရီးတစ်ထောက်နားတဲ့နေရာ ရောက်ဖို့ ဘယ်လောက်လိုသေးလဲ"

"ဟား ဟား မင်းကလည်း မေးတတ်လိုက်တာ ။ ဆယ့်ခြောက်ကီလိုမီတာ ကျန်သေးတယ်"

"တစ်ဝက်တောင် မရောက်သေးဘူးပေါ့"

"အင်း" ရှန်ယွီက သမ်းဝေရင်း

"ဒါပေမဲ့ မင်းမောင်းတာ တော်တော်လေး တည်ငြိမ်ပါတယ်။ အရှိန်ကိုလည်း ကောင်းကောင်း ထိန်းထားနိုင်တယ်။ ဒီအတိုင်းလေးသာ ဆက်မောင်းသွား" ဟု အားပေးသည်။

"တကယ်လား"

"တကယ်ပေါ့"

"ကျွန်တော့်ကိုတောင် သရော်သလိုစကားတွေ မပြောတော့ဘူးလား။ဒါက တော်တော့်ကို ရှားပါးတဲ့ကိစ္စပဲ။"

"ငါပြောလိုက်ရင် မင်း ငိုသွားမှာစိုးလို့ပါ ။ မင်း စတီယာရင်ကို ကိုင်ထားတာ အသက်ရှူကျပ်ပြီး ရင်ကျပ်ရောဂါတောင် ထဖူးတော့မယ်။ ငါသာ ထပ်ပြီး သရော်လိုက်ရင်တော့ မင်း စတီယာရင်ကို အသေညှစ်သတ်မိမှာ ကြောက်လို့ပါကွာ။"

ချန်ကျန့် မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ခဏကြာအောင် ဆက်မောင်းပြီးနောက် နောက်ဆုံးတွင် ခရီးတစ်ထောက်နားဆိုင်းဘုတ်ကို သူ မြင်လိုက်ရသည်။ ရှန်ယွီ ၏ ညွှန်ကြားမှုဖြစ်သော signal ပြပေးခြင်း၊ လမ်းကြောင်းပြောင်းခြင်း၊ အရှိန်လျှော့ခြင်းတို့အတိုင်း လုပ်ဆောင်ရင်း ချန်ကျန့်သည် နားနေစခန်းထဲသို့ ချောမွေ့စွာ မောင်းဝင်လာခဲ့သည်။ ကားရပ်နားရန် ကြိုးစားချိန်တွင် သူသည် ဝမ်းသာစရာ အချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

"ဒီမှာ ကားရပ်တဲ့နေရာတွေက တော်တော်ကျယ်တာပဲ!"

"အဲ့ဒါက ကားကြီးတွေ ရပ်တဲ့နေရာလေ"

“ဪ"

ချန်ကျန့် ခဏမျှ မှင်တက်သွားပြီး အနည်းငယ် ရှေ့သို့ ဆက်မောင်းလိုက်ရာ ကားအသေးလေးများ ရပ်သည့်နေရာကို တွေ့လိုက်ရသည်။

"ကားလေးတွေ ရပ်တဲ့နေရာကလည်း တော်တော်ကျယ်တာပဲဗျ!"

"မြန်မြန်ရပ်စမ်းပါ။ မင်းက ကျယ်တယ်လို့ ထင်နေရင် ကန့်လန့်ဖြတ်ကြီးပဲ ရပ်ထားလိုက်တော့"

ချန်ကျန့်သည် ကားကို နေရာလွတ်တစ်ခုတွင် ရပ်လိုက်သည်။ အလွန်ပင် လွယ်ကူလှသည်။ ကားရပ်နားရန် နေရာများမှာ တကယ်ပင် ကျယ်ဝန်းလှပြီး ဘေးဘယ်ညာတွင်လည်း ကားတစ်စီးမှ မရှိပေ။ ကားပေါ်က ဆင်းလိုက်ချိန်တွင် သူသည် အလွန်ပင် ပေါ့ပါးလန်းဆန်းသွားသလို ခံစားရသည်။ သူသည် လက်နှစ်ဖက်ကို မြှောက်ကာ ကားဘေးရှိ ကွင်းပြင်ထဲတွင် ခါးကို ဟိုဘက်ဒီဘက် လှည့်လိုက်သည်။

