Skip to main content

116








အပိုင်း (၁၁၆)




ရှန်ယွီ သည် ကုတင်ခေါင်းရင်းနားရှိ ကုလားထိုင်တွင် ထိုင်ကာ စာဖတ်နေသည်။ ထိုစဉ် သူ့ဖုန်း တုန်ခါလာသဖြင့် ကောက်ကြည့်လိုက်ရာ သူ့အမေဆီမှ မက်ဆေ့ဂျ်ဖြစ်နေသည်။ နှစ်ယောက်လုံး အိမ်ပြန်ရောက်ပြီဟု ဆိုသည်။ ရှန်ယွီသည် ကုတင်ပေါ်တွင် မှောက်လျက်အိပ်ပျော်နေသော ချန်ကျန့် ဘက်သို့ လှည့်ကြည့်လိုက်သည်။ ချန်ကျန့် အိပ်ပျော်နေသည်မှာ ကြာလှပြီ။ ဒီနေ့ အနည်းငယ် ပင်ပန်းသွားပုံရသည်။ ချန်ကျန့်၏ အိပ်စက်ခြင်းမှာ ပုံမှန်အားဖြင့် တော်တော်လေး ကောင်းမွန်သည်။ သူက ခွေးလေးတစ်ကောင်လို ဘယ်အချိန် ဘယ်နေရာမှာမဆို ငါးမိနစ်အတွင်း အိပ်ပျော်သွားနိုင်သလို၊ ဘယ်အချိန်ဖြစ်ဖြစ် ပြန်နိုးလာလျှင်လည်း လန်းလန်းဆန်းဆန်း ရှိနေတတ်သူဖြစ်သည်။ ရှန်ယွီ ထလိုက်ပြီး ချန်ကျန့်ကို ဘေးနားရှိ စောင်အထူကြီးဖြင့် ခြုံပေးကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။

သူ့မိဘများမှာ ဘားကောင်တာတွင် ထိုင်နေကြသည်။ ကောင်တာပေါ်တွင် ဘူးအသေးလေး အချို့ရှိနေပြီး ရှန်ယွီ၏ အတွေ့အကြုံအရ ၎င်းတို့မှာ အသစ်ဝယ်လာသည့် ငါးမျှားချိတ်များ ဖြစ်နိုင်ပါသည်။

“ရှောင်ချန် ရော”

သူ့အမေက ကော့တေးတစ်ခွက်ကို စပ်နေရင်း မေးသည်။

“အိပ်ပျော်သွားပြီ"

ရှန်ယွီက အဖေဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။

“ဟင်” သူ့အမေ အံ့ဩသွားသည်။

“အိပ်ပျော်သွားပြီ ဟုတ်လား”

သူ့အဖေကလည်း အံ့အားသင့်စွာဖြင့် သူ့ဘက် လှည့်ကြည့်လာသည်။

“သူက အဲ့လောက်တောင် အိပ်ပျော်လွယ်တာလား”

ရှန်ယွီကိုယ်တိုင်က အိပ်စက်ရခက်ခဲသူဖြစ်ခဲ့သဖြင့်၊ ချစ်သူ၏အိမ်တွင် မိဘများရှိနေသည့်ကြားမှ ညအိပ်တည်းခိုရ၍ အလွန်ရင်တုန်နေသော ချန်ကျန့်တစ်ယောက် မနက်တစ်နာရီမတိုင်ခင်မှာတင် အိပ်ပျော်သွားနိုင်သည်ကို ဇနီးမောင်နှံ အနည်းငယ် အံ့ဩသွားကြခြင်း ဖြစ်သည်။

“သူ့ကို နှိုးလိုက်ရမလား”

ရှန်ယွီ က ဘားကောင်တာကို မှီလျက် သူ့အမေ ကော့တေးစပ်နေသည်ကို ကြည့်ရင်း မေးလိုက်သည်။

“မနှိုးပါနဲ့ ။အိပ်ပျော်နေတဲ့လူကို ဘာလို့ သွားနှိုးမှာလဲ”

အဖေက ဝင်တားသည်၊

“အားလုံး စုပြီး စကားပြောလို့ ရတာပေါ့" ရှန်ယွီက ပြုံးစစဖြင့် ပြောသည်။

“သူ့ကို နားပါစေဦး။ ခဏနေရင် သူလည်း အိပ်ချင်မူးတူးနဲ့ ထွက်လာမှာပါပဲ။”

အမေက သူထင်တာပြောပေမဲ့ ရှန်ယွီ ဘာမှပြန်မပြောဘဲ ပြုံးနေမိသည်။

“မင်း မနက်ဖြန် ပြန်မှာမလား”

အမေက ဝိုင်တစ်ခွက်ကို ရှန်ယွီ့ထံ တိုးပေးရင်း မေးသည်။

“အင်း၊ သဘက်ခါကျရင် စမ်းသပ်လည်ပတ်မယ့်အဖွဲ့ လာမှာလေ။ ကျွန်တော်ရှိနေမှဖြစ်မယ်။ အဲ့ဒီအဖွဲ့ကို CEO တစ်ယောက်ကိုယ်တိုင် ခေါ်လာမှာ"

သူက ဝိုင်ခွက်ကို လှမ်းယူလိုက်ချိန်တွင် သူ့အဖေကလည်း လှမ်းယူရန် ပြင်လိုက်သဖြင့် သူက လက်ကို အမြန်ပြန်ရုပ်လိုက်သည်။

“ဒါက ရှောင်ယွီ အတွက်လေ" ဟု သူ့အမေက ပြောသည်။

“ရော့"

