Skip to main content

113





အပိုင်း (၁၁၃)

စားသောက်ပြီးလို့ သန့်စင်ခန်းထဲ သွားပြီး မျက်နှာပါ တစ်ခါတည်း သစ်ခဲ့လိုက်တော့ ကားပါကင်ကို ပြန်ရောက်လာတဲ့အချိန်မှာ ချန်ကျန့် တစ်ယောက် စိတ်ကြည်လင်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာပဲ လန်းဆန်းတာပါ။

ရုပ်ပိုင်းဆိုင်ရာမှာတော့ သူ သိပ်ပြီး အင်အားမရှိတော့သလိုပဲ။

"တောက်..." သူက ခါးကို လက်နဲ့ထောက်ရင်း ရေရွတ်မိသည်။

"ခါးတွေ တော်တော်နာနေပြီဗျ။"

"ဘယ်နားက နာနေတာလဲ" ရှန်ယွီ က သူ့ကို ကြည့်လိုက်တယ်။

"အတိအကျ ပြောပြစမ်း။"

"ခါးဘေးက ကြွက်သားတွေလေ!"

"အဲ့ဒါမှ ဟုတ်တာပေါ့" ရှန်ယွီ က ဆိုရင်း ချန်ကျန့်၏ ခါးကို ကိုင်ကာ လက်မဖြင့် ထိုကြွက်သားနေရာကို နှိပ်ပေးလိုက်သည်။

"ဒီနေရာလား"

"အင်း" ချန်ကျန့် ခေါင်းညိတ်လိုက်သည်။

"ဒါက ခါးပဲ မဟုတ်လား"

"ကလေးတွေမှာ ခါးမရှိပါဘူးကွာ"

"ခင်ဗျား ရှောင်သိုအာရဲ့ အဘွားနဲ့ စကားတွေ အများကြီး ပြောဖြစ်နေတာလား"

ချန်ကျန့်က မေးလိုက်သည်။

"ဘာဖြစ်လို့လဲ" ရှန်ယွီက ပြုံးစိစိဖြင့် မေးသည်။

"ရှောင်သိုအာက သူ့ခါးနာတယ်လို့ ပြောတော့ သူ့အဘွားက ကလေးတွေမှာ ခါးမရှိဘူးလို့ ပြောတာကိုး"

"လူကြီးတွေက ကလေးတွေကို ပြောနေကျ စကားပါပဲ။ ဒါကြောင့် ကလေးတွေမှာ ခါးမရှိဘူးပေါ့။"

"ကျွန်တော့်ကိုတော့ ဘယ်သူမှ အဲ့လိုမပြောဖူးဘူး"

ချန်ကျန့် ခဏမျှ စဉ်းစားလိုက်သည်။

"ကျွန်တော့်မိဘတွေကို ခါးနာတယ်လို့ တစ်ခါမှ မပြောခဲ့ဖူးလို့ ထင်တာပဲ။"

"အင်း" ရှန်ယွီက သူ့ကျောကို ဆက်နှိပ်ပေးရင်း တိုးတိုးလေး တုံ့ပြန်သည်။

"မင်းက တစ်ခုခုဖြစ်ရင်တောင် မိဘတွေကို ထုတ်မပြောတတ်တဲ့ ကလေးမျိုး ဖြစ်မှာပါ။"

"မင်းရော ပြောလား"

ချန်ကျန့်က ခေါင်းစောင်းပြီး မေးလိုက်သည်။

ထိုစဉ် ကျောင်းသူလေးများနှင့် တူသည့် မိန်းကလေးအချို့ သူတို့ဘေးမှ ဖြတ်လျှောက်သွားကြသည်။ သူတို့ထဲက နှစ်ယောက်မှာ သူတို့နှစ်ယောက်ကို အခါခါ ပြန်လှည့်ကြည့်နေကြလေသည်။

"ငါကတော့ ပြောတာပေါ့။ ငါက နေ့တိုင်း ပြဿနာရှာတတ်တဲ့ကောင်လေ။ ပြီးတော့ ငါ နေမကောင်းဖြစ်မှ ဆေးရုံမှာ အမေ့ကို တွေ့ရတာကိုး"

ရှန်ယွီ ကလည်း ထိုမိန်းကလေးများဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ သူတို့ကို ကြည့်နေသည့် မိန်းကလေးနှစ်ယောက်မှာ ပြုံးလိုက်ကြပြီး ရှေ့သို့ ခပ်သွက်သွက် ပြေးထွက်သွားကြသည်။

"မနာတော့ပါဘူး" ချန်ကျန့် က ဆိုသည်။

"လူတွေ ကြည့်နေကြပြီ။"

"အင်း"

ရှန်ယွီက ချန်ကျန့် ခါးကို ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ချန်ကျန့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရုံရှိသေး၊ ရှန်ယွီက နောက်မှနေ၍ သူ့ပခုံးကို လှမ်းဖက်လိုက်ပြီး "ကြည့်ပါစေပေါ့" ဟု ဆိုလိုက်သည်။

"ကဲပါဗျာ"

ချန်ကျန့် သက်ပြင်းတစ်ချက်ချရင်း သူနှင့်အတူ ကားဆီသို့ လျှောက်လာခဲ့သည်။

"ခင်ဗျားပဲ ခဏလောက် မောင်းလိုက်ပါလား။ ကျွန်တော်က တော်တော်လေး နှေးနေလို့။ ဘာပဲပြောပြော ဒီနေ့က တကယ့်ခရီးထွက်တာ မဟုတ်ဘဲ အလုပ်ကိစ္စနဲ့ သွားတာပဲ မဟုတ်လား"

"အင်း။ အလုပ်ချိန်မပြီးခင် ဥက္ကဋ္ဌလျိုရဲ့ ကုမ္ပဏီကို ရောက်အောင်သွားပြီး ပိုက်ဆံကိစ္စ သွားလုပ်ရဦးမယ် မဟုတ်လား" ချန်ကျန့်က မေးသည်။

"ဟုတ်တယ်" ရှန်ယွီက ခေါင်းညိတ်ပြရာ သူ့မေးစေ့က ချန်ကျန့်ပခုံးကို နှစ်ချက်၊ သုံးချက်လောက် လာထိနေသည်။