"ဒီကီလိုမီတာ နှစ်ဆယ်က အနှစ် နှစ်ဆယ်လောက် ကြာသွားသလိုပဲ" ရှန်ယွီက အနားသို့ လျှောက်လာပြီး ချန်ကျန့်၏ ခါးနောက်ပိုင်းကို နှိပ်ပေးရင်း ဆိုသည်။

"ငါပဲ ဆက်မောင်းလိုက်ပါ့မယ်။"

အနှိပ်ခံရသည်မှာ အလွန်ပင် သက်သောင့်သက်သာရှိလှသဖြင့် ချန်ကျန့်သည် မျက်လုံးလေးများကို မှေးစင်းထားမိသည်။

"မလိုပါဘူး။ ကျွန်တော် အသားကျစပြုနေပြီ"

သူက ဆိုကာ ကိုယ်လက်ကို နောက်တစ်ကြိမ် အားရပါးရ ဆန့်ထုတ်လိုက်ပြီး ဘေးရှိ စူပါမားကတ်ကို လှမ်းကြည့်လိုက်သည်။

"စားစရာ သွားဝယ်ကြမလား"

"သွားစို့" ရှန်ယွီက ချန်ကျန့်၏ တင်ပါးကို တစ်ချက် ပုတ်လိုက်သည်။

ချန်ကျန့် ခေါင်းကို ဝုန်းခနဲ လှည့်ကြည့်လိုက်သည်။ သူတို့နောက်ဘက်တွင် ခုနကမှ မောင်းဝင်လာသည့် ကားအသေးလေးတစ်စီး ဖြတ်သွားသည်။

"ဟင်" ရှန်ယွီကလည်း ခေါင်းလှည့်ကြည့်သည်။

"လူတွေ ရှိတယ်လေ" ဟု ချန်ကျန့်က ဆိုသည်။

"ရပါတယ်။ ဘယ်သူမှ ငါတို့ကို ကြည့်မနေပါဘူး။ သူတို့လည်း ကားထဲမှာ ဒီကားရပ်တဲ့နေရာတွေ ဘယ်လောက်တောင် ကျယ်သလဲဆိုတာကို ဆွေးနွေးနေကြမှာပါကွာ။"

ချန်ကျန့် ခဏမျှ မှင်တက်သွားပြီးမှ တဟားဟား ရယ်မောလိုက်သည်။

"မင်းကတော့ ရူးနေတာပဲ!"

ဒီခရီးတစ်ထောက်နာနာမှာ လူသိပ်မရှိလှပေ။ ကားပေါ်က ဆင်းလာသူ အများစုမှာလည်း အိမ်သာဆီသို့သာ တန်းသွားကြသည်။ ချန်ကျန့်မှာမူ အထဲသို့ လျှောက်ဝင်သွားစဉ် အရာအားလုံးကို စပ်စုချင်စိတ် ပြင်းပြနေမိသည်။ အဝေးပြေးလမ်းပေါ်က စားသောက်တန်းနှင့် စူပါမားကတ်သို့ သူ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

စူပါမားကတ်အပြင်ဘက်တွင် အစားအသောက်မျိုးစုံ ရောင်းချနေသော ဆိုင်ခန်းများရှိပြီး အနံ့အရသာနှင့် ပြည့်စုံလှသည်။ သူသည် ဆိုင်ခန်းတစ်ခုချင်းစီကို ဖြတ်လျှောက်ရင်း စက္ကန့်အနည်းငယ်စီ စိုက်ကြည့်နေမိသည်။ အကွာအဝေးအရဆိုလျှင် မြို့ပြင်သို့ပင် မထွက်ရသေးသော်လည်း၊ သူသည် 'ခရီးသွားနေပြီ' ဟူသော ထူးခြားသည့် ခံစားချက်ကို အပြည့်အဝ ရရှိနေပြီဖြစ်သည်။

"တစ်ခုခု စားချင်လား"