သူ့အဖေက ဝိုင်ခွက်ကို ရှန်ယွီ့ရှေ့သို့ ပြန်တိုးပေးသည်။

“ပါးပဲ သောက်လိုက်ပါ"

“မင်းတို့ သောက်တာချင်း မတူဘူး။ မင်းဟာက အယ်လ်ကိုဟော ပါဝင်မှု ပိုများတယ် ။ ဒါမှ မင်းလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာ။”

“ဟုတ်ကဲ့"

ရှန်ယွီ အမေဖြစ်သူအပြောကို လက်ခံလျက် ဝိုင်ကိုယူကာ တစ်ငုံသောက်လိုက်သည်။

“ကောင်းသားပဲ။”

“မင်းအမေရဲ့ အခုလို ဖျော်ရည်စပ်တဲ့ ပညာတွေအားလုံးက ငါသင်ပေးထားတာ ။သူ အငြိမ်းစားယူပြီးရင် ဘား တစ်ခုတောင် ဖွင့်လို့ရတယ်။”

“အခုဖွင့်လည်း ရတာပဲကို"

သူ့အမေက ပြန်ပြောသည်။

“တော်စမ်းပါ။ ငါက မင်းကို ထပ်ခါတလဲလဲ သတိမပေးချင်တော့ဘူး၊ မင်းကလည်း အမြဲမေ့နေတာပဲ။”

“ဘာကိုလဲ”

သူ့အမေက အဖေ့ကို လှမ်းကြည့်လိုက်သည်။

“ကျွန်မ နေမကောင်းသေးဘူးလို့ ရှင်က ပြောချင်တာလား”

“အင်း၊ သတိထားဦး။ မင်းရဲ့ ခန္ဓာကိုယ်က မင်းစိတ်ခိုင်းစေသမျှကို မလိုက်နိုင်တော့ဘူး"

သူ့အမေက ဘာမှပြန်မပြောဘဲ စပ်ပြီးသား ကော့တေးခွက်ကို ခင်ပွန်းရှေ့သို့ တွန်းပေးလိုက်သည်။

“မားရဲ့ ကျန်းမာရေးအတွက် ကမ်းပေ့"

ရှန်ယွီ က သူ့ခွက်ကို မြှောက်လိုက်သည်။

“ကျန်းမာရေးအတွက်"

သူ့အဖေက ခေါင်းညိတ်ပြသည်။ သူ့အမေက ပြုံးလျက် သူမ၏ခွက်ကိုပါ မြှောက်လိုက်သည်။

“ကျန်းမာရေးအတွက်ပေါ့။”

ရှန်ယွီ အခန်းထဲပြန်ဝင်လာချိန်တွင် ချန်ကျန့် မှာ မလှုပ်မယှက်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ ရှန်ယွီ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး ကုတင်ပေါ်တက်ကာ သူ့ကို ဟိုဘက်လှည့်ရန် တွန်းလိုက်သော်လည်း သူကတော့ နိုးမလာခဲ့ချေ။

“ဒီလောက်အိပ်ပျော်တဲ့ အရည်အသွေးမျိုးကျတော့လည်း...”

ရှန်ယွီက ဆိုရင်း လှဲအိပ်ကာ မီးပိတ်လိုက်သည်။

“ငါ မင်းကို အဆိပ်များ ကျွေးထားမိလို့လား”

သို့သော် လှဲအိပ်လိုက်ပြီး နှစ်မိနစ်ပင် မပြည့်သေးမီမှာပင် ချန်ကျန့် က တစ်ဖက်သို့ လှည့်လာပြီး လက်တွေ၊ ခြေထောက်တွေကို ရှန်ယွီ အပေါ် ပစ်တင်လိုက်သည်။

"ဖယ်စမ်း"

ရှန်ယွီ ပြန်တွန်းထုတ်လိုက်သည်။ ဒါပေမဲ့ ခဏအကြာမှာပဲ ချန်ကျန့်က ဗုန်းခနဲ အသံနှင့်အတူ လက်တွေ၊ ခြေထောက်တွေကို ရှန်ယွီ့အပေါ် ထပ်တင်ပြီး ပြန်လှည့်လာပြန်သည်။ ဒီလူကတော့ တစ်ခုခုကို ဖက်အိပ်တတ်တဲ့ အကျင့်ရှိတာ သေချာသည်။ ရှန်ယွီ ကုတင်ဘေး ဗီရိုထဲမှ ဖက်လုံးအကြီးကြီး တစ်လုံးကို ထုတ်ကာ သူတို့နှစ်ယောက်ကြားထဲသို့ ထည့်ပေးလိုက်သည်။ ဒီတစ်ခါတော့ ငြိမ်ကျသွားသည်။ ချန်ကျန့်က ဖက်လုံးကို တကယ်ပင် အားရပါးရ ဖက်ထားပြီး ထပ်မလှုပ်တော့ပေ။

စောစောအိပ် စောစောထသူ၊ နောက်ကျမှအိပ် စောစောထသူ၊ လုံးဝမအိပ်ဘဲ စောစောထသူ ရှန်ယွီကတော့ မန်နေဂျာချန်၏ အလုပ်အရူးဇယားကို မမီနိုင်ပါချေ။ သူ အိပ်ပျော်ကာရှိသေးချန်ကျန့်က အသာအယာ ထနေပြီ။

ကုတင်ပေါ်က ဆင်းဆင်းချင်းမှာပင် ကုတင်အောက်ရှိ လှုပ်ရှားမှုအာရုံခံ ညမီးအလင်းရောင်ကြောင့် သူ လန့်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည် ။

"ဟာ... ဒုက္ခပဲ။"