"ဒါဆို ခင်ဗျားပဲ မောင်းတော့…ဒီလောက် ကားကောင်းကြီးကို သုံးဘီးဆိုင်ကယ်လို မောင်းနေရင် ခင်ဗျားတို့ကုမ္ပဏီ သိက္ခာကျနေဦးမယ်။"

ရှန်ယွီ တဟားဟား ရယ်မောလိုက်ပြီး ချန်ကျန့်၏ ကျောကို ပုတ်ကာ "တက်တော့" ဟု ဆိုသည်။ ချန်ကျန့် ကားပေါ်တက်ကာ ဘေးခုံမှာ မှီထိုင်လိုက်သည့်အခါမှ နာကျင်ကိုက်ခဲနေတာတွေအားလုံး ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရတော့သည်။

ရှန်ယွီ သည် ပထမဆုံးအနေဖြင့် ကားဆီအပြည့် ဝင်ဖြည့်လိုက်သည်။ ကျန်ရှိသည့် ခရီးစဉ်တစ်လျှောက်တွင်မူ အရေးပေါ် အိမ်သာသွားရန် လိုအပ်သည်မှအပ လုံးဝရပ်နားတော့မည် မဟုတ်ပေ။ ကားသည် အဝေးပြေးလမ်းမကြီးပေါ်သို့ ပြန်လည်ရောက်ရှိသွားချိန်တွင် တစ်လမ်းလုံး အရှိန်အထိန်းခံထားရသော ဤကားကြီးအတွက် ချန်ကျန့် မှာ စိတ်ထဲမှပင် ဂုဏ်ယူပေးမိသည်။ သူကိုယ်တိုင် ကားမမောင်းတတ်ခင်က ဤခံစားချက်မျိုး မရှိခဲ့သော်လည်း၊ ယခုမှသာ ရှန်ယွီ၏ ပေါ့ပေါ့ပါးပါးနှင့် ကျွမ်းကျင်သော အနေအထားမှာ ဝါရင့်ဒရိုင်ဘာအစစ်၏ အရှိန်အဝါဖြစ်ကြောင်း သူ သတိပြုမိတော့သည်။

"ဘေးကနေ လိုက်စီးရတာက ပိုပြီး သက်သောင့်သက်သာရှိတာပဲ"

ချန်ကျန့်က ဆိုရင်း ဖုန်းကိုထုတ် ကင်မရာဖွင့်ကာ ပြတင်းပေါက်မှန်တွင် ကပ်လျက် ဗီဒီယိုရိုက်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်တွင် မြင်နေရသည့် ရှုခင်းများမှာ သိပ်ထူးထူးခြားခြားမရှိဘဲ ခြောက်ကပ်ကပ် လယ်ကွင်းပြင်ကြီးများသာ ဖြစ်သည်။ သို့သော် ကင်မရာမှန်ဘီလူးထဲတွင်မူ ထိုမြင်ကွင်းက အံ့ဩစရာကောင်းလောက်အောင် လှပနေသည်။ အရှေ့ဘက်မှ လမ်းဘေးကာရံထားသော ဘောင်များသည် နောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်နေပြီး ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူအောက်ရှိ လယ်ကွင်းပြင်ကြီးမှာမူ နေရောင်ခြည်အောက်တွင် ငြိမ်သက်လျက်... တစ်ခုက ရွေ့လျားပြီး တစ်ခုက ငြိမ်သက်နေသည့် မြင်ကွင်းမှာ တကယ့်ကို ရင်သပ်ရှုမောဖွယ်။

'လမ်းပေါ်မှာ ခရီးနှင်နေခြင်း' ဟူသော ခံစားချက်က အတော်လေး ပြင်းပြနေသည်။

"ရူးနေတာပဲ" ဟု ရှန်ယွီက ရုတ်တရက် ဆိုလိုက်သည်။

"ဘာဖြစ်လို့လဲ" ချန်ကျန့်က မေးသည်။

"ငါက အရှိန် ၁၂၀ နဲ့ မောင်းနေတာတောင် ငါ့ကို မီးလှမ်းပြပြီး လမ်းတောင်းနေတဲ့သူ ရှိလို့လေ"

ချန်ကျန့် နောက်သို့ လှည့်ကြည့်လိုက်ရာ အနက်ရောင်ကားတစ်စီးက သူတို့နောက်သို့ အတော်လေး ကပ်လိုက်လာသည်ကို တွေ့လိုက်ရသည်။

"သူတို့က အရှိန်ကျော်မောင်းနေတာလား" ချန်ကျန့်က မေးလိုက်လေသည်။

ရှန်ယွီ က ရှေ့က ကုန်တင်ကားကြီးကို ကျော်တက်ပြီးနောက် ဘေးလမ်းကြောင်းထဲသို့ ကူးလိုက်သည်။ အနက်ရောင်ကားက သူတို့ဘေးမှ ဝုန်းခနဲ ကျော်တက်သွားသည်။ သို့သော် ကျော်တက်သွားပြီးနောက် အဝေးသို့ မောင်းထွက်သွားခြင်းမျိုး မဟုတ်ဘဲ သူတို့ရှေ့မှာတင် ဆက်မောင်းနေလေသည်။

"ရူးနေတာပဲ"

ချန်ကျန့် မနေနိုင်ဘဲ ပြောလိုက်မိသည်။

"ဒီလိုအချိန်မျိုးမှာ"

ရှန်ယွီက မူလလမ်းကြောင်းထဲ ပြန်ဝင်ပြီး ထိုကားနောက်မှ လိုက်ရင်း

"ဒေါသနဲ့ မမောင်းရဘူး။ သူ မီးပြချင်ပြပါစေ၊ ကျော်ချင်ကျော်ပါစေပေါ့။"