ရှန်ယွီ က သူ့ဘေးမှနေ၍ တိုးတိုးလေး မေးလိုက်သည်။

"မစားတော့ပါဘူး၊ မနက်စာ စားလာတာ မကြာသေးဘူးလေ။ ဗိုက်မဆာသေးဘူး ။ စူပါမားကတ်ထဲဝင်ပြီး သရေစာလေးတွေပဲ သွားကြည့်ကြမလား"

"အင်း" ရှန်ယွီက ခေါင်းညိတ်ပြသည်။

စူပါမားကတ်မှာ သူ မြင်ဖူးနေကျ တခြားစူပါမားကတ်များကဲ့သို့ပင် ရေခဲသေတ္တာများ၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်များနှင့် အသင့်စား ထမင်းဗူးများဖြင့် ပြည့်နှက်နေသည်။ သို့သော် ပုံမှန်ဆိုလျှင် လှည့်ပင်မကြည့်သည့် ဤစူပါမားကတ်သည် 'ခရီးသွားခြင်း' နောက်ခံနှင့် ပေါင်းစပ်လိုက်သောအခါ လုံးဝ ကွဲပြားခြားနားသော ခံစားချက်ကို ပေးစွမ်းနေသည်။ ချန်ကျန့်သည် စိတ်ဝင်တစားဖြင့် နှစ်ပတ်ခန့် ပတ်ကြည့်လိုက်ပြီး အာလူးကြော်ထုပ်များ၊ အစပ်ချောင်းများနှင့် အစေ့အဆန်ထုပ်အချို့ကို ဆွဲယူလိုက်ပြီးမှ တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားသည်။

"ဟာ..." သူက ဈေးနှုန်းကတ်ပြားကို ကြည့်ရင်း "ဈေးက ဒီလောက်တောင် ကြီးတာလား"

"ဘယ်လောက်တောင် ပိုကြီးသွားမှာမလို့လဲ..."

ရှန်ယွီက ချန်ကျန့်လက်ထဲက ပစ္စည်းတွေကို လှမ်းယူကာ ငွေရှင်းကောင်တာပေါ်သို့ အကုန်တင်လိုက်တော့သည်။

ဒါလည်း ဟုတ်တာပဲလေ။ ခရီးထွက်နေတဲ့အချိန်မှာတော့ ဒါတွေကို လိုက်တွက်နေလို့ မဖြစ်ဘူး။ ချန်ကျန့် ခဏမျှ တုံ့ဆိုင်းနေပြီးမှ

"ဟော့ဒေါ့ ရော တစ်ခု စားမလား"

"ဟင်" ရှန်ယွီက သူ့ကို လှည့်ကြည့်သည်။

"ကျွန်တော် ဟော့ဒေါ့ စားချင်လို့" ဟု ချန်ကျန့်က ဆိုသည်။

"ဟော့ဒေါ့ နှစ်ခုပါ တစ်ခါတည်း ပေးပါ" ရှန်ယွီက ငွေကိုင်စာရေးမလေးကို ပြောလိုက်သည်။

သရေစာနှင့် အအေးဗူးများပါသော အိတ်ကို ဆွဲ၊ တစ်ယောက်တစ်ဖက် ဟော့ဒေါ့လေးတွေကို ကိုင်ပြီး မြက်ခင်းပြင်ကျယ်ကြီးပေါ်မှာ ထိုင်စားရတဲ့ ခံစားချက်ကတော့... ချန်ကျန့်အတွက် တကယ်ကို အံ့ဩစရာကောင်းလောက်အောင် သာယာနေတော့၏။

"မူလတန်းတုန်းက ကျောင်းကနေ နွေဦးခရီးထွက်ရသလိုမျိုး ခံစားရတယ်"

ချန်ကျန့်က ဟော့ဒေါ့ကို တစ်ကိုက် ကိုက်ရင်း ပြောလိုက်သည်။

"အင်း... ဒါကြီးက တကယ်ကို အရသာမရှိလိုက်တာ။ ဒီလို ညံ့ဖျင်းတဲ့ ဝက်အူချောင်းမျိုးကိုသာ မြို့ကလေးထဲမှာ ရှစ်ယွမ်နဲ့ ရောင်းမယ်ဆိုရင် အဲ့ဒီဆိုင် အကြိမ်ပေါင်း ရှစ်ရာလောက် ဒေဝါလီခံပြီးနေပြီ..."