ရှန်ယွီ နိုးမသွားစေရန်အတွက် ချန်ကျန့်မှာ အိမ်စီးဖိနပ်ပင် မဝတ်ရဲဘဲ ရေချိုးခန်းထဲသို့ ခြေဖျားထောက် သွားလိုက်၊ အခန်းထဲသို့ ခြေဖျားထောက် ပြန်လာလိုက်နှင့် အကြာကြီး ပတ်လျှောက်နေမိသည်။ တံခါးနားအထိ ပြေးသွားပြီး အပြင်က အသံကို နားစွင့်နေသေးသည်။

"မင်းအိတ်ကို ရှာနေတာလား" ရှန်ယွီ့အသံက ကုတင်ပေါ်မှ ထွက်လာသည်။

"အင်း... ဟင်" ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်ပြီး အသံကို အတတ်နိုင်ဆုံး လျှော့ကာ ပြောလိုက်သည်။

"ဟာ... ငါ ဒီလောက် အသံတိတ်အောင် လုပ်နေတာတောင် မင်း နိုးသွားတာလား"

“ကုတင်လေး နည်းနည်းလှုပ်တာနဲ့ ငါနိုးတာပဲ"

ချန်ကျန့် ကုတင်ဘေးသို့ လျှောက်သွားကာ ငုံ့ကြည့်လိုက်ရင်း

“ခုမှ ခုနစ်နာရီကျော်ပဲ ရှိသေးတာ။ ခင်ဗျား နောက်ထပ် ခဏလောက် ထပ်အိပ်ပါဦး။”

“ဘာလို့ ဒီလောက် စောစောထတာလဲ”

ရှန်ယွီက မေးရင်း လက်လှမ်းကာ ချန်ကျန့်၏ပါးကို အသာထိလိုက်သည်။

“အကျင့်ပါနေလို့ပါ" ချန်ကျန့်က ခပ်တိုးတိုး ဆိုသည်။

“ကျွန်တော်တို့ ရှစ်နာရီ ဒါမှမဟုတ် ကိုးနာရီလောက်ဆို ထွက်ကြမှာ မဟုတ်လား”

“အင်း။ ဒါဆို မင်း နောက်ထပ် တစ်နာရီလောက် ထပ်အိပ်လို့ ရသေးတယ်လေ"

“ပြန်အိပ်လို့ မရတော့ဘူး"

ရှန်ယွီက ပြောရင်း ပက်လက်လှန်လိုက်သည်။

“ခဏနေရင် ငါလည်း ထတော့မယ်။ ငါတို့ စောစောထွက်လေ၊ စောစောရောက်လေပေါ့။”

ချန်ကျန့် ကုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး ရှန်ယွီဘေးသို့ ပြန်လှဲချလိုက်သည်။ သူ အနည်းငယ် အားနာသွားမိသည်။ ရှန်ယွီက အိပ်ရေးနိုးလွယ်မှန်း သူသိသည်။ သူသာ အိပ်ရာကထဖို့ ခဏလောက် ထပ်စောင့်လိုက်လျှင် ရှန်ယွီ အနည်းဆုံး နောက်ထပ် နာရီဝက်လောက် ပိုအိပ်ရမည်ဖြစ်သည်။

“ငါက နေ့တိုင်း အိပ်ရခက်နေတာ မဟုတ်ပါဘူး"

ရှန်ယွီက ဘေးတစောင်းလှည့်ကာ ချန်ကျန့်ကို ဖက်လိုက်ပြီး ခါးလေးကို အသာအယာ ပွတ်သပ်ပေးရင်း ဆိုသည်။

“လအကြာကြီး ဆက်တိုက် အိပ်မပျော်တာမျိုး မဟုတ်ရင် အဆင်ပြေပါတယ်။”

“အင်း”

“မင်းအိတ်က ဧည့်ခန်းထဲမှာ ကျန်နေတုန်းပဲ"

“ဗျာ” ချန်ကျန့် ခဏမျှ မှင်သက်သွားသည်။

“မနေ့က ကျွန်တော် ယူမလာခဲ့ဘူးလား”

“မပါဘူး။ သွားယူလိုက်ဦး။”

“ဘယ်နားမှာ ထားခဲ့မိတာလဲ”

“ဧည့်ခန်းထဲက ဆိုဖာပေါ်မှာလေ။ ဘာလဲ... မင်း ကြောက်နေတာလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

CEO တစ်ယောက်နှင့် ပရော်ဖက်ဆာတစ်ယောက်မှာ ဤမျှစောစော ထလိမ့်မည်မဟုတ်ဟု သူတွေးလိုက်သည်။ အချိန်အနည်းငယ် ထပ်နောက်ကျသွားလျှင်တော့ သူတို့နှင့် တကယ် ဆုံသွားနိုင်ပေသည်။ ချန်ကျန့် သူဝတ်ထားသော ဝက်ဝံရုပ်ပုံ အိပ်ယာဝင်အင်္ကျီကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးမှ အိပ်ခန်းတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။

ရှန်ယွီတို့အိမ်က တကယ်ကို ကျယ်ဝန်းလှသည်။ ရှန်ယွီ့အိပ်ခန်းတံခါးဝကနေကြည့်ရင် ဧည့်ခန်းထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိနိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဒါပေမဲ့ အိမ်ထဲမှာတော့ အလွန်တိတ်ဆိတ်နေတာကို သူ သိနေသည်။ တံခါးတွေနဲ့ ပြတင်းပေါက်တွေရဲ့ အသံလုံစနစ်က အလွန်ကောင်းမွန်တာကြောင့် အပြင်က ဆူညံသံတွေလည်း အထဲဝင်မလာနိုင်သလို အထဲမှာလည်း အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။




အားလုံး အိပ်ပျော်နေကြတုန်းပဲ ဖြစ်မှာပါ။




ချန်ကျန့် စင်္ကြံလမ်းကနေ ထွက်လာပြီး ဧည့်ခန်းဘက်ကို လှမ်းကြည့်လိုက်သည်။ နံရံဘေးက မီးအိမ်လေးက လင်းနေသော်လည်း လူတစ်ယောက်မှ မရှိချေ။




ချမ်းသာတဲ့သူတွေကျတော့လည်း တစ်မျိုးပဲ။ ညဘက်တောင် မီးမပိတ်ကြဘူးလား မသိဘူး...