"အင်း" ချန်ကျန့် ခေါင်းညိတ်လိုက်သည်။

ရှန်ယွီ့ဆီက ဒီလို အသိတရားမျိုး ကြားရတာ တော်တော့်ကို ရှားပါးလှသည်။ သူတို့ ပထမဆုံးအကြိမ် မြို့ထဲကို ရှန်ယွီ့အဖေ ဆေးရုံတက်နေတာကို သွားကြည့်ဖို့ အလုပ်ကိစ္စနဲ့ သွားတုန်းက ဒီလူ ကားမောင်းတဲ့ ပုံစံကို သူ မှတ်မိနေသေးသည်။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ ရှန်ယွီက ရှေ့ကကားကို မီးတွေ တဖျတ်ဖျတ် လှမ်းပြနေတာကို သူ တွေ့လိုက်ရသည်။

"ဒေါသနဲ့ မမောင်းဘူးဆို" ချန်ကျန့်က ရှန်ယွီ့ကို ကြည့်ကာ ပြောလိုက်သည်။

"အင်းလေ" ရှန်ယွီက ပြန်ထူးသည်။

"ဒါဆို မင်း ဘာလုပ်နေတာလဲ" ချန်ကျန့်က မေးသည်။

"ရင်ထဲက အောင့်သက်သက်ဖြစ်တာလေး လျှော့ချနေတာ"

"သူ ကားပေါ်ကဆင်းပြီး ခင်ဗျားကို လာချနေဦးမယ်" ဟု ချန်ကျန့်က ဆိုသည်။

"အဝေးပြေးလမ်းပေါ်မှာ ကားရပ်ဖို့ချည်းပဲ စဉ်းစားမနေစမ်းပါနဲ့" ရှန်ယွီက ပြန်ပြောသည်။

ရှေ့ကကားက ဘေးသို့ကပ်ပေးလိုက်ပြီး အရှိန်ပင် လျှော့ချလိုက်သည်။ သို့သော် ရှန်ယွီက ကျော်မတက်ဘဲ သူပါ အရှိန်ကို အနည်းငယ် လျှော့လိုက်သည်။

"သူက လမ်းပေးနေတာလေ" ဟု ချန်ကျန့်က ဆိုသည်။

"ဘာ လမ်းပေးတာလဲ။ ငါ့ကို ကျော်တက်ခိုင်းပြီးတော့ ငါ့နောက်ကနေ မီးတွေ လှမ်းပြချင်လို့ နေမှာပေါ့"

ရှန်ယွီက လမ်းညွှန်မြေပုံကို တစ်ချက်ကြည့်ရင်း ဆိုသည်။

"တကယ်ပဲ လမ်းပေးချင်တာဆိုရင် ဘာလို့ အရှိန်ကိုပါ လျှော့ချပစ်ရမှာလဲ"

"အခု ဘာဆက်လုပ်မှာလဲ" ချန်ကျန့် က မေးသည်။

"သူ့နောက်ကပဲ လိုက်မယ်"

ရှေ့ကကားသည် စက္ကန့်အနည်းငယ်မျှ စောင့်ကြည့်ပြီးနောက် အရှိန်မြှင့်ကာ သူတို့လမ်းကြောင်းထဲသို့ ပြန်ဝင်သွားသည်။ ချန်ကျန့်က ရှန်ယွီကို စိုက်ကြည့်နေမိသည်။ ရှန်ယွီသည် နောက်ထပ် မီးလှမ်းမပြတော့ဘဲ ပုံမှန်အတိုင်းသာ နောက်ကလိုက်သွားသည်။ သို့သော် တစ်ကီလိုမီတာပင် မပြည့်ခင်မှာပင် သူသည် ရှေ့ကကားကို မီးတွေပြန်ပြပြီး ဟွန်းပါ တဖျတ်ဖျတ် တီးတော့သည်။ ဟွန်းတီးပြီးသည်နှင့် သူသည် လမ်းချိုးကွေ့ထဲသို့ ကားကိုချက်ချင်းချိုးချလိုက်ပြီး ဤအဝေးပြေးလမ်းမကြီးပေါ်မှ ထွက်ခွာခဲ့တော့သည်။

ချန်ကျန့်က လမ်းညွှန်မြေပုံကို လှမ်းကြည့်လိုက်မှ သူတို့ တကယ်ပင် ထိုလမ်းခွဲထဲသို့ ဝင်ရမည်ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သည်။ သူ သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။

"စိတ်မလှုပ်ရှားပါနဲ့။ ဒီလမ်းခွဲထဲ ဝင်ခါနီး မဟုတ်ရင် ငါ အဲ့ဒီလို လုပ်မှာမဟုတ်ပါဘူး။"

"ဘယ်သူသိမှာလဲဗျာ။ ခင်ဗျားက ပြဿနာရှာရမှာကို တော်တော့်ကို ဝါသနာပါတာပဲ။"

ရှန်ယွီက တဟားဟား ရယ်မောလိုက်ပြီး

"တကယ်ပါ။ မင်းနဲ့ အချိန်အကြာကြီး အတူရှိနေပြီးတဲ့နောက် ငါ အခု တော်တော်လေး တည်ငြိမ်သွားပါပြီ" ဟု ပြောလာသည်။

ခုနက ဖြစ်သွားတာလေးကို ထည့်မတွက်ဘူးဆိုလျှင် ရှန်ယွီ၏ ကားမောင်းပုံမှာ တကယ်ပင် တည်ငြိမ်လှပါသည်။ သူသည် အရှိန်ကျော်မမောင်းသလို၊ လမ်းကြောင်းတွေကိုလည်း စည်းကမ်းမဲ့ မပြောင်းလဲပေ။ ရှေ့ကကားကိုလည်း ကပ်မမောင်းတော့ပေ။

ကျန်ရှိသည့် ခရီးစဉ်တစ်လျှောက်လုံးတွင် သူသည် အလွန်ပင် တည်ငြိမ်နေသည်။ ချန်ကျန့်က အရှိန်တိုင်းဒိုင်ခွက်ကို ကြည့်လိုက်ရာ အမြဲတမ်း ၁၁၈ ဝန်းကျင်မှာပင် တည်ငြိမ်စွာ ရှိနေသည်။ ချန်ကျန့်က ဖုန်းကိုယူကာ ဗီဒီယိုကင်မရာဖွင့်ပြီး ရှန်ယွီ့ဘက်သို့ လှည့်လိုက်သည်။