ရှန်ယွီက ဘာမှမပြောဘဲ ပြုံးလျက် ကုတ်ကို တစ်ငုံ သောက်လိုက်သည်။

"မစားဘူးဆိုရင်လည်း လွှင့်မပစ်နဲ့ဦးနော်"

ချန်ကျန့်က ရှန်ယွီလက်ထဲက တစ်ကိုက်မှ မစားရသေးသော ဟော့ဒေါ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ ရှန်ယွီက တစ်ကိုက် ကိုက်လိုက်ရင်း

"စားနေပါတယ်ကွ" ဟု ဆိုသည်။

"ကျွန်တော် တစ်ယောက်တည်းပဲ ဒီလို ခံစားနေရတာလား" ချန်ကျန့်က သူ့ကို ကြည့်လိုက်သည်။

"ဘာကိုလဲ" ရှန်ယွီက ခေါင်းလှည့်ကြည့်သည်။

"ဟိုလေ... နွေဦးခရီးထွက်ရသလိုမျိုးပေါ့ ။ ဒါက တကယ်တော့ သာမန်ကိစ္စလေးပါပဲ၊ ဒါပေမဲ့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေတယ်လေ။"

"ငါလည်း အတူတူပါပဲ" ဟု ရှန်ယွီက ဆိုသည်။

"ခင်ဗျားကတော့ ဟန်ဆောင်နေတာပဲ။ ဒါက ကျွန်တော့်အတွက်တော့ ဒီလိုမျိုး ပထမဆုံးအကြိမ် ခရီးထွက်ဖူးတာလေ..."

"ငါ့အတွက်လည်း ကိုယ်ချစ်ရတဲ့သူနဲ့အတူ ဒီလောက်အထိ ဝေးဝေးလံလံ ကားမောင်းထွက်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ပြီးတော့ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ခရီးတစ်ထောက်နားတဲ့နေရာက မြက်ခင်းပြင်ပေါ်မှာ ထိုင်ပြီး အတူတူ စားသောက်ရတာလည်း ပထမဆုံးပဲ။ ဒီမြက်ခင်းပေါ်မှာ ခွေးချေးတွေ၊ ခွေးသေးတွေတောင် ရှိနေနိုင်တာပဲကို..."

"ကျွန်တော် အစားစားနေတယ်လေဗျာ!"

ချန်ကျန့်က သူ့စကားကို ဖြတ်ပြောလိုက်သည်။ ပုံမှန်ဆိုလျှင် သူက ဒီလောက်အထိ အစားအသောက် ရွေးတတ်သူမဟုတ်သော်လည်း၊ အခုလေးတင် မြက်ခင်းပေါ်မှာ ခွေးလေးတစ်ကောင်ကို လမ်းလျှောက်ခေါ်လာသည့် သူတစ်ယောက်ကို သူ လှမ်းမြင်လိုက်ရသည်။ ထိုခွေးလေး ပုံစံကြည့်ရသည်မှာ သေးပေါက်ဖို့ နေရာရှာနေသည့်အလားပင်။

ရှန်ယွီ က ဘာမှမပြောဘဲ ပြုံးလျက် ဟော့ဒေါ့ကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်သည်။ ချန်ကျန့် က ဖုန်းကိုထုတ်၊ ကင်မရာဖွင့်ပြီး မြှောက်လိုက်ကာ "ကင်မရာကိုကြည့်ဦး၊ ပြုံးလိုက်လေ" ဟု ပြောလိုက်သည်။ ရှန်ယွီက ကင်မရာကိုကြည့်ပြီး ပြုံးပြသည်။ ချန်ကျန့်လည်း လိုက်ပြုံးလိုက်ပြီးနောက် ရှပ်တာ ကို နှိပ်လိုက်သည်။