ချန်ကျန့် ဧည့်ခန်းဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ ထမင်းစားခန်းနားကို ဖြတ်အသွားမှာတော့ ထမင်းစားခန်းထဲက မီးတွေလည်း လင်းနေတာကို သူ တွေ့လိုက်ရသည်။

သူ ခေါင်းလှည့်ကြည့်လိုက်သည်။ ထမင်းစားပွဲတွင် ဥက္ကဋ္ဌလျိုနှင့် ပရော်ဖက်ဆာရှန်တို့သည် အိပ်ယာဝင်အင်္ကျီများဖြင့် ထိုင်ကာ မနက်စာ စားနေကြသည်။ ချန်ကျန့် မှာ ရပ်နေသည့်နေရာမှာတင် ကျောက်ရုပ်လို အခဲသား။

“ဒီလောက်စောစောကြီးလား”

ပရော်ဖက်ဆာရှန်ကလည်း သူ့ကိုမြင်တော့ အံ့အားသင့်သွားပုံရသည်။

“မင်္ဂလာနံနက်ခင်းပါ"

ချန်ကျန့်မှာ ရှောင်လွှဲမရတော့သဖြင့် ထမင်းစားခန်းဘက်သို့ နှစ်လှမ်းခန့် တိုးသွားလိုက်ရသည်။

“မင်္ဂလာနံနက်ခင်းပါ ပရော်ဖက်ဆာရှန်...ဦးလေးတို့လည်း ဒီလောက်စောစော ထတာလားခင်ဗျ”

“ပရော်ဖက်ဆာရှန်က အခုလေးတင် အပြင်မှာ အပြေးလေ့ကျင့်ပြီး မနက်စာ ဝယ်လာတာလေ။ ငါကတော့ အမြဲတမ်း ဒီအချိန်ပဲ ထနေကျပါ"

ဥက္ကဋ္ဌလျိုက ပြုံးလျက် ဆိုသည်။

“မင်းတို့နှစ်ယောက်အတွက်လည်း မနက်စာ ဝယ်ထားပေးတယ်။ အခုပဲ စားမလား၊ ဒါမှမဟုတ် ရှန်ယွီ နိုးလာတဲ့အထိ စောင့်မလား”

ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌလျို! ရွေးချယ်စရာ နှစ်ခုပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌလျို! သူမက သူ့ကို ချက်ချင်းလာစားဖို့ပဲ တိုက်တွန်းနေတာ မဟုတ်ဘူးလေ! ကျေးဇူးတင်ပါတယ်၊ တကယ့်ကို စိတ်ခံစားမှုဆိုင်ရာ ပါးနပ်မှု မြင့်မားလှတဲ့ ဥက္ကဋ္ဌလျိုကြီးရယ်!

“ကျွန်တော် မျက်နှာမသစ်ရသေးလို့ပါခင်ဗျ"

ချန်ကျန့်က ဧည့်ခန်းထဲက ဆိုဖာကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“အိတ်လာယူတာပါ၊ အဝတ်အစားတွေက အိတ်ထဲမှာမို့လို့ပါ။”

“အေးအေး၊ သွားယူလေ" ဥက္ကဋ္ဌလျိုက ဆိုသည်။

“ဟုတ်ကဲ့" ချန်ကျန့် အိတ်ကို အမြန်သွားယူကာ ပြန်လှည့်လာခဲ့သည်။

“သုံးဆောင်ကြပါဦးခင်ဗျ" ဟု ပြောဖို့လည်း မမေ့ခဲ့ပေ။

ရှန်ယွီ့ရဲ့ အိပ်ခန်းထဲ ပြန်ရောက်ချိန်မှာတော့ ရှန်ယွီက နိုးနေပြီဖြစ်ပြီး ရေချိုးခန်းထဲမှာ သွားတိုက်နေလေသည်။ သူက နံရံကို လက်တစ်ဖက်ဖြင့် မှီထားပြီး ကျန်လက်တစ်ဖက်က သွားတိုက်တံကို ကိုင်ကာ မှန်ထဲကို စိုက်ကြည့်နေသည်။

“ဘာကြည့်နေတာလဲ”

“ချောတဲ့ လူတစ်ယောက်ကိုလေ"

“ဪ... ဟုတ်ပါပြီ"

ရှန်ယွီက ရယ်မောရင်း ပါးစပ်ထဲက သွားတိုက်ဆေးတွေကို ထွေးထုတ်ကာ သူ့ဘက်လှည့်ကြည့်လာသည်။

"အိတ် ရပြီလား" ချန်ကျန့် သတိပြန်ဝင်လာပြီး ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။

"ကျွန်တော့်ကို ချောက်တွန်းလိုက်တာပဲ!"

"ဟင်" ရှန်ယွီက မျက်ခုံးပင့်ပြသည်။

"မင်းမိဘတွေလည်း ဒီအချိန်ထတယ်ဆိုတာ ဘာလို့ ကြိုမပြောတာလဲ!"