"ဘာလုပ်နေတာလဲ" ရှန်ယွီက မေးသည်။

"တည်ငြိမ်နေတဲ့ ရှန်ယွီ့ကို မှတ်တမ်းတင်နေတာ ။ ကျွန်တော့်ကို ကြည့်မနေနဲ့၊ လမ်းကိုပဲ ကြည့်။"

"ငါ မကြည့်ပါဘူးကွာ" ရှန်ယွီက သက်ပြင်းတစ်ချက်ချရင်း ဆိုသည်။

ချန်ကျန့်က ပြုံးလျက် ကင်မရာကို ရှန်ယွီ၏ မျက်နှာထံမှ ဘေးဘက်သို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်ကာ ရှေ့က လမ်းမကြီးကို ရိုက်လိုက်သည်။ ထို့နောက် ခရီးသည်ထိုင်ခုံဘက်က ပြတင်းပေါက်ဆီသို့ လှည့်လိုက်ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ ပြန်ရိုက်ကာ ဗီဒီယိုကို အဆုံးသတ်လိုက်တော့သည်။

သူ့ဆံပင်တွေက အနည်းငယ် ရှုပ်ပွနေသည်။ သူက လက်ဖြင့် သပ်တင်ကာ ပြုပြင်လိုက်ပြီးနောက် ကင်မရာကိုကြည့်ကာ ပြုံးပြလိုက်သည်။ ကိုယ်တိုင် ကားမောင်းရသူ မဟုတ်ပါက ခရီးဝေးသွားရခြင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ ချန်ကျန့် သည် ဗီဒီယိုတွေ အများကြီး ရိုက်လိုက်၊ ဟူဖန် တို့နှင့် စကားပြောလိုက်၊ ဆိုင်က အခြေအနေတွေကို မေးမြန်းလိုက်၊ စားလိုက်သောက်လိုက်နှင့်...

မည်သည့်အချိန်တွင် အိပ်ပျော်သွားသည်ကိုပင် သူ မသိလိုက်ပေ။ ရှန်ယွီ က ဘရိတ်ကို နှစ်ချက်ဆင့်နင်းလိုက်သည့် အခါမှသာ သူ ရုတ်တရက် မျက်လုံးပွင့်လာပြီး ခါးကို မတ်လိုက်ကာ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ရောက်တော့မယ်ဆိုတာ သိအောင် ပြောပြတာ။"

"အဝေးပြေးလမ်းပေါ်က ဆင်းလာပြီလား"

ချန်ကျန့်သည် ရှေ့တွင် သိသိသာသာ အရှိန်လျော့သွားသည့် ကားတန်းကြီးကို မြင်လိုက်ရပြီး လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများကို ကြည့်ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ နောက်ဘက်တွင် အဝေးပြေးလမ်း ထွက်ပေါက် အမှတ်အသားကိုလည်း မတွေ့ရတော့ပေ။

"ဆင်းလာတာ တော်တော်တောင် ကြာပြီ ကလေးလေးရဲ့။ အခု ဥက္ကဋ္ဌလျိုရဲ့ ကုမ္ပဏီကို ရောက်ဖို့ သိပ်မလိုတော့ဘူး"

"ဟမ်" ချန်ကျန့် လန့်သွားပြီး ပါးစပ်ကို အမြန်သုတ်လိုက်ကာ မှန်ကြည့်ရန် နေကာပြားကို ဆွဲချလိုက်သည်။

"ရပါတယ်။ ခဏနေရင် ကားထဲမှာပဲ စောင့်နေလိုက်လေ။ ငါပဲ ကုမ္ပဏီထဲဝင်ပြီး ခဏလောက် စကားသွားပြောလိုက်မယ်။ ဒါက ဟန်ပြပါပဲ၊ အဓိကကတော့ လက်မှတ်အချို့ သွားထိုးရမှာမလို့..."

"ဪ" ချန်ကျန့် ရုတ်တရက် စိတ်သက်သာရာရသွားပြီး ထိုင်ခုံမှာ ပြန်မှီလိုက်သည်။

သို့သော် ခဏအကြာတွင် တစ်ခုခုကို သတိရသွားပြီး ပြန်ထိုင်လိုက်ပြန်သည်။

"အဲ့ဒီနောက်ကျရင် ညစာစားဖို့ စားသောက်ဆိုင် သွားကြမှာ မဟုတ်လား"

"အင်း။ ဥက္ကဋ္ဌလျိုတို့အဖွဲ့ကိုတော့ အဲ့ဒီကို သူတို့ဘာသာသူတို့ တန်းလာဖို့ ပြောထားလိုက်မယ်။"

ချန်ကျန့်လည်း ထပ်မံ စိတ်အေးသွားရပြန်သည်။

ဥက္ကဋ္ဌလျိုတို့နှင့် တော်တော်လေး ရင်းနှီးနေပြီဆိုသော်လည်း သူမက ရှန်ယွီ ၏ မိခင်ဖြစ်နေဆဲမို့ ချန်ကျန့် မှာ အနည်းငယ်တော့ စိတ်ထဲတွင် အနေခက်နေမိသေးသည်။ ကားက မြို့ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ချန်ကျန့်၏ မျက်လုံးများက ပြတင်းပေါက်အပြင်ဘက်မှ လွဲမသွားပေ။ သူသည် အပြင်ဘက်က လမ်းမမြင်ကွင်းကို စိုက်ကြည့်နေမိသည်။ ဤမြို့သည် ရှန်ယွီ၏ မြို့ဖြစ်သည်။ သူ ဤနေရာမှာပဲ မွေးဖွားခဲ့ပြီး၊ ဆိုးသွမ်းခဲ့ကာ၊ ဤနေရာမှာပင် ကြီးပြင်းလာခဲ့သည်...။ တကယ်တော့ စည်ကားလှသော လမ်းမကြီးများနှင့် များပြားလှသော ဈေးဝယ်စင်တာများမှာ သူတို့ဘက်က မြို့နှင့် သိပ်ပြီး ကွာခြားလှသည်တော့မဟုတ်။ သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤမြို့သည် စိမ်းသက်သောမြို့တစ်မြို့ ဖြစ်ကြောင်း ခံစားမိသည်။ ထိုစိမ်းသက်သော မြို့လေးသည် ရှန်ယွီကြောင့်ပင် ရင်းနှီးမှုအရသာ အနည်းငယ် ပျံ့လွင့်နေသည်။