ဓာတ်ပုံကတော့ အလောတကြီး ရိုက်လိုက်ရသဖြင့် အကြမ်းထည်လေးသာ ထွက်လာသော်လည်း ချန်ကျန့်ကတော့ အတော်လေး သဘောကျမိသည်။ ရှုပ်ယှက်ခတ်နေသော နောက်ခံကားချပ်ကို တမင်တကာ မရှောင်ကွင်းဘဲ ဒီအတိုင်း ပေါ့ပေါ့ပါးပါးလေး မှတ်တမ်းတင်ထားခြင်းက အမှတ်တရတွေနှင့် ပို၍ ပြည့်နှက်နေစေသည်။ အဝေးက ဝေဝါးနေသော အဖြူရောင် ခွေးလေးမှာ ဓာတ်ပုံထဲတွင် ချန်ကျန့်၏ နားရွက်နားသို့ ရောက်နေသည်။ နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဤပုံကို ပြန်ကြည့်လျှင် ရှန်ယွီ ပြောခဲ့သည့် စကားကို သူ သတိရနေဦးမည် ဖြစ်သည်။

ဒီမြက်ခင်းပေါ်မှာ ခွေးချေးတွေတောင် ရှိနေနိုင်တာပဲကို...

ဒီနေ့ နေရောင်ခြည်က တော်တော်လေး ကောင်းသော်လည်း လေကတော့ အတော်လေး တိုက်နေဆဲဖြစ်သည်။ သူတို့လက်ထဲက ဟော့ဒေါ့များမှာ နှစ်ကိုက်၊ သုံးကိုက် စားပြီးသည်နှင့် အေးစက်သွားသော်လည်း၊ လေထဲမှာပဲ ထိုင်ပြီး ကုန်အောင် စားဖြစ်ကြသေးသည်။ ထို့နောက်မှ ထကာ ကားဆီသို့ ပြန်လာခဲ့ကြသည်။

"ကျွန်တော်ပဲ မောင်းရမလား"

"မင်းတောင် ထိုင်ခုံခါးပတ် ပတ်ထားပြီးပြီပဲကို"

ရှန်ယွီက လက်မောင်ကို ခေါင်းခုအိပ်ရင်း ပြုံးလျက် ဆိုသည်။

"ခဏနေရင် စားဖို့ပဲ အာရုံမစိုက်နေနဲ့ဦး" ချန်ကျန့် ကားစက်နှိုးလိုက်သည်။

"လမ်းကို ကူကြည့်ပေးဦးနော်။"

"အေးပါ... လက်ထောက်ကြီးရယ်"

အနားယူလိုက်ရ၍ စိတ်လက်ပေါ့ပါးသွားခြင်းကြောင့်လား၊ သို့မဟုတ် ထူးခြားသည့် ခရီးစဉ်လေးကြောင့် စိတ်ဓာတ်တက်ကြွနေခြင်းကြောင့်လားတော့ မသိ၊ နားနေစခန်းမှ အဝေးပြေးလမ်းပေါ်သို့ ပြန်တက်သည့်အခါတွင် ချန်ကျန့်မှာ အတော်လေး သက်သောင့်သက်သာ ဖြစ်နေပြီ။

သူသည် ထိုင်ခုံကို မှီထိုင်နိုင်လာပြီး မျက်လုံးများကလည်း တခြားနေရာတွေကို ကြည့်ဖို့ အချိန်ရလာသည်။ စတီယာရင်ကို ဆုပ်ကိုင်ထားသည့် လက်များမှာလည်း ရန်ဖြစ်တော့မည့်သူကဲ့သို့ တင်းကြပ်မနေတော့ပေ။ ကားအရှိန်မှာပင် တစ်ရာ့တစ်ဆယ်အထိ ရောက်သွားတော့သည်။

သူသည် ချက်ချင်းပင် ဝါရင့်ဒရိုင်ဘာကြီးတစ်ယောက် ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင်မူ သူသည် နှစ်နာရီဆက်တိုက် မောင်းနှင်ခဲ့ပြီး လမ်းခုလတ်ရှိ နားနေစခန်းတစ်ခုတွင် ကော်ဖီနှစ်ခွက်ဝယ်ရန် တစ်ခေါက်သာ ရပ်နားခဲ့သည်။ ပုံမှန်ဆိုလျှင် သူသည် အပြင်တွင် ကော်ဖီတစ်ခါမှ ဝယ်မသောက်သော်လည်း၊ ဒီနေ့တွင်မူ ဝယ်သောက်ချင်စိတ် ပေါ်လာမိသည်။ ကော်ဖီဝယ်ရုံတင်မကဘဲ ဗိုက်သိပ်မဆာသော်လည်း အိုဒန် (ဟင်းရည်စိမ် အသားလုံးများ) တစ်ပန်းကန်ကိုပါ ဝယ်လိုက်သေးသည်။ ကော်ဖီက အရသာမရှိသလို၊ အိုဒန်ကလည်း စားလိုက်ရမှန်း မသိသာလှပေ။ သို့သော် ဤနားနေစခန်းမှ ကော်ဖီသည် ချန်ကျန့်ကို ယုံကြည်မှုတစ်ခု ချက်ချင်းပေးလိုက်သည်။ သူဖျော်သည့် ကော်ဖီထက် ဈေးပိုကြီးပြီး အရသာပိုဆိုးသည့် ကော်ဖီ တကယ်ရှိနေပါလားဟူ၍ ဖြစ်သည်။