ချန်ကျန့် တံခါးဘက်ကို လက်ညှိုးထိုးပြရင်း ပြောသည်။

"မင်းအဖေက မနက်စာတောင် ဝယ်လာပြီးပြီ၊ သူတို့ အခု စားနေကြတာ။"

ရှန်ယွီက ဘာမှမပြောဘဲ ပြုံးနေပြီး ခေါင်းငုံ့ကာ မျက်နှာသစ်တော့သည်။

"တမင်လုပ်တာ မဟုတ်လား!"

ချန်ကျန့် ရှန်ယွီ့ တင်ပါးကို တစ်ချက် လှမ်းကန်လိုက်သည်။

"မင်း ငါ့ကို မနိုင်ပါဘူး" ရှန်ယွီက မျက်နှာသစ်ရင်း ပြောသည်။

"ရပါတယ်၊ ကျွန်တော့်နောက် ပြေးမလိုက်နိုင်ရင် ပြီးတာပဲ"

ရှန်ယွီ ရယ်မောရင်း သူ့ကို လှည့်ကြည့်လာသည်။

"မင်းကတော့ တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ။"

ရှန်ယွီ့မျက်နှာမှာ ရေစက်တွေနှင့်အတူ မီးရောင်အောက်မှာ ဝင်းလက်နေသည်။ တကယ့်ကို လှပလွန်းသည်။ သူက တစ်မြို့လုံးမှာ အချောဆုံးဘော့စ်တင် မဟုတ်ပါဘူး။ သူက တစ်ကမ္ဘာလုံးမှာ အချောဆုံးပါ။ ချန်ကျန့် ရှန်ယွီ့အနား တိုးသွားပြီး ပါးကို အားရပါးရ တစ်ချက် နမ်းလိုက်သည်။

ပရော်ဖက်ဆာရှန် ဝယ်လာသည့် မနက်စာမှာ လမ်းဘေးဆိုင်က မဟုတ်သည်မှာ သေချာသည်။ ပါဆယ်ထုပ်ပိုးပုံက အဆင့်မြင့်သလို အထဲက အစားအစာတွေကလည်း တန်ဖိုးကြီးလှသည်။ ပေါက်စီ ထဲမှာ ပုစွန်အကောင်ကြီးတွေ ပါဝင်နေသည်။

"ဒီလောက်တောင် ဇိမ်ကျတာလား" ရှန်ယွီ ထိုင်လိုက်ရင်း မေးသည်။

"လက်ဖက်ရည်ဆိုင်က ဝယ်လာတာလား"

"မင်းရဲ့ ဒေါ်လေးအိမ်နားမှာ အသစ်ဖွင့်တဲ့ဆိုင်လေ၊ ဖွင့်တာ အခုဆို ပြည့်တော့မယ်။ မင်းအဖေက စားချင်နေတာ ကြာပြီ၊ ဒါပေမဲ့ ဈေးကြီးတယ်ဆိုပြီး မစားဖြစ်တာ။ ဒီနေ့မှပဲ အကြောင်းပြချက် ကောင်းကောင်း ရှာတွေ့သွားတာ။"

"ဒါတွေနဲ့ ငါးစာလုပ်ရင် ငါးမိမယ်လို့သာ ပြောလိုက်ရင် ဆိုင်ဖွင့်တဲ့နေ့ကတည်းက ပါးက သွားစားမှာ"

"ဒီမှာ ငါးဖမ်းရတာ အဆင်မပြေဘူးလေ။ သူက နေ့တိုင်း ငါးဖမ်းပစ္စည်းဆိုင်သွားပြီး ငါးဖမ်းသလို ဟန်ဆောင်နေတာပဲ ရှိတာ။ တစ်နှစ်မှ နှစ်ခါသုံးခါပဲ တကယ်ဖမ်းဖြစ်တာ။ မင်းတို့ဆီမှာ ငါးဖမ်းခဲ့တဲ့ နှစ်ရက်အကြောင်းကိုပဲ တမြှည့်မြှည့် ပြောနေတာ။"

"နွေရာသီကျောင်းပိတ်ရက်ကျရင် အဲ့ဒီမှာ လာနေပြီး ငါးဖမ်းလို့ ရတာပဲ။ ရှောင်သိုအာရဲ့ အဘိုးကို သင်တန်းကြေး နည်းနည်းပေးပြီး လိုက်ဖမ်းခိုင်းရမယ်"

"ဒါဆို အဘိုးဆီက ငါးဝယ်စားတာကမှ ပိုပြီး တွက်ခြေကိုက်ဦးမယ်"

ချန်ကျန့် ထိုစကားပြောပြီးမှ ဘေးဘီကို သတိထားကြည့်မိသည်။ ပရော်ဖက်ဆာရှန်က အနောက်တိုင်းစတိုင် ထမင်းစားခန်းက ကုလားထိုင်မှာ ထိုင်နေတာကို မြင်တော့ သူ ချက်ချင်းပင် အနေခက်သွားပြီး ခေါင်းငုံ့ကာ ပေါက်စီတစ်လုံးကို ပါးစပ်ထဲ အတင်းထည့်လိုက်သည်။ ရှန်ယွီက ဘာမှမပြောဘဲ အကြာကြီး အသာအယာ ရယ်နေတော့သည်။

ဒီအလုပ်ကိစ္စ ခရီးစဉ်က တော်တော်လေး အောင်မြင်ခဲ့သည်။ ပိုက်ဆံရှာတဲ့ တာဝန်လည်း ပြီးမြောက်ခဲ့သည်။ အပြန်လမ်းမှာတော့ ရှန်ယွီက ချန်ကျန့်ကို ကားမမောင်းခိုင်းတော့ပါ။ ညစာအချိန်မီ မပြန်ရောက်မှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ရှန်ယွီက ကားကို တော်တော်လေး အရှိန်ပြင်းပြင်း မောင်းသည်။ ချန်ကျန့် မျက်လုံးမှိတ်လိုက်စဉ်က အဝေးပြေးလမ်းပေါ် ရောက်ခါစပဲ ရှိသေးသော်လည်း၊ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ရင်းနှီးနေသော တောင်ပတ်လမ်းကို မြင်နေရပြီဖြစ်သည်။