"ငါ အရင်က ဒီနားတစ်ဝိုက်မှာ တော်တော်လေး လည်ပတ်သွားလာနေကျ…ဟိုဘက်က စခရင်အကြီးကြီးတပ်ထားတဲ့ အဆောက်အဦးကို မြင်လား"

"မြင်တယ်" ဟု ချန်ကျန့်က ဖြေသည်။

"အဲ့ဒါ ငါနဲ့ ယွဲ့လန် ကာရာအိုကေ သွားဆိုရတာ အကြိုက်ဆုံးနေရာပဲ"

"အင်း" ချန်ကျန့် ထိုနေရာကို လှမ်းကြည့်လိုက်သည်။

"အဲ့ဒီအဆောက်အဦး နောက်မှာ အရသာအရမ်းရှိတဲ့ သီးသန့်စားဖိုဆောင် တစ်ခုရှိတယ် ။ ဒီနှစ်ရက်တော့ ငါတို့ အချိန်မရဘူး။ နောက်တစ်ခေါက်လာရင်တော့ ကြိုပြီး ဘွတ်ကင်လုပ်ထားလိုက်မယ်။ ငါ မင်းကို သွားကျွေးမယ်လေ။"

"အင်း" ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

"ရှေ့က ဘယ်ဘက်လမ်းအတိုင်း တည့်တည့်သွားရင်"

ရှန်ယွီက သူ့အကြောင်းတွေကို ဖြည်းဖြည်းချင်း ဆက်ပြောပြနေသည်။

"လမ်းဆုံးအထိရောက်ရင် အဲ့ဒါ ငါ အရင်က အိမ်ငှားနေခဲ့တဲ့ နေရာပဲ။"

"ခင်ဗျားက ဒီလို မြို့လယ်ခေါင် နေရာကောင်းမှာ အိမ်ငှားနေတာလား"

"အပျော်အပါးအတွက် အဆင်ပြေလို့လေ"

"အိမ်ငှားခကတော့ တော်တော်ဈေးကြီးမှာပဲ"

ရှန်ယွီက ဘာမှပြန်မပြောဘဲ ပြုံးလျက် လက်လှမ်းကာ ချန်ကျန့်၏ ပါးကို ခပ်ဖွဖွလေး လာထိသည်။

ဥက္ကဋ္ဌလျို၏ ကုမ္ပဏီမှာ အစည်ကားဆုံး မြို့လယ်ခေါင်နေရာမှာ မရှိသော်လည်း သိပ်တော့မဝေးလှပေ။ အဆောက်အဦးမှာ အလွန်သစ်လွင်သော ပုံစံရှိပြီး အပြင်ဘက်မှကြည့်လျှင် 'ယွီရှင်း' ဟူသော ဆိုင်းဘုတ်ကို ၂၆ ထပ်မှ ၂၈ ထပ်ကြားတွင် မြင်နေရသည်။ ကားကို ကားဂိုဒေါင်ထဲသို့ မောင်းဝင်လာစဉ် ရှန်ယွီက ဥက္ကဋ္ဌလျို၏ ဖုန်းကို ခေါ်လိုက်သည်။

"ကျွန်တော် ကားပါကင်ကို ရောက်ပြီ။"

"အစည်းအဝေးခန်းကိုပဲ တန်းလာခဲ့လိုက်" ဟု ဥက္ကဋ္ဌလျိုက ဆိုသည်။

"ရှောင်ယဲ့ နဲ့ ငါ ခဏနေရင် ရောက်လာမယ်။"

"ရှေ့က ဧည့်ကြိုကောင်တာ က လူတွေ သိရဲ့လား။ ကျွန်တော့်ကို အထဲပေးမဝင်ဘဲ နေဦးမယ်။"

"သူတို့က ပေးမဝင်ဘူးဆိုရင်လည်း ပြဿနာသာ ရှာလိုက်စမ်းပါ"

"ဒါဆိုရင်တော့ ရှေ့က ဝန်ထမ်းတွေက လုံခြုံရေးခေါ်ပြီး ကျွန်တော့်ကို အပြင်ထုတ်ခိုင်းတော့မှာပေါ့"

ရှန်ယွီက 'ယွီရှင်း' ဆိုင်းဘုတ်တပ်ထားသော ကားရပ်နားရန်နေရာတွင် ကားကို ထိုးရပ်လိုက်ရင်း ဆိုသည်။

"ဥက္ကဋ္ဌလျိုက ကတိဖျက်ဖို့ စဉ်းစားနေတာ မဟုတ်လား"

"ဒါက နှုတ်ကတိပဲ ရှိသေးတာလေ" ဟု ဥက္ကဋ္ဌလျိုက ဆိုသည်။

"နောက်ဆုံး လက်မှတ်မထိုးရသေးခင်အထိတော့ အပြောင်းအလဲရှိနိုင်တဲ့ စွန့်စားမှုက ရှိနေတာပဲ။"

"ဒါဆိုရင်တော့ ကျွန်တော် ဥက္ကဋ္ဌလျိုကိုပဲ ဆက်ပြီး ယုံကြည်လိုက်ပါ့မယ်။ ဟုန်ယဲ့ မြို့လေးရဲ့ ဖွံ့ဖြိုးတိုးတက်လာမယ့် အလားအလာက လူတိုင်းအမြင်ပဲလေ။ ဥက္ကဋ္ဌလျိုရဲ့ ဆုံးဖြတ်ချက်နဲ့ အမြော်အမြင်ကလည်း..."