ထိုကော်ဖီက နှစ်ဆယ့်ငါးယွမ်တောင် ရောင်းရဲသေးတယ်!

ဝယ်ဖို့ တန်းစီနေတဲ့သူတွေတောင် အများကြီးရှိသေးသည်။ နောက်တစ်ကြိမ် သူတို့ ရပ်နားချိန်တွင်မူ နေ့လယ်စာစားချိန် ရောက်နေပြီဖြစ်သည်။ တိတိကျကျ ပြောရလျှင် နေ့လယ်စာစားချိန် ကျော်လုနီးပါးဖြစ်နေပြီး သူတို့နှစ်ယောက်လုံး ဗိုက်ဆာနေကြပြီ။ ဤနားနေစခန်းမှာ သူတို့သွားနေသည့် အဝေးပြေးလမ်းပိုင်း၏ အလယ်ဗဟိုတွင်ရှိပြီး အလွန်ပင် ကြီးမားလှသည်။ စူပါမားကတ်နှင့် ဆိုင်ခန်းများစွာရှိရုံတင်မကဘဲ ဟိုတယ်အကြီးကြီး တစ်ခုပင် ရှိသေးသည်။ နေ့လယ်ခင်းဖြစ်သောကြောင့် လူလည်း အတော်လေးများနေသည်။ ကားပါကင်တွင်လည်း ကားအမျိုးအစားစုံလင်စွာဖြင့် ပြည့်နှက်နေသည်။ ကားပေါ်က ဆင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်က လူအုပ်ကြီးကို မြင်လိုက်ရသောအခါ ချန်ကျန့်မှာ ဈေးထဲရောက်နေသလိုပင် ထင်ယောင်ထင်မှား ဖြစ်သွားမိသည်။ စားသောက်ဆိုင်မှာ မှာစားမလား၊ ဒါမှမဟုတ် သရေစာဆိုင်တွေမှာပဲ ဝယ်စားမလား ရွေးချယ်စရာရှိသော်လည်း ချန်ကျန့်ကတော့ စူပါမားကတ်ကနေ ခေါက်ဆွဲခြောက်ဗူးဝယ်ပြီး နားနေဆောင်က ခုံတန်းလျားမှာ ထိုင်စားဖို့ပဲ ရွေးချယ်လိုက်သည်။

"ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မစားဖူးလို့ပါ" ဟု ချန်ကျန့်က ဆိုသည်။

"မင်း ငါ့ကို အပြင်မှာ ဆောင့်ကြောင့်ထိုင်ပြီး စားခိုင်းတာမျိုး မလုပ်လို့ တော်သေးတာပေါ့"

ချန်ကျန့်သည် အနားရှိ ဆိုင်ခန်းတစ်ခုမှ ကြက်တောင်ပံများ၊ ဘဲလည်ပင်းများနှင့် တခြားအရာများကိုပါ ဝယ်လာပြီး စားပွဲပေါ်သို့ အကုန်ပုံတင်လိုက်သည်။ သူ ဓာတ်ပုံတစ်ပုံလည်း ရိုက်လိုက်သေးသည်။ ကြက်တောင်ပံတစ်ကိုက် စားလိုက်ပြီးနောက် ရှန်ယွီက ဘာမှမလုပ်ဘဲ သူ့ကိုပဲ စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။

"ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး" ရှန်ယွီ က ပြုံးလိုက်သည်။