"မင်းကတော့ တကယ်ကို..." ရှန်ယွီ့အသံမှာ အံ့ဩရိပ်တွေ ပါနေသည်။

"တကယ် အိပ်နိုင်တာပဲ။"

"ရောက်တော့မှာလား"

ချန်ကျန့် မျက်နှာကို ပြတင်းပေါက်မှာ ကပ်ပြီး အံ့ဩတကြီး ကြည့်ရင်း မေးသည်။

"နောက်ထပ် ခဏလောက် ထပ်အိပ်ပါဦးလား မျက်လုံးဖွင့်လိုက်ရင် ညစာစားပွဲမှာ ထိုင်စောင့်နေတဲ့ပုံစံမျိုး ဖြစ်သွားအောင်"

ရှန်ယွီက စနောက်သည်။

" ဘာလို့ ဒီလောက် အိပ်ချင်နေတာလဲ မသိဘူး"

ချန်ကျန့်ကိုယ်တိုင်လည်း ဝေဝေဝါးဝါး ဖြစ်နေသည်။

"ငါက အဲ့လောက်တောင် အိပ်ဆေးလိုကောင်းနေလို့လား" ရှန်ယွီက မေးသည်။

ချန်ကျန့် စက္ကန့်အနည်းငယ်ကြာမှ သဘောပေါက်သွားပြီး

"တောက်... အဝေးပြေးလမ်းမှာ ပထမဆုံးအကြိမ် မောင်းရလို့ ရင်တုန်နေတာရယ်၊ ခင်ဗျားအိမ်မှာ တည်းရလို့ ပိုရင်တုန်နေရတာရယ်ကြောင့် မဟုတ်ဘူးလား..."

"အဓိကက မင်း တစ်ညလုံး အိပ်ထားတာတောင်၊ နိုးလာပြီးတော့မှ နောက်ထပ် နာရီပေါင်းများစွာ ထပ်အိပ်နိုင်တာပဲ"

ရှန်ယွီက သူ့နဖူးကို လှမ်းစမ်းရင်း ပြောသည်။

"ဖျားနေတာတော့ မဟုတ်ပါဘူးနော်"

"မဖျားပါဘူး" ချန်ကျန့် သူ့ခေါင်းသူ ပြန်စမ်းကြည့်သည်။

"မဟုတ်ဘူးဆို မင်း အားနည်းနေသေးတာ။"

"ဒါဆိုရင်တော့ ဖျားနေတာကမှ တော်ဦးမယ်"

မြို့ကလေးကို ပြန်ရောက်ရခြင်းက ချန်ကျန့်ကို တကယ့်ကို စိတ်အေးချမ်းမှု ပေးစွမ်းသည်။ ဒီခရီးစဉ်မှာ စိတ်မချမ်းသာခဲ့တာမျိုး မဟုတ်ပါဘူး။ ရှန်ယွီ နေခဲ့တဲ့ မြို့ကို မြင်ရတာ၊ သူ့အိမ်ကို မြင်ရတာ၊ သူ့ကုတင်ပေါ်မှာ အိပ်ခဲ့ရတာတွေက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းခဲ့သည်။

ဒါပေမဲ့ မြို့ကလေးက ရင်းနှီးနေတဲ့ အရာတွေကို မြင်လိုက်ရတဲ့အခါ သူ သက်ပြင်းတစ်ချက်ချလိုက်မိပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားရသည်။ 'တာ့ယွင်' ဆိုင်းဘုတ်ကို မြင်လိုက်ရတဲ့အခါ အိမ်ပြန်ရောက်သလို ခံစားချက်မျိုးတောင် ဖြစ်မိသည်။ ဆိုင်ထဲက အရာအားလုံးက ထုံးစံအတိုင်းပါပဲ။

ဟူဖန် က ရှေ့ကောင်တာမှာ ဘောပင်လှည့်နေသည်။ လောင်ဝူ က ဖုန်စုပ်စက်ဆွဲနေပြီး ဆန်းပင်း နဲ့ လောင်စစ် က ခြံထဲမှာ ပန်းအိုးတွေ စီနေကြ၏။ ချန်အာဟူ က အစ်မကြီးဟွမ် နဲ့အတူ ဧည့်ခန်းတွေကို သန့်ရှင်းရေးလုပ်နေပြီး ကျောက်ဖန်းဖန်း ကတော့ ဈေးဝယ်ပြီး ပြန်ရောက်ကာစပဲ ရှိသေးသည်။ သူတို့နှစ်ယောက် ဆိုင်ပြန်ရောက်လာတာကို ဘယ်သူမှ ထူးထူးခြားခြား မတုံ့ပြန်ကြပါဘူး။ ခရီးတိုလေး သွားခဲ့တဲ့ဘော့စ်နဲ့ မန်နေဂျာ ပြန်လာတာပဲလေ။ အရာအားလုံးက တည်ငြိမ်အေးဆေးလှသည်။

ဆွန်းနာနာ တစ်ယောက်ပဲ ဆိုင်မှာ မရှိတာပါ။ သူမက ဒီနေ့ မြို့ထဲကို ထပ်သွားသည်။ ရှန်ယွီက 'ရှီးကျန့်' ထက် ပိုကောင်းသည့် နာမည် မစဉ်းစားနိုင်တာကြော င့်သည်နာမည်နဲ့ပဲ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်နေခြင်း ဖြစ်သည်။

"တကယ်တော့ နာမည်က ကောင်းသားပဲ"

ဟူဖန်က သူမရဲ့ မေးစေ့ကို လက်နဲ့ထောက်ရင်း ပြောသည်။

"'ရှီးကျန့် ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ'၊ 'ရှီးကျန့် ခရီးသွားလုပ်ငန်း'..."