"မင်း မြန်မြန်သာ တက်လာခဲ့စမ်းပါ"

ဥက္ကဋ္ဌလျိုက ပြောကာ ဖုန်းချလိုက်သည်။ ချန်ကျန့် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ ရှန်ယွီက တောက်တစ်ချက် ခေါက်လိုက်သည်။

ကားရပ်ပြီးနောက် သူသည် ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ချန်ကျန့်ဘက်သို့ ကိုယ်ကိုကိုင်းလိုက်ပြီး "ဟေး... မန်နေဂျာကြီး" ဟု ခေါ်လိုက်သည်။

"ဟင်" ချန်ကျန့်က သူ့ကို ကြည့်လိုက်သည်။

"နားနားတိုးဦး"

ချန်ကျန့်လည်း ခါးပတ်ဖြုတ်ကာ ရှန်ယွီအရှေ့သို့ ကိုယ်ကို ကိုင်းပေးလိုက်သည်။ ရှန်ယွီက ချန်ကျန့်၏ ပါးကို တစ်ချက် နမ်းလိုက်ပြီး

"ဒီမှာပဲ စောင့်နေနော်" ဟု ပြောသည်။

"အင်း" ချန်ကျန့် ပြုံးလိုက်မိသည်။ ရှန်ယွီ ကားပေါ်ကဆင်းပြီး နောက်ဖုံးထဲက အိတ်ထဲမှ ဖိုင်တွဲတစ်ခုနှင့် လက်ပ်တော့ပ်ကို ထုတ်ယူလိုက်သည်။

"ပြီးရင် ဖုန်းဆက်လိုက်ဦးနော်" ချန်ကျန့်လည်း ကားပေါ်က လိုက်ဆင်းရင်း ပြောလိုက်သည်။

"ကျွန်တော် အပြင်ဘက်မှာ ခဏ လျှောက်ကြည့်ဦးမယ်။"

"အင်း" ရှန်ယွီက ကားသော့ကို ချန်ကျန့်ထံ လှမ်းပစ်ပေးလိုက်သည်။

"သိပ်တော့ ကြာမှာမဟုတ်ပါဘူး။" ချန်ကျန့် ခေါင်းညိတ်ပြလိုက်ပြီး ရှန်ယွီ ဓာတ်လှေကားဆီသို့ လျှောက်သွားသည်ကို ကြည့်နေမိသည်။ ရှန်ယွီက ပုံမှန်အတိုင်း အနက်ရောင် အနွေးထည်နှင့် ဘောင်းဘီရှည်ကိုသာ ဝတ်ထားသော်လည်း၊ သူ အလုပ်တစ်ခုခုကို အလေးအနက် လုပ်တော့မည်ဆိုလျှင် သူ့ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါမှာ အနည်းငယ် ကွဲပြားသွားတတ်သည်။ ပုံမှန်ဆိုလျှင် ပျင်းရိပုံပေါက်သည့် ထိုပေါ့ပေါ့ပါးပါး အဝတ်အစားများမှာပင် ယခုတွင်မူ အကြောင်းပြချက်မရှိဘဲ လူတော်လူကောင်းတစ်ယောက်၏ ဟန်ပန်မျိုး ပေါက်နေသည်။

ချန်ကျန့် ကားပါကင်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ဤနေရာမှာ စီးပွားရေးဇုန်မဟုတ်သဖြင့် အတော်လေး တိတ်ဆိတ်လှသည်။ သို့သော် သွားစရာ နေရာမရှိသဖြင့် ပန်းခုံအစွန်းတွင် ထိုင်ကာ လမ်းမမြင်ကွင်းကိုသာ ကြည့်နေမိသည်။ လမ်းပေါ်က လမ်းလျှောက်သူများမှာ အလွန်ပင် ခြေလှမ်းသွက်ကြသည်။ ဤကဲ့သို့ ရာသီဥတုမျိုးတွင် အနားရှိ ရုံးခန်းများမှ ဆေးလိပ်သောက်ရန် ထွက်လာသူများမှအပ၊ လမ်းဘေးတွင် အားယားနေသည့် သူ့ကဲ့သို့ လူမျိုးမှာ အနည်းငယ် ကွဲထွက်နေသလိုပင်။

လေအေးတွေတိုက်နေတဲ့ကြားမှာ နေပူစာလှုံနေတဲ့ သူ့ရဲ့ ပေါ့ပါးလွန်းတဲ့ အမူအရာကြောင့် ကားပါကင်က လုံခြုံရေးဝန်ထမ်းတောင် သူ့နားကို တစ်ပတ်ပတ်ပြီး လာကြည့်သွားသေးသည်။ ခဏကြာတော့ သူ အတော်လေး အနေခက်လာသည်။ လုံခြုံရေးဝန်ထမ်း ဒုတိယအကြိမ် ရောက်လာသည့်အခါတွင်မူ သူ လမ်းတစ်ဖက်ကပ်က ကော်ဖီဆိုင်သို့သွားကာ ကော်ဖီတစ်ခွက် ဝယ်လိုက်တော့သည်။ ဝယ်ပြီးပြီးချင်းမှာပင် သူ နောင်တရသွားသည်။

ဘာကြီးလဲဗျာ... လတ်တေး တစ်ခွက်ကို ၂၈ ယွမ်တောင်! ပြီးတော့ ဒီလောက် သေးသေးလေးကို!

ဒါပေမဲ့ အရသာကတော့ အဆင်ပြေပါသည်။ အဝေးပြေးလမ်းက ၂၅ ယွမ်တန် ကော်ဖီထက်တော့ ပိုကောင်းသည်။

သူ ကော်ဖီကို ကားပါကင်သို့ ပြန်ယူလာပြီး ကားထဲမှာ ထိုင်ကာ ဟိုနှိပ်ဒီနှိပ် လုပ်နေရင်း သီချင်းဖွင့်လိုက်သည်။ ကော်ဖီသောက်၊ မုန့်လေးစားပြီး သီချင်းနားထောင်ရတာက တကယ်ကို သာယာလှသည့် အတွေ့အကြုံပင်။ ပြီးတော့ ဇိမ်ခံရုံးခန်းကြီးတစ်ခုရဲ့ ကားပါကင်ထဲမှာ ဖြစ်နေတာက ပိုလို့တောင် ထူးခြားနေသေးသည်။ ဒီလို မြင်ကွင်းမျိုးထဲမှာ သူ ရောက်နေလိမ့်မယ်လို့ အရင်က တစ်ခါမှ မတွေးဖူးခဲ့ပေ။ ထိုင်ခုံကို မှီပြီး မျက်လုံးလေးမှိတ်ကာ စိတ်ကူးယဉ်နေရင်း သူ ဖြည်းဖြည်းချင်း ပြန်ပြီး အိပ်ချင်လာသည်။ ထိုစဉ် ကားထဲတွင် ရင်းနှီးနေသော တေးသွားတစ်ခု ပေါ်ထွက်လာသည်။ သီချင်းစာသား တစ်ကြောင်းနှစ်ကြောင်းကို နားထောင်ပြီးနောက် သူ လိုက်ဆိုမိတော့သည်။