"ခင်ဗျား မစားချင်ဘူးလား"

"မဟုတ်ပါဘူး" ရှန်ယွီက သူ့ကို စိုက်ကြည့်ရင်း

"မင်းက တကယ့်ကို ချစ်ဖို့ကောင်းနေလို့ပါ" ဟု ဆိုသည်။

"ကြည့်မနေနဲ့၊ စားလေ" ချန်ကျန့်က ပြောလိုက်သည်။

"လမ်းပြန်တက်ဖို့ ကျန်သေးတယ်လေ။"

ထိုစဉ် ရှန်ယွီ၏ ဖုန်းမြည်လာသည်။ သူသည် အိတ်ကပ်အားလုံးကို လိုက်နှိုက်ပြီး ရှာဖွေလိုက်ရကာ ဖုန်းလိုင်း ပြတ်တောက်လုနီးပါးအချိန်မှ ဖုန်းကို ကိုင်လိုက်နိုင်သည်။

"ဟယ်လို မား"

ရှန်ယွီက ချန်ကျန့်နားသို့ တိုးကပ်ရင်း ထူးလိုက်သည်။

ချန်ကျန့်သည် ဖုန်းထဲမှ အသံကို ကြားနေရသည်။

"ဘယ်ရောက်နေပြီလဲ သား" ဥက္ကဋ္ဌလျိုက မေးသည်။

"လမ်းတစ်ဝက်လောက် ရောက်နေပြီ။ ဟို နားနေစခန်းအသစ် အကြီးကြီးမှာ ထိုင်စားနေကြတာ။"

"အဲ့ဒီလောက် အရှိန်နဲ့ဆိုတော့ မင်းတို့က သုံးဘီးဆိုင်ကယ် မောင်းလာတာလား"

ဥက္ကဋ္ဌလျို မေးပြီလေ။

"ချန်ကျန့်က အခုမှ စမောင်းတာလေ"

"မင်းပဲ မောင်းလိုက်ပါတော့လား။ လူသစ်ကို ဒီလောက်အကြာကြီး မောင်းခိုင်းနေတာလား။ မင်းတို့နှစ်ယောက် အဝေးပြေးလမ်းပေါ်မှာပဲ ညအိပ်တော့မှာလား"

ချန်ကျန့် မှာ ခေါင်းကိုတစ်ဖက်လှည့်ကာ တဟားဟား ရယ်မောလိုက်တော့သည်။

"စားသောက်ပြီးရင် ကျွန်တော်ပဲ မောင်းတော့မယ်။ ဒီနေ့ နေ့လယ် ရောက်တာနဲ့ ငါ့ကုမ္ပဏီကိုပဲ တန်းလာခဲ့ကြ။ ညစာကို အိမ်မှာပဲ စားချင်တာလား၊ အပြင်မှာ စားချင်တာလားဆိုတာ ချန်ကျန့်ကို မေးပေးလိုက်ဦး။"

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ကျန့်မှာ ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားမိသည်။ သူသည် ဥက္ကဋ္ဌလျို၊ ပရော်ဖက်ဆာရှန်တို့နှင့်အတူ ထိုင်ပြီး ညစာစားရဦးမည် မဟုတ်ပါလား။

"အိမ်မှာပဲ ပါဆယ်မှာစားမှာလား" ရှန်ယွီက မေးသည်။

"ဒါဆိုရင်တော့ အပြင်မှာပဲ သွားစားကြတာပေါ့။ တည်းခိုဖို့ကရော တစ်ညတည်းပဲဟာကို၊ အိမ်မှာပဲ တည်းလိုက်ပါလား။"

"အင်း" ရှန်ယွီက ချန်ကျန့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ချန်ကျန့်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အား... ငါ ရှန်ယွီတို့အိမ်မှာ တည်းရမှာလား!

ရှန်ယွီ ဖုန်းချလိုက်ပြီးနောက် ချန်ကျန့်က

"ကျွန်တော်... ဆိုဖာပေါ်မှာ အိပ်ရမှာလား" ဟု မေးလိုက်သည်။

"မင်း နေမကောင်းဖြစ်နေလို့လား"

ရှန်ယွီက ရယ်မောရင်း ပြန်မေးလိုက်လေသည်။
________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...