ကြားရဖန်များရင်တော့ နားယဉ်သွားမှာပါ။ ချန်ကျန့် ရှေ့တန်းကောင်တာက မှတ်တမ်းစာအုပ်ကို လှန်ကြည့်နေသည်။ ဟူဖန်ရဲ့ ဖုန်းမှတ်တမ်းတွေကဘော့စ်ထက် အများကြီး ပိုကောင်းပြီး ရှင်းလင်းပြတ်သားသည်။ အဓိကက ဖုန်းဖြေထားသည့် အကြောင်းအရာတွေက တကယ့်ကို စိတ်ချရပြီး 'မသိဘူး' တို့ 'မသေချာဘူး' တို့ ဆိုတာမျိုးတွေ မပါဝင်ပါဘူး။ ဒါပေမဲ့ နောက်ဆိုရင်တော့ဘော့စ်က ရှေ့ကောင်တာမှာ ဖုန်းဖြေဖို့ အခွင့်အရေး သိပ်ရှိတော့မှာ မဟုတ်ပါဘူး။

ဥက္ကဋ္ဌဟဲက စမ်းသပ်လည်ပတ်မယ့်အဖွဲ့ကို ခေါ်လာပြီးနောက်ပိုင်း ရှန်ယွီက ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်ရှုပ်လာတော့သည်။ စတုတ္ထထပ်က ရုံးခန်းမှာ ထိုင်နေတုန်းပဲ ဆိုပေမဲ့ အရင်ကထက် သိသိသာသာ အလုပ်များလာသည်။ ကုမ္ပဏီက မြို့ထဲက အဆောက်အဦးတစ်ခုမှာ အခန်းဝက်လောက် ငှားထားသည်။ ဆွန်းနာနာနဲ့ ရှောင်ယဲ့ ကတော့ အစောပိုင်းကာလတွေမှာ တစ်ပတ်ကို သုံးရက်လောက် အဲ့ဒီမှာ သွားနေရလိမ့်မည်။

ချန်ကျန့်တော့ အဲ့ဒီကို မရောက်သေးပါဘူး။ ဓာတ်ပုံထဲမှာတော့ တကယ့်ကို... ကုမ္ပဏီတစ်ခုနဲ့ တူနေပြီ။ ဆွန်းနာနာနဲ့ ရှောင်ယဲ့အပြင် အမျိုးသားဝန်ထမ်း နှစ်ယောက်တောင် ထပ်ငှားထားသေးသည်။ သူတို့ ဘာလုပ်လဲဆိုတာတော့ မသိဘူး။ တစ်လကျော် ကြာပြီးနောက်မှာတော့ တည်းခိုခန်း စတုတ္ထထပ်က ဝရန်တာဘေးက အခန်းကိုလည်း ကုမ္ပဏီက မြို့ကလေးမှာရှိသည့် ရုံးခန်းအဖြစ် ငှားလိုက်သည်။

"မင်း ရုံးခန်းတံခါးမှာ ဆိုင်းဘုတ်လေး တစ်ခုပဲ ချိတ်ထားလို့ မရဘူးလား"

ချန်ကျန့် နားမလည်နိုင်ဖြစ်နေသည်။

"ပြီးတော့ မင်းက ကျွန်တော်တို့ အခန်းတစ်ခန်းကို ယူထားသေးတယ်လေ။"

"ဒီရုံးခန်းက တာ့ယွင် နဲ့ ဆိုင်တာလေ၊ ရောလို့ မရဘူး" ရှန်ယွီက ဆိုသည်။

"ငါက အခန်းခ မပေးဘဲ နေနေတာမှ မဟုတ်တာ!"

"ရာသီကောင်းချိန်ကျရင် မင်းပေးတဲ့ လခက မကိုက်တော့ဘူးနော်။ ဧည့်သည်တွေ အပြည့်ဖြစ်နေရင် မင်းရဲ့ အခန်းခကိုလည်း တိုးရမှာပဲ။"

"ချန်ကျန့်"

ရှန်ယွီ သူ့ကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။

"မင်းကတော့ တကယ့်ကို တစ်မျိုးပဲ။"

"ကျွန်တော်လည်း တခြားနည်းလမ်းမှ မရှိတာ။ တာ့ယွင် က မင်းကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိဘူးလေ။"

"လူတွေ ပြည့်လာတဲ့အခါမှပဲ ဆက်ပြောကြတာပေါ့။ ငါ နောက်အပတ် မြို့ထဲသွားမယ်။ ဒီတစ်ခါတော့ မင်းကို မခေါ်တော့ဘူး။"

"ဟုတ်ကဲ့" ချန်ကျန့် ရှန်ယွီကို တစ်ချက်ကြည့်လိုက်သည်။

"လုကျွင်း နဲ့ သွားတွေ့မှာ မဟုတ်လား"

"ဒါဆိုရင်တော့ ငါ မင်းကိုပါ ခေါ်သွားတာ ပိုကောင်းမယ်ထင်တယ်"

ရှန်ယွီ ချက်ချင်းပင် စကားပြင်ပြောလိုက်သည်။ ချန်ကျန့် ရယ်လိုက်မိသည်။

"ကျွန်တော်က ဒီတိုင်း မေးကြည့်တာပါ။ အခု သူ့ကို ဆက်သွယ်နေတာ နာနာ မဟုတ်ဘူးလား"

"ဒါဆို ဘာလို့ ထပ်မေးနေတာလဲ!"