"ဘဝဆိုတာ..." သူ လက်ကလေး ဝေ့ရမ်းရင်း "မြစ်ကြီးတစ်စင်းလိုပေါ့... တစ်ခါတလေ တိတ်ဆိတ်လို့... တစ်ခါတလေတော့လည်း ရူးသွပ်လို့..."

ထို့နောက် ကံမကောင်းသည့် စာသားများကို ကျော်လိုက်ပြီး ကံကောင်းမည့် အပိုဒ်ကို စောင့်ဆိုင်းလိုက်သည်။

"ငါလိုချင်တဲ့ ပျော်ရွှင်မှုမျိုးကို ငါသိတယ်!"

သူ အသံကို မြှင့်ပြီး ကားတံခါးကို ပုတ်ကာ အားရပါးရ ဆိုလိုက်တော့သည်။

"အဲ့ဒီ ပိုမြင့်တဲ့ ကောင်းကင်ယံမှာလေ... ငါ ပိုမြင့်မြင့် ပျံသန်းချင်တယ်! ပျံသန်းမယ်..."

ထိုစဉ် တစ်စုံတစ်ယောက်က ကားမှန်ကို လာခေါက်သည်။ ရှန်ယွီ အလုပ်ကိစ္စ ပြီးသွားပြီလား သူ သီချင်းကို ဆက်ဆိုရင်း မှန်ကို ချလိုက်သည်။

"လေရူးတစ်သုန်လို... ကခုန်လို့..."

အပြင်ဘက်မှာ ရပ်နေသူမှာ မီးခိုးရောင် ကုတ်အင်္ကျီကို ဝတ်ထားသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။ "ကခုန်လို့" ချန်ကျန့် မှင်တက်သွားသည်။ ထိုအမျိုးသမီးက ကိုယ်ကို ကိုင်းကာ ကားထဲသို့ ငုံ့ကြည့်လိုက်သည်။

"ရှောင်ချန် က သီချင်းကျင့်နေတာလား" ဥက္ကဋ္ဌလျိုက ပြုံးလျက် မေးသည်။

"ဥက္ကဋ္ဌလျို!"

ချန်ကျန့်မှာ လန့်သွားလွန်းသဖြင့် သီးပင် သီးချင်သွားသည်။ သီချင်းကို ပိတ်ရန် ဟိုနှိပ်ဒီနှိပ် လုပ်သော်လည်း ပိတ်၍မရဖြစ်နေသဖြင့် ကားတံခါးကိုသာ အမြန်ဖွင့်လိုက်ရသည်။ ဥက္ကဋ္ဌလျိုက ပြုံးပြီး နောက်သို့ နှစ်လှမ်းဆုတ်ကာ သူ ကားပေါ်က ဆင်းလာသည်ကို ကြည့်နေသည်။

"ဘာလို့ ဆင်းလာတာလဲဟင်" ချန်ကျန့် ဓာတ်လှေကားဘက်ကို လှမ်းကြည့်သော်လည်း ရှန်ယွီ့ကို မတွေ့ရပေ။

ရှန်ယွီ! ခင်ဗျား ဘာလုပ်နေတာလဲ! ကြည့်စမ်း... ဘာတွေ ဖြစ်ကုန်ပြီလဲလို့!

"ရှန်ယွီနဲ့ ရှောင်ယဲ့က အသေးစိတ်တွေကို ဆွေးနွေးနေကြတုန်းပဲ။ ငါက နားငြီးတာနဲ့..."

ဥက္ကဋ္ဌလျိုက ပြုံးလျက် ဆိုသည်။

"ဒါကြောင့် အောက်ဆင်းပြီး လာကြည့်တာ။ နောက် မိနစ်အနည်းငယ်ဆိုရင် ပြီးမှာပါ။"

ဥက္ကဋ္ဌလျို... ခင်ဗျားရဲ့ အလုပ်အပေါ် ထားတဲ့ စိတ်ဓာတ်က မမှန်ဘူးနော်။ နားငြီးလို့ဆိုပြီး ထွက်လာရတယ်လို့လား ဒါက ပိုက်ဆံထုတ်ပေးရမယ့် ကိစ္စလေ။ နားငြီးလို့ဆိုပြီး ထွက်လာလို့ ရပါ့မလား။

ချန်ကျန့် ပြုံးလိုက်သည်။ ဘာပြောရမှန်း မသိတော့ပေ။ အနေခက်နေသည်ကို ဖြေဖျောက်ရန် အိတ်ကပ်ထဲမှ မုန့်လေးနှစ်ခုကို ထုတ်လိုက်ပြီး "မုန့်လေး စားမလားဟင်" ဟု မေးလိုက်သည်။

"ဒါက ညနေခင်း လက်ဖက်ရည်ပွဲ လား"

ဥက္ကဋ္ဌလျိုက ပြုံးလျက် တစ်ခု ယူလိုက်ပြီး ကားထဲက ကော်ဖီခွက်ကို လှမ်းကြည့်သည်။

"အဲ့လိုပဲ ပြောရမှာပေါ့"

"လမ်းမှာရော ပင်ပန်းနေပြီလား"

ဥက္ကဋ္ဌလျိုက မုန့်ခွံကို ခွာရင်း မေးသည်။

"မပင်ပန်းပါဘူး၊ ခရီးထွက်ရသလိုပါပဲ။ ခရီးတစ်ဝက်ကနေ ရှန်ယွီပဲ မောင်းလာတာပါ။"

"ဒါက ခရီးထွက်ရတာနဲ့ တူလို့လား" ဥက္ကဋ္ဌလျိုက ရယ်မောသည်။

"နှင်းရာသီ ပြီးသွားရင်တော့ ခွင့်ယူပြီး အပြင်မှာ သွားရောက် အပန်းဖြေသင့်တယ်နော်။"

"ဟုတ်ကဲ့" ချန်ကျန့် ခေါင်းညိတ်လိုက်သည်။

တစ်ဖက်က ဓာတ်လှေကား အသံမြည်လာသဖြင့် ချန်ကျန့် အမြန် လှည့်ကြည့်လိုက်သည်။ သူ့ရဲ့ ကယ်တင်ရှင် ရှန်ယွီသည် ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက်တွင် ဥက္ကဋ္ဌလျို၏ လက်ထောက်ဖြစ်ဟန်တူသော မိန်းကလေး ရှောင်ယဲ့ ပါလာသည်။

"မားက ဘာလို့ ဒီရောက်နေတာလဲ" ရှန်ယွီက အပြေးအလွှား ရောက်လာသည်။

"လေကောင်းလေသန့် လာရှူတာလေ" ဟု ဥက္ကဋ္ဌလျိုက ဆိုသည်။

"ဒီမှာ ဘာလေကောင်းလေသန့် ရှိလို့လဲ။ ကားအိပ်ဇောနံ့တွေချည်းပဲဟာကို။"

"ငါက ရှောင်ချန်ရဲ့ Concert ကို လာနားထောင်တာပါ"

ဥက္ကဋ္ဌလျိုက ပြောပြီးနောက် ရှောင်ယဲ့ကို လှည့်မေးသည်၊

"အားလုံး အဆင်ပြေသွားပြီလား"

"ဟုတ်ကဲ့ ။ ကျန်တာကတော့ ဥက္ကဋ္ဌရှန် အပေါ်မှာပဲ မူတည်ပါတော့တယ်။"

"ကောင်းပြီလေ" ဥက္ကဋ္ဌလျိုက ရှန်ယွီကို ကြည့်သည်။

"မင်းတို့နှစ်ယောက် စားသောက်ဆိုင်ကို အရင်သွားနှင့်ကြမလား"

"မားရော ကျွန်တော်နဲ့ လိုက်ဦးမှာလား"

"ငါ မင်းအဖေကို သွားကြိုရဦးမယ်"

"ပါး က နေပူမရှောင် မိုးရွာမရှောင် သူ့လျှပ်စစ်စကူတာလေးနဲ့ပဲ သွားနေတာ မဟုတ်လား”

"အခုတော့ နာမကျန်းခွင့် စာရွက်လေးနဲ့ စကူတာ စီးနေရတာပေါ့" ဥက္ကဋ္ဌလျိုက ဓာတ်လှေကားဘက်သို့ လျှောက်သွားရင်း ဆိုသည်။

"မင်းတို့ သွားနှင့်ကြတော့။"

"ဟုတ်ကဲ့"

ရှန်ယွီက ရှောင်ယဲ့ကို လှမ်းကြည့်သည်။

"ပရော်ဖက်ဆာရှန်က မနေ့တစ်နေ့ကမှ စကူတာစီးပြီး ငါးသွားမျှားတာလေ"

ရှောင်ယဲ့က ဥက္ကဋ္ဌလျိုနောက်သို့ အမြန်လိုက်ရင်း အသံတိုးတိုးဖြင့် ပြောသွားသည်။

"သူ တော်တော်လေး အအေးမိသွားတာ။"

ရှန်ယွီက ကားတံခါးဖွင့်ပြီး သီချင်းကို ပိတ်လိုက်သည်။ ထို့နောက် ချန်ကျန့်ကို လှည့်ကြည့်ရာ နှုတ်ခမ်းပေါ်က အပြုံးကို ဖုံးမရ ဖြစ်နေသည်။

"မင်း ခုနက သီချင်းဆိုနေတာလား"

"မပြောပါနဲ့တော့ဗျာ"

ချန်ကျန့်က ဓာတ်လှေကားတံခါး ပိတ်သွားသည်ကို ကြည့်ကာ ကားကို မှီလိုက်သည်။

"ကျွန်တော် အားရပါးရ အော်ဆိုနေတုန်း ဥက္ကဋ္ဌလျိုက မှန်ကို လာခေါက်တာလေ။"

ရှန်ယွီက တဟားဟား ရယ်မောတော့သည်။

"မား အောက်ဆင်းလာလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး။"

"အဲ့ဒီ သီချင်းကလည်း ပိတ်လို့က မရဘူး..." ချန်ကျန့် သက်ပြင်းချလိုက်သည်။

"ဥက္ကဋ္ဌလျိုက ဘာလို့ ရုတ်တရက် ဆင်းလာတာလဲ မသိဘူး။ တစ်ခုခု ပြောမလားလို့ အောက်မေ့တာ၊ ဘာမှလည်း မပြောဘဲ စကားနည်းနည်းပဲ ပြောသွားတာ။"

"သူက မင်းကို မြင်ချင်လို့ပါ" ရှန်ယွီက ကားထဲသို့ ဝင်ရင်း ဆိုသည်။

"သူက မင်းကို တကယ် သဘောကျတာ။"

ချန်ကျန့်လည်း ဘေးခုံဘက်ကနေ ကားပေါ်တက်လိုက်ရင်း "တကယ်လား" ဟု မေးမိသည်။

"အင်း။ မင်းက တကယ်ကို ချစ်ဖို့ကောင်းနေတာအပြင် နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိနိုင်တယ်..."

ရှန်ယွီက သူ့ကို လှည့်ကြည့်သည်။

"ငါ့အမေက ငါ့ရဲ့ အသက် ၂၀ အရွယ်တုန်းက ပုံစံကို တစ်ခါမှ မမြင်ခဲ့ဖူးလို့လေ။"

ချန်ကျန့် မင်သက်သွားသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ရှန်ယွီဘက်သို့ ကိုင်းလိုက်ကာ ရှန်ယွီ၏ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်လေသည်။
______________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...