"ဒါဆို ဘော့စ်ရှန်က မြို့ထဲကို ဘာသွားလုပ်မှာလဲ"

"ပရောဂျက်တစ်ခု သွားတင်ဒါဆွဲမလို့"

"ဗျာ ဘယ်မှာ တင်ဒါဆွဲစရာ ရှိလို့လဲ"

ချန်ကျန့်က ကုမ္ပဏီရဲ့ အခြေအနေကို အမြဲတမ်း သေချာနားမလည်ခဲ့ပေ။ အခုအချိန်ကျမှပဲ ဒါက တကယ်ဖြစ်လာပြီဆိုတာကို ခံစားလိုက်ရသည်။

တောက်... စနေပြီပေါ့

"ရှီထိုပေါင်ခံတပ်ကို ပြုပြင်မွမ်းမံတဲ့ အပိုင်းလေ ။ အစိတ်အပိုင်း အသေးစားလေးပါပဲ။ ငါတို့က ဖြစ်မဖြစ် သွားစမ်းကြည့်ရမှာ။"

"ဟာ"

ချန်ကျန့် သူ့လက်တွေကို ပွတ်လိုက်မိသည်။

"ကျွန်တော် ရုတ်တရက် ရင်ခုန်လာပြီ။"

"ဒါကို ဆွန်းနာနာနဲ့ ရှောင်ယဲ့တို့က လုပ်မှာပါ။ ငါကတော့ သွားကြည့်ရုံ၊ သွားအားပေးရုံပဲ"

"တကယ်လို့ တင်ဒါမအောင်ရင်ကော" ချန်ကျန့်က စိုးရိမ်တကြီး မေးပြန်သည်။

"မအောင်ရင်လည်း နောက်ပရောဂျက်ကို စောင့်တာပေါ့"

ရှန်ယွီကတော့ ဆန့်ကျင်စွာ အေးအေးဆေးဆေးပင် ဆိုသည်။

"အများကြီး ရှိပါသေးတယ်။ ဒီဘက်က ရွာဟောင်းမှာလည်း ရှိသေးတာပဲ။"

"ဥက္ကဋ္ဌရှန်း" ချန်ကျန့် သူ့ကို ခေါ်လိုက်သည်။

"အင်း"

"ဥက္ကဋ္ဌရှန်း" ချန်ကျန့် ထပ်ခေါ်ပြန်သည်။

"ဟား ဟား ဘာတုန်း"

ရှန်ယွီ ရယ်တော့၏။

"ဒါက ဘော့စ်ရှန်လို့ ခေါ်တာနဲ့ ခံစားချက်ချင်း မတူဘူးနော်"

"နောက်ထပ် တည်းခိုခန်းတစ်ခု ထပ်ဖွင့်တဲ့အခါကျရင် မင်းကိုလည်း ဥက္ကဋ္ဌချန်အဖြစ် ရာထူးတိုးပေးမယ်"

ရှန်ယွီက ပြောရင်း ပြတင်းပေါက်နားကို လျှောက်သွားကာ အကြောဆန့်ရင်း အဝေးက တောင်တန်းတွေကို လှမ်းကြည့်နေသည်။ ချန်ကျန့် သူ့ဘေးကို လျှောက်သွားပြီး အတူတူ လှမ်းကြည့်လိုက်သည်။ သူ ဒီနေရာမှာ ရပ်ပြီး အပြင်ကို ကြည့်လေ့ကြည့်ထ သိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အပြင်က မြင်ကွင်းတွေက သူ ငယ်ငယ်ကတည်းက မြင်လာခဲ့တာတွေပဲလေ။

ဒါပေမဲ့ အခုကြည့်ရတာကတော့ နည်းနည်း ကွဲပြားနေသည်။ နွေဦးရောက်လာပြီ၊ နှင်းတွေ အရည်ပျော်သွားပြီး ခြောက်သွေ့နေတဲ့ အမည်းရောင်နဲ့ မီးခိုးရောင် တောင်တန်းတွေက တဖြည်းဖြည်း အရောင်အသွေးတွေ ပြန်စုံလာပြီ။ တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် နုနုသစ်သစ် အစိမ်းရောင် အညှောက်ကလေးတွေက နူးညံ့သည့် စောင်တစ်ထည်လိုပဲ။

တောင်ကပါးတွေ၏ အရောင်ကလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ပေါ်နေသေးပေမယ့် နေရောင်အောက်မှာတော့ အလွန်ပင် တောက်ပလျက်။ ရှန်ယွီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ရှန်ယွီကလည်း သူ့ကို ပြန်ကြည့်ပြီး ပြုံးလိုက်သည်။

"ဘာတွေ စဉ်းစားနေတာလဲ"

"မသိဘူး"

ချန်ကျန့်ပြောရင်း ရှန်ယွီ့ကို မှီလိုက်ကာ ခါးကို သိုင်းဖက်ပြီး အသာအယာ ဖျစ်ညှစ်လိုက်သည်။

လေတစ်ချက် အဝေ့မှာ တိမ်ပါးလေးတွေ လွင့်စင်သွားပြီး နေရောင်ခြည်က သူတို့မျက်နှာပေါ်ကို ရုတ်တရက် ဖြာကျလာသည်။ ချန်ကျန့် မျက်လုံးလေးတွေ မှေးလိုက်မိသည်။

"ဒီနေ့ နေရောင်က တကယ်ကောင်းတာပဲ။"

"လမ်းလျှောက်ထွက်မလား ပေါင်ပေ့"

"ကောင်းပြီလေ"

_________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...